ငါက စကြဝဠာအစွန်းရဲ့ မြို့သခင်ပဲ
Vol. 74 Ch. 1025
“သူတို့က ဘယ်က ရောက်လာတာလဲ”
မိုဝူကျိက အလောတကြီး မေးလိုက်သည်။
နီကိုင်က သက်ပြင်းမောတစ်ချက် ချပြီးမှာ ဆက်ပြောလိုက်သည်။
“တကယ်တော့ သူတို့က ကျုပ်တို့ဘက်ကလူတွေနဲ့ ပတ်သက်နေပုံပဲဗျ။ သူတို့ ဒီကို ရောက်လာကြတာက မိစ္ဆာမျိုးနွယ်ရဲ့ တာအိုသခင်စီဟုန်နဲ့ ပင်လယ်မျိုးနွယ်ရဲ့ ကျောင်လွမ့်တို့ကြောင့်ပဲ”
မိစ္ဆာမျိုးနွယ် စီဟုန်၏ နာမည်ကို ကြားသောအခါ မိုဝူကျိသည် မျက်ခုံးမပါသည့် ကျင့်ကြံသူအား ချက်ချင်း ပြေးမြင်မိသည်။ ထိုငတိသည် ယခင် ရွိုက်ကောကိုပင် လိုချင်မျက်စိကျနေခဲ့သေးသည်။ သို့သော် မိုဝူကျိ၏ အငြင်းခံရပြီးသည့်နောက်တွင် တိုက်ခိုက် မယူရဲခဲ့ပေ။
“အဲ့ဒီ စီဟုန်နဲ့ ကျောင်လွမ့်ဆိုတဲ့ ခွေးကောင်နှစ်ကောင်က နတ်ဘုရားချောက်ကမ်းပါးကုန်းမြေရဲ့ အာကာပြင်ကျိန်စာ မှော်အက္ခရာတွေအပေါ် လက်လျော့ဖို့ အမြဲတမ်း မလိုလားခဲ့တာလေ…”
မိုဝူကျိက ဤစကားကို ကြားသောအခါ ချက်ချင်း နားလည်သွားသည်။ ဟိုယခင် သူ နတ်ဘုရားချောက်ကမ်းပါး ကုန်းမြေထဲတွင် နတ်ဘုရားမျိုးနွယ်ကို ချေမှုန်းရန် လူတွေခေါ်သွားစဉ်က သူတို့တတွေသည် နတ်ဘုရားမျိုးနွယ် ပိုင်နက်ထဲတွင် ဧရာမအာကာပြင် မှော်အက္ခရာအစီအရင် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအရာကို သူတို့တွေ သွားကြည့်စဉ်က သူတို့အားလုံး မူးဝေသွားခဲ့ကြကာ သူတို့၏ အသိစိတ်ပင်လယ်မှာ နောက်ကျိသွားခဲ့ကြသည်။
“သူတို့က ကျုပ်ရဲ့အတားအဆီးကို ဖွင့်ပစ်လိုက်ကြတာလား”
မိုဝူကျိ၏ အသံမှာ မကျေနပ်ပုံပေါ်ကာ ခက်ထန်တင်းမာသွားသည်။
ပြောရမည်ဆိုလျှင် သူက စကြဝဠာအစွန်း၏ မြို့သခင်နှင့်တာအိုသခင် ဖြစ်သည်။ သို့ဖြစ်ပါလျက်နှင့် စီဟုန်နှင့် ကျောင်လွမ့်တို့က သူ စကြဝဠာအစွန်း၌ မရှိနေစဉ်တွင် သူ၏အတားအဆီးကို တကယ် ဖျက်ဆီးပစ်ရဲသည်လား။ မိုဝူကျိသည် ရိုးရိုးသာမန်အတားအဆီးတချို့ ဖြစ်နေပါက စိတ်ထဲထားနေမည် မဟုတ်ပေ။ သို့သော် ထိုအတားအဆီး အမှတ်အသားမှာ ကျိန်စာ မှော်အက္ခရာတချို့အကြောင်း ယူဆောင်လာနိုင်ချေ ရှိနေသည်။ ထိုသို့ဖြစ်နေပါလျက်နှင့် စီဟုန်နှင့်ကျောင်လွမ့်တို့သည် ထိုအရာကို ပြောင်ပြောင်တင်းတင်း ပေါ်ပေါ်ထင်ထင် ဖွင့်ရဲလေသည်။ သူတို့သည်ကား စိတ်မချစရာကောင်းကာ ကြောက်စရာကောင်းသော သူများပေတည်း။
နီကိုင်က ခေါင်းငြိမ့်ပြသည်။
“သူတို့က ဖွင့်လိုက်ရုံတင်မကဘူး… လူ တစ်သိန်းကိုတောင် အဲ့ဒီအတားအဆီးကို ဖွင့်ဖို့ သွေးစတေးမှုအဖြစ် အသုံးပြုခဲ့ကြသေးတယ်”
“သူတို့က သွေးစတေးမှုအတွက် နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူ တစ်သိန်းကို သုံးခဲ့တာလား”
မိုဝူကျိက အံ့သြတကြီး မေးလိုက်သည်။
နီကိုင်က ခေါင်းခါကာ
“နတ်ဘုရားချောက်ကမ်းပါးကုန်းမြေထဲမှာ အစကတည်းက နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူတွေ အများကြီးမှ မရှိတဲ့ဟာ။ စီဟုန်နဲ့ကျောင်လွမ့်တို့က ကျုပ်ရဲ့သွေးမျိုးနွယ်နဲ့ လူသားမျိုးနွယ်အပါအဝင် မျိုးနွယ်အမျိုးမျိုးဆီကနေ ကျင့်ကြံသူတွေကို တိတ်တိတ်လေး လိုက်ဖမ်းကြတယ်။ သူတို့က ဒီလူတွေကို ပုန်းအောင်းစရာ နေရာတစ်ခုမှာ အသာလေး ဖမ်းချုပ်ထားကြပြီး အဲ့ဒီဧရာမအာကာပြင်အက္ခရာကို ဖွင့်ဖို့ နတ်ဘုရားမျိုးနွယ်ရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ကြတယ်လေ”
ပြင်းထန်သော သက်ဖြတ်ငွေ့က မိုဝူကျိ၏ရင်ထဲ တလိပ်လိပ် တက်လာသည်။ သူ ယခုချက်ချင်း လုပ်ချင်နေသည့်အရာမှာ ထိုခွေးနှစ်ကောင်ကို သတ်ပစ်ရန်သာ ဖြစ်၏။
နီကိုင်က ဆက်ပြောလိုက်သည်။
“ကျုပ်အထင်တော့ အဲ့ဒီဧရာမအာကာပြင် အက္ခရာကြီးကို ဖွင့်ပြီးတဲ့နောက်မှာ သူတို့တွေ အကျိုးအမြတ် တော်တော်လေး ရလိုက်တယ် ထင်တယ်။ ထပ်ပြီးတော့ သူတို့နှစ်ယောက်က အသေးစား ကျိန်စာပညာရပ်တွေကို သင်ယူစပြုလာကြတယ်။ နောက်ပိုင်းကိစ္စတွေက အဖြစ်ဆိုးကြီး တစ်ခုပါပဲဗျာ။ အဲ့ဒီအက္ခရာတွေထဲမှာ အင်မတန်ဝေးကွာတဲ့ ကူးပြောင်းဝဲကတော့တစ်ခု ရှိနေလေရဲ့။ နောက်ဆုံးမှာတော့ ကူးပြောင်းဝဲကတော့ကနေ နတ်ဘုရားမျိုးနွယ် အဆင့်မြင့် ကျင့်ကြံသူတွေ အများကြီး ကူးပြောင်း ရောက်ရှိလာကြတယ်။ ရောက်ရောက်ချင်းပဲ သူတို့က ကျောင်လွမ့်ကို သတ်ပစ်ကြတယ်။ စီဟုန်က အသေးစားကျိန်စာပညာရပ်တချို့ကို သိတယ်ဆိုပြီး ပြောလို့ရယ်၊ နတ်ဘုရားမျိုးနွယ်ရဲ့ လက်ပါးစေ လုပ်ဖို့ ဆန္ဒရှိတာရယ်ကြောင့်သာ သူ့အသက်ကို ဆက်ထိန်းထားနိုင်တာဗျ။
နတ်ဘုရားမျိုးနွယ်က စကြဝဠာအစွန်းထိ အရမ်းမြန်မြန်ကြီး တောက်လျှောက် သတ်ဖြတ်နိုင်ခဲ့တာ စီဟုန်နဲ့ ဆိုင်ရမယ်လို့ ကျုပ် သံသယရှိတယ်”
မိုဝူကျိ၏ သတ်ဖြတ်ငွေ့မှာ စက္ကန့်နှင့်အမျှ ပိုမိုကြီးထွားလာကာ နီကိုင်ကို ပြောလိုက်သည်။
“ကျုပ် စကြဝဠာအစွန်းကို သွားချင်တယ်။ ခင်ဗျားတို့ ကျုပ်နဲ့ လိုက်ခဲ့မလား… ဒါမှမဟုတ် ဒီမှာ နေခဲ့မလား”
နီကိုင်သည် ချက်ချင်းဆိုသလို တွေဝေ တုန့်ဆိုင်းသွားလေသည်။ မိုဝူကျိက မည်မျှ အားကောင်းနေပါစေ စကြဝဠာအစွန်းမှ ထိုနတ်ဘုရားမျိုးနွယ် အဆင့်မြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်နိုင်လောက်အောင်ထိ မစွမ်းဆောင်နိုင်ဟု နီကိုင်က ယုံကြည်သည်။
နီကိုင် ပြန်မဖြေနိုင်ခင်ပင် လုကျီတင်းက တုံ့ပြန်ရန် မတ်တပ်ထရပ်လိုက်သည်။
“ဂိုဏ်းချုပ်မို… ကျုပ် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။ ကျုပ် နတ်ဘုရားမျိုးနွယ်ရဲ့ ပုရွက်ဆိတ်တစ်ကောင်ကိုပဲ သတ်နိုင်ပါစေဦး အကြွေးတချို့တော့ ပြန်ယူချင်တယ်ဗျာ”
ယွမ်မိုက မိုဝူကျိနောက် သေချာပေါက် လိုက်မည်ဖြစ်သောကြောင့် ဘာမှမပြောချေ။
မိုဝူကျိက နီကိုင်အား ပြောလိုက်သည်မှာ
“တာအိုရောင်းရင်းနီကိုင်… ကျုပ်အတွက် စကြဝဠာနံရံကို ကူညီစောင့်ကြည့်ပေးဖို့ ခင်ဗျား ဒီမှာ နေခဲ့ပါ့လား။ စကြဝဠာနံရံ ပေါ်လာတာနဲ့ ချက်ချင်း ကျုပ်ကို အမှာစကား လှမ်းပို့ပေးဖို့ တာအိုရောင်းရင်းကို တောင်းဆိုပါရစေဗျာ”
ပြောနေရင်းဖြင့်ပင် မိုဝူကျိက ဆက်သွယ်ရေး ပုတီးစေ့တစ်ခုကို နီကိုင်အတွက် ထုတ်ပေးလိုက်သည်။
နီကိုင်က ဆက်သွယ်ရေးပုတီးစေ့ကို ယူလိုက်ပြီးမှ တုံ့ပြန်လိုက်သည်။
“တာအိုသခင်မို… ကျုပ်လည်း ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်ဗျာ။ ကျုပ် နီကိုင်က သေရမှာ နည်းနည်းကြောက်တာ မှန်ပါတယ်။ ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်တွေက ကျုပ်ရဲ့သွေးမျိုးနွယ် အကုန်လုံးနီးပါးကို အမြစ်ပြတ်သုတ်သင်ခဲ့တာဗျ။ ကျုပ် ဒီမှာ ပုန်းအောင်းနေဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ကျုပ်ဟာ သွေးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ စကြဝဠာနံရံ ပွင့်ပေါ်လာမည့်ကိစ္စအတွက်ကိုတော့ ကျုပ်တို့တွေ စကြဝဠာအစွန်းကနေလည်း သိနိုင်မှာပါ။ ဒီမှာ စောင့်နေစရာ မလိုပါဘူး”
“ကောင်းပါပြီဗျာ… ဒီလိုဆိုမှတော့ စကြဝဠာအစွန်းကို အတူတူ သွားကြတာပေါ့”
မိုဝူကျိသည် ကောင်းကင်ဘုံအလွန် လူသားပိုင်နက်၏ ကူးပြောင်းအစီအရင်ဆီသို့ စတင်ဦးတည်သွားလိုက်၏။
သူက ဤနေရာသို့ တစ်ခါရောက်ဖူးသည်ဖြစ်ရာ ဤနေရာနှင့် အကျွမ်းတဝင်ရှိသည်ဟု ပြောလို့ရသည်။
စကြဝဠာအစွန်းမှ ကောင်းကင်ဘုံအလွန်သို့ သွားရန်သုံးသော ကူးပြောင်းအစီအရင်မှာ အကောင်းဆုံး အခြေအနေတွင် ရှိနေသည်။ သိသာစွာပင် နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူတို့သည် ဤနေရာသို့ မကြာခဏ ရောက်လာတတ်ကြကာ ဤကူးပြောင်းအစီအရင်ကို ဖျက်စီးပစ်ရန် ရည်ရွက်ချက်လည်း မရှိကြပေ။ မိုဝူကျိက ဤကူးပြောင်းအစီအရင်ကို ကာကွယ်ရန် အစီအရင်အလံ တစ်ပုံကြီးကို ပစ်လွှတ်လိုက်၏။ သူသည် အဆင့် ၅ နတ်ဘုရား အစီအရင်ဘုရင် ဖြစ်နေပြီ ဖြစ်ရာ အချိန်တိုလေးအတွင်း၌ပင် အဆင့် ၄ နတ်ဘုရားအစီအရင်တစ်ခုကို ခင်းကျင်းနိုင်လိုက်သည်။
နတ်ဘုရားအုပ်စိုးသူသာ ရောက်မလာသ၍ အဆင့် ၄ နတ်ဘုရားအစီအရင်တစ်ခုသည် ကောင်းကင်နတ်ဘုရား အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ကို တားဆီးနိုင်လိမ့်မည်ဟု မိုဝူကျိက ယုံကြည်သည်။
ကူးပြောင်းအစီအရင်ကို ကာကွယ်ထားလိုက်ပြီးနောက် မိုဝူကျိနှင့် ယွမ်မိုတို့သည် ကူးပြောင်းအစီအရင်ပေါ်သို့ တက်လိုက်ကြသည်။
စကြဝဠာအစွန်းနှင့် ကောင်းကင်ဘုံအလွန်တို့သည် အရမ်းကြီး မဝေးကွာနေသဖြင့် အချိန်တိုလေး သွားလာပြီးသည့်နောက်တွင် သူတို့လေးယောက်သား နောက်ထပ်ဧရာမကျောက်တုံးအပိုင်းအစကြီးပေါ်သို့ ဆင်းသက်ရောက်ရှိသွားလေသည်။
ယခင်ကလိုပင် တူညီသည့် ဧရာမကျောက်တုံးကြီး ဖြစ်နေသေး၏။ ထိုအရာ၏ အရှေ့တွင် အာကာပြင် ကျောက်တုံးလမ်းကြောင်း နှစ်ခုရှိသည်။
ဟိုယခင် မိုဝူကျိ ဤနေရာသို့ ရောက်ခဲ့စဉ်က လမ်း၏ဘေးပေါ်မှ ဆိုင်းဘုတ်ပေါ်တွင် “ကောင်းကင်ဘုံအလွန် ကူးပြောင်းအစီအရင်” ဟူသော စာလုံးများကို ရေးထွင်းထားသည်။ ယခုမူ “နတ်ဘုရားမျိုးနွယ်၏ ကောင်းကင်ဘုံအလွန် ကူးပြောင်းအစီအရင်” ဟူ၍ ရေးထားလေ၏။ ယခင်ကနှင့် မတူသည့် တစ်ခုတည်းသော ခြားနားချက်မှာ ထိုလမ်းကို စောင့်ကြပ်ရန် မည်သူမျှ ရှိမနေခြင်းသာ ဖြစ်သည်။ နတ်ဘုရားမျိုးနွယ်သည် ဤကူးပြောင်းအစီအရင်ကို သိပ်ပြီး စိတ်မဝင်စားသည်မှာ ထင်ရှားသည်။
မိုဝူကျိက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆိုင်းဘုတ်ကို တစ်ခဏချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။ သူက အရှေ့ဆုံးမှ “နတ်ဘုရားမျိုးနွယ်” ဟူသည့် စာလုံးမပါသော နောက်ထပ် ဆိုင်းဘုတ်တစ်ခု ပြန်တည်ဆောက်လိုက်သည်။
ဤကိစ္စများကို ပြုလုပ်ပြီးသည်နှင့် မိုဝူကျိသည် အစီအရင်တစ်ခုကို ဧရာမကျောက်တုံးကြီး တစ်ခုလုံး၏ ပတ်ပတ်လည်တွင် ချက်ချင်း ခင်းကျင်းလိုက်၏။ သူက ကာကွယ်ရေးအစီအရင်များသာမက သေမင်းထောင်ချောက်အစီအရင်နှင့် တချို့သတ်ဖြတ်ရေးအစီအရင်များကိုပါ ထည့်သွင်း ခင်းကျင်းလိုက်သည်။
ထို့အပြင် မိုဝူကျိသည် အဆင့် ၄ သေမင်းထောင်ချောက် အစီအရင်များကိုသာ မခင်းကျင်းဘဲ အချိန်နှင့်အင်အားကို နည်းနည်းလေးပိုသုံးကာ အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်တစ်ခုကိုပါ ခင်းကျင်းလိုက်သည်။ ဤကဲ့သို့ ကျဉ်းမြောင်းလှသည့် နေရာတစ်ခုထဲတွင် အဆင့် ၅ သေမင်းထောင်ချောက်အစီအရင်ကို ခင်းကျင်းရန် မိုဝူကျိအတွက် နေ့ဝက်သာ လိုအပ်သည်။
ထိုသို့ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့လေးယောက်သည် စကြဝဠာအစွန်းသို့ ရောက်ရှိသွားသည်။ သို့တိုင် မည်သူကိုမျှ မတွေ့ရသေးချေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက လူစည်ကား သိုက်မြိုက်ခဲ့ဖူးသော စကြဝဠာအစွန်းမှာ ယခုမူ မြို့ပျက်တစ်ခုလိုသာ ဖြစ်နေတော့သည်။
“ဒီမှာရှိတဲ့လူတွေအားလုံး နတ်ဘုရားမျိုးနွယ်ရဲ့ သတ်ဖြတ်ဖျက်ဆီးတာကို ခံလိုက်ရကြတာများလား။ သတ်ပွဲလည်း ပြီးရော နတ်ဘုရားမျိုးနွယ်ကလူတွေက ပြန်သွားကြတာလား။ အဲ့လိုတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်… ဟုတ်တယ်မလား”
ယွမ်မိုက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
သူက တစ်မျိုးကြီးပဲဟု တွေးမိသည်။
အကြောင်းမှာ နတ်ဘုရားမျိုးနွယ်သာ ပြန်ထွက်သွားမည်ဆိုပါက ဤနေရာကို ဖျက်ဆီးပစ်ခဲ့လိမ့်မည် မဟုတ်ပါလော…
မိုဝူကျိ၏ စိတ်စွမ်းအားကို စကြဝဠာအစွန်းအတွင်းထိတိုင် ဖြန့်ကျက်ပြီးလေပြီ။ စကြဝဠာအစွန်း၌ မရဏစွမ်းအားနှင့် လူသေအလောင်းတို့ဖြင့်သာ ပြည့်နေကာ တခြားဘာမှမရှိပေ။ သို့သော် နတ်ဘုရားဝိညာဉ်စွမ်းအား လှုပ်ခတ်မှုလှိုင်းများ ရှိနေသဖြင့် တစ်စုံတစ်ယောက်က ဤနေရာတွင် ကျင့်ကြံနေမှန်း မိုဝူကျိက သိလိုက်သည်။
စကြဝဠာအစွန်း၏ ကာကွယ်ရေးအစီအရင်ကို ထိုနှစ်တွေတုန်းက သူ ခင်းကျင်းထားခဲ့သည်။ ထိုကာကွယ်ရေးအစီအရင်တွင် ပြောင်းလဲမှု များများစားစား မရှိချေ။ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများသည် ဤနေရာမှ ကျင့်ကြံသူများကို ဒုက္ခအန္တရာယ်ပေးနိုင်သည့် အရာဟူ၍ မယူဆသောကြောင့် ထိုအစီအရင်ကို ခိုင်ခံ့အောင် လုပ်မနေတော့ခြင်းသာ ဖြစ်ရမည်။
မိုဝူကျိက လက်များကို မြှောက်လိုက်သည်။ ထို့နောက် ထောင်ချီသော အစီအရင်အလံများ ပျံထွက်သွားသည်။ ဟိုယခင် ကာကွယ်ရေးအစီအရင်ပေါ်တွင် သူက လှည့်ကွက်တချို့ ချန်ထားခဲ့သည်။ ယခု သူ၏ အစီအရင်အလံများကို ထုတ်လွှတ်လိုက်သောအခါ စကြဝဠာအစွန်း တစ်ခုလုံးက သူတို့၏ အရှေ့တည့်တည့်တွင် ပေါ်လာလေသည်။ ကာကွယ်ရေးအစီအရင်အပြင် ရုတ်တရက်ကြီး တခြားနောက်ထပ် ထောင်ချောက်အစီအရင်တစ်ခုပါ ထပ်ရှိလာသည်။ ဤထောင်ချောက်အစီအရင်မှာ စောစောတုန်းက ကာကွယ်ရေးအစီအရင်ထက် များစွာပို၍ ကြောက်စရာကောင်းလေ၏။ စက္ကန့်အနည်းငယ်အတွင်း မိုဝူကျိက အဆင့် ၃ နတ်ဘုရားသေမင်းထောင်ချောက် အစီအရင်တစ်ခုကို ပေါ့ပေါ့ပါးပါး ခင်းကျင်းနိုင်လိုက်သည်။
……………………….
မရေတွက်နိုင်သော ကျင့်ကြံသူတို့၏ ဦးခေါင်းခွံများကို သုံးကာ စာလုံးတချို့ကို ပုံဖော်ထားသည်။ “နတ်ဘုရားမျိုးနွယ်၏ စကြဝဠာအစွန်း” ဟု ရေးထားသည်။
အသက်ရှင်ကျန်ရစ်သူတချို့မှာ မြေပြင်ပေါ်တွင် အရုပ်များသဖွယ် ထိုင်နေကြသည်။ မကြာခဏဆိုသလို တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်မှာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွား၏။ လုကျီတင်းပင်လျှင် နတ်ဘုရားမျိုးနွယ်သည် မှော်နက်ပညာရပ်တချို့ကို ကျင့်ကြံနေခြင်း ဖြစ်မည်ဟု သတိထားမိသည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ထူးဆန်းသည့် စည်းမျဉ်းလှုပ်ခတ်မှုတစ်ခုကို ရှာတွေ့လိုက်သည်။ ဤထူးဆန်းသည့် စည်းမျဉ်းမှာ သဘာဝဓာတ် ၅ မျိုးထဲမှာ မပါသလို သူရင်းနှီးပြီးသား အရာလည်း မဟုတ်ချေ။
နီကိုင်က ခပ်အုပ်အုပ်ပြောလိုက်သည်။
“ဒီခွေးကောင်တွေက တကယ်ကြီးကို ကျိန်စာပညာရပ်တွေကို ကျင့်ကြံနေတာပဲ။ ဒါက ကျိန်စာပညာရပ်တွေ ကျင့်ကြံဖို့အတွက် အသက်ရှင်ကျန်နေသေးတဲ့ ကျင့်ကြံသူတွေကို အသုံးချနေတာပဲ”
“နတ်ဘုရားမျိုးနွယ်ပိုင်နက်ထဲမှာ ဘယ်သူက စိတ်စွမ်းအားကို မျက်နှာပြောင်ပြောင်နဲ့ လာဖြန့်ကျက်ရဲတာလဲကွ... သေလိုက်စမ်း”
ခက်ထန်သော အသံတစ်သံကို ကြားလိုက်ရကာ ထိုအသံနောက်တွင် ဧရာမလက်ဝါးအရာကြီးတစ်ခုအား မိုဝူကျိတို့ဆီသို့ ရိုက်ထုတ်ခံလိုက်ရသည်။
ဤငတိသည် မျက်နှာပြရန်ပင် လုပ်မနေတော့ချေ။ သူက မိုဝူကျိတို့ကို ပုရွက်ဆိတ်သာသာလောက် ဆက်ဆံနေခြင်းဖြစ်သည်မှာ သိသာလှ၏။
မိုဝူကျိက နှာတစ်ချက်မှုတ်ကာ နောက်ထပ် အစီအရင်အလံ ဆယ်ခုကျော်ကို ပစ်လွှတ်လိုက်သည်။ တစ်ပြိုင်နက်တည်း လက်ဝါးရာတစ်ခုကလည်း လွင့်တက်ပျံဝဲသွားသည်။
စူးစူးဝါးဝါး အော်သံတစ်ခုကို ကြားလိုက်ရပြီးနောက် ထိုသူ့လည်ပင်းကို ဆွဲညှစ်ဆုပ်ကိုင်ထားသော မိုဝူကျိ၏ လက်ဝါးရာက အရပ်ရှည်ရှည်နှင့် မျက်နှာဖြူလူတစ်ယောက်အား မြေကြီးပေါ်သို့ ကိုင်ပေါက်ပစ်လိုက်လေ၏။ မိုဝူကျိက သူ့အား မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်သည့်အခိုက် ဤလူ၏ ဝိညာဉ်လမ်းကြောင်းများမှာ ချက်ချင်း အဖျက်ဆီးခံလိုက်ရလေသည်။
“ဝှစ်”
အလင်းတန်း ၇ ခုက တရှိန်ထိုး ရောက်ရှိလာပြီး စကြဝဠာအစွန်း၏ ကာကွယ်ရေးအစီအရင် အဝင်ဝ တည့်တည့်သို့ ဆင်းသက်လိုက်ကြသည်။ ရှေ့ဆုံးတွင် ရပ်နေသည့်လူမှာ အစိမ်းရောင် အသားအရေရှိသည့် ယောကျ်ားတစ်ယောက် ဖြစ်သည်။ သူက မိုဝူကျိအား ကြောက်ကြောက်ရွံ့ရွံ့ စိုက်ကြည့်လေ၏။
“ခင်ဗျား ဘယ်သူလဲ။ ဘာဖြစ်လို့ ဒီနေရာကို လာနိုင်ရတာလဲ”
လူ ၇ ယောက်အနက် ၄ ယောက်မှာ ကနဦးနတ်ဘုရားများ ဖြစ်ကာ ၃ ယောက်မှာ ကောင်းကင်နတ်ဘုရားများ ဖြစ်သည်။ မိုဝူကျိသည် ဤလူများမှာ ဤလောကနယ်မြေမှ လုံးဝမ ဟုတ်ကြောင်း ပြောနိုင်သည်။
ထိုကောင်းကင်နတ်ဘုရား ၃ ယောက်တွင် မိုးမြေအဆောင်၏ အကူအညီ ရှိနေသောကြောင့်သာ သူတို့၏အင်အားကို ကနဦးနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်၌ ထိန်းချုပ်ကန့်သတ်နိုင်ခြင်း ဖြစ်သည်။ ကနဦးနတ်ဘုရား ကျင့်ကြံသူများတွင် မည်သည့်အဆောင် အကူအညီမှ မရှိနေချေ။
ယခုမူ မိုဝူကျိက သဘောပေါက်သွား၏။ ဤနေရာမှာ မိုးမြေစည်းမျဉ်းကန့်သတ်ချက် လုံးဝမရှိသည့်နေရာ ဟုတ်ပုံ မပေါ်ပေ။ အနည်းဆုံးတော့ ဤနေရာသို့ ကနဦးနတ်ဘုရားများသာ လာနိုင်ပြီး ကောင်းကင်နတ်ဘုရားများမှာ မလာနိုင်ချေ။ အကယ်၍ ကောင်းကင်နတ်ဘုရားများသာ လာမည်ဆိုပါက သူတို့သည် သူတို့၏ ကျင့်ကြံဆင့်ကို ထိန်းချုပ်ကန့်သတ်ရန် မျှခြေအဆောင်ကို သုံးကိုသုံးရမည် ဖြစ်သည်။
မိုဝူကျိသည် လူသားတာအိုကို ကျင့်ကြံသည်ဖြစ်ရာ ထိုမိုးမြေစည်းမျဉ်းတို့က သူ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။
“ဝူကျိ… ဒီလူက ဟိုအရင်နှစ်တွေတုန်းက ကျုပ်နောက်ကို လိုက်ဖမ်းတဲ့လူပဲ…”
ယွမ်မိုသည် မြေကြီးပေါ်တွင် လဲကျနေသော မျက်နှာဖြူလူကို လက်ညိုးထိုးပြလိုက်ရင်း သူသည် နောက်ဆုံးတွင်တော့ အခြေအနေအား တုံ့ပြန်လိုက်၏။
ယခင် မိုဝူကျိက ယုနန်အား အလစ်ဖမ်း တိုက်ခိုက်နိုင်ခဲ့စဉ်ကတည်းက ယွမ်မိုမှာ အလွန် အံ့သြမှင်သက်နေမိပြီးသား ဖြစ်သည်။ ယုနန်သည် သူ၏ရှေ့ရှိ ဤမဆိုစလောက် ကနဦးနတ်ဘုရားထက် အဆများစွာ အားကောင်းသည့် နတ်ဘုရားအုပ်စိုးသူတစ်ယောက် ဖြစ်သော်လည်း ယွမ်မိုသည် နတ်ဘုရားအုပ်စိုးသူတစ်ယောက်သည် မည်မျှအထိ အားကောင်းကြောင်း လုံးဝ မသိပေ။ ယခုမူ သူယခင်က ခုခံရန်ပင် မတတ်နိုင်ခဲ့သော အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်အား သတ်ရန် မိုဝူကျိက နတ်သဘာဝစွမ်းအား လက်ဝါးကို ထိပ်တိုက်သုံးလိုက်သည်။ သို့ဖြစ်ရာ ယွမ်မိုသည် မိုဝူကျိ၏ အင်အားမှာ သူထင်ထားသည်ထက် များစွာကျော်လွန်နေကြောင်း သဘောပေါက်သွားသည်။
နီကိုင်နှင့် လုကျီတင်းတို့သည် လေအေးများကို အသက်ပြင်းပြင်း ရှုလိုက်ကြသည်။ သူတို့က မိုဝူကျိ အားကောင်းမည်မှန်း သိသော်လည်း ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားကြပေ။
သူတို့ ထိပ်တိုက်ပင် မခုခံနိုင်ခဲ့သော အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်သည် မိုဝူကျိရှေ့တွင် ပုရွက်ဆိတ်ဟုပင် ခေါ်ဖို့မထိုက်တန်ချေ။ မိုဝူကျိ မည်မျှလောက်တောင် အားကောင်းပါသနည်း။
“ငါက စကြဝဠာအစွန်းရဲ့ မြို့သခင်ပဲ”
မိုဝူကျိ၏ အားကောင်းသော ဝဲကတော့စွမ်းအားစက်ကွင်းက အပြင်ဘက်သို့ ဖြန့်ကျက်လွှမ်းခြုံသွားသည်။ စကားပြောနေရင်း သူ၏နတ်သဘာဝလက်ဝါးအား ဒုတိယအကြိမ် ထုတ်လွှတ်လိုက်သည်။ စောစောလေးက စကားပြောနေသော ကနဦးနတ်ဘုရားမှာလည်း ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိသဖြင့် မိုဝူကျိ၏ ဆွဲဆုပ်ဖမ်းယူခြင်းကို ခံလိုက်ရလေ၏။ နောက်တစ်ခဏတွင်ကား မိုဝူကျိက သူ့တစ်ကိုယ်လုံးကို သွေးမြူအဖြစ်သို့ ဖိချေပစ်လိုက်သည်။
***