← Chapters

မင်းက မိုဝူကျိလား

Vol. 74 Ch. 1027

မင်းက မိုဝူကျိလား

Vol. 74 Ch. 1027

“မလိုပါဘူးဗျာ။ ကျုပ် တာဟွမ့် တစ်ယောက်လုံး ဒီမှာရှိနေတဲ့ဟာ ဘာလုပ်ဖို့ သခင်ကြီးကိုယ်တိုင် လာရှင်းစရာ လိုမှာတုန်းဗျ”

တာ့ဟွမ်က ရှေ့သို့ ပြေးထွက်သွားနှင့်ကာ နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူဆီသို့ လက်သီးတစ်လုံး ပစ်ခွင်းလိုက်လေပြီ။

တာ့ဟွမ်လည်း အင်မော်တယ်မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသည်။ သူ့တွင် တိုက်ခိုက်ရန် အခွင့်အရေး သိပ်မရခဲ့သော်လည်း သူ၏ ကိုယ်ထည်မှာ ဖီကာရွံ့စေးမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူ့တွင် ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် ပင်ကိုယ်စွမ်းရည်များ ပါရှိလေသည်။

တာ့ဟွမ်၏ ကနဦးနတ်ဘုရားနောက်ပိုင်းအဆင့် စွမ်းအားစက်ကွင်း၏ အင်အားကို ခံစားမိသောအခါ နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူက တအံ့တသြ ထအော်လိုက်သည်။

“မင်းက ကနဦးနတ်ဘုရားပဲ။ ဘယ်လိုလုပ်ပြီး မင်းက ကနဦးနတ်ဘုရား ဖြစ်နေရတာလဲ”

နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူ၏ စွမ်းအားစက်ကွင်းမှာ တစ်ခဏအတွင်း ဆုတ်ပြဲသွားသည်။ တာ့ဟွမ်၏ စွမ်းအားစက်ကွင်း ချေဖျက်လက်သီးချက်မှာ မိုဝူကျိနှင့် မယှဉ်နိုင်သော်လည်း မိုဝူကျိ၏ လမ်းညွှန်မှုဖြင့် သူ့လက်သီးမှာ တကယ့်လျို့ဝှက်ပညာရပ်စစ်စစ် ဖြစ်နေသည်မှာကား အသေအချာပင်။

နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူက မှော်ရတနာကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။ တာ့ဟွမ်၏ စွမ်းအားစက်ကွင်း ချေဖျက်လက်သီးချက်ကို ခုခံတားဆီးရန် သူ၏အင်အားအကုန်လုံးကို လှုံ့ဆော်လိုက်သည့်အခိုက် ဘေးမှ ရွိုက်ကာက ထအော်လိုက်သည်။

“ငါလည်း ရှိသေးတယ်ကွ…”

ရွိုက်ကောက သူ့ပတ်ဝန်းကျင်အကြောင်း ဂရုပင် မစိုက်ချေ။ သူက တိုက်ပွဲထဲသို့ တန်းတန်းမတ်မတ် ခုန်ဝင်သွားလိုက်၏။ သူ၏ ချွန်ထက်နေသော နှုတ်သီးကို အကျယ်ကြီး ဖွင့်ဟလိုက်ပြီး စုပ်ယူခြင်းကို စတင်လိုက်လေ၏။

နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူအား အံ့သြသွားစေသည်မှာ သူ၏ စွမ်းအားစက်ကွင်း၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ ရွိုက်ကော၏ အစုပ်ယူခံလိုက်ရသည်ကို တကယ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ နဂိုကတည်းက တာ့ဟွမ်၏ လက်သီးချက်ကြောင့် ပြိုလဲစပြုနေပြီဖြစ်သော သူ၏ စွမ်းအားစက်ကွင်းသည် ယခုအခါ၌ ပို၍ပင် အားနည်းသွားလေ၏။

ဤစကြဝဠာထဲတွင် စွမ်းအားစက်ကွင်းများကို စားသုံးနိုင်သော သားရဲ တစ်ကောင် အမှန်တကယ်ကြီး ရှိနေသည်လား…

ထိုအကောင်မှာ မည်သို့သော အရာမျိုး ဖြစ်ပါသနည်း။

“ဝုန်း”

တာ့ဟွမ်၏ ဒုတိယလက်သီးချက်က ရောက်လာနှင့်လေပြီ။

နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူ၏ စွမ်းအားစက်ကွင်းမှာ ဆက်လက် တောင့်မခံနိုင်တော့ပေ။ တာ့ဟွမ်အား ကြိုးစားပြီး ခုခံရန် သူ၏မှော်ရတနာကိုသာ သုံးနိုင်လေတော့သည်။ ဤအခိုက်အတန့်၌ ရွိုက်ကော၏ နှုတ်သီးချွန်က သူ၏ ချပ်ဝတ်တန်ဆာကို ဖြတ်ဖောက်ထွက်ကာ သူ၏ အရေပြားထဲသို့ စိုက်ဝင်သွားသည်။

ရုတ်တရက် နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူသည် သူ၏ အသက်ဓာတ်မှာ လျင်မြန်စွာ ပျောက်ဆုံးနေသည်ဟု ခံစားမိလိုက်၏။ သူက ကြောက်လွန်းသဖြင့် ဝိညာဉ်ပင်လျှင် သိမ့်သိမ့်တုန်စ ပြုလာလေသည်။

ဤသည်မှာ ဘယ်လိုသားရဲကြီးနည်း။ အဘယ်ကြောင့် ခြင်တစ်ကောင်နှင့် တူနေရသနည်း။

………………………

ဤသည်မှာ မိုဝူကျိ၏ နတ်ဘုရားချောက်ကမ်းပါးသို့ ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။ ဟိုယခင် မှော်အက္ခရာများကို သူတားဆီးပိတ်လှောင်ခဲ့စဉ်က ပုပ်သိုးခြင်းနှင့် သေဆုံးခြင်းတို့၏ ပြင်းထန်သော ခံစားချက်တစ်မျိုးတည်းကိုသာ ခံစားမိခဲ့သည်။

ယခုမူ သူ၏အတားအဆီးမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ မှော်အက္ခရာများ၏အလယ်တည့်တည့်တွင် အပေါက်အကြီးကြီး တစ်ပေါက် ဖြစ်ပေါ်သွားလေပြီ။

မရေတွက်နိုင်သော လူသေလောင်းများက ဘေးတွင် လဲကျနေသည်။ အလောင်းတော်တော်များများမှာ ဖုန်မှုန့်များအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း မိုဝူကျိသည် သူတို့ဆီမှ မကောင်းသည့်အငွေ့အသက်တစ်ခုကို ခံစားလို့ရဆဲ ဖြစ်၏။

သိသာလှစွာပင် ဤနေရာ၌ ကျိန်စာစွမ်းအားများ ကျန်ရှိနေဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ သူ၏ ယခင်ခန့်မှန်းချက်မှာ မှန်နေပုံပေါ်သည်။ ဤအရာများမှာ ကျိန်စာမှော်အက္ခရာများ တကယ်ဖြစ်နေလေ၏။

ကျိုးပဲ့မှော်အက္ခရာများ ပတ်ပတ်လည်တွင် မိုဝူကျိက များစွာသော အာကာပြင်အစီအရင် မှော်အက္ခရာများကို မြင်လိုက်ရသည်။

ဤအစီအရင်မှော်အက္ခရာများမှာ ရှုပ်ထွေးကာ ပဟေဠိဆန်လေ၏။ တစ်ချိန်တည်းမှာပင် သူတို့သည် အင်မတန် ပြီးပြည့်စုံနေပြန်သည်။ မိုဝူကျိသည် အဆင့် ၇ နတ်ဘုရားကူးပြောင်းအစီအရင်ကို ခင်းကျင်းရာတွင် ပါဝင်ခဲ့သူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူက အာကာပြင် အစီအရင်မှော်အက္ခရာများကို ဘယ်လိုရေးထွင်းရမလဲဆိုတာကိုလည်း သိသည်။

ဤအစီအရင်မှော်အက္ခရာများကို သူနားမလည်သော်လည်း ၎င်းတို့သည် သေချာပေါက် ကူးပြောင်းအစီအရင်မှော်အက္ခရာများ ဖြစ်ကြောင်းကို သူပြောနိုင်၏။ ထိုစဉ်က သူ့ခန့်မှန်းချက်မှာ မှန်နေသည်။ ဤနေရာ၌ ဝေးကွာလှမ်းလွန်းသောခရီး ကူးပြောင်းအစီအရင်တစ်ခု ရှိနေလေသည်။ ဤအစီအရင်မှော်အက္ခရာများ ချည်းသက်သက်ကနေပင် ကူးပြောင်းခရီးအကွာအဝေးမှာ လုံးဝတိုတောင်းလိမ့်မည် မဟုတ်ကြောင်း သူပြောနိုင်သည်။

ဤအစီအရင်မှော်အက္ခရာများ၏ ဟိုးအတွင်းထဲ၌ မိုဝူကျိ၏ ရင်ကိုပင် တဆတ်ဆတ်တုန်စေသည့် စွမ်းအားတချို့ ရှိနေလေသည်။ သူက ထိုအရာကို ထို့ထက်ပို၍ လေ့လာရန် စိတ်ကူးမရှိပေ။ ဤနေရာသို့ သူရောက်လာပြီ ဖြစ်ရာ ပထမဆုံးအနေနှင့် သူလုပ်ရမည်မှာ ဤကူးပြောင်းအစီအရင် မှော်အက္ခရာများကို အစဖျောက်ပစ်ရန် ဖြစ်သည်။ ထို့နောက်တွင်မှ ဤနေရာကို ပိတ်လှောင်တားဆီးရမည်။

သူ၏လက်ရှိစွမ်းဆောင်ရည်များဖြင့် ဤကဲ့သို့ ကူးပြောင်းအစီအရင်မှော်အက္ခရာများကို သူ မပြင်ဆင်နိုင်ပေ။ သို့သော် ဖျက်ဆီးပစ်ရန်အတွက်မူကား သူ့အတွက် တတ်နိုင်သေး၏။

မိုဝူကျိက တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်အခိုက် ကူးပြောင်းအစီအရင်မှော်အက္ခရာများသည် ရုတ်တရက်ကြီး အဖြူရောင်အလင်းတို့ဖြင့် တဖျပ်ဖျပ် လှုပ်စပြုလာလေသည်။ မိုဝူကျိက ချက်ချင်းပင် တစ်ယောက်ယောက် လာနေမှန်း သိလိုက်ကာ အစီအရင်မှော်အက္ခရာများကို ဖျက်ဆီးရန် သူ့ကိုယ်သူ ချက်ချင်း ပြင်ဆင်ထားလိုက်သည်။ ဤနေရာမှ ကူးပြောင်းအစီအရင် မှော်အက္ခရာများကို ဖျက်ဆီးပစ်လိုက်သရွေ့ ကူးပြောင်းမှုတွင် ပြဿနာတတ်သွားလိမ့်မည် ဖြစ်သည်။ ကူးပြောင်းနေသည့်လူသည် ကြားထဲမှ အာကာပြင်အတွင်း၌ သေပင် သေသွားနိုင်လေ၏။

သို့သော် မိုဝူကျိက သူ့ကိုယ်သူ ချက်ချင်း တားနိုင်လိုက်သည်။ အကယ်၍ ကူးပြောင်းနေစဉ်အတွင်း ကူးပြောင်းအစီအရင် မှော်အက္ခရာများကို ဖျက်ဆီးပစ်လိုက်ပါက ဟိုဖက်က ဤနေရာတွင် တစ်ခုခု မှားယွင်းနေပြီမှန်း သိသွားလိမ့်မည်မှာ ကြိမ်းသေသည်။ ပို၍ အရေးကြီးသည်မှာ သူ့ကျင့်ကြံဆင့်နှင့် ရောက်လာမည့် မည်သည့်နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူကိုမှ ကြောက်စရာ မလိုဘူးဟု မိုဝူကျိက ယုံကြည်သည်။

သူ့ကို ကူညီနေသည့် မိုးမြေစည်းမျဉ်းများနှင့် သူကြောက်စရာ ဘာမှမရှိချေ။

အဖြူရောင်အလင်းတို့ လက်ခနဲဖြစ်သွားကာ သွေးသံရဲရဲဖြစ်နေသည့် ကျင့်ကြံသူတစ်ယောက်က ကူးပြောင်းအစီအရင် မှော်အက္ခရာများအတွင်း ရုတ်တရက် ပေါ်လာသည်။

မိုဝူကျိ ဘာမှမလုပ်နိုင်လိုက်ခင်ပင် ဤသွေးသံရဲရဲနှင့်ကျင့်ကြံသူက အဆောင် ၂ ခုကို နှိုးဆွပြီးနှင့်လေပြီ။ လောလောဆယ်တွင် မိုဝူကျိသည် အဆင့် ၃ နတ်ဘုရားအဆောင်ဆရာ တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူ့ဆီမှာ ပညာရှိတာအိုအဆောင်ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့ဖြစ်ရာ အဆောင်များထဲမှ တစ်ခုသည် မျှခြေအဆောင်ဖြစ်ပြီး ကျန်တစ်ခုမှာ ဖောက်ခွဲရေးအဆောင် ဖြစ်ကြောင်း မိုဝူကျိက တန်းပြောနိုင်သည်။

ထိုမျှခြေအဆောင်မှာ အဆင့် ၅ နတ်ဘုရားအဆောင် ဖြစ်ပေသည်။ ဤအဆောင်တွင် တိုက်ခိုက်ရေးနိုင်စွမ်းကော ခုခံနိုင်စွမ်းပါ မရှိသော်လည်း ၎င်းမှာ အင်မတန်အဖိုးတန်၏။ ထိပ်တန်းအဆင့် အဆင့် ၅ နတ်ဘုရားအဆောင်ဘုရင်များသာ ထိုအရာများကို ပြုလုပ်နိုင်လေသည်။

ဤကျင့်ကြံသူက လျင်မြန်စွာ လှုပ်ရှားလိုက်သော်လည်း မိုးမြေစည်းမျဉ်းများက သူ၏ အရိုးများကို ဆွဲဖြဲလိုက်သေးကာ သူ့အား ကြမ်းပေါ်တွင် မလှုပ်မယှက် တောင့်တောင့်ကြီး ဖြစ်သွားစေလိုက်သည်။ ကံကောင်းစွာပင် သူ၏ကိုယ်ခန္ဓာ ပြိုကွဲစမပြုခင်ပင် သူ၏ အဆောင်က အချိန်မှီ အစွမ်းထုတ်နိုင်လိုက်သည်။

ဖောက်ကွဲရေးအဆောင်ကား ချက်ချင်း မပေါက်ကွဲချေ။ ဤကျင့်ကြံသူက ကုသဆေးလုံး အနည်းငယ်ကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။ ထို့နောက် သူက ကွဲအက်အက်အသံဖြင့် မိုဝူကျိအား အော်ပြောလိုက်သည်။

“မင်း ဘာလို့ မဆုတ်ခွာဘဲ နေနေတာလဲ။ ဒီနေရာက ပေါက်ကွဲတော့မှာကွ”

မိုဝူကျိက မလှုပ်ပေ။ ဤအာကာပြင် အစီအရင်မှော်အက္ခရာများကို အဆင့် ၄ ဖောက်ခွဲရေးအစီအရင်လေး တစ်ခုလောက်ဖြင့် သေချာပေါက် ဖျက်ဆီးလို့ရမည် မဟုတ်ပေ။ အကယ်၍ သူသာ အာကာပြင် အစီအရင်မှော်အက္ခရာများကို နားမလည်ပါက သူ၏ခွန်းဝူဓားဖြင့်ပင် သူက ထိုအက္ခရာများကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

မိုဝူကျိက သူ့ကို အဖက်မလုပ်သည်ကို မြင်သောအခါ ဤကျင့်ကြံသူက မိုဝူကျိအား ဆက်ဂရုစိုက်မနေတော့ချေ။ သူက လုံခြုံဘေးကင်းရာသို့ မြန်မြန်ဆုတ်ခွာလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကာကွယ်ရေးအမျိုးအစား ရတနာတစ်ခုကို ဆတ်ခနဲ ဆွဲထုတ်လိုက်သည်။

“ဝုန်း”

ဖောက်ခွဲရေးအဆောင်က ပေါက်ကွဲသွား၏။ မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေလေ၏။ ဖောက်ခွဲရေးအဆောင် ပေါက်ကွဲသည့်အခိုက်၌ ချက်ချင်းပင် ခပ်ဖျော့ဖျော့အကာအရံတစ်ခုက အာကာပြင်အစီအရင်မှော်အက္ခရာများ ပတ်ပတ်လည်တွင် ပေါ်လာကာ ပျက်စီးစေသောအား အကုန်လုံးကို အဆောင်ဆီ မရောက်အောင် တားဆီးလိုက်လေ၏။

အာကာပြင် အစီအရင်မှော်အက္ခရာများပေါ်တွင် သက်ရောက်မှုတစ်စက်ကလေးမျှပင် မရှိချေ။

ဤအချိန်၌ မိုဝူကျိ၏ ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းက အာကာပြင်ဖောက်ခွဲရေး အစီအရင်မှော်အက္ခရာများကို ထိုအာကာပြင်ကူးပြောင်းရေး အစီအရင်မှော်အက္ခရာများ ပတ်ပတ်လည်တွင် စတင်ရေးထွင်းလိုက်သည်။ အစီအရင်တစ်ခုကို ခင်းကျင်းရသည်မှာ ခက်ခဲသော်လည်း ဖျက်ဆီးပစ်ရန်မှာကား လွယ်ကူလေ၏။

မိုဝူကျိ၏ ဖောက်ခွဲရေး အစီအရင်မှော်အက္ခရာများသည် ကူးပြောင်းအစီအရင် မှော်အက္ခရာများထဲမှ တစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။ ဤသည်က ကူးပြောင်းအစီအရင် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ အင်မတန်တော်သော အစီအရင်ပညာရှင် တစ်ယောက်ကသာ ထိုပျက်စီးသွားသော အာကာပြင် ကူးပြောင်း အစီအရင် မှော်အက္ခရာကို ပြင်ရန်မလာပါက ဤကူးပြောင်းအစီအရင်ကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

“အဲ့ဒီလိုပဲလား”

ဒဏ်ရာများနှင့်ကျင့်ကြံသူသည် ပြေးလက်စကို ရပ်ကာ စောစောကတင် သူ၏ ဖောက်ခွဲရေးအဆောင်အား နှိုးဆွလိုက်သည့်နေရာကို ငူငူငိုင်ငိုင်ဖြင့် စိုက်ကြည့်လိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

“အဲ့ဒီကူးပြောင်းအစီအရင်က ဖျက်ဆီးပစ်သင့်တယ်။ မဟုတ်ရင် သူတို့တွေ အခုချိန်လောက်ဆို လိုက်လာလို့ မှီနေလောက်ပြီ”

ကူးပြောင်းအစီအရင် ပျက်စီးသွားသည်မှာ မှန်၏။ သို့သော် ထိုအရာမှာ ဤငတိ၏ ဖောက်ခွဲရေးအဆောင်ကြောင့် မဟုတ်ဘဲ သူ့ကိုယ်ပိုင်အာကာပြင် အစီအရင် မှော်အက္ခရာများကြောင့် ဖြစ်မှန်း မိုဝူကျိက သိသည်။

မိုဝူကျိက ဤဒဏ်ရာများနှင့် ငတိအား စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။ ဤလူ၏ မျှခြေအဆောင် မနိုးထခင်၌ မိုဝူကျိက သူ၏ကျင့်ကြံဆင့်ကို အာရုံခံပြီးသား ဖြစ်သည်။ သူသည် နတ်ဘုရားအုပ်စိုးသူ အစောပိုင်းအဆင့်တွင် ရှိရမည်။ လောလောဆယ်၌ သူ၏ ကျင့်ကြံဆင့်ကို ကနဦးနတ်ဘုရားအဆင့်သို့ ထိန်းချုပ်ကန့်သတ်ထားလေသည်။

မိုဝူကျိက များစွာသော နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ဖူးသည်။ နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများတွင် သူတို့တွင်သာရှိသည့် သီးခြားအရှိန်အဝါတစ်ခု ရှိကြသည်။ ဤငတိမှာ နတ်ဘုရားမျိုးနွယ်ကျင့်ကြံသူ မဟုတ်ပေ။

“ငါ့ဒဏ်ရာတွေကိုပဲ ကြည့်မနေနဲ့။ တကယ်တော့ ငါ မင်းကို သတ်ချင်ရင် လက်တစ်ချောင်းပဲ လိုတယ်ကွ။ အဲ့ဒါကြောင့် တခြား မဟုတ်ကဟုတ်ကအကြံတွေ မရှိစမ်းနဲ့”

စကားပြောနေရင်းဖြင့် ဤဒဏ်ရာများနှင့်ကျင့်ကြံသူက ဖုန်ဖယ်ရှားခြင်း နည်းစနစ်ကို သုံးပြီး သူ့ကိုယ်ပေါ်မှ သွေးနှင့် အညစ်အကြေးများကို ဖယ်ရှားပစ်လိုက်သည်။

မျက်ခုံးထူထူ၊ နားရွက်ကြီးကြီး၊ တမူထူးသည့် မျက်နှာနှင့် လူတစ်ယောက်က မိုဝူကျိရှေ့ ပေါ်လာသည်။

“ခင်ဗျား ဘယ်ကလာတာလဲ”

မိုဝူကျိက သာမန်ကာလျှံကာ မေးလိုက်သည်။ ဤလူသည် သိသာလှစွာပင် သွေးဆာတတ်သည့် လူစားမျိုး မဟုတ်ချေ။ ထို့အပြင် သူက သွေးဆာတတ်သည့်လူတစ်ယောက် ဖြစ်နေလျှင်ပင် သူက တစ်ဖက်ပိတ် ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ သူက မိုဝူကျိအား အင်မော်တယ်ဧကရာဇ် တစ်ယောက်ဟု မြင်နေပါက သူသည် မိုဝူကျိအား စက္ကန့်ပိုင်းအတွင်း သတ်နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

“ခွေးကောင်တွေနေတဲ့ ဆိုးဆိုးရွားရွားနေရာကနေ လာခဲ့တာ။ အဲ့ဒီခွေးကောင်တွေအကုန်လုံးက သူတို့ကိုယ်သူတို့ စကြဝဠာရဲ့ အထွတ်အထိပ်မှာ ရှိပြီး ကမ္ဘာဦး ရုန်းရင်းဆန်ခတ်ကာလကို ထိန်းချုပ်နိုင်တယ် ထင်နေကြတာ။ ဘယ်လိုတောင် ယုတ်ညံ့တဲ့နေရာလဲ…

အော် …  ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ… ငါ့နာမည်က ကျင့်ရှင်းကြွယ်။ ငါက နတ်ဘုရားနယ်မြေလို့ခေါ်တဲ့ နေရာကနေ လာတာ။ အထင်မလွဲနဲ့ဦးနော်… နတ်ဘုရားနယ်မြေက ငါပြောတဲ့ အဲ့ဒီဆိုးဆိုးရွားရွားနေရာ မဟုတ်ဘူး”

ဤဒဏ်ရာများနှင့်ကျင့်ကြံသူက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ သိသာစွာပင် သူက မိုဝူကျိအား အန္တရာယ်တစ်ခုအဖြစ် မယူဆထားပေ။

ကျင့်ရှင်းကြွယ်က ထိုဆိုးရွားသည့်နေရာမှာ မည်သည့်နေရာပါဟု မပြောပြသော်လည်း ထိုနေရာမှာ နတ်ဘုရားမျိုးနွယ်တွေ နေသည့်နေရာမှန်း မိုဝူကျိက ခန့်မှန်းနိုင်သည်။ ဤကျင့်ရှင်းကြွယ်သည်ကား မဆိုးလှချေ။ သူက နတ်ဘုရားမျိုးနွယ် နယ်မြေထဲသို့ တကယ် ဝင်ရောက်နိုင်ခဲ့ပြီး သူတို့၏ ကူးပြောင်းအစီအရင်ကို သုံး၍ပင် ထွက်ပြေးခဲ့သေးသည်။

“ကျုပ်က မိုဝူကျိပါ”

မိုဝူကျိ အသာ ပြောလိုက်သည်။

ကုသဆေးတို့က အစွမ်းပြလာသည်ကြောင့်လား မသိပေ။ ဤကျင့်ရှင်းကြွယ်၏ ဒဏ်ရာတို့မှာ ပိုကောင်းလာပုံ ပေါ်သည်။ သူက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

“ငါ မင်းကို ပြောပြရဦးမယ်… ခုနလေးတင် ငါ မင်းကို ကူညီလိုက်တာကွ။ အဲ့ဒီနတ်ဘုရားမျိုးနွယ်ခွေးကောင်တွေဆီက ကြားတာတော့ ဒီနေရာက အဆင့်နိမ့် လောကတစ်ခုဆို… အဲ့ဒီခွေးကောင်တွေအကုန်လုံးက သွေးအေး အမှိုက်ကောင်တွေကွ။ သူတို့က စကြဝဠာထဲမှာ ရှိနေတဲ့ တခြားမျိုးနွယ်စုတွေ အားလုံးကို ပိုးစိုးပက်စက် သတ်ပစ်ချင်နေကြတာ။ ငါသာ အဲ့ဒီကူးပြောင်းအစီအရင်ကို မဖျက်ဆီးပစ်လိုက်ဘူးဆိုရင် မင်းတို့ကောင်တွေတော့ သွားပြီပဲ။ ဒီလောကနယ်မြေတစ်ခုလုံးကို သူတို့က အပြောင်ရှင်းပစ်လိမ့်မယ်ကွ”

ကျင့်ရှင်းကြွယ်က မိုဝူကျိသည် သူ၏ စကားများကို အလေးမထားမှန်း သတိပြုမိပုံပေါ်သည်။ သူက ဟွန့်ခနဲ မဲ့ရွဲ့ကာ

“တကယ့်ကို ကြင်နာတဲ့သူအပေါ် ကြင်နာမှု ပြန်မပေးတာပဲ။ ထားလိုက်ပါတော့… ငါ မင်းကို ပြောပြလည်း မင်း နားလည်မှာ မဟုတ်ပါဘူး… အဲ့… မင်းကိုယ်မင်း ဘယ်လိုခေါ်လိုက်တယ်… မိုဝူကျိ ဟုတ်လား”

မိုဝူကျိက ခေါင်းငြိမ့်ကာ

“ဟုတ်တယ်။ ကျုပ်က မိုဝူကျိပါ”

မိုဝူကျိသည် ကျင့်ရှင်းကြွယ်က သူ့နာမည်ကို ကြားဖူးနေသည့်အတွက် ထူးဆန်းသည်ဟု လုံးဝမထင်မိပေ။ သူသည်လည်း နတ်ဘုရားနယ်မြေမှ လာခဲ့သည်။ ထို့အပြင် ဟိုယခင် အသစ်ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲတွင် သူက ပါရမီရှင်တပည့် တစ်အုပ်လိုက်ကြီးကို သတ်ဖြတ်ခဲ့ဖူးသည်။

ကျင့်ရှင်းကြွယ်ကို ကြည့်ရသည်မှာ သိပ်မကြာသေးခင်အချိန်အထိ သူ ထွက်ပြေးနေရသည်ကိုကော သူ့တွင် ဒဏ်ရာအပြင်းအထန် ရှိနေသေးသည်ကိုပါ မေ့သွားပုံပေါ်သည်။ သူက မရပ်မနား ဗလုံးဗထွေး စပြောလေတော့သည်။

“နတ်ဘုရားနယ်မြေမှာလည်း မိုဝူကျိလို့ ခေါ်တဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်ကွ။ အဲ့ကောင်က ကနဦးနတ်ဘုရား အစောပိုင်းအဆင့် ရောက်တဲ့အချိန်မှာ ကနဦးနတ်ဘုရား ၄၉ ယောက်နဲ့ ကောင်းကင်နတ်ဘုရား တော်တော်များများရဲ့ ဝိုင်းတိုက်ခိုက်တာကို ရင်ဆိုင်ခဲ့ရတယ်။

နောက်ဆုံးမှာတော့ သူက သူတို့အားလုံးကို သတ်ပစ်လိုက်တယ်။ အော်… တစ်ယောက်တော့ လွတ်သွားတယ် ထင်တာပဲ။ တော်တော်လေး အထင်ကြီးစရာကောင်းတယ်… ဟုတ်တယ်မလား… ဒါတင်ဘယ်ကမလဲ… နတ်ဘုရားဘုရင်တွေ အများကြီးက သူ့ကို လိုက်ဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့လည်း လက်ဗလာနဲ့ပဲ ပြန်လာရတယ်လေ။ သူ ဘယ်ထွက်ပြေးသွားမှန်းတောင် သူတို့က မသိကြဘူးကွ။

အော် ဟုတ်သားပဲ… မင်း ကနဦးနတ်ဘုရားအဆင့်ကို သိလား။ မင်းရဲ့ကျင့်ကြံဆင့်က အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား… ဒီနေရာ ပတ်ပတ်လည်က မိုးမြေစည်းမျဉ်းတွေက ကျိုးပဲ့နေတယ်။

ဒါကြောင့် မင်း ကနဦးနတ်ဘုရားအဆင့်ဆီကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးမရှိလောက်ဘူးကွ။ ငါ မင်းကို ပြောပြမယ်…  ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ပြီးရင် ကောင်းကင်နတ်ဘုရားအဆင့်ပေါ့ကွာ ဒါပေမဲ့ ပြီးပြည့်စုံခြင်း ကနဦးနတ်ဘုရားတွေက သူတို့ရဲ့ နတ်ဘုရားသဏ္ဍာန်ကို ပုံသွင်းသိပ်သည်းလိုက်မှ ကောင်းကင်နတ်ဘုရားအဆင့်ဆီကို တက်လှမ်းနိုင်တာ။

အခုဆို နားလည်ပြီလား… ငါ့မှာ ချူယို့လို့ခေါ်တဲ့ ဂျူနီယာညီမလေး တစ်ယောက်ရှိတယ်။ သူမက နတ်ဘုရားနယ်မြေတစ်ခွင်လုံးမှာ နံပတ်တစ် အလှပဂေးလေး အဖြစ် အသတ်မှတ်ခံထားရတဲ့သူ တစ်ယောက်ကွာ။ အဲဒီမိုဝူကျိက သူမရဲ့ တာအိုလက်တွဲဖော်ပဲ…”

မိုဝူကျိက ကျင့်ရှင်းကြွယ်အား ငေးကြောင်ကြောင် စိုက်ကြည့်လိုက်၏။ မြောက်များစွာသော ကနဦးနတ်ဘုရားများနှင့် ကောင်းကင်နတ်ဘုရားများကို သူ သတ်ဖြတ်ခဲ့ဖူးသည်မှာ မှန်ပါသည်။ သို့သော် ဘယ်အချိန်ကများ ချူယို့သည် သူ၏ တာအိုလက်တွဲဖော် ဖြစ်သွားရသနည်း။

သို့သော် ဤကျင့်ရှင်းကြွယ်သည် ဝမ်ချွမ်းတာအိုကျောင်းမှ ဖြစ်ကြောင်းကိုကား သူ သိရှိလိုက်၏။ ထိုကျောင်းမှလူများကသာ ချူယို့အား ဂျူနီယာညီမလေးဟု ခေါ်ဝေါ်ကြလေသည်။

“တာအိုရောင်းရင်းကျင့်… ခင်ဗျား ဒီကို လာလို့ရပေမဲ့ မဟုတ်တမ်းတရားတွေတော့ ပြောလို့မရဘူး။ ကျုပ်က အဲ့ဒီချူယို့နဲ့ တာအိုလက်တွဲဖော်တွေ မဟုတ်ဘူးဗျ”

မိုဝူကျိက မှင်သက်ဆွံ့အစွာ ပြောပြလိုက်သည်။

မိုဝူကျိ၏ စကားများကို ကြားသောအခါ ကျင့်ရှင်းကြွယ်က ငြိမ်ကျသွားသည်။ ချက်ချင်းပင် သူက မိုဝူကျိအား လက်ညိုးထိုးကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

“မင်း… မင်းက…မင်းက အဲဒီ မိုဝူကျိလား”

မိုဝူကျိက ဘာသံမှမထွက်ပေ။ သူက သူ့ကိုယ်သူ မိုဝူကျိပါဟု မိတ်ဆက်ပြီးသွားပြီ ဖြစ်သည်။

***

All Chapters