စကြဝဠာနံရံထဲသို့ ပြန်လည်ဝင်ရောက်ခြင်း
Vol. 74 Ch. 1028
“ဟုတ်တယ်… ဟုတ်တယ်… မင်းက မိုဝူကျိပဲ”
မိုဝူကျိ မတုံ့ပြန်ရသေးခင် ကျင့်ရှင်းကြွယ်က သူ့လက်ကို မျက်နှာပူစွာ ဝှေ့ယမ်းလိုက်သည်။
“ဂျူနီယာညီလေးမို… ချူယို့က ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်တာဆိုတော့ ငါမင်းကို ငါ့ရဲ့ဂျူနီယာညီလေးလို့ ခေါ်မယ်ကွာ။ ဟိုဟာလေ… ငါမင်းကို ဟိုဟာဖြစ်တယ်ကွာ… ဟိုဟာကွာ… ငါမင်းကို အရမ်းမနာလို ဖြစ်တယ်ကွာ…”
မိုဝူကျိက ပြောနိုင်လိုက်သည်မှာ
“ခင်ဗျားပြောချင်တာ “လေးစားတယ်” ဆိုပြီး ပြောချင်တာမလား”
“အင်း ဟုတ်တယ်… ပြီးတော့ မနာလိုတာa&mပဲ။ ငါလည်း ဂျူနီယာညီမလေးချူယို့ကို သဘောကျတယ်ကွ။ ဒါပေမဲ့ မင်းနဲ့ ချူယို့တို့ကြားက ဇာတ်လမ်းကို ကြားပြီးတဲ့အချိန်မှာ ငါ ချက်ချင်းပဲ တခြားဂျုနီယာညီမလေးတစ်ယောက်အပေါ် ငါ့မေတ္တာတွေ ပေးလိုက်တော့တယ်…”
မိုဝူကျိက ကျင့်ရှင်းကြွယ်အား ထို့ထက် ထပ်ပြီး ဆက်မပြောအောင် အမြန်တားလိုက်သည်။ ဤငတိမှာ တကယ့်ကို အရမ်းစကားများနိုင်မှန်း သူ မသိခဲ့ချေ။ ထို့အပြင် ဤငတိသည် နတ်ဘုရားအုပ်စိုးသူအဆင့်သို့ တက်လှမ်းပြီးပြီဖြစ်သော အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသေး၏။။
“အစ်ကိုကျင့်… ကျုပ် စောစောကလည်း ပြောပြီးပြီ။ ချူယို့နဲ့ကျုပ်က အသိမိတ်ဆွေ သက်သက်ပါ။ အဲ့ဒီအပြင် ကျုပ်မှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိပြီးသားဗျ”
ဤမျှလောက် စကားများသော လူတစ်ယောက်ကို အကျိုးအကြောင်းရှင်းပြရန် ခက်ခဲလိမ့်မည်ဟု မိုဝူကျိက ခံစားမိသည်။
ကျင့်ရှင်းကြွယ်က မိုဝူကျိ၏ တံတောင်ဆစ်ကို ရိုက်ကာ အသာရယ်လိုက်ပြီး
“ဂျူနီယာညီလေးမို… မင်း ဘယ်သူ့ကို လာနောက်နေတာတုန်း။ သူက မင်းရဲ့တာအိုလက်တွဲဖော် မဟုတ်ဘူးဆိုရင် မင်း ဘာဖြစ်လို့ သူ့ကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးလိုက်တာလဲ။ နောက်ပြီး မင်းလိုလူမျိုးက အဆင့်နိမ့်လောကတွေထဲမှာ တာအိုလက်တွဲဖော် တစ်ယောက် နှစ်ယောက်လောက် ရှိမနေဘူးဆိုတာကမှ ထူးဆန်းနေမှာကွ”
ကျင့်ရှင်းကြွယ်သည် ထိုသို့သော အတွေးမျိုးရှိသည့် တစ်ဦးတည်းသောလူ မဟုတ်ပေ။ အမှန်တကယ်၌ တခြားမည်သူမဆို ထိုနည်းတူစွာ တွေးလိမ့်မည်သာ ဖြစ်သည်။ ထိုအရာမှာ ရှေးဦးမူလ နတ်ဘုရား အသွင်သဏ္ဍာန်ကျောက် ဖြစ်သည်။ မိုဝူကျိကသာ ချူယို့အား အရိုးစွဲသည်အထိ ကြိုက်မနေပါက သူက သူမအား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးပါ့မည်လော။
မိုဝူကျိသည် အကြောင်းအရာကိုသာ ပြောင်းနိုင်လေတော့ကာ
“ဒီအကြောင်း မပြောဘဲ နေကြရအောင်ပါဗျာ။ ခင်ဗျား ဘယ်လိုလုပ် ဒီရောက်လာတာတုန်းဗျ”
မိုဝူကျိက မည်ကဲ့သို့ နတ်ဘုရားမျိုးနွယ်သို့ ရောက်သွားသနည်းဟု မေးနေသည်ကို ကြားသောအခါ ကျင့်ရှင်းကြွယ်က ချက်ချင်းပင် မရပ်မနား ဗလုံးဗထွေးတွေ စပြောပြန်လေ၏။
“ဝူကျိ… မင်း အဆင့်နိမ့်လောကဆီကို ထွက်ပြေးပုန်းရှောင်နေလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။ နတ်ဘုရားဘုရင်ယန်ထင်းက မင်းကို ရှာမတွေ့နိုင်တာ မဆန်းပါဘူး။ ငါ မင်းကို ပြောပြရဦးမယ်… မင်းထွက်သွားပြီးတဲ့နောက်မှာ နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားသိုက်မြုံတွေ အများကြီးပဲ ပေါ်ထွက်လာတယ်ကွ။ သိပ်မကြာသေးခင်ကမှ နောက်ဆုံးပေါ်ထွက်လာတဲ့ နတ်ဘုရားသိုက်မြုံထဲမှာ ငါတို့တွေ အဲ့ဒီနတ်ဘုရားမျိုးနွယ် ခွေးကောင်တွေနဲ့ စတွေ့တာပဲ။
အဲ့ဒီခွေးကောင်တွေက သူတို့ကသာ စကြဝဠာတစ်ခုလုံးမှာ အမြင့်မြတ်ဆုံး ပုရွက်ဆိတ်တွေလို့ ထင်နေတာ။ သူတို့က သူတို့မျက်စိကျတဲ့သူတိုင်းကို သတ်တယ်။ ဒီတစ်ခေါက်မှာ ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲကို သွားတဲ့ ပါရမီရှင်တပည့်တွေ အကုန်လုံးနီးပါးလောက် အသတ်ခံလိုက်ရတယ်။ ငါလည်း နတ်ဘုရားသိုက်မြုံသွားတဲ့အထဲ ပါတယ်။ ကံကောင်းတာက ငါ့မှာ ငါ့ရဲ့အရှိန်အဝါကို ပြောင်းလို့ရတဲ့ တမူထူးတဲ့ လျို့ဝှက်ပညာရပ်တစ်ခု ရှိနေတာပဲ။ ငါက ငါ့အရှိန်အဝါကို နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူရဲ့ အရှိန်အဝါလို ပြောင်းလိုက်ပြီးတော့ သူတို့ရဲ့ အဆင့်နိမ့် ကျင့်ကြံသူတွေကြားထဲ ရောယောင်ဝင်နေနိုင်လိုက်တယ်ကွာ…”
ဤငတိသည်ကား တကယ့် သဘာဝကျကျ ပေါင်းသင်းနေထိုင်တတ်သူ တစ်ယောက် ဖြစ်လေသည်။ သူက ဂျူနီယာညီလေးမိုဟုခေါ်နေရာမှ မိုဝူကျိဟူ၍ သူ့အား နာမည်ပင်တပ်ကာ အလွယ်တကူ ပြောင်းလဲခေါ်ဝေါ်လိုက်လေ၏။
“ဒါဆို အဲ့ဒီနတ်ဘုရားမျိုးနွယ် ကျင့်ကြံသူတွေကို တားဆီးနိုင်လိုက်လား”
မိုဝူကျိက အဖြေကို သိနေသော်လည်း သေချာအောင် ထပ်မေးချင်သေးသည်။
ကျင့်ရှင်းကြွယ်၏ ပါးစပ်မှ တံတွေးများ လွင့်စင်လာကာ ဆက်ပြောလိုက်သည်။
“အဲ့ဒီနတ်ဘုရားမျိုးနွယ်ခွေးကောင်တွေက ကျင့်ကြံတဲ့နေရာမှာတော့ တကယ် ပါရမီထူးတယ်ကွ။ သူတို့နယ်မြေပေါ်က မိုးမြေစည်းမျဉ်းတွေက ငါတို့နတ်ဘုရားနယ်မြေကလောက် မပြီးပြည့်စုံဘူး။ ဒါကိုတောင် သူတို့က နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်တဲ့ ပညာရှင်တွေ အများကြီး ရှိနေတုန်းပဲ။ ဒါပေမဲ့ မိုးနတ်မင်းကြီးက နတ်ဘုရားနယ်မြေကို အဖျက်ဆီးခံရစေဖို့ မလိုလားဘူး။
ဒီလိုအချိန်မှာပဲ နတ်ဘုရားနယ်မြေနဲ့ နိဗာနပင်လယ်ရဲ့ဟိုဘက်ကမ်းက နတ်ဘုရားကုန်းမြေတို့ကြားက ကူးပြောင်းအစီအရင်ကြီးက တည်ဆောက်လို့ ပြီးသွားလေရဲ့။ နတ်ဘုရားကုန်းမြေက သဟဇာတနတ်ဘုရားတွေက ရောက်ချလာပြီး နတ်ဘုရားမျိုးနွယ်တွေကို နတ်ဘုရားနယ်မြေကနေ မောင်းထုတ်လိုက်ကြတယ်။ အခုတော့ ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံရဲ့ အစွန်အဖျားနားမှာ နှစ်ဖက်သား ထိပ်တိုက်ရင်ဆိုင်နေကြတယ်။ နေ့တိုင်း နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေက မရေတွက်နိုင်တဲ့ ကျင့်ကြံသူပေါင်းများစွာဟာ အသတ်ခံနေကြရတယ်။ ဒါပေါ့… ငါတို့ကလည်း နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူ အများကြီးကို နေ့တိုင်း သတ်တာပဲလေ”
“ဒါဆို ခင်ဗျား ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”
မိုဝူကျိက မေးလိုက်သည်။
ကျင့်ရှင်းကြွယ်ကြည့်ရသည်မှာ မမေ့ပျောက်နိုင်သည့် အကြောက်တရားတို့ ရှိနေပုံပေါ်သည်။ သူက ပြောသည်။
“ငါက အဆင့်နိမ့် နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူတွေကြားမှာ တိတ်တိတ်ကလေး ပုန်းအောင်းနေရင်း နတ်ဘုရားနယ်မြေဆီ ပြန်သွားလို့ရမယ့် အခွင့်အရေးကို အမြဲရှာနေခဲ့တာ။ ငါ မထင်ထားမိတာက ငါထွက်မပြေးနိုင်ခင် ကောင်မစုတ်တချို့က ငါ့ကို ရှာတွေ့သွားတာကိုပဲ။ အဲ့မိန်းမကြည့်ရတာ မြေခွေးမ တစ်ကောင်နဲ့တူတယ်။ သူက ငါ့ကို လာပြီး အနံ့ခံကြည့်တယ်လေ။ ကောင်မက ငါ့ကို ကြိုက်နေတဲ့ပုံကွ။ ဒါပေမဲ့ ငါက နတ်ဘုရားနယ်မြေက ကျင့်ကြံသူမှန်းလည်း သိသွားတော့ … ချက်ချင်းကို ထအော်တော့တာပဲ…”
သူ့အသက်လေးနှင့် ထွက်ပြေးလွတ်လာသည်ကို ဂုဏ်ယူနေပုံပေါ်ကာ ကျင့်ရှင်းကြွယ်က နှေးသွားပြီးမှ ဆက်ပြောလိုက်သည်။
“အဲ့ဒီတုန်းက ဘယ်သူမှ ငါ့ကို သတိမထားမိကြဘူး။ အဲ့ဒီအပြင် သိပ်မကြာခင်ကမှ ငါက နတ်ဘုရားအုပ်စိုးသူအဆင့်ကို တက်လှမ်းထားတာလေ။ ဒီလိုနဲ့ ငါ ကသုတ်ကရက် ပြေးလွတ်လာတာကွ။ လမ်းမှာ ဒဏ်ရာရပြီး ထွက်မပြေးနိုင်တော့လုနီးနီးပဲ။
ကံကောင်းလို့ ထိပ်တန်းအဆင့် လွတ်မြောက်ရေးအဆောင်ကို ပြင်ဆင်ထားဖို့ ငါ ကြိုသိခဲ့လို့ပေါ့ကွာ။ ငါ့အဆောင်က ငါ့ကို တချို့နတ်ဘုရားမျိုးနွယ်တွေရဲ့ လျို့ဝှက်နယ်မြေဆီကို ခေါ်သွားပါလေရော။ အဲ့ဒီမှာ ဒီကူးပြောင်းအစီအရင်ကို ငါတွေ့လိုက်တာပဲ။ အဲ့ဒီအချိန်တုန်းက နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူတစ်ယောက်က ကူးပြောင်းအစီအရင်ကို သုံးမလို့လုပ်နေတာ။ ငါ ချက်ချင်းပဲ သူ့ကို ပိတ်ကန်ပစ်လိုက်တယ်။ ကူးပြောင်းအစီအရင်ပေါ် ငါ တက်လိုက်ရုံပဲ ရှိသေးတယ်… အဲ့ဒါက အသက်
ဝင်လာပါလေရော။ ကျန်တာတွေကတော့ မင်း သိတဲ့အတိုင်းပဲ ”
“ကျုပ်ကို ခဏစောင့်။ ဆက်မပြောခင် ကျုပ် ဒီကူးပြောင်းအစီအရင်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်ဦးမယ်”
မိုဝူကျိက ကျင့်ရှင်းကြွယ်၏ ကံကောင်းမှုကို စိတ်ထဲတွင် ကျိတ်ချီးကျူးလိုက်သည်။ ပြောနေရင်းဖြင့်ပင် သူက ကူးပြောင်းအစီအရင် မှော်အက္ခရာများဆီသို့ လမ်းလျှောက်သွားလိုက်ကာ သူ့ကိုယ်ပိုင်အာကာပြင်အစီအရင် မှော်အက္ခရာများကို စတင်ရေးထွင်းလိုက်လေ၏။
“အဲ့လိုလုပ်နေစရာ မလိုပါဘူး။ ငါ ငါ့ရဲ့ဖောက်ခွဲရေးအဆောင်နဲ့ ဒီကူးပြောင်းအစီအရင်ကို ဖျက်ဆီးပြီးသွားပြီ”
မိုဝူကျိ လမ်းလျှောက်ထွက်သွားသည်ကို မြင်သောအခါ ကျင့်ရှင်းကြွယ်က လက်ကို အသာ ခါပြလိုက်သည်။
မိုဝူကျိက အမှန်တရားကိုသာ ရှင်းပြလိုက်ရတော့သည်။
“ခင်ဗျားရဲ့ အဲ့ဒီအဆင့် ၄ ဖောက်ခွဲရေးအဆောင်က အဲ့ဒီကူးပြောင်းအစီအရင်ကို မဖျက်ဆီးနိုင်ဘူးဗျ။ ဒီကူးပြောင်းအစီအရင်က ရိုးရိုးသာမန် ကူးပြောင်းအစီအရင်တစ်ခု မဟုတ်ဘူး။ အာကာပြင်အစီအရင် မှော်အက္ခရာတွေနဲ့ လုပ်ထားတဲ့ဟာ။ ပုံမှန်လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေက ဒါကို ဖျက်ဆီးပစ်ဖို့ မလုံလောက်ဘူး”
“အဲ့ဒါဆို ဆိုလိုတာက စောစောတုန်းက တစ်ခုခု လုပ်လိုက်တာ မင်းပေါ့”
မိုဝူကျိ ပြောပြနေသည်ကို နောက်ဆုံးတွင်တော့ ကျင့်ရှင်းကြွယ်က သဘောပေါက်သွားလေ၏။
“ဟုတ်တယ်”
မိုဝူကျိက အာကာပြင် အစီအရင် မှော်အက္ခရာများကို ဆက်လက်ရေးဆွဲနေလိုက်သည်။ သူက အာကာပြင်ကူးပြောင်း အစီအရင်မှော်အက္ခရာများကို အာရုံခံလို့သာ ရသည်။ ၎င်းတို့မှာ ပဟေဠိဆန်လွန်းသဖြင့် သူတို့အား နားလည်သဘောပေါက်ရန် သူ့မှာ မစွမ်းနိုင်ချေ။ မည်သို့ပင်ဖြစ်စေကာမူ အာရုံခံနိုင်သည်ကပင် မှော်အက္ခရာများကို ဖျက်ဆီးရန် သူ့အတွက် လုံလောက်နေပြီမှန်း မိုဝူကျိက သိသည်။
သူ သတိပင်မပြုမိနိုင်သည့် မှော်အက္ခရာများကို အဆက်မပြတ် ရေးဆွဲနေသော မိုဝူကျိကို ကြည့်ရင်း ပေါက်ကွဲသံများကို နားထောင်ရင်းဖြင့် ကျင့်ရှင်းကြွယ်သည် စောစောတုန်းက သူတကယ်ပင် အတွေးလွန်သွားကြောင်းကို သိလိုက်သည်။
ကံကောင်းသည်မှာ သူက သဘောထားပွင့်လင်းသူဖြစ်သည့်အပြင် ဤကဲ့သို့သောကိစ္စများအား သိပ်ဂရုမစိုက်ပေ။
မြောက်များစွာသော အာကာပြင် ကူးပြောင်းအစီအရင် မှော်အက္ခရာများကို ဖျက်ဆီးပြီးသည့်နောက် မိုဝူကျိက အတားအဆီးတစ်ခုကို ပြင်ဆင်ရန် စတင်လိုက်သည်။
ဤတစ်ကြိမ်တွင်ကား မိုဝူကျိက အဆင့် ၅ ပိတ်လှောင်ရေး အစီအရင်ကို ခင်းကျင်းရန် တစ်ရက်စာလုံး အချိန်ယူလိုက်ရသည်။ သူက နတ်ဘုရားဝိညာဉ်စွမ်းအား ထောက်ပံ့ရန် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောတစ်ခုကိုပင် စိုက်ထူလိုက်သေးသည်။
ဤကဲ့သို့သော အတားအဆီးတစ်ခုနှင့်ဆို နတ်ဘုရားဘုရင်တစ်ယောက်ပင်လျှင် အချိန်အကြာကြီး အဆွဲထားခံရပေလိမ့်မည်။ အကယ်၍ ဤနတ်ဘုရားဘုရင်သာ ဂရုမစိုက်မိပါက အသတ်ပင် ခံရကောင်း ခံရနိုင်ပေသည်။
ကျင့်ရှင်းကြွယ်က အစီအရင်တာအိုကို နားမလည်ချေ။ သို့သော် ဤသည်က သူသည် အတွေ့အကြုံမရှိဘူးဟု မဆိုလိုပေ။ မိုဝူကျိ ပိတ်လှောင်ရေးအစီအရင်ကို ခင်းကျင်းနေသည့်အခိုက် သူက သက်ပြင်းချကာ
“ဝူကျိ… မင်းရဲ့အစီအရင်တာအိုက အရမ်းအားကောင်းနေလိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းဒီနေရာကို ထွက်ပြေးလာနိုင်တာ မဆန်းပါဘူး။ ဂျူနီယာညီမလေး ချူယို့လို အင်မတန် အံ့သြချီးကျုးစရာကောင်းတဲ့သူက မင်းကို သဘောကျတာလည်း မထူးဆန်းပါဘူးကွာ”
ယခုတွင်မူ မိုဝူကျိသည် ကျင့်ရှင်းကြွယ်၏ စရိုက်ကို အကြမ်းဖျင်းနားလည်သွားလေပြီ။ သူက ကျင့်ရှင်းကြွယ်၏ စကားများကို မတုံ့ပြန်ချေ။ ပိတ်လှောင်ရေးအစီအရင်ကို ခင်းကျင်းပြီးသွားသည့်အခါမှသာ မိုဝူကျိက မေးလိုက်သည်။
“အစ်ကိုကျင့်… ခင်ဗျား အခု ဘာလုပ်မယ် စိတ်ကူးလဲ”
ကျင့်ရှင်းကြွယ်က သူ့လက်များကို ဖြန့်ကာ မတတ်နိုင်သည့်ပုံစံဖြင့် ပြောလိုက်သည်။
“ငါလည်း ငါဘာလုပ်သင့်သလဲ ဆိုတာကို မသိဘူး။ ငါ့မျှခြေအဆောင်က သေချာပေါက် တစ်သက်လုံး တာရှည်ခံနေမှာ မဟုတ်ဘူး။ ငါ့မျှခြေအဆောင် ကြေမွသွားတဲ့နေ့… ငါလည်း အဲ့ဒါနဲ့အတူ ကြေမွသွားမှာပဲ…”
ဤသို့ပြောနေရင်း ကျင့်ရှင်းကြွယ်က တစ်ခုခုကို ရုတ်တရက် စဉ်းစားမိလိုက်သည်။ သူက မိုဝူကျိအား ဝမ်းသာအားရစွာ ကြည့်ကာ ပြောလိုက်သည်။
“ဝူကျိ… မင်းလည်း နတ်ဘုရားနယ်မြေကနေ လာခဲ့တာပဲ။ မင်းမှာ သေချာပေါက် နတ်ဘုရားနယ်မြေကို ပြန်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ… ဟုတ်တယ်မလား။ ငါ မင်းနောက် လိုက်ခဲ့မယ်ကွာ”
“အစ်ကိုကျင့်…”
“ငါ့ကို အစ်ကိုကျင့်ဆိုပြီး ခေါ်နေစရာမလိုပါဘူး။ ရှင်းကြွယ်လို့ပဲ ခေါ်ကွာ။ မင်းက ချူယို့ရဲ့ တာအိုလက်တွဲဖော်၊ ငါက ချူယို့ရဲ့ စီနီယာအစ်ကို။ ငါတို့တွေက ပြောရရင် တစ်မိသားစုတည်းပဲဟာ။ ဂျူနီယာညီမလေးချူယို့အတွက် မင်းငါ့ကို ကူညီမှရမယ်”
မိုဝူကျိမှာ နှုတ်ဆိတ်နေရုံသာ တတ်နိုင်လေသည်။ ကျင့်ရှင်းကြွယ်ကဲ့သို့လူမျိုးကို ရှင်းပြနေခြင်းသည် ရှင်းလေ ရှုပ်လေသာ ဖြစ်လာပေလိမ့်မည်။
……………………….
မိုဝူကျိက ကျင့်ရှင်းကြွယ်အား ခေါ်ပြီး စကြဝဠာအစွန်းသို့ ပြန်ရောက်လာသည့်အချိန်တွင်ကား အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူအားလုံးသည် အဖြစ်အပျက်များကို သိသွားကြလေပြီ။ ထို့ကြောင့် သူတို့အားလုံးက မိုဝူကျိအား အရမ်းကို ကျေးဇူးတင်နေလေ၏။ မိုဝူကျိက ရင်းနှီးသည့် မျက်နှာများကို မမြင်မိပေ။ သူက စကြဝဠာအစွန်း၌ နေနေဖို့ စိတ်ကူးလည်း မရှိချေ။
တခြားတစ်ဖက်တွင် နတ်ဘုရားမျိုးနွယ် ပြီးပြည့်စုံခြင်းအဆင့် ကနဦးနတ်ဘုရားအား ခြောက်ကပ်သွားသည်အထိ သွေးစုပ်ယူလိုက်သည့် ရွိုက်ကော၏ လုပ်ဆောင်ချက်က မိုဝူကျိအား အံ့အားဝမ်းသာစေ၏။ နတ်မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီးသည့်နောက်ပိုင်း ရွိုက်ကောသည် မည်သည့်တိုက်ပွဲတွင်မှ ကိုယ်တိုင် ဝင်မတိုက်ခိုက်ဖူးချေ။ ဤတိုက်ပွဲတွင်မှ ဤရက်စက်သော ပိုးကောင်၏ ကြမ်းကြုတ်ရက်စက်မှုကို မိုဝူကျိက မြင်နိုင်လိုက်သည်။ အမှန်ပင် သွေးဆာခြင်နက်၏ သွေးမျိုးဆက်သည်ကား အံ့မခန်းပင်တည်း။
ရွိုက်ကောသည် ကနဦးနတ်ဘုရားအဆင့် ၅ တွင်သာ ရှိသေးသော်လည်း သူက ပြီးပြည့်စုံခြင်း ကနဦးနတ်ဘုရားတစ်ယောက်အား အလွယ်တကူ စုပ်ယူနိုင်လေသည်။ သွေးဆာခြင်နက် တစ်ကောင်သည် ရှင်းထျန်းရတနာတစ်ခုကိုပင် ဝါးမြိုနိုင်သည်မှာ မထူးဆန်းပေ။
“ဂိုဏ်းချုပ်မို… ခင်ဗျား အင်မော်တယ်ကမ္ဘာဆီကို ပြန်တော့မလို့လား”
လုကျီတင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူ အင်မော်တယ်ကမ္ဘာက ထွက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ သူ၏ ရင်ထဲတွင် ဝိညာဉ်လှည့်ပတ်တာအိုအတွက် မျှော်လင့်တောင့်တမှု တချို့ရှိနေသည်။ မိုဝူကျိ၏ လက်ရှိအင်အားဖြင့် စကြဝဠာအစွန်းနှင့် အထက်ဘုံတို့ကြားမှ အရံအတားကို ဆုတ်ဖြဲနိုင်လောက်မည် ဖြစ်သည်။
မိုဝူကျိသည် အင်မော်တယ်ကမ္ဘာဆီသို့ သွားချင်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူ ပိုသွားချင်သည့်နေရာမှာ စကြဝဠာနံရံ ဖြစ်သည်။ သူက နီကိုင်ဘက်သို့ မျက်နှာမူကာ
“တာအိုရောင်းရင်းနီကိုင်… စကြဝဠာနံရံ ပွင့်ဖို့ နောက်ထပ် အချိန်ဘယ်လောက်လောက် လိုဦးမလဲ”
မိုဝူကျိ၏ မေးခွန်းကို ကြားသောအခါ နီကိုင်က ခဏလေးစဉ်းစားနေပြီးမှ ပြောလိုက်သည်။
“အရင် တာအိုရောင်းရင်းလုနဲ့ ကျုပ်နဲ့ ကောင်းကင်ဘုံအလွန်မှာ ရှိနေတုန်းက စကြဝဠာနံရံက ၂ ခါ ပွင့်ဖူးတယ်။ ကျုပ်တို့နှစ်ယောက်က အရမ်းအားနည်းနေတော့ ထိပ်ဆုံးထိ ရောက်အောင် လုံးဝမတတ်နိုင်ခဲ့ဘူးဗျာ။ ကျုပ်ရဲ့အတွေ့အကြုံအရဆို စကြဝဠာနံရံ နောက်တစ်ခေါက် ထပ်ပွင့်ဖို့ လိုတဲ့အချိန်က ၃ ရက်ထက် ပိုမှာမဟုတ်ဘူး”
စကြဝဠာနံရံ နောက်တစ်ခေါက် ပွင့်လာရန် ၃ ရက်သာ လိုတော့ကြောင်း ကြားသောအခါ မိုဝူကျိက အင်မော်တယ်ကမ္ဘာသို့ ပြန်မည့် သူ၏အကြံကို ချက်ချင်း လက်လျော့လိုက်သည်။ သူက ကမ္ဘာကူးအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် ထိုအဆောင်ကို လုကျီတင်းအား ပေးကာ
“ဂိုဏ်းချုပ်လု… ကျုပ် စကြဝဠာနံရံကို တစ်ချက်သွားကြည့်ဖို့ လိုတယ်။ ခင်ဗျား အင်မော်တယ်ကမ္ဘာကို ပြန်ဖို့ ဒီကမ္ဘာကူးအဆောင်ကို သုံးလို့ ရတယ်။ တကယ်လို့ ကျုပ်ရဲ့ ဖင်းဖန်အင်မော်တယ်ကျောင်းမှာ ပြဿနာတစ်ခုခု ရှိခဲ့မယ်ဆိုရင် သူတို့တွေကို ကူညီဖြေရှင်းပေးဖို့ ဂိုဏ်းချုပ်လုကို ကျုပ်တောင်းဆိုပါတယ်”
မိုဝူကျိဆီတွင် နတ်ဘုရားကမ္ဘာမှ အင်မော်တယ်ကမ္ဘာသို့ သွားသည့် ကမ္ဘာကူးအဆောင် မရှိချေ။ သို့သော် သူ့တွင် စကြဝဠာအစွန်းမှ အင်မော်တယ်ကမ္ဘာသို့ သွားသည့် ကမ္ဘာကူးအဆောင်များ တစ်ပုံတစ်ပင်ကြီး ရှိလေသည်။
ချိန်စုယင်ကိစ္စအတွက်မူ လုကျီတင်းက နည်းနည်း ကြားဖူးထားသည်။ သူက မိုဝူကျိ၏အတွေးကို နားလည်သည်။ ကမ္ဘာကူးအဆောင်ကို လက်ခံယူလိုက်ပြီးနောက် လုကျီတင်းက ပြောလိုက်သည်မှာ
“ဂိုဏ်းချုပ်မို… စိတ်ချနေပါဗျာ။ ကျုပ် အင်မော်တယ်ကမ္ဘာကို ပြန်ရောက်သွားသရွေ့ ဖင်းဖန်အင်မော်တယ်ကျောင်းရဲ့ ကိစ္စတွေက ကျုပ်လုကျီတင်းရဲ့ ကိစ္စတွေပါပဲ”
မိုဝူကျိသည် အင်မော်တယ်ကမ္ဘာနှင့် ကျန်းရှင်းကို အမှန်တကယ် ပြန်သွားချင်သော်လည်း သူက သူ့အတွေးတို့ကို ထိန်းချုပ်လိုက်ဆဲ ဖြစ်သည်။ လုကျီတင်းအား နှုတ်ဆက်စကားဆိုပြီးနောက် သူက ရွိုက်ကောနှင့် တာ့ဟွမ်တို့ကို လူသားကမ္ဘာထဲသို့ ပြန်ထည့်လိုက်ကာ ကောင်းကင်ဘုံအလွန်ဆီသို့ ကျင့်ရှင်းကြွယ်ကို မြန်မြန် ခေါ်ဆောင်သွားလိုက်သည်။
ဤစကြဝဠာနံရံသည် နှစ်ကာလကြိမ်ရေဖြင့် ပွင့်လေ့ ရှိသည်။ တစ်ခါတစ်ရံတွင် ဆယ်စုနှစ်ကျော် ကြာမှ တစ်ကြိမ်သာ ပွင့်သည်။ မိုဝူကျိက ဤအခွင့်အရေးကို မလွဲချော်ချင်ပေ။
နီကိုင်က စကြဝဠာအစွန်းတွင် မရေတွက်နိုင်သော နှစ်ကာလများစွာ နေထိုင်ခဲ့ဖူးလေသည်။ သူ၏ ဆုံးဖြတ်ချက်မှာ မှန်နေသည်။ ၂ ရက်အတွင်း ကောင်းကင်ဘုံအလွန် အနီးအနားတွင် ကြီးမားသော ဝဲကတော့နက်ကြီး တစ်ခု ပေါ်လာလေသည်။
များစွာသော နတ်ဆေးဖက်ဝင်အပင် အတိုအစများနှင့် အဆင့်နိမ့် နတ်ဘုရားကျောက်ရွေပေါ်စာများက အပေါက်ထဲမှ ပြုတ်ကျလာသည်။ မိုဝူကျိက ခံစားချက်ပြင်းထန်စွာ သက်ပြင်းချလိုက်၏။ ထိုနှစ်တွေတုန်းက ဤနေရာတွင် ဤပစ္စည်းများအတွက် လူဘယ်လောက်များများတောင် တိုက်ခိုက်နေကြသနည်း။ ယခုမူ ကျင့်ရှင်းကြွယ်နှင့် သူသာ ရှိသည်။ ထို့အပြင် သူတို့နှစ်ယောက်သည် ဤကဲ့သို့ အဆင့်နိမ့် အရင်းအမြစ်များကို ကောက်ယူရန်ပင် ပျင်းလွန်းနေသည်။
“ဒါက စကြဝဠာနံရံလား။ စကြဝဠာကြီးက တကယ့်ကို အထူးအဆန်းတွေနဲ့ ပြည့်နှက်နေတာပဲ…”
ဤစကြဝဠာနံရံကို မြင်သောအခါ ကျင့်ရှင်းကြွယ်က သက်ပြင်းချလိုက်၏။
မိုဝူကျိက တွင်းနက်ကြီးကို ကြည့်ကာ ပြောလိုက်သည်မှာ
“ကျုပ်က ဒီစကြဝဠာနံရံထဲကို ဝင်မလို့။ ဒီစကြဝဠာနံရံက ဘယ်ကိုဦးတည်နေမှန်း ကျုပ်မသိဘူး။ ဒါကြောင့် အန္တရာယ်ရှိရင် ရှိနေနိုင်တယ်။ တကယ်လို့…”
မိုဝူကျိက စကားပြောလို့ မပြီးသေးခင် ကျင့်ရှင်းကြွယ်က ဖြတ်ပြောလိုက်သည်။
“ဝူကျိ… ငါကျင့်ရှင်းကြွယ်က သေမှာကြောက်တဲ့ပုံ ပေါက်နေလို့လား။ နောက်ပြီး ဒီစကြဝဠာအစွန်းမှာ မျှော်လင့်ချက်လေး တစ်မျှင် ရှိပါသေးတယ်ကွ။ တကယ်လို့ ငါ လိုက်မဝင်ဘူးဆိုရင် ငါ ဒီမှာ သေဖို့ စောင့်နေရုံပဲ ရှိတယ်လေ”
***