← Chapters

မိုးမြေမီးပြင်းဖို

Vol. 74 Ch. 1029

မိုးမြေမီးပြင်းဖို

Vol. 74 Ch. 1029

“ကောင်းပါပြီ… ဒါဆိုလည်း အစ်ကိုကျင့် ကျုပ်နောက်ကို လိုက်ခဲ့ပေါ့ဗျာ”

ထိုသို့ပြောပြီး မိုဝူကျိ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားကာ သူက တွင်းနက်ကြီး ထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ကျင့်ရှင်းကြွယ်က နောက်ချန်မနေခဲ့ပေ။ သူက မိုဝူကျိနောက်မှ လိုက်ကာ စကြဝဠာနံရံထဲသို့ ပြေးဝင်သွားလိုက်သည်။

မိုဝူကျိသည် ယခင်က စကြဝဠာနံရံထဲ ဝင်ဖူးသည်။ ဤသည်မှာ အဆုံးအစမရှိ ကျယ်ပြောကာ ထိတွေ့စမ်းသပ်၍ ရနိုင်သည့် လမ်းကြောင်း ဖြစ်ကြောင်း သူ သိသည်။ သူ အထဲဝင်လိုက်သည့်အချိန်တွင် ပြင်းထန်သော တွန်းကန်အားတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ ယခင် သူက အတော်အသင့်မြင့်သည်အထိ ရောက်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် စကြဝဠာနံရံထဲမှ တွန်းထုတ်ခံခဲ့ရသည်။

ဤတစ်ခေါက်သည် မိုဝူကျိ၏ စကြဝဠာနံရံသို့ ဒုတိယမြောက်အကြိမ် ရောက်ရှိခြင်း ဖြစ်သည်။ အမှန်ပင် ပထမတစ်ခေါက်နှင့် နှိုင်းယှဉ်ပါက ခြားနားချက်လေးများ အနည်းငယ် ရှိလေသည်။ ပထမဆုံးအနေဖြင့် အဆင့်နိမ့် နတ်ဆေးဖက်ဝင်အပင်များနှင့် အစိမ်းရောင်ကျောက်များ ပိုနည်းသွားသည်။ ဒုတိယအနေဖြင့် တွန်းကန်အားသည် ပို၍ အားပျော့လာသည်။ သူက ကောင်းကင်နတ်ဘုရားအဆင့် ၂ တွင် ရှိနေပြီးသားကို ပြောစရာမလိုပေ။ အကယ်၍ သူက မဟာလော့ရှန်းတစ်ယောက် ဖြစ်နေလျှင်ပင် ဤတွန်းကန်အားကို အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်ဦးမည် ဖြစ်သည်။

ဤတွန်းကန်အားမှာ မိုဝူကျိနှင့် ကျင့်ရှင်းကြွယ်တို့အတွက် ဘာမှပြောပစရာ မဟုတ်ချေ။ သူတို့နှစ်ယောက်သည် အင်မတန် လျင်မြန်စွာ ရွေ့လျားနေကြသဖြင့် သူတို့က သာမန်အာကာပြင်ကို ဖြတ်ပျံနေသယောင် ခံစားလိုက်ရသည်။

သို့သော် ဤစကြဝဠာနံရံကို ကြည့်ရသည်မှာ အဆုံးရှိပုံ မပေါ်ပေ။ မိုဝူကျိနှင့် ကျင့်ရှင်းကြွယ်တို့သည် ရက်ပေါင်းများစွာ ပျံသန်းနေရသည်ဟု ခံစားရသည်။ သို့သော် သူတို့၏ စိတ်စွမ်းအားများက လမ်းဆုံးကို ရှာမတွေ့နိုင်သေးပေ။

အစောပိုင်းတွင် မိုဝူကျိက အနည်းငယ် စိုးရိမ်မိသည်။ ၁၀ ရက်ကြာပြီးသည့်နောက်တွင်ကား မိုဝူကျိက ပြန်လည် စိတ်တည်ငြိမ်သွားသည်။ ကျင့်ရှင်းကြွယ်အား လက်ပြနှုတ်ဆက်ပြီးနောက် သူက သူ၏ လေလွတ်မြောက်ရေး နည်းစနစ်ကို သုံးကာ လေဟာနယ်အတွင်း ပျောက်ကွယ်သွားလေ၏။

မိုဝူကျိက ပိုမိုလျင်မြန်စွာ သွားနိုင်သည်ကို မြင်သောအခါ ကျင့်ရှင်းကြွယ်၏ မျက်လုံးတို့မှာ အရောင်လက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက နှိုးဆွအဆောင်တစ်ခုကို ဖျက်ခနဲ ဆုတ်ဖြဲပစ်လိုက်သည်။ သူ၏ ပုံရိပ်မှာ လက်ခနဲဖြစ်သွားကာ သူ၏အမြန်နှုန်းမှာလည်း မိုဝူကျိနီးပါး မြန်လာလေသည်။

နောက်ထပ် ၁၀ ရက် ကုန်သွားသည်။ သူ၏ ကိုယ်က နတ်ဘုရားဝိညာဉ်စွမ်းအား ဝဲကတော့ထဲမှ ထွက်သွားသည်နှင့် မိုဝူကျိ၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။

မြေပြင်ပေါ်သို့ သူ ဆင်းသက်လိုက်သည့်အခိုက် မိုဝူကျိသည် နတ်ဘုရားနယ်မြေ သို့မဟုတ် နတ်ဘုရားကုန်းမြေဆီသို့ ပြန်ရောက်လာမှန်း သိလိုက်သည်။ ဤနေရာမှ မိုးမြေစည်းမျဉ်းများသည် အဆင့်နိမ့်လောကမှ မိုးမြေစည်းမျဉ်းများ လုံးဝမဟုတ်ပေ။ ဤစကြဝဠာနံရံသည်ကား အမှန်တကယ်ကို ထူးခြားဆန်းပြားလှပေသည်။ ဤအရာအား မည်သူကများ တည်ဆောက်ခဲ့သနည်းဟု မိုဝူကျိက တွေးလိုက်သည်။

မိုဝူကျိက သူ၏ တည်နေရာကို အတိအကျ မဆုံးဖြတ်နိုင်သေးခင် ကြီးမားသော ဆေးမီးပြင်းဖိုကြီးတစ်ခုကြောင့် သူက ဆွံ့အသွားလေသည်။

ဤဆေးလုံးဖိုမှာ အနည်းဆုံး မီတာ သုံးသောင်း မြင့်ကာ မီတာထောင်ချီ ကျယ်လေသည်။ ဖိုတွင် ထောက်တိုင် ၃ ခုရှိကာ ဖို၏ ကိုင်းကွင်း ၂ ကွင်းမှာ ကွေ့ကောက်ရစ်ပတ်နေသော မြစ်များနှင့် တူနေလေ၏။

ဤကြီးမားသည့် သတ္တဝါကြီးနှင့် တူနေသည့် ဆေးလုံးမီးပြင်းဖို၏ အောက်တွင် မိုဝူကျိသည် သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်လိုသာ ခံစားမိသည်။ သူ၏ စိတ်စွမ်းအားကြောင့်သာ မဟုတ်ပါက ဤဆေးလံးမီးပြင်းဖိုအား တစ်ခုလုံး ခြုံငုံ မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ဆေးလုံးမီးပြင်းဖို၏ အပြင်ဘက်ခြမ်းတွင် မြောက်များစွာသော ရှေးဟောင်းစကားလုံးများကို ရေးထွင်းထားသည်။

“မိုးမြေကို ဆေးမီးပြင်းဖိုအဖြစ်… ကံကြမ္မာကို လုပ်အားအဖြစ်… အဖိုအမဓာတ်ကို လောင်စာအဖြစ်… အရာဝတ္ထုအားလုံးကို ကြေးနီအဖြစ်” ဟူ၍ ရေးထွင်းထားလေသည်။

“ရေးထွင်းထားသည်” ဟု ဆိုလိုက်သော်လည်း ထိုစကားလုံးများအား ဆေးလုံးမီးပြင်းဖိုနှင့်အတူ မွေးဖွားပေါ်ပေါက်လာသည်ဟု ဆိုပါက ပို၍သင့်တော်ပေလိမ့်မည်။ ရေးထွင်းရာများ မရှိဘဲ စကားလုံးများမှာ ဆေးလုံးမီးပြင်းဖိုနှင့် တစ်သားတည်းဖြစ်နေသည်ဟု ထင်ရလေ၏။

“မိုးမြေမီးပြင်းဖိုပဲ…”

ကျင့်ရှင်းကြွယ်၏ အံ့အားသင့်သံကြီး ထွက်လာသည်။ သူက မိုဝူကျိ၏ ဘေးတွင် ဆင်းသက်လိုက်သည်။

“မိုးမြေမီးပြင်းဖိုဆိုတာ ဘာကြီးလဲ”

မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။

စကားပြောနေရင်းပင် စကြဝဠာအစွန်းမှ အဆင့်နိမ့် နတ်ဆေးဖက်ဝင်အပင်များ အဘယ်ကြောင့် အဆက်မပြတ် လွင့်ထွက်လာသနည်းကို သူက သဘောပေါက်သွားလေသည်။

အကြောင်းအရင်းသည်ကား မိုးမြေမီးပြင်းဖို၏ ပတ်ပတ်လည်တွင် နတ်ဆေးဖက်ဝင် အပင်စိုက်ခင်းကြီး ၁၀ ကွက်ရှိနေသောကြောင့်ပင်တည်း။ စိုက်ခင်းများ၏ ပတ်ပတ်လည်တွင် အစီအရင်အမျိုးမျိုးကို ခင်းကျင်းထားသည်။ အချိန်တစ်ခုကြာလျှင် ဤစိုက်ခင်းများမှ နတ်ဆေးဖက်ဝင်အပင်များကို ဤအစီအရင်များက သိမ်းကျုံးယူသွားကာ မီးပြင်းဖိုထဲသို့ ထည့်လိုက်သည်။ ထို့နောက် မီးပြင်းဖိုက အညစ်အကြေးများကို စွန့်ထုတ်လိမ့်မည်။

ထို့နောက် ထိုစွန့်ထုတ်ခံရသော အညစ်အကြေးများမှာ အစီအရင်လမ်းကြောင်းထဲသို့ အပို့ခံရသည်။ ဤလမ်းကြောင်းသည်ကား ကောင်းကင်ဘုံအလွန်သို့ ရောက်မည့် လမ်းကြောင်း ဖြစ်၏။ မိုဝူကျိနှင့် ကျင့်ရှင်းကြွယ်တို့ စောစောလေးကတင် ထွက်လာသော လမ်းကြောင်းနှင့် အတူတူပင် ဖြစ်သည်။

သိသာစွာပင် လမ်းကြောင်းကို ဖြတ်၍ လာလို့သာ ရလေသည်။ တခြားတစ်ဖက်သို့ ပြန်သွားရန်မှာ မဖြစ်နိုင်ချေ။ အကြောင်းမှာ သူတို့တွေ ထွက်လာခဲ့ပြီးနောက် မိုဝူကျိသည် စကြဝဠာနံရံကို အာရုံခံ၍ မရတော့သောကြောင့် ဖြစ်သည်။ အစိမ်းရောင်ကျောက်အပိုင်းအစများအတွက်မူ ကြည့်ရသည်မှာ ၎င်းတို့သည် မိုးမြေမီးပြင်းဖိုက ပတ်ဝန်းကျင်ရှိ နတ်ဘုရားကျောက်များမှ နတ်ဝိညာဉ်စွမ်းအားနှင့် စည်းမျဉ်းတို့ကို စုပ်ယူပြီးနောက် စွန့်ပစ်လိုက်သော အညစ်အကြေးများ ဖြစ်ပုံပေါ်သည်။

မိုဝူကျိအား နည်းနည်းနှမြောစရာကောင်းသည်ဟု ခံစားမိစေသည်မှာ ထိုစိုက်ခင်းများထဲမှ နတ်ဆေးဖက်ဝင်အပင်များမှာ အင်မတန်နိမ့်သော အဆင့်များ ဖြစ်နေခြင်းကို ဖြစ်သည်။ ကောင်းကောင်းကန်းကန်းဟူ၍ ကိုင်းတစ်ဝက်လေးပင် မရှိတော့ချေ။

“ဒဏ္ဍာရီလာ မိုးမြေမီးပြင်းဖိုကို အပြင်မှာ ငါ တကယ် မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါ တကယ့်ကို ကံကောင်းမှုကြီးပဲ… ကံကောင်းမှုကြီးပဲကွ…”

ကျင့်ရှင်းကြွယ်သည်ကား အပျော်လုံးစို့ကာ တတွတ်တွတ် ပြောနေလေ၏။ သူက မိုဝူကျိ၏ မေးခွန်းကိုပင် သတိမပြုမိချေ။

မိုဝူကျိ၏ စိတ်စွမ်းအားက အပြင်ဘက်သို့ လွှမ်းခြုံသွားသည်။ ဤနေရာ၌ တခြားမည်သူမျှ မရှိချေ။

သူရှေ့တွင် ကြီးမားသော ရေကန်တစ်ကန်လည်း ရှိနေသည်။ ဤရေကန်မှာ လုံးဝခမ်းခြောက်နေ၏။

ဤရေကန်အထဲ၌ ပေါကြွယ်သော ဆေးနံ့တစ်ခုက ရှိနေဆဲဖြစ်သည်ကို အာရုံခံမိသောကြောင့် မိုဝူကျိက အထဲသို့ ဝင်သွားလိုက်သည်။ သူ၏ စိတ်စွမ်းအားနှင့် ဂရုတစိုက် စေ့စေ့စပ်စပ် လိုက်ကြည့်လိုက်ပြီးနောက် သူက ရေကန်ထောင့်တစ်ခုမှ ဆေးလုံးအစအနတစ်ခုကို ကောက်ယူလိုက်သည်။

“ဒါက မိုးမြေမီးပြင်းဖိုကနေ ဖော်စပ်လိုက်တဲ့ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးပဲ။ ဘယ်လိုတောင် ကြီးမားကျယ်ပြန့်တဲ့ ရေကန်တစ်ခုလဲ… အကျယ်ကြီးပါလား…”

ကျင့်ရှင်းကြွယ်ကလည်း ဆေးလုံးကန်ထဲသို့ ခုန်ဆင်းလိုက်သည်။ သို့သော် သူက စကားတစ်ခွန်းတည်းကိုသာ ပြည့်ပြည့်စုံစုံ ပြောလိုက်ပြီးနောက် သူ့ဘာသာသူ တတွတ်တွတ် ရေရွတ်နေသည်မှာ

“ကန်က အကျယ်ကြီးပဲ”

“ဘာကို ကန်ကအကျယ်ကြီးပဲ လဲဗျ”

မိုဝူကျိက အနည်းငယ်မကျေမချမ်း မေးလိုက်သည်။ ဤငတိ၏ စကားများသည်ကား တစ်ကြိမ်လျှင် တစ်တုံးသာပါသည့် ဆိတ်ချေးများလိုပင် ဖြစ်၏။

ကျင့်ရှင်းကြွယ်က ယခုမှ သူ့ကန္ဒြေ သူပြန်ထိန်းလိုက်သည်။ သူက မိုဝူကျိအား ကြည့်ကာ တရှုံ့ရှုံ့လုပ်ပြီးပြောလိုက်သည်မှာ

“ဝူကျိ… ဒီဟာက ကောင်းကင်စည်းမျဉ်းသဘာဝဆေးလုံးတွေရဲ့ ဆေးလုံးကန်ကြီးကွ။ အရင်ဆုံးလာသွားတဲ့ ခွေးကောင်တွေက အဲ့ဒါတွေ အကုန်လုံးကို ယူသွားရတယ်လို့။ သူတို့က ဒီသခင်ကြီးကျင့်အတွက် တစ်ခုလေးတောင် ချန်မထားခဲ့ကြဘူးကွာ…”

မိုဝူကျိ သူ့အား ကြည့်နေသည့်ပုံစံကို သတိထားမိသောအခါမှ ကျင့်ရှင်းကြွယ်သည် ကောင်းကင်စည်းမျဉ်းသဘာဝဆေးလုံးများကို ယူသွားသည့်သူများအပေါ် သူ့စိတ်ထဲမှ စိတ်ပျက်မှုနှင့် မနှာလိုမှုတို့အား အတင်း မြိုသိပ်လိုက်သည်။ သူက ရှင်းပြသည်။

“ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးကို မိုးမြေမီးပြင်းဖိုကပဲ ဖော်စပ်နိုင်တယ်။ ဒီဆေးလုံးမျိုးက မရေတွက်နိုင်တဲ့ နတ်ဆေးဖက်ဝင်အပင်တွေကို စုစည်းပြီး ဖြစ်တည်လာတာမျိုး။ အဲ့ဒီနတ်ဆေးဖက်ဝင်အပင်တွေက မတူညီတဲ့ အမျိုးအစားအမျိုးမျိုးကနေ လာတာ… အဆင့်မြင့်အပင်လည်း ပါနိုင်သလို အဆင့်နိမ့်အပင်လည်း ပါနိုင်တယ်… ဟိုစိုက်ခင်းတွေ မင်း မြင်တယ်မလား…

အဲ့ဒီစိုက်ခင်းတွေထဲက ဆေးဖက်ဝင်အပင်တွေက မိုးမြေမီးပြင်းဖိုရဲ့ ဆွဲသိမ်းယူသွားတာကို ခံရလိမ့်မယ်။ ပြီးရင် ဆေးလုံးဖော်ဖို့ အသန့်စင်ဆုံး ဝိညာဉ်စွမ်းအားနဲ့ မိုးမြေစည်းမျဉ်းတွေကို အဲ့ဒီအပင်တွေထဲ ရောနှောပေါင်းထည့်လိမ့်မယ်။

ငါတို့ စောစောတုန်းက စကြဝဠာနံရံထဲမှာ တွေ့ခဲ့ရတဲ့ သလင်းကျောက်အပိုင်းအစတွေက တကယ့် သလင်းကျောက်အပိုင်းအစတွေ မဟုတ်ဘူး။ အဲ့ဒီအစား အဲ့ဒါတွေက ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေ ဖော်စပ်ပြီးတဲ့နောက် မိုးမြေမီးပြင်ဖိုထဲကနေ စွန့်ထုတ်ခံလိုက်ရတဲ့ အဖိုးမတန်တဲ့ သလင်းကျောက်တွေ။ အဲ့ဒီအပိုင်းအစတွေထဲမှာ မသန့်ရှင်းတာတွေ ပါတယ်။ ပြီးတော့ အဲ့ဒါတွေမှာ ပြီးပြည့်စုံတဲ့ စည်းမျဉ်းတွေ မပါဘူး။ မိုးမြေမီးပြင်းဖိုက စည်းမျဉ်းတွေကို သန့်စင်နိုင်တဲ့ တစ်ခုတည်းသော မီးပြင်းဖိုပဲကွ”

ကျင့်ရှင်းကြွယ်၏ စကားများကို ကြားပြီးသည့်နောက်မှ မိုဝူူကျိသည် သူ တိုက်ခိုက်ယူခဲ့ရဖူးသော အစိမ်းရောင်ကျောက်များမှာ မိုးမြေမီးပြင်းဖို၏ အသုံးမဝင်သော အညစ်အကြေးများသာ ဖြစ်ကြောင်း နားလည်သွားလေတော့သည်။ သိသာစွာပင် လွင့်ပစ်ခံလိုက်ရသော ဆေးဖက်ဝင်အပင်များမှာလည်း ဤမိုးမြေမီးပြင်းဖိုအတွက် အမှိုက်သရိုက်များ ဖြစ်နေလေသည်။

မိုဝူကျိက ထိုဆေးလုံးအစအနလေးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ တစ်ခဏအတွင်း မိုးမြေစည်းမျဉ်းများအပေါ် ကြည်လင်ပြတ်သားသည့်ခံစားမှုက သူ့အား ထိတွေ့သွားသည်။ ထိုဆေးလုံးအစအနလေး တစ်ခုတည်းနှင့်ပင် မိုဝူကျိသည် သူ၏ ကျင့်ကြံဆင့်မှာ အနည်းငယ် အခြေတည်ငြိမ်သွားသည်ဟု ခံစားလိုက်ရသည်။

ဤအရာကား တကယ့် ပစ္စည်းကောင်း ဖြစ်သည်။ သူ၏ရှေ့မှ ကန်အလွတ်ကြီးကို ကြည့်ကာ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံး အကုန်လုံးကို ယူသွားသည့် ငတိ၏ ကံကောင်းပုံကို မိုဝူကျိက တွေးကြည့်နိုင်ပေသည်။ နတ်ဘုရားဘုရင်အဆင့်ကို ရောက်ရှိရန် သေချာပေါက် ခက်ခဲမည် မဟုတ်ပေ။ တကယ်တော့ ဤကန်ထဲမှ ဆေးလုံးများအတွက် ထိုငတိအား သဟဇာတနတ်ဘုရားအဆင့်ကို ကျော်လွန်စေရန် ပြုလုပ်ပေးနိုင်မည်မှာ မထူးဆန်ပေ။

“မိုးမြေမီးပြင်းဖိုက အဲ့ဒီနတ်ဆေးဖက်ဝင်အပင်တွေကို ဆွဲစုပ်ယူပြီးသွားတဲ့နောက် အချိန်တစ်ခုကြာပြီးရင် နတ်ဝိညာဉ်သွေးကြောကြောင့် သူတို့က နောက်တစ်ခါ ပြန်လည် ရှင်သန်ကြီးထွားလာတယ်လေ။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ နတ်ဆေးဖက်ဝင်အပင်တွေရဲ့ အဆင့်တွေဟာလည်း တဖြည်းဖြည်းချင်း  နိမ့်နိမ့်လာတယ်။ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေကို ယူသွားတဲ့ကောင်တွေက တကယ့် အကောင်းဆုံးဆိုတဲ့ဟာကို ယူသွားတာကွ။ အဲ့ကောင်တွေရဲ့ ရှေ့ရေးကတော့ တိုင်းတာလို့တောင်ရမှာ မဟုတ်ဘူး”

ကျင့်ရှင်းကြွယ်၏ စကားများကို ကြားသောအခါ မိုဝူကျိက ချိန်စုယင်အတွက် မစိုးရိမ်ဘဲ မနေနိုင် ဖြစ်သွားသည်။ ချိန်စုယင်ကလည်း ဤနေရာသို့ ရောက်ခဲ့ဖူးသည်။ အကယ်၍ ဤကဲ့သို့ စည်းမျဉ်းဆေးလုံးများကို မြင်မိပါက သူမသည် သေချာပေါက် ထိုအရာများအတွက် တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် သူမ၏ လက်ရှိ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်လွန်းသည်။ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ယောက်နှင့်သာ တွေ့လိုက်ပါက သူမ အန္တရာယ်ထဲ ရောက်သွားပေလိမ့်မည်။

မိုဝူကျိ၏ သောကကို မရိပ်မိဘဲ ကျင့်ရှင်းကြွယ်က ဆက်ပြောလိုက်သည်။

“အဲ့ဒီကောင်တွေက ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေကို ယူသွားတာတောင် တော်တော်လွန်လှပြီ။ သူတို့က ဒီက နတ်ဘုရားဝိညာဉ်သွေးကြောတွေ အကုန်လုံးကိုပါ ဆွဲနှုတ်ယူသွားလိုက်သေးတယ်။ ဒါတော့ အရမ်းလွန်လွန်း အားကြီးသွားပြီ။ ဒင်းတို့က နောက်မှရောက်လာတဲ့ ငါတို့အတွက် တစ်ဇွန်းစာလေးတောင် မချန်ထားခဲ့ဘူးကွာ”

ကျင့်ရှင်းကြွယ်က ဒေါသပုန်ထလို့ ဝသွားသည့်အချိန်မှ သူက သူ၏ မျှခြေအဆောင်ကို ပြန်ဖယ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက နောက်ဆုံးတွင် နတ်ဘုရားကမ္ဘာသို့ ပြန်ရောက်လာသည့်အတွက် နည်းနည်းတော့ ပျော်မိဆဲ ဖြစ်၏။

“ဒါဆို ဒီမိုးမြေမီးပြင်းဖိုက ဘာဖြစ်လို့ ဒီမှာ ရှိနေသေးတာတုန်း”

မိုဝူကျိက ဤကြီးမားသည့် မီးပြင်းဖိုကြီးကို ကြည့်ကာ မရေရာစွာ မေးလိုက်သည်။

ကျင့်ရှင်းကြွယ်က အေးစက်စွာ မဲ့ရွဲ့လိုက်ပြီး

“ဒါကို ယူသွားဖို့ဆိုရင် သူတို့မှာ အစွမ်းအစ နည်းနည်းတော့ ရှိမှရမယ်လေ။ ဘယ်သိုလှောင်လက်စွပ်ကမှ မိုးမြေမီးပြင်းဖိုကို မသိမ်းနိုင်ဘူး။ ရှင်းထျန်းရတနာတွေတောင်မှ မီးပြင်းဖိုကို အပြည့်အဝ ဖုံးအုပ်ဖို့ မမျှော်လင့်နိုင်ဘူး။ ဒီဟာက မိုးမြေကနေ မွေးဖွားလာတဲ့အရာလေ။

မင်းရဲ့မျက်လုံးထဲမှာတော့ ဒီမီးပြင်းဖိုက မီတာထောင်ချီပဲ မြင့်တယ်လို့ မြင်ရတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျ မီးပြင်းဖိုကို တဆုံးဆွဲထုတ်လိုက်မယ်ဆိုရင် ဖိုက ကမ္ဘာတစ်ခုစာလောက်ကို ကြီးသွားမှာကွ။ ဒီဟာက မီးပြင်းဖိုရဲ့ အသေးစားပုံစံပဲ ရှိသေးတယ်လေ။ အရင်တုန်းက မိုးမြေမီးပြင်းဖိုဆိုတာ ဒဏ္ဍာရီတစ်ခုလို့ပဲ ငါ ထင်ထားခဲ့တာ။ ဒီနေ့ မျက်ဝါးထင်ထင် တွေ့နိုင်လိုက်တယ်ဆိုတာ ငါ တကယ်ကို မယုံကြည်နိုင်ဘူးကွာ။ ကံဆိုးတာက မီးပြင်းဖိုထဲကို ငါ မဝင်နိုင်တာပဲ။ မဟုတ်ရင် သေချာပေါက် အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ကြည့်ဦးမို့ဟာ။

ဒီဟာတစ်စုံလုံးကို လူတစ်ယောက်က ပြင်ဆင်ထားတယ်ဆိုတာ သေချာတယ်။ အဲ့ဒီလူကလည်း မီးပြင်းဖိုကို ယူမသွားနိုင်လို့ ဒီနေရာမှာပဲ အကုန်လုံး ပြင်ဆင်ထားခဲ့တာ ဖြစ်မယ်။ ဒီလူ သက်တမ်းကုန်သွားပြီး ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲကိုတောင် ဝင်သွားပြီလား မသိဘူးနော်”

မိုဝူကျိက ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားသည် မိုးမြေမီးပြင်းဖိုထဲသို့ ဝင်နိုင်ကောင်း ဝင်နိုင်လိမ့်မည်ဟု သံသယဝင်မိသည်။ သို့သော် သူက ထိုသို့မလုပ်ချေ။ ထိုအစား သူက အစီအရင်အလံများကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မြောက်များစွာသော ရွေ့ပြောင်းခြင်းအမျိုးအစား အစီအရင် မှော်အက္ခရာများကို စတင်ရေးဆွဲလိုက်လေသည်။

“ခဏ… ခဏလေးနေပါဦး…”

မိုဝူကျိ၏ လုပ်ရပ်များကို မြင်သောအခါ ကျင့်ရှင်းကြွယ်က အမြန်တားလိုက်ကာ

“မဟုတ်မှလွဲရော မင်း မိုးမြေမီးပြင်းဖိုကို ဆွဲထုတ်ယူမလို့ စဉ်းစားနေတာလား”

မိုဝူကျိက ကျင့်ရှင်းကြွယ်ကို ကြည့်ကာ

“ခင်ဗျား မယူဘူးဆိုမှတော့ ကျုပ်ယူမယ်လေဗျာ။ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေကို တခြားတစ်ယောက်က ယူသွားပြီ။ ဒီမိုးမြေမီးပြင်းဖိုကိုလည်း တခြားတစ်ယောက်အတွက် ချန်ထားခဲ့ရဦးမှာလားဗျ။ ခင်ဗျား သဘောကောင်းချင်ရင် ကောင်းဗျာ… ကျုပ်ကတော့ မကောင်းနိုင်ဘူး”

ကျင့်ရှင်းကြွယ်က စကားကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ငါ ငါက သဘောကောင်းတယ် ဟုတ်လား… ဟာသပဲ။ ငါ မယူနိုင်လို့ မယူတာကွ။ ငါသာ အဲ့ဒါကို သိမ်းနိုင်ရင်လေ မင်းနဲ့တောင် အချိန်ကုန်ခံပြီး လေပန်းနေမှာ မဟုတ်ဘူး။ ဒီမီးပြင်းဖိုကို အစောကြီးကတည်းက ယူပြီးနေလောက်ပြီ။ သူများတွေ ဒါကို မယူနိုင်ခဲ့သလို ငါတို့လည်း အတူတူပဲ ယူနိုင်မှာ မဟုတ်ဘူးကွ”

“အဲ့ဒါ ကောင်းသားပဲ။ ကျုပ်အတွက် ပြိုင်ဖက်တစ်ယောက် လျော့သွားတာပေါ့”

ပြောနေရင်းဖြင့်ပင် မိုဝူကျိက အစီအရင်အလံများကို ဆက်လက်ပစ်လွှတ်လိုက်၏။

ကျင့်ရှင်းကြွယ်က အံ့အားသင့်မှင်သက်စွာ ပြောလိုက်သည်။

“ဝူကျိရာ… အဓိပ္ပာယ်မရှိတာတွေ လုပ်မနေစမ်းနဲ့ကွာ။ မင်းရဲ့ အစီအရင်တာအိုက အရမ်းအားကောင်းမှန်း ငါသိပါတယ်။ ဒါပေမဲ့ မိုးမြေမီးပြင်းဖိုကို မင်း ရွေ့နိုင်တော့ကော ဘာထူးမှာလဲ။ ဒီဖိုကြီးက အထွတ်အထိပ် ကောင်းချီးရတနာတစ်ခုကွ။ သူရှေ့ရောက်ရင် ရှင်းထျန်းရတနာတွေကိုတောင် အမှိုက်သရိုက်တွေလို့ပဲ သတ်မှတ်နိုင်တော့တယ်။ မင်း ဒီမီးပြင်းဖိုကို ရွေ့လိုက်တယ်ဆိုပါတော့… မင်း ဒါကို ယူသွားနိုင်မှာမို့လား ပြော”

မိုဝူကျိက ကျင့်ရှင်းကြွယ်အား ဂရုပင်မစိုက်ချေ။ သူ၏ လူသားကမ္ဘာသည် မိုးမြေမီးပြင်းဖိုအား သိုလှောင်သိမ်းဆည်းထားနိုင်ခြင်း ရှိ၊ မရှိကိုလည်း သေချာမသိပေ။ သို့သော် မကြိုးစားကြည့်ပါက သူ ဘယ်လိုလုပ် သိနိုင်ပါ့မည်နည်း။ ယခု လူသားကမ္ဘာသည် သူ၏ ကိုယ်ပိုင်တာအိုစည်းမျဉ်းများနှင့် ပြည့်လျှမ်းနေလေရာ အမျိုးမျိုးသော စည်းမျဉ်းများနှင့် ပြီးပြည့်စုံနေသည်။ စည်းမျဉ်းများမှာ နည်းနည်းအားနည်းသော်လည်း ပြီးပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ အကယ်၍ ဟိုယခင်က ထာဝရကမ္ဘာသာ ဖြစ်နေပါက ဤမီးပြင်းဖိုကို သိုလှောင်ခွင့်ပင် သူ့တွင် ရှိလိမ့်မည် မဟုတ်ချေ။

၂ ရက်ကြာပြီးနောက် မိုဝူကျိက ရွေ့ပြောင်းရေး အစီအရင်ကို တည်ဆောက်ပြီးသွားကာ မရေတွက်နိုင်သော အစီအရင်မှော်အက္ခရာများကိုလည်း ပြင်ဆင်ပြီးသွားလေပြီ။

နောက်ဆုံးတွင် မိုဝူကျိက မဟာအစီအရင် အလံကို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်များက လက်သင်္ကေတများကို အဆက်မပြတ် ပုံဖော်နေလိုက်သည်။

ကျယ်လောင်သော မြည်ဟည်းသံကြီးကို ကြားလိုက်ရသည်။ ကျင့်ရှင်းကြွယ်က တုန်ခါစပြုလာသော မီးပြင်းဖိုကြီးအား အံ့သြတကြီး စိုက်ကြည့်လိုက်၏။

***

All Chapters