← Chapters

အရိုးဖြူကန်

Vol. 74 Ch. 1030

အရိုးဖြူကန်

Vol. 74 Ch. 1030

အသက်ရှိုက်စာ အနည်းငယ်ကြာပြီးနောက် မိုးမြေမီးပြင်းဖိုသည် ရုတ်တရက်ကြီး မမြင်နိုင်သည့် အာကာပြင်တစ်ခုအတွင်းသို့ အဆွဲယူခံလိုက်ရသည်။ မီးပြင်းဖိုကြီးက နေရာမှ ပျောက်သွားလေ၏။

မိုဝူကျိသည် သူ၏ လူသားကမ္ဘာထဲ၌ မီးပြင်းဖိုကို မြင်၍ ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။ သူအစမ်းကြိုးစားကြည့်လိုက်သည်က နောက်ဆုံးတွင် တကယ်ကြီး အောင်မြင်သွားလိမ့်မည်ဟု သူက မထင်ထားချေ။

“မင်း မိုးမြေမီးပြင်းဖိုကို တကယ် သိမ်းလိုက်တာလား။ ဒါမှမဟုတ် အဝေးတစ်နေရာ ရောက်သွားတာလား”

မီးပြင်းဖို ပျောက်ကွယ်သွားသည့်တိုင် ကျင့်ရှင်းကြွယ်က မိုဝူကျိဆီတွင် ထိုအရာကို ဆွဲထုတ်ယူပြီး သိမ်းဆည်းနိုင်သည့် အစွမ်းအစရှိသည်ဟု မယုံကြည်နိုင်သေးဘဲ ဖြစ်နေသည်။

“လျှောက်ပြောမနေနဲ့တော့ဗျာ။ သွားကြရအောင်”

မိုဝူကျိ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး သူက အရှိန်မြင့်လျက် ထွက်သွားလိုက်သည်။

ကျင့်ရှင်းကြွယ်က မိုဝူကျိနောက်မှ အမြန်လိုက်သွားလိုက်သည်။ ဤနေရာ၌ မိုးမြေမီးပြင်းဖို ပေါ်လာသည့်သတင်းမှာ သေချာပေါက် ပျံ့နှံ့သွားမည် ဖြစ်သည်။ တစ်နေ့တွင် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က မီးပြင်ဖိုးကို ရှာရန် သေချာပေါက် ဤနေရာသို့ ရောက်လာပေလိမ့်မည်။

မိုဝူကျိက အရှိန်မြန်မြန်နှင့် သွားနေရင်း စိတ်စွမ်းအားဖြင့် အပြင်ဘက်ပတ်ဝန်းကျင်အား မှန်မှန်လေး စေ့စေ့စပ်စပ် လိုက်ကြည့်နေလေ၏။ အမွေးတိုင်တစ်ဝက်စာ အချိန်အတွင်း၌ သူက ရပ်လိုက်သည်။ သူက ကြီးမားနက်ရှိုင်းသော ချောက်ကြီးတစ်ခုအတွင်းတွင် ရှိနေပုံ ပေါ်သည်။ အဆိပ်ငွေ့များက လေထုထဲတွင် ပြည့်နှက်နေကာ အရေပြားမှတဆင့် အရိုးများနှင့် ချီသွေးကြောများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်နေသည်။

မိုဝူကျိဆီတွင် အဆိပ်ဖြေလမ်းကြောင်း ရှိသည်။ သို့ဖြစ်ရာ သူက အဆိပ်မိမည်ကို သိပ်ဂရုမစိုက်ချေ။ တခြားတစ်ဖက်တွင်ကား ကျင့်ရှင်းကြွယ်သည် ဆေးလုံးအမျိုးမျိုးကို အဆက်မပြတ် သုံးစွဲနေလေ၏။

“ကြည့်ရတာ ချောက်ကြီးတစ်ခုလို့ ထင်တာပဲ”

ခြေလှမ်းအနည်းငယ်ဖြင့် မိုဝူကျိက ချောက်နံဘေးသို့ ရောက်ရှိသွားသည်။ သူက ကျင့်ရှင်းကြွယ်အား သာမန်ကာလျှံကာ စကား ပြောလိုက်သည်။

“ငါတို့တော့ သွားပြီ။ ငါတို့တွေ ဘယ်လိုလုပ်ပြီး အရိုးဖြူကန်ထဲကို ရောက်လာရတာတုန်း”

ကျင့်ရှင်းကြွယ်ကို ကြည့်ရသည်မှာ သူတို့ရောက်နေသည့်နေရာကို သိပုံပေါ်ကာ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

မိုဝူကျိက ကျင့်ရှင်းကြွယ်အား နားမလည်စွာ ကြည့်လိုက်ကာ

“အရိုးဖြူကန်ဆိုတာက ဘာကြီးတုန်းဗျ”

ကျင့်ရှင်းကြွယ်က ကုသဆေးလုံးတွေ အများကြီးကို ထုတ်ယူကာ သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ပြောပြသည်မှာ

“ဒီနေရာကို အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်က တည်ဆောက်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ကြားဖူးတယ်။ ဒီလူက နတ်ဘုရားနယ်မြေကလူ မဟုတ်ဘူးတဲ့။ ငါ့ကျောင်းကနေ ကြားဖူးတာတော့ ဒီဘိုးတော်က အမှောင်စည်းမျဉ်းကို ကျင့်ကြံတဲ့ အောက်လမ်း ကျင့်ကြံသူတစ်ယောက်တဲ့။ သူက နတ်ဘုရားမျိုးနွယ်က ခွေးကောင် ဖြစ်ရမယ်လို့ ငါ ထင်တယ်ကွ”

အမှောင်ထုစည်းမျဉ်း…

မိုဝူကျိ၏ ရင်ထဲ နားမလည်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။ သူ ဤအကြောင်းအရာကို ယခင်က ကြားဖူးသည်။ ကူချိုက်၏ ဘိုးဘေးက နတ်ဘုရားနယ်မြေကို ရောက်လာခဲ့သည်။ သို့သော် အမှောင်ထုစည်းမျဉ်းကို ကျင့်ကြံသူများအား အောက်လမ်းသမားများဟု သတ်မှတ်ထားကြသောကြောင့် ကူချိုက်၏ ဘိုးဘေးမှာ နတ်ဘုရားနယ်မြေမှ ကျန်လူများ၏ လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဖြစ်နိုင်သည်မှာ သူ အသတ်ခံလိုက်ရလောက်လေပြီ။ သို့သော် ကူချိုက်၏ ဘိုးဘေးက သွေးမျိုးဆက်တစ်ခုကို ချန်ထားခဲ့သည်။ ထို့အပြင် ယခု ထိုသွေးမျိုးဆက်ကို ဆက်ခံထားရသည့် တစ်ဦးတည်းသောသူမှာ ကူချိုက် ဖြစ်ပေသည်။

မိုဝူကျိက ယခင် ကူချိုက်နှင့် ပတ်သက်ဆက်ဆံဖူးသည်။ အမှောင်ထုစည်းမျဉ်းကိုလည်း ယခင်က သူလေ့လာဖူးသည်။ ပြောရမည်ဆိုလျှင် သူက အမှောင်ထုစည်းမျဉ်းကိုပင် မြင်ဖူးကာ သူ့ဆီတွင် အမှောင်ထုသဘာဝ အမြုတေလည်း ပိုင်ဆိုင်ထားသည်။ ဤကန်ကို ကူချိုက်၏ ဘိုးဘေးက တည်ဆောက်ထားသည်ဟု ကျင့်ရှင်းကြွယ်ပြောသည်ကို ကြားသောအခါ မိုဝူကျိက အနည်းငယ် မသင်္ကာသလို ခံစားလိုက်ရသည်။

အကယ်၍ ကူချိုက်သည် ဤနေရာမှ ထွက်ပြေးလာခဲ့သည်ဆိုပါက သူတို့၏ ဆက်ဆံရေးအရ သူမက သူ့ကို ထိုကိစ္စအား သေချာပေါက် ဖုံးကွယ်ထားလိမ့်မည် မဟုတ်ပေ။

ကျင့်ရှင်းကြွယ်က မိုဝူကျိ၏မျက်နှာအမူအယာ ပြောင်းသွားသည်ကို သတိပြုမိဟန် မပေါ်ပေ။ သူက ဆက်ပြောလိုက်သည်။

“အမှောင်ထုစည်းမျဉ်းကို ကျင့်ကြံတဲ့ဘိုးတော်က ဒီနေရာကို ထွက်ပြေးလာတယ်။ ဒီနေရာမှာ အမှောင်ထုစည်းမျဉ်းတွေ မရှိတာနဲ့ သူက လူသန်းပေါင်းများစွာကို ဖမ်းဆီးပြီး သူတို့ရဲ့ အသက်ဓာတ်တွေကို နှုတ်ယူပစ်လိုက်တယ်။ အားလုံးဟာ သူကျင့်ကြံဖို့ ယင်ရေကန်တစ်ကန်ကို တည်ဆောက်ဖို့အတွက်ပဲပေါ့။

နောက်ဆုံးတော့ အဲ့ဒီ့အောက်လမ်းကျင့်ကြံသူက အသတ်ခံလိုက်ရတယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ အားပြင်းလွန်းတဲ့ မရဏစွမ်းအားကြောင့် ဒီနေရာကို ဘယ်သူမှ မလာနိုင်ကြဘူး။ လာတဲ့လူတိုင်း သေခြင်းတရားနဲ့ ရင်ဆိုင်လိုက်ရတာချည်းပဲ။ ငါ့မှာ ဆေးလုံးတွေ အများကြီးကျန်သေးပေမဲ့လည်း ငါ ကြာကြာ မတောင့်ခံနိုင်လောက်ဘူး။ အဲ့ဒါအပြင်ကို ငါတို့တွေ အပြင် ပြန်မထွက်နိုင်… ဟင်… ဝူကျိ… မင်းက ဘာလို့ အဆင်ပြေတဲ့ပုံစံ ပေါက်နေရတာလဲ”

မိုဝူကျိသည် ကျင့်ရှင်းကြွယ်၏ စကားများမှာ လုံးဝ အခြေအမြစ်မရှိသော စကားများဖြစ်မှန်း သေချာသည်။ ဤဇာတ်လမ်းသည် ပါဝင်ပတ်သက်ခဲ့သူများက ပြောပြခဲ့သည့်အရာ မဟုတ်ဘဲ အလုပ်မရှိ အကိုင်မရှိများက စိတ်ကူးယဉ် လုပ်ကြံပြောဆိုခဲ့သည့် အရာသာ ဖြစ်သည်။

အမှောင်ထုစည်းမျဉ်းသည် ကောင်းမွန်သော မိုးမြေစည်းမျဉ်းစစ်စစ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ယင်ရေကန်နှင့်လည်း ဆက်စပ်မှုမရှိသလို မရဏစွမ်းအား ကျင့်ကြံခြင်းနှင့်လည်း ဆက်စပ်မှု မရှိချေ။

အလင်းရှိလျှင် အမှောင် ရှိ၏။ ဤသည်မှာ တာအိုအစစ်ဖြစ်ပြီး ကမ္ဘာကြီး၏ ဖွဲ့စည်းပုံစနစ် ဖြစ်သည်။ ထိုစဉ်တုန်းက ထိုအဆင့်မြင့် ကျင့်ကြံသူများက ထိုလူအား လိုက်လံဖမ်းဆီးရသည့် အကြောင်းအရင်းမှာ သူတို့က ထိုလူ၏ အမှောင်ထု စည်းမျဉ်းကျင့်စဉ်ကို လိုချင်သောကြောင့် ဖြစ်နိုင်သည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် ထိုလုပ်ရပ်သည် အမှောင်ထုစည်းမျဉ်းကို ကျင့်ကြံခြင်းထက်ပင် ပို၍ ယုတ်မာအောက်တန်းကျလေသည်။

“မဟုတ်သေးဘူး။ ဘာဖြစ်လို့ ငါ ပျံလို့ ရနေသေးတယ်လို့ ခံစားနေရတာလဲ”

ဤစကားများကို သူ့ဘာသာသူ ရေရွတ်လိုက်ပြီးနောက် ကျင့်ရှင်းကြွယ်၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားကာ သူက အမှန်တကယ်ပင် ပျံသန်းလို့ ရနေလေသည်။ ဒဏ္ဍာရီအရဆိုလျှင် အရိုးဖြူကန်ထဲသို့ ဆင်းလို့သာရပြီး ထိုနေရာမှ ဘယ်နည်းနှင့်မျှ ပျံသန်းမတက်လာနိုင်ပေ။ ကြည့်ရသည်မှာ ထိုဒဏ္ဍာရီများမှာ အကုန် အမှားတွေချည်းသာ ဖြစ်ပေလိမ့်မည်။

မိုဝူကျိ၏ ပုံရိပ်သည်လည်း ဖျက်ခနဲဖြစ်သွားကာ သူက အရိုးဖြူကန်၏ အစွန်း၌ ဆင်းသက်လိုက်သည်။

ချက်ချင်းပင် နတ်ဘုရားချောက်ကမ်းပါး ကုန်းမြေ၏ ကျိန်စာမှော်အက္ခရာများထဲတွင် သူ မြင်ခဲ့ရသည်များနှင့် တူညီသည့် မြင်ကွင်းက သူ့အား ဆီးကြိုနေလေ၏။ နေရာတစ်ခုလုံး အရိုးခြောက်ဖြူများနှင့် ပြည့်နေလေ၏။

မိုဝူကျိနှင့် ကျင့်ရှင်းကြွယ်တို့သည် စောစောလေးကတင် အောက်ခြေမှ တက်လာခဲ့သည်ဖြစ်သော်လည်း အောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် သိပ်သည်းသော မြူခိုးများကိုသာ သူတို့မြင်နိုင်လေသည်။ အောက်ခြေအား လုံးဝမမြင်နိုင်တော့ချေ။

မိုဝူကျိက မျက်မှောင်ကျုံ့လိုက်သည်။ သူနှင့် ကျင့်ရှင်းကြွယ်တို့ ပျံသန်းပြီး ထွက်လာခဲ့နိုင်သဖြင့် ဤသည်က အစီအရင်ပေါ်မှ မှော်အစီအရင်မှာ အချိန်နှင့်အမျှ အားနည်းလာကြောင်း ပြသနေသည်ဟု မိုဝူကျိက တွေးလိုက်သည်။ အစီအရင်မှာ အားနည်းနေပြီဖြစ်လေရာ သူတို့က ပျံထွက်လာနိုင်ခဲ့သည်။ သို့သော် ဤသို့ တွေးမည်ဆိုပါကလည်း အရိုးဖြူကန်တစ်ခုလုံးကို တစ်ချက်ကြည့်ရုံဖြင့် သူတို့ မြင်နိုင်ရမည် ဖြစ်သည်။

“ဝုန်း… ဝုန်း”

နားကွဲမတတ် မြည်ဟည်းသံကြီးများကို ကြားလိုက်ရသည်။ ကျင့်ရှင်းကြွယ်က ပျံသန်းရတနာတစ်ခုကို အမြန်ထုတ်ယူလိုက်ပြီး

“ဝူကျိ… လာမြန်မြန် သွားရအောင်။ ဒီနေရာက ပြာမှုန်တွေ ဖြစ်ကုန်တော့မယ်…”

ဤနေရာက ကျင့်ရှင်းကြွယ် ပြောသည့်အတိုင်း ပြာမှုန်များ ဖြစ်သွား မသွားမှာ မသေချာသေးပေ။ သို့သော် မိုဝူကျိသည် တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ လိုမှန်းတော့ သေချာသိသည်။ သူ့ခြေဖဝါးအောက်မှ မြေကြီးသည် တသိမ့်သိမ့် တုန်ခါလာပြီး ပြိုလဲတော့မယောင် ဖြစ်နေသည်။

မိုဝူကျိကလည်း ပျံသန်းရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ကျင့်ရှင်ကြွယ်နောက်မှ လိုက်ကာ သူက မြူခိုးတွေထဲ တိုးဝင်လိုက်သည်။

တစ်နေ့လုံး ပျံသန်းပြီးသည့်နောက်တွင်မှ သူတို့နှစ်ယောက်သား တောင်တန်းတစ်ခု၏ အစွန်အဖျားနားတွင် ဆင်းသက်လိုက်ကြသည်။

သူတို့၏ အကြည့်များ တောင်တန်းဆီသို့ ရောက်သွားသောအခါ ဝိုးတိုးဝါးတားပုံရိပ်များကိုသာ မြင်နိုင်လေသည်။ တောင်တန်းတစ်ခုလုံးမှာ မြူဆိုင်းနေလေ၏။

“ဝူကျိ… ဒါက အရိုးဖြူ တောင်တန်းပဲ။ ငါတို့ရောက်ခဲ့တဲ့ အရိုးဖြူကန်က အရိုးဖြူတောင်တန်းရဲ့ အနက်ဆုံး နေရာမှာ ရှိတာကွ။ အထဲမှာ နတ်ဝိညာဉ်စွမ်းအားလည်း မရှိသလို ဘာရတနာမှလည်း မရှိဘူး။ ဒါကြောင့် ဘယ်သူမှ ဒီကို လာလေ့မရှိကြဘူး။ ငါ အရိုးဖြူကန်ကို ဖြတ်ပြီး နတ်ဘုရားနယ်မြေဆီကို ပြန်ဖြစ်လိမ့်မယ်လို့ တကယ် မတွေးဖူးဘူးကွာ။ ငါ သူများတွေကိုသာ ဒီအကြောင်း ပြောပြရင် သူတို့ သေချာပေါက် ယုံမှာမဟုတ်ဘူး။ ကံပဲ…ကံပဲပေါ့ကွာ”

ကျင့်ရှင်းကြွယ်က မိုဝူကျိအား ရှင်းပြနေရင်း ကျိတ်ဝမ်းသာနေမိသည်။

မိုဝူကျိက အနည်းငယ် စိတ်ပူမိသည်။ ချိန်စုယင်က ပြန်ထွက်လာနိုင်ပါ့မလားကို သူ မသိပေ။

“ရှင်းကြွယ်… ခင်ဗျားဆီမှာ နတ်ဘုရားနယ်မြေရဲ့မြေပုံ ရှိလား”

မိုဝူကျိက သာမန်ကာလျှံကာ မေးလိုက်သည်။

“ရှိတယ်လေ”

ကျင့်ရှင်းကြွယ်က မိုဝူကျိဆီသို့ ကျောက်စိမ်းစာရွက်တစ်ခုကို အသာကမ်းလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ငါတို့တွေ ငါ့ရဲ့ဝမ်ချွမ်းတာအိုကျောင်းနဲ့ သိပ်မဝေးတော့ဘူး။ မင်း ငါနဲ့အတူ လိုက်လာခဲ့ပါ့လား။ မင်းကို မြင်ရင် ဂျူနီယာညီမလေးချူယို့က အရမ်းဝမ်းသာသွားမှာ သေချာတယ်”

မိုဝူကျိက ခေါင်းခါကာ

“မလိုက်တော့ပါဘူးဗျာ။ ခင်ဗျား အရင် ပြန်ချင်ပြန်လေ”

ကျင့်ရှင်းကြွယ်က သူ့နဖူးကို သူရိုက်လိုက်ကာ

“အိုး… ငါ့နှယ့် အရူးပဲ။ မင်းကို နတ်ဘုရားဘုရင်တွေ အများကြီးက လိုက်ဖမ်းနေတာကို ငါ မေ့သွားတယ်ကွာ။ စိတ်ချနေ… ငါ မင်းအကြောင်း ဘာတစ်ခုမှ ထုတ်မပြောပြပါဘူး။ အော် ပြီးတော့… တကယ်လို့ ဂျူနီယာညီမလေးချူယို့ကို တွေ့ရင်ကော မင်းနဲ့တွေ့ခဲ့တယ်ဆိုတာ ငါ သူ့ကို ပြောပြလိုက်ရမလား”

မိုဝူကျိက သူ့နားထင်ကြောများကို ဖိနှိပ်လိုက်ကာ

“ကျုပ်နဲ့ ဂျူနီယာညီမချူယို့နဲ့က တကယ့်ကို ဘာပတ်သက်မှုမှ မရှိပါဘူးဆိုဗျာ။ မဟုတ်တာတွေ လျှောက်မပြောစမ်းပါနဲ့ဗျာ”

“အေးပါ အေးပါ… ငါသိပါပြီ။ ကဲ ဒါဆိုလည်း နှုတ်ဆက်ခဲ့ပါတယ်”

ကျင့်ရှင်းကြွယ်က ခပ်ဖွဖွရယ်ကာ သူ၏ ပျံသန်းရတနာဖြင့် စတင်ထွက်ခွာသွားလိုက်သည်။ တစ်ခဏချက်ချင်းပင် သူက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။ သူက ဂိုဏ်းသို့ အသည်းအသန်ကို ပြန်ချင်နေလေသည်။ မိုဝူကျိဆီမှ မိုဝူကျိနှင့်ချူယို့တို့၏ ပတ်သက်မှုအကြောင်း စကားများကိုကား သူက တစ်ခုမျှ မယုံပေ။

မိုဝူကျိက ကျင့်ရှင်းကြွယ် ပေးသော ကျောက်စိမ်းစာရွက်ကို တစ်ချက်လောက် အကြမ်းဖျင်း ကြည့်ကြည့်လိုက်သည်။ သိပ်မကြာခင်၌ သူက တစ်နေရာရာတွင် အချိန်ကာလတစ်ခုလောက် နေပြီးမှ အရိုးဖြူတောင်တန်း၏ တောနက်ပိုင်းထဲသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

ဤကျင့်ရှင်းကြွယ်မှာ အင်မတန် စကားများသော်လည်း မိုဝူကျိက သူ့အား ငပေါတစ်ယောက်အဖြစ် သတ်မှတ်ဆက်ဆံမည် မဟုတ်ပေ။ သူ၏ စကားများကာ ဘွင်းဘွင်းရှင်းရှင်း ပြုမူပုံကိုသာ မကြည့်လေနှင့်။ တကယ်တမ်းတွင် ဤငတိတွင် စဉ်းစားဉာဏ် ရှိသည်။ မိုဝူကျိ ကြည့်ကြည့်ရသလောက် ပြောရမည်ဆိုပါက ကျင့်ရှင်းကြွယ်သည် မိုဝူကျိက မိုးမြေမီးပြင်းဖိုအား သိမ်းလိုက်နိုင်သည်ကို သေချာပေါက် မသင်္ကာ ဖြစ်နေလေသည်။ သို့သော် ကျင့်ရှင်းကြွယ်က ထိုအချိန်မှစပြီး ထိုအကြောင်းကို တစ်ခွန်းမျှပင် မဟချေ။

သို့ပေသည့်တိုင် မိုဝူကျိက ကျင့်ရှင်းကြွယ်မှာ ကောက်ကျစ်စဉ်းလဲသည့်သူဟု မယုံကြည်ပေ။ ကျင့်ရှင်းကြွယ်မှာ မိတ်ဆွေဖွဲ့ထိုက်သောသူတစ်ယောက် ဖြစ်သည်ဟု မိုဝူကျိက ယုံကြည်သည်။ ထို့အပြင် ကျင့်ရှင်းကြွယ်က သူ၏ တည်နေရာအား လုံးဝမထုတ်ဖော်ဘူးဟု မိုဝူကျိက ယုံသည်။ ထိုသို့ဆိုလျှင်ပင် ဂရုစိုက်သည်က ပိုကောင်းမည်ဟု မိုဝူကျိက ဆုံးဖြတ်လိုက်ဆဲ ဖြစ်သည်။

အရိုးဖြူတောင်တန်း၏ အဝင်ဝနားတွင် သူက အဆင့် ၅ စောင့်ကြည့်ရေး အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ထို့နောက် သူက တိတ်တဆိတ် ထွက်သွားသည်။

နောက်တစ်ရက်နေသော် မိုဝူကျိက သာမန်အဆင့် နတ်ဘုရားစွမ်းအား ရှိသည့် တောအုပ်ထူတစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သူက လုံလုံခြုံခြုံ ပုန်းအောင်းနိုင်မည့် နေရာတစ်ခု ရှာလိုက်သည်။

မိုဝူကျိက တာ့ဟွမ်ကို သူ၏ စောင့်ကြည့်ရေးအစီအရင်အား စောင့်ကြည့်ခိုင်းထားပြီးနောက် ထာဝရကမ္ဘာငယ်ထဲသို့ ဝင်လိုက်သည်။ နောက်ဆုံးတွင် သူက မိုးမြေမီးပြင်းဖိုဆီသို့ ရောက်သွားသည်။

မိုဝူကျိက မီးပြင်းဖိုအပေါ် မျှော်လင့်ချက် အကြီးကြီး ထားထားလေသည်။ ကျင့်ရှင်းကြွယ် ပြောပြသည်မှာ ဤအရာသည် အထွတ်အထိပ် ကောင်းချီးရတနာ တစ်ခု ဖြစ်ပေမည်။ မည်သို့သော အထွတ်အထိပ် ကောင်းချီးရတနာမျိုး ဖြစ်သည်ဆိုသည်ကိုကား ကျင့်ရှင်းကြွယ် ကိုယ်တိုင်ပင် သိပ်မရှင်းချေ။

သူ၏ လူသားကမ္ဘာအတွင်း၌ မိုးမြေမီးပြင်းဖိုသည် မီတာ ၃၀၀၀၀ မြင့်နေဆဲ ဖြစ်သည်။ လူသားကမ္ဘာ၏ မြေပြန့်များအတွင်း ထိုအရာက မားမားမတ်မတ် ရပ်တည်နေလေရာ မီးပြင်းဖိုမှာ လူသားကမ္ဘာ၏ အလယ်ဗဟိုနှင့် တူနေလေသည်။

မိုဝူကျိ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး သူက မီးပြင်းဖို၏ ထိပ်ဝသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။

ဆေးလုံးငွေ့က မိုးမြေမီးပြင်းဖိုအတွင်း၌ လှည့်ပတ်နေသည်။ မိုဝူကျိက အသက်မျှင်မျှင်လေး ရှူလိုက်သည်။ ထို့နောက် သူ့ဝိညာဉ်တစ်ခုလုံးသည် လေထဲလွင့်နေသယောင် ခံစားလိုက်ရသည်။ ဤသည်မှာကား စကားလုံးများဖြင့် မဖော်ပြနိုင်သော ခံစားချက်မျိုး ဖြစ်လေသည်။

မိုဝူကျိ၏ စိတ်စွမ်းအားက မီးပြင်းဖို၏ အတွင်းပိုင်းများကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။ သူက ပေါကြွယ်သော ဆေးလုံးငွေ့နှင့် သန့်စင်ပြီးသား မိုးမြေစည်းမျဉ်းများ၏ စွမ်းအားအမျိုးမျိုးကိုသာ အာရုံခံလို့ရသည်။ မီးပြင်းဖို၏ ထောင့်များအတွက်မူကား သူ၏စိတ်စွမ်းအားသည် ထိုနေရာများထိ အမှန်တကယ် မရောက်နိုင်ဘဲ ရှိနေလေသည်။

မီးပြင်းဖိုအစွန်းတွင် အသက်ရှိုက်စာ အနည်းငယ်မျှ မတ်တပ်ရပ်နေပြီးနောက် မိုဝူကျိက တုန့်နှေးမနေတော့ဘဲ ဆေးလုံးဖိုထဲသို့ ခုန်ချလိုက်လေ၏။

ဤနေရာကား သူ၏ လူသားကမ္ဘာဖြစ်သည်။ သူပိုင်သည့် လူသားကမ္ဘာထဲတွင် သူ့အသက်ကို သူ မကာကွယ်နိုင်ဘူးဆိုသည့်အဖြစ်အား သူမယုံပေ။

မီးပြင်းဖိုထဲကို သူ ဝင်လိုက်သည့်အခိုက် ဆေးလုံးငွေ့တို့က သူ့အား ဝန်းရံလာသည်။ ဤသည်မှာ ဆေးလုံးအဆိပ်များနှင့် အညစ်အကြေးများ ကင်းသော ဆေးလုံးငွေ့ပေတည်း။ သူ ဤအထဲ၌ ကျင့်ကြံမည်ဆိုပါက သူ၏ ကျင့်ကြံဆင့်သည် လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟူသည့် ခံစားချက်မျိုးကို မိုဝူကျိက ရရှိလိုက်သည်။

မိုဝူကျိက ကျင့်ကြံချင်သည့် သူ၏ စိတ်ဆန္ဒကို ထိန်းချုပ်လိုက်သည်။ ယခု သူလုပ်ရမည့်ကိစ္စမှာ မီးပြင်းဖိုကို သန့်စင်ရန် ဖြစ်သည်။

မီးပြင်းဖိုသည် အဆုံးအစမရှိ ကျယ်ပြောသော ကမ္ဘာတစ်ခုနှင့် တူသည်။ ဤမီးပြင်းဖိုအတွင်း၌ မိုဝူကျိသည် ဖုန်လေးတစ်စက်နှင့်သာ တူနေသည်။ မီးပြင်းဖိုထဲတွင် မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်ကို သုံး၍ သွားလာလိုက်သည်။ အမွေးတိုင်တစ်တိုင်စာ ကြာပြီးသည့်အချိန်၌ မိုဝူကျိက မီးပြင်းဖို၏ အလယ်တည့်တည့်ရှိ အစီအရင် မှော်အက္ခရာဆီသို့ ရောက်ရှိသွားသည်။

မီးပြင်းဖို၏ ဗဟိုချက်ကို သူ ရှာမတွေ့ပေ။ တစ်ချိန်တည်းမှာပင် ဤမီးပြင်းဖိုအား သန့်စင်ဖို့ရာမှာ သိပ်မလွယ်လောက်ဘူး ဟူသည့် ခံစားချက်ရေးရေးလေးကို သူက ရရှိလိုက်သည်။ ဤဆေးလုံးမီးပြင်းဖိုအား သူ၏ ထာဝရကမ္ဘာငယ်ထဲသို့ ပို့လို့ရနိုင်သည့် အကြောင်းအရင်းမှာ ဤဆေးလုံးမီးပြင်းဖိုတွင် ဝိညာဉ်တစ်ခု ရှိနေ၍ ဖြစ်မည်။ ထိုဝိညာဉ်က ဤကမ္ဘာ၏ ပြီးပြည့်စုံသည့် စည်းမျဉ်းများကို အာရုံခံမိသောကြောင့် သူ့သဘောနှင့်သူ ဝင်လာခဲ့ခြင်း ဖြစ်မည်။

ဤအစီအရင်မှော်အက္ခရာ ပတ်ပတ်လည်တွင် ခြောက်ကပ်နေသော အလောင်းများစွာကို တွေ့လိုက်ရခြင်းက မိုဝူကျိ၏ ဦးခေါင်းအား ထုံသွားစေလေ၏။ အတွင်းပိုင်းအာကာပြင် စည်းမျဉ်းများ ပျက်စီးနေသော သိုလှောင်လက်စွပ်များပင် ရှိနေလေသည်။

ဤသည်က မိုးမြေမီးပြင်းဖိုသည် နတ်ဆေးဖက်ဝင် အပင်များကိုသာ မစုပ်ယူကြောင်း ဖော်ပြနေသည်။ ထိုဖိုသည် ကျင့်ကြံသူများကိုပါ စုပ်ယူနိုင်ပြီး သူတို့၏ ဝိညာဉ်စွမ်းအားကိုပါ ဆွဲထုတ်ယူနိုင်လေသည်။ ထို့နောက် အလောင်းများနှင့် အကြွင်းအကျန်များ အားလုံးကို ထုတ်ပစ်ထားလေသည်။

အချိန်တချို့ကြာပြီးနောက် မိုဝူကျိက တဖြည်းဖြည်း ပြန်လည် စိတ်တည်ငြိမ်သွားကာ အဖြစ်မှန်ကို လက်ခံလိုက်၏။ မိုးမြေမီးပြင်းဖိုသည်ကား ဝိညာဉ်စွမ်းအား ပါနေသည့် မည်သည့်အရာကိုမဆို သန့်စင်နိုင်ချေ ရှိလေသည်။

***

All Chapters