← Chapters

ဆေးလုံးသန့်စင်ခြင်း

Vol. 74 Ch. 1031

ဆေးလုံးသန့်စင်ခြင်း

Vol. 74 Ch. 1031

မိုဝူကျိတွင် မီးပြင်းဖိုအတွင်း၌ ကျင့်ကြံချင်စိတ် ရှိနေဆဲဖြစ်သော်လည်း အလောင်းအရေအတွက်နှင့်တင် သူက အနည်းငယ် မသိုးမသန့် ခံစားနေရသည်။ မိုးမြေမီးပြင်းဖိုသည် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားကိုသာ စုပ်ယူမှန်း သူသိသော်လည်း သူက မသက်မသာ ခံစားမိဆဲ ဖြစ်သည်။ သူက သိုလှောင်လက်စွပ်တစ်ကွင်းကို အသာထုတ်ယူပြီး ထိုရှုပ်ပွနေသည့် အမှိုက်များကို လက်စွပ်ထဲ ပို့လိုက်၏။ သူ လူသားကမ္ဘာက ထွက်သွားသည်နှင့် ဤလက်စွပ်ကို လွှင့်ပစ်လိုက်မည် ဖြစ်သည်။

ထို့နောက်တွင်ကား မိုဝူကျိက တခြားအစီအရင်တစ်ခုတွင် များစွာသော ဆေးဖက်ဝင်အပင်များ၏ အညစ်အကြေးများကို ရှာတွေ့သည်။ ဖြစ်နိုင်သည်မှာ မီးပြင်းဖိုက ထိုအမှိုက်သရိုက်များကို လွှင့်ထုတ်ပစ်ခွင့် မရခဲ့ဟန်တူသည်။

ဆေးလုံးမီးပြင်းဖို တစ်ခုလုံးအား သန့်ရှင်းပြီးသွားသည့်နောက် မိုဝူကျိက ထိပ်တန်းအဆင့်ဟု ဆိုရမည့် နတ်ဝိညာဉ်သွေးကြော ၂ ခုကို ဆွဲထည့်လိုက်ပြီး ကျင့်ကြံဖို့ ပြင်ဆင်လိုက်သည်။

ဆေးလုံးမီးပြင်းဖို အတွင်းရှိ ဆေးလုံးငွေ့မှာ အညစ်အကြေးများ ကင်းစင်နေသည်။ မီးပြင်းဖိုသည် မိုးမြေစည်းမျဉ်းများကိုပင် ဆေးလုံးငွေ့အဖြစ် ပေါင်းစပ်ပစ်နိုင်သည်။ ဤကဲ့သို့ ပတ်ဝန်းကျင်အနေအထားမျိုးတွင် ကျင့်ကြံဖို့ရာမှာ အိမ်မက်သာမက်လို့ရခဲ့သည်။

ကျင့်ရှင်းကြွယ် ပြောသည်မှာ မှန်၏။ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများနှင့် ပြည့်နေသည့် ထိုကန်မှာ တကယ့် ပစ္စည်းကောင်းပင်တည်း။ ထိုဆေးလုံးများကို သူ မရရှိနိုင်လိုက်သော်လည်း မိုးမြေမီးပြင်းဖိုကို ရရှိနိုင်လိုက်သည်ကတင် တော်တော် ကံကောင်းနေလေသည်။ နှိုင်းယှဉ်ကြည့်ပါက သူရရှိလိုက်သည်က ပို၍ပင် တန်ဖိုးမြင့်နေလေသည်။

ချီသွေးကြော ၁၀၈ ခုတို့က တစ်ပြိုင်နက်တည်း ပြောင်းပြန်လှည့်ပတ်လိုက်ကြသည်။ ဝိညာဉ်သွေးကြောများဆီမှ နတ်ဝိညာဉ်စွမ်းအားနှင့် အဆုံးအစမရှိ ပေါကြွယ်လှသော ဆေးလုံးငွေ့တို့သည် ပေါင်းစပ်သွားကြပြီး မိုဝူကျိ၏ ပတ်ပတ်လည်တွင် ကြီးမားသော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။

မိုဝူကျိက သူ့မျက်စိရှေ့တင် မတူညီသော မိုးမြေစည်းမျဉ်းတို့ ပြောင်းလဲနေခြင်းကိုကော စည်းမျဉ်းအမျိုးမျိုး၏ တစ်စတစ်စ ပြောင်းလဲတိုးတက်လာခြင်းကိုပါ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ မီးပြင်းဖိုအတွင်း၌ သူ့အား အသိဉာဏ်ပွင့်မှု ရယူနိုင်ရန် လက်တစ်စုံက စည်းမျဉ်းများကို အဆက်မပြတ် ပုံသွင်းပြနေသကဲ့သို့ ခံစားလိုက်ရသည်။

ဤကဲ့သို့ စုစည်းပျစ်နှစ်နေသည့် စည်းမျဉ်းနှင့်ပြည့်နေသည့် ဆေးလုံးငွေ့အတွင်း၌ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ လျင်မြန်စွာ တိုးတက်လာသည်။ သူ၏ စိတ်စွမ်းအားမှာလည်း စကြဝဠာစည်းမျဉ်းများ၏ အသန့်စင်ခြင်းကို ခံရသဖြင့် ပိုမိုနက်နဲသိမ်မွေ့လာလေသည်။

သူ၏ ချီသွေးကြောများ ချဲ့နေသည့် အသံတိုးတိုးကို မိုဝူကျိ၏ ခန္ဓကိုယ် ပတ်ပတ်လည်တွင် အဆက်မပြတ် ကြားနေရလေသည်။ မည်သည့်အတားအဆီးမျှ မရှိဘဲ မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ၃ သို့ တက်လှမ်းသွားသည်။

သူ ကောင်းကင်နတ်ဘုရားအဆင့် ၃ သို့ တက်လှမ်းလိုက်သည့်အခိုက် သူက သူ၏ လက်ချောင်းကို ရုတ်တရက် ရှေ့သို့ ထိုးချလိုက်သည်။

သူက မီးပြင်းဖိုအတွင်း၌ ရှိနေသော်လည်း သူ၏ လက်ချောင်း ဖြတ်သွားသည့် အာကာပြင်နေရာကို ကြည့်ရသည်မှာ အရည်ပျော်နေသည့်အိုးတစ်လုံး ဖြစ်လာပုံ ပေါ်နေလေသည်။ ထိုအရည်ပျော်နေသော အိုးအတွင်းရှိ အရာအားလုံးမှာ စတင် အရည်ပျော်စပြုလာကာ အဆုံးအစမဲ့သော လောကကံကြမ္မာထဲတွင် ပျောက်ကွယ်သွားလေ၏။

သူ ကောင်းကင်နတ်ဘုရား အဆင့် ၃ သို့ တက်လှမ်းသွားသည့်အခိုက် တစ်ပြိုင်နက်တည်း သူက သူ၏ ခုနှစ်လောကနှိမ်နင်းရေးတိုက်ကွက်၏ တတိယမြောက် လက်ချောင်းတိုက်ကွက်ဖြစ်သည့် ကံကြမ္မာတိုက်ကွက်အပေါ် အသိဉာဏ်ပွင့်မှု ရရှိလိုက်လေ၏။

ကောင်းကင်နတ်ဘုရား အဆင့် ၃ သို့ ရောက်ရှိသွားပြီးသည့်နောက်တွင် မိုဝူကျိသည် ဤဆေးလုံးငွေ့၏ အသုံးဝင်မှုကို ပိုမိုသတိထားမိသွားကာ  သူက ပို၍အင်တိုက်အားတိုက် စတင်ကျင့်ကြံလေတော့သည်။

မီးပြင်းဖိုအတွင်းရှိ ဆေးလုံးငွေ့မှာ အဆင်းမရှိသည့် ရေသန့်ရေကြည်နှင့် တူ၏။ မိုဝူကျိ၏ ချီသွေးကြောများထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီးနောက် ဆေးလုံးငွေ့က မိုဝူကျိ၏ ကိုယ်ထဲမှ မကောင်းသည့် အညစ်အကြေးများကို ဆေးကြောသန့်စင်ပေးသည်။ နတ်ဝိညာဉ်သွေးကြော၏ ဝိညာဉ်စွမ်းအားနှင့် ပေါင်းလိုက်သောအခါတွင်ကား မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ တရှိန်ထိုး ဆက်လက်တိုးတက်လာလေ၏။

အမျိုးမျိုးသော စည်းမျဉ်းများက မိုဝူကျိ၏ တာအိုစိတ်စွမ်းအားအတွင်း၌ ရောထွေးလိမ်ယှက်ကာ ရွေ့လျားနေကြသည်။ တစ်ချိန်တည်းမှာပင် မိုဝူကျိက သူ၏ အမျိုးမျိုးသော လျို့ဝှက်ပညာရပ်များအပေါ်တွင် အသိဉာဏ်ပွင့်မှုကို ရရှိစပြုလာလေသည်။ အချိန်ကာလမည်မျှ ကြာသွားမှန်းမသိအောင်ထိ ကျင့်ကြံလိုက်ပြီးနောက် မိုဝူကျိသည် သူ၏ချီသွေးကြောများအတွင်း၌ တံတားတစ်ခုအဖြစ် ဖွဲ့စည်းဖြစ်တည်လာသော အဆုံးမဲ့သဘာဝစွမ်းအားများကို ရုတ်တရက်ကြီး ခံစားမိလိုက်သည်။ ဤတံတား ဖြစ်တည်လာသည့်အခိုက် နှောင်ကြိုးတစ်မျှင်က ပြတ်သွားလေသည်။

အားကောင်းသော နတ်သဘာဝစွမ်းအားက သူ့တစ်ကိုယ်လုံး အပြည့်ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် မိုဝူကျိသည် ကောင်းကင်သို့ တရှိန်ထိုး ပျံတက်သွားကာ အော်ဟိန်းလိုက်ချင်မိသည်။ သူ၏ ကျင့်ကြံဆင့်သည် နောက်ထပ်နှောင်ကြိုးတစ်ကြိုးကို ဖြတ်တောက်ပြီးသွားလေပြီ။ ဆိုလိုသည်မှာ သူက ကောင်းကင်နတ်ဘုရား အဆင့် ၄ သို့ ရောက်ရှိသွားလေပြီ။

လျို့ဝှက်ပညာရပ် စည်းမျဉ်းအသစ်တို့က မိုဝူကျိ၏ စိတ်ထဲတွင် တဖြည်းဖြည်းနှင့် ပိုမိုသိသာရှင်းလင်းစပြုလာ၏။ မိုဝူူကျိက ရုတ်တရက် မရေတွက်နိုင်သော လက်သင်္ကေတများကို စတင်ပုံဖော်လိုက်သည်။ မဆုံးနိုင်သော လက်သင်္ကေတများ ပုံပေါ်လာသည်။ အားပြင်းသော မုန်တိုင်းများနှင့် တလိပ်လိပ်ထနေသော လေလှိုင်းများက သိသိသာသာ တိုက်ခတ်နေသည်။ သို့ထိတိုင် လက်သင်္ကေတများ၏ အဆုံးတွင်ကား ထိုအရာအားလုံးသည် လေပြေလေညင်းများနှင့် မိုးဖွဲဖွဲလေးများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် အစအနမကျန် ပျောက်သွားလေသည်။

မိုဝူကျိက လျို့ဝှက်ပညာရပ် အသစ်တစ်ခုကို သူ နားလည်သဘောပေါက်လိုက်မှန်း သိလိုက်သည်။ သို့သော် ဤလျို့ဝှက်ပညာရပ်အတွက် လက်သင်္ကေတများကို တစ်ခေါက် ပြန်ပုံဖော်လိုက်သောအခါတွင်ကား သူက အနည်းငယ် အံ့သြမှင်သက်သွား၏။

ဤသည်မှာ ဆေးလုံးတာအို လျို့ဝှက်ပညာရပ်တစ်ခု ဖြစ်နေလေသည်။ မိုဝူကျိ ကျင့်ကြံခြင်းကို စတင်ပါပြီဆိုကတည်းက သူက အမျိုးအစားမတူကွဲပြားသော လျို့ဝှက်ပညာရပ်များကို လေ့လာခဲ့ဖူးသည်။ သူူ၏ အင်မော်တယ်မော်တယ် ကျင့်စဉ်ကြောင့် သူ၏ ဆေးလုံးတာအိုသည် သူမတူသည့် အရှိန်ဖြင့် တိုးတက်လာခဲ့သည်။ သို့သော် ဆေးလုံးတာအိုအတွက် လျို့ဝှက်ပညာရပ်တစ်ခု အမှန်တကယ်ကြီး ရှိနေသည်လော။ သူ၏ဆေးလုံးတာအိုတွင် သူ၏ လက်ဟန်နည်းစနစ် နှင့် ဆေးလုံးအမျိုးမျိုးကို ဖော်စပ်ရာတွင် သူ၏နားလည်သဘောပေါက်ခြင်းအား မည်သို့တိုးတက်အောင် လုပ်ရမည်နည်းကိုသာ သူက သိခဲ့သည်။

သို့သော် ယနေ့တွင် သူက ဆေးလုံးတာအိုလျို့ဝှက်ပညာရပ်တစ်ခုကို အသိဉာဏ်ပွင့်မှု ရရှိလိုက်လေပြီ။

ဤလျို့ဝှက်ပညာရပ်တွင် မည်သည့်တိုက်ခိုက်စွမ်းအားမျှ မပါရှိသော်လည်း ၎င်းက သူဖော်စပ်လိုက်သည့် ဆေးလုံးများဆီမှ ဆေးလုံးအဆိပ်ကို ဖယ်ရှားပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းက သူ့ကိုယ်ပိုင်စည်းမျဉ်းများကို ဆေးလုံးများထဲသို့ ပေါင်းစပ်ပေးကာ အသန့်စင်ဆုံးသော စည်းမျဉ်းဆေးလုံးများကို ဖြစ်ပေါ်လာစေလိမ့်မည်။

အသက်ရှိုက်စာ အနည်းငယ်အတွင်း မိုဝူကျိက အူမြူးစ ပြုလာလေသည်။ ဤလျို့ဝှက်ပညာရပ်သည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးမြင့်သည်မှာ မလွဲဧကန်ပင်။ ၎င်းသည်ကား ရိုးရှင်းလွယ်ကူအောင် လုပ်ထားသော မိုးမြေမီးပြင်းဖိုပုံစံနှင့် တူညီနေလေ၏။

ဆေးလုံးများသည် ကျင့်ကြံရေးကို ကူညီထောက်ပံ့ရန် အကောင်းဆုံးသော နံပတ်တစ်နည်းလမ်း ဖြစ်သည်။ သို့သော် လက်တွေ့၌ အချမ်းသာဆုံးသူများပင်လျှင် သူတို့၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ရန်အတွက် ဆေးလုံးများကို ထမင်းစားသကဲ့သို့ မစားရဲကြပေ။

အဓိကအကြောင်းအရင်းမှာ ဆေးလုံးအဆိပ်ကြောင့် ဖြစ်သည်။ ဆေးလုံးအဆိပ်အပြင် တခြားအကြောင်းအရင်းတစ်ခုသည်ကား ဆေးလုံးများမှတဆင့် ကျင့်ကြံဆင့်ကို အလျင်အမြန် မြှင့်တင်ထားသော ကျင့်ကြံသူများသည် တိုက်ခိုက်ရာတွင် ပို၍အားနည်းလိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။

အကယ်၍ ဆေးလုံးများမှ ဆေးလုံးအဆိပ်ကိုသာ ဖယ်ရှားနိုင်ပါက ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်နိုင်သည့် ဆေးလုံးဖော်သူမှာ စကြဝဠာတစ်ခုလုံးက ငမ်းငမ်းတက် ဖိတ်ခေါ်ချင်သည့် ဆေးလုံးဖော်သူတစ်ယောက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။

မိုဝူကျိက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆေးလုံးတာအိုလျို့ဝှက်ပညာရပ်အတွက် လက်ဟန်များကို နောက်တစ်ကြိမ် ထပ်မံလေ့ကျင့်လိုက်၏။ ထိုသို့လုပ်ပြီးမှသာ သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။

“ဒီလျို့ဝှက်ပညာရပ်ကို ဆေးလုံးသန့်စင်ခြင်းလို့ ခေါ်မယ်”

ဤအခိုက်အတန့်၌ မိုဝူကျိက သဘောပေါက်သွားသည်။ ဤစည်းမျဉ်းများနှင့်ပြည့်နေသည့် ဆေးလုံးငွေ့အတွင်း၌ သူ ကျင့်ကြံသည့်အခါ ကျင့်ကြံရေးတွင် တစ်ဆင့်တက်တိုင်း သူက လျို့ဝှက်ပညာရပ်တစ်ခုပေါ်တွင် အသိဉာဏ်ပွင့်မှု တစ်ခါရရှိလေသည်။ သူ ကောင်းကင်နတ်ဘုရားအဆင့် ၂ မှ အဆင့် ၃ သို့ တက်သွားသည့်အချိန်တွင် သတ္တကမ္ဘာလက်ချောင်း၏ တတိယမြောက် လက်ချောင်းတိုက်ကွက်ဖြစ်သည့် ကံကြမ္မာတိုက်ကွက်ကို သူက နားလည်သွားသည်။ သူ အဆင့် ၃ မှ အဆင့် ၄ သို့ တက်သွားသည့်အချိန်တွင် သူက ဆေးလုံးတာအို လျို့ဝှက်ပညာရပ်ဖြစ်သည့် ဆေးလုံးသန့်စင်ခြင်းအပေါ် အသိဉာဏ်ပွင့်မှုကို ရရှိလိုက်သည်။

သူက ဆေးလုံးသန့်စင်ခြင်းအပေါ် အသိဉာဏ်ပွင့်မှုကို ရရှိနိုင်လိုက်သည့် အကြောင်းရင်းကိုလည်း မိုဝူကျိက ကောင်းကောင်းနားလည်သည်။ သူ၏ တာအိုဖွင့်ဆေးလုံးကြောင့် ဖြစ်သည့်အပြင် သူက မိုးမြေမီးပြင်းဖို၏ အထဲတွင် ရှိနေသောကြောင့်လည်း ပါပေသည်။ မီးပြင်းဖိုအတွင်းရှိ ဆေးလုံးငွေ့သည် ဆေးလုံးအဆိပ် မပြောနှင့် အညစ်အကြေးများပင် မရှိချေ။ အကယ်၍ လေထုထဲတွင် အညစ်အကြေးတစ်စုံတစ်ရာ ရှိနေပါက ထိုအရာမှာ သူ ထည့်ထားသော ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများဆီမှ လာခြင်းသာ ဖြစ်ရမည်။

မီးပြင်းဖိုအတွင်းရှိ သန့်စင်သော ဆေးလုံးငွေ့ကြောင့် သူက မီးပြင်းဖိုပိုင် နည်းလမ်းများထဲမှ တစ်ခုအပေါ် အသိဉာဏ်ပွင့်မှုကို ရရှိသွားလေသည်။ ဤသည်ကား ဆေးလုံးအဆိပ်မပါသည့် ဆေးလုံးဖော်စပ်နည်းပင်တည်း။

မီးပြင်းဖိုအတွင်းရှိ ဆေးလုံးငွေ့မှာ အလွန်ပျစ်နှစ်သိပ်သည်းနေသေးမှန်း အာရုံခံမိသဖြင့် မိုဝူကျိက သူကောင်းကင်နတ်ဘုရား အဆင့် ၅ သို့ တက်လှမ်းသည့်အချိန်တွင် မည်သည့် လျို့ဝှက်ပညာရပ်အသစ်ကိုများ သင်ယူတတ်မြောက်လိမ့်မည်နည်းအား ဆက်လက်မြင်ချင်မိသည်။

မိုဝူကျိက ကျင့်ကြံရန် အသင့်ပြင်နေစဉ်၌ တာ့ဟွမ်က အမှာစကား လှမ်းပို့လိုက်လေ၏။

မိုဝူကျိသည် ချက်ချင်းပဲ မီးပြင်းဖိုထဲမှ ထွက်လာလိုက်ပြီး တာ့ဟွမ်ဘေးတွင် ဆင်းသက်လိုက်သည်။

“တာ့ဟွမ်… တစ်ခုခု ရှာတွေ့လို့လား”

တာ့ဟွမ်က စောင့်ကြည့်ရေးအစီအရင်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။

“ခုနလေးတင် လူနှစ်ယောက် ဝင်သွားတာကို ကျွန်တော် တွေ့လိုက်တယ်။ သူတို့ထဲက တစ်ယောက်ကို ကြည့်ရတာ တခြားတစ်ယောက်ရဲ့ ထိန်းချုပ်တာကို ခံထားရပုံပဲ”

“ငါ ဘယ်လောက်ကြာကြာ ကျင့်ကြံလိုက်တာလဲ”

“၇ လပါ”

“ငါ သိပြီ”

မိုဝူကျိက လူသားကမ္ဘာထဲမှ အလောတကြီး ထွက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကူးပြောင်းအစီအရင်တစ်ခုကို နှိုးဆွလိုက်သည်။

အရိုးဖြူတောင်တန်းမှ ဤနေရာသို့ ရောက်ရန် အချိန်တစ်ရက် ပေးရသည်။ သို့သော် အရိုးဖြူတောင်တန်းမှ မထွက်ခွာခင် သူက ကူးပြောင်းအစီအရင် မှော်အက္ခရာတစ်ခုကို ထိုနေရာ၌ ရေးဆွဲထားခဲ့သည်ဖြစ်ရာ ထိုနေရာသို့ ပြန်ရန် အသက်ရှိုက်စာ အနည်းငယ်သာ လိုအပ်လေ၏။

အရိုးဖြူတောင်တန်း၏ အဝင်ဝနားသို့ သူ ဆင်းသက်လိုက်သည့်အခိုက် မိုဝူကျိက ထောင်ချောက် အစီအရင်တစ်ခုကို စတင်ခင်းကျင်းလိုက်သည်။

ကောင်းကင်နတ်ဘုရားအဆင့် ၄ တွင်ရှိနေသည့် သူ၏ လက်ရှိကျင့်ကြံဆင့်နှင့် အသေးစားထောင်ချောက်အစီအရင်ကို ရေးဆွဲရန် အချိန် ၂ နာရီသာ လိုအပ်တော့သည်။

ထောင်ချောက်အစီအရင်ကို ခင်းကျင်းပြီးနောက် မိုဝူကျိက တုန့်ဆိုင်းမနေဘဲ အရိုးဖြူတောင်တန်း၏ တောနက်ပိုင်းထဲသို့ ပြေးဝင်သွားလိုက်သည်။

လေလုံသည့် နံရံဟူ၍ မရှိကြောင်း သူက သေချာသိသည်။ ဤနေရာမှ လူများသည် ရိုးရိုးတန်းတန်း ထွက်ပြေးနိုင်ခဲ့ရုံတင်မကဘဲ များစွာသော ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများနှင့်ပင် ထွက်ပြေးနိုင်ခဲ့သဖြင့် တစ်နေ့နေ့တွင် ဤနေရာကို တစ်ယောက်ယောက်က လာရှာလိမ့်မည်ဟု မိုဝူကျိက ခန့်မှန်းမိသည်။ ကြည့်ရသည်မှာ တကယ်ပင် တစ်စုံတစ်ယောက်က ဤနေရာကို ရှာတွေ့သွားလေပြီ။

ထိုလူက ဤနေရာသို့ ရောက်လာနိုင်သဖြင့် ထိုလူ့ဆီတွင် ထိုသတင်း၏ အရင်းအမြစ် ရှိကို ရှိရမည်။

 ထိုသတင်းဇာစ်မြစ်က မိုဝူကျိ အလေးထားသော အရာပေတည်း။

မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ လေရွေ့ပြောင်းစွမ်းရည် တစ်ခုပြီးတစ်ခုဖြင့် သူက နေ့တစ်ဝက် ကြာမှသာ ရပ်လိုက်လေ၏။

သူ၏ စိတ်စွမ်းအားအတွင်း၌ သူက အမျိုးသားကျင့်ကြံသူနှစ်ယောက်ကို တွေ့လိုက်သည်။ တစ်ယောက်မှာ မုတ်ဆိတ်မွေးအကြီးကြီးနှင့် အင်မတန်အရပ်ပုသည်။ သူ့မျက်လုံးကို ကြည့်ရသည်မှာ အင်မတန် ရက်စက်ပုံ ပေါ်သည်။ မိုဝူကျိအား အနည်းငယ် စိုးရိမ်သွားစေသည်မှာ ဤဂျပုသည် နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်တွင် ရောက်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သူက လောကနတ်ဘုရားအဆင့်သို့ ဝင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

တခြားတစ်ယောက်ကမူ မိုဝူကျိအား အံ့သြသွားစေသည်။ အကြောင်းမှာ ထိုလူ့အား မိုဝူကျိ သိသောကြောင့် ဖြစ်သည်။ ထိုလူကား ကွမ်ကျင်း ဖြစ်နေ၏။

ကွမ်ကျင်းသည် အင်မော်တယ် ဧကရာဇ်အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ကွမ်ကျင်းအား အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန် အစစ်အမှန် ဧကရာဇ်ဆေးလုံး ပေးခဲ့သည့်သူမှာ မိုဝူကျိ ဖြစ်၏။။ တစ်ခုရှိသည်မှာ ကွမ်ကျင်းသည် အလွန်တရာ အရှက်မရှိချေ။ သူ၏ ဧကရာဇ်အစစ်ဆေးလုံးကို သုံးပြီး အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးသည့်နောက်တွင် သူအကူအညီတောင်းသည့်အချိန်၌ ကွမ်ကျင်းက မကူညီခဲ့ပေ။ မကူညီရုံတင်မကဘဲ ကွမ်ကျင်းက ထိုအခွင့်အရေးကို အသုံးချပြီး သူ့ဆီမှ အစိမ်းရောင်ကျောက်များကို တောင်းချင်ခဲ့သေးသည်။

ထိုအင်မော်တယ်ဧကရာဇ်များ သူ့ဆီရောက်လာသည့်အချိန်တွင်ကား ကွမ်ကျင်းသည် တစ်ချက်ကလေးပင် မတိုက်ခိုက်ဘဲ ထွက်ပြေးသွားခဲ့သည်။ ကံကောင်းထောက်မစွာ မိုဝူကျိက ပြင်ဆင်မှုများ လုပ်ထားပြီးသားဖြစ်ခဲ့၏။ ကွမ်ကျင်းက သူ့အား နည်းနည်းလေးသာ ကူညီလိုက်မည်ဆိုပါက ထိုအင်မော်တယ်ဧကရာဇ်များ၏ လက်ထဲတွင် သူ သေလိမ့်မည် မဟုတ်ပေ။ နောက်ဆုံး၌ သူက ကောင်းကင်ဘုံအလွန်၏ အတွင်းပိုင်းထဲထိ မတတ်သာဘဲ ထွက်ပြေးခဲ့ရကာ နှစ်ပေါင်းများစွာ ပုန်းအောင်းကျင့်ကြံပြီးမှသာ တစ်ဖန် လူလုံး ပြန်ထွက်ပြနိုင်ခဲ့သည်။

ဤအခိုက်အတန့်၌ ကွမ်ကျင်းမှာ အခြေအနေမကောင်းမှန်း သိသာလှ၏။ ဖြစ်နိုင်သည်မှာ ကွမ်ကျင်းသည် ထိုဂျပု၏ ထိန်းချုပ်ခြင်းကို ခံနေရသည် ဖြစ်မည်။

ကြည့်ရသည်မှာ ကွမ်ကျင်းသည်လည်း စကြဝဠာနံရံမှ လာခဲ့ပုံဖြစ်ရမည်။ မိုဝူကျိက အရိုးဖြူကန်ရှိခဲ့ဖူးသည့် ယခင်နေရာအား လှည့်ကြည့်လိုက်သည်။ ဤအခိုက်အတန့်၌ ထိုနေရာမှာ တကယ် ပျောက်ကွယ်နေလေသည်။

ထိုဂျပုသည် မိုးမြေမီးပြင်းဖို အတွက်ကြောင့်သော်လည်းကောင်း ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံး အတွက်ကြောင့်သော်လည်းကောင်း ဤနေရာသို့ လာရန် ကွမ်ကျင်းအား အတင်းအကျပ်ဖိအားပေးနေသည် ဖြစ်ရမည်။ သို့သော် ဤနေရာသို့ ရောက်ပြီးသည့်အချိန်တွင် ကွမ်ကျင်းက အရိုးဖြူကန်၏တည်နေရာကို မရှာနိုင်ဘဲ ဖြစ်နေသည်။

ကွမ်ကျင်းသည် မိုဝူကျိ၏ မေးခွန်းမေးရန် ပစ်မှတ်ထားထားသည့်သူ တစ်ယောက်လည်း ဖြစ်နေသည်။ ကွမ်ကျင်းက စုယင်နှင့်အတူ လာခဲ့သည်။ သူက စုယင်၏ လက်ရှိတည်နေရာကို သိကောင်းသိပေလိမ့်မည်။

မိုဝူကျိက ထိုဂျပုအား သတိပြုမိသည့်အချိန်၌ ထိုဂျပုကလည်း မိုဝူကျိအား သတိပြုမိသွားသည်။

ထိုဂျပုက စကားတစ်ခွန်းပင် မပြောချေ။ သူက ကွမ်ကျင်းအား ချုပ်ကိုင်လိုက်ကာ သူ၏ပုံရိပ်မှာ ဖျက်ခနဲဖြစ်သွားပြီးနောက် သူက မိုဝူကျိဆီသို့ အရှိန်မြှင့်လျက် ပြေးလာလိုက်သည်။

မိုဝူကျိက တုန့်ဆိုင်းမနေဘဲ လေလွတ်မြောက်ရေး နည်းစနစ်ကို သုံး၍ ထွက်ပြေးလိုက်၏။ အကယ်၍ သူသာ လေရွေ့ပြောင်းစွမ်းရည်ကို ဆက်တိုက်သုံးမည်ဆိုပါက ထိုဂျပုသည် ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူ့အား အမှီလိုက်နိုင်မည် မဟုတ်ပေ။

သို့သော် မိုဝူကျိ၏ ရည်ရွယ်ချက်မှာ ထွက်ပြေးရန် မဟုတ်ချေ။ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ကာစအချိန်တွင် သူက နတ်ဘုရားအုပ်စိုးသူအဆင့် ၁ ကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုတစ်ခု၌ အနိုင်ရနိုင်နေပြီးသား ဖြစ်သည်။ ယခု သူက ကောင်းကင်နတ်ဘုရား အဆင့် ၄ တွင် ရောက်နေပြီဖြစ်ကာ အဆင့် ၅ ထောင်ချောက်အစီအရင်လည်း ပြင်ဆင်ထားသေးသည်ဖြစ်ရာ အဘယ်ကြောင့် ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူ တစ်ယောက်အား ကြောက်နေဖို့ လိုပါသနည်း။

“မိုဝူကျိ လား”

မိုဝူကျိ ထွက်ပြေးသွားသည်နှင့်ချက်ချင်း ကွမ်ကျင်းက သူ့ကို မှတ်မိသွားသည်။ ကွမ်ကျင်းက ရုတ်တရက်ချက်ချင်း အလန့်တကြား ထအော်လိုက်၏။

အမှန်တွင် ကွမ်ကျင်းက တမင်သက်သက် အော်လိုက်ခြင်း ဖြစ်သည်။ မိုဝူကျိသည်လည်း စကြဝဠာနံရံမှ လာခဲ့ခြင်း ဖြစ်မည်ဟု သူက ယုံကြည်သည်။ အကယ်၍ မိုဝူကျိပါ သူနှင့်အတူတူ အဖမ်းခံလိုက်ရပါက သူ့အပေါ်မှ ဖိအားသည် တစ်ဝက်လျော့သွားပေလိမ့်မည်။

“မင်းက ဒီလူကို သိတယ်ပေါ့”

ဂျပုက ကွမ်ကျင်းဆီမှ မိုဝူကျိ၏ နာမည်အား အော်ခေါ်သည်ကို ကြားသောအခါ သူက ချက်ချင်းပင် နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

ကွမ်ကျင်းက မြန်မြန်ပြောပြလိုက်သည်။

“စီနီယာ… ဒီလူကလည်း ကျွန်တော်နဲ့ နေရာတူက လာခဲ့တာပါ။ သူ ဒီကို ရောက်နေမှတော့ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးရဲ့ အခြေအနေကို သူ သေချာပေါက် သိမှာပဲ။ အဖြစ်မှန်တစ်ခုလုံးကို ပြောခိုင်းဖို့ဆို စီနီယာ သူ့ကို ဖမ်းလိုက်ရုံပါပဲ”

ဂျပုက ကွမ်ကျင်း၏ စကားများကို ကြားသောအခါ သူ၏ ပုံရိပ်က ပိုမိုလျင်မြန်စွာ ဖျက်ခနဲ ပြေးသွားလိုက်သည်။ တစ်ယောက်က ပြေးစဉ် တစ်ယောက်က လိုက်သည်။ နေ့တစ်ဝက် ကြာပြီးသည့်အချိန်မှ မိုဝူကျိက သူ၏ ထောင်ချောက်အစီအရင်ထဲသို့ တိုးဝင်ရောက်ရှိသွားသည်။

မိုဝူကျိမှာလည်း တော်တော်လေး မသက်မသာ ဖြစ်နေသည်။ သူ တစ်ယောက်တည်းဆိုပါက ပြန်ဖို့ရန် နေ့တစ်ဝက်ပင် လိုလိမ့်မည် မဟုတ်ချေ။

ထိုဂျပုက ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူ တစ်ယောက် ဖြစ်သည်။ သူက မိုဝူကျိအား မျက်လုံးထဲပင် မထည့်ချေ။ သူက တွေဝေမနေဘဲ အဆင့် ၅ ထောင်ချောက်အစီအရင်ထဲသို့ မိုဝူကျိ နောက်မှ မျက်စိမှိတ်လိုက်ဝင်သွားလေ၏။

သူအား အပြစ်ဆို၍လည်း မရပေ။ အဆင့်နိမ့်လောကမှလာသော မိုဝူကျိသည် ထိုမျှလောက် အချိန်တိုလေးအတွင်း အဆင့် ၅ ထောင်ချောက်အစီအရင်တစ်ခု ခင်းကျင်းနိုင်လိမ့်မည်ဟု မည်သူကမျှ ထင်ထားလိမ့်မည် မဟုတ်ချေ။

***

All Chapters