နာမည်ဆိုးဖြင့် ကျော်ကြားခြင်
Vol. 74 Ch. 1032
ထိုနတ်ဘုရားအုပ်စိုးသူ ဂျပုက ထောင်ချောက်အစီအရင်ထဲသို့ ဝင်လိုက်သည့်အခိုက် မိုဝူကျိက များစွာသော အစီအရင် မှော်အက္ခရာများကို ရေးဆွဲလိုက်ပြီး အစီအရင်ကို နှိုးဆွလိုက်သည်။
ဖိအားလှိုင်းများနှင့် သတ်ဖြတ်ငွေ့တို့က တဟုန်ထိုး လွှမ်းခြုံသွားကာ နတ်ဘုရားအုပ်စိုးသူ ဂျပု၏ ရင်ထဲ၌ အံ့သြမှုနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွား၏။ လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းတော့မည့် ပညာရှင်တစ်ယောက်အနေနှင့် ဤသည်မှာ အနိမ့်ဆုံးတော့ အဆင့် ၅ နတ်ဘုရား အစီအရင်တစ်ခု ဖြစ်နေမှန်း အဘယ်ကြောင့် မသိဘဲနေပါ့မည်နည်း။
ဤအခိုက်အတန့်၌ မိုဝူကျိအား ဖမ်းဖို့ရာ သူက ဘယ်လိုလုပ် ဂရုစိုက်နေနိုင်ပါ့မည်နည်း။ သူက ကွမ်ကျင်းကိုပင် ဘေးသို့ လွှင့်ပစ်လိုက်ကာ မီးတောက်ဓားသွားနှင့် ဓားတစ်လက်ကို ဆတ်ခနဲဆွဲထုတ်လိုက်သည်။ သူက အစီအရင်ကို ချိုးဖောက်ပြီး တတ်နိုင်သမျှ မြန်မြန် အစီအရင်ထဲမှ လွတ်မြောက်ချင်သည်။ အကယ်၍ သူ မလွတ်မြောက်ခဲ့ပါက သာမန်အဖြစ်ဆုံးဖြစ်သည့် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့်ကပင် သူ့အား အပြတ်ရှင်းနိုင်ပေလိမ့်မည်။
ကံမကောင်းစွာပင် သူက အတွေးလွန်နေလေ၏။ မိုဝူကျိ၏ အဆင့် ၅ ထောင်ချောက်အစီအရင်မှာ သိသိသာသာပင် အလွန်လွယ်လင့်တကူ ချိုးဖောက်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
မိုဝူကျိက အာကာပြင် အစီအရင်မှော်အက္ခရာများကို ဆက်လက်ရေးဆွဲလိုက်သည်။ မိုးကြိုးလျှပ်စီးများ၊ လှံရှည်အလင်းတန်းများ၊ အာကာပြင်ဓားများ စသည်တို့သည် ဂျပုဆီသို့ အကုန်ပစ်ဝင်သွားလေ၏။
မိုဝူကျိက သူ၏ ပုဆိန်လှံရှည်ကိုပင် ထုတ်ယူမနေတော့ပေ။ သူ၏ လက်ချောင်းဖြင့်သာ ရှေ့သို့ တန်းတန်းထိုးလွှတ်လိုက်သည်။
လျို့ဝှက်ပညာရပ် - သက်ရှိလောကတိုက်ကွက်
ထောင်ချောက်ထဲ ပိတ်မိနေသော နတ်ဘုရားအုပ်စိုးသူတစ်ယောက်ကို ရင်ဆိုင်ဖြေရှင်းရာတွင် မိုဝူကျိက သူ့ကို သတ်ဖို့ လျို့ဝှက်ပညာရပ်ပင် သုံးစရာမလိုပေ။ သို့သော် မိုဝူကျိက ခွမ်းကျင်းအား ဖြစ်နိုင်သမျှ မြန်မြန် ဖမ်းကာ မေးမြန်းချင်လေသည်။
ဂျပုမှာ ထွက်ပင်မပြေးနိုင်လိုက်ချေ။ မိုဝူကျိ၏ လက်ချောင်း ပေါ်လာသည့်အခိုက် သူ့ကမ္ဘာတစ်ခုလုံးက ပြောင်းလဲသွားသည်ဟု သူက ခံစားလိုက်ရသည်။
ထို့နောက် တစ်ခဏချက်ချင်းပင် သူသည် မြင့်မားထောင်လွှားသော ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူတစ်ယောက် မဟုတ်တော့ချေ။ သူက တခြားသူများကို ဖိအားပေးနိုင်သည့် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ပင် မဟုတ်တော့ဘဲ မပြောပလောက်သည့် ဖုန်မှုန့်တစ်မှုန့်သာ ဖြစ်နေ၏။ ခုခံစရာနည်းလမ်း မရှိတော့သည့် လူသားတစ်ယောက်သာ ဖြစ်နေ၏။
သူ့တွင် ကျင့်ကြံဆင့်လည်း မရှိသလို သက်တမ်းအရှည်ကြီးလည်း မရှိတော့ချေ။ သက်ရှိလောကအတွင်း၌ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူက တဖြည်းဖြည်း အိုမင်းရင့်ရော်လာပြီး သေဆုံးခြင်းဆီသို့ တရွေ့ရွေ့ လျှောက်သွားသည်ကို စိတ်ခြောက်ခြားစွာဖြင့်သာ သူ ကြည့်နေနိုင်လေ၏။
“ဝုန်း”
ဂျပု၏ စွမ်းအားစက်ကွင်းက ပေါက်ကွဲထွက်သွားသည်။ သူ့ပတ်ပတ်လည်ရှိ မိုးကြိုးများ၊ လှံအလင်းတန်းများနှင့် အချုပ်အနှောင်အားလုံးသည် ခြေရာတစ်စွန်းတစ်စ မကျန်ဘဲ ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ်ပင်လယ်နှင့် သိဒ္ဓိလုံးတို့သည် အပြီးအပိုင် ချည်နှောင်အပိတ်ခံထားလိုက်ရ၏။
“ဘုတ်”
နတ်ဘုရားအုပ်စိုးသူ ဂျပုသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် မလှုပ်နိုင်ဘဲ ထိုင်ကျသွားလေသည်။ သူက သက်ရှိလောကထဲမှ လူသားတစ်ယောက်သာ မဟုတ်တော့ဘဲ တကယ့် လူသားစစ်စစ် ဖြစ်သွားလေပြီ။
“မင်း ဘယ်သူလဲ”
ဂျပုက ကြမ်းပြင်ပေါ်တွင် အားအင်ပျက်လပ်စွာ ထိုင်နေလျက် သူက မိုဝူကျိအား တအံ့တသြ စိုက်ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံဆင့်မှာ မိုဝူကျိထက် များစွာပိုမြင့်ရမည် ဖြစ်သည်။ သို့သော် မိုဝူကျိအား ခုခံရန် အခွင့်အရေးပင် သူ့တွင် မရှိဘူးဟု သူက ခံစားမိသည်။ အဆင့် ၅ ထောင်ချောက်အစီအရင်ကို သူ ချက်ချင်း မချိုးဖောက်နိုင်လိုက်သည်မှာ မှန်၏။ သို့တိုင် မိုဝူကျိ၏ သက်ရှိလောကက သူ့အား အကြောက်တရားတို့ဖြင့် ပြည့်သွားစေသည်။ သူက ဤအစီအရင်ထဲတွင် ထောင်ချောက်မမိခဲ့လျှင်ပင် မိုဝူကျိ၏ သက်ရှိလောကကြောင့် သူက အပြင်းအထန် ဒဏ်ရာရဦးမည်သာ ဖြစ်သည်။
“ကွမ်ကျင်းက မပြောပြဘူးလား”
မိုဝူကျိက ခပ်တည်တည် မေးလိုက်သည်။
ကွမ်ကျင်း၏ ကျင့်ကြံဆင့်မှာ ဂျပု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ မိုဝူကျိက ထိုဂျပုအား မလှုပ်နိုင်အောင် လုပ်နိုင်လိုက်သည့်အခိုက် ကွမ်ကျင်းက သဘောပေါက်သွား၏။ သူက ပါးစပ်အဟောင်းသားဖြင့် မိုဝူကျိအား စိုက်ကြည့်လိုက်သည်။ စကားတစ်ခွန်းမှလည်း မဟရဲချေ။
မည်သည့် အချိန်ကတည်းကများ မိုဝူကျိသည် အင်မတန် အားကောင်းသွားလေသနည်း။ ကြိုတင်ပြင်ဆင်ထားသော နတ်ဘုရား အစီအရင်တစ်ခု ရှိနေလျှင်ပင် ပြီးပြည့်စုံခြင်း နတ်ဘုရားအုပ်စိုးသူ တစ်ယောက်အား မိုဝူကျိက အလွယ်တကူ အနိုင်မရနိုင်လောက်ဘူး မဟုတ်ပါလော…
“မိုဝူကျိ… မင်းက မိုဝူကျိ…”
နတ်ဘုရားအုပ်စိုးသူ ဂျပုက စောစောလေးတုန်းက ကွမ်ကျင်းခေါ်လိုက်သည့် နာမည်ကို ပြန်စဉ်းစားလိုက်သည်။
မိုဝူကျိ သူ့အား မဖမ်းခင်အထိ သူက မိုဝူကျိ၏ နာမည်ကို ဂရုမစိုက်ခဲ့ပေ။ သူ့အတွက် မိုဝူကျိသည် နောက်ထပ် သာမန်ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်။ သို့သော် ယခုမူ မိုဝူကျိက သူ့အား အလွယ်တကူ ဖမ်းချုပ်နိုင်လိုက်သဖြင့် သူက မိုဝူကျိ ဘယ်သူလဲဆိုသည်အား သဘောပေါက်သွားလေ၏။
ဟိုးယခင် ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲ၌ ကောင်းကင်နတ်ဘုရားပါရမီရှင်များနှင့် ကနဦးနတ်ဘုရား အယောက် ၄၀ ကျော် ၅၀ လောက်၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် ကနဦးနတ်ဘုရားအစောပိုင်းအဆင့်ရှိ မိုဝူကျိက အကုန်လုံးကို သတ်ပစ်နိုင်ခဲ့သည်။
နေဦး… ကြည့်ရသည်မှာ တစ်ယောက်တော့ လွတ်သွားခဲ့ဟန် တူသည်။
ထိုမျှနှင့် မလုံလောက်သေးဟန် ဤလူသည် မီးပြင်းကျောက်တုံး လုယူခဲ့ကာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ရရှိခဲ့သည်။ ထို့နောက် အရူးထကာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို မိန်းမတစ်ယောက်အား ပေးလိုက်သေးသည်။
နောက်ဆက်တွဲ ပြဿနာများမှာ သိသာလှ၏။ ဤမိုဝူကျိသည် များစွာသော နတ်ဘုရားဘုရင်များကို အမျက်ထွက်စေခဲ့ကာ သူ့ကို လိုက်ဖမ်းဆီးသတ်ဖြတ်ရန်အတွက် ထိုနတ်ဘုရားဘုရင်တို့က ပူးပေါင်းခဲ့ကြသည်။
နည်းလမ်းကျကျပြောရလျှင် နတ်ဘုရားဘုရင်များ၏ အလိုက်ခံရသော ပုရွက်ဆိတ်တစ်ကောင် တတ်နိုင်သည်မှာ သေရုံသာ ဖြစ်သည်။ နတ်ဘုရားနယ်မြေက သည့်ထက် ပိုကျယ်ဝန်းနေလျှင်ပင် ပြေးစရာမြေမှာ ကန့်သတ်ခံထားရဆဲ ဖြစ်သည်။ ထို့အပြင် နတ်ဘုရားဘုရင်များ ချမှတ်သည့် အချက်အလက်များကို လူမည်မျှလောက်ကများ အာခံရဲမည်နည်း။ သို့ဖြစ်ရာ မိုဝူကျိအတွက် ပုန်းစရာမြေ မရှိဘူးဟုပင် ဆိုနိုင်လေသည်။
သို့သော် မိုဝူကျိက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေနိုင်သေးကြောင်း အဖြစ်မှန်က သက်သေပြလိုက်လေ၏။ ထိုနတ်ဘုရားဘုရင်များသည်ကား မိုဝူကျိအား ဘာဆိုဘာမှ မလုပ်နိုင်လိုက်ချေ။
ယနေ့တွင် သူက ထိုမိုဝူကျိအား မျက်ဝါးထင်ထင် မြင်ဖူးသွားလေပြီ။
နဂိုက သူသည် သူ၏ ဂိုဏ်းနာမည်ကို သုံးပြီး မိုဝူကျိအား ခြိမ်းခြောက်ရန် စိတ်ကူးထားသည်။ သို့သော် ဤလူမှာ မိုဝူကျိ ဖြစ်နေမှန်း သိလိုက်ရပြီးသည့်နောက် သူက ထိုအကြံကို လုံးဝ လက်လျော့လိုက်တော့၏။
ဤကောင်သည်ကား နတ်ဘုရားဘုရင်များကိုပင် မကြောက်ဘဲ ထိပ်သီးဂိုဏ်းများစွာနှင့်ပင် ပြဿနာတက်ခဲ့ဖူးသည်။ မိုဝူကျိအား ခြိမ်းခြောက်သည်က အသုံးဝင်မည် မဟုတ်ပေ။ ဤလူမှာ မိုဝူကျိ ဖြစ်နေမှန်းသာ သူ သိခဲ့ပါက အစီအစဉ် ကောင်းကောင်းမရှိဘဲ မိုဝူကျိနောက် သေချာပေါက် လိုက်ခဲ့မည် မဟုတ်ချေ။ သူက အဆင့် ၅ ထောင်ချောက်အစီအရင်ထဲသို့ မျှားခေါ်ခံရမည်လည်း မဟုတ်ပေ။
အကယ်၍ မိုဝူကျိသည် ရင်ဆိုင်ဖြေရှင်းရ အလွန်လွယ်ကူနေပါက မိုဝူကျိသည် သူနှင့်ရင်ဆိုင်ရမည့်လူ ဖြစ်လိမ့်မည် မဟုတ်ပေ။
တကယ်တော့ ထိုသို့ပြောသည်မှာ မမှန်ပေ။ မိုဝူကျိဟု ခေါ်သည့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရမှန်း သူ သိပြီးသား ဖြစ်သည်။ တစ်ခုရှိသည်မှာ ဤကောင်နှင့် ထိုနာမည်ဆိုးနှင့် ကျော်ကြားသည့် မိုဝူကျိအား မဆက်စပ်မိခြင်းသာ ဖြစ်သည်။
မိုဝူကျိက မည်သူမည်ဝါ ဖြစ်ကြောင်း သဘောပေါက်သွားပြီးနောက် နတ်ဘုရားအုပ်စိုးသူ၏ မျက်နှာပေါ်တွင် ပေါ်လာသည့် မျှော်လင့်ချက်မဲ့မှုအား ကြည့်ကာ ကွမ်ကျင်း၏ရင်မှာ ပြင်းထန်စွာ ခုန်စပြုလာ၏။ ဤမိုဝူကျိသည် နတ်ဘုရားနယ်မြေသို့ ရောက်သည်မှာ သိပ်ကြာဦးမည် မဟုတ်ချေ။ ထိုကဲ့သို့သော အချိန်တိုလေးအတွင်း မိုဝူကျိက အရမ်း ကျော်ကြားသွားသည်မှာ ဖြစ်နိုင်ပါ့မည်လော။
ကံမကောင်းစွာပင် ထိုကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများစွာကို သူ ရရှိပြီးသည့်နောက်ပိုင်းတွင် သူက အမြဲတမ်း ပုန်းအောင်း ပြေးလွှားနေခဲ့ရသည်။ ခက်ခက်ခဲခဲနှင့် ကျင့်ကြံစရာ နေရာတစ်ရာကို သူ ရှာတွေ့နိုင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများ၏ ခြေရာကို ရအောင်ရှာဖွေနိုင်ခဲ့သေးသည်။
“ဆေးလုံးဧကရာဇ်မို…”
ကွမ်ကျင်းက ငိုသံပါကြီးနှင့် မိုဝူကျိ၏ နာမည်ကို ခေါ်လိုက်သည်။ အာခေါင်တို့ ခြောက်လာကာ ကွမ်ကျင်းက ပြောလိုက်သည်။
“အဲ့ဒီအချိန်တုန်းက အင်မော်တယ်ဧကရာဇ်အဆင့်ထဲ တက်လှမ်းပြီးကာစပဲ ရှိသေးတော့ ကျွန်တော်က ကိုယ့်ကိုကိုယ် အားကောင်းပြီး လွတ်လပ်တယ်လို့ ခံစားမိခဲ့တယ်။ ဒီတိုင်းကြီးတော့ ကျွန်တော် မသေချင်ခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို ကတိဖျက်ပြီး ထွက်ပြေးမိခဲ့တာပါဗျာ…”
မိုဝူကျိက ခံစားချက်မဲ့စွာ ပြောလိုက်၏။
“ကျုပ် မင်းလိုမျိုး အရှက်မရှိတဲ့ အောက်တန်းစားတွေ အများကြီးပဲ မြင်ဖူးပြီးပြီ။ အခု မင်း ဒီကို ဘယ်လိုနည်းနဲ့ ရောက်လာတာလဲဆိုတာနဲ့ ကျုပ်ဇနီး စုယင်ကို မြင်မိသေးလားဆိုတာကို ပြောပြ။ အသေးစိတ်ပြောနော်။ မင်းရဲ့အဖြေကို ကျုပ် ကျေနပ်ရင် ကျုပ် မင်းကို ကိုယ်တိုင် မသတ်တော့ဘူး။ ဒီထောင်ချောက်အစီအရင်ထဲမှာပဲ ထားခဲ့ပေးမယ်။ မင်း ထွက်ပြေးနိုင်မလားဆိုတာကတော့ မင်းရဲ့ကံပေါ်ပဲ မူတည်နေတယ်”
ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့်တွင်သာ ရှိသေးသည်။ အဆင့် ၅ ထောင်ချောက်အစီအရင်ထဲသို့ အထည့်ခံထားရပါက သူသည် သေချာပေါက် သေသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင်
“ကျုပ် ပြောပြပါ့မယ်” ကွမ်ကျင်းက ပြောလိုက်ဆဲ ဖြစ်သည်။
ကွမ်ကျင်းသည် ထောင်ချောက်အစီအရင်ထဲတွင် သေချာပေါက် သူ သေလိမ့်မည်ဖြစ်ကြောင်း သိသည်။ သို့သော်လည်း ထိုသို့သေသွားလျှင်ပင် သူ့တွင် ပြန်လည်ဝင်စားခွင့် ရှိသေးမှန်း သူသိသည်။ အနည်းဆုံးတော့ သူ၏ ဝိညာဉ်မှာ အလောင်ကျွမ်းခံရလိမ့်မည် မဟုတ်ပေ။
ဟိုးယခင်က သူသည် မိုဝူကျိအပေါ်တွင် ကောက်ကျစ်ကာ အရှက်မဲ့သည့် လုပ်ရပ်ကို ပြုမူခဲ့သည်။ မိုဝူကျိက သူ့အား သတ်ချင်နေသည်မှာ မမှားပေ။
မေးပင်မမေးရသေးဘဲနှင့် ကွမ်ကျင်းက ပြောပြလိုက်သည်မှာ
“ဆေးလုံးဆရာမို၏ လုပ်နည်းလုပ်ဟန်တွေကို သိတာကြောင့်မို့လို့ကို ကျွန်တော်က မျက်နှာမပြရဲခဲ့တာပါ။ ကောင်းကင်ဘုံအလွန် မြို့ရင်ပြင်ထဲမှာ ကျွန်တော်ပုန်းနေခဲ့တယ်။ ပုန်းအောင်းတာအပြင် ရတနာတွေ တိုက်ယူဖို့အတွက် စကြဝဠာနံရံကိုလည်း သွားခဲ့သေးတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ စကြဝဠာနံရံရဲ့အတွင်းပိုင်းထဲက တွန်းကန်အားက တဖြည်းဖြည်း ပိုပိုပြီး အားပျော့လာတယ်ဗျ။ တစ်ယောက်ကဆို စကြဝဠာနံရံရဲ့အတွင်းပိုင်းထဲထိ ရောက်နိုင်ခဲ့ပြီး ပျောက်သွားခဲ့တယ်။ စကြဝဠာအစွန်းမှာ ကျွန်တော့်အတွက် အနာဂတ် ကောင်းကောင်း မရှိနိုင်လောက်ဘူးလို့ တွက်မိတာနဲ့ အရဲစွန့်ပြီး စကြဝဠာနံရံထဲကို ဝင်ခဲ့တယ်။
စကြဝဠာနံရံထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် အဆက်မပြတ် ပျံသန်းနေရင်းကနေ နောက်ဆုံးမှာတော့ ထွက်လာနိုင်ခဲ့ပြီး အရိုးဖြူကန်ရဲ့အစွန်အဖျားကို ရောက်သွားခဲ့တယ်။
ကျွန်တော် ရောက်သွားတဲ့အချိန်မှာ အဲ့ဒီနေရာမှာ ၁၀ ယောက်မကတဲ့ လူတွေက ရောက်နှင့်နေပြီသား။ အဲ့ဒီလူတွေ အကုန်လုံးက စကြဝဠာအစွန်းကနေ လာခဲ့ကြတဲ့သူတွေချည်းပဲ။ ကျွန်တော် ပေါ်လာတာကို ထူးဆန်းတယ်လို့ သူတို့က မတွေးကြဘူးပေါ့ဗျာ။ တကယ်တော့ စကြဝဠာနံရံ ပွင့်တိုင်း လူသစ်တွေ အမြဲရောက်လာတတ်မှန်း သူတို့က သိကြတယ်”
“မင်းပြောချင်တာက အရိုးဖြူကန်ကို အရင်ရောက်နှင့်နေပြီးသား လူတွေက အဲ့ကနေ ထွက်မသွားကြဘူးပေါ့”
မိုဝူကျိက မယုံကြည်ဟန်ဖြင့် မေးလိုက်သည်။
ဤအချိန်တွင် မိုးမြေမီးပြင်းဖိုက သူတို့၏ ဝိညာဉ်စွမ်းအားအတွက် အဘယ်ကြောင့် သူတို့ကို မစုပ်ယူဘဲ နေနေသနည်းအား သိဖို့ရန်အတွက် မိုဝူကျိက ပို၍စိတ်ဝင်စားမိသည်။
“ဟုတ်ပါတယ်။ သူတို့တွေအားလုံးက ဆေးလုံးငွေ့ဝန်းရံထားတဲ့ ရေကန်တစ်ကန်ကို တိုက်ခိုက်နေကြတယ်ဗျ။ ဆေးလုံးငွေ့ကို ကျော်ပြီးကြည့်လိုက်ရင် ကန်တစ်ကန်လုံးက ဆေးလုံးတွေနဲ့ ပြည့်နေတာကို မြင်ရတယ်”
ကွမ်ကျင်းက ရှင်းပြသည်မှာ
“ကျွန်တော်လည်း အုပ်စုနဲ့ပေါင်းပြီး ကန်ကို တိုက်ခိုက်လိုက်တယ်။ ဒါပေမဲ့ ကန်ကို ကာကွယ်နေတဲ့ အစီအရင်ရဲ့ အဆင့်က အရမ်းကို မြင့်လွန်းနေတယ်ဗျာ။ နှစ်တွေကြာလာပြီး နတ်ဝိညာဉ်သွေးကြောက ခမ်းခြောက်သွားတာတောင် ကျွန်တော်တို့တွေ အစီအရင်ကို မချိုးဖောက်နိုင်သေးဘဲ ဖြစ်နေတယ်”
နောက်ဆုံးနား ရောက်ချိန်တွင် ကွမ်ကျင်းမှာ လုံးဝ စိတ်ကိုလျော့လိုက်ပြီ ဖြစ်ကာ သူ့ကံကို လက်ခံသွားသည့်ပုံစံဖြင့်
“အဲ့ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာအောင် ကျွန်တော်တို့တွေ တိုက်ခိုက်လာလိုက်တာ… ကာကွယ်ရေးအစီအရင် ကျိုးတော့မယ့်အချိန်မှာပဲ ခင်ဗျားရဲ့ဇနီးနဲ့ နောက်ထပ် အမျိုးသမီးနှစ်ယောက် ရောက်လာကြတယ်။ သူတို့ထဲက တစ်ယောက်ကို ကျွန်တော် မှတ်မိတယ်။ အဲ့ဒီသူက အင်မော်တယ်ဧကရီ ဝမ်လန်ပဲဗျ။ ကန်ကို တိုက်နေတဲ့ လူတော်တော်များများက ခင်ဗျားရဲ့ဇနီးကို သိကြတယ်။ ပြီးတော့ အင်မော်တယ်ဧကရီ ဝမ်လန်လည်း ရှိနေတော့ ဘယ်သူကမှ သူတို့ကို ဘာမှမလုပ်ရဲကြဘူး။
သူတို့ ၃ ယောက်ပါ တိုက်တဲ့အထဲ ပါလာတာကြောင့်မို့လို့ ပြိုလဲပျက်စီးလုနီးနီး ဖြစ်နေတဲ့အစီအရင်က နောက်ဆုံးမှာ တစ်စစီ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေရဲ့။ အဲ့ဒီတုန်းက ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံး တစ်ကန်လုံးက ကျွန်တော့်ကို ဆွံ့အသွားစေခဲ့တယ်ဗျာ။ အားလုံးက အပြေးဝင်သွားပြီး ဆေးလုံးတွေအတွက် အသည်းအသန် တိုက်ခိုက်ကုန်ကြပါလေရော။ ကျွန်တော်လည်းပဲ ချွင်းချက်မရှိ ဝင်တိုက်ခဲ့တာပါပဲ။ လူအယောက် ၂၀ လောက်က ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေ အကုန်လုံးကို ရရှိသွားတဲ့နောက်မှာတော့ သူတို့တွေအားလုံးက ထုပ်ပိုးပြင်ဆင်ပြီး ထွက်သွားကြတယ်။ ကျွန်တော်လည်းပဲ ထွက်ပြေးလာခဲ့တယ်”
မိုဝူကျိက စိတ်အေးသွားပြီး သက်ပြင်းချလိုက်ကာ
“ဒါဆို မင်းက ကျုပ်ဇနီးနဲ့ အင်မော်တယ်ဧကရီ ဝမ်လန်တို့ ဘယ်သွားလိုက်လဲဆိုတာကို မသိဘူးဆိုတဲ့ သဘောလား”
ကွမ်ကျင်းက ခေါင်းခါလိုက်ပြီး
“ကျွန်တော် မသိဘူး။ အားလုံးက မတူတဲ့ ဦးတည်ရာတွေဆီကို သွားခဲ့ကြတာလေ”
ထိုအချိန်တုန်းက သူတို့တွေသည် ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံး မြောက်များစွာကို ရရှိထားကြလေ၏။ မည်သူကများ တခြားသူတွေ ဘယ်သွားသည်ကို ဂရုစိုက်နေပါ့မည်နည်း။ သူတို့က သူတို့၏ အစွမ်းကို တိုးမြှင့်ဖို့ ကျင့်ကြံရန်အတွက် နေရာတစ်နေရာ သွားရှာချင်ကြလေသည်။
မိုဝူကျိက အင်မော်တယ်ဧကရီ ဝမ်လန်ကို အမှန်တကယ်ပင် ကျေးဇူးတင်မိသည်။ သူမကြောင့်သာ မဟုတ်ပါက ချိန်စုယင်နှင့် လင်းဂူတို့၏ အင်အားဖြင့် သူတို့၏ ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများကို တခြားသူများက လုယူနိုင်ချေ ရှိပေသည်။
“မင်းရဲ့ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးတွေကော”
မိုဝူကျိက ကွမ်ကျင်းအား စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်၏။
ကွမ်ကျင်းက နတ်ဘုရားအုပ်စိုးသူ ဂျပုကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
“ကျွန်တော်က တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပြီး ကျင့်ကြံမလို့ လုပ်နေတာ။ အဲ့ဒီနေရာမှာ တခြားသူတစ်ယောက် ရှိနေနှင့်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီကောင်ပဲ။ သူက ကျွန်တော့် ဆေးလုံးတွေ အကုန်လုံးကို လုယူပြီး ဒီကိုလာဖို့ ကျွန်တော့်ကို ဖိအားပေး အကျပ်ကိုင်ခဲ့တာဗျ”
မိုဝူကျိက သူ့လက်ကို ဝှေ့လိုက်ပြီး နတ်ဘုရားအုပ်စိုးသူ ဂျပု၏ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်၏။ ဤကွမ်ကျင်း၏ ကံမှာ တကယ်ဆိုးလှသည်။ သူက နတ်ဘုရားအုပ်စိုးသူ တစ်ယောက် ကျင့်ကြံနေသည့် နေရာတွင် သူ၏ကောင်းကင်စည်းမျဉ်း သဘာဝဆေးလုံးများကို ထုတ်ယူခဲ့လေသည်။
“တာအိုရောင်းရင်းမို… ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ…”
မိုဝူကျိက သူ၏ သိုလှောင်လက်စွပ်အား ယူသွားသည်ကို မြင်သောအခါ ဂျပုက စိုးရိမ်တကြီး အော်ငိုလေသည်။
မိုဝူကျိက လက်ကို ဝှေ့လိုက်သောအခါ မိုးကြိုးချက်တစ်ချက်က ဝှီးခနဲ ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မီးတောက်တစ်ခုက လွှမ်းခြုံလာသည်။ တစ်ခဏအတွင်း နတ်ဘုရားအုပ်စိုးသူမှာ ပြာပုံအဖြစ် လောင်ကျွမ်းသွားလေ၏။
ဤသို့ ပြုလုပ်ပြီးသည့်နောက်တွင် မိုဝူကျိ၏ ပုံရိပ်က ဖျက်ခနဲလက်သွားသည်။ မျက်စိတစ်မှိတ်စာအတွင်း သူက ထောင်ချောက်အစီအရင်ထဲမှ ပျောက်ကွယ်သွားသည်။
မိုဝူကျိ ထွက်သွားသည်နှင့် ထောင်ချောက်အစီအရင်က တစ်ဖန်ပြန်လည် နိုးထလာလေ၏။ ကွမ်ကျင်းက သူသည် မလွဲမသွေ သေရတော့မည်မှန်း သိသည်။ သူက ပြန်လည်ဝင်စားဖို့ကိုသာ ရွေးချယ်နိုင်လေသည်။
***