လက်ထပ်ဖို့ ကမ်းလှမ်းခြင်း/ သတို့သမီး တောင်းရမ်းခြင်း
Vol. 74 Ch. 1033
ဝမ်ချွမ်းတာအိုကျောင်းတော်
ဤကျောင်းသည်ကား နတ်ဘုရားနယ်မြေတစ်ခုလုံး၏ ထိပ်သီးဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်မှာ မလွဲပေ။
အကယ်၍ တစ်စုံတစ်ယောက်ကသာ လူတစ်ယောက်သည် ဝမ်ချွမ်းတာအိုကျောင်းဆီသို့ အတင်းအကျပ် လက်ထပ်ခွင့် ကမ်းလှမ်းရန် ကြိုးစားလိမ့်မည်ဟု ပြောပြပါက သိသာစွာပင် ထိုစကားအား တစ်စုံတစ်ယောက်က ပျက်လုံးတစ်ခုအဖြစ် ပြောနေခြင်းသာ ဖြစ်သည်။
သို့သော် ယနေ့တွင်ကား ဝမ်ချွမ်းကျောင်း၏ ဧည့်ခန်းမထဲ၌ နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့သည် မတတ်သာဘဲ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတို့ဖြင့် မြောက်များစွာသော ဧည့်သည်တို့ကို ကြိုဆိုလိုက်ရလေသည်။
ပျက်လုံးတစ်ခုက အဖြစ်မှန် ဖြစ်လာ၏။ ဤဧည့်သည်များမှာ သတို့သမီး တောင်းယူရန် ရောက်လာခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူတို့က သတို့သမီးကို အတင်းအကျပ် လာတောင်းရန် ရောက်လာခြင်း ဖြစ်၏။
နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့ နှစ်ယောက်စလုံးက ဘယ်ဘက်ခြမ်းတွင် ထိုင်နေကြသည်။ သူတို့၏ မျက်နှာချင်းဆိုင် ညာဘက်ခြမ်းတွင် နတ်ဘုရားဘုရင် အဆင့် ၇ ကျင့်ကြံဆင့်ရှိသည့် ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ထျဲလန်ရှန်းက ထိုင်နေသည်။ သူ့ဘေးတွင် ဖျတ်လတ်ရည်မွန်သော လူရွယ်တစ်ယောက်ဖြစ်သည့် ဝမ့်ယွင်ချမ်က ထိုင်နေသည်။
ဝမ်ယွင်ချန်းသည် ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း၏ နံပတ်တစ် ပါရမီရှင်ဖြစ်ကာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ ကျင့်ကြံဆင့် ရှိသည်။
အခန်း၏ ညာဘက်တွင် ထိုင်နေသည့် နောက်ထပ်တစ်ယောက်မှာ ပျော်ပျော်နေတတ်ပုံပေါ်သော လူတစ်ယောက် ဖြစ်သည်။ သူက ကြယ်ဖုံးတောင်၏ အကြီးအကဲ နတ်ဘုရားဘုရင်အဆင့် ၇ ယောင်ရှီး ဖြစ်သည်။ သူ့ဘေးတွင်ထိုင်နေသည်မှာလည်း လူရွယ်တစ်ယောက်ဖြစ်၏။ သို့သော် ဤလူရွယ်၏ ကျင့်ကြံဆင့်မှာ နည်းနည်း နိမ့်နေလေသည်။ သူက ကောင်းကင်နတ်ဘုရား အဆင့် ၅ တွင်သာ ရှိသည်။
အကယ်၍ မိုဝူကျိသာ ဤနေရာတွင် ရှိနေပါက ဤကောင်းကင်နတ်ဘုရားကို သူက သေချာပေါက် သိပေလိမ့်မည်။ ဤလူရွယ်သည်ကား နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးဆုံးဖြတ်မှုတွင် အဆင့်(၁)နေရာကို ရရှိခဲ့သည့် ကျီဖေးယန်ပင်တည်း။ ဤတစ်ယောက်သည် တကယ့်ပါရမီရှင်အစစ် ဖြစ်သည်။
နောက်ထပ်တစ်ယောက်မှာ မုတ်ဆိတ်အပြောင် ရိတ်ထားသော လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။ နတ်ဘုရားနယ်မြေတွင် လူတော်တော်များများက သူ့ကို မသိကြပေ။ သို့သော် နတ်ဘုရားကုန်းမြေတွင်ကား သူ့ကိုသိသည့်သူများမှာ မရေတွက်နိုင်လောက်အောင် များပြားလှသည်။ ဤသည်ကား ကျင့်ကြံသူများ အစုအရုံးအဖွဲ့၏ အဖွဲ့သခင် ရှုဖျင်ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်မှာ နတ်ဘုရားဘုရင် အဆင့် ၉ တွင် ရှိသည်။
ရှုဖျင်၏ ဘေးတွင် ထိုင်နေသည်မှာ သူနှင့်ရုပ်ချင်းဆင်သည့် လူရွယ်တစ်ယောက် ဖြစ်၏။ လူရွယ်၏ ကျင့်ကြံဆင့်မှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၃ တွင် ရှိနေသည်။ ဤသည်ကား ရှုဖျင်၏ အကြီးဆုံးသား ရှုရှာ ဖြစ်သည်။ သူ၏ ရုပ်ရည်မှာ ဝမ်ယွင်ချန်းနှင့် ကျီဖေးယန်တို့ကို မယှဉ်နိုင်သော်လည်း သူ၏ ပင်ကိုယ်စွမ်းရည်ပါရမီကတော့ လုံးဝမနိမ့်ကျပေ။
နတ်ဘုရားဘုရင်မော့ဟိုင်က သူ့နားထင်ကို ဖိပွတ်လိုက်သည်။ သူက ခေါင်းခဲနေရသည်။ အဓိက အကြောင်းအရင်းမှာ ချူယို့က အင်မတန် ထူးချွန်နေလွန်းသောကြောင့် ဖြစ်၏။ သူမက စာမမှီအောင် လှနေသည်တင်မကပေ။ သူမက ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကိုပါ ပုံသွင်းသိပ်သည်းခဲ့သေးသည်။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်သည် တာအိုလက်တွဲဖော် တစ်ယောက်အတွက် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်မှန်း မည်သူကများ မသိဘဲ နေပါ့မည်နည်း။
ချူယို့အား တောင်းရမ်းချင်သူများမှာ ရှင်းရှင်းပြောရလျှင် အလွန်များလွန်းလှ၏။ သို့သော် နိဗာနတိတ်ဆိတ်မှုပင်လယ်ကို ဖြတ်ကျော်သော ကူးပြောင်းအစီအရင် မဖွင့်လှစ်ခင်တုန်းက မည်သူကမျှ ဝမ်ချွမ်းတာအိုကျောင်းအပေါ် မည်သည့်အရာကိုမျှ ဖိအားမပေးနိုင်ခဲ့ပေ။ သို့သော် ယခုတွင်မူ ကူးပြောင်းအစီအရင်က ပွင့်သွားကာ နတ်ဘုရားကုန်းမြေမှ ပညာရှင်များက ရောက်ချလာလေပြီ။ ဝမ်ချွမ်းတာအိုကျောင်းမှာ ထိပ်သီးဂိုဏ်းတစ်ခုဟု သတ်မှတ်၍ မရတော့ချေ။
နတ်ဘုရားဘုရင် မော့ဟိုင်မှာ ကူကယ်ရာမဲ့သည့်အခြေအနေအထိ ဖိအားပေးခံနေရသည်။ သူက ချူယို့အား တောင်းရမ်းချင်သောသူများကို ဝမ်ချွမ်းတာအိုကျောင်းသို့ ဖိတ်ခေါ်ကာ အကျိုးအကြောင်းကို ပွင့်ပွင့်လင်းလင်း ရှင်းပြရုံသာ တတ်နိုင်တော့သည်။ ထို့နောက်ပိုင်းတွင် သူ၏ ဝမ်ချွမ်းတာအိုကျောင်းမှာ ဤပြဿနာများမှ လွတ်မြောက်သွားပေလိမ့်မည်။
သူတို့၏ တပည့်များကို ခေါ်လာပြီး သတို့သမီးတောင်းယူရန် လာခဲ့သော ၃ ယောက်အနက် ကြယ်ဖုံးတောင်က ယောင်ရှီး၏ ကျင့်ကြံဆင့်မှာ အနိမ့်ဆုံး ဖြစ်သည်။ သို့သော် ကြယ်ဖုံးတောင်၏ ရာထူးအဆင့်အတန်းသည် သေချာပေါက် အမြင့်ဆုံး ဖြစ်လေသည်။ သူက လက်နှစ်ဖက်ကို ယှက်လိုက်သည့် ပထမဆုံး တစ်ယောက် ဖြစ်သည်။ သူ ပြောလိုက်သည်မှာ
“တာအိုရောင်းရင်း မော့ဟိုင်၊ တာအိုရောင်းရင်း ယင်မု… နတ်ဘုရားကုန်းမြေထဲ မရေတွက်နိုင်တဲ့ နှစ်ကာလတွေတစ်လျှောက်လုံးမှာ ကျုပ်ရဲ့ကြယ်ဖုံးတောင်က ပါရမီရှင်တွေ အများကြီးကို မြေတောင်မြှောက် ပျိုးထောင်ပေးခဲ့ဖူးတယ်။ ဒီပါရမီရှင်တွေ အားလုံးဟာ နာမည်ဂုဏ်သတင်း ကျော်စောတဲ့ ထင်ရှားတဲ့ တည်ရှိမှုတွေချည်းပဲ။ ဒါပေမဲ့ အဲ့ဒီပါရမီရှင်တွေထဲက တစ်ယောက်ကမှ ကျီဖေးယန်ကို မယှဉ်နိုင်ပါဘူးဗျာ”
ယောင်ရှီးက ထိုသို့ပြောလိုက်သည့်အခါတွင် ကျီဖေးယန်က ရှေ့ထွက်လာပြီး ဦးညွှတ်လိုက်သည်။
ရှုဖျင်က စကားတစ်ခွန်းမျှ မဆိုချေ။ မည်သည့် ရှုထောင့်မှ ကြည့်ကြည့် ကြယ်ဖုံးတောင်သည် ကျင့်ကြံသူများ အစုအရုံးအဖွဲ့ထက် ပိုသာနေလေ၏။ ကျီဖေးယန်က နတ်ဘုရားကုန်းမြေတစ်ခုလုံးတွင် ထိပ်ဆုံးပါရမီရှင်ဖြစ်သည် ဆိုသည်မှာလည်း မှန်နေသည်။ ထိုအကြောင်းကို လူတိုင်းက သိကြ၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ သူ့သားရှုရှာသည် ကျီဖေးယန်ထက် လုံးဝမနိမ့်ပေ။ ရှုရှာသည် ကျင့်ကြံခဲ့သည်မှာ နှစ်ကာလအတော်ကြာနေပြီ ဖြစ်သော်လည်း သူက တာအိုလက်တွဲဖော်ရှာရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။ သို့သော် ချူယို့ကို မြင်ပြီးကတည်းက သူက သူ့နှလုံးသားကိုသူ ဆက်လက် မထိန်းထားနိုင်တော့ချေ။ ထို့အပြင် ချူယို့သည် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို သွင်းထားမှန်း သိရပြီးသည့်နောက်တွင် ရှုဖျင်က ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ရှုမျိုးနွယ်ထဲတွင် ချူယို့အား လိုချင်မိသည်။
ကျီဖေးယန်၏ ကောင်းကင်နတ်ဘုရား အဆင့် ၅ ကျင့်ကြံဆင့်ကို ကြည့်ကာ နတ်ဘုရားဘုရင်မော့ဟိုင်မှာ မနေနိုင်ဘဲ အနည်းငယ် အံ့သြမိသွား၏။
ကောင်းကင်နတ်ဘုရား အဆင့် ၅ လောက်ကို ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်၍ ရပါ့မည်လော…
ယောင်ရှီးက နတ်ဘုရားဘုရင်မော့ဟိုင် ဘာတွေးနေသလဲအား သိပုံ ပေါ်သည်။ သူက ခပ်ဖွဖွ ရယ်လိုက်ပြီး ပြောလိုက်သည်။
“အရင်တုန်းက ဖေးယန်က သူ့ရဲ့အချိန်တော်တော်များများကို ဆေးလုံးတာအို၊ အဆောင်တာအို၊ အစီအရင်တာအိုနဲ့ လက်နက်တာအိုတို့မှာ သုံးခဲ့တယ်လေ။ ကံကောင်းတာက သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ ပါရမီ ပါလာတာပဲ။ ဒီနေ့မှာဆို သူက အဲ့ဒီတာအိုတွေ အကုန်လုံးမှာ အဆင့် ၄ ဆရာ ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကမှ ဖေးယန်က သေသေချာချာ စတင် ကျင့်ကြံခဲ့တာပါ။ ဒီ ၁၀ နှစ်အတွင်းမှာ သူက ကနဦးနတ်ဘုရား အဆင့် ၉ ကနေ ဒီနေ့လို ကောင်းကင်နတ်ဘုရား အဆင့် ၅ အထိ ရောက်လာခဲ့တာပဲ”
နတ်ဘုရားဘုရင် မော့ဟိုင်က လေအေးတစ်ရှိုက်ကို ရှူသွင်းလိုက်၏။
ဆေးလုံးတာအို၊ လက်နက်တာအို၊ အဆောင်တာအိုနှင့် အစီအရင်တာအိုများတွင် အဆင့် ၄ ဆရာတစ်ယောက်…
ထို့အပြင် ၁၀ နှစ်အတွင်း၌ ကနဦးနတ်ဘုရားအဆင့် ၉ မှ ကောင်းကင်နတ်ဘုရားအဆင့် ၅ သို့ ရောက်လာခဲ့သည်။ ဤသည်မှာကား ပါရမီရှင်တစ်ယောက် မဟုတ်တော့ပေ။ သဘာဝကို ကျော်လွန်နေသည့် ကြောက်မက်ဖွယ် သတ္တဝါတစ်ကောင်သာ ဖြစ်တော့သည်။
ယောင်ရှီးက သက်ပြင်းချကာ ပြောလိုက်သည်မှာ
“အရင်တုန်းက ဖေးယန်က တာအိုလက်တွဲဖော်ကိစ္စကို လုံးဝ စိတ်မဝင်စားခဲ့ဖူးဘူး။ ဒါပေမဲ့ နတ်ဘုရားနယ်မြေရဲ့ ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံဆီကို သူ ရောက်လာပြီးတဲ့နောက်မှာ ချူယို့ကို တွေ့ခဲ့တယ်။ အဲ့ဒီနေ့ကတည်းက သူက ချူယို့ရဲ့မျက်နှာကို မမေ့နိုင်တော့ဘူးလေ။ အဲ့ဒါကြောင့် ကျုပ်မှာ အရေထူထူ မျက်နှာပူပူနဲ့ပဲ ဝမ်ချွမ်းတာအိုကျောင်းကို လာပြီး သတို့သမီး လာရောက် တောင်းရမ်းရတာပါဗျာ။ တာအိုရောင်းရင်း မော့ဟိုင်နဲ့ တာအိုရောင်းရင်း ယင်မုကို လူငယ်နှစ်ယောက်ကို ခွင့်ပြုပေးပြီး ကျုပ်တို့ ကြယ်ဖုံးတောင်ရဲ့ မိတ်ဆွေဖွဲ့မှုကိုလည်း လက်ခံပေးဖို့ ကျုပ် တောင်းဆိုပါတယ်ဗျာ”
ဤတစ်ကြိမ်တွင်တော့ နတ်ဘုရားဘုရင် မော့ဟိုင်က ဘာမှပြောစရာ မလိုလိုက်ပေ။ ညာဘက်ခြမ်းမှ ပထမဆုံးလူဖြစ်သည့် ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းချုပ် ထျဲလန်ရှန်းက မနေနိုင်ဘဲ ပြောလိုက်သည်။
“နတ်ဘုရားကုန်းမြေဟာဆိုရင် အဆုံးအစမရှိ ကျယ်ပြောပြီး အရင်းအမြစ်တွေ ပေါများလှပါတယ်။ ပါရမီရှင်တွေလည်း အများကြီးရှိပြီး ဂျူနီယာ ဖေးယန်ကလည်း အဲ့ထဲက တစ်ယောက်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဖူးစာ ကံကြမ္မာဆိုတာမျိုးက လုပ်ယူလို့ မရဘူးလေဗျာ။ ကျုပ်ရဲ့ ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းက နံပတ်တစ်ပါရမီရှင် ဝမ့်ယွင်ချန်းနဲ့ ဂျူနီယာချူယို့တို့က နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် တန်ဖိုးထား နှစ်သက်နေကြတယ်။
ယွင်ချန်းက ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ လုပ်ခဲ့ပေမဲ့ သူက ကျုပ်တို့ရဲ့ မျှော်လင့်ချက်ကို စိတ်မပျက်စေခဲ့ဘူး။ အခုဆို သူက နတ်ဘုရားအုပ်စိုးသူအဆင့် ၇ ကိုတောင် ရောက်နေပြီလေ။ အရင်တုန်းက ကျုပ်က အမြဲတမ်း ဂူပိတ်ကျင့်ကြံနေတော့ ယွင်ချန်းကို ပစ်ပယ်ထားခဲ့မိတယ်။ ဒါပေမဲ့ အခု ယွင်ချန်းအတွက် သတို့သမီးကို တကယ်စိတ်ရင်းနဲ့ လာရောက်တောင်းရမ်းတာပါဗျာ”
စကားပြော၍ ပြီးသွားသောအခါ ထျဲလန်ရှန်းက နတ်ဘုရားဘုရင် မော့ဟိုင်ဘက်သို့ လက်နှစ်ဖက်ကို ယှက်ကာ ဤကိစ္စနှင့်ပတ်သက်၍ ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း၏ အထူးအလေးထားမှုကို ဖော်ပြလိုက်သည်။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ပိုင်ဆိုင်ထားသည့် ချူယို့အား သူ၏ ရှုမျိုးနွယ်ထဲသို့ ရရှိရန် ရှုဖျင်က အင်မတန် စိတ်အားထက်သန်နေ၏။ ထို့ကြောင့် သူက နောက်ကျ အကျန်မခံပေ။ သူကလည်း လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။
“နတ်ဘုရားဘုရင် မော့ဟိုင်၊ နတ်ဘုရားဘုရင် ယင်မု… ကျုပ်က ကျုပ်ရဲ့ရှုမျိုးနွယ်ကို ကိုယ်စားပြုပြီး လာခဲ့တာပါ။ ရှုရှာက ကျုပ်ရဲ့ သားအကြီးဆုံးပါ။ သူက အမြဲတမ်း ကျင့်ကြံရေးမှာပဲ စိတ်နှစ်ထားခဲ့တာ။ ဒါပေမဲ့ အဲ့ဒီနတ်ဘုရားမျိုးနွယ် ကျူးကျော်သူတွေကို ဂျူနီယာချူယို့နဲ့အတူ တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ သူက သူမနဲ့ နှစ်ဦးသဘောတူ နားလည်မှုတစ်ခု တည်ဆောက်ခဲ့လေရဲ့။ တာအိုရောင်းရင်း မော့ဟိုင်နဲ့ တာအိုရောင်းရင်းယင်မုတို့က လူငယ်နှစ်ယောက်ကို ခွင့်ပြုပေးဖို့ ကျုပ် မျှော်လင့်ပါတယ်”
ဤအချိန်၌ ရှုရှာက မတ်တပ်ထရပ်ကာ ပြောလိုက်လေသည်။
“ဒီတပည့်က ဂျူနီယာညီမလေးချူယို့ကို ဘယ်တော့မှ စိတ်မပျက်စေရဘူးလို့ ကျိန်ဆိုပါတယ်။ ရှည်လျားလွန်းတဲ့ ကျင့်ကြံခြင်းခရီးလမ်းမှာ ကျွန်တော်တို့တွေက အတူတူ လက်တွဲပြီး ရှေ့ဆက် တက်လှမ်းပါ့မယ်”
နတ်ဘုရားဘုရင် မော့ဟိုင်သည် ဤလူများအနက် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ အမျက်ထွက်စေ၍ မဖြစ်မှန်း သိသည်။ သူတို့တွေ ယှဉ်ကျေးပျူငှာနေပုံကိုသာ မကြည့်လေနှင့်။ ဤသည်မှာ သူက သူတို့အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖိတ်ကြားခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့တွေသာ တစ်ဦးချင်းစီ ရောက်လာခဲ့ပါက သူတို့သည် သေချာပေါက် အကျပ်ကိုင် ခြိမ်းခြောက်ပြောဆိုလိမ့်မည်သာ ဖြစ်၏။
ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းသည် ဝမ်ချွမ်းတာအိုကျောင်းနှင့် အဆင့်တူ ဖြစ်ခဲ့သော်လည်း လတ်တလောတွင် ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း၌ နတ်ဘုရားဘုရင် ၃ ယောက် အသစ်ထပ် ထွက်လာသည်။ ၂ ယောက်က နိဗာနတိတ်ဆိတ်မှုပင်လယ်၏ နိဗာနတာအိုသဲကြောင့် တက်လှမ်းသွားကာ တစ်ယောက်က နတ်ဘုရားသိုက်မြုံထဲမှ ကံကောင်းမှုတစ်ခုကြောင့် တက်လှမ်းသွားသည်။
ဤအခိုက်အတန့်၌ ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းသည် ဝမ်ချွမ်းတာအိုကျောင်းအား ကျော်တက်သွားလေပြီ။ ထိုမျှသာမက ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းသည် နတ်ဘုရားကုန်းမြေမှ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်နှင့် ရင်းနှီးမှု ရှိသည်။ ဤသည်မှာ ဝမ်ချွမ်းတာအိုကျောင်းအနေနှင့် အငြိုငြင်မခံနိုင်သည့် တည်ရှိမှုမျိုး ဖြစ်နေ၏။
နတ်ဘုရားဘုရင် မော့ဟိုင်က မတ်တပ်ရပ်ကာ ပြောနိုင်လိုက်သည်မှာ
“တာအိုရောင်းရင်းအပေါင်းတို့… ခင်ဗျားတို့အားလုံးရဲ့ ဒီကိုရောက်လာပြီး သတို့သမီး တောင်းရမ်းတာကို ခံရတာ ကျုပ်တို့ ဝမ်ချွမ်းတာအိုကျောင်းရဲ့ ဂုဏ်ယူစရာကိစ္စကြီးပါဗျာ။ ချူယို့က ဝမ်ချွမ်းတာအိုကျောင်းရဲ့တပည့်ပါ။ ဒါပေမဲ့ ကျုပ်တို့တွေက သူမရဲ့ တာအိုလက်တွဲဖော်ကိစ္စနဲ့ ပတ်သက်ပြီး သူမကို အတင်း ဖိအားပေးလို့ မရပါဘူး။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ… ကျုပ်တို့တွေ ချူယို့ကို သူမကိုယ်တိုင် ရွေးချယ်ခိုင်းလိုက်မယ်။ သူမရွေးချယ်လိုက်တဲ့လူက သူမရဲ့တာအိုလက်တွဲဖော် ဖြစ်လာလိမ့်မယ်”
အကယ်၍ မျိုးနွယ်စုတစ်ခုတည်းသာ ရောက်လာခဲ့ပါက နတ်ဘုရားဘုရင် မော့ဟိုင်၏ အကြံပေးချက်ကို သေချာပေါက် လက်ခံလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုမူ မျိုးနွယ်စု ၃ ခုက အတူတူ ရောက်လာသောကြောင့် မည်သူကမျှ သူ၏ စကားအား အပြစ်လိုက်ရှာမနေတော့ချေ။
သတို့သမီး လာတောင်းသော ပညာရှင် ၃ ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။ ယောင်ရှီးက ပထမဆုံး မတ်တပ်ထရပ်ကာ
“ဒီလိုဆိုမှတော့ ဂျူနီယာ ချူယို့ကို ဖိတ်ခေါ်ပေးဖို့ တာအိုရောင်းရင်း မော့ဟိုင်ကိုပဲ ကျုပ်တို့တွေ တောင်းဆိုရတော့မှာပေါ့ဗျာ”
ဤမျိုးနွယ် ၃ စုကို ဝမ်ချွမ်းတာအိုကျောင်းသို့ ဖိတ်ခေါ်လိုက်သည့်အချိန်တွင် နတ်ဘုရားဘုရင်မော့ဟိုင်က ဘာဆက်ဖြစ်မည်ကို သိပြီးသား ဖြစ်သည်။ သူက ချူယို့ကို ခေါ်ထားပြီးပြီ ဖြစ်ကာ သူမက စောင့်နေနှင့်လေပြီ။
သိပ်မကြာခင်တွင် ချူယို့အား ဧည့်ခန်းမထဲသို့ ခေါ်လိုက်သည်။
မည်သူကမျှ သူမအား ဘာမှမပြောပြသော်လည်း ချူယို့က အခြေအနေကို အနည်းငယ် သဘောပေါက်ပြီးသား ဖြစ်သည်။
သူမက နတ်ဘုရားဘုရင် ၅ ယောက်ဘက်သို့ တည်ငြိမ်စွာ ဦးညွှတ်လိုက်ပြီးနောက် နတ်ဘုရားဘုရင်ယင်မု၏ ဘေးတွင် သွားရပ်နေလိုက်သည်။
ချူယို့သည် ကျက်သရေရှိ လှပတင့်တယ်နေဆဲ ဖြစ်သည်။ သူမကို ကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်မှ လမ်းလျှောက်ထွက်လာသည့်ပုံနှင့် တူလေသည်။ သို့သော် ထိုနှစ်များစွာတုန်းကနှင့် ယှဉ်လျှင် သူမ၏ မျက်ဝန်းများထဲတွင် ရင့်ကျက်လာမှုနှင့် ပင်ပန်းစိတ်ကုန်နေမှုတို့ ထပ်တိုးလာလေသည်။
လွန်ခဲ့သည့် ထိုနှစ်များစွာတုန်းက နိဗာနပင်လယ်မှ သူမ ထွက်လာပြီးသည့်နောက် သူမက မိုဝူကျိကို ရှာရန် နတ်ဘုရားနယ်မြေတစ်ခုလုံး၏ နယ်မြေတစ်ဝက်အနှံ့ ခရီးထွက်ခဲ့သည်။ နတ်ဘုရားမျိုးနွယ်စုများနှင့် ပြဿနာကြောင့်သာ မဟုတ်ပါက သူမသည် တခြားတစ်ဝက်တွင် ရှာဖွေရန် ဆက်လက် လုပ်ဆောင်ကောင်း လုပ်ဆောင်နေပေလိမ့်မည်။
နတ်ဘုရားနယ်မြေအနှံ့ တစ်ယောက်တည်း လျှောက်သွားရင်းနှင့် သူမ၏ အတွေ့အကြုံများနှင့် ကျင့်ကြံဆင့်တို့ တိုးတက်လာသည်။ ယခုအချိန်တွင် သူမသည် နတ်ဘုရားအုပ်စိုးသူအဆင့် ၄ ၌ပင် ရှိနေပြီ ဖြစ်သည်။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို သိပ်သည်းသွင်းယူပြီးသည့်နောက်တွင် သူမက ကောင်းကင်နတ်ဘုရားအဆင့်မှ နတ်ဘုရားအုပ်စိုးသူအဆင့်သို့ တက်လှမ်းရန် မည်သည့် ဆေးလုံးကိုမျှ သုံးစရာမလိုခဲ့ပေ။ သူမ၏ ကျင့်ကြံရေး ခရီးစဉ်မှာ အဆင်ချောမွေ့ခဲ့လေသည်။
နတ်ဘုရားနယ်မြေတစ်ခုလုံးတွင် ချူယို့လိုမျိုးနှုန်းနှင့် တိုးတက်နိုင်သည့်လူ နောက်တစ်ယောက် မရှိချေ။ ဤတစ်ကြိမ်၌ ဤထိပ်သီးအင်အားစုများ ရောက်လာခြင်းကြောင့်သာ မဟုတ်ပါက နတ်ဘုရားဘုရင် မော့ဟိုင်သည် သေချာပေါက် ချူယို့အား ပြန်ခေါ်လိမ့်မည် မဟုတ်ပေ။
ထိုနေရာတွင် ချူယို့က မတ်တပ်ရပ်လိုက်သောအခါ ယောင်ရှီးပဲဖြစ်စေ၊ ရှုဖျင်ပဲဖြစ်စေ၊ သို့မဟုတ် ထျဲလန်ရှန်းပဲဖြစ်စေ၊ သူတို့အားလုံးက စိတ်ထဲတွင် ကျိတ်၍ သက်ပြင်းချလိုက်သည်။ ဤသည်မှာကား စာပန်းချီများထက်ပင် ပို၍ လှပသော သန့်ရှင်းစင်ကြယ်သည့် မိန်းကလေးပါလား။ သူတို့၏ တပည့်များ သူမအပေါ် ခံစားချက်များ ပြင်းပြင်းထန်ထန် ရှိနေသည်မှာ မထူးဆန်းတော့ချေ။
“ချူယို့… ငါမင်းကို ဒီခေါ်ရတဲ့ အကြောင်းအရင်းကို မင်းသိမှာပါ။ ဒီကပုဂ္ဂိုလ်တွေနဲ့ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထျဲလန်ရှန်း၊ ကြယ်ဖုံးတောင်ရဲ့အကြီးအကဲ နတ်ဘုရားဘုရင် ယောင်ရှီး၊ ပြီးတော့ ကျင့်ကြံသူများအစုအရုံးအဖွဲ့ရဲ့ အဖွဲ့သခင် နတ်ဘုရားဘုရင် ရှုဖျင်”
နတ်ဘုရားဘုရင် မော့ဟိုင်က ဖော်ရွေပျူငှာစွာ ပြောပြလိုက်သည်။
စဝင်လာသည့်အချိန်က ဂါရဝပြုနှုတ်ဆက်ပြီးသား ဖြစ်သော်လည်း ချူယို့က နောက်တစ်ကြိမ် ထပ်မံ၍ သူတို့ဘက်သို့ ဦးညွှတ်လိုက်ပြန်၏။
နတ်ဘုရားဘုရင် မော့ဟိုင်က ဆက်ပြောလိုက်သည်။
“နတ်ဘုရားဘုရင်တို့ ဘာကြောင့် ဒီကို ရောက်လာရလဲဆိုတာကို မင်း သိမှာပေါ့။ ဒါပေမဲ့ ငါ နောက်တစ်ခေါက် ထပ်ရှင်းပြမယ်။ ဝမ်ယွင်ချန်းကိုတော့ မင်း သိပြီးသားနေမှာပါ။ ဒီမှာ ကြယ်ဖုံးတောင်ရဲ့ နံပတ်တစ်ပါရမီရှင်လေး ကျီဖေးယန်လည်း ရှိတယ်။ ကျီဖေးယန်က အစီအရင်၊ ဆေးလုံး၊ အဆောင်နဲ့ လက်နက်တာအိုတွေမှာ အဆင့် ၄ ဆရာဖြစ်နေပြီ။ ၁၀ နှစ်တည်းနဲ့ သူက ကနဦးနတ်ဘုရားအဆင့် ၉ ကနေ ကောင်းကင်နတ်ဘုရားအဆင့် ၅ ကို တက်လှမ်းနိုင်ခဲ့တယ်တဲ့။ ကျင့်ကြံသူများ အစုအရုံးအဖွဲ့ရဲ့ ရှုရှာနဲ့လည်း မင်း အလုပ်အတူတူ လုပ်ဖူးမှာပါ။ ဒီတစ်ကြိမ်မှာတော့ မင်းရဲ့တာအိုလက်တွဲဖော်ကို ရွေးချယ်ဖို့လိုတယ်လေ။ ငါတို့က အခြေအနေကို ရှင်းပြရုံပဲ တတ်နိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် အတိအကျကို ချရမှာက မင်းပဲ”
ချူယို့၏ မျက်နှာအမူအယာမှာ တည်ငြိမ်အေးချမ်းနေသည်။ သူမက ဤကိစ္စနှင့်ပတ်သက်၍ သိထားပြီးသား ဖြစ်သည်။ သူမက နတ်ဘုရားဘုရင်များဘက်သို့ လှည့်ကာ လေးလေးစားစား ဦးညွှတ်ကာ ပြောလိုက်သည်။
“လေးစားရပါသော စီနီယာတို့… စီနီယာတို့က ဒီတပည့်အတွက်နဲ့ ဝမ်ချွမ်းတာအိုကျောင်းကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာပေးခဲ့တယ်။ ဒီတပည့် တကယ့်ကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒီတပည့်ရဲ့နှလုံးသားကို တစ်ယောက်သောသူက ပိုင်ဆိုင်ထားနှင့်ပါပြီ။ ပြီးတော့ ဒီတပည့်မှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိနေပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီတပည့်က စီနီယာတို့ရဲ့ စိတ်ကောင်း စေတနာတွေကို စိတ်ပျက်စေမိပါပြီရှင်”
ယောင်ရှီးက မျက်နှာပျက်သွားသည်။ သူသည်ကား ကြယ်ဖုံးတောင်၏ အကြီးအကဲ ဖြစ်သည်။ သူ့တပည့်အတွက် သတို့သမီးတောင်းရန် သူကိုယ်တိုင် ရောက်လာခဲ့ရသည်။ ဤသည်မှာ လေးစားမှုအကြီးကြီး ပြသထားသည်ဟု သတ်မှတ်နိုင်နေလေပြီ။ သို့သော် ဤချူယို့က သူ့မျက်နှာတည့်တည့်တွင် လာလိမ်ရဲလေ၏။ သူမက အပျိုစင်ဖြစ်သည်မှာ သိသာနေပါလျက်နှင့် သူမက သူမတွင် တာအိုလက်တွဲဖော် ရှိသည်ဟု တကယ့်ကို အခိုင်အမာ ပြောနေလေသည်။