← Chapters

အမြင်ကျယ်မှု

Vol. 25 Ch. 338

အမြင်ကျယ်မှု

Vol. 25 Ch. 338

“ဒီပုံက ဘာတုန်း။ ဆက်ပြောလေကွာ” ထော့ကျိုး စိတ်ရှုပ်ထွေးစွာ လောဆော်လိုက်သည်။

ချင်မူ မေးစေ့ကို ပွတ်၍ မုတ်ဆိတ်မွှေးတစ်ချောင်း နုတ်ကာ ပြောလိုက်သည်။ “ဒီစာအုပ်ထဲက ပုံက ‌ကောင်းကင်တံတား ပြန်ဆက်တဲ့နည်းကို ဆွဲထားတယ်ထင်တာပဲ”

ထော့ကျိုးက သဲသဲကွဲကွဲ မကြားလိုက်ရ၍ မေးလိုက်သည်။ “ဘာတံတား”

“ကောင်းကင်တံတား” ချင်မူ တိုင်းတာနေရင်းမှ ဖြေလိုက်သည်။ “ကောင်းကင်ရတနာတွေက လူ့ကိုယ်ခန္ဓာထဲက စွမ်းအင်လမ်းကြောင်းတွေလို မဟုတ်ဘူး။ ဗလာဟင်းလင်းပြင်တွေ။ ဒါကြောင့် ကောင်းကင်ရတနာတွေထဲမှာ ချီစွမ်းအင် သွားလာတဲ့အခါ တစ်မီလီမီတာတိုင်းမှာ မတူညီတဲ့ ဟင်းလင်းပြင်တွေ ရှိလာတယ်။ ဒါကြောင့် အတိအကျတိုင်းတာဖို့ လိုတာ။ ဟင်းလင်းပြင်ထဲမှာက ကိုဩဒိနိတ်တွက်ရခက်တဲ့အပြင် နည်းနည်းလောက် လွဲသွားတာနဲ့ မှားသွားလိမ့်မယ်”

‌ထော့ကျိုးမှာတော့ ချင်မူ ရွှေစာအုပ်ထဲရှိ ရုပ်ပုံအား ဆက်လက်တိုင်းတာနေသည်ကို ငေးကြည့်ရင်း အူတူတူ ဖြစ်နေသည်။

ချင်မူ စုတ်တံနှင့် စာရွက်ကို ထုတ်၍ အတိုင်းအတာများ ရေးချလိုက်၏။ သူက ခေါင်းပင်မမော့ဘဲ ဆက်ပြောသည်။ “မှားတိုင်းမိရင်... မိုဟူဒသမကိန်းအထိ အသေးဆုံးအမှားလေး လုပ်မိရင်တောင် မိုင်တစ်ထောင်အမှားနဲ့ မထူးဘူး။ ကျွန်တော့်တွက်ချက်မှုတွေက အသေးစိတ်တိကျပြီး မိုဟူဒသမကိန်းရဲ့ အလွန်ထိ ရောက်ဖို့ လိုတယ်။ ဒါ့အပြင် ရုပ်ပုံထဲက လူ့ခန္ဓာကိုယ်ရဲ့ အရွယ်အစားက လူအစစ်ရဲ့ ကိုယ်အရွယ်အစားနဲ့ မတူဘူး။ ဒီနေရာက ကောင်းကင်ရတနာအရွယ်အစားကလည်း လူအစစ်ရဲ့ ကောင်းကင်ရတနာနဲ့ ကွဲပြားနေတယ်။ ဒါကြောင့် အရင်ဆုံးအချိုးရအောင် တွက်ရမှာ။ လူတိုင်းရဲ့ ကောင်းကင်ရတနာတွေက တစ်ခုနဲ့တစ်ခု အရွယ်အစားမတူပေမယ့် အချိုးသိရင် ဟော့ဒီချီချယ့်တံတားကို တွက်လို့ရကောင်း ရလိမ့်မယ်....”

ထော့ကျိုး လွှတ်ခနဲ ပြောမိလိုက်ပြန်သည်။ “ဘာတံတား”

ချင်မူ ဇဝေဇဝါ ပြုံးလိုက်သည်။ “ချီချယ့်တံတား။ ဘိုးဘိုးထော့ကျိုးကြည့်ရတာ ငေးငိုင်နေသလိုပဲ။ ကျွန်တော် စကားမပြောတော့ဘူး။ ဒီအပိုင်းက တွက်ရ သိပ်ခက်နေတာ။ အချိန်အကြာကြီး ပေးရလိမ့်မယ်....”

ရုတ်တရက် ရွာလူကြီးက ခေါင်းပြူထွက်လာပြီး စိတ်လှုပ်တရှား မေးသည်။ “ဘာတံတား”

ချင်မူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ “ဘိုးဘိုးရွာလူကြီး ဘိုးဘိုးလည်း ငေးငိုင်နေတာလား။ ချီချယ့်တံတားပါဆို”

“အဲ့ဒါမဟုတ်ဘူး” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ နောက်လှည့်ကာ အလျင်အမြန် ပြောလိုက်သည်။ “အဲ့ဒါမဟုတ်ဘူး။ ချီချယ့်တံတားမတိုင်ခင် မင်း ကောင်းကင်တံတားလို့ အသေအချာ ပြောခဲ့တာပါ”

“ဟုတ်တယ်” ထော့ကျိုးက ‌ထောက်ခံသည်။ “ငါလည်း ကောင်းကင်တံတားလို့ ကြားလိုက်တာပါ”

ရွာလူကြီးလည်း ခေါင်းတဆတ်ဆတ် ညိတ်သည်။ “ဟုတ်တယ် ကောင်းကင်တံတား”

ချင်မူ သဘောပေါက်သွား၍ ပြုံးလိုက်သည်။ “ဒီရုပ်ပုံထဲက လူရဲ့ ကောင်းကင်တံတားက ကျိုးနေတာ။ အဲဒီတံတားကို ပြန်ဆက်ဖို့ သူ သုံးလိုက်တဲ့ နည်းက ချီချယ့်တံတားလို့‌ ခေါ်တယ်။ အဲ့ဒါကြောင့် ချီချယ့်တံတားရဲ့ သင်္ချာသဘောတရားတွေကို ကျွန်တော် တွက်နေတာ။ ဒီနည်းက တွက်ရသိပ်ခက်တာပဲ။ တိုင်းတာရမယ့်ဟာတွေကလည်း များလွန်းတယ်....”

“ကောင်းကင်တံတားကို ပြန်ဆက်နိုင်မယ့် နည်းတဲ့လား”

လူသုံးယောက်၏ အရှိန်အဝါက ဝုန်းခနဲ ပေါက်ကွဲထွက်လာသဖြင့် လေလယ်၌ ပျံသန်းနေသော ရထားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။ ထို့နောက် တုန်ခါလှိုင်းများကြောင့် အပိုင်းအစများ မှုန့်မှုန့်ညက်ညက် ကြေသွား၏။

ချင်မူ ရွှေစာအုပ်နှင့် ရေးမှတ်ထားသော အတိုင်းအတာများကို ရင်ဘတ်ထဲ ထည့်၍ ကပျာကယာ ကောင်းကင်ပေါ် ပျံတက်လိုက်သည်။ ဖိတ်ကျသွားသည့် မှင်များကြောင့် သူ့အဝတ်များ မည်းညစ်သွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ရွာလူကြီးနှင့် ထော့ကျိုးတို့မှာ ရွှေစာအုပ်ကို လှမ်းဆွဲမိတော့မလို ဖြစ်သွားသော်လည်း ချင်မူ ရင်ဘတ်ထဲ ထည့်လိုက်သည်ကို မြင်လျှင် လက်ပြန်ရုတ်၍ ရပ်လိုက်ကြသည်။ သူတို့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ခြင်းငှာ မစွမ်းကြတော့ပေ။

“ကံကောင်းလို့ မှင်မစွန်းတယ်။ မဟုတ်ရင် ခင်ဗျားတို့ အပြစ်တွေကို ဆေးကြောလို့ရမှာမဟုတ်ဘူး” ချင်မူ ဆူလိုက်သည်။

ရွာလူကြီးက ကမန်းကတန်း ပြောလိုက်၏။ “အရင်ဆုံး အောက်ဆင်းကြစို့”

လေးယောက်သား အောက်ဆင်းလိုက်ကြ၍ အလောင်းများကြားထဲ ရောက်သွားကြသည်။ တချို့နေရာများမှာ မီးသိုင်းသမားများကြောင့် မီးဟုန်းဟုန်းတောက်လျက် ၊ အငွေ့တလူလူပင် ရှိသေးသည်။ ထိုအချိန်တွင် မန်သီလူရိုင်းနယ်မြေစစ်တပ်က မြက်ခင်းလွင်ပြင်သို့ ပြန်ရန် မျှော်လင့်ချက်များဖြင့် ဟဲ့လန်တံခါးကို ထုနေကြသော်လည်း မြို့စောင့်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဝင်ရောက်လာမည်စိုး၍ တံခါးကို စေ့နေအောင် ပိတ်ကာ သူတို့အား ဝင်ခွင့်မပြုကြပေ။

အလဲလဲအပြိုပြို ရှုံးနိမ့်သွားသော လူရိုင်းစစ်တပ်မှာ ဟဲ့လန်တံခါးကို သွေးရူးသွေးတန်း ထုရိုက်နေကြသည်။ အဆင့်မြင့်သိုင်းသမားများ၏ အဆက်မပြတ် ထုရိုက်မှုကြောင့် တံတိုင်းမှာ ဝုန်းခနဲ ပြိုကျသွားပြီး ကျောက်ခဲများ ပြန့်ကြဲသွား၏။ သို့သော် သူတို့ချိုးဖျက်နိုင်လိုက်သည်ကား အပြင်တံတိုင်းသာ ဖြစ်သည်။ အတွင်းတံတိုင်းက မားမားမတ်မတ် ရပ်တည်နေဆဲ ရှိ၏။

မြို့စောင့်စစ်သည်များက ကောင်းကင်နတ်သိုင်းများ၊ ဝိညာဉ်လက်နက်များဖြင့် အောက်သို့ပစ်လွှတ်ကာ မကြာသေးမီကမှ ရင်ဘောင်တန်း၍ အတူတူတိုက်ပွဲဝင်ခဲ့ကြသော သွေးသောက်ရဲဘော်များကို ပြန်သတ်နေကြသည်။ မြို့တံတိုင်းအောက်မှ အယုတ္တအနတ္တ ဆဲဆိုသံများ ထွက်လာပြီး အပြင်မှကြည့်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ကောင်းလှ၏။ များစွာမကြာလိုက်ဘဲ မြို့တံတိုင်းအောက်တွင် အလောင်းများ တောင်လိုပုံသွားသည်။

ဟဲ့လန်တံခါးအရှေ့ မိုင်ခြောက်ဆယ်အကွာတွင် ဓားစံအိမ်သခင်နှင့် ဟုယွမ်ချူးယွင် ဦးဆောင်‌သော လေသင်္ဘောတပ်က ရပ်နေပြီး ရှေ့ဆက်တိုးမလာပေ။ အ‌ဝေးပစ်အမြှောက်များက မြို့တံတိုင်းကို အဆက်မပြတ် ပစ်ခတ်၍ အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားစေသည်။

ရုတ်ခြည်းဆိုသလို တံတိုင်းအောက်ရှိ စစ်သည်များက မြို့ထဲ ရေလှိုင်းလုံးကြီးသဖွယ် ပြေးဝင်သွား၏။

မြို့ထဲ၌ ပန်ကုန်းစုန် ခြေဖျားလက်ဖျားများ အေးလာသည်။

မြို့တံခါး ကျသွားပြီဖြစ်၍ မန်သီလူရိုင်းနယ်မြေစစ်သည်များ အပြေးအလွှား ဝင်လာကြသည်။ ဟဲ့လန်တံခါးသည် ရန်သူစစ်တပ်ကို တားနိုင်သည့်အခြေအနေ မရှိတော့ပေ။ ပြေးဝင်လာသည့် စစ်သည်များက တံခါးထဲရှိ မြို့စောင့်များကို တိုးဝှေ့ဝင်တိုက်သွားကြ၍ မြို့စောင့်များမှာ သိုင်းကွက်ဝင်္ကပါခင်းကျင်းရန် မဟန်တော့ရာ ထွက်ပြေးလိုက်ကြသည်။ ရန်သူစစ်တပ်သာ ဤအခြေအနေကို အခွင့်ကောင်းယူ၍ တံခါးထဲ ချင်းနင်းဝင်ရောက်လာလျှင် မြက်ခင်းလွင်ပြင် သေချာပေါက် အထိနာလိမ့်မည်။

“ငါ့ကို မြန်မြန်ခေါ်ထုတ်သွားကြစမ်း” ပန်ကုန်းစုန် စိတ်တင်း၍ ဘေးရှိ မှော်ဆရာဘုရင်ကို အမိန့်ပေးလိုက်သည်။ “မြို့ကို ထားခဲ့ပြီး ဟဲ့လန်တံခါးအပြင် ဆုတ်ကြမယ်”

မှော်ဆရာဘုရင်က သူ့ကို ပွေ့ချီ၍ ဟဲ့လန်တံခါးအပြင် ပျံထွက်လိုက်သည်။ လမ်းတွင် ပန်ကုန်းစုန် အလေးအနက် အမိန့်ပေးလိုက်သည်။ “ငါတို့လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာတွေကိုလည်း စစ်မြေပြင်ကနေ ဆုတ်ခိုင်းလိုက်”

မှော်ဆရာဘုရင် ရင်ထဲ တုန်လှုပ်သွားပြီး တုန်ရီနေသောအသံဖြင့် မေးလိုက်သည်။ “ဆရာသခင်၊ ကျွန်တော်မျိုးတို့ လိုလန်‌ရွှေနန်းတော်ရဲ့ မှော်ဆရာတွေသာ ဆုတ်ခိုင်းလိုက်ရင် စစ်တပ်က ဘယ်လိုနည်းနဲ့မှ အသက်ရှင်မှာမဟုတ်တော့ပါဘူး”

“ဒါပေမဲ့ လိုလန်ရွှေနန်းတော်တော့ အသက်ရှင်မယ်လေ” ပန်ကုန်းစုန်က အလွန်အေးဆေးနေသည်။ “ခုခံနေရင် ငါတို့လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာတွေ ဒီမြို့မှာပဲ သေရလိမ့်မယ်။ ငါတို့အင်အားချန်ထားဖို့ လိုတယ်။ တကယ့်စစ်မြေပြင်က မြက်ခင်းလွင်ပြင်မှာ။ ငါတို့လိုလန်‌ရွှေနန်းတော်က လူရိုင်းမျိုးနွယ်တွေရဲ့ ယုံကြည်ကိုးစားမှုကြောင့် နာမည်ကျော်ကြားတာမဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မြက်ခင်းလွင်ပြင်ကို သိမ်းချင်ရင် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရလိမ့်မယ်”

မှော်ဆရာဘုရင်က သူ၏ချီစွမ်းအင်ကို တမုဟုတ်ချင်း စုစည်း၍ ကမ္ဘာမြေတုန်ဟည်းသွားစေသော အသံတစ်သံအား စစ်မြေပြင်တစ်လျှောက် ရိုက်ခတ်သွားစေသည်။ အသံက လိုလန်ရွှေနန်းတော်၏ မှော်ဆရာများကို ဆုတ်ခွာခိုင်းလိုက်၏။

ထို့နောက် အခြေအနေက ပို၍ပင် ဖရိုဖရဲ ဖြစ်သွားသည်။ အဓိကအင်အားစု ဆုတ်ခွာသွားပြီဖြစ်၍ အကုန်လုံး အသက်ရှင်လိုရှင်ငြား ဝရုန်းသုန်းကား ထွက်ပြေးကြတော့သည်။ မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များသည် တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်တက်နင်းရင်း မြို့တံခါးဝမှ အသည်းအသန် ပြေးထွက်သွားကြ၏။ ပျံသန်းနိုင်သော သိုင်းကျင့်ထားသူတချို့က လေပေါ် ပျံတက်ကြသော်လည်း အဝေးပစ်အမြှောက်များ၏ ပစ်ချခြင်း ခံကြရသည်။

ဟုယွမ်ချူးယွင်က ဝေဟင်တပ်ဖွဲ့ကို ဦးဆောင်နေသဖြင့် မန်သီလူရိုင်းနယ်မြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ဝေဟင်မှ ထွက်မပြေးနိုင်ကြတော့ပေ။ ထိုအချိန်တွင် ဓားစံအိမ်သခင်က မြေပြင်ကို ထိန်းချုပ်ထားသော်လည်း တံခါးထဲ ပြန်ပြေးသွားကြသူများကို မပိတ်ဆို့ဘဲ အရှေ့စစ်မြေပြင်ရှိ စစ်သည်များကိုသာ သတ်ဖြတ်ရှင်းလင်းနေရာ ရန်သူစစ်တပ်အား ပို၍ပင် ဖရိုဖရဲ ထွက်ပြေးသွားစေသည်။

လေသင်္ဘောများ၏အောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ်က စစ်မြေပြင်ရှိ အကြွင်းအကျန်များကို ရှင်းလင်းရန် ချီတက်လာသည်။

ပန်ကုန်းစုန် ဟဲ့လန်တံခါးကို ပြန်ကြည့်သည့်အခါ တံခါးမှာ ပြိုကျနေပြီဖြစ်သည်။ မြို့ထဲတွင် မီး‌လောင်နေပြီး မိးခိုးငွေ့များ ကောင်းကင်ထက်သို့ တလူလူ တက်နေ၏။ မန်သီလူရိုင်းနယ်မြေ၏ စစ်သည်အားလုံး အသက်လုပြေးနေကြသည်။ တချို့က မြို့ထဲမှ မထွက်နိုင်၍ ဟဲ့လန်တောင်ကြောပေါ် တက်ကြသော်လည်း အများစုမှာ တောင်ပေါ်မှ ပြုတ်ကျပြီး အရိုးတခြား အသားတခြား ဖြစ်ကုန်ကြသည်။

မှော်ဆရာဘုရင်များနှင့် အဆင့်မြင့်မှော်ဆရာများက ပန်ကုန်းစုန်ဆီ ပြန်လာပြီး ဝန်းရံကြသည်။ အကုန်လုံးတွင် ကြောက်လန့်ပြီး စိတ်ဓာတ်ကျနေသောအမူအရာများ ရှိသော်လည်း ပန်ကုန်းစုန်က မတုန်မလှုပ် ညွှန်ကြားသည်။ “မြက်ခင်းလွင်ပြင်က ရေရှိတဲ့နေရာအားလုံးကို မှော်ဆရာအဆိပ် ခပ်လိုက်ကြ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အထဲဝင်လာရင် မရှုမလှ သေရလိမ့်မယ်”

“ဆရာသခင်” မှော်ဆရာဘုရင်များနှင့် အဆင့်မြင့်မှော်ဆရာများ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ မှော်ဆရာဘုရင်တစ်ဦးက မျက်ရည်အဝိုင်းသားဖြင့် ပြောသည်။ “မြက်ခင်းလွင်ပြင်မှာ နေတဲ့ လူရိုင်းမျိုးနွယ်တွေလည်း အဆိပ်မိပြီး သေရပါလိမ့်မယ်”

ပန်ကုန်းစုန်က မတုန်လှုပ်ပေ။ “မြက်ခင်းလွင်ပြင်က အကျယ်ကြီးပါ။ မြို့ကြီးတွေကို အဆိပ်မခပ်သရွေ့ လူရိုင်းမျိုးနွယ်တချို့တော့ ကျန်ပါတယ်”

“ဒါပေမဲ့ မျိုးနွယ်စုလေးတွေ အများကြီးရှိပါသေးတယ်...”

ပန်ကုန်းစုန်၏အမူအရာက ခံစားချက်မဲ့နေသည်။ “သူတို့တွေက ဆင်းရဲပြီး အဆင့်အတန်းနိမ့်ပါးတဲ့ လူတွေပဲလေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့အတူတူ သေရတာပဲ ဂုဏ်ယူသင့်နေပြီ။ အခုချက်ချင်း လူစုခွဲ၊ ရေကို အဆိပ်ခတ်ကြ။ အချိန်မဆွဲနဲ့။ မဟုတ်ရင် ထာဝရငြိမ်းခမ်းရေးအင်ပါယာစစ်တပ် ဒီရောက်လာရင် သူတို့ရဲ့ ပထမဆုံးပစ်မှတ်က လိုလန်ရွှေနန်းတော် ဖြစ်သွားလိမ့်မယ်”

မှော်ဆရာဘုရင်များနှင့် အဆင့်မြင့်မှော်ဆရာများမှာ ငေးငေးငိုင်ငိုင် အမူအရာများဖြင့် လူစုခွဲလိုက်ကြသည်။

ပန်ကုန်းစုန် မီးခိုးတလူလူ ထွက်နေသော ဟဲ့လန့်တံခါးကို လှမ်းကြည့်ပြီးနောက် ချာခနဲ လှည့်၍ ရွှေနန်းတော်ထဲ လျှောက်လိုက်၏။ “နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နှစ်ပေါင်းခုနစ်ထောင်၊ ရှစ်ထောင်လောက် ရှိမယ်ထင်တယ်။ ငါ့နှလုံးသား လှိုင်းတစ်ချက်မှ မထဘဲ ကောင်းကောင်းတည်ငြိမ်နေခဲ့ပြီးပြီ။ ဒါက ပထမဆုံးအကြိမ်မလား။ ပထမဆုံးဘဝတုန်းလို အားကုန်ရုန်းထွက်ပစ်ချင်တဲ့ ခံစားချက်မျိုး... ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ဧကရာဇ်အတိုင်ပင်ခံ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ မင်းတို့ကြောင့် ငါရဲ့တိုက်ခိုက်လိုစိတ်တွေ ပြန်အုံကြွလာပြီ”

စစ်မြေပြင်ပေါ်တွင် ချင်မူ အလောင်းတချို့ကို ဘေးတွန်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ရွာလူကြီးနှင့် ထော့ကျိုးတို့ မြင်အောင် ရွှေရောင်စာအုပ်ကို ဖွင့်ပြလိုက်၏။

ခေါင်းသုံးခေါင်း ဆုံသွားပြီး စာရွက်ပေါ်ရှိ ရုပ်ပုံများ၊ စာသားများကို စိတ်လှုပ်ရှားစွာ ကြည့်ကာ အသည်းအသန် တွက်ချက်၍ မှတ်နေကြသည်။

“အံ့ဖွယ်ပဲ၊ တကယ် အံ့ဖွယ်ပဲ။ ကောင်းကင်တံတားကို ဒီလိုဆက်ဖို့ ရွှင်ပျော်ပျော်ကျေးရွာသားတွေ ဘယ်လိုတွေးမိခဲ့တာပါလိမ့်”

“ဒီလောက်တိကျတဲ့ အမှတ်အသားတွေကို တွက်ချက်ပြီး နည်းတစ်နည်းဖန်တီးဖို့ သင်္ချာစွမ်းရည် သိပ်မြင့်မားဖို့ လိုတယ်”

သုံးယောက်သား အံ့ဩမဆုံး ဖြစ်နေကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “နောင်တော်တို့ နောက်တစ်ရွက် လှန်ကြည့်လို့ရမလား။ ချီချယ့်တံတားက ဒီနေရာမှာပဲ ပြီးမသွားသင့်ဘူး။ နောက်တစ်ရွက်မှာလည်း တခြားနည်းလမ်းတွေ သေချာပေါက် ရှိလိမ့်မယ်။ ဒါပေမဲ့ သင်္ချာကလည်း ပိုရှုပ်ထွေးလာပြီး ချီချယ့်တံတားတွက်နည်းအပေါ် အခြေခံထား တွက်ရဖို့များတယ်”

ရွှေရောင်စာအုပ်မှာ နောက်တစ်ရွက် လှန်ခံလိုက်ရပြီး တအံ့တဩ ရေရွတ်သံများ ထွက်လာပြန်သည်။

“တကယ်ကို ချီချယ့်တံတားတွက်နည်းအပေါ်မှာ အခြေခံထားတာပဲ။ ဆန်းကြယ်လမ်းညွှန်တံတားက အမှန်တကယ် ဩချလောက်ပါပေတယ်။ လေထဲမှာ အိမ်ဆောက်သလိုမျိုးပဲ။ ဒီလောက်အဆင့်အထိ တွက်ချက်နိုင်တဲ့ စွမ်းရည်က သေချာပေါက် နတ်ဘုရားအတွက်အချက်စွမ်းရည်လို့ ခေါ်ရမယ်”

“ဒါက တစ်ယောက်တည်း တွက်နိုင်တဲ့အရာမဟုတ်ဘူး။ ရွှင်ပျော်ပျော်ကျေးရွာသားတွေအကုန် ပေါင်းပြီး တွက်ထားတာပဲ ဖြစ်ရမယ်”

“မြန်မြန် မြန်မြန် မြန်မြန် နောက်တစ်ရွက် လှန်.... ငါ့ကို ဘာလို့ကြည့်တာတုန်း ငါ့မှာ လက်မရှိဘူးလေဟ”

...

သုံးယောက်သား စာအုပ်ကို သည်းကြီးမည်းကြီး ကြည့်နေစဉ် အဝေးမှ ပေါက်ကွဲသံများနှင့် ကြွေးကြော်သံများ ကျယ်လောင်စွာ ထွက်လာသည်။ ချင်မူ ခေါင်းမော့ကြည့်ကာ ချောင်းဟန့်လိုက်သည်။ “ဟဲ့လန်တံခါးကို သိမ်းပြီးသွားကြပြီ”

သုံးယောက်လုံး မည်သည်ကိုမျှ မပြောဘဲ စာအုပ်ကိုသာ ဆက်ဖတ်နေကြသည်။ ချင်မူ ခေါင်းယမ်းလိုက်၏။ “သွားကြရင် မကောင်းဘူးလား။ မကြာခင် မှောင်တော့မယ်။ ဘဲလျှာရပ်ဝန်းမှာပဲ နေရင် မှောင်တာနဲ့ အန္တရာယ်ကြုံရလိမ့်မယ်နော်။ ဒီနေရာက မဟာမြို့ပျက်ပဲမဟုတ်လား”

သုံးယောက်လုံးဆီမှ အသံမထွက်လာပေ။

ချင်မူ ပျင်းလာပြီး အတန်ငယ် စောင့်နေပြီးနောက် သည်းမခံနိုင်တော့ပေ။ “ခင်ဗျားတို့ ဘယ်လောက်ကြည့်ကြည့် သင်္ချာသဘောတရားတွေကို နားလည်မှာမဟုတ်ဘူး။ တွက်တဲ့နေရာမှ သျှမ်းသွားရင် အလကားဖြစ်သွားလိမ့်မယ်”

ထိုအခါမှ သုံးယောက်လုံး ခေါင်းမော့လာသည်။ သူတို့က ရွှေရောင်စာအုပ်ဆီမှ အကြည့်မလွှဲချင်၊ လွှဲချင်ဖြင့် လွှဲလိုက်ကြ၍ ချင်မူ ကပျာကယာ မေးလိုက်သည်။ “ဘိုးဘိုးရွာလူကြီး၊ ကောင်းကင်တံတားကို ပြန်ဆက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”

ရွာလူကြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ့မှာ နေဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတော့ မသေခင် ကောင်းကင်တံတားကို ဆက်နိုင်မဆက်နိုင်က ငါ့ကံတရားအပေါ် မူတည်တယ်။ ဒီစာအုပ်ထဲက နည်းလမ်းသုံးမျိုးအရ ကောင်းကင်တံတားဆက်ဖို့က လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းညိတ်လိုက်သည်။ “တံတားမဆက်ခင် ဒီနည်းသုံးနည်းရဲ့ သင်္ချာသဘောတရားတွေကို အရင်တွက်ချက်ဖို့ လိုတယ်။ ဒီအချက်က သိပ်အရေးပါတဲ့အပြင် ငါတို့ သင်္ချာညီမျှခြင်း တည်ဆောက်ရလိမ့်မယ်။ ညီမျှခြင်းကို တည်ဆောက်ပြီးတာနဲ့ ဒီနည်းလမ်းကို သူများတွေကို ပြောပြလို့ရပြီ”

ထော့ကျိုးက သရော်တော်တော် ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံက လူတိုင်း နတ်ဘုရားတွေ၊ မိစ္ဆာတွေ ဖြစ်လာနိုင်အောင် ဒီနည်းလမ်းကို ဖြန့်ပေးချင်တယ်ဆိုရအောင် ရွှင်ပျော်ပျော်ကျေးရွာက ချင်မိသားစုဝင်ကို ခွင့်ပြချက်‌တောင်းပြီးပြီမလို့လား။ ဒီနည်းလမ်းတွေက ခင်ဗျားအပိုင်မှ မဟုတ်ပဲ”

ဧကရာဇ်အတိုင်ပင်ခံ မှင်သက်သွားပြီး တောင်းလျှိုးပန်လျှိုး ပြောသည်။ “ဖြန့်ပေးဖို့ပဲ တွေးမိလိုက်တယ်။ ပိုင်ရှင်ကို မမေးမိလိုက်ဘူး။ နတ်ဂိုဏ်းသခင်ချင်..”

ချင်မူ ပြုံးလိုက်သည်။ “ကျွန်တော်လည်း တစ်ယောက်တည်း သိမ်းထားချင်တဲ့စိတ် မရှိပါဘူး။ ဖြန့်ပေးသင့်တယ်လို့‌တောင် တွေးနေတာ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်မူ၏ရည်ရွယ်ချက်အမှန်ကို သိရအောင် မျက်ဝန်းတည့်တည့် စိုက်ကြည့်သော်လည်း ချင်မူ၏အကြည့်က ရိုးသားဖြူစင်နေသည်ကိုသာ မြင်လိုက်ရ၏။ “နောင်တော်လူသားဧကရာဇ်ဟောင်း၊ သူ့ကို ဆက်ခံသူအဖြစ် ဘာကြောင့် ရွေးချယ်လိုက်လဲ ကျွန်တော် နားလည်ပါပြီ။ သူက အမှန်တကယ်ပဲ လူသားဧကရာဇ်တစ်ယောက်ရဲ့ အရည်အချင်းရှိပြီး စိတ်သဘောထားကြီးမားပါပေတယ်။ ငယ်သေးမယ်လို့ အမြင်လည်း ကျယ်သင့်သလောက် ကျယ်နေပြီ”

“မူအာက ငါတို့ သင်ပေးထားတဲ့ကလေးပဲ။ အမြင်ကျယ်ရမှာ‌ပေါ့” ရွာလူကြီးက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။

All Chapters