← Chapters

တပ်မှူးပြန့်

Vol. 25 Ch. 339

တပ်မှူးပြန့်

Vol. 25 Ch. 339

အဘိုးအဘွားကိုးယောက်၏ နောက်ခံများကိုသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သိလျှင် ချင်မူက အဘယ်ကြောင့် သက်တူရွယ်တူများထက် အမြင်ကျယ်ပြီး စိတ်သဘောထားကြီးမြတ်နေသည်ကို နားလည်လိမ့်မည်။

ဒုက္ခိတဘိုးဘွားကျေးရွာက အဘိုးအဘွားကိုးယောက်က ချင်မူ၏ အရင်းဆုံးသွေးသားများလည်း ဖြစ်သလို၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများလည်း ဖြစ်ကြသည်။

ကိုးယောက်ထဲတွင် လက်ရှိမျိုးဆက်၏ တထာဂတ၊ မျိုးဆက်ဟောင်း လှံနတ်ဘုရား၊ တစ်လောကလုံးတွင် နံပါတ်တစ် ပန်းပဲပညာရှင် ရွှေအ၊ တစ်ခါတုန်းက ပြစ်ချက်ကင်း ချောမောခဲ့သော ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ဆေးဆရာ၊ ‌လောကတစ်ခွင်ရှိ နတ်ဘုရားများအပြင် မိစ္ဆာများကိုပါ ညှို့ငင်ဖမ်းစားနိုင်လောက်အောင် လှရက်လွန်းသော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ယခင်မျိုးဆက် ကောင်းကင်နတ်မယ်တို့ ပါရှိသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပန်းချီနတ်ဘုရားဟု တင်စားချီးမြှောက်ထားသော နားကန်း၊ ခြေတစ်ချောင်းပြတ်သွားသည့်တိုင် သူ့လက်ထဲမှ ရ‌အောင် ထွက်ပြေးနိုင်ခဲ့သော ထော့ကျိုးနှင့် နတ်ဘုရားများကို ဓားမဖြင့် ခုတ်ပိုင်းတိုက်ခိုက်ခဲ့သည့်အတွက် ကောင်းကင်ဓားမဟု အမည်ရသော သားသတ်သမားလည်း ပါဝင်သည်။

ထင်ရှားကျော်ကြားသော မျိုးဆက်ဟောင်းလူသားဧကရာဇ် ရွာလူကြီးလည်း ရှိသေးသည်။

အားလုံးက အမြင်ကျယ်၍ ပွင့်လင်းကြသူများ ဖြစ်၏။ တစ်ယောက်က စိတ်ခံစားချက်များသည်၊ တစ်ယောက်က သနားကြင်နာတတ်သည်၊ တစ်ယောက်က အသည်းမာသည်၊ တစ်ယောက်က ရွှတ်နောက်တတ်သည်၊ တစ်ယောက်က သိုသပ်သည်။ တစ်ယောက်က သွေးပူပြီး သူရဲကောင်းဆန်သည်။ တစ်ယောက်က လှည့်ဖျားတတ်သည်။ တစ်ယောက်က သွေးအေးသည်။ သို့သော် သူတို့အားလုံးက မွေးကင်းစကလေးငယ်တစ်ဦး၏ နှလုံးသားပမာ ရိုးသားကြလေသည်။

ဒုက္ခိတိဘိုးဘွားကျေးရွာ၊ ဒုက္ခိတဘိုးဘွားများကြောင့် ချင်မူက နှစ်ငါးရာမှ တစ်ခါပေါ်သော ပါရမီရှင်ပင် လေးစားရသော လူသားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့၏။

သို့သော် ချင်မူကတော့ သူ့ကိုယ်သူ ထူးခြားသည်မခံစားရပေ။ ဒုက္ခိတဘိုးဘွားကျေးရွာမှ ထွက်လာပြီးနောက် သူ့ကိုယ်သူ အစွမ်းအစမြင့်မားသည်ဟုလည်း မခံယူခဲ့ပေ။ သူက လောကသခင်ခန္ဓာဖြစ်သည့်အတွက် သူများထက် အနည်းအကျဉ်း သာနေသည်က သဘာဝသာ မဟုတ်ပါလော။ အထူးအဆန်းလုပ်နေစရာ မဟုတ်ပေ။

သို့ရာတွင် တခြားသူများ၏ မျက်လုံးထဲတွင်တော့ သူက မကောင်းဆိုးဝါးတစ်ကောင်အလားပင်။ အဆိပ်ပညာ၊ ဆေးပညာတွင်ဖြစ်စေ၊ ပန်းပဲပညာ၊ ပန်းချီပညာနှင့် လက်ရေးလှပညာတို့တွင်ဖြစ်စေ တတ်ကျွမ်းပေါက်မြောက်သူတစ်ယောက် ဖြစ်၏။

ချင်မူ၏ သိုင်းစွမ်းရည်ကသာ လူများ၏အာရုံကို မဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ သူ ဇွဲလုံ့လအပြည့်ဖြင့် အပတ်တကုတ် ကြိုးစားကျင့်ကြံခဲ့ပါသော်လည်း ပါရမီရှင်များ ကြယ်များသဖွယ် ထွန်းလင်းနေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မထင်ရှားသေးပေ။

သို့တိုင်အောင် ထိုမျှမထင်ရှားဆုံးသော သိုင်းစွမ်းရည်ဖြင့် ရွယ်တူများကို အနိုင်ယူပြီးနောက် ပန်ကုန်းစုန်ကို ထပ်တလဲလဲ အနိုင်ယူနိုင်ခဲ့သည်။

ဒုက္ခိတဘိုးဘွားကျေးရွာမှ ထွက်လာတုန်းက သင်္ချာနှင့်ပတ်သက်ပြီး ချင်မူ  ကန်းတစ်လုံးမျှ မသိခဲ့သော်လည်း နောက်ပိုင်း တဟုန်ထိုး တိုးတက်သွားခဲ့သည်။ တာအိုဂိုဏ်းသားများပင် ထိုက်ရွှမ်သင်္ချာကျမ်းကို သူ့လို နှံ့စပ်သိမြင်မည်မဟုတ်ပေ။ ချင်မူက တာအိုဂိုဏ်းသားမဟုတ်သည့်တိုင် ထိုက်ရွှမ်သင်္ချာကျမ်းကို ထုံးလိုမွှေ၊ ရေလိုနှောက် အသေးစိတ် လေ့လာထား၏။

စတင်လေ့လာသည့်အချိန်က နောက်ကျခဲ့သော်လည်း အဆုံးကို အရင်ဆုံး ရောက်ခဲ့သည်။ ဤကမ္ဘာပေါ်တွင် သင်္ချာစွမ်းရည်အရာ၌ သူ့ကို ပြိုင်နိုင်သူ များများစားစား မရှိပေ။

ချင်မူ့အကြောင်း ပိုသိရလေလေ၊ ဤလူငယ်က ထူးခြားလေလေဖြစ်သည်ဟု ဧကရာဇ်အတိုင်ပင်ခံ ခံစားရသည်။

“ရွှေစာအုပ်ထဲက အကြောင်းအရာတွေကို သင်္ချာညီမျှခြင်းတွေအဖြစ် တည်ဆောက်ချင်ရင် သင်္ချာကျွမ်းတဲ့လူတွေရဲ့ အကူအညီလိုလိမ့်မယ်”

ချင်မူ ရွှေစာအုပ်ကို သိမ်း၍ ဆက်ပြောသည်။ “ပထမဆုံးနည်း၊ ချီချယ့်တံတားနဲ့ ပတ်သက်ပြီးလို့ကတော့ ကျွန်တော် တစ်လအတွင်း တိုင်းတာပြီး သင်္ချာညီမျှခြင်း တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ ဒုတိယနည်း၊ ဆန်းကြယ်လမ်းညွှန်ရယ်၊ တတိယနည်း ကောင်းကင်ဖြတ်သန်းခြင်းရယ်ကတော့ တွက်ရမှာတွေ များလွန်းအားကြီးတယ်။ ကျွန်တော်တစ်ယောက်တည်း တွက်နေရင် တစ်နှစ်လောက်ကြာမှာ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ရွာလူကြီးနှင့် ထော့ကျိုးတို့၏ အမူအရာများ လေးနက်သွားသည်။ သင်္ချာညီမျှခြင်း တည်ဆောက်ရန် ရွှေစာအုပ်၏ ဟင်းလင်းပြင်ထောင့်တစ်ထောင့်ချင်းစီကို တွက်ချက်ပြီး ကိန်းဂဏန်းများကို သုံးကာ ဟင်းလင်းပြင်ထဲတွင် နည်းသုံးနည်း၏ ကိုဩဒိနိတ်များ ပြန်လည်တည်ဆောက်ရလိမ့်မည်။ ဤအချက်သည် အရေးအကြီးဆုံးဖြစ်၏။

သင်္ချာညီမျှခြင်းရလျှင် ရွှေစာအုပ်ထဲရှိ ကောင်းကင်တံတားနှင့် မိမိ၏ကောင်းကင်တံတားကို အချိုးချကာ ကိုဩဒိနိတ်များကို တွက်ချက်၍ မိမိကောင်းကင်ရတနာများထဲတွင် အဆိုပါနည်းလမ်းများအတိုင်း လှည့်ပတ်နိုင်လိမ့်မည်။

ထိုမှသာ ချီချယ့်တံတား၏ လျှို့ဝှက်ချက်များကို နားလည်ပြီး ချီချယ့်တံတားအား တည်ဆောက်နိုင်မည်။ ကောင်းကင်တံတားကို ပြုပြင်၍ ပြန်ဆက်ပြီးသည့်အခါ ဆန်းကြယ်လမ်းညွှန်၏ လျှို့ဝှက်ချက်များကို နားလည်အောင် လုပ်ရမည်။ ထိုအခါ ဆန်းကြယ်လမ်းညွှန်တံတားတစ်စင်းကို ဖန်ဆင်းကာ ကောင်းကင်နတ်ဘုံသို့ တက်နိုင်မည်။

ဆန်းကြယ်လမ်းညွှန်တံတားအား သိမြင်နားလည်ပြီးနောက်တွင် ကောင်းကင်ဖြတ်သန်းခြင်းတံတား၏ လျှို့ဝှက်ချက်များကို လေ့လာရမည်။

ချီချယ့်တံတား၊ ဆန်းကြယ်လမ်းညွှန်တံတားနှင့် ‌ကောင်းကင်ဖြတ်သန်းခြင်းတံတားတို့၏ တစ်နေရာရာတွင် အတွက်မှားခဲ့ပါက တံတားတစ်စင်းနှင့်တစ်စင်း ဆက်နိုင်တော့မည်မဟုတ်ပေ။ ခဲလေသမျှ သဲရေကျပြီး ကြိုးစားခဲ့သမျှ သဲထဲ ရေသွန် ဖြစ်သွားလိမ့်မည်။

“တာအိုဂိုဏ်းမှာ သင်္ချာအတော်ဆုံးက တာအိုသခင်ဟောင်းပဲ။ ဒါပေမဲ့ သူက အနားယူပြီး ဘယ်နေရာမှန်းမသိ ထွက်သွားတယ်။ နောက်တစ်ယောက်ကတော့ လက်ရှိတာအိုသခင် တောက်ကျစ်လင်းရွှမ် ဖြစ်လိမ့်မယ်”

ချင်မူ တိုင်းတာနေရင်းမှ ပြောလိုက်သည်။ “သူ့သင်္ချာစွမ်းရည်က အင်မတန် မြင့်မားတယ်။ သူ တာအိုဓားသိုင်း ကစားတာ ကျွန်တော် မြင်ဖူးတယ်။ သူ့သင်္ချာစွမ်းရည်က သိပ်ခိုင်မာတာပဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းကိုက်လာ၏။ “တာအိုဂိုဏ်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြား ဆက်ဆံရေး သိပ်အဆင်မပြေပေမယ့် ဘယ်တတ်နိုင်မလဲ သူတို့ကို ဖိတ်ခေါ်ရမှာပေါ့။ ရွှေစာအုပ်ကြောင့်တင်မဟုတ်ဘူး။ နေသူရိန်ခွင်းကောင်းကင်အမြှောက်အတွက်လည်း သူတို့ကို လိုတယ်။ အဲဒီလက်နက်က အင်မတန် အရေးပါတယ်၊ ငါတို့ မဖြစ်မနေ သွန်းလုပ်မှကိုရမှာ။ တာအိုဂိုဏ်းရဲ့ လူအင်အားသက်သက်နဲ့တင် ဒီနှစ်ခုကို အပြီးသတ်ဖို့ လုံလောက်မှာမဟုတ်ဘူး၊ ကျောက်စိမ်းမြို့တော်ငယ်ကိုလည်း သွားဖို့လိုသေးတယ်။ ဒါပေမဲ့....”

မြက်ခင်းလွင်ပြင် ရှိရာသို့ သူ လှမ်းကြည့်ပြီး ခေါင်းပိုကိုက်လာသည်။

မန်သီလူရိုင်းနယ်မြေ အရေးနိမ့်သွားပြီဖြစ်၍ ယခုအချိန်က မြက်ခင်းလွင်ပြင်ကို သိမ်းပိုက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ဤအခွင့်အရေးကို သူ လက်မလွှတ်နိုင်ပေ။

တာအိုဂိုဏ်းကို ဖိတ်ခေါ်ရမည်၊ ကျောက်စိမ်းမြို့‌တော်ဆီ သွားရမည်၊ လိုလန်ရွှေနန်းတော်ကို မြေလှန်ရန် မြက်ခင်းလွင်ပြင်ထဲ ချင်းနင်းဝင်ရောက်ရမည်။ အကုန်လုံးက အတိုင်းထက်အလွန် အရေးပါသော်လည်း သူ ကိုယ်မပွားတတ်ပေ။

မြောက်ပိုင်းတွင်လည်း ဝံပုလွေအသိုက်နယ်မြေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်နေဆဲ ရှိသေးသည်။ အကုန်လုံးကို တစ်ခါတည်း ကိုင်တွယ်ရပါက ဧကရာဇ်အတိုင်ပင်ခံ၏ခေါင်း ပေါက်ကွဲသွားလိမ့်မည်။

“ကျွန်တော် တာအိုသခင်နဲ့ ရင်းနှီးတယ်၊ တာအိုဂိုဏ်းကို သွားလိုက်မယ်။ တာအိုသခင်လင်းရွှမ်က နားချလို့ ရလောက်မှာပါ” ချင်မူ ပြုံးလျက် ဆက်ပြောသည်။ “ကျောက်စိမ်းမြို့တော်ငယ်ကိုလည်း သွားပေးလို့ရတယ်။ ဝမ့်မူရန်နဲ့ သူ့ဆရာ ခြေသလုံးအိမ်တိုင်ကျန်းကို တွေ့ခဲ့ဖူးတယ်”

“ငါက ခြေသလုံးအိမ်တိုင်ကျန်းကို သတ်ခဲ့တာ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေ၊ ကျောက်စိမ်းမြို့တော်ငယ်က မင်းကို ကြည်ကြည်ဖြူဖြူ ကြိုဆိုမှာမဟုတ်ဘူး”

ချင်မူ ရွာလူကြီးနှင့် ‌ထော့ကျိုးကို ကြည့်လိုက်သည်။

“ငါလည်း လုပ်စရာမရှိဘူးဆိုတော့ အပြင်ထွက်တုန်းလေး ဟိုနားဒီနား လျှောက်သွားကြည့်ရတာပေါ့”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သဘောပေါက်၍ ပြောလိုက်သည်။ “ဒါဆို နောင်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားပေးပါ။ ကျွန်တော် မြက်ခင်းလွင်ပြင်ကို ချေမှုန်းပြီး လိုလန်ရွှေနန်းတော်ကို မြေလှန်ပစ်မယ်”

“ရတနာတစ်ရာက ကျွန်တော့်ဟာ” ချင်မူ တမုဟုတ်ချင်း ပြောလိုက်သည်။ “ဘာမဆို ရွေးချယ်ခွင့်ပေးမယ်လို့ ဧကရာဇ်အတိုင်ပင်ခံ ကတိပေးထားတယ်နော်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အလေးအနက် ပြန်ဖြေလိုက်သည်။ “မပူပါနဲ့ ငါက အမြဲကတိတည်ပါတယ်”

ချင်မူ စိတ်အေးသွားပြီး ပြုံးလိုက်သည်။ “ဘိုးဘိုးရွာလူကြီး ၊ ဘိုးဘိုးထော့ကျိုး ချင်းမန်တံခါးဆီ ပြန်ကြစို့။ ရှုန်းရှီယွီတို့သားအမိနဲ့ ဖက်တီးနဂါးကို သွားခေါ်ရမယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဟဲ့လန်တံခါးဆီ ထွက်သွားပြီး ချင်မူတို့က ချင်းမန်တံခါးဘက် ပြန်ကာ ရှုန်းရှီယွီတို့ သားအမိကို သွားခေါ်သည်။ ထို့နောက် ချင်မူ ရွာလူကြီးကို ချီ၍ ‌ဆေးခြင်းထဲ ထည့်လိုက်၏။

ချင်မူ ရုတ်တရက် သတိရသွားသည်။ “သေစမ်း ကျွန်တော်မှ ကျောက်စိမ်းမြို့တော်ငယ်ကို မရောက်ဖူးတာ”

ရွာလူကြီးက ပျင်းရိပျင်းတွဲ ပြောသည်။ “ငါ ရောက်ဖူးတယ်။ အဲဒီမှာ ကပ်စေးနည်းပြီး အကြောတင်းတဲ့ လူအိုကြီးတွေပဲ ရှိတာ။ မင်း သူတို့ကို နားချနိုင်မှာမဟုတ်ဘူး”

ထော့ကျိုး လက်ဝါးနှစ်ဖက်ကို စိတ်လှုပ်တရှား ပွတ်လိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်၊ ငါ တစ်ခါမှ မရောက်ဖူးဘူး။ ဒီအထွတ်အမြတ်နယ်မြေကမှ မခိုးရရင် ငါ သူခိုးဖြစ်ရကျိုး မနပ်ဘူး။ အဘိုးကြီးမာလည်း ပါရင် ကောင်းမှာပဲ...”

ရှုန်းချီအာက ခေါင်းထောင်၍ ထော့ကျိုးကို ခပ်တည်တည် ကြည့်သည်။ “ဘိုးဘိုးထော့ကျိုး၊ သူများပစ္စည်း ခိုးရင် သေအောင် ရိုက်ခံရလိမ့်မယ်နော်”

‌ထော့ကျိုးက စိတ်မဆိုးဘဲ ကလေးမလေး၏ ခေါင်းကို ပွတ်ပေးကာ ပြုံးပြလိုက်သည်။ “ချီအာလေးရော ဒီကမ္ဘာပေါ်မှာ နံပါတ်သုံး ကောင်းကင်လက်ဖြစ်ချင်လား”

“ဖြစ်ချင်ပါတယ်” ကလေးမလေး၏အသံက ကျယ်လောင်ပြီး ပြတ်သား၏။

ဟဲ့လန်တံခါးတွင်

စစ်သူကြီးများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအား ဆုံးရှုံးမှုများ လာရောက်တင်ပြသည်။ အကျအဆုံးက အကြိုစစ်ပွဲလောက်ပင် သိပ်မများပေ။ ဝိညာဉ်လက်နက်များနှင့် ရိက္ခာများ၊ စွမ်းအင်ဆေးများလည်း ခြေရာလက်ရာမပျက် ကျန်သေး၏။

ဓားစံအိမ်သခင်နှင့် ယုယွမ်ချူးယွင်လည်း လာရောက်လျှောက်တင်၏။ “ဧကရာဇ်အတိုင်ပင်ခံ ဆေးစွမ်းအင်ကျောက်တုံးတွေ မကျန်တော့ပါဘူး”

“ဘာ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အထိတ်တလန့် အော်မိလိုက်သည်။

“စစ်တပ်အသစ်အတွက် ဆေးစွမ်းအင်ကျောက်တုံးတွေ ကုန်သွားပါပြီ” ဓားစံအိမ်သခင်က နောက်တစ်ကြိမ် ထပ်ပြောသည်။

“မဖြစ်နိုင်တာ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ငေါက်ခနဲ ထရပ်လိုက်၏။ “လေသင်္ဘောတွေမှာ ဆေးစွမ်းအင်ကျောက်တုံး သုံးလစာ ဖြည့်ထားတာလေ။ ဘယ်လိုလုပ် နေ့တွင်းချင်း ကုန်သွားနိုင်တာတုံး”

ဓားစံအိမ်သခင်က တုံးတိပြောသည်။။ “အမြှောက်တွေကြောင့် ကုန်သွားတာပါ”

“ဧကရာဇ်အတိုင်ပင်ခံ၊ တော်ဝင်ကျောင်းသားချင် အဆင့်မြှင့်ပေးလိုက်တဲ့ အမြှောက်တွေက စွမ်းအင်တအားစားပါတယ်။ ဆေးမီးဖိုအသစ်တွေကလည်း ဆေးစွမ်းအင်ကျောက်တုံး ပိုလိုလာတယ်။ စောစောက တိုက်ပွဲမှာ အမြှောက်တစ်လက်စီတိုင်းရဲ့ အမြှောက်အလင်းတန်းက အရင်ထက် အဆတစ်ရာ ပိုပြင်းထန်လာသလို၊ စွမ်းအင်လည်း အဆတစ်ရာ ပိုကုန်ပါတယ်။ ဒါကြောင့် ဆေးစွမ်းအင်ကျောက်တုံး မြန်မြန် ကုန်သွားတာပါ” ယုယွမ်ချူးယွင်က ရှင်းပြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စိတ်ပြန်ထိန်းကာ ပြောလိုက်သည်။ “ဒါဆို ငါတို့ စစ်တပ်အသစ်ကို မသုံးသင့်သေးဘူး။ ခြေလျင်တပ်နဲ့ သားရဲစီးတပ်ဖွဲ့ကိုပဲ ထွက်ပြေးသွားတဲ့လူတွေနောက် လိုက်ခိုင်းလိုက်။ စစ်တပ်အသစ်က အရင်ဆုံး အနားယူပြီး အစီအစဉ် ပြန်ချရမယ်။ ဆေးစွမ်းအင်ကျောက်တုံးတွေ ပို့တဲ့အချိန်ကျမှ ငါတို့ မင်းတို့တွေအတွက် တာဝန်အသစ်ပေးမယ်”

“ဧကရာဇ်အတိုင်ပင်ခံ၊ ကျွန်တော်တို့ စစ်တပ်အသစ်မှာ နာမည်မရှိသေးပါဘူး။ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ကျေးဇူးပြုပြီး နာမည်ပေးလို့ရမလားခင်ဗျာ” ယုယွမ်ချူးယွင် ပြောလိုက်သည်။

“ငါ နာမည်ပေးလိုက်ရင် စည်းကမ်းချိုးဖောက်ရာ ကျလိမ့်မယ်။ ဧကရာဇ်မင်းမြတ်ပဲ နာမည်ပေးပိုင်ခွင့်ရှိတာ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ခါ၍ သူတို့ကို ပြန်လွှတ်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။ ‘အကုန်လုံး ဘယ်လိုတောင် ကုန်သွားတာတုံး။ ဂိုဏ်းသခင်ချင်က ခက်ခဲနေတဲ့ မြို့တော်အခြေအနေကို ထည့်မတွက်ဘဲ လက်နက်တွေကို အဆင့်မြှင့်လိုက်တာထင်တယ်။ ပစ်အား မလောက်မှာ စိုးနေပုံရတယ်....’

ထိုအချိန်မှာပင် သားရဲစီးတပ်ဖွဲ့မှ သတင်းပို့တပ်သားတစ်ဦး ကပျာကယာ ရောက်လာသည်။ ခေါင်းကိုးလုံးငှက်တစ်ကောင်က မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျလာပြီး ကောင်းကင်နတ်သိုင်းသမားတစ်ဦး အသွင်ပြောင်းသွား၏။ သူက ခဲရာခဲဆစ် ဒူးတစ်ဖက်ထောက်၍ ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံ တပ်မှူးပြန့်က နတ်ဆေးသမားတော်လေးကို ရှေ့တန်းဆီ လာဖို့ တောင်းဆိုလိုက်ပါတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရင်ထဲ ထိတ်သွားသည်။ စစ်သည်အားလုံး အနားယူ၍ အစီအစဉ်ပြန်ချနေသော်လည်း တပ်မှူးပြန့်က ချင်းမန်စစ်တပ်ကို ဦးဆောင်၍ ရန်သူစစ်တပ်နောက် လိုက်သွားခဲ့၏။ သူက မန်သီလူရိုင်းနယ်မြေ၏ နန်းစိုက်မြို့တော် နဂါးဝါစံအိမ်ကို တိုက်ရိုက်စီးနင်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ပြန့်ကျန်းယွင်က ချင်းမန်တံခါးကို တစ်နှစ်ပတ်လုံး ဦးစီးကြီးကြပ်နေသူဖြစ်သည့်အတွက် မြက်ခင်းလွင်ပြင်နှင့် အလွန်ရင်းနှီး၏။ အထူးချွန်ဆုံးစစ်သည်များကို သူကိုယ်တိုင် ဦးဆောင်၍ နဂါးဝါစံအိမ်ဆီ ချီတက်သွားကတည်းက နတ်ဘုရားလိုအမြန်နှုန်းဖြင့် ထွက်သွားသည်ဟု ဆိုနိုင်သည်။ မြို့တော်ကို မသိမ်းပိုက်နိုင်ဘဲ နေမည်မဟုတ်။

“နတ်ဆေးသမားတော်ချင်က တာအိုဂိုဏ်းကို ထွက်သွားပြီ ဒီမှာမရှိတော့ဘူး။ ဘာဖြစ်လို့လဲ”

“မှော်ဆရာအဆိပ်”

ကောင်းကင်နတ်သိုင်းပညာရှင်က အင်္ကျီကို ဖွင့်၍ ရင်ဘတ်အား ပြသည်။ အသားက ပုပ်နေပြီး ပြည်တည်ဖုများစွာ ရွဲထနေ၏။ ကောင်းကင်နတ်သိုင်းပညာရှင်က အသက်ကို ရှိုက်၍ ရှူကာ ပြောသည်။ “ကျွန်တော်တို့ သွေးသောက်ညီနောင်တွေ အကုန်လုံး မှော်ဆရာအဆိပ်သင့်ပြီး အတော်များများ သေကုန်ကြပါပြီ။ နန်းတွင်းကောလိပ်က သမားတော်ပြောပုံအရ မှော်ဆရာတွေ ရေကို အဆိပ်ခတ်သွားတာပါ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရုတ်ခြည်း မျက်နှာထားတင်းသွားပြီး ထရပ်လိုက်သည်။ “ငါ့ကို လိုက်ပြ”

ကောင်းကင်နတ်သိုင်းပညာရှင်က ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းကို ကျင့်ကြံထားသူဖြစ်၍ ခေါင်းကိုးလုံးငှက်တစ်ကောင်အသွင် ပြောင်းရန် ပြင်လိုက်စဉ် ဧကရာဇ်အတိုင်ပင်ခံက မှော်စွမ်းအင်ဖြင့် သူ့ကို ချုပ်ကာ သူနှင့်အတူ လေပေါ် ပျံတက်လာစေလိုက်သည်။ “မှော်စွမ်းအင်မသုံးနဲ့။ မဟုတ်ရင် မှော်ဆရာအဆိပ်ပြန့်တာ ပိုမြန်သွားလိမ့်မယ်။ ငါ့ကို ဘယ်နေရာမှာလဲဆိုတာသာ ပြောပြချည်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် အလွန်မြန်၏။ သူ့ခြေထောက်အောက်ရှိ ဟင်းလင်းပြင်က လျင်မြန်စွာ ကျုံ့သွားသယောင် ထင်ရသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ဧကရာဇ်အတိုင်ပင်ခံ  မိုင်တစ်ထောင်ကျော်ခရီးကို ဖြတ်သန်း၍ ပြန့်ကျန်းယွင်၏တပ်ဖွဲ့အား မှီသွားသည်။

မိုးပေါ်မှ ပြန်မဆင်းခင်မှာပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကြက်သေသေသွား၏။

လူ့အလောင်းများ၊ သားရဲအလောင်းများက ပတ်ပတ်လည်ရှိ မြက်ခင်းလွင်ပြင်တစ်လျှောက်လုံး အပြည့်ဖုံးနေသည်။ ပြန့်ကျန်းယွင် ဦးဆောင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်သာ မဟုတ်၊ မြက်ခင်းလွင်ပြင်တွင် မျိုးရိုးစဉ်ဆက် နေထိုင်လာခဲ့ကြသော လူရိုင်းသားများနှင့် သတ္တဝါများလည်း သေဆုံးနေကြသည်။

အလောင်းများ ပုပ်နေသည့်နှုန်းက တစ်လောင်းနှင့်တစ်လောင်း မတူပေ။

ကောင်းကင်ထက်တွင် ယင်မည်းမည်းကြီးများ တဝီဝီအုံဖွဲ့ပျံသန်းနေကြသော်လည်း တစ်ကောင်မှ မြေပေါ်မဆင်းဝံ့ကြပေ။ ဆင်းဝံ့သည့်အ‌ကောင် သေရလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏မျက်ဝန်းများ လှုပ်ခတ်သွားသည်။ ရုတ်တရက် သူ့အနောက်ရှိ ကောင်းကင်နတ်သိုင်းသမားက အင့်ခနဲ ညည်းတွားပြီး အတွင်းကလီစာများနှင့် သွေးများ အန်ထုတ်ကာ သေဆုံးသွား၏။ သူ၏အလောင်းက ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စိတ်လေးလံလာသည်။ နတ်ဆေးသမားတော်ချင်မူ ဤနေရာသို့ လာလျှင်ပင် မည်သို့မျှ တတ်နိုင်မည်မဟုတ်ပေ။ လိုလန်ရွှေနန်းတော်က မြက်ခင်းလွင်ပြင်ကို အဆိပ်ခပ်ခဲ့သည့်အတွက် အဆိပ်ကူးစက်နှုန်းက ပြင်းထန်လွန်း၏။

ဧကရာဇ်အတိုင်ပင်ခံ လက်သီးတင်းတင်းဆုပ်၍ အလောင်းများကြားမှ လျှောက်သွားလိုက်သည်။ ပြန့်ကျန်းယွင်၏ဘေးတွင် အသက်ရှင်နေသေးသော စစ်သည်များ ရှိသော်လည်း သူတို့၏ခန္ဓာကိုယ်များက လျင်မြန်စွာ ပုပ်နေပြီဖြစ်သည်။

ပြန့်ကျန်းယွင်ကို ကြည့်လိုက်သည့်အခါ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွား၏။ ဤလူ၏ ကျင့်စဉ်စွမ်းအင်က သိပ်သည်းသည့်အတွက် မှော်ဆရာအဆိပ်မှာ သူ့အနား မကပ်နိုင်ပေ။ သို့သော် တပ်မှူးအိုကြီးမှာ ငေးကြောင်လျက်သား ရှိ၏။ အဆိပ်ကြောင့် အသက်မရှိတော့သော သူ့သားတပ်မှူးလေး၏ အလောင်းက သူ့ဘေးတွင် လဲနေသည်။

“တပ်မှူးပြန့်....” ပြန့်ကျန်းယွင် ငိုင်တွေစွာဖြင့် ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများက အသက်မဲ့နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ နောက်ပြန်လှည့်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “မင်းတို့တွေ ဒီမှာပဲနေ တံခါးထဲ မဝင်ကြနဲ့”

ပြန့်ကျန်းယွင်က လမ်းလျှောက်ထွက်သွားသော သူ၏ကျောပြင်ကို ကြည့်၍ ရုတ်တရက် အော်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဒီမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သားတွေ ရှိပါသေးတယ်။ အကုန်လုံးကို ဒီတိုင်းသေခွင့်မပေးနိုင်ပါဘူး...”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ် တုန်ရီသွားသော်လည်း သူ၏ခြေလှမ်းများက မရပ်ပေ။ ဟဲ့လန်တံခါးဆီ ဆက်လျှောက်သွား၏။

တံခါးထဲရောက်သည့်အခါ အစိမ်းရောင် ဘူးသီးခြောက်များ သယ်ထားသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို ဧကရာဇ်အတိုင်ပင်ခံ ကြည့်လိုက်သည်။ မည်သူမှ အသံမထွက်ကြပေ။

“စကြစို့” ဧကရာဇ်အတိုင်ပင်ခံ မျက်လုံးများကို မှိတ်၍ လက်ဝှေ့ယမ်းလိုက်သည်။ “မြက်ခင်းလွင်ပြင်ကို ရေလွှမ်းပြီး မှော်ဆရာအဆိပ်ကို ဆေးကြောကြစို့”

ဘူးသီးခြောက်များ ပွင့်လာကာ တိမ်မည်းများက မြက်ခင်းလွင်ပြင်၏ ကောင်းကင်ကို လွှမ်းမိုးသွားသည်။ မိုးကြိုးတန်းများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းပြီး ကောင်းကင်ထက်မှ မိုးပေါက်များ သည်းသည်းထန်ထန် ရွာကျလာ၏။

ဆယ်ရက်ကြာသော် မိုးစဲသွားသည်။ ထိုအချိန်တွင် မြက်ခင်းလွင်ပြင်မှာ ရေပြင်ကြီး ဖြစ်နေခဲ့ချေပြီ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မြက်ခင်းလွင်ပြင်ထဲ ဝင်လိုက်သည့်အခါ ရေအောက်ထဲရောက်နေသော အလောင်းများကို မြင်လိုက်ရသည်။ ချင်းမန်တပ်ဖွဲ့ကို တွေ့သော်လည်း ပြန့်ကျန်းယွင်တစ်ယောက်သာ အသက်ရှင်တော့၏။ ကျန်ရှိသူများအားလုံး အဆိပ်သင့်ကာ သေဆုံးသွားကြပြီဖြစ်သည်။

“တပ်မှူးပြန့် တံခါးဆီ ပြန်ကြရအောင်” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နူးညံ့ပျော့ပျောင်းသောလေသံဖြင့် ပြောလိုက်သည်။

ပြန့်ကျန်းယွင်က သူ့ကို ငေးငေးငိုင်ငိုင် ကြည့်၍ တုန်ရီအက်ကွဲစွာ ဆိုသည်။ “ကျုပ် သူတို့တွေကို ခေါ်လာပေမယ့် ပြန်မပို့ပေးနိုင်လို့ သူတို့နဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်ရွံ့မိပါတယ်... ဧကရာဇ်အတိုင်ပင်ခံ ၊ ကျုပ်တို့အလောင်းတွေကို အင်ပါယာဆီ ပြန်သယ်သွားပေးပါ။ ကျုပ် ခင်ဗျားတို့ကို မျက်နှာချင်းမဆိုင်ဝံ့ပါဘူး”

ဧကရာဇ်အတိုင်ပင်ခံ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန့်ကျန်းယွင်က ဓားကို ဆွဲထုတ်၍ သူ့ခေါင်းသူ ဖြတ်လိုက်သည်။ သူက ခေါင်းပြတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေး၏။

ဧကရာဇ်အတိုင်ပင်ခံ တစ်ခေါင်းလုံးဆံဖြူများ ပြည့်နေသော သူ၏ခေါင်းကို ကိုင်လိုက်သည့်အခါ ပြန့်ကျန်းယွင်၏အလောင်းက မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားချေပြီ။

All Chapters