မိုဝူကျိ၏ သတင်း
Vol. 75 Ch. 1034
နတ်ဘုရားဘုရင် ယင်မုက အခြေအနေ မဟန်ကြောင်း သိ၍ မြန်မြန်ဆန်ဆန် ပြောလိုက်သည် “ ချူယို့ … အဲဒီ နတ်ဘုရားဘုရင်တွေက သီးသန့်လာရောက် တွေ့ဆုံတာလေ။ သူတို့အတွက်လည်း မလွယ်လှဘူး။ မင်း စိတ်ရှုပ်အောင် သွားမလုပ်သင့်ဘူးလေ ”
ချူယို့အား အနည်းငယ် ဆူပူပြီးနောက် နတ်ဘုရားဘုရင် ယင်မုက ယောင်ရှီးတို့အဖွဲ့အား လက်နှစ်ဖက် ယှက်ကာ “ တာအိုရောင်းရင်းတို့ … ချူယို့က နယ်လှည့်ကျင့်ကြံသူ တစ်ဦးကို လေးစားသဘောကျခဲ့တာတော့ အမှန်ပါ။ အကြောင်းအရင်းကလည်း အဲဒီသူက သူမအသက်ကို ကယ်ပေးခဲ့လို့ပါပဲ …. ဒါပေမဲ့ အဲဒီသူက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲမှာ ပျောက်ကွယ်သွားတာ ကြာလှပါပြီ။ ကျုပ်တို့က ချူယို့ရဲ့ စိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိမှာကို စိုးရိမ်လို့ သူမဆီကနေ လျို့ဝှက်ထားကြတာပါ။ ချူယို့ရေ … ”
နတ်ဘုရားဘုရင်က ချူယို့ကို ကြည့်လိုက်သည့်အချိန် သူမက ကြောင်အမ်းအမ်း အမူအယာ ဖြစ်နေလေ၏။ သူမ မျက်ဝန်း၌ ဝမ်းနည်းမှုများနှင့် ဖုံးလွှမ်းနေသည်။
နတ်ဘုရားဘုရင် ယင်မုက သက်ပြင်းချကာ ဆက်ပြောလိုက်သည် “ ချူယို့ … မင်းက ကျေးဇူးတရားကို သိတတ်တဲ့သူမှန်း ငါတို့ သိပါတယ်ကွယ်။ မင်းဆီကနေ ဖုံးကွယ်ထားဖို့ လိုလားတာတော့ မဟုတ်ပါဘူး။ မင်းရဲ့ ပါရမီက အရမ်းကို ထူးချွန်လွန်းတယ်လေ။ တကယ်လို့ မင်းသာ ဒီကိစ္စကို သိသွားခဲ့ရင် မင်း နတ်ဘုရားဘုရင်အဆင့် တက်လှမ်းရာမှာ အခက်အခဲ ဖြစ်မှာ စိုးလို့ပါ ”
“ ဒီလိုကိုး ” ကြယ်ဖုံးတောင်၏ အကြီးအကဲ ယောင်ရှီးက ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ သူက နားလည်သည့် ဟန်ပန်ဖြင့် “ ဒီဂျူနီယာလေးက ကျေးဇူးတရားကို သိတတ်တာက တကယ်လို့ ရှားပါးတဲ့ အရည်အချင်းပဲ။ သူလည်း ပြန်လည် ဝင်စားဖို့ သံသရာစက်ကွင်းဆီ ရောက်နေလောက်ပါပြီ။ မင်းတို့ နှစ်ယောက်လုံး ဆက်ခံစားနေဖို့ မလိုပါဘူး။ ဂျူနီယာလေးအနေနဲ့ ဒီအချက်ကို လက်ခံဖို့ ကြိုးစားသင့်တယ်။ မင်းအနေနဲ့ မင်းကို ကူညီပေးခဲ့တဲ့သူကို စိတ်ပျက်စေလို့ မဖြစ်ဘူးလေ ”
ယောင်ရှီး စိတ်ထဲ၌ ချူယို့ကို ပို၍ သဘောကျမိသွားသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျေးဇူးတရားကို သိတတ်သူသည် ဆိုးရွားသည့်သူ မဖြစ်နိုင်ပေ။
သူမက ယောင်ရှီး စကားများကို သဘောတူသလား၊ မတူသလား မသိရပေ။ သို့သော်လည်း ချူယို့ မျက်ဝန်းထဲရှိ ဝမ်းနည်းမှုမှာ ပျောက်ကွယ်သွားလေ၏။ သူမက ပြန်လည် တည်ငြိမ်လာကာ နတ်ဘုရားဘုရင် ယင်မုနှင့် နတ်ဘုရားဘုရင် မော့ဟိုင်တို့အား လှည့်ကြည့်လိုက်ရင်း “ တည်ထောင်သူအရှင်တို့ …. ဒီတပည့်လေးရဲ့ နှလုံးသားက ဝူကျိကို တောင့်တနေဆဲဆိုတော့ နတ်ဘုရားဂူသင်္ချိူင်းဆီ တစ်ချက် သွားကြည့်ချင်ပါတယ်။ အရှင်တို့ ခွင့်ပြုပေးဖို့ မျှော်လင့်မိပါတယ်ရှင့် ”
နတ်ဘုရားဘုရင် ယင်မုက တုန်လှုပ်သွားကာ ဆူလိုက်သည် “ ချူယို့ … နတ်ဘုရား ဂူသင်္ချိုင်းထဲ ဝင်သွားတဲ့သူတွေ ဘယ်သူမှ အသက်မရှင်ဘူးဆိုတာ မသိဘူးလား။ အဲဒီ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားကနေ နတ်ဘုရား အသွင်သဏ္ဍာန်ကျောက်တွေ ဘယ်လို ထွက်လာတာလဲဆိုတာ မသိဘူးလား။ အထဲဝင်သွားတဲ့သူတွေက ကူးပြောင်းရေး အစီအရင်နဲ့ ပြန်ပို့ပေးတာလေ။ ဟိုအရင်ကတည်းက နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားကနေ ထွက်လာတဲ့သူကို မြင်ဖူးလို့လား။ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားထဲ ဝင်သွားတဲ့သူတိုင်း သူတို့ အသက်ဓာတ် ပျက်စီးသွားလိမ့်မယ် ”
ချူယို့၏ အမူအယာမှာ ပြတ်သားလှပေသည်။ သူမက ဦးညွှတ်၍ “ ဒီတပည့်လေးက နတ်ဘုရား ဂူသင်္ချိူင်းကို တစ်ချက် သွားကြည့်ရမှ ဖြစ်ပါမယ်။ မဟုတ်ရင် တပည့်အနေနဲ့ ဆက်လက် ကျင့်ကြံဖို့ ငြိမ်းချမ်းတဲ့ စိတ်နှလုံးသားကို ဘယ်တော့မှ ရှာမတွေ့ဘဲ နေပါလိမ့်မယ် ”
နတ်ဘုရားဘုရင် မော့ဟိုင်က ချူယို့ အတွေးများကို နားလည်သည့်အလား သက်ပြင်းချကာ ဝင်ပြောလိုက်၏ “ သူမကို သွားခွင့်ပေးလိုက်ပါ ”
သူက ကူကယ်ရာမဲ့မှုကိုသာ သက်ပြင်းချရတော့သည်။ သူက နတ်ဘုရားနယ်မြေ၏ မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် လေးယောက်မြောက် ဖြစ်သော်လည်း သူ့ဂိုဏ်းမှ တပည့်လေးကို မကူညီပေးနိုင်သေးပေ။
“ ကျုပ်လည်း နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားကို ကြားဖူးပါတယ်။ ဘယ်သူမှ အသက်ရှင်လျက် ထွက်မလာနိုင်ဘူးဆို … တကယ်လို့ ဂျူနီယာလေးက သူ့ကျေးဇူးရှင်ကို သွားရှာချင်ရင် ကျုပ်လည်း တစ်ချက်လောက် လိုက်ကြည့်ချင်ပါတယ် ” ယောင်ရှီးက သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။
နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားထဲ၌ ဆယ်ယောက်အနက် ကိုးယောက် သေဆုံးနိင်သည်ဟု ကောလဟာလ ရှိသော်လည်း လက်တွေ့၌ ဆယ်ယောက်အနက် ဆယ်ယောက်လုံး အသက်မရှင်နိုင်ကြပေ။ ထိုတောင်ကြားမှ လူများ ပြန်ထွက်လာနိုင်သည့် အခိုက်အတန့် ရှိကောင်း ရှိနိုင်သော်လည်း ချွင်းချက်များထဲမှ ချွင်းချက်တစ်ခုအဖြစ်သာ ဖြစ်နေ၏။ လက်တွေ့၌ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားထဲ ဝင်သည့် ကျင့်ကြံသူတိုင်း သူတို့ အသက်ဓာတ် ပျက်စီးသွားပြီး သေဆုံးကြရသည်။ နတ်ဘုရားဘုရင်များပင် ချွင်းချက် မဖြစ်နေပေ။ အထဲရှိ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်များအတွက်မူ ကျင့်ကြံသူများ၏ အသက်နှင့် အလဲအလှယ် လုပ်ထားခြင်းသာ ဖြစ်၏။ တစ်ခါတစ်ရံ၌ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် တစ်ခုအတွက် အသက် ဆယ်သက်လောက် လဲလိုက်ရသည်။
“ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားက ငါတို့ နတ်ဘုရားနယ်မြေရဲ့ မရဏနယ်မြေအဖြစ် ကျော်ကြားတယ်။ ကျုပ် ထျဲ့လန်ရှန်းလည်း သွားကြည့်ရမယ် ” ဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ထျဲ့လန်ရှန်းကလည်း ထရပ်ကာ ဖြောင့်မတ်သည့် အမူအယာဖြင့် ပြောလိုက်သည်။
သူ့တပည့်လေး ဝမ်ယွင်ချန်းအတွက် သူ့အနေနှင့် အားစိုက်ထုတ်ဖို့ လိုလားပေသည်။
ကျင့်ကြံသူများ အစုအရုံးအဖွဲ့ခေါင်းဆောင် ရှုဖျင်ကလည်း တုံ့ဆိုင်းမနေဘဲ ဝင်ပါလိုက်သည်။ သူက ချူယို့၏ အကျင့်စရိုက်အား ပို၍ ကျေနပ်မိသွားသည်။ အကယ်၍ ချူယို့သာ သူ့ရှုမျိုးနွယ်ထဲ ဝင်ရောက်လာလျှင် ရှုမျိုးနွယ်၌ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ရှိသည့် အဖွဲ့ဝင် ပိုင်ဆိုင်ပြီးသား ဖြစ်သွားပေမည်။ ပို၍ အရေးကြီးသည်က ချူယို့၏ မျိုးဆက်သည်လည်း သေချာပေါက် ထိပ်တန်း ပါရမီရှင်များသာ ဖြစ်နေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ သူက ချူယို့အပေါ် လက်မလျော့လိုပေ။
အကယ်၍ သူ့သားဖြစ်သူ ရှုရှာက ချူယို့အား နှစ်သက်နေခြင်း မဟုတ်လျှင် သူကိုယ်တိုင် ကြိုးစားမိလောက်သည်။ ပုံမှန်အားဖြင့် ချူယို့၏ အလှတရားသည်လည်း အရေးပါပေသည်။ သို့သော် သူမ၏ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်သည် ပို၍ အရေးကြီးနေ၏။ အကယ်၍ ချူယို့သာ သူ့ ရှူဖျင်၏ တာအိုလက်တွဲဖော် ဖြစ်လာလျှင် သူ့အနေနှင့် နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်၍ သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းနိုင်ပေလိမ့်မည်။
သူ့စိတ်ထဲ၌ စိတ်အားထက်သန်နေသော်လည်း ရှူဖျင်က တည်တည်ငြိမ်ငြိမ်သာ ရှိနေသေး၏။ သူက ကျင့်ကြံသူ အစုအရုံးအဖွဲ့၏ ခေါင်းဆောင် ဖြစ်သောကြောင့် အမျိုးသမီးတစ်ယောက်အတွက် သားဖြစ်သူနှင့် ပြန်မလုချင်ပေ။
သူက ချူယို့၏ အကူအညီ လိုအပ်လျှင်ပင် ချူယို့တစ်ယောက် သူ့ရှုမျိုးနွယ်ထဲ ရောက်လာသည့်အထိ စောင့်ဆိုင်းရမည်။
ချူယို့က နတ်ဘုရားဘုရင်များ သူမနောက် လိုက်ပါလိုသည့်အကြောင်းကို ကြားဟန် မပေါ်ပေ။ သူမက နတ်ဘုရားဘုရင် ယင်မုနှင့် မော့ဟိုင်တို့အား ခွင့်တောင်းပြီးနောက် ဝမ်ချွမ်းတာအိုကျောင်းတော် ဧည့်ခန်းမမှ လှည့်ထွက်သွားတော့သည်။
နတ်ဘုရားဘုရင် ယင်မုက သူမနောက် မြန်မြန်ဆန်ဆန် လိုက်သွားလိုက်သည်။ သူက သူမအား အဆောင်တစ်ရွက် ထုတ်ပေးကာ “ ချူယို့ … နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားကို သွားရမဲ့ ခရီးက အရမ်းရှည်ကြာလွန်းတယ်။ ငါ့ဆီမှာ မင်းအတွက် ကူးသန်းအဆောင်တစ်ရွက် ရှိတယ်။ အဲဒါက မင်းကို နတ်ဘုရားဂူသင်္ချိုင်းတောင်ကြား အပြင်ဘက်အထိ ပို့ပေးလိမ့်မယ်။ သတင်းတွေအရတော့ မိုဝူကျိကို မုန်ညှင်းနက်ကုန်သည်အိမ်တော် အဖွဲ့အစည်းက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ အတင်းအကျပ် ဝင်ခိုင်းခဲ့တာတဲ့ … မင်း သွားကြည့်ပြီးရင် လက်စားချေဖို့ မုန်ညှင်းနက် ကုန်သည်အိမ်တော်ဆီ ပြန်လာလို့ရတယ်။ စိတ်ချနေပါ …. ငါတို့ ဝမ်ချွမ်းတာအိုကျောင်းတော်က မင်းကို ထောက်ပံ့ပေးမှာပါ ”
ချူယို့က အဆောင်ကို လက်ခံယူလိုက်ပြီးနောက် နတ်ဘုရားဘုရင် ယင်မုအား ပြန်ကြည့်လိုက်သည်။ သူမ မျက်ဝန်း၌ စိတ်ပျက်မှုနှင့် ယူကျုံးမရ ဖြစ်မှုတို့က ဖြတ်ခနဲ ဖြတ်ပြေးသွားလေ၏။ သူ့ကို နှုတ်ဆက်ပြီးနောက် သူမက ကူးသန်းအဆောင်ကို ချေမွပစ်လိုက်သည်။
မိုဝူကျိ သေဆုံးသွားသည်ဟု ကြားလိုက်ရသည့်အချိန် သူမ ခံစားမိသော ဝမ်းနည်းမှုနှင့် ယှဉ်လျှင် ယခုအခါ လုံးဝကို တည်ငြိမ်နေပြီ ဖြစ်၏။
မိုဝူကျိနှင့် အတူ ကုန်ဆုံးခဲ့သော အချိန်မှာ သိပ်မကြာမြင့်သော်လည်း သူမက သူ့အား ကောင်းကောင်း နားလည်ပေသည်။ အကယ်၍ မိုဝူကျိသာ ကုန်သည်အိမ်တော် လိမ်လည် လှည့်စားခံရကာ အဖမ်းခံခဲ့ရပြီး နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ရှာဖို့ စေလွှတ်ခံခဲ့ရလျှင် မိုဝူကျိအနေနှင့် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်မည် မဟုတ်ပေ။
မိုဝူကျိက နတ်ဘုရားဘုရင်များ လက်မှ လွတ်မြောက်နိုင်ခဲ့သည်မှာ ကံကောင်းမှုကြောင့် မဟုတ်ပေ။ မိုဝူကျိ၏ စွမ်းရည်အရ သူ့အနေနှင့် ဝမ်ချွမ်းတာအိုကျောင်း၏ အပြစ်ပေးစင်မြင့်အထိ ရောက်အောင် လာခဲ့ပြီး ဘေးကင်းကင်း ထွက်သွားနိုင်ခဲ့သည်။ သူက ကုန်သည်အိမ်တော်တစ်ခုကြောင့် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ပို့လွှတ်ခံရသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
အခြားလူများက မိုဝူကျိသည် သူမကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသည်ဟု ထင်မှတ်ကြပေသည်။ အကြောင်းမှာ သူက သူမအား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို ပေးခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း သူမ တစ်ယောက်တည်းသာ မိုဝူကျိက သူမအပေါ် ကျေးဇူးတင်၍ ပေးကြောင်း သိပေသည်။ အချစ် မပါရှိပေ။ သူ့အသက်ကို စတေး၍ ဝမ်ချွမ်းတာအိုကျောင်းတော်၏ အပြစ်ပေးစင်မြင့်ဆီ လာခဲ့စဉ်အခါကလည်း အချစ် မပါပေ။
စကြဝဠာကြီးထဲ၌ မိုဝူကျိ တစ်ယောက်တည်းသာ ကျေးဇူးတရားကြောင့် ဤမျှအထိ ပေးဆပ်ပေလိမ့်မည်။
သူမ မိုဝူကျိနှင့် အတူ ကုန်ဆုံးခဲ့ရသော အချိန်မှာ တိုတောင်းလွန်းလှပေသည်။ အသက်ရှိုက်စာအချိန်တိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေလောက်သည့်အထိ တိုတောင်းလွန်းလှသည်။ မိုဝူကျိ ထွက်သွားသည့်အခါ သူမက မိုဝူကျိလိုမျိုး တာအိုလက်တွဲဖော် ရှာတွေ့ဖို့ရာ မဖြစ်နိုင်ကြောင်း သိလိုက်သည်။
သူတို့နှစ်ယောက်ကြား၌ ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်ချက် ရှိသည့်အကြောင်း ထည့်ပြောဖို့ပင် မလိုပေ။ အကယ်၍ သူတို့ကြား၌ တစ်ခုခု မရှိနေလျှင်ပင် သူမအနေနှင့် တာအိုလက်တွဲဖော် လိုအပ်နေပြီး ထိုတာအိုလက်တွဲဖော်က မိုဝူကျိ ကဲ့သို့ ဖြစ်ရမည်။ သို့သော်လည်း မိုဝူကျိက တစ်ယောက်တည်းသာ ရှိပြီး သူမသည်လည်း မိန်းကလေး တစ်ဦး ဖြစ်နေသည်။ သူမအနေနှင့် မိုဝူကျိအား တာအိုလက်တွဲဖော် ဖြစ်လိုကြောင်း ပွင့်ပွင့်လင်းလင်း မပြာပြနိုင်ပေ။
မိုဝူကျိ တစ်ယောက် သူမဂိုဏ်း၏ လုပ်ကြံခြင်း ခံရာမှ စ၍ သူမ၏ ခံစားချက်များကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ သူက ဝမ်ချွမ်းတာအိုကျောင်းတော်သို့ တစ်ယောက်တည်း လာရောက်၍ သူမအား ကယ်တင်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူမ ညီမဖြစ်သူက နေရာအစားဝင်ထားပြီး မိုဝူကျိအား လုပ်ကြံခဲ့ပြီး အပြင်းအထန် ဒဏ်ရာ ရစေခဲ့သည်။ ထိုအချိန်မှစ၍ သူမက ခံစားချက်များကို ချိုးနှိမ်ထားနိုင်စွမ်း မရှိတော့ပေ။ သူမက သူမအား လာရောက်တောင်းရမ်းကြသည့် လူအမျိုးမျိုးကို ဂရုမစိုက်ပေ။ သူမက မိုဝူကျိ၏ တာအိုလက်တွဲဖော် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ မိုဝူကျိက သူမအား အလိုမရှိလျှင်ပင် သူမက နောင်တမရပေ။ ဤဘဝ၌ သူမက ဒုတိယလူ ရှာမည် မဟုတ်ပေ။
လက်တွေ့၌ ချူယို့က မိုဝူကျိ၏ တာအိုလက်တွဲဖော် ဖြစ်ကြောင်း မကြေညာထားလျှင်ပင် တခြားသူများက ယုံကြည်ကြဦးမည် ဖြစ်၏။ မဟုတ်လျှင် မိုဝူကျိက သူမအား အဘယ်ကြောင့် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးမည်နည်း။ တကယ်တော့ လူတော်တော်များများက သူတို့တာအိုလက်တွဲဖော်များကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးကြမည် မဟုတ်ပေ။
ထို့ကြောင့် သူမက နတ်ဘုရားနယ်မြေတစ်ဝှက် သွားလာရင်း မိုဝူကျိကို ရှာဖွေခဲ့သည်။ သို့သောလည်း သူမက မိုဝူကျိ၏ ခြေရာလက်ရာကို မတွေ့မိပေ။ သူမက မိုဝူကျိနှင့် ကံမစပ်ကြောင်း သိရှိလိုက်တော့သည်။ အကယ်၍ ကံတရားသာ ရှိနေဦးမည် ဆိုလျှင် မိုဝူကျိက သူမ သူ့ကို ရှာနေမည်ကို သိကာ သူမအား လာရောက်တွေ့ဆုံလိမ့်မည်။
တစ်ဖက်တွင် ချူယို့က ဝမ်ချွမ်းတာအိုကျောင်းတော်အား လုံးဝ စိတ်ပျက်နေမိသည်။
သူတို့က မိုဝူကျိအား ထောင်ချောက်ဆင်ထားရုံသာမက သူမအား ဂိုဏ်းကောင်းကျိုးအတွက် ရောင်းချဖို့ ကြိုးစားနေကြသေး၏။
သူမက နတ်ဘုရားဘုရင် ယင်မုသည် မိုဝူကျိတစ်ယောက် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ရောက်သွားသည့်အကြောင်း သူမအား လိမ်ညာနေကြောင်း သိသော်လည်း သူမက သွားကြည့်ဦးမည်သာ ဖြစ်သည်။
အကြောင်းမှာ သူမတွင် တခြားရွေးချယ်စရာ မရှိ၍ ဖြစ်ပေသည်။
အကယ်၍ သူမက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ မသွားလျှင် သူမက ဤမိသားစု သုံးခုထဲမှ တစ်ခုကို ရွေးချယ်ရလိမ့်မည်။ မိသားစု သုံးခုလုံး အတူတူ ရောက်လာသောကြောင့် အကျိုးကျေးဇူးတော့ ရသွားသည်။ သို့သော် ဤအချိန်၌ ဆိုးကျိုးလည်း ရှိပေသည်။ ပြန်နောက်ဆုတ်ရမည့် လမ်း မရှိတော့ချေ။ သူတို့က သူမ တာအိုလက်တွဲဖော် ဖြစ်ဖို့ရာ ယှဉ်ပြိုင်ကြလိမ့်မည်။
နတ်ဘုရားဘုရင် ယင်မုက သူမအား မိုဝူကျိအပေါ် လက်လျော့သွားစေပြီး မိသားစု တစ်ခုခုအား ရွေးချယ်စေဖို့ရာ လိမ်ညာခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ချူယို့က နတ်ဘုရားဘုရင် ယင်မုအား ကျေးဇူးတင်မိသေး၏။ အနည်းဆုံးတော့ သူက သူမအား သေဆုံးဖို့ ရွေးချယ်မှုတစ်ခု ပေးခဲ့သေးသည် မဟုတ်ပါလော။ မဟုတ်လျှင် သူမအနေနှင့် ထိုရွေးချယ်မှုကို ရရှိမည် မဟုတ်ပေ။
နတ်ဘုရားဘုရင်များ ခန်းမထဲမှ ထွက်လာသည့်အခါ ချူယို့က ထွက်သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည့်အတွက် တုန်လှုပ်သွားကြသည်။ နတ်ဘုရားဘုရင် ယင်မုက မြန်မြန် ပြောလိုက်သည် “ ကျုပ်ဆီမှာ အဆင့်မြင့် ကူးသန်းအဆောင် ရှိပါသေးတယ်။ အားလုံး အတူတူ ရပ်လိုက်ကြပါ … ကျုပ် အဆောင်ကို အသက်သွင်းလိုက်မယ် ”
နတ်ဘုရားဘုရင် ယင်မု၏ စကားများက အားလုံးကို နားလည်သွားစေသည်။ ချူယို့သည် မိန်းကလေး တစ်ယောက် ဖြစ်သောကြောင့် ကျန်လူများနှင့် အတူတူ ကူးသန်းအဆောင် သုံးဖို့ မသင့်ချေ။ ယင်မု၏ အပြုအမူက ချူယို့အား ကူညီပေးလိုက်ရုံသာမက အားလုံးကိုလည်း ဂရုစိုက်ပေးလိုက်သလို ဖြစ်၏။ ချူယို့က သူတို့မိသားစုဝင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။
အဖြူရောင်အလင်း ထွက်ပေါ်လာပြီးနောက် သူတို့အား ရစ်ပတ်သွားသည်။ ထို့နောက် သူတို့ ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။
“ ထွက်သွားတဲ့သူက ဂျူနီယာညီမလေး ချူယို့လား ” မျက်ခုံးထူထူ နားရွက်ကြီးကြီး ကျင့်ကြံသူတစ်ဦးက အဖြူရောင်အလင်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ အာ … စီနီယာအစ်ကိုကျင့် ပြန်ရောက်လာပြီလား ” ထိုကျင့်ကြံသူအား ကြည့်ကာ ကျင့်ကြံသူ မိန်းမလှလေးက စိတ်သက်သာရာရစွာဖြင့် အော်ပြောလိုက်သည်။
ထိုမျက်ခုံးထူထူ နားရွက်ကြီးကြီး ကျင့်ကြံသူက မိုဝူကျိနှင့် လမ်းခွဲလာသည့် ကျင့်ရှင်းကြွယ် ဖြစ်ပေသည်။ သူ အခုမှ ပြန်ရောက်သည့် အကြောင်းအရင်းမှာ သူက သူ့ကျင့်ကြံဆင့် အခြေတည်စေဖို့ နေရာရှာနေ၍ ဖြစ်၏။ သူ နတ်ဘုရားအုပ်စိုးသူအဆင့်ထဲ ရောက်သွားကတည်းက သူ့တွင် ထိုအခွင့်အရေး မရရှိခဲ့ပေ။ ထိုမျှတင် မကဘဲ သူက အရိုးဖြူရေကန်မှ အဆိပ်များကိုလည်း ပယ်ဖျက်ရဦးမည် ဖြစ်၏။ ထိုအရာအားလုံး လုပ်ဖို့ရာ လများစွာ လိုအပ်ပေသည်။
သူ ပြန်ရောက်လာသည်နှင့် ချူယို့ ထွက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် တည်ထောင်သူ ဘိုးဘေး ယင်မုနှင့် မော့ဟိုင်တို့လည်း လူအုပ်စုနှင့်အတူ လိုက်ပါသွားကြသည်။
“ ဂျူနီယာညီမလေး ခုံမန် … မတွေ့ရတာ ကြာပြီနော်။ ဒါနဲ့ ဘာတွေ ဖြစ်နေတာလဲ။ တည်ထောင်သူ နှစ်ယောက်လုံးကို ဘာလို့ ထွက်သွားကြတာလဲ ” ကျင့်ရှင်းကြွယ်က နားမလည်စွာ မေးလိုက်သည်။
ခုံမန်၏ မျက်ဝန်းများက မှေးမှိန်သွားပြီး “ စီနီယာအစ်မ ချူယို့က မိုဝူကျိတစ်ယောက် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ သေဆုံးသွားပြီဆိုတာကို ကြားပြီး သွားကြည့်မလို့တဲ့လေ။ တခြားသူတွေက သူမဆီ လက်ထပ်ခွင့် လာတောင်းကြတဲ့သူတွေ … အဲဒါကြောင့် သူမနောက်က လိုက်သွားကြတာ ”
ခုံမန်က ဝမ်ယွင်ချန်းကို ကြိုက်သော်လည်း ဝမ်ယွင်ချန်း မျက်ဝန်းထဲ၌မူ ချူယို့သာ ရှိနေ၏။ ချူယို့က သူ့အား လျစ်လျူရှုထားသော်လည်း သူ့နှလုံးသားက သဝန်တိုမှုတွေ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမအပေါ် လက်မလျော့လိုခြင်းလည်း ဖြစ်၏။ ခုံမန်က ဧည့်ခန်းမ၏ တပည့်တစ်ဦး ဖြစ်သောကြောင့် အဖြစ်အပျက်ကို သိလိုက်သည်။
“ ဘာ …” ကျင့်ရှင်းကြွယ်က အံ့ဩသွားသည်။
ဘယ်အရူးက အဲလို ပြောလိုက်တာလဲ …. လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူက မိုဝူကျိနဲ့ အတူတူ ရှိနေခဲ့တာလေ …
မိုဝူကျိက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ သေဆုံးသွားပြီလို့ ဘယ်သူကများ ပြောလိုက်တာလဲ ….
မဖြစ်သေးပါဘူး …. ငါ ဂျူနီယာညီမလေး ချူယို့ကို မြန်မြန် ပြောပြရမယ် ….
ဒါပေမဲ့ ကျင့်ရှင်းကြွယ်က နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားအကြောင်း တွေးမိလိုက်သည့်အခါ သက်ပြင်းသာ ချလိုက်တော့သည်။ သူ့တွင် ကူးသန်းအဆောင် မရှိတော့ပေ။ အကယ်၍ သူ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ သွားလိုလျှင် အချိန်တော်တော် ကြာမည် ဖြစ်၏။
***