← Chapters

ရင်ထဲ အောင့်သွားခြင်း

Vol. 25 Ch. 341

ရင်ထဲ အောင့်သွားခြင်း

Vol. 25 Ch. 341

တာအိုသခင်လင်းရွှမ်က ပထမဆုံး စိတ်နှင့်ကိုယ်ပြန်ကပ်သွားသူ ဖြစ်သည်။ သူက ချင်မူ့ကို လှမ်းဆွဲကာ ပြောသည်။ “ဂိုဏ်းသခင်ချင် မသွားရဘူး။ ဒီစာအုပ်ကို သုံးရက် ဖတ်ခိုင်းဖို့လေးသက်သက်နဲ့ ငါတို့တာအိုဂိုဏ်းကို လာတာ မဟုတ်ဘူးမလား။ မင်းလည်း ငါးစာချပြီးပြီ၊ ငါလည်း ငါးစာဟပ်ပြီးပြီဆို‌တော့ ထိုင်ပြီး အသေးစိတ်ဆွေးနွေးကြတာပေါ့”

တာအိုရသေ့အိုအားလုံး ခေါင်းညိတ်၍ ပြိုင်တူ ပြောကြသည်။ “ဆွေးနွေးရမယ်။ မဆွေးနွေးနိုင်တဲ့အရာ ဘာမှမရှိဘူး”

“ငါတို့က တာအိုလိုက်စားသူတွေ အချင်းချင်းပဲ။ မဆွေးနွေးနိုင်တဲ့အရာ ဘာမှမရှိဘူး”

“သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ဆိုတာ မတူညီတဲ့လမ်းလေးသက်သက်ပါပဲ။ တစ်လောကတည်းသား မိသားစုတွေပဲ မဟုတ်ပေလား”

...

တာအိုသခင်လင်းရွှမ်က ချင်မူ့ကို ထိုင်ရန် ခေါ်ပြီး တာအိုရသေ့အဘွားအိုတစ်ဦးက လက်ဖက်ရည်သွားတည်ကာ တခဏကြာသော် လာဧည်ခံသည်။ ချင်မူ လက်ဖက်ရည်ကြမ်း သောက်၍ ပြုံးလိုက်သည်။ “သိပ်ကောင်းတဲ့ လက်ဖက်ရည်ပဲ။ အထက်ကောင်းကင်ဘုံရဲ့ လက်ဖက်ရည်နဲ့ နည်းနည်းပဲကွာတယ်။ ဒါ ဘယ်လိုလက်ဖက်ခြောက်မျိုးလဲ၊ နည်းနည်းလောက်တောင်းလို့ရလား”

“ရတာပေါ့”

ရသေ့အဘွားအို ပြုံးလိုက်သည့်အခါ အနည်းငယ်မျှသာ ကျန်တော့သော သွားဝါဝါများ ပေါ်လာသည်။ “ဒါက ကျွန်မတို့တာအိုဂိုဏ်းရဲ့ လျူပေါင်လက်ဖက်ခြောက်ပါ။ ယွီရှုနွေဦးမှာ ပေါက်တဲ့ လက်ဖက်ပင်က လက်ဖက်ခြောက်ကိုပဲ လျူပေါင်လက်ဖက်ခြောက်လို့ ခေါ်နိုင်တာလေ။ ဒီလိုလက်ဖက်ပင် သုံးပင်ပဲ ရှိတော့ တစ်နှစ်မှ ပေါင်အနည်းငယ်ပဲ ထွက်ပါတယ်။ ဂိုဏ်းသခင်ချင် ဘယ်နှပေါင် လိုချင်ပါသလဲ”

ချင်မူ ဆေးခြင်းကို ချ၍ ရွာလူကြီးကို အပြင်ထုတ်ပေးလိုက်သည်။ ထို့နောက် လက်ဖက်ရည်ကြမ်းငှဲ့ပေးကာ မေးလိုက်၏။ “ဘိုးဘိုးရွာလူကြီး ၊ ဘယ်လိုလဲ အရသာတွေ့လား”

“လျူပေါင်လက်ဖက်ခြောက်က  အရသာပေါ့ပေမယ့် လျှာမှာ စွဲကျန်ခဲ့တယ်။ အရသာတွေ့တယ်” ရွာလူကြီး ပြုံးလိုက်သည်။ “ဧကရာဇ်တောင် ဒီလက်ဖက်ရည် မသောက်ဖူးဘူး။ နောက်နှစ်နွေဦးပေါက်ရင် သောက်ရအောင် အရင်ဆုံးတစ်ပေါင်လောက်ပဲ ယူကြတာပေါ့”

“တစ်ပေါင်ပေးပါ။ အရည်အသွေးအကောင်းဆုံး လိုချင်တယ်” ချင်မူ ရသေ့အဘွားအိုကို ပြောလိုက်သည်။

သူမက ခပ်သုတ်သုတ် ထွက်သွားပြီး တအောင့်ကြာသော် လက်ဖက်ခြောက်ထုပ်ကြီးတစ်ထုပ်ဖြင့် ပြန်ရောက်လာ၏။

ချင်မူ လက်ဖက်ခြောက်ထုပ်ကို သိမ်း၍ ဘေးဘီဝဲယာကြည့်ကာ ပြောလိုက်သည်။ “တာအိုဂိုဏ်းက တော်တော်မွဲတာပဲ”

ရသေ့အဘွားအိုက ကပျာကယာ ပြောသည်။ “မွဲတာမဟုတ်ပါဘူး။ ပိုင်ဆိုင်မှုတချို့တော့ ရှိပါသေးတယ်။ သူခိုးတစ်ယောက် ခိုးသွားလို့သာ ဒီအခြေအနေ ဖြစ်နေတာပါ။ ဂိုဏ်းသခင်ချင်၊ ရွှေစာအုပ်က...”

“‌ဪ စာအုပ်က ကျွန်တော်တို့ချင်မိသားစုကပါ” ချင်မူ ရွှေစာအုပ်ကို ဘေးချ၍ ပြောလိုက်၏။ “ကျွန်တော်နဲ့ တာအိုဂိုဏ်းကြားမှာ ရန်ကြွေးတချို့ ရှိပေမယ့် အမြဲ လာတောင်းပန်ချင်ခဲ့တာပါ။ အချိန်က မရခဲ့ဘူး။ ဒီနေ့ လာရောက်တဲ့ အကြောင်းရင်းကတော့ တာအိုသခင်လင်းရွှမ်ကို ဒီစာအုပ် ဖတ်ခွင့်ပေးပြီး ရန်ကြွေးတွေ ချေချင်လို့ပါ”

“ဂိုဏ်းသခင်ချင်” တောက်ကျစ်လင်းရွှမ်က အလေးအနက် ပြောသည်။ “ရန်ကြွေးတွေကို ချေလို့ရပေမယ့် ငါတို့အယူအဆတွေက မတူကြဘူး။ ဒီနေ့ ရန်ကြွေးတွေ ချေလိုက်ရင်တောင်မှ အယူအဆတွေကြောင့် နောင်တစ်ချိန် ပြန်တိုက်ခိုက်ကြရဦးမှာပဲ။ ဂိုဏ်းသခင်ချင်၊ ဒီရွှေစာအုပ်ကိစ္စပြောတာပဲ ပိုကောင်းပါလိမ့်မယ်”

ချင်မူ တာအိုသခင်လင်းရွှမ်၏စကားကို သဘောတူလိုက်သည်။ “တာအိုသခင်လင်းက ကြိုမြင်တတ်ပါပေတယ်။ ဒီလိုဆိုတော့လည်း ရွှေစာအုပ်အကြောင်း ပြောကြတာပေါ့။ စာအုပ်မှာ ချီချယ့်တံတား၊ ဆန်းကြယ်လမ်းညွှန်နှင့် ကောင်းကင်ဖြတ်သန်းခြင်းဆိုတဲ့ နည်းသုံးနည်းကို မှတ်တမ်းတင်ထားတယ်။ အဲဒီနည်းလမ်းတွေက ခုနစ်ခုမြောက် ကောင်းကင်ရတနာဖြစ်တဲ့ ကောင်းကင်တံတားကို ဆက်ပေးတဲ့ နည်းလမ်းတွေပဲ။ ငါ ဘာကြောင့် ဒီစာအုပ်ကို ယူလာတာလဲ အကုန်လုံး ခန့်မှန်းမိလောက်ပါတယ်”

“ကောင်းကင်တံတားကို ဆက်ပေးနိုင်တဲ့ နည်းလမ်းတွေ အမှန်တကယ် ရှိနေတာပဲ”

ရသေ့အဘိုးအို၊ အဘွားအိုများ ရင်ထဲ လှုပ်ခတ်သွားကြသည်။ သူတို့မှာ စိတ်လှုပ်ရှားလွန်း၍ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်တံတားကို ဆက်၍ နောက်ဆုံးအတားအဆီးကို ချိုးဖျက်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ သိုင်းသမားတိုင်း၏ အိပ်မက်ဖြစ်သည်။ တာအိုဂိုဏ်း၏ ရသေ့များလည်း ခြွင်းချက်မဟုတ်ပေ။

နတ်ဝိဇ္ဇာဘဝက တာအိုဂိုဏ်း၏ရသေ့များအတွက် တပ်မက်ဖွယ်မဟုတ်ပေ။ မိမိကိုယ်ကို နှစ်သိမ့်သည့် ဆင်ခြေတစ်မျိုးမျှသာ ဖြစ်သည်။

နတ်ဝိဇ္ဇာဆိုသော နာမည်သည် တာအိုရသေ့များ မကြာခဏ ထိတွေ့ဆက်ဆံဖူးသော ကျောက်စိမ်းမြို့တော်ငယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောက်စိမ်းမြို့တော်ငယ်မှ လူများက သူတို့ကိုယ်သူတို့ နတ်ဝိဇ္ဇာဟု ခေါ်ကာ လောကီလူ့ဘောင်နှင့် ဝေးရာ တောင်တစ်လုံးအပေါ်တွင် စံမြန်းကြသည်။ တာအိုရသေ့များထက်ပင် သိုသိုသိပ်သိပ်နေပြီး မာနကြီးသောလူများ ဖြစ်၏။

ရွှေစာအုပ်ကို မြင်လျှင်ချင်း ချီချယ့်တံတား၏ လျှို့ဝှက်ချက်များကြောင့် တာအိုရသေ့များ တမုဟုတ်ချင်း တုန်လှုပ်ခဲ့ကြရ၏။ ကောင်းကင်တံတားကို ပြန်ဆက်ပေးနိုင်သည့် အလွန်ရှုပ်ထွေးသော နည်းလမ်းမှန်း သဘောပေါက်သွားသည့်အခါ သူတို့အားလုံး သုံးရက်တိုင် မအိပ်နိုင်၊ မစားနိုင်၊ အနားပင်မယူနိုင်ဘဲ တွက်ချက်မိခဲ့ကြသည်။

ဤနည်းလမ်းသုံးသွယ်က ကောင်းကင်တံတားကို ပြုပြင်၍ ကောင်းကင်နတ်ဘုံနှင့် ဆက်သွယ်ပေးနိုင်ကြောင်း ချင်မူ အတည်ပြုလိုက်သည့်အချိန်တွင် တာအိုရသေ့များမှာ စာအုပ်ကို ဆွဲလုလိုစိတ်များ တဖွားဖွား ပေါ်လာသည်။

သို့သော် ဘေးတွင် လက်ဖက်ရည်ကြမ်း သောက်နေသော ခြေပြတ်လက်ပြတ်အဘိုးအိုကို ကြည့်ရင်း စိတ်ပြန်ထိန်းလိုက်ကြရ၏။

လွန်ခဲ့သောသုံးရက်က ဤအဘိုးကြီး ဆေးခြင်းထဲမှ ခေါင်းပြူထွက်၍ သူတို့ကို တစ်ချက်သာ ကြည့်လိုက်သော်လည်း မြင့်မားသောဓားစွမ်းရည်ကို သူတို့ မြင်လိုက်ရသည်။

ဤအဘိုးကြီးနှင့် အကြည့်ချင်းဆုံသွားတုန်းက သူတို့ကို ဓားတစ်လက် တိုက်ခိုက်နေသကဲ့သို့ ခံစားခဲ့ရ၏။ ဓားကွက် မရှောင်နိုင်သလို၊ မခုခံနိုင်သဖြင့် အကုန်လုံး အကြည့်လွှဲခဲ့ရသည်။

သူတို့အားလုံးက တာအိုဂိုဏ်း၏ အဆင့်မြင့်ဓားသမားများ ဖြစ်သည့်အတွက် တာအိုသခင်ဟောင်းနှင့် တစ်ဆင့်တည်းမဟုတ်သော်လည်း ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သို့တိုင်အောင် ရွှေစာအုပ်ကို အတင်းအကြပ် လုယူလိုက်ပါက ဤအဘိုးကြီးကြောင့် သေချာပေါက် အသေဆိုးနှင့်သေရလိမ့်မည်။

တာအိုသခင်လင်းရွှမ်၏ အကြည့်များ လှုပ်ခတ်သွားသည်။ သူ၏ချီစွမ်းအင် ထွက်ပေါ်လာပြီး သင်္ချာဖြင့် သံသရာကြယ်စက်ဝန်းတစ်ခု တည်ဆောက်လိုက်၏။

သင်္ချာစွမ်းရည် စမ်းသပ်ခံရတော့မည်ကို သိလိုက်၍ ချင်မူ ပြုံးလိုက်သည်။ သင်္ချာအကြောင်း သူ နားကန်းတစ်လုံးမှ မသိလျှင် တာအိုဂိုဏ်းက ကြေးကြီးကြီး တောင်းဆိုလိမ့်မည်။ ချင်မူ သင်္ချာကျွမ်း၍ သူတို့မရှိလည်း ဖြစ်သည်ကို တာအိုဂိုဏ်း သိသွားမှ လိုလိုလားလား ကူညီလိမ့်မည်။

“ဒါက သံသရာကြယ် ကောင်းကင်ကျားကွက်အသွင်ဖွဲ့နည်းပဲ” ချင်မူ၏လက်ချောင်းများက သံသရာကြယ်များအပေါ် ရွေ့လျားသွားပြီး သူက လျင်မြန်စွာ ပြောလိုက်သည်။ “သံသရာကြယ်အရေအတွက်က စုစုပေါင်း သုံးရာလေးဆယ့်ငါးလုံး ရှိပြီး သုံးရာခြောက်ဆယ့်မြောက်ကြယ်ကတော့ အတွင်းထဲမှာ ပုန်းနေတယ်။ အဲ့ဒါက မိုးနတ်မင်းကျောက်စိမ်းဧကရာဇ်ရဲ့ ကြယ်ပဲ။ ကျောက်စိမ်းဧကရာဇ်ရဲ့ ကြယ်နံပါတ်ကို ရှာပြရဦးမလား”

ချင်မူက ပြောရင်းဆိုရင်း သံသရာကြယ်စက်ဝန်းအပေါ်တွင် ချီစွမ်းအင်ဖြင့် ကြယ်တစ်လုံး ရေးဆွဲလိုက်သည်။

ယွီရှိုကျောင်းဆောင်ထဲရှိ တာအိုရသေ့များ စိတ်နှလုံးတုန်လှုပ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ‘ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က သင်္ချာစွမ်းရည် မြင့်မားတာပဲ။ ဖြေရှင်းသွားတာ မြန်လွန်းတယ်။ ‌ကျောက်စိမ်းဧကရာဇ်ရဲ့ ကြယ်နံပါတ်ကို ဒီလောက်မြန်မြန် တွက်ထုတ်နိုင်တယ်ဆိုရင် ရွှေစာအုပ်ထဲက နည်းလမ်းကို တွက်ချက်ဖို့ကလည်း သူ့အတွက် သိပ်မခက်လောက်ဘူး။ အချိန်ပဲ လိုမှာ’

တာအိုသခင်လင်းရွှမ် ချီစွမ်းအင်ကို ရုပ်သိမ်းပြီး မယုံသင်္ကာ မေးလိုက်သည်။ “ဂိုဏ်းသခင်ချင် ဒါကို ဖြေရှင်းနိုင်ရင် ဘာကြောင့် တာအိုဂိုဏ်းကို လာနေသေးတာလဲ”

“ငါ့ဘာသာ ဖြေရှင်းလို့ရပေမယ့် အချိန်အရမ်းကြာမှာ။ အဲဒီလောက်ထိ မစောင့်နိုင်လို့” ချင်မူ တည်ကြည်လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ “ကောင်းကင်အမြှောက်တစ်လက်အတွက် ဟင်းလင်းပြင်သင်္ချာညီမျှခြင်း တည်ဆောက်ဖို့အတွက်လည်း တာအိုဂိုဏ်းရဲ့ အကူအညီ လိုသေးတယ်။ ဒီကိစ္စနှစ်ခုလုံးက သင်္ချာကျွမ်းတဲ့ ပညာရှင်တွေ အများကြီး လိုအပ်နေတာဆိုတော့ တာအိုဂိုဏ်းသာ ကူညီပေးရင် ကောင်းကင်တံတားပြန်ဆက်နည်းသုံးနည်းနဲ့ ဟင်းလင်းပြင်သင်္ချာညီမျှခြင်းကို ကူးပေးပါ့မယ်”

ယွီရှုကျောင်းဆောင်ထဲတွင် အကုန်လုံး အသက်ပြင်းပြင်းတစ်ချက် ရှူ၍ တိတ်ဆိတ်သွားကြသည်။

ချင်မူ ရွှေစာအုပ်ကို သိမ်း၍ ထရပ်လိုက်သည်။ “တာအိုသခင်လင်းရွှမ် စိတ်ဝင်စားရင် နန်းတွင်းကောလိပ်မှာ စောင့်နေပါ။ ငါ ကျောက်စိမ်းမြို့တော်ဆီ သွားပြီး အဲဒီက သင်္ချာပညာရှင်တွေကိုလည်း ဖိတ်‌ခေါ်ရဦးမယ်။ ဟုတ်သား တာအိုသခင်လင်း၊ ရွှမ်းနီသင်္ချာကျမ်းတစ်အုပ်လောက် လက်ဆောင်ပေးလို့ရလား”

“အပန်းမကြီးပါဘူး” တာအိုသခင်လင်းရွှမ်က စာအုပ်တစ်အုပ် ကမ်း‌ပေးသည်။

ချင်မူ စာအုပ်ကို ထောင်ကျယ်အိတ်ထဲ ထည့်၍ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ “တာအိုသခင်ဟောင်းလည်း ကျောက်စိမ်းမြို့တော်ငယ်မှာ မဟုတ်လား။ သူ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ကောင်းကင်တံတားဆက်နည်းကိုသာ ငါတို့ တွက်ထုတ်နိုင်လိုက်ရင်....”

တာအိုသခင်လင်းရွှမ် တုန်ရီသွားသော်လည်း မည်သည်ကိုမှ မပြောပေ။

ချင်မူ ယွီရှုကျောင်းဆောင်အပြင် ထွက်၍ အပြင်၌ စောင့်နေသော ရှုန်းရှီယွီနှင့် ရှုန်းချီအာကို ခေါ်ကာ တောင်အောက် ဆင်းလိုက်သည်။

တာအိုသခင်လမ်းရွှမ် ယိုင်နွဲ့နွဲ့ သက်ပြင်းမှုတ်ထုတ်ပြီးနောက် ယွီရှုကျောင်းဆောင်အတွင်းရှိ တာအိုရသေ့အိုများကို ကြည့်လိုက်သည်။ အကုန်လုံးကလည်း သူ့ကို ပြန်ကြည့်နေကြ၏။

တာအိုသခင်လင်းရွှမ် ထရပ်ပြီး အလေးအနက် ပြောလိုက်၏။ “သင်္ချာကျွမ်းတဲ့သူတွေအကုန်လုံး စုထားကြ။ တောင်အောက်ဆင်းပြီး မြို့တော်ကို သွားကြမယ်”

“သုံးကြိမ်သုံးခါ စဉ်းစားပါ တာအိုသခင်” ရသေ့အိုတစ်ဦးက ကမန်းကတန်း ပြောသည်။ “တာအိုသခင် ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ အတူတူအလုပ်လုပ်ချင်လို့လား။ ကောင်းကင်နတ်ဆိုးဂိုဏ်းသားတွရဲ့ ရည်မှန်းချက်က ဝံပုလွေတွေရိုင်းတွေလို ပြင်းထန်တယ်။ ဒီမျိုးဆက်ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကလည်း သိပ်ထူးချွန်တယ်။ မြို့တော်မှာ ကျုပ်တို့ နောင်တော်တွေ၊ ညီတော်တွေကို သတ်ခဲ့တာ တာအိုသခင် မေ့သွားပြီလား”

ရသေ့အဘွားအိုတစ်ဦးက ပြောသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ချင်က လီထျန်းရှင်ထက် ပိုလျင်ပြီး ပိုရက်စက်လို့ ဆက်ဆံရလည်း ခက်တယ်။ ရွှေစာအုပ်ယူလာတာက ထောင်ချောက်ထဲ မျှားခေါ်ဖို့ပဲနေမှာ”

“မြို့တော်ကို သွားကိုသွားရမယ်။ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ရအောင် ယူရမယ်”

တာအိုသခင်လင်းရွှမ် အင်္ကျီလက်အိုးကို ခါ၍ အလေးအနက် ပြောလိုက်သည်။ “ဘိုးဘိုးတို့၊ ဆက်မငြင်းကြပါနဲ့။ ဂိုဏ်းသခင်ချင် မှန်တယ်။ ကျွန်တော်တို့ သူ့ကို မကူညီရင်တောင် ရွှေစာအုပ်ထဲက ပုစ္ဆာတွေကို သူ့ဘာသာသူ ဖြေရှင်းနိုင်တယ်။ ဒါ့အပြင် နန်းတွင်းကောလိပ်နဲ့ ကျောက်စိမ်းမြို့တော်ငယ်မှာလည်း သင်္ချာကျွမ်းတဲ့လူတွေ ရှိတာပဲ။ ဟင်းလင်းပြင်သင်္ချာညီမျှခြင်း တည်ဆောက်တယ်ဆိုတာ အချိန်ပဲလိုတာ။ ကျွန်တော်တို့တာအိုဂိုဏ်း နောက်ချန်နေခဲ့လိုက်ရင် တဖြည်းဖြည်း နောက်ကျသွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကျော်တက်တာ ခံရလိမ့်မယ်”

သူ အဝတ်အစားထည့်ရန် ပြင်လိုက်သည်။ “ကျွန်တော်တာအိုဂိုဏ်းအတွက် စောင့်ရှောက်ပေးမယ့် သက်ရှိနတ်ဘုရားလိုတယ်။ ဒီလောက်အပြောင်းအလဲများတဲ့ လောကကြီးမှာ မပြောင်းလဲဘဲ ကျန်ခဲ့တဲ့ အထွတ်အမြတ်မြေဟာ ဘယ်နည်းနဲ့မှ ရှင်သန်နိုင်မှာမဟုတ်ဘူး”

တာအိုရသေ့အိုများက မည်သည်ကိုမျှ မပြောဘဲ အဝတ်အစားထုပ်ပိုးကြသည်။ သင်္ချာထူးချွန်သော တပည့်များကို ရွေးချယ်ပြီးနောက် မြို့တော်ဆီ သွားရန် ပြင်ကြ၏။

ရုတ်တရက် ရသေ့အိုကြီးတစ်ယောက်၏ တုန်လှုပ်နေသောအသံတစ်သံ ထွက်လာသည်။ “သေစမ်း ဘယ်သူ ငါ့ မြင်းမြီးယပ်ကို ခိုးသွားတာလဲ”

တောင်တစ်ဖက်ခြမ်းမှ စိတ်တိုနေသောအသံတစ်သံ ထွက်လာသည်။ “ဘယ်သူ ငါ့ငါးကို စားသွားတာတုံး”

“ဘယ်သူ ငါ့ရဲ့ တောင်နဲ့မြစ်ပန်းချီကို ခိုးသွားတာလဲ။ ငါ့မှာ နှစ်‌‌ပေါင်းများစွာ ဆွဲခဲ့ရတာကို”

“ငါ့ဆံညှပ်ကို မှန်တင်ခုံပေါ် တင်ထားတာပါ ဘယ်သူယူသွားတာလဲ”

...

ယွီရှုတောင်အောက်တွင် ချင်မူ တောင်တံခါးမှ ထွက်လာသည်။ တောင်‌စောင့်ရသေ့က တဲထဲတွင် မတ်တပ်ရပ်နေ၏။ သူက ချင်မူ့အဝတ်အစားများကို ပြန်ပေးပြီး မယုံသင်္ကာမေးသည်။ “စောရနတ်ဘုရား ငါတို့တာအိုဂိုဏ်းရဲ့ ရတနာတွေကို ခိုးပြန်ပြီလား”

ချင်မူ အဝတ်အစားများကို ပြန်ယူ၍ ခေါင်းယမ်းလိုက်သည်။ “တောင်ပေါ်မှာ သူ့ မမြင်မိဘူး”

တာအိုရသေ့က ခြေဆောင့်နင်း၍ ပြောသည်။ “သေစမ်း သူ့မြင်ရင် တစ်နေရာရာမှာ ရှိနေနိုင်သေးတယ်။ အခု မမြင်ဘူးဆိုတော့ အဲဒီအဘိုးကြီး ငါတို့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေကို ပြောင်းပြန်လှန်နေလောက်ပြီ” တာအိုရသေ့ သူ၏ခွေးဝါကြီးကို လှမ်းခေါ်၍ တောင်ပေါ် တက်သွား၏။

ခွေးဝါကြီးက တောင်ပေါ် သွက်သွက်လက်လက် ခုန်တက်လိုက်သည်။ သူက ဟိုဟိုသည်သည် အနံ့ခံပြီး တဝုတ်ဝုတ် ဟောင်ရာ ဆူဆူညံညံ ဖြစ်သွားသည်။

“ငါတို့ အခုမသွားရင် တာအိုဂိုဏ်းက ရသေ့တွေ ဆင်းချလာလိမ့်မယ်” ဆေးခြင်းထဲရှိ ရွာလူကြီးက သတိပေးသည်။

ချင်မူ အသိပြန်ဝင်သွားပြီး နဂါးချီလင်ကို လောဆော်လိုက်၏။ “မြန်မြန်ပြေးတော့”

နဂါးချီလင်လည်း ကြီးကျယ်ခမ်းနားသော ခွန်းလွန်းတောင်ကြောဆီ တဟုန်ထိုး ပြေးသွားသည်။ အတန်ကြာ ပြေးပြီးနောက် သူတို့ ခွန်းလွန်းတောင်ကြောမှ ထွက်လာနိုင်လိုက်၏။ ချင်မူ စိတ်ပူနေသောအမူအရာဖြင့် ပြောလိုက်သည်။ “ဘိုးဘိုးထော့ကျိုး လွတ်ပါ့မလားမသိ...”

သူ စကားပြောမဆုံးခင်မှာပင် သူတို့အရှေ့ရှိ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် ထိုင်နေသော ထော့ကျိုးကို မြင်လိုက်ရသည်။ သူ စောင့်နေသည်မှာ ကြာပြီထင်ရ၏။

ချင်မူ မှင်တက်သွားပြီး တစ်ခုခုပြောချင်သော်လည်း ထော့ကျိုးက ဖင်ကို မီးတို့ခံလိုက်ရသကဲ့သို့ ထခုန်သည်။ သူ ကပျာကယာ ပြေးထွက်သွားပြီး အရိပ်ပင် မမြင်ရတော့ပေ။ ထို့‌နောက် အဝေးမှ အသံတစ်သံ ထွက်လာသည်။ “မူအာ မင်းတို့တွေ ကျောက်စိမ်းမြို့တော်ငယ်ဆီ အရင်သွားနှင့်။ ငါ အဲဒီလာခဲ့မယ်”

ခွေးကြီးတစ်ကောင် မိုးပေါ်မှ ဆင်းလာပြီး သူ့ကျောပေါ်တွင် တာအိုရသေ့အိုများ ထိုင်နေကြသည်။ ရသေ့များ၊ ရသေ့မများအားလုံး လူသတ်ချင်စိတ်များ ပြည့်နေကြ၏။

ခွေးကြီးက မြေကြီးကို အနံ့ခံလိုက်ပြီး သူ့ခြေထောက်အောက်တွင် တိမ်တိုက်များ ပေါ်လာသည်။ သူက ကောင်းကင်ပေါ် ပျံတက်သွားပြီး ထော့ကျိုး ထွက်သွားသည့်ဘက်သို့ ‌ပြေးထွက်သွား၏။ သူ၏ပြေးနှုန်းက လျှပ်စီးပြက်သွားသကဲ့သို့ မြန်လှလေသည်။

ချင်မူ အံ့အားသင့်သွားသည်။ သူ နဂါးချီလင်ကို ကြည့်လိုက်၏။ “ဖက်တီးနဂါး မင်း အဲဒီခွေးကို အမှီလိုက်နိုင်လား”

နဂါးချီလင်က ခေါင်းယမ်းသည်။ “အဲဒီကောင်ကြီးပြေးတာ မြန်လွန်းတယ်။ ကျွန်တော် မမှီဘူး”

“သူက ပေါက်ကရတွေစားပြီး မင်းထက် မြန်အောင် ပြေးနိုင်တယ်” ချင်မူ ရင်ထဲ ‌အောင့်သွား၏။ “မင်းက မနက်စာ၊ နေ့လည်စာ၊ ညစာအတွက် သွေးနီမီးလျှံဆေးလုံးတွေ စားရဲသေးတယ်ပေါ့”

All Chapters