ရင်ဘတ်ထဲက ခံစားချက်ကဗျာစာသား
Vol. 25 Ch. 342
နဂါးချီလင်က အမြီးတနှံ့နှံ့ဖြင့် မျက်နှာချိုသွေးသည်။ “ကျွန်တော်က သူ့ထက်ပို ခံ့ညားပါတယ်”
ချင်မူ ဆွံ့အသွားသည်။ လုံးတစ်နေသော ဖက်တီးနဂါးဝဝကြီးကို စီးရခြင်းက မည်သည့်နေရာတွင် ခံ့ညားနေသနည်း။
နွားသိုးစိမ်းကြီးလို ကြွက်သားအမြှောင်းမြှောင်း ထမနေလျှင်လည်း အဆင်ပြေသေးသည်။ သို့သော် တခြားသူများထက် အစားကောင်းကောင်း စားပြီး ခွေးတစ်ကောင်ကိုပင် မှီအောင် မပြေးနိုင်ပေ။
“ဂိုဏ်းသခင်ချင်၊ ကျွန်တော်ကို မမွေးချင်တော့ဘူးမလား” နဂါးချီလင်က မျက်ရည်ဝဲဝဲဖြင့် လှည့်ကြည့်သည်။ “ကျွန်တော့်ကို မမွေးချင်တော့တာပဲ ဟုတ်တယ်မလား”
ချင်မူ နှာခေါင်းရှုံ့ပြီး မျက်မှောင်ပြေလျော့သွားသည်။ “မဟုတ်ဘူး။ နောက်လပိုင်းလောက်နေရင် နှစ်သစ်ကူး ပြန်ရောက်တော့မယ်။ ငါ မင်းကို ဘယ်မမွေးချင်ဘဲ နေပါ့မလဲ။ နေ့တိုင်း သွေးနီမီးလျှံဆေးလုံးနှစ်အိုး ကျွေးမယ်။ ဒါမှ မင်းများများ စားပြီး ဆူဖြိုးလာမှာ”
နဂါးချီလင် တုန်ရီသွားပြီး ရှုန်းချီအာက သူ့ခေါင်းပေါ် တက်သွားသည်။ သူမက ပြုတ်မကျအောင် သူ့နားရွက်နောက်ရှိ အမွှေးတစ်မျှင်ကို ဂရုတစိုက် ဆုပ်ကိုင်ထား၏။ ရှုန်းချီအာ နဂါးချီလင်၏နား အနားကပ်တာ တိုးတိုးပြောလိုက်သည်။ “မစားနဲ့တော့ နှစ်သစ်ကူးကျ နဂါးကင်လုပ်ခံရလိမ့်မယ်နော်”
နဂါးချီက သူမကို တိုးတိုးပြန်ပြောသည်။ “သိပါတယ်၊ မစားဘဲမှ မနေနိုင်တာ ဘယ်လိုလုပ်မလဲ....”
ကျောက်စိမ်းမြို့တော်ငယ်က တာအိုဂိုဏ်းနှင့် အလှမ်းဝေးသော ကောင်းကင်ထက်တွင် တည်ရှိသည်။ နဂါးချီလင်၏ အမြန်နှုန်းအရ ဆယ်ရက်ကြာမှ ရောက်လိမ့်မည်။ ချင်မူ လှုပ်ကုလားထိုင်တစ်လုံး ရိုက်၍ နဂါးချီလင်၏ ကျယ်ပြန့်သော ကျောပေါ်တွင် မြဲအောင် တုပ်ချည်လိုက်သည်။ နဂါးချီလင် ဝနေသည့်အတွက် ကောင်းသည့်အရာတစ်ခုတော့ ရှိသည်။ ငြိမ်ငြိမ်ပြေးနိုင်ခြင်းဖြစ်၏။ ရွာလူကြီး ပြုတ်ကျမည်ကို စိုးရိမ်စရာမလိုပေ။
ရှုန်းရှီယွီက ရွာလူကြီးနှင့် လက်ဖက်ရည်ကြမ်း သောက်နေတတ်ပြီး မြို့များဘေးမှ ဖြတ်သွားသည့်အခါ ချင်မူ ပရဆေးပင်များ ဆင်းဝယ်၍ သူမဒဏ်ရာများ ကုပေးတတ်သည်။ ရှုန်းရှီယွီကလည်း ကတိမဖျက်ဘဲ အစစ်အမှန်ကောင်းကင်နန်းတော်၏ သဘာဝဝိညာဉ်တစ်သောင်းကျင့်စဉ်ကို သင်ပေး၏။
သဘာဝဝိညာဉ်တစ်သောင်းကျင့်စဉ်က အရာရာတိုင်းတွင် ယန်ဝိညာဉ်နှင့် ယန်ဝိညာဉ်ရှိသော အယူအဆဖြစ်သည်။ အနောက်ကမ္ဘာမြေမှ အစစ်အမှန်ကောင်းကင်နန်းတော်၏ ကျင့်စဉ်က အလယ်ကမ္ဘာမြေ၏ ကျင့်စဉ်နှင့် မတူပေ။ တာအိုဂိုဏ်းနှင့် အလွန်ဆင်ပြီး သဘာဝတရားကို ရှုမြင်ခြင်းမျိုး ဖြစ်သည်။ သို့သော် တာအိုဂိုဏ်းက သင်္ချာသဘောတရားများကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ၍ သဘာဝအတိုင်း ကျင့်ကြံခြင်းဖြစ်ကာ၊ အစစ်အမှန်ကောင်းကင်က သဘာဝနှင့် ထိတွေ့ပြီး ဝိညာဉ်ဖွဲ့တည်ခြင်းဖြစ်သည်။ အထိအတွေ့စွမ်းအင်ကို ကျင့်ကြံ၍ အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်ဟု ယုံကြည်ရမည်။
ချင်မူ တခဏ စဉ်းစားပြီး ဤကျင့်စဉ်က မိန်းမများကျင့်ကြံရန် ပိုမိုသင့်တော်ကြောင်း ခံစားလိုက်ရသည်။ မိန်းမတို့၏အတွေးသည် စိတ်ကူးယဉ်ဆန်ပြီး ပိုအာရုံစိုက်နိုင်သည့်အတွက် ဤကျင့်စဉ်တွင် ယောက်ျားများထက် သာ၏။ သူ ကျင့်ကြံလျှင် တစ်ခုခုတော့ ရလိမ့်မည်။ သိပ်အသုံးဝင်မည်တော့ မဟုတ်။ သို့သော် ဤကျင့်စဉ်၏ ဖန်ဆင်းမှုသဘောတရားက အသုံးဝင်သည်။
အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်ဟု ယုံကြည်ခြင်းက ဖန်ဆင်းမှုသဘောတရားတစ်မျိုးပင် ဖြစ်သည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ ဖန်ဆင်းကျင့်စဉ်ခုနစ်ခန်းနှင့် ယှဉ်သည့်အခါ သဘာဝဝိညာဉ်တစ်သောင်းကျင့်စဉ်က ပိုမိုလက်တွေ့ကျပြီး ပိုမိုရှုပ်ထွေး၏။ သူ ထုတ်ယူနိုင်သော သဘောတရားတချို့ ရှိနေသည်။
“အစစ်အမှန်ကောင်းကင်နန်းတော်က ကျင့်စဉ်က ဒီခေတ်က ဖြစ်ပုံမရဘူး” ရှုန်းရှီယွီ ချင်မူ့ကို သဘာဝဝိညာဉ်တစ်သောင်းကျင့်စဉ် သင်ပြနေစဉ် ရွာလူကြီးလည်း နားထောင်ပြီး သူ ကြားရသည်ကို သုံးသပ်နေသည်။ “နန်းဆောင်သခင်မရှုန်း၊ အစစ်အမှန်ကောင်းကင်နန်းတော်က ကျင့်စဉ်က ရှေးကျပြီး ခိုင်ဧကရာဇ်ခေတ်က ကျင့်စဉ်တွေနဲ့ ကွဲနေတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်ကို ဘယ်တုန်းက တည်ထောင်ခဲ့တာလဲ”
ရှုန်းရှီယွီ ခေါင်းယမ်းလိုက်သည်။ “ကျွန်မ မသိဘူး။ ကျွန်မ နန်းဆောင်သခင်မ ဖြစ်လာတဲ့အချိန်မှာပဲ ယွီမိသားစု ပုန်ကန်ပြီး အာဏာသိမ်းလိုက်လို့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မှတ်တမ်းတွေကို ကြည့်ခွင့်တောင် မရလိုက်ပါဘူးရှင်။ ဒါပေမဲ့ အင်မတန် ရှေးကျတာတော့ သိတယ်။ တိမ်ကောပြီး ဝေးကွာတဲ့ အတိတ်ခေတ်တစ်ခေတ်ကနေ စခဲ့တာပဲဖြစ်မယ်။ နိုင်းခွေပြောတာ တစ်ခါကြားဖူးတယ်။ ကျွန်မတို့ အစစ်အမှန်ကောင်းကင်နန်းတော်က အလယ်ကမ္ဘာမြေမှာရှိတဲ့ အထွတ်အမြတ်မြေတွေထက်တောင် ပိုရှေးကျသေးတယ်တဲ့....”
သူမမျက်နှာ မသာယာသော်လည်း မျက်လုံးများ တောက်ပလာသည်။ “ရှင်တို့နှစ်ယောက်သာ အစစ်အမှန်ကောင်းကင်နန်းတော်ကို ပြန်သိမ်းနိုင်အောင် ကူညီပေးရင် နန်းတော်ထဲက စာအုပ်တွေကို စိတ်တိုင်းကျ ဖတ်ခွင့်ပေးပါ့မယ်”
ရွာလူကြီးက ဝှားခနဲ သမ်းလိုက်ပြီး မျက်လုံးများမှိတ်ကာ အိပ်သွားသည်။ ရှုန်းရှီယွီ ချင်မူ့အား လှမ်းကြည့်သည့်အခါ ရှုန်းချီအာနှင့် ကစားနေသည်ကို မြင်လိုက်ရ၏။ သူက စုတ်တံတစ်ချောင်းဖြင့် ငှက်ပုံရေးဆွဲပြပြီး ပန်းချီထဲမှ ငှက်များ ထွက်လာသည်။ ငှက်ကလေးများ ကျီကျီကျာကျာ မြည်လျက် ကလေးမကို လှည့်ပတ်ပျံသန်းနေရာ ရှုန်းချီအာ တခစ်ခစ် ရယ်၍မဆုံးတော့ပေ။
ရှုန်းရှီယွီ သက်ပြင်းချကာ မည်သည်ကိုမှ မပြောတော့။
သူမ ထီးနန်းပြန်သိမ်းနိုင်အောင် မကူညီမည့်စိတ်ကူး ချင်မူနှင့် ရွာလူကြီးတွင် မရှိကြောင်း သိသာသည်။ အစစ်အမှန်ကောင်းကင်နန်းတော်သို့ သွားရန်မှာ ဒုက္ခများသည့်အပြင် အကျိုးအမြတ်ရစရာလည်း မရှိသည့်အတွက် နှစ်ယောက်လုံး စိတ်မဝင်စားကြပေ။
‘ငါ့အတွက် တစ်ခုတည်းသော နည်းလမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နန်းတွင်းကောလိပ်မှာ အဆောင်မှူးရာထူးရအောင် လျှောက်ရမှာပဲ။ ပြီးမှ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဆွေးနွေးဖို့ မျှော်လင့်ရမယ်’
သူမအကြည့်များ လှုပ်ခတ်သွားသည်။ “ဒါပေမဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ အပြုအမူတွေအရ မြက်ခင်းလွင်ပြင်ကို သိမ်းပြီးရင် နယ်ချဲ့တာ ရပ်ဦးမှာမဟုတ်ဘူး။ မြောက်ပိုင်းက ဆီးနှင်းတောင်တန်းတွေတောင် သူ့ကို တားချင်မှ တားနိုင်မှာ။ အနောက်ကမ္ဘာမြေကို သိမ်းဖို့လည်း တွေးနေမလား။ ငါ သူနဲ့ ဆွေးနွေးရင် ကျားတစ်ကောင်ဆီကနေ ကျားအရေခွံတောင်းသလို ဖြစ်နေလောက်တယ်...’
သူမ တွေဝေနေသော်လည်း ရှုန်းမိသားစုတွင် သူတို့သားအမိနှစ်ယောက်သာ ရှိတော့ကြောင်း သတိရသွားပြီး စိတ်တင်းလိုက်သည်။ ‘ယွီမိသားစုက ငါတို့ ရှုန်းမိသားစုတစ်စုလုံးကို သတ်ခဲ့တာ ၊ လက်စားပြန်ချေမှကို ရမယ်။ ငါ့အိမ်ထဲ မြေခွေး ခေါ်သွားမိတော့ရော ဘာဖြစ်လဲ၊ လက်စားပြန်ချေရမယ်’
ချင်မူ သူမကို ကြည့်လိုက်သည်။ အနောက်ကမ္ဘာမြေတွင် မိန်းမများက အုပ်ချုပ်သူများ ဖြစ်ကြပြီး ရှုန်းရှီယွီ၏ အပြုအမူများအရ အစစ်အမှန်ကောင်းကင်နန်းတော်၏ မင်းသမီးနေရာနှင့် မသင့်တော့ပေ။ မင်းသမီးတစ်ဦး၏ သတ္တိနှင့် ဦးဆောင်နိုင်စွမ်းမရှိ။
ချင်မူ သူမကို မကူညီချင်သည့် အကြောင်းရင်းက သူမတွင် ဦးဆောင်နိုင်စွမ်းမရှိသည့်အတွက် ထီးနန်းပြန်ရလျှင်ပင် ထိုင်ခုံမြဲမည်မဟုတ်ပေ။ ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖွင့်ထားပြီးသော သိုင်းသမားတစ်ဦးအနေဖြင့် ခွန်အားကြီးမားသော်လည်း အထွတ်အမြတ်မြေတစ်ခုလုံးကို ကိုင်တွယ်ထိန်းချုပ်ရန်က ခွန်အားကြီးရုံနှင့်တင် မရပေ။
ရှုန်းရှီယွီ နန်းဆောင်သခင်မအဖြစ် ဆက်ခံပြီးမကြာခင် ရှုန်းမိသားစု ပျက်စီးသွားခြင်းက သူမတွင် နန်းဆောင်သခင်မ ဖြစ်နိုင်သည့် အရည်အချင်းမရှိကြောင်း သက်သေဖြစ်သည်။။
ချင်မူ သူမကို နန်းတွင်းကောလိပ်တွင် စာသင်ရန် အကြုံပြုခဲ့ခြင်းမှာ ရည်မှန်းချက်ကြီးပြီး ဦးဆောင်နိုင်စွမ်းရှိသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ခံကို အတုယူစေလို၍ဖြစ်သည်။ ရှုန်းရှီယွီ ကလဲ့စားချေရန် သူ့အကူအညီလိုချင်လျှင် တန်ဖိုးကြီးကြီးမားမားတစ်ခုတော့ ပေးရလိမ့်မည်။
သို့သော် ဤကိစ္စများသည် ချင်မူနှင့် မသက်ဆိုင်။
ရုတ်တရက် ရွာလူကြီးက မျက်လုံးဖွင့်၍ အဝေးကို တအံ့တဩ လှမ်းကြည့်သည်။
ချင်မူ ရင်ထဲ အနည်းငယ်လှုပ်ခတ်သွာ၏။ “ရွာလူကြီး ဘာဖြစ်လို့လဲ”
“ငါ့ကို တစ်ယောက်ယောက် စိန်ခေါ်နေတယ်။ ရန်သူဟောင်းကြီးတစ်ယောက်” ရွာလူကြီး မျက်ခုံးပင့်လိုက်သော်လည်း ပြောသည်။ “ထားလိုက် အဖက်လုပ်မနေနဲ့။ ကျောက်စိမ်းမြို့တော်ငယ်ဆီ ရောက်တော့မယ်။ အဲ့ကျမှ ပြောတာပေါ့”
“စိန်ခေါ်နေတယ်တဲ့လား” ချင်မူ အူတူတူ ငေးကြည့်မိလိုက်သည်။ ‘ရွာလူကြီးကို စိန်ခေါ်နေတာတဲ့လား။ သေရမှာ မကြောက်ကြတာလား’
ထိုအချိန်တွင်
ကျောက်စိမ်းမြို့တော်ငယ်သို့ ရောက်နေသော ရှုရှန်းဟွာက ထရပ်ပြီး အဝေးကို ကြည့်သည်။ သူ့မျက်နှာအမူအရာက ဇဝေဇဝါ ဖြစ်နေ၏။ တာအိုသခင်ဟောင်းနှင့် တထာဂတဟောင်းလည်း ကျောက်စိမ်းမြို့တော်ငယ်တွင် ဖြစ်၍ ချင်းမန်တံခါးရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
“ဒီအရှိန်အဝါတွေက တော်တော်အားကောင်းတာပဲ” ဝါးတောင်ဝှေးကို အားပြုလျက် ရပ်နေသော မျက်ကန်းတစ်ယောက်က တအံ့တဩ ဆိုသည်။ “သားသတ်သမား၊ မင်းရော ခံစားရလား”
သားသတ်သမားက ဝက်ခုတ်ဓားဖြင့် လက်သည်းများ လှီးနေသည်။ သူက မျက်ခုံးပင့်လိုက်၏။ “ဒီလူတွေက ဇတော့ရှိသား။ ဘယ်က လာကြတာပါလိမ့်”
ယွီလျုတ်နှင့် မိန်းကလေးများက ထူးထူးဆန်းဆန်း မည်သည့်အရာကိုမှ မခံစားရ၍ စိတ်ရှုပ်ထွေးစွာ မေးကြသည်။ “သခင်လေး ဘာဖြစ်လို့လဲ”
“ငါ့ဆရာတွေ ဆင်းလာပြီ” ရှုရှန်းဟွာ အံ့ဩစွာဖြင့် ပြောလိုက်သည်။ “နတ်ဘုရားတွေ အများကြီး ဆင်းလာတာ။ အထက်ကောင်းကင်ဘုံမှာ တစ်ခုခုဖြစ်လို့များလား”
တထာဂတက ပြုံးသည်။ “ဒကာလေးရှု၊ သူတို့ထုတ်လွှတ်နေတဲ့ အရှိန်အဝါက တစ်စုံတစ်ယောက်ကို စိန်ခေါ်နေပုံပါ။ အထက်ကောင်းကင်ဘုံမှာ ဘာမှမဖြစ်ပါဘူး”
ရှုရှန်းဟွာ တွေးသွားသည်။ “တစ်စုံတစ်ယောက်ကို စိန်ခေါ်နေတာတဲ့လား။ ဒါဆို လူသားဧကရာဇ်ဟောင်း မဟုတ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံဖြစ်လိမ့်မယ်။ ဧကရာဇ်အတိုင်ပင်ခံက နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်ဆိုပေမယ့် အရည်အချင်းမပြည့်မှီသေးဘူး။ လူသားဧကရာဇ်ဟောင်းပဲ ဖြစ်နိုင်တယ်။ ရသေ့ကြီးချင်းယို၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အနှောင့်အယှက်ပေးခဲ့မိတာ တောင်းပန်ပါတယ်။ ဖော်ဖော်ရွေရွေ ဧည့်ခံပေးတဲ့အတွက် ကျေးဇူးလည်းတင်မိပါတယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး”
ရသေ့ကြီးချင်းယို သူ့ကို ဆက်နေစေချင်သေးသည်။ “သခင်လေးရှု ရက်ပိုင်းလောက် ထပ်နေပါဦးလား။ ကျောက်စိမ်းမြို့တော်ငယ်က အထက်ကောင်းကင်ဘုံနဲ့ မယှဉ်နိုင်ပေမယ့် ဆိတ်ငြိမ်အေးချမ်းပါတယ်”
“ကျောက်စိမ်းမြို့တော်ငယ်ရဲ့ သိုင်းပညာရပ်တွေကြောင့် ကျွန်တော့်အမြင်တွေ ကျယ်ခဲ့ရပြီး အကျိုးအမြတ်အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆရာတွေ လူသားဧကရာဇ်ဟောင်းကို စိန်ခေါ်ဖို့ ထွက်လာပြီဆိုတော့ ဒီအခွင့်အရေးကို လက်မလွှတ်နိုင်ဘူး” ရှုရှန်းဟွာ ပြောလိုက်သည်။
ရသေ့ကြီးချူးယို သူ့ကို ဆက်လက်မဆွဲထားတော့ပေ။
ရှုရှန်းဟွာ ကျင်းယန်၊ ယွီလျုတ်နှင့် ကျန်မိန်းကလေးများကို ခေါ်ကာ တောင်အောက်ဆင်းသွားသည်။ ထို့နောက် သင်္ဘောပေါ်တက်ကာ လျင်မြန်စွာ စေစားလိုက်သည်။ သင်္ဘောက ရေမှန်သားပြင်ကဲ့သို့သော ကောင်းကင်ကို ဖြတ်လျက် ရွေ့လျားသွား၍ လှိုင်းဂယက်များ ထလာ၏။ သင်္ဘော ကျောက်စိမ်းမြို့တော်ငယ်အပြင် ရောက်သည့်အခါ ရေမှန်သားပြင် ပျောက်ကွယ်သွားပြီး ဂယက်များကိုလည်း မမြင်ရတော့ပေ။ ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွား၏။
သင်္ဘောလည်း ဖြည်းဖြည်းချင်း ဝေးသထက်ဝေးသွားသည်။
သားသတ်သမားက ပြုံးနေသော မျက်ကန်းကို လှမ်းကြည့်သည်။ “မင်း ငါ့ကြည့်လည်း ကန်းနေလို့ ငါ မမြင်ရဘူး၊ နောင်တော်ချင်းယို၊ တာအိုသခင်၊ ဘုန်းတော်ကြီး ကျုပ်တို့ညီနောင်လည်း သွားပါတော့မယ်”
ရသေ့ကြီးချင်းယို ကပျာကယာ ပြောလိုက်သည်။ “နောင်တော်တို့လည်း တာအိုကို သဘောပေါက်နားလည်ထားတဲ့ လူတွေပဲ ကျောက်စိမ်းမြို့တော်ငယ်မှာ နေကြပါလား။ သေမျိုးလူ့ဘောင်ဆိုတာ လောကီအရေးတွေ ညစ်ထေးလှပါဘိ။ ကိုယ့်ကိုယ်ကို အစွန်းထင်းမခံကြပါနဲ့”
သားသတ်သမားက ဝက်ခုတ်ဓားမကို လှုပ်ခါပြီး ပခုံးပေါ် တင်လိုက်ကာ ပြုံးသည်။ “ကျုပ်က သားသတ်သမားလေ၊ ဒီမှာ ဆိုင်ဖွင့်ပေးမှာမလို့လား။ အသားရောင်းပြီး ငွေမရှာနိုင်ရင် ရှီပေဖုန်းအရက် ဘယ်သောက်နိုင်တော့မတုံး”
ရသေ့ကြီးမျက်နှာ တောင့်တင်းသွား၍ မျက်ကန်းက လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။ “နွေဦးကို တောင့်တလို့၊ ထိန်းချုပ်သော်လည်း ရလေသလား။ မတွေ့ဖူးသူနဲ့ မသိဖူးသူတို့ ဆုံကာရယ်လို့ သိကျွမ်းကြတယ်မလား။ အချိန်က သိပ်အဖိုးတန်ပါတယ် နောင်တော်ချူးယို၊ လိုက်မပို့ပါနဲ့တော့”
ရသေ့ကြီးချင်းယို မှင်သက်သွားသည်။ ကဗျာစာသား၏ ဆိုလိုရင်းကို သူ နားလည်အောင် ကြိုးစားနေစဉ် သားသတ်သမားနှင့် မျက်ကန်းက ရေမှန်သားကောင်းကင်ပေါ် ဖြတ်လျှောက်၍ ကျောက်စိမ်းမြို့တော်ငယ်မှ ထွက်သွားကြ၏။
သားသတ်သမား၏အသံ ထွက်လာသည်။ “မျက်ကန်း၊ မင်းရဲ့ ပထမဆုံးစာကြောင်းက ငါတို့ ထွက်သွားတော့မယ်လို့ ဆိုလိုတာမလား။ နွေဦးကို ဖမ်းဆုပ်ထားလို့မရသလိုမျိုး၊ ကျောက်စိမ်းမြို့တော်ငယ်လည်း ငါတို့ကို ဆွဲထားလို့မရဘူး။ ဒုတိယစာကြောင်းက သူစိမ်းတွေ တိုက်တိုက်ဆိုင်ဆိုင် ဆုံပြီး လမ်းစဉ်အကြောင်း၊ ပညာရပ်တွေအကြောင်း၊ ကောင်းကင်နတ်သိုင်းတွေအကြောင်း ညလုံးပေါက် ဆွေးနွေးမိတဲ့အခါ မိတ်ဆွေဖြစ်သွားကြတယ်လို့ ပြောချင်တာမလား”
မျက်ကန်းအသံက ဂုဏ်ယူသံပေါက်နေသည်။ “သားသတ်သမား မင်းက တကယ် ငါ့ရဲ့သွေးသောက်ညီအစ်ကိုပဲ။ ငါ့ကဗျာသုံးကြောင်းက အဲဒီအဓိပ္ပါယ် ဟုတ်တယ်ကွ။ ဟိုကောင်နားကန်းက ငါ့ကို ပေါက်ကရတွေ လျှောက်ရွတ်တယ်ပဲ ပြောနေတာ။ ငါ့ရဲ့ ပြောင်မြောက်လှတဲ့ ကဗျာစာသားတွေကို သူ ဘယ်နားလည်နိုင်ပါ့မလဲ”
သားသတ်သမားက သူ့ကို တလေးတစား ချီးကျူးလိုက်သည်။ “မင်းက တကယ် တော်ပြီးရင်းတော်ကွာ။ မင့်ခံစားချက်ကဗျာတွေကြောင့် ရသေ့ကြီးချင်းယိုတောင် မှင်သက်သွားတယ်။ တာအိုသခင်အဘိုကြီးနဲ့ တထာဂတကြီးလည်း ဆွံ့အသွားတာပဲ”
...
ရသေ့ကြီးချင်းယို မှင်သက်နေသည်။ တာအိုသခင်ဟောင်းနှင့် တထာဂတဟောင်းလည်း သစ်သားကြက်ကလေးများ ဖြစ်သွားသည့်အလား အသံမထွက်တော့ပေ။
သားသတ်သမားနှင့် မျက်ကန်းထွက်သွားပြီး မကြာခင် အဝေးမှအသံတစ်သံ ထွက်လာသည်။ “မျိုးဆက်သစ် လူသားဧကရာဇ် ကျောက်စိမ်းမြို့တော်ငယ်ဆီ လာပါတယ်”
ရသေ့ကြီးချူးယို ရင်ထဲ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး လျစ်လျူမရှုဝံ့ပေ။ သူက ကြေးမောင်းကို ကပျာကယာ တီးလိုက်ရာ မောင်းသံက ကျောက်စိမ်းမြို့တော်ငယ်တစ်လျှောက် ပဲ့တင်ရိုက်ခတ်သွား၏။ ကောင်းကင်တောင်များမှ နတ်ဝိဇ္ဇာအိုကြီးများ ထွက်လာကြသည်။ သူတို့က နတ်ဝိဇ္ဇာလေများကို နင်းလျက် ရသေ့ကြီးချူးယိုဘေး ရောက်လာကြသည်။
လူတိုင်း ကောင်းကင်ထဲရှိ ရေမှန်သားပြင်ကို ကြည့်လိုက်သည့်အခါ အမည်းရောင်သံတုံးတစ်တုံးက လှိုင်းဂယက်များ ဖြာထွက်နေစေလျက် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ရသေ့ကြီးချူးယို အင်္ကျီလက်အိုးများကို လှုပ်၍ ဖုန်ခါလိုက်သော်လည်း ကျောက်စိမ်းမြို့တော်ငယ်သည် မသေမျိုးနတ်ဝိဇ္ဇာတို့၏ အထွတ်အမြတ်မြေဖြစ်ချေရာ အဘယ်သို့ပြု၍ ဖုန်ရှိမည်နည်း။
ရသေ့ကြီးချူးယို ရှေ့တစ်လှမ်းတက်၍ လက်နှစ်ဖက်လုံးကို ခေါင်းပေါ် မြှောက်လိုက်သည်။ ပြောင်ချောချော သာမန်အမည်းရောင်သံတုံးက သူ့လက်ပေါ် ကျလာ၏။ ထို့နောက် ရသေ့ကြီးချူးယိုက နောက်ဆုတ်၍ လက်နှစ်ဖက်လုံးကို ပြန်ချလိုက်သည်။ ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာအိုကြီးများက ကမန်းကတန်း အနားတိုးကပ်လာကြကာ သံတုံးကို ကြည့်သည်။
“လူသားဧကရာဇ်တံဆိပ်တော်ပဲ။ ကျွန်တော်မျိုးတို့ လူသားဧကရာဇ်ကို ကြိုဆိုပါတယ်”
သူတို့ ထိုသို့ပြောလိုက်သည့်အခါ နဂါးချီလင်တစ်ကောင်က ဗိုက်ကြီးကို မနည်းသယ်လျက် ရေမှန်သားကောင်းကင်ကို ဖြတ်လျှောက်လာသည်။ ဗိုက်က ရေမှန်သားပြင်ကို ထိနေ၍ လှိုင်းဂယက်များ ဖြစ်ပေါ်နေ၏။
ချစ်စရာကောင်းသော သွက်သွက်လက်လက် ကလေးမလေးတစ်ဦးက နဂါးချီလင်၏ နားနောက်တွင် ထိုင်နေသည်။ သူမက တိုးတိုးလေးပြောလိုက်၏။ “ဖက်တီးနဂါး ဗိုက်ချပ်ထားဦး”
နဂါးချီလင်လည်း သူမပြောသည့်အတိုင်း ဗိုက်ချပ်၍ ရင်ကော့ကာ မော်မော်ကြွားကြွား လျှောက်သွားသည်။ သို့သော် ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသည်၊ ဗိုက်ကြီးက ပြန်ဖောင်းသွားပြီး ရေမှန်သားပြင်ကို ဘုတ်ခနဲ ထိသွား၏။