ကျောက်စိမ်းမြို့တော်ငယ်၏ လျှို့ဝှက်ချက်များ
Vol. 25 Ch. 343
“ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ရေမှန်သားကောင်းကင်က တကယ် ထူးခြားတာပဲ”
နဂါးချီလင်၏ ခြေထေထာက်အောက်ရှိ ရေမှန်သားပြင်ကဲ့သို့ ကောင်းကင်ကို ကြည့်ကာ ချင်မူ တအံ့တဩ စုတ်သပ်လိုက်မိသည်။ ဤကောင်းကင်သည် အမှန်တကယ် အံ့ဖွယ် ထူးကဲ၏။ အောက်မှကြည့်လျှင် နေ့အခါတွင် အပြာရောင်ကောင်းကင်ကို မြင်ရသော်လည်း ရေမှန်သားပြင်ထက် တက်လိုက်သည့်အခါ တခြားကမ္ဘာတစ်ခုကို မြင်ရလိမ့်မည်။
ရေမှန်သားပြင်ကောင်းကင်က ကျောက်စိမ်းမြို့တော်ငယ်ကို ပင့်မြှောက်ကာ လူ့လောကနှင့် သီးသန့်ပိုင်းခြားပေးထားခြင်း ဖြစ်သည်။ ရေမှန်သားပြင်ကောင်းကင်ထက်တွင် ရပ်၍ အောက်ကို ငုံ့ကြည့်လျှင် တောင်တန်းများအပေါ်မှ ဖြတ်ကျော်သွားသော တိမ်တိုက်များသော်လည်းကောင်း၊ နယ်မြေလွင်ပြင်များသော်လည်းကောင်း၊ နဂါးများသဖွယ် ကွေ့ကောက်စီးဆင်းနေသော မြစ်များသော်လည်းကောင် မြင်ရလိမ့်မည်။
‘ဒီရေမှန်သားကောင်းကင်က ဘာနဲ့ လုပ်ထားတာပါလိမ့်’
ချင်မူ နဂါးချီလင်၏ကျောပေါ်မှ ခုန်ဆင်း၍ ထိကြည့်လိုက်သည်။ ရေမှန်သားကောင်းကင်သည် အမှန်တကယ် အစစ်နှင့်တူ၏။ သူ လက်ခုပ်ဖြင့် ရေကို ခပ်ကြည့်သည့်အခါ ခပ်၍ရလေသည်။ ရေက သူ၏လက်ချောင်းကြားမှပင် စီးကျသွားသေးသည်။
ချင်မူ ထရပ်ပြီး ခြေဆောင့်နင်းကြည့်လိုက်၏။ ထိုအခါ ရေမှန်သားပြင်ထက်တွင် လှိုင်းဂယက်များ ထသွားသည်။
‘ထူးဆန်းတယ် ရေလည်းမဟုတ်၊ လေလည်းမဟုတ်ဘူး။ ဘာနဲ့ လုပ်ထားတာပါလိမ့်” သူ ပိုပို၍ အံ့အားသင့်လာသည်။ ‘ဒီကမ္ဘာပေါ်မှာ ငါ မသိသေးတဲ့ဒြပ်ထုတွေ ရှိသေးတာလား။ မဟုတ်သေးဘူး ဒီဟာရဲ့ အောက်ခြေကို ကြည့်ရမယ်’
သူ စိတ်လှုပ်ရှားလာသည်။ ရွှေအဆီမှ ပန်းပဲပညာကို နှစ်ပေါင်းများစွာ သင်ယူပြီးနောက် မမြင်တွေ့ဖူးသော ဒြပ်ထုတစ်ခုတွေ့လျှင် မလေ့လာဘဲ မနေနိုင်သည်က ချင်မူ၏အကျင့်သဖွယ် ဖြစ်လာ၏။
ချင်မူ စိမ်းပြာရောင်ကောင်းကင်မျက်လုံးကို ဖွင့်၍ ရေမှန်သားကောင်းကင်၏ တည်ဆောက်ပုံကို အသေးစိတ်ကြည့်ကာ သင်္ကေတအမှတ်အသားများဖြင့် မည်ကဲ့သို့ ဖွဲ့တည်ထားသလဲ လိုက်ရှာလိုက်သည်။ သို့သော် ရှာမတွေ့သည့်အတွက် သူ စိတ်ပျက်သွား၏။
‘မဖြစ်နိုင်တာ၊ ရေမှန်သားပြင်က ရတနာတစ်ခုဆိုတာ အရှင်းကြီးပါ။ ရတနာဆိုမှတော့ စွမ်းအားမြှင့်တင်ဖို့ သင်္ကေတအမှတ်အသား လိုတယ်။ သင်္ကေတအမှတ်အသားတစ်ခုမှ မရှိဘဲ မနေနိုင်ဘူး’
ချင်မူ မှင်သက်သွားသည်။ ယခင်က နတ်ဘုရားတို့၏ အစီအရင်များကို သူ မြင်ခဲ့ဖူး၏။ ဥပမာ တစ္ဆေတောင်ကြား၏ မြေအောက်လိုဏ်ဂူထဲရှိ ပျားအိမ်ဖွဲ့အစီအရင်များ ဖြစ်သည်။ ၎င်းတို့ထဲတွင် သင်္ကေတအမှတ်အသားများ လင်းလက်နေခဲ့သည်။ ဤရေမှန်သားကောင်းကင်က နတ်ဘုရားတို့၏လက်ရာထက် အဘယ်သို့ပြု၍ သာနိုင်မည်နည်း။ အဘယ်သို့ပြု၍ မှော်သင်္ကေတများကို သူ မတွေ့ရသနည်း။
နဂါးချီလင်က ကျောက်စိမ်းမြို့တော်ငယ်ဆီ ရောက်သွားပြီဖြစ်၍ ပျံဝဲနေသော ကျွန်းအပေါ် ဆင်းလိုက်သည်။ ရှုန်းရှီယွီ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ရေမှန်သားကောင်းကင်ထက်တွင် ချင်မူ ‘ရေကို ဆော့နေသည်’ကိုသာ မြင်လိုက်ရ၏။ သူမ ပြုံးမိသွားသည်။ “နတ်ဂိုဏ်းသခင်၊ လူသားဧကရာဇ်ချင်က ရင့်ကျက်တဲ့ပုံပေါက်ပေမယ့် ကလေးပဲ ရှိသေးတာပဲ”
ရသေ့ကြီးချင်းယို အပြေးအလွှား ရှေ့တက်၍ လူသားဧကရာဇ်တံဆိပ်တုံးကို ခပ်မြင့်မြင့် မြှောက်လိုက်သည်။ နဂါးချီလင်ကျောဆီသို့ သူ လှမ်းကြည့်လိုက်ရာတွင် သားအမိနှစ်ယောက်နှင့် ရွာလူကြီးကို တွေ့လိုက်ရ၏။
ရသေ့ကြီးချင်းယို ပြုံးလိုက်သည်။ “လူသားဧကရာဇ် တံဆိပ်တော်ကို ပြန်ယူပါဦး”
ရွာလူကြီးက လှုပ်ကုလားထိုင်တွင် ထိုင်လျက်သားဖြင့် နဂါးချီလင်၏ကျောပေါ်မှ ပျံဆင်းလာသော်လည်း လူသားဧကရာဇ်တံဆိပ်တုံးကို မယူဘဲ ခေါင်းယမ်းသည်။ “ငါက လူသားဧကရာဇ်မဟုတ်တော့ဘူး။ အနားယူပြီး နောက်မျိုးဆက်ကို တာဝန်ဝတ္တရားတွေ လွှဲပေးလိုက်ပြီ”
ရသေ့ကြီးချင်းယို သားအမိကို အလျင်အမြန် ကြည့်ကာ တွန့်ဆုတ်သွားသည်။ “မျိုးဆက်သစ် လူသားဧကရာဇ်က မိန်းမတစ်ယောက်လား။ ဒီအမျိုးသမီးက အားနည်းပုံမပေါ်တဲ့အပြင် ဂိုဏ်းသခင်အဆင့်တောင် ရောက်နေတာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမဲ့ အလယ်ကမ္ဘာမြေသားနဲ့ မတူဘဲ အနောက်ကမ္ဘာမြေသားနဲ့ တူနေတယ်...”
မျိုးဆက်ဟောင်း လူသားဧကရာဇ်များအကြားတွင် အမျိုးသမီးမရှားသော်လည်း ရှုန်းရှီယွီက အနောက်ကမ္ဘာရှိ လူမျိုးခြားမျိုးနွယ်စုမှ ဖြစ်နေရာ သူ့အတွက် ထူးဆန်းနေသည်။ သို့ရာတွင် အနောက်ကမ္ဘာမြေရှိ မျိုးနွယ်စုများသည်လည်း လူသားဖြစ်၍ လူသားဧကရာဇ် ဖြစ်ပိုင်ခွင့်ရှိ၏။
ရသေ့အိုကြီးချင်းယိုနှင့် ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာအိုကြီးများက ရှုန်းရှီယွီနှင့် ရှုန်းချီအာကို ကြည့်လိုက်ကြသည်။ သားအမိနှစ်ယောက် ပြုံးလိုက်ကြ၏။ “ကျွန်မက လူသားဧကရာဇ်အသစ်မဟုတ်ပါဘူးရှင်။ လန့်အောင် မလုပ်ကြပါနဲ့”
ရသေ့ကြီးချင်းယို ရှုန်းရှီယွီကို ကြည့်ကာ မည်သူ့ပြေး၍ လူသားဧကရာဇ် ခေါ်ရမှန်းမသိ ဖြစ်သွားသည်။
ရှုန်းရှီယွီ သူတို့အထင်လွှဲနေမှန်း သိ၍ ပြုံးပြလိုက်ပြန်သည်။ “လူသားဧကရာဇ်က နောက်မှာပါ”
ရသေ့ကြီးချင်းယိုနှင့် ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာအိုကြီးများက ရေမှန်သားကောင်းကင်ကို လှမ်းကြည့်လိုက်သည့်အခါ ‘ရေကို ဆော့နေသော’ ကောင်လေးတစ်ယောက်အား မြင်လိုက်ရသည်။ သူတို့မျက်နှာများ မည်းမှောင်ကုန်၏။
“ဒီကောင်လေး လူသားဧကရာဇ်ဖြစ်တာထက်စာရင် ဒီမိန်းကလေးကမှ တော်ဦးမယ်...”
ချင်မူ ရေကို ထပ်တလဲလဲ လေ့လာနေသော်လည်း ဖွဲ့စည်းပုံကို မမြင်ရသေးပေ။ ထို့ကြောင့် ကျောက်စိမ်းပုလင်းအသေးလေး ခိုးကြောင်ခိုးဝှက် ထုတ်၍ ရေတချို့ ခပ်ထည့်လိုက်၏။ သူ အဖုံးပြန်ပိတ်ပြီး ပုလင်းကို သူ၏ထောင်ကျယ်အိတ်ထဲ ထည့်ကာ အချိန်ရလျှင် အသေးစိတ်လေ့လာရန် သိမ်းထားလိုက်သည်။ ရတနာတစ်ခု သွန်းလုပ်ခြင်းက သံထုခြင်းကဲ့သို့ မရိုးရှင်းပေ။ ရွှေအ၏ ရတနာကဲ့သို့ ပုံသဏ္ဍာန်အတည်အကျ မရှိသည့်အတွက် လေ့လာသင့်သည်။
ရွှေအ၏ ရတနာသည် ပုံသဏ္ဍာန်အတည်တကျ မရှိပေ။ ရွှေအက မဟူရာရွှေနှင့် မဟူရာသံမည်းကို ပုံသဏ္ဍာန်သော်လည်းကောင်း၊ အနေအထားသော်လည်းကောင်း အတည်တကျမရှိသော ရတနာအဖြစ် အလိုရှိသလို ပြောင်းလဲနိုင်သော အဆင့်သို့ရောက်နေပြီဖြစ်သည်။ ချင်မူ ထိုအဆင့်နှင့် အလွန်ဝေးကွာနေသေး၏။
‘ဘယ်သူမှ ရေလေးနည်းနည်း လျော့နေတာကို သတိမထားမိလောက်ပါဘူး’
ချင်မူ ခေါင်းမော့လိုက်သည့်အခါ သူ့ကို မယုံနိုင်သောအမူအရာများဖြင့် စိုက်ကြည့်နေသော လူအိုကြီးများကို တွေ့လိုက်ရသည်။ ချင်မူ တောင့်တင်းသွားသော်လည်း တဟားဟား အော်ရယ်ကာ သူတို့ကို သွားဖြဲပြလိုက်၏။ “မျိုးဆက်သစ်လူသားဧကရာဇ် နောင်တော်၊ အစ်မတော်တို့ကို ဂါဝရပြုပါတယ်။ နောင်တော်၊ အစ်မတော်တို့ကို နှောင့်ယှက်မိတာ စိတ်မကောင်းပါဘူးဗျ”
နတ်ဝိဇ္ဇာအိုကြီးများက ပြန်ဂါဝရပြုသည်။
ရသေ့ကြီးချင်းယိုက ကိုယ်ကိုမတ်ကာ ပြော၏။ “လူသားဧကရာဇ်တံဆိပ်တော်ကို ကျေးဇူးပြုပြီး ပြန်ယူပါဦး။ ဪ ဒါနဲ့ ငါတို့ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ရေမှန်သားကောင်းကင်နဲ့ ပတ်သက်ပြီး လူသားဧကရာဇ်....”
“ဟာ တာအိုသခင်၊ တထာဂတတို့ပါလား။ နောင်တော်တို့လည်း ဒီရောက်နေတာပဲ” ချင်မူ လူသားဧကရာဇ်တံဆိပ်တုံးကို ဖမ်းယူ၍ ထောင်ကျယ်အိတ်ထဲ ထိုးထည့်လိုက်သည်။ သူက တဟားဟား အော်ရယ်လျက် တာအိုသခင်ဟောင်းနှင့် တထာဂတဟောင်းဆီ လျှောက်သွားသည်။ “နောင်တော်တို့လည်း နတ်ဝိဇ္ဇာလုပ်မလို့ ဒီလာတာလား။ ကောင်းတယ်၊ ကောင်းတယ်၊ အပူအပင်ကင်းကင်း နေရတာပေါ့”
တာအိုသခင်ဟောင်းနှင့် တထာဂတဟောင်းက ကပျာကယာ ပြန်နှုတ်ဆက်သည်။ တထာဂတက ပြုံးလိုက်၏။ “တာအိုသခင်ကြီးနဲ့ ကိုယ်တော်မှာ အနှောင်အဖွဲ့တွေ မရှိတော့သလို၊ နေစရာအချိန်လည်း သိပ်မကျန်တော့ပါဘူး။ ဒီလိုအေးချမ်းတဲ့မြေမှာ နောက်ဆုံးနှစ်တွေကို ကုန်ဆုံးတာက ကောင်းတဲ့အရာပါ”
တာအိုသခင်ဟောင်းလည်း ပြုံးသည်။ “လူသားဧကရာဇ်ချင်လည်း လောကီကိစ္စတွေကို စွန့်ခွာပြီး နတ်ဝိဇ္ဇာဖြစ်ချင်လို့လား။ ဖြစ်ချင်တဲ့စိတ်ရှိရင်တော့ ကမ္ဘာလောကအတွက် အကျိုးဖြစ်မှာပါ”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က တာဝန်တွေနဲ့လူတစ်ယောက်ပါ။ တာဝန်တွေကနေ ရှောင်ပြေးလို့ ဘယ်ဖြစ်ပါ့မလဲ”
တာအိုသခင်ဟောင်းနှင့် တထာဂတဟောင်းက ရွာလူကြီးကိုလည်း ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။ “နောင်တော်က လူသားဧကရာဇ်နေရာကနေ အနားယူပြီး မဟာမြို့ပျက်ကနေတောင် ထွက်လာပြီဆိုတော့ ကျောက်စိမ်းမြို့တော်ငယ်မှာ အပူအပင်ကင်းကင်းနေချင်လို့ ရောက်လာတာလား”
ရွာလူကြီး ခေါင်းယမ်းကာ ပျင်းရိပျင်းတွဲ ပြောလိုက်သည်။ “မူအာက ငါ ရွာမှာ တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ သူ ဘယ်သွားသွား သယ်သွားနေတာ”
ရသေ့ကြီးချင်းယိုက ပြုံးရယ်လျက် ရှေ့လျှောက်လာသည်။ “မျိုးဆက်ဟောင်း လူသားဧကရာဇ်။ မျိုးဆက်သစ် လူသားဧကရာဇ်၊ တာအိုမိတ်ဆွေသုံးယောက်ရော ဒီဖက်ကြွပါ”
ချင်မူ ရသေ့ကြီးချင်းယို နောက်မှ လိုက်သွားပြီး ကောင်းကင်တောင်တစ်လုံးပေါ် တက်လိုက်သည်။ တောင်ပေါ်ရှုခင်းသည် အလွန်ခမ်းနားတင့်တယ်ပြီး လှပ၏။ လေပေါ်ပျံဝဲနေသော ကောင်းကင်တောင်များကို ကြိုးတံတားများဖြင့် ဆက်သွယ်ထားရာ တောင်များ ပျံဝဲနေစေသည့် အံဖွယ်ဝင်္ကပါတစ်ခု တည်ဆောက်ထားသယောင် ထင်ရသည်။
‘လောကနိယာမကို ငှားယူထားတာပဲ။ ဒီနည်းလမ်းက လူ့ဘုံက ဟုတ်ဟန်မတူဘူး” ချင်မူ ရင်ထဲ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
ချင်မူသည် ဝင်္ကပါပညာရှင်တစ်ဦးမဟုတ်သော်လည်း တစ်လောကလုံးရှိ ဝင်္ကပါအားလုံးက အပြုအမူနိယာမကို လိုက်နာရန် လိုအပ်ပြီး အလုပ်လုပ်ရန် စွမ်းအင်းအရင်းအမြစ်တစ်ခု ရှိရမည်ဖြစ်ကြောင်း သိ၏။ ဥပမာ မီးလျှံကောင်းကင်မျက်လုံးများဖြင့် ကောင်းကင်ကိုးဆင့် အဝေးပစ်အမြှောက်များကို သွန်းလုပ်ကာ တန်ခိုးရှင်သက်ဆင်းတောင်ကို ကာကွယ်ရန် ချင်မူ တစ်ခါတွေးခဲ့ဖူး၏။ သို့ရာတွင် ထိုကဲ့သို့ဝင်္ကပါအစီအရင်မျိုးကို ဖြည့်တင်းပေးရမည့် ဆေးစွမ်းအင်ကျောက်တုံးပမာဏက ကြီးမားလှ၍ လက်လျှော့ခဲ့ရလေသည်။
ကောင်းကင်တောင်များနှင့် ကြိုးတံတားများ ဖွဲ့တည်ထားသော ဝင်္ကပါက လောကနိယာမကို ငှားယူထားသည်။ လောကမှ စွမ်းအင်ကို ငှားသုံးသည့်အတွက် စွမ်းအင်ဖြည့်တင်းရန် ဆေးစွမ်းအင်ကျောက်တုံးကိုသော်လည်းကောင်း၊ ဆေးမီးဖိုကိုသော်လည်းကောင်း မလိုအပ်ပေ။
ဝင်္ကပါပညာတွင် ကျောက်စိမ်းမြို့တော်ငယ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် မိုင်ပေါင်းများစွာ ပေါက်ရောက်နေပြီဟု ဆိုရနိုင်၏။
ချင်မူ ကျောက်စိမ်းမြို့တော်ငယ်၏ ဝင်္ကပါကို လေ့လာချင်သော်လည်း ရေမှန်သားကောင်းကင်၏ ရေတစ်ပုလင်းခိုးထားသည့်အတွက် ဤနတ်ဝိဇ္ဇာအိုကြီးများကို ရန်စခဲ့ပြီးချေပြီ။ ယခုအချိန်က လေ့လာရန် သင့်တော်မည့်အချိန်မဟုတ်။
‘ဒီကျောက်စိမ်းမြို့တော်ငယ်က ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ နည်းနည်းတူတယ်။ ဝင်္ကပါတစ်ခုတည်း သုံးထားတော့ ဂိုဏ်းနှစ်ဂိုဏ်းက ပတ်သက်မှုတစ်ခုခု ရှိနေမလား’
ချင်မူ၏အကြည့်များ လှုပ်ခတ်သွားသည်။ တန်ခိုးရှင်သက်ဆင်းတောင်ကလည်း လေပေါ်တွင် ပျံဝဲနေပြီး လောကနိယာမကို ငှားယူထားသော အကာအကွယ်ဝင်္ကပါများရှိ၏။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက ထူးခြားသော်လည်း လမ်းစဉ်၊ သိုင်းကွက်များနှင့် ကျင့်စဉ်စွမ်းရည်နေရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မကျော်နိုင်ပေ။ သို့ရာတွင် နတ်ဂိုဏ်း၏ နေရာရွှေ့ပြောင်းကျင့်စဉ်က ဒဏ္ဍာရီလာကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် တင်စားခံရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မှော်အစီအရင်ကောင်းကင်းနတ်သိုင်းများ လိုက်မှီရန် မျှော်လင့်ချက်မရှိသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။
ကျောက်စိမ်းမြို့တော်ငယ်၏ ရေမှန်သားကောင်းကင်က သူတို့၏ပန်းပဲပညာသည်လည်း အံ့ဖွယ်အဆင့်တစ်ဆင့်သို့ ရောက်ရှိနေကြောင်း သက်သေဖြစ်သည်။ ပုံသဏ္ဍာန်အတည်တကျမရှိသော ရွှေအ၏ရတနာသဖွယ် ထူးခြားပြောင်မြောက်သည်။
ကျောက်စိမ်းမြို့တော်ငယ်တွင် သေမျိုးလူဘုံထက် များစွာအဆင့်မြင့်မားသော ကျင့်စဉ်သိုင်းကွက်များ ရှိနေသည်မှာ ထင်ရှား၏။ သို့အတွက်ကြောင့်လည်း ဤကမ္ဘာပေါ်တွင် နံပါတ်တစ်အထွတ်အမြတ်မြေ ဖြစ်နေခြင်းပင်။
ရသေ့ကြီးချင်းယိုက ရွာလူကြီးကို သွေးတိုးစမ်းသည်။ “တာအိုနောင်တော် မဟာမြို့ပျက်ထဲကနေ ထွက်မလာဘဲ ဇာတ်မြှုပ်နေတာ နှစ်ပေါင်းတစ်ရာလောက်တောင် ရှိရော့မယ်။ တော်တော်များများက သေသွားပြီတောင် ထင်နေကြတာ။ အခု လောကကြီးလည်း အေးချမ်းနေတာကို ဘာကြောင့် အပြင်ထပ်ထွက်လာတာလဲ။ မင်း ထွက်လာတာနဲ့ လူတွေ ဒုက္ခရောက်ရတာမဟုတ်လား။ လူသားဧကရာဇ်က မင်းထွက်လာအောင် ဘယ်လိုများတောင်းဆိုခဲ့ပါလိမ့်”
“ငါတို့မျိုးဆက်ကလူတွေ အကုန်နီးပါး အသက်ကြီးပြီး သေသွားကြပြီ။ ထူးချွန်ပြီး ကမ္ဘာမြေတုန်ဟည်းစေနိုင်တဲ့ ကျင့်စဉ်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ လူတချို့ကတော့ သူတို့ရဲ့ပါရမီတွေကို စွန့်လွှတ်ပြီး ဒီနိဗာန်အတုမှာ တိတ်တိတ်ဆိတ်ဆိတ် သေသွားချင်ကြတယ်။ ဒါပေမဲ့ ငါ ဒီလိုအသက်ကြီးပြီး မသေချင်ဘူး။ သေရမယ်ဆိုရင် လူသားဧကရာဇ်တစ်ယောက်လို အားနဲ့မာန်နဲ့ သေသွားချင်တယ်” ရွာလူကြီးက မှင်သေသေ ပြောလိုက်သည်။
ရသေ့ကြီးချင်းယိုက လက်ဖက်ရည်တစ်ကျိုက်သောက်ကာ ပြုံးလိုက်၏။ “တာအိုနောင်တော်၊ ထူးချွန်တော့ရော ဘာလုပ်ရမှာလဲ။ မင်း ဟိုတုန်းက တစ်လောကလုံးမှာ နံပါတ်တစ်ဖြစ်ခဲ့တယ်။ ဓားတစ်လက်နဲ့ တောင်တွေ၊ မြစ်ပြင်တွေ ဖန်ဆင်းခဲ့တယ်။ ထူးချွန်လှပါချည်ဆိုတဲ့ မင်းကို ငါတို့က ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ဘာဖြစ်သွားလဲ။ မင်း ဘာဖြစ်လာခဲ့လဲ”
ရွာလူကြီး၏မျက်လုံးများ စူးရဲသွားသည်။
ရသေ့ကြီးချင်းယိုက ထိတ်လန့်ခြင်းအလျဉ်းမရှိဘဲ ခွက်ကို ပြန်ချသည်။ သူက ပြောလိုက်၏။ “တာအိုသခင်၊ တထာဂတ၊ ကျုပ်၊ လင်းကျင့်နဲ့ ဒီနတ်ဝိဇ္ဇာတွေအားလုံး အဲဒီတုန်းက မင်းကို လေးစားခဲ့ကြတယ်။ အကြီးအကျယ် အတုယူအားကျခဲ့ပြီး မင်းက တစ်လောကလုံးကို ကိုင်လှုပ်နိုင်တယ်လို့ ခံစားခဲ့ကြရတယ်။ ဒါပေမယ့် ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ၊ မင်းလို ထူးချွန်တဲ့လူတောင်မှ ဒီလိုဘဝရောက်ရသေးတယ်လေ”
ရွာလူကြီး တိတ်ဆိတ်သွားသည်။
ရသေ့ကြီးချင်းယိုက သက်ပြင်းချသည်။ “မင်းရဲ့ ရည်မှန်းချက်ကြီးတဲ့စိတ်ကြောင့် ခြေလက်တွေ ဖြတ်ခံခဲ့ရတာ။ ဒါပေမဲ့ လူတိုင်းက မင်းလိုမဟုတ်ဘူး။ ဒီမှာ ဒီလိုနေရတာပဲ အေးချမ်းလှပါပြီ။ မင်းက ငါးတစ်ကောင်မှမဟုတ်တာ။ ငါးတစ်ကောင်ရဲ့ ပျော်ရွှင်မှုကို ဘယ်သိပါ့မလဲ။ ငါကလည်း မင်းမဟုတ်လို့ မင့်ခံစားချက်တွေကို မဝေမျှပေးနိုင်ဘူး”
ရွာလူကြီးက ချီစွမ်းအင်ဖြင့် လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဖြည်းဖြည်းချင်း သောက်လိုက်သည်၊။
ရသေ့ကြီးချင်းယို ချင်မူ့ကို ကြည့်ကာ ပြုံးလိုက်သည်။ “လူသားဧကရာဇ်ချင်၊ ရသေ့ကြီး မင်းနာမည်ကို ကြားဖူးပါတယ်။ မင်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နတ်ဂိုဏ်းသခင်လည်း မဟုတ်လား”
ချင်မူ ရင်ထဲ လှုပ်ရှားသွားပြီး ပြောလိုက်သည်။ “ရသေ့ကြီးတို့က လောကီကိစ္စတွေနဲ့ ဝေးဝေးနေတဲ့ နတ်ဝိဇ္ဇာကြီးတွေ မဟုတ်လား။ ဘာကြောင့် လောကီကိစ္စတွေကို စုံစမ်းနေသေးတာလဲ”
ရသေ့ကြီးချင်းယိုက ပြုံးလိုက်ပြီး မည်သည်ကိုမှ မဖြေရှင်းပေ။ “လူသားဧကရာဇ် လက်ဖက်ရည်သုံးဆောင်ပြီးရင် ကျေးဇူးပြုပြီး ကျောက်စိမ်းမြို့တော်ကနေ ထွက်သွားပေးပါ”
ချင်မူ လက်ဖက်ရည်မသောက်ဘဲ ရွှေစာအုပ်ကို ထုတ်လိုက်သည်။ “ရသေ့ကြီး ဒီစာအုပ်ကို တစ်ချက်လောက် ကြည့်ပေးပါလား။ ရသေ့ကြီးရဲ့နှလုံးသားကို လှုပ်ခတ်နိုင်မလား သိချင်မိပါတယ်”
ရသေ့ကြီးချင်းယို ရွှေစာအုပ်ကို ဖွင့်ကြည့်သည့်အခါ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ၏အရှိန်အဝါက ရုတ်တရက် အားကုန်ပေါက်ကွဲထွက်လာသော်လည်း ပြန်လည်ငြိမ်ကျသွား၏။ သူက ဒုတိယစာရွက်ကို လှန်သည်၊ တတိယစာရွက်ကို လှန်သည်။
တခဏကြာသော် ရသေ့ကြီးချင်းယို စာအုပ်ကို ပိတ်၍ ပြုံးပြုံးရွှင်ရွှင် ချင်မူ့ဘက် ပြန်ကမ်းပေးလိုက်၏။ “အမှန်ပဲ ရင်ထဲ လှုပ်ခတ်မိပါတယ်။ လူသားဧကရာဇ်ချင် ကျေးဇူးပြုပြီး ထွက်သွားပါတော့”
ချင်မူ မှင်တက်သွားသည်။ ဤရွှေစာအုပ်ကို မြင်လိုက်ရသူတိုင်း သူ့ကို ပြန်ပေးရန် အသာထား၊ စိတ်ငြိမ်ငြိမ်မထားနိုင်ခဲ့ပေ။ သို့တိုင်တောင် ဤရသေ့ကြီးချင်းယိုက မတုန်လှုပ်ပုံပေါ်ရာ သူပြောရန် ပြင်ထားသမျှအရာအားလုံး သဲထဲရေသွန် ဖြစ်သွားစေသည်။
“ရသေ့ကြီးချင်း ....”
ချင်မူ စကားပြောမဆုံးခင် ရသေ့ကြီးချင်းယိုက သူ့ကို လေးလေးနက်နက် ကြည့်ကာ ပြော၏။ “လူသားဧကရာဇ်တိုင်း ဒီအတိုင်းပဲ။ လူသားဧကရာဇ်တစ်ယောက် လက်လျှော့အောင် လုပ်ဖို့ ခက်တယ်။ ဒီလိုဆိုမှတော့ လူသားဧကရာဇ်ကို ဒီရသေ့ကြီး ရှင်းပြပေးရတာပေါ့”
သူက ထရပ်ကာ မေးလိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်ကို ကြည့်ရင်း ရင်းနှီးနေသလို လူသားဧကရာဇ်ချင် ခံစားရလား။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တန်ခိုးရှင်သက်ဆင်းတောင်နဲ့ မတူဘူးလား”
ချင်မူ မှင်တက်သွားပြီး ထရပ်လိုက်မိသည်။ အမှန်တကယ် ရင်းနှီးနေသည်ဟု သူ ခံစားခဲ့ရ၏။ အရင်းနှီးဆုံးက လောကနိယာမကို ငှားယူထားသော ကျောက်စိမ်းမြို့တော်ငယ်၏ ဝင်္ကပါပင်။ ၎င်းက တန်ခိုးရှင်သက်ဆင်းတောင်ပေါ်က ဝင်္ကပါနှင့် ဆင်၏။
“ဘာကြောင့်လဲဆိုရင် ကျောက်စိမ်းမြို့တော်ငယ်နဲ့ တန်ခိုးရှင်သက်ဆင်းတောင်ရဲ့ ဇာတိက အတူတူမလို့ပဲ”
ရသေ့ကြီးချင်းယိုက ကျောက်စိမ်းမြို့တော်ငယ်၏ ခမ်းနားသော ကောင်းကင်တောင်များကို ကြည့်ကာ တိုးညှင်းစွာ ပြောသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တန်ခိုးရှင်နဲ့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ တည်ထောင်သူတွေက မျိုးဆက်တစ်ဆက်တည်းကပဲ။ နေရာတစ်ခုတည်းကနေ ထွက်လာကြတာ။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ ကျောက်စိမ်းမြို့တော်ငယ်တင်မကဘူး...”
သူ ရွာလူကြီးကို လှည့်ကြည့်၍ စကားတစ်လုံးချင်းစီကို အသံမြှင့်ကာ ပြောလိုက်သည်။ “လူသားဧကရာဇ်ခန်းမရဲ့ ပထမမျိုးဆက် လူသားဧကရာဇ်လည်း အဲဒီနေရာကနေ လာတာပဲ။ ဒါ့အပြင် ကျောက်စိမ်းမြို့တော်ငယ်၊ တန်ခိုးရှင်သက်ဆင်းတောင်နဲ့ လူသားဧကရာဇ်ခန်းမတွေက တစ်နေရာတည်းက အပိုင်းအစတွေ။ လူသားဧကရာဇ်ခန်းမကို သွားဖူးတဲ့ နောင်တော်က အဲဒီနေရာ ဘယ်လိုနေရာမျိုးလဲ ကောင်းကောင်းသိမှာပေါ့ ဟုတ်တယ်မလား”