← Chapters

ပြိုလဲသွားခြင်း

Vol. 25 Ch. 344

ပြိုလဲသွားခြင်း

Vol. 25 Ch. 344

ချင်မူ ခေါင်းထဲ အုန်းခနဲ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး အတွေးပေါင်းစုံက သူ၏စိတ်အလျဉ်ကို ဖရိုဖရဲဖြစ်သွားစေသည်။ နားပင် အူထွက်သွား၏။

ရသေ့ကြီးချင်းယို ဖော်ထုတ်လိုက်သည့် လျှို့ဝှက်ချက်က အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းသည်။ မယုံနိုင်ဖွယ်ကောင်းလွန်းသည်။

ကျောက်စိမ်းမြို့တော်ငယ်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် လူသားဧကရာဇ်ခန်းမတို့သည် တစ်နေရာတည်း၊ တစ်ခေတ်တည်းမှ ဖြစ်သည်။ ထို့အပြင် နေရာတစ်ခုတည်း၏ အပိုင်းအစများ ဖြစ်နေသည်။

ချင်မူ ရွာလူကြီးကို လှည့်ကြည့်လိုက်သည်။ သူ့အမူအရာက မပြောင်းလဲပေ၊ ငြိမ်သက်နေသော ရေပြင်ပမာ တည်ငြိမ်နေ၏။ ရသေ့ကြီးချင်းယို၏ ကမ္ဘာတုန်ဟည်းစေသော စကားများက သူ့နှလုံးသားကို ကိုင်မလှုပ်နိုင်ဟန်တူသည်။

သို့မဟုတ် အထွတ်အမြတ်မြေသုံးခုအကြားက ပတ်သက်နေမှုကို သိထားပြီးသည့်အတွက် သူ့အတွက် အံ့ဩစရာမဟုတ်ပုံရ၏။

သို့သော် တထာဂတနှင့် တာအိုသခင်တို့မှာ အံ့ဩနေကြသည်။ အထွတ်အမြတ်မြေနှစ်ခု၏ ဤခေါင်းဆောင်ဟောင်းနှစ်ယောက်လည်း မသိထားကြောင်း ထင်ရှားသည်။

ထိုအထွတ်အမြတ်မြေနှစ်ခု၏ ဇာတိက ပို၍ပင် ရှေးကျသော်လည်း သမိုင်းအားလုံး မှတ်တမ်းမတင်ထားခဲ့ပေ။

ရသေ့ကြီးချင်းယိုက ရွာလူကြီးထံမှ အကြည့်လွှဲကာ ချင်မူ့ကို ကြည့်သည်။ သူ၏အပြုံးတွင် အံ့ဩမှုတို့ ထင်ဟပ်နေ၏။ “လူသားဧကရာဇ်ဟောင်းက မင်းကို မပြောထားတဲ့ပုံပဲ။ လူသားဧကရာဇ်ခန်းမကိုလည်း မရောက်ဖူးသေးဘူးမလား။ လူသားဧကရာဇ် အဲဒီကိုသွားသင့်တယ်။ အဲဒီနေရာမှာ လျှို့ဝှက်ချက်တွေ သိရလိမ့်မယ်”

ချင်မူ ဣန္ဒြေပြန်ဆည်၍ အလေးအနက် ပြောလိုက်သည်။ “ရသေ့ကြီး ရှင်းပြပေးပါ”

ရသေ့ကြီးချင်းယိုက မတုန်လှုပ်သော ရွာလူကြီးကို ကြည့်ကာ ပြုံးလိုက်၏။ “မင်း မပြောရင်လည်း ငါ့တာဝန်မဟုတ်တာတောင် ပြောပြပေးရမှာပေါ့။ လူသားဧကရာဇ်၊ နောက်ကလိုက်ခဲ့ပါ”

သူ တောင်အောက်ဆင်းသွား၍ ချင်မူ လိုက်သွားသည်။ ရွာလူကြီးက သူတို့နောက်မှ တိတ်ဆိတ်စွာ ပျံဝဲလျက် လိုက်ပါလာ၏။ ရှုန်းရှီယွီက တခဏ စဉ်းစားပြီးနောက် ရှုန်းချီအာကို ပြန်ဆွဲကာ ခေါင်းယမ်းလိုက်သည်။ “မယ်မယ်တို့ အလယ်ကမ္ဘာမြေရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်သင့်ဘူး”

ရှုန်းချီအာက နားမလည်သော်လည်း ရှုန်းရှီယွီမှာ စိုးရိမ်နေရသည်။ အစစ်အမှန်ကောင်းကင်နန်းတော်ကြောင့် သူမ ခေါင်းကိုက်နေရပြီဖြစ်သော်လည်း အလယ်ကမ္ဘာမြေက ပို၍ပင် ကြောက်စရာကောင်းနေသည်။ မသိလျှင် ပိုကောင်းမည့် လျှို့ဝှက်ချက်များ ရှိနေကြောင်း သူမ ခံစားရ၏။

တာအိုသခင်နှင့် တထာဂတ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တာအိုသခင်က ပြုံးလိုက်၏။ “ငါတို့နှစ်ယောက် အနှောင်အဖွဲ့တွေကနေ ရုန်းထွက်ပြီး ကျောက်စိမ်းမြို့တော်ငယ်မှာ နတ်ဝိဇ္ဇာတွေ လုပ်နေပြီပဲ။ အာရုံမပြန့်အောင် လျှို့ဝှက်ချက်တွေ ထပ်မသိတာပဲ ကောင်းပါတယ်”

တထာဂတက သူ့ကို တစ်ချက်ကြည့်၍ ပြောသည်။ “အဲဒီရွှေစာအုပ်ထဲမှာ ‌ကောင်းကင်တံတားဆက်နည်း ရေးထားတယ်။ အဆွေတော် ရင်ထဲ မလှုပ်ရှားမိဘူးလား”

“လှုပ်ရှားမိတော့ရော ဘာလုပ်ရမှာလဲ” တာအိုသခင်က အေးအေးဆေးဆေး ပြောသည်။ “အဲဒီနည်းလမ်းကို ဖန်တီးခဲ့တဲ့လူတွေ အခု ဘယ်ရောက်ကုန်လဲ”

တထာဂတ‌ မှင်သက်သွားပြီး ကျယ်လောင်စွာ ရယ်သည်။ သူလည်း သူတို့နောက်သွားရန် အစီအစဉ်မရှိပေ။ “အရင်မျိုးဆက် လူသားဧကရာဇ်တွေအားလုံး မအောင်မြင်ခဲ့သေးတာပဲ။ ကိုယ်တော်တို့လည်း ဝင်ပါစရာမလိုဘူး”

နဂါးချီလင်လည်း သူတို့နောက်လိုက်မသွားပေ။ သူက ဘေးတွင် လှဲအိပ်ပြီး ဟောက်ပင် ဟောက်နေသေးသည်။ သူ၏ဟောက်သံများက မိုးကြိုးပစ်ချနေသကဲ့သို့ ကျယ်လောင်လှ၏။

“အစားခံရလိမ့်မယ်နော်” ရှုန်းချီအာ သူ့နားအနားကပ်ကာ ပြောလိုက်သည်။

နဂါးချီလင် ဆတ်ခနဲ ခေါင်းထောင်ပြီး ဟိုဟိုသည်သည် ကြည့်၏။ ချင်မူ့ကို မမြင်လျှင် ကလေးမလေးအား ပြောလိုက်သည်။ “တရေးအိပ်ပြီးရင် လေ့ကျင့်ခန်းလုပ်မှာပါ”

ရှုန်းချီအာ သူ့ကို ယုံသွားသည်။

ချင်မူ ရသေ့ကြီးနောက်မှ ကြိုးတံတားတစ်စင်းအတိုင်း‌ လျှောက်ပြီး ကောင်းကင်တောင်များကို ဖြတ်ကာ တောင်တစ်လုံးဆီ ရောက်သွား၏။

ရသေ့ကြီးချင်းယိုက သူတို့ကို ဦးဆောင်၍ တောင်ထိပ်ပေါ်တက်ကာ အလွန်ရှေးကျသောခန်းမတစ်ခုထဲ ဝင်သွားသည်။ ခန်းမမှာ နှစ်ပေါင်းများစွာ မပြုပြင်ဘဲ ထားခံရသည့်အလား အနည်းငယ်ပျက်စီးနေသည်။ နံရံများ အက်ကွဲနေပြီး မျက်နှာကြက်ကို ထောက်ထားသော တိုင်လုံးများလည်း သိပ်မရှိ‌တော့ပေ။ စစ်မီးသင့်ခံထားရပုံလည်း ပေါ်၏။

ထိုခန်းမကြီးကို သမိုင်းမှတ်တမ်းဆောင်ဟု ခေါ်သည်။ သစ်သားပြားပေါ်တွင် အလျားလိုက်ရေးထားသော လက်ရေးစာများမှာ အတန်ငယ် မပီသတော့သော်လည်း ထိုစာသားများကို ရေးခဲ့သူက လက်ရေးစာနှင့်ပန်းချီပညာတွင် အလွန်ထူးချွန်သူဖြစ်ကြောင်း ချင်မူ မြင်ရသေးသည်။ သမိုင်းမှတ်တမ်းဆောင်ဆိုသော စာလုံးများတွင် အလွန်နက်ရှိုင်းသောအဓိပ္ပါယ်များ ကိန်းဝပ်နေ၏။ စာလုံးများမှ သမိုင်းကို ‌ဖော်ကျူးပြသနေသယောင် ခံစားရစေသည်။

“ခိုင်ဧကရာဇ်ခေတ်မှာ သမိုင်းမှတ်တမ်း‌ဆောင်က နာမည်ကျော်ကြားတဲ့ နေရာတစ်နေရာပဲ”

ရသေ့ကြီးချင်းယိုက ခန်းမထဲတွင် လျှောက်ဝင်သွားသော်လည်း အတွင်းတွင် စာအုပ်များမရှိပေ။ အိုမင်းနေသော စာအုပ်စင်များသာ ရှိသည်။ သူတို့ဝင်သွားသည့် ခန်းမအတွင်းပိုင်းက ပန်းကန်လုံးကို မှောက်ထားသည့်ပုံစံရှိပြီး အလွန်ကျယ်၏။ ပတ်ပတ်လည် နံရံများအပေါ်တွင် စာအုပ်စင်များ ရိုက်ထားသည့်အတွက် စာဖတ်လိုလျှင် တစ်ပတ်ပတ်ရလိမ့်မည်။

သို့သော် စာအုပ်များ မရှိတော့သည်မှာ နှမြောစရာကောင်း၏။

“ဒီနေရာရဲ့ စာအုပ်တော်တော်များများက စစ်မီးထဲ ပါသွားတာ။ ကျန်တဲ့စာအုပ်တွေကိုတော့ ထိန်းသိမ်းထားဖို့ တခြားခန်းမဆောင်တွေဆီ ရွှေ့ထားတယ်။ ကျောက်စိမ်းမြို့တော်ငယ်ကို တည်ထောင်ခဲ့တဲ့ နတ်ဝိဇ္ဇာတွေက သမိုင်းမှတ်တမ်းဆောင်ကို ဖြိုချဖို့ တွေးခဲ့ပေမယ့် အရေးပါလို့ မထိဘဲ ဒီတိုင်းထားခဲ့တယ်”

ရသေ့ကြီးချင်းယိုက စာအုပ်စင်အလွတ်များကို ဖြတ်၍ နံရံဆီ လျှောက်သွားပြီး နံရံအပေါ် ပွတ်သပ်လိုက်သည်။

ချင်မူ ငေးငေးငိုင်ငိုင်ဖြင့် သူ့နောက်လိုက်သွား၏။ နံရံမှ မြေဆွဲအားတစ်ရပ် ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ဆွဲလိုက်ရာ နံရံပေါ်တွင် လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်သွားသည်။

“ကျောက်စိမ်းမြို့‌တော်ငယ်ကို တည်ထောင်ခဲ့တဲ့ နတ်ဝိဇ္ဇာတွေက ခိုင်ဧကရာဇ်ခေတ်အတွင်း သမိုင်းတွေကို မှတ်တမ်းတင်ဖို့ တာဝန်ပေးအပ်ခံခဲ့ရတယ်

“အဲဒီခေတ်တင်မကဘူး၊ အရှေ့ခေတ်တွေကိုရောပဲ။ အကုန်လုံးကို သူတို့ မှတ်တမ်းခဲ့တာကြောင့် သမိုင်းထဲက မအောင်မြင်မှု၊ ကျရှုံးမှုတွေကို ငါတို့ မြင်ရပြီး ကျရှုံးမှုတွေနဲ့အတူ လိုက်ပါလာတဲ့ အန္တရာယ်တွေကိုလည်း သိခဲ့ရတယ်။ ဒါကြောင့် ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားတဲ့အချိန်မှာ သူတို့က သမိုင်းမှတ်တမ်းဆောင်ကနေ နုတ်ထွတ်ပြီး ဒီအထွတ်အမြတ်မြေ၊ ကျောက်စိမ်းမြို့တော်ငယ်ကို တည်ထောင်ခဲ့တာပဲ

“ကျောက်စိမ်းမြို့တော်ငယ်က လူ့ပြည်နဲ့ ဝေးဝေးနေပြီး လောကီကိစ္စတွေကို ဝင်မစွက်ဖက်ဘူး။ ခေတ်တစ်ခေတ်ရဲ့ စည်ပင်တိုးတက်မှု၊ ပျက်သုဉ်းမှုတွေကို မှတ်တမ်းတင်ဖို့ လူ့ပြည်ရဲ့အပြင်မှာပဲ အေးအေးချမ်းချမ်း နေခဲ့ကြတယ်။ သမိုင်းမှတ်တမ်းဆောင်က ခိုင်ဧကရာဇ်ခေတ်မှာ တည်ရှိခဲ့ဖူးတာ လူသားဧကရာဇ် သိလား”

ချင်မူ ခေါင်းယမ်းလိုက်သည်။

မှတ်တမ်းဆောင်၏ အမိုးသည် မှောက်ထားသော ပန်းကန်လုံးကဲ့သို့ ရှိပြီး ရသေ့ကြီးချင်းယိုက ထိုအမိုးကို နင်း၍ ဇောက်ထိုးလမ်းလျှောက်နေခြင်းဖြစ်သည်။ “ဒါဆိုရင် လူသားဧကရာဇ် ကျောက်စိမ်းမြို့တော်ရဲ့ အဓိပ္ပါယ်ကို သိလား”

“ကျောက်စိမ်းမြို့တော်က ကောင်းကင်ဧကရာဇ်စံမြန်းတဲ့ နေရာပါ” ချင်မူ ဖြေလိုက်သည်။

ရသေ့ကြီးချင်းယို သက်ပြင်းချလိုက်၏။ “အမှန်ပဲ။ ကောင်းကင်ဧကရာဇ်စံမြန်းတဲ့ မြို့တော်။ ကျောက်စိမ်းမြို့တော်ဆိုတာ  ကောင်းကင်နတ်ဘုံပဲ။ ကျောက်စိမ်းမြို့တော်ငယ်ဆိုတဲ့ နာမည်က ကောင်းကင်ဧကရာဇ်စံမြန်းတဲ့ မြို့တော်ကို အစွဲပြုပြီး ခေါ်ထားတာ။ သမိုင်းမှတ်တမ်းဆောင်မှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းတွေက ကောင်းကင်ဧကရာဇ် ဖတ်ဖို့အတွက်ပဲ”

ချင်မူ ရင်ထဲ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ရသေ့ကြီးချင်းယိုကို ငေးကြည့်ကာ မေးလိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်က ကျောက်စိမ်းမြို့တော်ကလား”

“ဟုတ်တယ် ကျောက်စိမ်းမြို့တော်ငယ်က ကျောက်စိမ်းမြို့တော်ကပဲ” ရသေ့ကြီးချင်းယိုက တစ်ဖက်လှည့်၍ ရွာလူကြီးကို လှမ်းကြည့်ကာ အလေးအနက်အသံဖြင့် ပြောသည်။ “ကျောက်စိမ်းမြို့တော်ငယ်က ခိုင်ဧကရာဇ်ရဲ့ မြို့တော်၊ ကျောက်စိမ်းမြို့တော်က လာတာ။ လူသားဧကရာဇ်လည်း အဲဒီကလာတာ။ တန်ခိုးရှင်သက်ဆင်းတောင်လည်း အဲဒီကလာတာ

“အကုန်လုံးက ကျောက်စိမ်းမြို့တော်ရဲ့ အပိုင်းအစတွေပဲ။ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာတွေပဲ ဖြစ်ဖြစ်၊ လူသားဧကရာဇ်ခန်းမရဲ့ ပထမမျိုးဆက် လူသားဧကရာဇ်ပဲ ဖြစ်ဖြစ်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တန်ခိုးရှင်သစ်ခုတ်သမားပဲဖြစ်ဖြစ် အထွတ်အမြတ်မြေကြီးသုံးခုကို တည်ထောင်ခဲ့တဲ့လူတွေက ခိုင်ဧကရာဇ်ခေတ်ရဲ့ ကျောက်စိမ်းမြို့တော်ကနေ လာကြတာ”

ရွာလူကြီး၏မျက်လုံးများ အရောင်တောက်လာသည်။ “ငါတို့က တစ်နေရာတည်းက လူတွေပဲဆိုတော့ အချင်းချင်း ကူညီကြရင် မကောင်းဘူးလား။ လူသားဧကရာဇ်ချင်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်လည်း ဟုတ်တယ်။ မင်းတို့ ကျောက်စိမ်းမြို့တော်ငယ်အနေနဲ့ ငါတို့ကို အပြည့်အဝအားပေးထောက်ခံသင့်တယ်”

ရသေ့ကြီးချင်းယိုက အမိုးမှဆင်းလာပြီး ခေါင်းယမ်းသည်။ “မျိုးဆက်ဟောင်း လူသားဧကရာဇ်၊ မင်းရဲ့ မြင့်မားလှတဲ့ ရည်မှန်းချက်တွေဟာ ဖယ်ရှားရခက်တယ်။ အခုထိ ခေါင်းမာပြီး အကြောတင်းနေတုန်းပဲ။ အတိတ်ကနေ သင်ခန်းစာယူမယ်မရှိဘူး။ ငါ မင်းကို ကျောက်စိမ်းမြို့တော်ငယ်မှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းကို ပြချင်တယ်၊ အဲဒီသမိုင်းရဲ့ ရက်စက်မှုတွေကို မင်းကို ပြပြီး မင်းရဲ့ယုံကြည်ချက်တွေကို ရိုက်ချိုးပစ်ချင်တယ်။ မင်း ကြမ်းပြင်ပေါ်မှ တုံးလုံးပက်လက် လဲပြီး ဆောက်တည်ရာမဲ့ ငိုရအောင် လုပ်ချင်တယ်။ မင်း စိတ်ဓာတ်ကျပြီး အသက်ရှင်ချင်စိတ်တွေ ပျောက်သွားတာ ငါ မြင်ချင်တယ်”

ရသေ့ကြီးချင်းယို ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီးနောက် မှင်သေသေ ဆက်ပြောသည်။ “ကျောက်ရုပ်တုတစ်ခုနှစ်ခုလောက် ပြလိုက်ရင်ကို မင်း စိတ်ဓာတ်တွေ ကျိုးကြေသွားမှာပါ”

သူ သမိုင်းမှတ်တမ်းဆောင်အပြင် ထွက်၍ အနားရှိ ကောင်းကင်တောင်တစ်လုံးအား လှမ်းကြည့်လိုက်သည်။

ချင်မူနှင့် ရွာလူကြီးလည်း ဘေးချင်းယှဉ်လျက် သမိုင်းမှတ်တမ်းဆောင်၏အပြင် ထွက်လိုက်၏။

ကောင်းကင်တောင်အပေါ်ရှိ တိမ်တိုက်များက ခရုပတ်ခွေလျက် လူးလွန့်တက်နေပြီး ကောင်းကင်အလင်းတန်းများက သက်တန့်များပမာ ကြီးမြတ်ခံ့ညားသော ကျောက်ရုပ်ကြီးများကို ဝန်းရံနေသည်။ ဤကျောက်ရုပ်တုကြီးများ အမျိုးမျိုးစုံလင်သော ဟန်အမူအရာများ ကိန်းဝပ်နေရာ အလွန်လက်ရာမြောက်လှ၏။

ရသေ့ကြီးချင်းယိုက သမိုင်းမှတ်တမ်းဆောင် ကောင်းကင်နတ်တောင်မှ ဆင်း၍ ကြိုးတံတားတစ်စင်းဆီ လျှောက်သွားသည်။

သူတို့ ကျောက်ရုပ်တုများရှိသည့် ကောင်းကင်နတ်တောင်တစ်လုံးသို့ ရောက်သည့်အခါ ချင်မူ့မျက်လုံးထောင့်များ တွန့်သွားသည်။ ကျောက်ပုဆိန်တစ်လက် ကိုင်ထားသော သစ်ခုတ်သမားပုံစံ ကျောက်ရုပ်တုကို သူ မြင်လိုက်ရ၏။

ကျောက်ရုပ်တုကြီးသည် လူ့ဘီလူးကြီးပမာ အလွန်မြင့်မားလေသည်။

သစ်ခုတ်သမားရုပ်တုက ကျောက်ရုပ်တုနှင့်မတူဘဲ လူသားစစ်စစ်ပမာ အသက်ဝင်နေသည်။

“ဒါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ကိုးကွယ်တဲ့ တန်ခိုးရှင်ပေါ့။ ကျောက်တုံးပေါ်မှာ သူ့လမ်းစဉ်ကို သင်ကြားပို့ပေးချပေးတဲ့ သစ်ခုတ်သမားပဲ”

ရသေ့ကြီးချင်းယို သစ်ခုတ်သမား၏ ကျောက်ရုပ်တုကို မော့ကြည့်ကာ ပြောလိုက်သည်။ “သူ့လမ်းစဉ်ကို သင်ကြားပို့ချပေးပြီးတော့ သူ စိတ်ဓာတ်ကျပြီး ကျောက်စိမ်းမြို့တော်ငယ်ဆီ လာခဲ့တယ်။ ကျောက်စိမ်းမြို့တော်ငယ်ကို တည်ထောင်ခဲ့တဲ့ နတ်ဝိဇ္ဇာတွေလိုပဲ ဒီမှာ ကျောက်ရုပ်တုအဖြစ် ပြောင်းသွားခဲ့တယ်။ ကြည့် သူ့အကြည့်က ဘယ်ကို ကြည့်နေတာလဲ”

ချင်မူ ရင်ထဲ လှုပ်ခတ်သွားပြီး အသံအက်အက်ဖြင့် ပြောလိုက်သည်။ “မဟာမြို့ပျက်”

“ဟုတ်တယ် မဟာမြို့ပျက်ကို ကြည့်နေတာ။ မဟာမြို့ပျက်က သူ့မွေးရပ်မြေ ဖြစ်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက လူသူကင်းမဲ့ပြီး ပျက်စီးစုတ်ပြတ်နေခဲ့တယ်။ သူ ဘာမှမတတ်နိုင်သလို၊ မပြောင်းလဲနိုင်ခဲ့ဘူး”

ရသေ့ကြီးချင်းယို၏စကားများက ဓားများသဖွယ် ချင်မူ့နှလုံးသားတည့်တည့်ကို ထိုးစိုက်သွားသည်။ သူ၏သာမန်စကားများက သူ့စိတ်ဓာတ်ကို ရိုက်ချိုးပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ကောင်းကင်နတ်သိုင်းအလားပင်။ “မင်းတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဟောင်းတွေအားလုံး ထူးချွန်ကြပေမယ့် ဘယ်သူက သစ်ခုတ်သမားထက် သာခဲ့လဲ။ သစ်ခုတ်သမားက မင်းတို့ရဲ့ တန်ခိုးရှင်ဖြစ်တော့ရော ဘာလုပ်ရမှာလဲ။ စိတ်ဓာတ်တွေ အောက်ဆုံးအထိ ထိုးကျပြီး ကျောက်စိမ်းမြို့တော်ငယ်မှာ ကျောက်ရုပ်တုဖြစ်လာဖို့ ရွေးချယ်လိုက်တာပဲ မဟုတ်လား”

သူက  စာပေပညာရှင်တစ်ယောက်၏ အသွင်အပြင်ရှိသော ဒုတိယ‌ကျောက်ရုပ်တုဆီ လျှောက်သွားသည်။ စာပေပညာ၏အကြည့်က လောကကြီး၏အခြေအနေကြောင့် ဝမ်းနည်းနေပြီး လူသားတို့၏ကံကြမ္မာကို ကရုဏာသက်နေသည်။ လက်တွင် စာလိပ်တစ်လိပ်ကိုင်၍ ဖွင့်ထားသော်လည်း သူ့အကြည့်က စာလိပ်အပေါ်တွင် မရှိပေ။

မဟာမြို့ပျက်ကို ကြည့်နေ၏။

“ဒါက ကျောက်စိမ်းမြို့‌တော်ငယ်ကို တည်ထောင်ခဲ့တဲ့ နတ်ဝိဇ္ဇာတွေထဲက တစ်ယောက်ပဲ။ သူက ခိုင်ဧကရာဇ်ခေတ်အတွင်းမှာ သမိုင်းမှတ်တမ်းဆောင်ရဲ့ သမိုင်းထိန်း ဝာာဝန်ယူခဲ့ရတယ်

ရသေ့ကြီးချင်းယိုက တတိယကျောက်ရုပ်တုဆီ လျှောက်သွားသည်။ “ဒါကလည်း သမိုင်းမှတ်တမ်းဆောင်ရဲ့ သမိုင်းထိန်းပဲ”

သူက ကျောက်ရုပ်တုများဘေးမှ ဖြတ်လျှောက်သွားပြီး အတိုင်းထက်အလွန် မြင့်မားသော ကျောက်ရုပ်တုကြီးတစ်ရုပ်အရှေ့ ရောက်သွားသည်။ ကျောက်ရုပ်တု၏အသွင်အပြင်က အလွန်သူရဲကောင်းဆန်ပြီး မြေတွင်စိုက်ထားသော ဓားပေါ် လက်တင်ထား၏။ ရုပ်တုကြီး၏အကြည့်က မဟာမြို့ပျက်ရှိရာသို့ လှမ်းကြည့်နေသည်။

“သူတို့ရဲ့မွေးရပ်မြေ ပျက်စီးသွားတော့ ဘယ်လောက်ပဲ အင်အားကြီးမားပြီး စိတ်မာပါစေ သူတို့ရည်မှန်းချက်တွေအကုန် ပြိုလဲသွားခဲ့ကြတယ်”

ရသေ့ကြီးချင်းယို ခေါင်းမော့လိုက်သည်။ သူ့အမူအရာက လေးနက်နေ၏။ “ခိုင်ဧကရာဇ်ခေတ် ဖျက်စီးခံလိုက်ရတဲ့အတောအတွင်း ဒီလူက ကမ္ဘာကြီးကို ကယ်တင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ၊ လူသားမျိုးနွယ်တွေ အသက်ရှင်နိုင်အောင် ရုန်းကန်ပေးခဲ့မယ့် သူလည်း စိတ်ဓာတ်ကျပြီး ဒီမှာ ကျောက်တုံးဖြစ်သွားတာပဲ။ မင်းတို့ လူသားဧကရာဇ်ခန်းမရဲ့ မျိုးဆက်ဟောင်းလူသားဧကရာဇ် အလောင်းတွေကြားမှာ တစ်လောင်း ပျောက်မနေဘူးလား။ သူက ဒီမှာပဲ။ ပထမမျိုးဆက်လူသားဧကရာဇ်”

ရသေ့ကြီးချင်းယို၏ အမူအရာက ဝမ်းနည်းသွားသည်။ “သူ ဒီမှာပဲ...”

ရွာလူကြီး အကြီးအကျယ် အံ့အားသင့်သွားပြီး ခမ်းနားကြီးကျယ်သော ကျောက်ရုပ်တုကြီးကို မော့ကြည့်လိုက်သည်။

လူသားဧကရာဇ်ခန်းမ၏ တည်ထောင်သူ၊ ပထမဆုံးလူသားဧကရာဇ်။

ဂိုဏ်းကြီးဂိုဏ်းငယ်မခွဲခြား ကယ်တင်ခဲ့ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် မျိုးစေ့များ ချပေးခဲ့သူ၊ လူသားမျိုးနွယ်၏ဧကရာဇ်တစ်ဦးအဖြစ် မည်သူမဆို၏ လေးစားခြင်းခံခဲ့ရသူ ၊ ဤဒဏ္ဍာရီလာလူသားသည်လည်း အဆုံးသတ်တွင် တင်းထားသမျှမာန်အားလုံး ထိုးကျသွားခဲ့၏။

ထို့နောက် သူ ကျောက်စိမ်းမြို့တော်ငယ်တွင် ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရွာလူကြီး၏နှလုံးသားထဲမှ ဝုန်းခနဲ မြည်သံ ထွက်လာသည်။ သူ၏ယုံကြည်ချက်နှင့် သေချာမှုများ ပြိုကျသွားသောအသံ ဖြစ်၏။

လွန်ခဲ့သောနှစ်ပေါင်းများစွာမှ အစပြု၍ ယနေ့ထက်ထိတိုင်အောင် သူ အခိုင်အမာ ယုံကြည်ထားသမျှအကုန်လုံး ပြိုကျသွားပြီး သူ့အား ခြေပြတ်လက်ပြတ်နေသော သနားဖွယ်အဘိုးအို ဖြစ်သွားစေသည်။ သူ ရုန်းကန်ချင်သော်လည်း တစ်ခုခုကို ဆုပ်ကိုင်ရန် လက်မရှိပေ။ ရပ်ချင်သော်လည်း ခြေမရှိ။ မြေကြီးပေါ်တွင်သာ လူးလွန့်နေနိုင်၏။

ထိုစဉ်တုန်းက သူ ခံစားခဲ့ရသည့်အတိုင်းပင်။

ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်လာမှသာ သူ စိတ်ပျက်လက်မှိုင်ကျနေခဲ့သောအခြေအနေမှ ပြုံးပျော်လာနိုင်ခဲ့ခြင်းဖြစ်သည်။

သို့တိုင်တောင် သူ့နှလုံးသားထဲရှိ နတ်ဘုရား ပြိုလဲသွားသောအခိုက်အတန့်တွင် သူ့မှာ နွံထဲ ပြန်ပစ်ချခံလိုက်ရသည်။

သူ့မျက်လုံးများ ဝါးလာပြီး တစ်ခုခုကို ဆုပ်ကိုင်ထားချင်သော်လည်း လက်မရှိ‌ပေ။ မြေပေါ်တွင် လဲနေ၍ ထရပ်ချင်သော်လည်း မရပ်နိုင်။

ချင်မူ ဆောက်တည်ရာမဲ့နေသော ခေါင်းဖြူဖြူအဘိုးကြီးကို ဖက်လိုက်သည်။

“မူအာ...” မျိုးဆက်ဟောင်းလူသားဧကရာဇ်က ငိုပြီး တောင်းပန်သည်။ “ဒုက္ခိတဘိုးဘွားကျေးရွာကို ပြန်ရအောင်နော်။ ပြန်ပြီး ဘယ်တော့မှ အပြင်မထွက်ဘဲ နေကြရအောင်... လူသားဧကရာဇ်တံဆိပ်တုံးကို ပြန်ပေး။ ငါ့ကို ပြန်ပေးတော့။ မင်း ငါ့လမ်းအတိုင်း လျှောက်လို့မဖြစ်ဘူး။ ဒီတံဆိပ်တုံးကို ငါနဲ့အတူ သေရွာခေါ်သွားရမှာ။ မင်း ဒီတာဝန်ကို မထမ်းနိုင်ဘူး”

All Chapters