အဲဒီတော့ ဘာလုပ်ရမှာလဲ
Vol. 25 Ch. 345
ရွာလူကြီး ယခုလို ဆောက်တည်ရာမဲ့ပြီး ပြိုလဲသွားသည်ကို ချင်မူ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ရွာလူကြီးမှာ သူ့ကို ကုပ်တွယ်ထားပြီး သူ့ကမ္ဘာငယ်လေးဖြစ်သော ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ပို့ပေးရန် တောင်းပန်နေသည်။
ဤမျှကြောက်ရွံနေသော အဘိုးကြီးက သူ့ကို သွန်သင်ဆုံးမပေးခဲ့သော သိုင်းပညာရှင်ဖြစ်ခဲ့သည်ကို ချင်မူ မယုံနိုင်ပေ။ သန်မာအားကောင်းလှသည့် ရွာလူကြီး ဤမျှလွယ်လွယ်ကူကူ ပြိုလဲသွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ရွာလူကြီးသည် သူက သန်မာအားကောင်းကြောင်း အမြဲပြောခဲ့သော်လည်း ယခုတွင် သူ၏ယုံကြည်ချက်အားလုံး အလွယ်တကူ ရိုက်ချိုးခံလိုက်ရ၏။
ရွာလူကြီး ပထမဆုံးအကြိမ် ပြိုလဲသွားတုန်းက ဒုက္ခိတဘိုးဘွားကျေးရွာသို့ သွားကာ မျှော်လင့်ချက်မဲ့လျက် စိတ်ဓာတ်ကျနေသော ဒုက္ခိတအဘိုးအိုတစ်ဦး ဖြစ်လာခဲ့သည်။ အဘိုးကြီးမာ၊ ဆေးဆရာ၊ ရွှေအနှင့် ကျန်ရှိသူများက ထိုနေရာတွင် သူနှင့်အတူ ရှိနေခဲ့လျှင် သူ မည်သို့ဖြစ်သွားမည်ကို မတွေးကြည့်နိုင်ပေ။
ဆေးဆရာနှင့် ကျန်ရှိသူများ ရွာမှ ထွက်သွားသည့်အခါ တစ်ယောက်တည်းကျန်ခဲ့သော ရွာလူကြီး၏ပုံစံကို ချင်မူ မှတ်မိသေးသည်။
စိတ်အားငယ်နေသော ရွာလူကြီးသည် ရွာအဝင်ဝတွင်သာ ထိုင်ပြီး မိုးထဲလေထဲ ပေတေတေ နေခဲ့သည်။ အမှောင်ထုကိုလည်း မကြောက်။ မုတ်ဆိတ်မွှေးများကိုလည်း မရိတ်။ အကြောင်းရင်းက မလှုပ်ချင်၍ဖြစ်သည်။
သူ့ရုပ်သူလည်း ဂရုမစိုက်၊ အစာလည်း မစား၊ ရေလည်း မသောက်ဘဲ ထိုနေရာတွင် ပုပ်သိုးဆွေးမြည့်သွားချင်သည့်ပုံပေါ်ခဲ့သည်။
ယခုတွင် ရွာလူကြီးသည် ပထမဆုံးအကြိမ် ပြိုလဲသွားစဉ်ကထက်ပင်ပို၍ စိတ်ဓာတ်ကျသွား၏။ ထိုအချိန်က သူ၏ကျရှုံးမှုကြောင့်သာ အသက်ရှင်ရမည်ကို စိတ်မဝင်စားတော့ဘဲ လမ်းလျှောက်နေသော အလောင်းကြီးသာသာ နေခဲ့ခြင်းဖြစ်သည်။
ရွာလူကြီးကို ယခုပြိုလဲသွားစေသည်က သူ၏ကျရှုံးမှုမဟုတ်၊ ပထမမျိုးဆက် လူသားဧကရာဇ်မှ အစပြု၍ မျိုးဆက်ဟောင်းလူသားဧကရာဇ်အားလုံး၏ ကျရှုံးမှုများဖြစ်သည်။
တစ်ခါက အားမာန်တက်ကြွခဲ့သော အဘိုးကြီး၏ပြိုလဲသွားမှုကို ချင်မူ ခံစားရသည်။ သူက ကြောက်နေသောကလေးတစ်ယောက်သဖွယ် သူ့ကမ္ဘာလေးထဲ ထွက်ပြေးပြီး ဒဏ်ရာကို ဆေးထည့်ချင်နေသည်။ မည်သူမျှမမြင်မည့် ထောင့်လေးတစ်ထောင့်တွင် သေဆုံးသွားချင်နေ၏။
သူကဲ့သို့ မကျရှုံးဖူးလျှင် ရွာလူကြီး၏ခံစားချက်များကို နားလည်ရန် ခက်လိမ့်မည်။
ရသေ့ကြီးချင်းယို ကရုဏာသက်နေသောမျက်လုံးများကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။ လူသားဧကရာဇ်အဘိုးကြီးကို သူ ယခုလို ရိုက်ချပစ်ချင်ခြင်းမဟုတ်ပေ။ လောကကြီးအကြောင်း မသိသေးသော လူသားဧကရာဇ်အသစ် ချင်မူ့အား သင်ခန်းစာပေးလိုခြင်း၊ သူ ရှာဖွေနေသမျှနည်းလမ်းအားလုံး၊ သူထမ်းရွက်ထားသော တာဝန်အားလုံးက အဆုံးသတ်တွင် ဟာသတစ်ခုသာ ဖြစ်သည်ကို သိစေလိုခြင်း၊ သူ၏မျှော်လင့်ချက်အားလုံး၊ ကြိုးစားသမျှအကုန်လုံး အရာထင်မည်မဟုတ်သည်ကို နားလည်စေလိုခြင်းဖြစ်သည်။
သို့တိုင်တောင် သူ၏ရိုက်ချက်က ချင်မူ့အပေါ် မကျဘဲ သူ့မိတ်ဆွေအိုကြီးအား ပြိုလဲသွားစေခဲ့သည်။ လူသားဧကရာဇ်ဟောင်းနှင့်သူ ငယ်ရွယ်စဉ်က ကြိမ်ဖန်များစွာ ဆုံတွေ့ခဲ့ဖူးသည်။
ထိုစဉ်က ရွာလူကြီးက သူ့ကို တောင်အောက်ဆင်းလာရန် ဖိတ်ခေါ်ခဲ့၍ သူလည်း သဘောတူပြီး အောက်ဆင်းလာခဲ့သည်။ သို့သော် ဘာဖြစ်သွားသနည်း။ ဒဏ်ရာအလိမ်းလိမ်းဖြင့် သူ ကျောက်စိမ်းမြို့တော်ငယ်ဆီ ပြန်ရောက်လာခဲ့၏။ သူ၏နှလုံးသားပင် ဒဏ်ရာရခဲ့သည်။
ထိုအချိန်မှစ၍ သူ စိတ်ဓာတ်ကျသွားပြီး သွေးမပူတတ်တော့ပေ။
နှစ်ပေါင်းများစွာကြာသော် ကျောက်စိမ်းမြို့တော်ငယ်ရှိ မှတ်တမ်းအကုန် သူ မွှေနှောက်ဖတ်ကြည့်ပြီး သမိုင်းကြောင်းကို သိလာခဲ့သည်။ အသိအမြင်ကြွယ်ဝလာသည်နှင့်အမျှ ရသေ့ငယ်ချင်းယို တောင်အောက်မဆင်းတော့ပေ။
ကောင်းကင်တံတားကို ဆက်၍ နတ်ဘုရားဖြစ်လာနိုင်မည့် နည်းလမ်းဖြင့် ချင်မူ သူ့ကို လာတွေ့တုန်းက သူ တခဏမျှ လှုပ်ရှားသွားခဲ့သည်။ သွေးပြန်ပူလာခဲ့သည်။
သို့သော် ပူလာသောသွေးများ ပြန်အေးသွား၏။
နတ်ဘုရားဖြစ်လာတော့ရော ဘာဖြစ်မည်နည်း။
သူ ကောင်းကင်တံတားကို ပြန်ဆက်နိုင်တော့ရော ဘာဖြစ်မည်နည်း။ ဤနေရာကို တည်ထောင်ခဲ့သည့် နတ်ဝိဇ္ဇာများထက် ပိုအစွမ်းထက်သွားမည်လား။
လူသားဧကရာဇ်ဟောင်း ကောင်းကင်တံတားကို ပြန်ဆက်နိုင်တော့ရော ဘာဖြစ်မည်နည်း။ လူသားဧကရာဇ်ခန်းမကို တည်ထောင်ခဲ့သည့် ပထမလူသားဧကရာဇ်ထက် ပိုအစွမ်းထက်သွားမည်လား။
ချင်မူ နတ်ဘုရားဖြစ်လာတော့ရော ဘာဖြစ်မည်နည်း။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တန်ခိုးရှင်သစ်ခုတ်သမားထက် ပိုအစွမ်းထက်သွားမည်လား။
“အဲဒီတော့ရော ဘာဖြစ်လဲ” ချင်မူ့အသံ ကြားရသည့်အခါ ရသေ့ကြီးချင်းယို အတန်ငယ် မှင်သက်သွားမိသည်။ ကောင်လေးက စိတ်ဓာတ်ကျနေသော ရွာလူကြီးကို ကြည့်ကာ ပြုံးလိုက်၏။ “အဲဒီတော့ရော ဘာဖြစ်လဲ။ ဘိုးဘိုးရွာလူကြီး သူတို့ ကျရှုံးတော့ရော ဘာဖြစ်လဲ”
“လူပိန်းလေး” ရသေ့ကြီးချင်းယိုက တဟားဟား ရယ်ကာ ခေါင်းယမ်းသည်။ “မျိုးဆက်သစ်လူသားဧကရာဇ်က ရေနဲ့ကစားဖို့ပဲ သိတဲ့ လူပိန်းလေးတစ်ယောက် ဖြစ်နေသေးတုန်းပဲ။ ဟိုတုန်းက ငါလည်း မင်းလို ပိန်းခဲ့တယ်....”
ချင်မူ ပြုံးလိုက်သည်။ “မျိုးဆက်ဟောင်း လူသားဧကရာဇ်တွေနဲ့ ဘိုးဘိုးရွာလူကြီး ကျရှုံးခဲ့တယ်။ ကျရှုံးတော့ရော ဘာဖြစ်လဲ။ ပထမဆုံးလူသားဧကရာဇ် ကျရှုံးတော့ ဒုတိယလူသားဧကရာဇ် မပေါ်လာဘူးလား။ ဒုတိယလူသားဧကရာဇ် ကျရှုံးတော့ရော တတိယတစ်ယောက် မပေါ်လာဘူးလား။ ဘိုးဘိုးရွာလူကြီး၊ ဘိုးဘိုး ကျရှုံးခဲ့ရင်တောင်မှ ကျွန်တော် ရှိသေးတယ်မဟုတ်လား”
ရွာလူကြီး မှင်သက်သွားပြီး ခေါင်းယမ်းသည်။ သူ၏ဆံပင်ဖြူဖြူများ လှုပ်ရှားသွား၏။
“မင်းကို ငါ့လို ဖြစ်မလာစေချင်ဘူး.... “ သူက မျက်ရည်များဖြင့် ပြောသည်။
ယခု သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို အံတုနိုင်သော လူသားဧကရာဇ်မဟုတ်တော့။ သာမန်လူအိုကြီးတစ်ယောက်သာ ဖြစ်၏။ ဓားလမ်းအဆင့် ဓားနတ်ဘုရားလည်း မဟုတ်။ သူ့ခြေရာကို သူ့ကလေးအား မနင်းစေချင်သော ဒုက္ခိတအဘိုးကြီးတစ်ယောက်သာ ဖြစ်သည်။
“ကျွန်တော်က လောကသခင်ခန္ဓာလေ ၊ ဘိုးဘိုး မေ့သွားပြီလား” ချင်မူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ “တစ်ခုတည်းသော လောကသခင်ခန္ဓာလေ၊ ကျွန်တော့်ကို ဘိုးဘိုးတို့အားလုံး ပြုစုပျိုးထောင်ပေးခဲ့တာမဟုတ်လား”
“လောကသခင်ခန္ဓာတဲ့လား” ရွာလူကြီးက ရယ်လည်းရယ်၊ ငိုလည်းငိုသည်။ “လောကသခင်ခန္ဓာတဲ့လား။ ဟားဟားဟား အဲ့ဒါ ငါ့အပြစ်ပါ... မူအာ အိမ်ပြန်ရအောင်နော်၊ တောင်းပန်ပါတယ်”
ချင်မူ၏ချီစွမ်းအင် ထွက်လာပြီး ရွာလူကြီးကို ပွေ့မြှောက်လိုက်သည်။ ချင်မူ့အပြုံးသည် မနက်ဆည်းဆာ၏ နေမင်းကြီးပမာ တောက်ပနေ၏။ တခြားသူများ၏ ရင်ထဲရှိ တိမ်မည်းတိမ်စိုင်များကို ဖြိုခွဲ၍ နွေးထွေးသွားစေပြီး မျှော်လင့်ချက်တို့ ဆောင်ယူပေးလာသည့်အလားပင်။
“လောကသခင်ခန္ဓာက ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး။ ဘယ်တော့မှ သေမှာမဟုတ်ဘူး”
ချင်မူ့အသံက အလွန်လေးနက်နေပြီး သူက ခါးမတ်ကာ ယုံကြည်ချက်မှုအပြည့်၊ သေချာမှုအပြည့်ဖြင့် ပြောလိုက်သည်။ “ကျွန်တော် ဘိုးဘိုးတို့အားလုံးကို ကျော်တက်ပြီး တစ်လောကလုံးမှာ နံပါတ်တစ်ဖြစ်လာအောင် လုပ်မယ်”
“ဓားသိုင်းမှာ ဘိုးဘိုးကို ကျော်တက်ပြီး ဓားနတ်ဘုရားဖြစ်အောင် လုပ်မယ်။ ဓားလမ်းရဲ့ အဆုံးထိ လျှောက်မယ်။ ဆေးပညာမှာ ဘိုးဘိုးဆေးဆရာကို ကျော်တက်မယ်။ အမြန်နှုန်းမှာ ဘိုးဘိုးထော့ကျိုး၊ ပန်းပဲပညာမှာ ဘိုးဘိုးရွှေအ၊ ပန်းချီမှာ ဘိုးဘိုးနားကန်း၊ လက်သီးသိုင်းမှာ ဘိုးဘိုးမာ၊ ဓားမသိုင်းမှာ ဘိုးဘိုးသားသတ်သမား၊ ကောင်းကင်မျက်လုံးမှာ ဘိုးဘိုးမျက်ကန်း၊ ဖန်ဆင်းပညာမှာ ဘွားဘွားစစ်။ အကုန်လုံးကို ကျော်တက်ပြီး တစ်လောကလုံးမှာ နံပါတ်တစ် ဖြစ်လာစေရမယ်”
ရသေ့အိုကြီးချင်းယိုက တဟားဟား အော်ရယ်သည်။ “လူသားဧကရာဇ်ရဲ့ ရည်မှန်းချက်တွေက လေးစားထိုက်ပါပေတယ်။ ဒါပေမဲ့ ဒီကျောက်ရုပ်တုတွေကို ကျော်တက်နိုင်လား။ မဟာမြို့ပျက်ထဲက အဲဒီလူတွေကို ကျော်တက်နိုင်လား။ သူတို့ကို ကျော်တက်နိုင်ရင်တောင် ခိုင်ဧကရာဇ်ထက် သာနိုင်ဦးမလား”
ချင်မူ ခေါင်းမော့၍ ကျောက်ရုပ်များကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “မကြိုးစားရင်၊ အောင်မြင်ချင်တဲ့စိတ် မရှိရင် ပထမမျိုးဆက်လူသားဧကရာဇ်ကို ဘယ်ကျော်တက်နိုင်ပါ့မလဲ။ ဒါပေမဲ့ တစ်လှမ်းချင်း တစ်ဆင့်ချင်း ကြိုးစားရင်း အခွင့်အရေးပေါ်လာလိမ့်မယ်။ မျှော်လင့်ချက်ရှိလာလိမ့်မယ်။ မကြိုးစားဘဲ ကျရှုံးမှာပဲ တွေးနေလို့ကတော့ ချီးတောင် မရဘူး”
သူ ရသေ့အိုကြီးချင်းယိုကို ကြည့်လိုက်သည်။ “ရသေ့ကြီးချင်းယိုက နတ်ဝိဇ္ဇာတစ်ယောက်ဆိုတော့ မသေဘူးလား”
ရသေ့ကြီးချင်းယို ခေါင်းယမ်းလိုက်၏။ “မသေတဲ့ နတ်ဝိဇ္ဇာရယ်လို့ မရှိပါဘူး”
“သေရင် ဘာတွေ ချန်ခဲ့နိုင်လဲ” ချင်မူ မေးလိုက်သည်။
ရသေ့ကြီးချင်းယိုက ဖြေသည်။ “လူ့လောကထဲ ရောက်လာတုန်းက ဘာမှမပါခဲ့သလို၊ သေရင်လည်း ဘာမှယူမသွားနိုင်ပါဘူး အကုန်ထားခဲ့ရပါတယ်”
ချင်မူ ပြုံးလိုက်သည်။ “ဒါပေမဲ့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာတွေက ကျောက်ရုပ်တွေကို ချန်ခဲ့တယ်။ ပထမလူသားဧကရာဇ်နဲ့ သစ်ခုတ်သမားလည်း အလားတူပဲ။ ဒါပေမဲ့ သူတို့က တကယ် သေသွားလို့လား။ တစ်ခါတုန်းက မဟာမြို့ပျက်ရဲ့ညမှာ ကောင်းကင်နတ်မင်းတစ်ပါးရဲ့ ရုပ်တုက နဂါးချီလင်ကို စီးပြီး ကောင်းကင်နဂါးတွေကို သွားသတ်တာ ကျွန်တော် မြင်ခဲ့ဖူးတယ်။ တိုက်ခိုက်ဖို့ အသက်ဝင်လာတဲ့ ကျောက်ရုပ်တုတွေလည်း ရှိတယ်။ သူတို့က မဟာမြို့ပျက်ကလူတွေ ညဘက်ကျ လုံခြုံအောင် ကောင်းကင်အလင်းတွေတောင် ဖြန့်ကျက်ပေးကြသေးတယ်။ ဒါပေမဲ့ ခင်ဗျား သေတဲ့အခါ ဘာချန်ခဲ့မှာလဲ”
သူ ရသေ့ကြီးချင်းယို ဖြေမည်ကို မစောင့်ဘဲ သူ့ဘာသာသူ ဖြေလိုက်သည်။ “ဘာမှမချန်ခဲ့ဘူး”
ရသေ့ကြီးချင်းယို စိတ်တိုသွားသသော်လည်း ပြုံးလျက် ခေါင်းယမ်းလိုက်သည်။ “မင်းက ဘယ်လိုကြွားရမလဲပဲ သိတဲ့ ကလေးတစ်ယောက်ပဲ ရှိသေးတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးကို မခွဲခြားတတ်သေးဘူး။ မင်း တစ်နေ့ကျ ငါနဲ့ လူသားဧကရာဇ်ဟောင်းလို ဒဏ်ရာတွေ ရပြီး စိတ်ဓာတ်တွေ ကျိုးကြေသွားလိမ့်မယ်။ အဲဒီအချိန်ကျ မင်းမိသားစုလည်း အသတ်ခံလိုက်ရပြီး မင်းတစ်ယောက်တည်း ကျန်ခဲ့မှာ။ မင်းကို မြေမြှုပ်ပေးမယ့် ကလေးတောင် ရှိမှာမဟုတ်ဘူး။ အဲဒီအချိန်ကျမှ ငါ့စကားက ဘယ်လောက်အဖိုးတန်လဲ မင်း သဘောပေါက်လိမ့်မယ်”
ချင်မူ ကျောက်ရုပ်တုများကို မော့ကြည့်၍ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ “သူတို့ အသက်ပြန်ဝင်လာလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ မျှော်လင့်ချက် ပြန်လည်မွေးဖွားလာရင် သူတို့ အသက်ပြန်ရှင်လာပြီး မျှော်လင့်ချက်အတွက် ဆက်လက်တိုက်ခိုက်ကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင် ရသေ့ကြီးကရော အသက်ပြန်ရှင်လာပြီး တိုက်ခိုက်နိုင်မှာလား။ မတိုက်ခိုက်နိုင်တော့ဘူးလေ သေသွားပြီကိုး”
ရသေ့ကြီးချင်းယို ဒေါသတကြီး ရှေ့တစ်လှမ်းတက်လိုက်သည်။ သူ့၏အဝတ်အစားများက လေမတိုက်ဘဲ လှုပ်နေပြီး သူ့ဆံပင်များလည်း လွင့်နေ၏။ သူက အော်သည်။ “မင်းက လူသားဧကရာဇ်ဖြစ်ရင်တောင်မှ ဘာလုပ်နိုင်မှာမလို့လဲ”
ချင်မူ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “ကျုပ်က လောကသခင်ခန္ဓာ”
“ကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာဆိုတာမျိုး မရှိဘူးကွ” ရသေ့ကြီးချင်းယိုက နားကွဲနိုင်သောအသံဖြင့် အော်သည်။ “ဘာကို လောကသခင်ခန္ဓာလဲ။ အဲဒီလိုအရာမျိုး လုံးဝမရှိဘူး။ မင်း ငါ့ကို အရူးလာမလုပ်နဲ့”
“ဒီကမ္ဘာမှာ လောကသခင်ခန္ဓာတစ်ခု ရှိတယ်”
ရွာလူကြီးက ရုတ်တရက် ပါးစပ်ဖွင့်လိုက်ရာ ရသေ့ကြီးချင်းယို အတန်ငယ်မှင်သက်သွားပြီး ရွာလူကြီးဆီ လှမ်းကြည့်သည်။ ရွာလူကြီးက ချင်မူ၏ ချီစွမ်းအင်ထဲမှ ရုန်းထွက်လာပြီး တည်ကြည်လေးနက်သောအမူအရာဖြင့် ပျံတက်လာ၏။ “ဒီကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာရှိတယ်။ ရွှင်ပျော်ပျော်ကျေးရွာက လောကသခင်ခန္ဓာ”
ရသေ့ကြီးချင်းယို ရင်ထဲ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ချင်မူ့ကို ကပျာကယာ ကြည့်ကာ အော်သည်။ “သဘောက...”
“သူ့နာမည်က ချင်၊ ခိုင်ဧကရာဇ်ရဲ့ ချင်”
ရွာလူကြီးသည် ပြိုလဲမနေတော့သော်လည်း သူ့အသံတွင် မောပန်းနေသောအရိပ်အယောင် ရှိနေသေးသည်။ “ရွှင်ပျော်ပျော်ကျေးရွာရဲ့ချင်၊ နယ်မြေရှစ်ခုကို အုပ်စိုးပြီး တစ်လောကလုံးကို ပေါင်းစည်းခဲ့တဲ့ ချင်။ သူက လောကသခင်ခန္ဓာ၊ ပြိုင်ဘက်ကင်းတဲ့ လောကသခင်ခန္ဓာပဲ”
“ရွှင်ပျော်ပျော်ကျေးရွာ” ရသေ့ကြီးချင်းယို ရင်ခုန်သံမြန်လာပြီး စိတ်ပြန်ထိန်းရန် အချိန်တခဏ ယူလိုက်ရသည်။ သူ မေးလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာရဲ့ချင်။ ခိုင်ဧကရာဇ်ရဲ့ချင်၊ ရွှေစာအုပ်က ရွှင်ပျော်ပျော်ကျေးရွာကလား။ ရွှင်ပျော်ပျော်ကျေးရွာမှာ ချင်မိသားစုဝင် ရှိသေးတယ်လား”
ရွာလူကြီး ခေါင်းညိတ်လိုက်သည်။ “ငါတို့ မလုပ်နိုင်ခဲ့ပေမယ့် ချင်မိသားစုကတော့ လုပ်နိုင်တယ်”
ရသေ့ကြီးချင်းယို စိတ်လှုပ်ရှားလာသော်လည်း တခဏကြာသော် မြိုသိပ်လိုက်၏။ သူက မထီမဲ့မြင် ရယ်သည်။ “နောင်တော်ကြည့်ရတာ ခိုင်ဧကရာဇ်ခေတ်ကို ကောင်းကောင်း နားမလည်သေးတဲ့ပုံပဲ။ ချင်မိသားစုက ဘာလုပ်နိုင်မှာလဲ။ သူတို့လည်း ငါတို့လို အရှုံးသမားတွေ မဟုတ်ဘူးလား။ ရွှင်ပျော်ပျော်ကျေးရွာဆိုတာ အသက်ရှင်ဖို့ အကောင်းဆုံး ကြိုးစားနေသူတွေသက်သက်ပဲ။ သူတို့နဲ့ ငါတို့ကျောက်စိမ်းမြို့တော်ငယ်က ဘာကွာလို့လဲ။ တကယ်က မင်းလည်း မယုံနိုင်ပါဘူး”
ရွာလူကြီး တိတ်ဆိတ်သွားပြီးနောက် ပါးစပ်ဖွင့်လိုက်သည်။ “ဘယ်လောက်ပဲ သေးမျှင်နေပါစေ မျှော်လင့်ချက်ရှိနေသေးတယ်”
ရသေ့ကြီးချင်းယိုက သနားသွားသည့်အမူအရာဖြင့် ပြောလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာနဲ့ ငါ့ကို ဖိအားလာမပေးနဲ့။ ရွှင်ပျော်ပျော်ကျေးရွာမှာ လောကသခင်ခန္ဓာမရှိဘူး။ ဒီကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာမရှိဘူး”
“မူအာ မင်းကို သက်သေပြနိုင်တယ်” ရွာလူကြီး အလေးအနက် ပြောလိုက်သည်။ “သူက တစ်ခုတည်းသော လောကသခင်ခန္ဓာဆိုတာ မင်းကို သက်သေပြနိုင်တယ်”
ရသေ့ကြီးချင်းယို ဟားတိုက်ရယ်၍ ခေါင်းယမ်းလိုက်သည်။ “နောင်တော်၊ မင်း လိမ်ပဲလိမ်တတ်တော့တာလား။ လောကသခင်ခန္ဓာ ဟားဟား လောကသခင်ခန္ဓာ...” သူ့အသံက အလွန်ကျယ်လောင်လာပြီး ကျောက်စိမ်းမြို့တော်ငယ်တစ်လျှောက် ပဲ့တင်ထပ်သွား၏။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ တပည့်တွေ ဒီကိုလာကြစမ်း”
ချင်မူ အတန်ငယ် မှင်သက်သွားသည်။
ရသေ့ကြီးချင်းယို၏မျက်နှာက တင်းမာလာပြီး အင်္ကျီလက်အိုးကို ခါ၍ သူ့အား လှမ်းကြည့်သည်။ “ငါ့ကို သက်သေပြစမ်းပါ။ ငါတို့ကျောက်စိမ်းမြို့တော်ငယ်က ဒီတပည့်သုံးယောက်ကိုပဲ လေ့ကျင့်ပေးထားတယ်။ ဒါပေမဲ့ သူတို့ကို မင်း အနိုင်ရရင် ငါ မင်းနဲ့အတူ တောင်အောက်ဆင်းမယ်”
ချင်မူ မျက်ခုံးပင့်၍ ကြွက်သားများကို ဖြေလျှော့ကာ ပြုံးလိုက်သည်။ “ရသေ့ကြီးချင်းယို၊ ခင်ဗျား အရင်စပြောတာနော်။ သုံးယောက်က နည်းလွန်းတယ်။ ခင်ဗျားတို့ ကျောက်စိမ်းမြို့တော်ငယ်က နတ်ဝိဇ္ဇာတွေအကုန်လုံး ကျင့်စဉ်စွမ်းအင်ကို ပိတ်ပြီး တစ်ပြိုင်တည်း တိုက်ကြပါလား။ တာအိုသခင်နဲ့ တထာဂတကိုလည်း ခေါ်နိုင်ပါတယ်” သူ့အရှိန်အဝါက အားကုန်ပေါက်ကွဲထွက်လာပြီး ချင်မူ မာန်အပြည့်ဖြင့် ကြွေးကြော်လိုက်၏။ “ကျုပ်က ခင်ဗျားတို့အားလုံး သေအောင် ရိုက်သတ်ပစ်မှာ”