မတရားကြမ်းတယ်
Vol. 25 Ch. 346
“လူသားဧကရာဇ်က တော်တော်ကြမ်းတမ်းပါလား” ရသေ့ကြီးချင်းယို သရော်စကားဆိုသည်။ “ဒဏ်ရာရထားတဲ့ ကြောင်လေး လက်သည်းထုတ်ပြနေသလိုပဲ။ ငါ့ကို ကြောက်အောင် ခြောက်ဖို့ ကြိုးစားနေပေမယ့် မင်းရင်ထဲ အကြောက်တရားတွေ ရှိနေတာ သိသာပါတယ်။ ဒါပေမဲ့ ငါတို့ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာတွေက မင်းကို ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမမှာ ဆုံးမပေးဖို့ စောင့်နေပါလိမ့်မယ်”
ထို့နောက် သူက မှင်သေသေ ဆက်ပြောသည်။ “ဒါပေမဲ့ ငါတို့ကို စိန်ခေါ်ချင်ရင် ကျောက်စိမ်းမြို့တော်ငယ်ရဲ့ တပည့်သုံးဦးကို အနိုင်ယူဖို့ လိုသေးတယ်။ အဲ့ဒါမှ စွမ်းအင်သုံးသွယ်ခန်းမနဲ့ ဓာတ်ကြီးငါးပါးခန်းမကို ဝင်ခွင့်ရမယ်။ သူတို့ကို အနိုင်မယူနိုင်ရင် တောင်အောက် ဆင်းလိုက်တော့”
ရွာလူကြီး၏မျက်လုံးများ တောက်ပသွားသည်။ “ချင်းယို ကျေးဇူးတင်ပါတယ်”
“ဘာအတွက် ကျေးဇူးတင်နေတာလဲ။ ငါက မင်းတို့ အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်အောင် သင်ပေးနေရုံသက်သက်ပဲ။ မင်းတို့မလာခင်တုန်းက အထက်ကောင်းကင်ဘုံက ရှုရှန်းဟွာ ရောက်လာတယ်။ သူက ဆက်ရက်အတွင်း ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမကို ကျော်ဖြတ်နိုင်ခဲ့တယ်။ မင်း သူနဲ့ မယှဉ်နိုင်ရင် တောင်ပေါ်က မြန်မြန်ဆင်းလိုက်တော့၊ အရင်လူသားဧကရာဇ်တွေနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တန်ခိုးရှင်တွေမျက်နှာကို အိုးမည်းမသုတ်နဲ့” ရသေ့ကြီးချင်းယိုက အေးတိအေးစက် ပြောသည်။
ချင်မူ တရှိန်ရှိန် စိတ်အားထိုးတက်လာပြီး ရယ်လိုက်သည်။ “ရှုရှန်းဟွာက အတုအယောင်လောကသခင်ခန္ဓာလေးသက်သက်ပဲ။ ကျွန်တော်က လောကသခင်ခန္ဓာအစစ်။ သူတောင် ကျော်ဖြတ်နိုင်သေးရင် ကျွန်တော်က ဘာလို့မကျော်ဖြတ်နိုင်ရမှာလဲ”
ရသေ့ကြီးချင်းယို မှင်သက်သွားပြီး ခေါင်းယမ်းလိုက်၏။ “မင်းရဲ့ တလွဲယုံကြည်ချက်တွေ ဘယ်ကလာလဲ မသိဘူး”
ချင်မူ့အပြုံး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူက လျင်မြန်စွာ ချဉ်းကပ်လာနေသော လူသုံးယောက်ကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရလိုက်၍ ခပ်တိုးတိုး မေးကြည့်လိုက်သည်။ “ရွာလူကြီးက စောစောက ကျွန်တော် ကြမ်းတမ်းသွားလား”
ရွာလူကြီးက ခေါင်းညိတ်လိုက်ပြီး စိတ်အားပြန်တက်လာပုံရသည်။ “မတရားကြမ်းသွားတယ်”
“ကျွန်တော်က ကြောက်ဖို့ကောင်းလား”
“မတရားကြောက်ဖို့ကောင်းတယ်”
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်၍ ပြုံးလိုက်သည်။ “ဒီထက်ပို ကြောက်စရာကောင်းတာကို ပြမယ်”
ချီစွမ်းအင် သူ့ကိုယ်ထဲ၌ လည်ပတ်သွားသည့်အခါ ဝေါခနဲ လေတိုက်သွားသည်။ ရွာလူကြီးနှင့် ရသေ့ကြီးချင်းယို တအံ့တဩ မျက်ခုံးပင့်သွားကြသည်။
တဝေါဝေါ လေတိုက်သံများကြားတွင် ရေလှိုင်းများ ကမ်းပါးတစ်ခုကို ဝုန်းခနဲ ဝုန်းခနဲ ဝင်တိုက်နေသံများလည်း ကြားရသည်။ ထို့နောက် တိမ်မည်းတိမ်စိုင်များ၏အတွင်းထဲမှ မိုးကြိုးများ ပြိုးပြိုးပြက်ပြက် ပစ်ချနေသကဲ့သို့ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ချင်မူ၏ချီစွမ်းအင်က ကောင်းကင်ရတနာများထဲရှိ ကောင်းကင်ကို ထိုးခွင်းသွားသည့်အခါ မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာသည်။
ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးဦးက ကောင်းကင်တောင်သုံးလုံးအကွာမှ အပြေးလာနေကြသည်။
“ရသေ့ကြီးချင်းယို”
ချင်မူ၏အရှိန်အဝါက မြိုသိပ်ထားရသော ခံစားချက်ကို ဖောက်ခွဲဖွင့်ချတော့မည်ပုံရသည်။ သူက ရသေ့ကြီးချင်းယိုကို စိတ်တရှားကြည့်ကာ ပြုံးလိုက်၏။ “သူတို့မလာခင် ကျွန်တော်တို့ အရင်ဆုံးတိုက်ကြမလား”
ရသေ့ကြီးချင်းယိုက ခေါင်းယမ်းသည်။ “သူတို့ကို အနိုင်မယူနိုင်ရင် ငါ့ကို မင်း စိန်ခေါ်ပိုင်ခွင့်မရှိဘူး”
ဒုန်း
ချင်မူ ခြေလှမ်း မြေကြီးပေါ် ကျသွားသည့်အခါ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံထွက်ပေါ်လာသည်။ ရသေ့အိုကြီး၏အရှေ့ရှိ လေထုမှာ တံခါးတစ်ချပ်သဖွယ် ဖိညှပ်ခံလိုက်ရပြီးနောက် ဖိအားကြောင့် ပေါက်ကွဲသွား၏။
ရသေ့ကြီးချင်းယို၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး နောက်ဆုံးတွင် ဒေါသကို မမြိုသိပ်နိုင်တော့ပေ။ သူက လက်ဝါးမြှောက်လိုက်ရာ အစိမ်းရောင်အလင်းတန်းများ ကောင်းကင်တစ်ခွင် ဖြာထွက်သွားသည်။
ရွာလူကြီး ကမန်းကတန်း ပြောလိုက်သည်။ “ချင်းယို၊ အရပ်ခြောက်မျက်နှာအဆင့်”
“သိတယ်”
ရသေ့ကြီးချင်းယိုက ပြန်အော်ပြီး ကောင်းကင်တံတား၊ သေခြင်းရှင်ခြင်း၊ ကောင်းကင်နတ်အသွင်နှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာများကို ပိတ်လိုက်သဖြင့် တဒုန်းဒုန်း တံခါးပိတ်သွားသံများ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏ချီစွမ်းအင်က အားကုန်ပေါက်ကွဲပြီး သူက ဒေါသတကြီး ပြုံးလိုက်၏။ “လူသားဧကရာဇ်၊ မင်းကို ငါ ကြည့်မရတာကြာပြီ။ မင်းက ရေနဲ့ကစားဖို့ပဲ သိတဲ့ ကောင်လေးတစ်ယောက်သက်သက်ပဲ...”
လူနှစ်ယောက်၏ လက်ဝါးနှင့် လက်သီး ထိသွားသည့်အခါ ရသေ့ကြီးချင်းယို အင့်ခနဲ ညည်း၍ လွင့်ထွက်သွားသည်။ သူ ကျောက်ရုပ်တုတစ်ရုပ်နှင့် ဝင်တိုက်သွား၏။ ထိုကျောက်ရုပ်တုသည် အလွန်မာပြီး မဟာမြို့ပျက်၏ ကျောက်ရုပ်တုများကဲ့သို့ ဖျက်စီး၍မရပေ။ ထို့ကြောင့် သူ ဝင်တိုက်မိချိန်တွင် တုပ်တုပ်မှမလှုပ်။
“ဒီကျင့်စဉ်စွမ်းအင်က...” ရသေ့ကြီးချင်းယို၏ ရင်ဘတ်ထဲမှ လေအားလုံးနီးပါး ထွက်သွားသည်။ သူက မျက်နှာကြီးနီလျက် လှမ်းအော်၏။ “သူက အရပ်ခြောက်မျက်နှာအဆင့်ပဲဆိုတာ သေချာရဲ့လား”
ချင်မူက နဂါးရိုင်းတစ်ကောင်လို တဟုန်ထိုး ပြေးသွားသည်။ သူ ရွေ့လျားသည့်အခါ သူ၏ခန္ဓာကိုယ်က လေးလံသော်လည်း သူ၏အမြန်နှုန်းက မယုံနိုင်ဖွယ်ကောင်း၏။ တောင်လို လေးလံသော ခန္ဓာကိုယ်ကို အမြန်နှုန်းနှင့် ပေါင်းစည်းလိုက်သည့်အခါ ချင်မူသည် သူ့အသက်အရွယ်နှင့် မထုတ်ဖော်နိုင်သင့်သော သိုင်းကွက်ကို ဖန်တီးလိုက်၏။
ရသေ့ကြီးချင်းယိုအတွက် စဉ်းစားရန် အချိန်မရှိပေ။ သူ လက်ချောင်းများ လှုပ်ရှားလိုက်သည့်အခါ သူ၏အစိမ်းရောင်ချီစွမ်းအင်က ရုတ်တရက် အနက်ရောင်နှင့် အဖြူရောင်သို့ ပြောင်းလဲသွား၏။ ၎င်းတို့က ငါးကြီးနှစ်ကောင်နှင့် တူနေရာမှ အမြွှာနဂါးဖြစ်လာပြီး ချင်မူ့ကို ဝင်တိုက်လိုက်သည်။
“အရပ်ခြောက်မျက်နှာအဆင့် သေချာတယ်” ရွာလူကြီးလည်း အံ့ဩမှုအား မဖုံးကွယ်နိုင်ပေ။ ဣန္ဒြေပြန်ဆည်ရန် အချိန်ယူပြီးနောက် ပြောလိုက်သည်။ “ဒါပေမဲ့ သူ့ကျင့်စဉ်စွမ်းအင်က အရင်ထက် အများကြီး ပိုအားကောင်းလာတယ်”
ဝိညာဉ်သန္ဓေသားအဆင့်တွင် ချင်မူ၏ကျင့်စဉ်စွမ်းအင်က ရွာလူကြီး တစ်ခါမှ မမြင်ခဲ့ဖူးသော အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ချင်မူ ဓာတ်ကြီးငါးပါးအဆင့်နှင့် အရပ်ခြောက်မျက်နှာအဆင့် ရောက်သည့်အခါ အဆင့်တူများနှင့် ကွာဟမှုက မကြီးမားသွားဘဲ အတူတူသာ ရှိခဲ့၏။
ယခုကြည့်ရပုံထောက်လျှင် တစ္ဆေတောင်ကြားသို့ သွား၍ ယိုတုမှ ပြန်လာပြီးနောက် ချင်မူ၏ကျင့်စဉ်စွမ်းအင်က အတော်လေး တိုးတက်သွားခဲ့ပုံရသည်။
ဤမျှမနှိုင်းယှဉ်နိုင်လောက်အောင် သိပ်သည်းသော မှော်စွမ်းအင်က ရွာလူကြီးကိုပင် အံ့ဩမှင်သက်သွားစေသည်။
ချင်မူက လက်သီးဆုပ်၍ ပြေးဝင်လာသော အမြွှာနဂါးနှစ်ကောင်ကို အားကုန်ထိုးချလိုက်သည်။ သူ၏အမြန်နှုန်းက အနည်းငယ်မျှပင် လျော့ကျမသွားခဲ့ပေ။ ရသေ့ကြီးချင်းယိုက လေပေါ်ပျံတက်၍ ချီစွမ်းအင်ကို ဓားထဲ၌ စုစည်းလိုက်သည်။ သူ အောက်သို့ လက်ညှိုးထိုးသည့်အခါ ဓားတစ်သောင်းက ဥက္ကာခဲများသဖွယ် ချင်မူအပေါ် ရွာကျသွား၏။
ကြယ်တာရာအလင်းစက်၊ ကောင်းကင်ကို ဖြိုခွင်းသော ဓားတစ်သောင်း။
ချင်မူ ကောင်းကင်ပေါ် ခုန်တက်ပြီး သူ၏ဓားရောင်များ ဖြာထွက်သွားသည်။ သူ၏ချီစွမ်းအင်က နဂါးတစ်ကောင်အသွင် ဖွဲ့တည်၍ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ နဂါးအကောင်တစ်သောင်း တဟုန်ထိုး ထွက်သွား၏။
နဂါးကိုးကောင်ဘုရင်ကျင့်စဉ်။
နဂါးနှင့်ဓား ဝင်တိုက်သွားသည်။ ရသေ့ကြီးချင်းယို နောက်တစ်ကြိမ် ညည်းတွားလိုက်ရပြီး သူ၏ခြေထောက်က ကောင်းကင်တစ်လျှောက် ခပ်သွက်သွက် ဖြတ်နင်းကာ ချင်မူ့သိုင်းကွက်မှ ကြောက်မက်ဖွယ်ရာစွမ်းအားကို ဖြိုခွဲလိုက်သည်။
နဂါးများနှင့် ဓားများ ပြိုကွဲသွားပြီး မီးကျီခဲများပမာ ရွာကျသွား၏။ မီးကျီခဲများကြားမှ လက်သီးတစ်လုံး ပြေးဝင်လာ၍ ရသေ့ကြီးချင်းယို ရှောင်ရန် ကြိုးစားလိုက်သည်။
ရွာလူကြီး ခေါင်းယမ်းနေမိ၏။ ‘မင်းခြေသိုင်းနဲ့ ကိုယ်လှုပ်ရှားမှုတွေက ထော့ကျိုးနဲ့ မယှဉ်နိုင်ပဲ ဘယ်လိုလုပ်နိုင်တော့မှာတုံး’
ရသေ့ကြီးချင်းယို လက်သီးချက်ကို မရှောင်နိုင်တော့၍ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ ဝုန်းခနဲ သူ လွင့်ထွက်သွား၏။
ကောင်းကင်ကျွန်းတစ်ခုမှ တိမ်မှုန်များ တထောင်းထောင်း ထသွားသည်။ တခဏကြာသော် ရသေ့ကြီးချင်းယို ကောင်းကင်တောင်ထဲ ဝင်တိုက်သွားသောအသံ ကြားလိုက်ရသည်။
‘အဘိုးကြီးမာရဲ့ လက်သီးသိုင်းကို ယှဉ်ရရင် မင်းရှုံးမှာပဲ ချင်းယို’ ရွာလူကြီး ခေါင်းယမ်းလိုက်ပြန်သည်။
ချင်မူ လေထဲတွင် အားကုန်ပြေးသွားသည့်အချိန် ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးယောက် ကောင်းကင်တောင်ထိပ်သို့ ရောက်လာကြသည်။ ထိုအခိုက်အတန့်တွင် ရသေ့ကြီးချင်းယို ပြုတ်ကျသွားသောနေရာဆီသို့ ချင်မူ လျှပ်စီးလို ပြေးဝင်သွားသည်ကို သူတို့ မြင်လိုက်ရ၏။ မည်သည့်အဖြစ်အပျက် ဖြစ်ပျက်သွားမှန်း မသိလိုက်၍ သူတို့ ကြက်သေသေနေကြသည်။
ရွာလူကြီး သူတို့သုံးယောက်ကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်သည်။ “ရသေ့ကြီးချင်းယို အဲဒီ့ရောက်သွားပြီ။ ငါတို့လည်း လိုက်သွားကြမလား” ပြောပြောဆိုဆိုဖြင့် သူက လေပေါ်ပျံတက်ကာ ကောင်းကင်တောင်ဆီ ဦးတည်သွား၏။
တပည့်သုံးယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်၍ သူ့နောက်မှ ခပ်သုတ်သုတ် လိုက်သွားကြသည်။
ကျန်ကောင်းကင်တောင်များနှင့် ကောင်းကင်ကျွန်းများအပေါ်ရှိ နတ်ဝိဇ္ဇာအိုကြီးများလည်း အပြင်ထွက်လာကြပြီး တိုက်ပွဲဖြစ်ပွားနေသော တောင်ဆီသို့ တအံ့တဩ လှမ်းကြည့်ကြသည်။
“ဘာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတာပါလိမ့်” တထာဂတနှင့် တာအိုသခင်လည်း ထိတ်လန့်သွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။
တထာဂတက အလုံးစုံမြင်နိုင်သော မျက်လုံးတော်များဖြင့် ကြည့်လိုက်ပြီးနောက် တအံ့တဩ ပြောလိုက်သည်။ “လူသားဧကရာဇ်ချင်က ရသေ့ကြီးချင်းယိုကို ထိုးနေတယ်။ ရသေ့ကြီးချင်းယိုက ပြန်မတိုက်ရဲတဲ့ပုံပဲ”
တာအိုသခင် ပြုံးလိုက်သည်။ “ပြန်မတိုက်နိုင်တာ ဖြစ်ဖို့များတယ်။ လက်ဦးမှုမရလိုက်တော့ လူသားဧကရာဇ်ရဲ့ မှော်စွမ်းအင်ကို မတွန်းလှန်နိုင်တော့တာနေမှာ”
ကောင်းကင်ကျွန်းပေါ်တွင် တောင်တန်းများက မျက်စိတဆုံး သွယ်တန်းနေ၏။ လူငယ်တစ်ယောက်နှင့် အဘိုးတစ်ယောက်က တောင်ခြေမှ တောင်ထိပ်အထိ တောက်လျှောက်တိုက်ခိုက်သွားကြသည်။ ချင်မူ၏မှော်စွမ်းအင်က အကြမ်းစားဆန်ပြီး မုဒြာလက်ကွက်ကြီးအသွင် ဖွဲ့တည်ကာ ရန်သူအပေါ် ဖိချလိုက်သည်။ ရသေ့ကြီးချင်းယိုက တစ်ဖက်လှိမ့်၍ တိုက်ကွက်ကို ရှောင်လိုက်သည့်အခါ ချင်မူ၏လက်ဝါးကြောင့် သစ်ပင်များ ပြားကပ်သွား၏။ မြေကြီးပေါ်တွင် ခြောက်ဧကမျှရှိသော လက်ဝါးရာကြီး ထင်သွားသည်။
ချင်မူ အကြမ်းစားသိုင်းကွက်အားလုံးဖြင့် ရသေ့ကြီးချင်းယိုကို ချနေသည်။ တောင်ထိပ်ပေါ်တွင် အစိမ်းရောင်ကျောက်များ၊ အနီရောင်ကြွေပြားများဖြင့် ဆောက်ထားသော ခန်းမတစ်ခုရှိသည်။ အလွန်တုတ်ခိုင်သော ကြေးတိုင်လုံးကြီးများလည်း ထောင်မတ်နေ၏။
ရသေ့ကြီးချင်းယို ခန်းမနံရံကို ဝင်တိုက်သွားသည်။ ချင်မူက ဝုန်းဒိုင်းကြဲ ရောက်လာပြီး ကြေးတိုင်လုံးတစ်လုံးကို ကန်ချလိုက်၏။ ရွာလူကြီး ခေါင်းယမ်းပြီး လေးလေးပင်ပင်အသံဖြင့် ပြောလိုက်သည်။ “မူအာ ဒါက ခိုင်ဧကရာဇ်ခေတ်ရဲ့ ကျောက်စိမ်းမြို့တော်မှာ နတ်ဘုရားတွေ တည်ဆောက်ထားတဲ့ နန်းဆောင်တစ်ခုပဲ။ မင်း ဘယ်လိုလုပ် အလွယ်တကူ ဖြိုချနိုင်မှာတုံး”
သူ စကားပြော၍မဆုံးခင် ချင်မူ့ကန်ချက်ကြောင့် ကြေးတိုင်လုံးကြီး ထက်ပိုင်းကျိုးသွားသဖြင့် ရွာလူကြီး မှင်သက်သွားသည်။
သူ့ဘေးရှိ လူငယ်တစ်ယောက်က ခပ်တိုးတိုး ရှင်းပြသည်။ “ဒီခန်းမက ဆရာဦးလေးချင်း ပြန်ဆောက်ထားတာပါ။ မူလခန်းမလို မခိုင်ဘူး...”
ချင်မူ ကြေးတိုင်လုံးကို ဆုပ်ကိုင်လိုက်သည့်အခါ ပြင်းထန်လှသည့်အားကြောင့် သူ့လက်ချောင်းများ တိုင်လုံးထဲ နစ်ဝင်သွားသည်။ သူက တိုင်လုံးကို မြှောက်၍ လှံသဖွယ်အသုံးချကာ ခန်းမ၏နံရံထဲ စိုက်ထည့်လိုက်သည်။
အတွင်းထဲမှ ဒုန်းခနဲ မြည်သံကြီး ထွက်လာသည်။ ကြေးတိုင်လုံးသည် အလုံးတုတ်တုတ်သော်လည်း ချင်မူက လှံတစ်လက်သဖွယ် ကျွမ်းကျင်သွက်လက်စွာ ကိုင်စွဲလျက် ဝင့်ယမ်းထိုးသွင်းနေ၏။ တခဏအတွင်း ခန်းမနံရံမှာ ဇကာပေါက်လို ပေါက်သွားပြီး အုတ်ခဲများ လွင့်ထွက်သွားသည်။
ရသေ့ကြီးချင်းယိုမှာ ထပ်တလဲလဲ ထုရိုက်ခံနေရ၍ ခြေကုန်လက်ပန်းကျသွားသည်။ နောက်ဆုံးတော့ ကြေးတိုင်လုံးကို ဖမ်းနိုင်လိုက်သော်လည်း ချင်မူ၏မှော်စွမ်းအင်ကြောင့် ပူခြစ်နေပြီး အရည်ပျော်ကျလာသည်ကိုသာ တွေ့လိုက်ရသည်။
တိုင်လုံးမှ စီးကျလာသော ကြေးရည်များက လေထဲတွင် ကြေးဓားများ အသွင်ဖွဲ့တည်သွားသည်။ ဓားအလက်တစ်သောင်းက ရသေ့ကြီးချင်းယိုဆီ တစ်ပြိုင်တည်း ပြေးဝင်လာ၏။
ရသေ့ကြီး လွင့်ထွက်သွားပြီး ကောင်းကင်ကျွန်းတစ်ကျွန်းပေါ်ရှိ ကောင်းကင်တောင်တစ်လုံးထဲ နစ်ဝင်သွားသည်။
ချင်မူက မာန်သွင်းဟိန်းဟောက်ရင်း အရည်ပျော်နေသော ကြေးတိုင်လုံးကို ရန်သူဆီ ပစ်သွင်းလိုက်၏။ တိုင်လုံးက ရသေ့ကြီးချင်းယို၏ ရင်ဘတ်တည့်တည့်ကို ထိမှန်ကာ သူ့အား တောင်ထဲ ဖိသိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချင်မူက ကြယ်ပျံတစ်ခွင်းသဖွယ် လေကို ခွင်း၍ ဒူးမြှောက်ကာ ကြေးတိုင်လုံးကို ကန်ထည့်လိုက်၏။
ကောင်းကင်တောင်တစ်လုံးလုံး လှုပ်ခတ်သွားပြီး သစ်ပင်များ ပြိုလဲကုန်သည်။
ရွာလူကြီးနှင့် ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးယောက်က အပြေးအလွှား လိုက်ကြည့်ကြသည်။ သူတို့ ထိုကျွန်းဆီ ရောက်သည့်အချိန်မှာပဲ ချင်မူက ကြေးတိုင်လုံးကို တောင်နံရံထဲမှ ဆွဲနုတ်ပြီး နစ်ဝင်နေသော ရသေ့ကြီးချင်းယိုကို အဝတ်စမှဆွဲကာ အပြင်ထုတ်လိုက်သည်။ ထို့နောက် အဘိုးကြီးကို မြေကြီးပေါ် ရက်ရက်စက်စက် ပစ်ပေါက်ချလိုက်၏။ ဘုန်းခနဲ လူပုံစံ တွင်းကြီးဖြစ်ပေါ်လာသည်။
“ခင်ဗျား ပွစိပွစိပြောလွန်းလို့ ကျုပ်လည်း အမြင်ကပ်နေတာကြာပြီ။ အခုမှပဲ မွန်းကြပ်နေတာတွေ ပြေသွားတော့တယ်။ ခင်ဗျားက ရွာလူကြီး မျက်ရည်ပေါက်ပေါက်ကျအောင်တောင် ပျစ်ပျစ်နှစ်နှစ် ပြောခဲ့သေးတယ်။ နောက်ဆို ဒီအချိုး ချိုးရဲချိုးကြည့် သေအောင် ရိုက်သတ်ပစ်မယ်”
ချင်မူ ခေါင်းလှည့်၍ ပျံသန်းလာသော လူလေးယောက်ကို မြင်လျှင် ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးယောက်အား သွားဖြဲပြုံးပြလိုက်သည်။ “မကြောက်ပါနဲ့။ အခုရက်ပိုင်း မတိုက်ခိုက်ရသေးတော့ နည်းနည်းပါးပါး အညောင်းအညာဖြေရုံတင်ပါ။ ကလဲ့စားချေတာလည်း မဟုတ်ဘူး။ လူသတ်နေတာလည်း မဟုတ်ဘူး။ အခု အညောင်းပြေသွားလို့ လန်းဆန်းသွားတာပဲ”
သုံးယောက်မှာ ကြောက်လွန်း၍ အသံမထွက်ကြပေ။ သူတို့က တွင်းထဲ၌ လဲနေသော ရသေ့ကြီးချင်းယိုကိုသာ ကြည့်လိုက်ကြသည်။
“ဆရာဦးလေး...” မိန်းကလေးတစ်ယောက်က ရှက်ရွံ့စွာ ခေါ်လိုက်သည်။
“ဘာမှမဖြစ်ဘူး” ရသေ့ကြီးချင်းယိုက မလှုပ်မယှက် လဲနေသော်လည်း သူ့အသံက မာန်ရှိနေသေးသည်။ “ငါ့ကို ဂရုစိုက်နေစရာမလိုဘူး။ ဒီမှာ ခဏလောက် လှဲချင်လို့ လှဲနေတာ”
သုံးယောက်သား စိတ်အေးသွားပြီး အသက်ပိုကြီးသောလူငယ်က ပြောသည်။ “ဆရာဦးလေးချင်းယို ဘာမှမဖြစ်ဘူး”
ချင်မူ သူတို့သုံးယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်နှင့် သူ ဆုံတွေ့ခဲ့ဖူး၏... ဝမ့်မူရန်။
ဝမ်မူရန်သည် ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာတစ်ဦးဖြစ်သော ခြေသလုံးအိမ်တိုင်ကျန်း၏ တပည့်ဖြစ်သည်။ ခြေသလုံးအိမ်တိုင်ကျန်းက အဋ္ဌမဦးရီးတော်လင်းယင်ဖုန်း၏ ဖိတ်ခေါ်မှုကြောင့် တောင်အောက်ဆင်းကာ ဧကရာဇ်အတိုင်ပင်ခံကို တားရန် ကြိုးစားခဲ့သော်လည်း ဧကရာဇ်အတိုင်ပင်ခံ၏လက်ချက်ဖြင့် သေခဲ့ရသည်။
ထိုစဉ်က ဝမ့်မူရန်က ပေါ့တီးပေါ့ပျက် ကောင်လေးဖြစ်ခဲ့သည်။ ချင်မူ သူ့ကို ပထမဆုံးတွေ့ခဲ့တုန်းက ခြေသလုံးအိမ်တိုင်ကျန်း ရေတံခွန်အောက်တွင် ငါးမျှားနေစဉ် ဝမ့်မူရန်က ခပ်လှမ်းလှမ်းမှ ကျောက်ခဲများပစ်ပေါက်နေခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ခြေသလုံးအိမ်တိုင်ကျန်း၏ သားမဟုတ်လျှင် သေအောင် ရိုက်သတ်ခံရလိမ့်မည်ဟုပင် ယွဲ့ချင်းဟုန် ပြောခဲ့သေးသည်။
ဝမ့်မူရန်သည် ထိုစဉ်က ပေါ့တီးပေါ့ပျက်နေခဲ့သော်လည်း နှစ်နှစ်ကြာသော် များစွာလေးနက်လာခဲ့၏။