ရုပ်တု ပိုင်ရှင်
Vol. 75 Ch. 1036
မိုဝူကျိက ငုံ့ကာ လက်ကိုဆန့်ထုတ်ရင်း ရုပ်တုကို ထိလိုက်သည်။ မိုဝူကျိ၏ အသိစိတ်အတွင်း ထူးဆန်းလှသော အချက်အလက်များ စီးဝင်လာကြသောကြောင့် မိုဝူကျိက သူ့အသိစိတ်ကို မြန်မြန် ကာကွယ်လိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် တအံ့တဩ အမူအယာဖြင့် ရုပ်တုကို လက်လွှတ်လိုက်သည်။ သူ့အသိစိတ်ပင်လယ်က ကြီးမားကျယ်ပြန့်လွန်းသည့်အပြင် အသိစိတ်ပင်လယ်အတွင်း၌ ခရမ်းရေကန် ရှိနေသေး၏။ ထိုသို့ဆိုလျှင်ပင် သူ့စိတ်အတွင်း စီးဝင်လာသော အချက်အလက်များက ရှုပ်ထွေးလှသောကြောင့် သာမာန်လူတစ်ယောက် မေ့မြောသွားနိုင်သည်။ ထိုရှုပ်ထွေးမှုအတွင်း အသုံးဝင်သော အချက်အလက် အနည်းငယ် ပါရှိပေသည်။
နာရီများစွာ ကြာမြင့်ပြီးနောက် မိုဝူကျိက သူ နားမလည်နိုင်သော အချက်အလက်များမှာ လောင်ကျွမ်းပျက်စီးသွားစဉ် သတင်းအချက်အလက် အနည်းငယ်သာ စုစည်းနိုင်ခဲ့သည်။ ထိုရုပ်တု ပိုင်ရှင်မှာ လျူရှင်း ဖြစ်၏။ ထိုလျူရှင်းက အတော်လေး အံ့ဩဖို့ ကောင်းသည့် လူတစ်ဦး ဖြစ်ခဲ့ဟန် ပေါ်သည်။ သူ့တွင် ထူးထူးဆန်းဆန်း အကျင့်စရိုက် ရှိပြီး သူ့ကိုယ်သူ ကမ္ဘာဗဟိုချက်အလား သတ်မှတ်ထားသည်။
ထိုလူက ပညာရှင်တစ်ဦးကို ရန်စမိခဲ့သည်။ သူက အဝိုင်းခံရပြီး ပြန်လည် မကောင်းမွန်သည့် အခြေအနေအထိ ရောက်အောင် ဒဏ်ရာအကြီးအကျယ် ရရှိခဲ့သည်။ ဤနောက်ဆုံး အခိုက်အတန့်လေး၌ ထိုလျူရှင်းက ကွမ်းဟွမ်ကို ရှာတွေ့ခဲ့သည်။ ကွမ်းဟွမ်၏ ပါရမီမှာ ဆိုးရွားလှသော်လည်း အကောင်းမြင် ဝါဒီတစ်ဦး ဖြစ်ခဲ့၏။ လျူရှင်းက သူ့တာအိုကို ကွမ်းဟွမ်ဆီ အပ်နှံပေးခဲ့သည်။
ကွမ်းဟွမ်ဆီ တာအို ပေးအပ်ပြီးနောက် လျူရှင်းက သူ့စိတ်ဆန္ဒကို အမျှင်ပေါင်း သန်းချီ ခွဲကာ ကျယ်ပြောလှသော စကြဝဠာကြီးထဲ ပို့လွှတ်ခဲ့သည်။ သူအနေနှင့် လူတစ်ဦးဦးက သူ့ကွဲကြေနေသော အသိစိတ်ကို စုစည်းပြီး အသက်ပြန်ဝင်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။
ဤသည်က မိုဝူကျိ လက်ခံရရှိလိုက်သော အချက်အလက် ဖြစ်ပေသည်။
ထိုစဉ် မိုဝူကျိက ဆက်လက် မထိုင်နေနိုင်တော့ပေ။ သူက ကွမ်းဟွမ်ကို ရှင်းရှင်းလင်းလင်း သိ၏။
ကွမ်းဟွမ်သည် ကောင်းကင်လူသားဂိုဏ်း၏ တည်ထောင်သူဘိုးဘေး ဖြစ်ပြီး ကောင်းကင်လူသားဂိုဏ်း၏ တည်ရှိမှုမှာ ကွမ်းဟွမ်၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ကြောင်း တွေးမိထားသည်။ သို့သော် ယခုတွင် မိုဝူကျိအနေနှင့် ကွမ်းဟွမ်သည် လျူရှင်းဆိုသော ပညာရှင်တစ်ဦးထံမှ တာအိုကို သင်ကြားခဲ့ရမှန်း သတိပြုမိသွားလေ၏။
ကွမ်းဟွမ်က လျူရှင်း၏ ရုပ်ကလာဘ်အနေနှင့် ရေးထွင်းပေးထားခြင်း ဖြစ်နိုင်ပေသည်။ ကောင်းကင်လူသားဂိုဏ်း၏ မျိုးဆက်များပင် ထိုရုပ်တုက မည်သူဖြစ်ကြောင်း မသိကြလောက်ပေ။ တချို့လူများက ထိုရုပ်တုမှာ ကွမ်းဟွမ်ဟု ထင်မှတ်ကောင်း ထင်မှတ်နေကြလိမ့်မည်။
သို့သော်လည်း မိုဝူကျိက ထိုအရာကို ဂရုမစိုက်ပေ။ မိုဝူကျိ ဂရုစိုက်သည်က လျူရှင်းသည် သူ့စိတ်ဆန္ဒကို သန်းပေါင်းများစွာ ခွဲ၍ စကြဝဠာထဲ ပို့လွှတ်လိုက်သည့် ကိစ္စ ဖြစ်၏။ ထိုလူက တစ်ရက်ရက်ကျ စိတ်ဆန္ဒ ပြန်လည် စုစည်းလာပြီး အသက်ပြန်ဝင်လာဖို့ မျှော်လင့်နေလောက်ပေသည်။ ဤသည်မှာ ကိစ္စအသေးလေး မဟုတ်ချေ။
မိုဝူကျိက ထိုလျူရှင်း၏ စိတ်ဆန္ဒတစ်မျှင်မှာ သူ့အပေါ်တွင် ရှိကြောင်း သေချာသိနေ၏။ မဟုတ်လျှင် သူက လျူရှင်း၏ ရုပ်တုကို မြင်ရုံဖြင့် ဝမ်းနည်းမှု ခံစားလာရမည် မဟုတ်ပေ။
သူ့တွင် မိုးမြေ မီးပြင်းဖိုနှင့် ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများ ရှိထားသော်လည်း သူက ကျင့်ကြံဖို့ရာ စိတ်မပါပေ။ သူက ရုပ်တု အကြွင်းအကျန်များကို ကျောက်စိမ်းသေတ္တာထဲ သိမ်းထားလိုက်၏။
ထို့နောက် မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း အနက်ပိုင်းသို့ ဆက်သွားပြီး သူ့လူသားကမ္ဘာထဲ ဝင်ရောက်လိုက်သည်။ သူက ထိုစိတ်ဆန္ဒ အမျှင်လေးကို စတင် ရှာဖွေလိုက်၏။
မိုဝူကျိက ဤသည်မှာ ကောက်ရိုးပုံ၌ အပ်ရှာသည်ထက် ပိုခက်ခဲကြောင်း နားလည်ပေသည်။ အကြောင်းမှာ စိတ်ဆန္ဒကား သူ့ဝိညာဉ်၌ ကပ်တွယ်နေလျှင်ပင် အသိစိတ် ရှိနေမည် မဟုတ်ပေ။ သူ့ကျင့်ကြံဆင့် အဆင့်တစ်ခုရောက်သည့်အခါမှသာ ထိုစိတ်ဆန္ဒလေးက လုံလုံလောက်လောက် အားကောင်းလာပြီး စစ်မှန်သည့် အသိစိတ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာလိမ့်မည်။
သို့သော်လည်း ဤကိစ္စကို မိုဝူကျိအနေနှင့် သေချာပေါက် ခွင့်မပြုနိုင်ပေ။ သူက ထိုစိတ်ဆန္ဒလေး မကြီးထွားလာခင် ဖျက်စီးပစ်ဖို့ လိုအပ်၏။
လူသားကမ္ဘာက မိုဝူကျိ၏ ကိုယ်ပိုင် ကမ္ဘာ ဖြစ်ပေသည်။ အတွင်း၌ နတ်ဝိညာဉ်ကြောများနှင့် အဆင့်မြင့် နတ်ဘုရားကျောက် အပုံလိုက် ရှိသည်။ ဟုန်မုန့်စွမ်းအင်နှင့်အတူ မိုးမြေ မီးပြင်းဖိုလည်း ရှိနေလေရာ ဤနေရာကား ကျင့်ကြံရေး ကောင်းကင်ဘုံ ဖြစ်နေသည်။ တာ့ဟွမ်အကြောင်း ထည့်ပြောနေဖို့ပင် မလိုပေ။ ရွိုက်ကောပင် ကျင့်ကြံဆင့် မြင့်ရကောင်းမှန်း သိ၍ ဘေး၌ အားကြိုးမာန်တက် ကျင့်ကြံနေသည်။
မိုဝူကျိ လူသားကမ္ဘာထဲ ဝင်ရောက်လာပြီးနောက် သူ့အသိစိတ်မှာ ခန္ဓာကိုယ်အစိတ်အပိုင်း အနှံ့ ပြန့်သွားသည်။ သွေး၊ အရိုး၊ ချီသွေးကြောများနှင့် ဝိညာဉ်အထိ ဖြစ်၏။
တစ်လအကြာတွင် မောပန်းနေသော မိုဝူကျိက မျက်လုံး ပြန်ဖွင့်လိုက်တော့သည်။ သူ့မျက်ဝန်း၌ စိတ်ပျက်မှုအတိ ဖြစ်နေ၏။ သူက ထိုစိတ်ဆန္ဒကို ရှာမတွေ့နိုင်ခဲ့ပေ။ သူ ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ပြီး ရုပ်တုကို ထိလိုက်သည့်အချိန် ဝမ်းနည်းသည့် ခံစားချက်က တဖန်ပြန်လည် ကြီးစိုးလာသည်။ ဆိုလိုသည်မှာ ထိုစိတ်ဆန္ဒလေးသည် သူ့ခန္ဓာအတွင်း ရှိနေဆဲ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်၏။
မိုဝူကျိက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုစိတ်ဆန္ဒကို ရှာဖွေရမည်။
နောက်တစ်လ ကုန်ဆုံးသွားလေသည်။ မိုဝူကျိက သူ့မျက်နှာ ဖြူဖျော့နေပြီး အရိုးပေါ် အရည်တင် ဖြစ်နေသည့်အထိ မောဟိုက်နေသည်။ သို့သော်လည်း သူက ထိုစိတ်ဆန္ဒကို ရှာမတွေ့သေးပေ။
မိုဝူကျိက ရှာဖွေမှု ရပ်တန့်လိုက်၏။ သူက ကိုယ့်ဘာာ တွေးလိုက်သည် “ ငါက လျူရှင်း ပြန်လည် ဝင်စားတာများလား။ ဒီလိုဆိုရင်တော့ ငါ အဲဒီ စိတ်ဆန္ဒကို ရှာတွေ့နိုင်မှာ မဟုတ်လောက်ဘူး ”
လက်တွေ့၌ မိုဝူကျိက လျူရှင်းလိုမျိုး အတ္တသမားကို သဘောမကျပေ။ သို့သော် သူသာ လျူရှင်း၏ ပြန်လည် ဝင်စားလာခြင်း ဖြစ်နေခဲ့လျှင် သူ မကြိုက်လျှင်ပင် လက်ခံရမည် ဖြစ်၏။
မိုဝူကျိက သက်ပြင်းချကာ ရှာဖွေမှုကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဘာမှမလုပ်ခင် ကောင်းကင်နတ်ဘုရား နောက်ပိုင်းအဆင့်အထိ မြင့်တင်ရမည်။
ဤတစ်ကြိမ်၌ မိုဝူကျိက ကျိုးပျက်ဂိုဏ်း၏ အမှတ်အသားကို ရုတ်ချည်း တွေးမိသွား၏။ သူ ကျိုးပျက်ဂိုဏ်း၏ အမှတ်အသား မှတ်သားထားခံရစဉ် သူ့အနေနှင့် ရှာမတွေ့ခဲ့ပေ။
စိတ်ဆန္ဒနှင့် စိတ်ဝိညာဉ် အမှတ်အသားမှာ မတူညီသော်လည်း သဘောတရာအားဖြင့် တူညီနေသည်။ သူတို့နှစ်ခုလုံးက စိတ်ဆန္ဒ ဖြစ်စေ သို့မဟုတ် စိတ်စွမ်းအား၌ ဖြစ်စေ ကျင့်ကြံသူအပေါ် ကပ်တွယ်လျက် ရှိတတ်သည်။ အမှတ်အသားက လူတစ်ယောက်ကို ခြေရာခံဖို့ ဖြစ်ပြီး တစ်ဖက်တွင် စိတ်ဆန္ဒမှာ ပို၍ ကြောက်ဖို့ ကောင်းပေသည်။ အကယ်၍ ကြီးထွားလာပါက ကျင့်ကြံသူအား လုံးဝ ပိုင်စိုးသွားနိုင်သည်။
အကယ်၍ နုန်ရှုဝမ်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ကျိုးပျက်ဂိုဏ်း၏ အမှတ်အသားကို ခြေရာခံနိုင်မည် မဟုတ်ပေ။
နုန်ရှုဝမ်သည် နူးနူးညံ့ညံ့ မိန်းကလေး တစ်ဦး ဖြစ်သော်လည်း အဆိပ်နတ်မိမယ် ဟူသော နာမည်တု တစ်ခု ပိုင်ဆိုင်ထား၏။ သူမက ကျိုးပျက်ဂိုဏ်း၏ လုပ်ကြံရေးသမားတစ်ဦး ဖြစ်ကာ ကျိုးပျက်ဂိုဏ်းအား ကူညီ၍ မြောက်များစွာသော ပညာရှင်များစွာ သတ်ပေးခဲ့သည်။ အကယ်၍ သူ့တွင် အဆိပ်ဖြေလမ်းကြောင်း မပိုင်ဆိုင်ထားလျှင် သူလည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်နေလောက်၏။
အဆိပ် နတ်မိမယ် နုန်ရှုဝမ်သည် သူ့လိုမျိုး ဝိညာဉ်ကူးပြောင်းလာသူ တစ်ဦး ဖြစ်၏။ သူမ မသေဆုံးခင် သူ့အား ကျိုးပျက်ဂိုဏ်း၏ အမှတ်အသား တည်နေရာအကြောင်း ပြောပြခဲ့သည်။
ကျိုးပျက်ဂိုဏ်း၏ အမှတ်အသားမှာ ကျင့်ကြံသူတစ်ဦး၏ ကျင့်စဉ် လမ်းကြောင်းအတွင်း တည်ရှိပေသည်။
ထိုအမှတ်အသားမှာ သဘာဝစွမ်းအားများ၌ ကပ်ညှိနေပြီး ကျင့်စဉ်လမ်းကြောင်းအတိုင်း စီးဆင်းလျက် ရှိသည်။ အစပိုင်းတွင် ကျင့်ကြံသူက သူ့ကျင့်ကြံရေး၌ ပြဿနာ ရှိသည်ဟုသာ ခံစားမိလိမ့်မည်။ သို့သော်လည်း အများစုက ဝိညာဉ်စွမ်းအား မလုံလောက်မှု သို့မဟုတ် ဉာဏ်အလင်းပွင့်မှု မရှိခြင်းတို့ကြောင့်သာ ထင်ကြလိမ့်မည်။ အချိန်ကြာလာသည်နှင့် ကျင့်ကြံသူက ဖြည်းဖြည်းချင်း စိတ်ထဲ ထည့်မတွက်မိတော့ပေ။
လက်တွေ့၌ သူက ကျင့်ကြံနေစဉ်အတွင်း သဘာဝစွမ်းအားအပေါ် ကပ်တွယ်နေသည့် အမှတ်အသားအား အရေးမထားမိခဲ့ပေ။
ကျိုးပျက်ဂိုဏ်း၏ အမှတ်အသားမှာ သူ မြင်ဖူးသမျှအထဲ အထူးချွန်ဆုံး စိတ်ဝိညာဉ် အမှတ်အသား နည်းလမ်း ဖြစ်၏။ ယခုပင်လျှင် သူက ထိုသို့အမှတ်အသားမျိုးကို ဖယ်ရှားရုံမျှသာ တတ်နိုင်ပြီး တခြားလူအပေါ် ထိုသို့ အမှတ်အသား မထားနိုင်သေးပေ။
မိုဝူကျိက ထိုအတွေးဖြင့် သူ့စွမ်းအားများကို စတင် လှည့်ပတ်လိုက်သည်။ ဤတစ်ကြိမ်၌ သူက ချီသွေးကြော ၁၀၈ ခုလုံး၌ စွမ်းအားအမျှင်များကိုပင် ဂရုတစိုက် စစ်ဆေးလိုက်သည်။
မိုဝူကျိအား စိတ်ပျက်သွားစေသည်က နောက်ထပ် ဆယ်ရက်ကြာပြီးသည့်နောက်တွင် သူ့ကျင့်ကြံရေးနှင့် ပတ်သတ်သည့် နှောင့်နှေးမှုများ သို့မဟုတ် ပြဿနာများကို မတွေ့ရှိခဲ့ခြင်း ဖြစ်၏။
မိုဝူကျိက ဒုတိယအကြိမ် လက်လျော့ဖို့ ပြင်ဆင်လိုက်ချိန် သူ့စိတ်ထဲ၌ အလင်းတစ်ချက် လက်သွားသည်။ မိုဝူကျိ စိတ်ထဲ ဘာမှားနေကြောင်း တွေးမိလိုက်ပြီးနောက် ရုတ်ချည်း တုန်လှုပ်သွားတော့သည်။
တကယ်တော့ သူက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိနေသည်မှာ ကြာမြင့်လှလေပြီ။ သူက စိတ်ထဲ အလေးမထားခဲ့ခြင်းသာ ဖြစ်၏။ ယနေ့ နောက်ဆုံးတွင် သူက အဖြေကို ရှာတွေ့သွားပေသည်။
ဤသည်မှာ သူ့၏ လျို့ဝှက်တိုက်ကွက် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း ဖြစ်၏။
ယခင် သူ အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်စဉ်အခါက သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းလည်း အပြောင်းအလဲ ကြုံတွေ့ခဲ့ရသည်။ သူ့မူလ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းသည် အသက်ဓာတ်ကို စုပ်ယူပြီး မရဏ စွမ်းအားအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်၏။ သူက ထိုတိုက်ကွက်အပေါ် အသိဉာဏ်အသစ် ပွင့်ပြီးသွားသည့်နောက်တွင် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းသည် စုပ်ယူထားသော အသက်ဓာတ်မှ ဖြစ်တည်လာခြင်း ဖြစ်နေသည်။
ယခင်က မိုဝူကျိသည် ထိုအရာနှင့် ပတ်သတ်၍ နားလည်မှုတချို့သာ ရှိခဲ့သည်။ သူက သူ့ဘာသာ ဆင့်ကဲပြောင်းလဲသွားသည့် လျို့ဝှက်တိုက်ကွက်မျိုး မကြားဖူးပေ။ လျို့ဝှက်တိုက်ကွက်က အားကောင်းလွန်းသွားသည့်အခါ သူ့ပိုင်ရှင်အပေါ် ပြန်လည် သက်ရောက်မှု ပေးနိုင်သည်မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
မိုဝူကျိ၏ လူသားတာအိုက ဖြည်းဖြည်းချင်း နားလည်နိုင်စွမ်း ရရှိလာပြီး အသိဉာဏ်ပွင့်လာခြင်း ဖြစ်ပေသည်။ အဓိက အကြောင်းအရင်းမှာ သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်း ရှိထားသည့် အတွက် ဖြစ်၏။ ထို့ကြောင့် မိုဝူကျိက သူ့လျို့ဝှက်တိုက်ကွက် ဆင့်ကဲပြောင်းလဲလာသည့်အကြောင်းကို များစွာ မတွေးမိခဲ့ပေ။ သူက တစ်ခုခု လွဲမှားနေကြောင်းသာ သိခဲ့၏။
ယနေ့တွင် သူက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းနှင့် ပတ်သတ်၍ မှားယွင်းနေကြောင်း နားလည်သဘောပေါက်သွားတော့သည်။
လျို့ဝှက်တိုက်ကွက်သည် အမြဲတမ်း ကျင့်ကြံသူတစ်ယောက်အတွက် အသုံးချစရာ ဖြစ်၏။ အသုံးချခံအရာတစ်ခုက ဘယ်လိုလုပ် ပိုင်ရှင်၏ အသက်ဓာတ်ကို စုပ်ယူနိုင်မည်နည်း။ သဘာဝ စည်းမျည်းအတိုင်း ဖြစ်မနေပေ။
မိုဝူကျိက သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းသည် အလွန်အားကောင်းကြောင်း သိထားသည်။ သူ့သတ္တလောက လက်ချောင်းပညာရပ် ဖြစ်တည်မလာခင်၊ အချိန် စည်းမျည်းနှင့် ပတ်သတ်၍ နက်နက်ရှိုင်းရှိုင်း မသိခင် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းသည် သူ့နံပါတ်တစ် တိုက်ကွက် ဖြစ်ပေသည်။
ယခု သူက သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းနှင့် ပတ်သတ်၍ ပြဿနာကို နားလည်သွားပြီ ဖြစ်၍ လူသားကမ္ဘာအတွင်း နေ၍ မကျင့်ကြံနိုင်တော့ပေ။ သူက လူသားကမ္ဘာမှ ထွက်လိုက်ပြီး ကောင်းကင်လူသားဂိုဏ်း၏ ဂိုဏ်းချုပ်တောင်ထိပ်ဆီ ရောက်ရှိလာသည်။
သူက သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း တိုက်ကွက်ထဲမှ ပြဿနာကို သေချာပေါက် ဖယ်ထုတ်ဖို့ လိုအပ်နေသည်။ သို့သော် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကို ထိန်းသိမ်းထားလိုလျှင် ဤပြဿနာကို မည်သို့ ဖယ်ရှားပစ်နိုင်မည်နည်း။
သေခြင်းရှင်းခြင်း ကံကြမ္မာစက်ဝန်းကို အသုံးမပြုဘဲ နေရမည်လား။ သို့သော် ပြဿနာက ပြေလည်သွားမည် မဟုတ်ပေ။
သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းသည် မိုဝူကျိ သဘောအကျဆုံးတိုက်ကွက်ထဲမှ တစ်ခု ဖြစ်၏။ သူ့အသက်ဓာတ်လမ်းကြောင်းကြောင့် သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကြောင့် အဆင့်တူအတွင်း အရှုံးဟူ၍ မရှိခဲ့ပေ။ သူ့အား အဆင့်များကို ကျော်လွားကာ အဆင့်မြင့်သူများကိုပင် အနိုင်ရအောင် လုပ်ပေးထား၏။
ကောင်းကင်လူသားဂိုဏ်းသည် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းရှိ ပြဿနာအား ဖယ်ရှားပစ်ဖို့ရာ အကောင်းဆုံးနေရာ မဟုတ်ပေ။ သူ့လူသားကမ္ဘာသည်လည်း အကောင်းဆုံး နေရာ မဟုတ်ပေ။ ခဏတာ စဉ်းစားပြီးနောက် မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ သွားဖို့ ဆုံးဖြတ်လိုက်သည်။ နိဗာနတိတ်ဆိတ်မှုပင်လယ်ထဲ၌သာ သူက အနှောင့်အယှက် ကင်းလိမ့်မည်။
သူ ပြဿနာကို မဖယ်ရှားနိုင်ခင်အထိ ချိန်စုယင်ကို ရှာမည် မဟုတ်ပေ။
………….…
သုံးလကြာမြင့်ပြီးနောက် မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်အစွန်းသို့ ရောက်ရှိလာသည်။
သူက ချင်းဟိုင်လမ်းကြောင်းနှင့် ကူးသန်းအစီအရင် ရှိသည့်နေရာနှင့် ခပ်ဝေးဝေး နေရာကို ရွေးချယ်လိုက်သည်။ ဘေးပတ်လည်၌ ကျင့်ကြံသူများ မရှိကြောင်း အတည်ပြုပြီးနောက် မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ ဝင်သွားလိုက်သည်။
လော့ကျမ်းနှင့် ပညာရှိတာအိုအဆောင်တို့က သူ့အသိစိတ်ပင်လယ်အား ကာကွယ်ပေးထား၏။ သူ့ဝိဇ္ဇာ ရုပ်ခန္ဓာကြောင့် သူ့ခန္ဓာပျက်စီးမှု ကာကွယ်ရန် ကျင့်စဉ်ပင် လှည့်ပတ်စရာ မလိုပေ။
မိုဝူကျိက ပင်လယ်ကြမ်းပြင် ရောက်လာသည့်အခါ ရက်များစွာ ကုန်လွန်သွားပြီ ဖြစ်၏။ ကာကွယ်ရေး အစီအရင်တစ်ခု ခင်းကျင်းပြီးနောက် သူက ထိုင်ချကာ ချီသွေးကြော ၁၀၈ ခုလုံးဖြင့် ပြောင်းပြန် လှည့်ပတ်လိုက်သည်။ လှည့်ပတ်မှုတစ်ခုချင်းစီကား သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းတွင် အဆုံးသတ်သွား၏။ သူက တာအိုအသိဉာဏ်ပွင့်လမ်းကြောင်းဖြင့် သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းရှိ ပြဿနာအား ဖြေရှင်းဖို့ နည်းလမ်းရှာချင်မိသည်။
ကျင့်ကြံရာ၌ အချိန်ဟူ၍ မရှိပေ။
ဆယ်နှစ် …. နှစ်တစ်ရာ …. နှစ်တစ်ထောင် … နှစ်တစ်သောင်းပင် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သည်။ နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေကြား ကူးသန်းသွားလာရေးမှာလည်း ပုံမှန်ကိစ္စ ဖြစ်လာသည်။ နတ်ဘုရားသိုက်မြုံနယ်မြေအသစ်က ဆက်လက် ပေါ်ထွက်နေသောကြောင့် နတ်ဘုရားမျိုးနွယ်စုနှင့် ပဋိပက္ခများက ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။
ဤနှစ်တစ်သောင်းအတွင်း မြောက်များစွာသော နတ်ဘုရားမျိုးနွယ်ဝင်များ အသတ်ခံခဲ့ရသည်။ တစ်ချိန်တည်းဆိုသလို နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေရှိ မြောက်များစွာသော ကျင့်ကြံသူများလည်း နတ်ဘုရားမျိုးနွယ်ဝင် လက်ချက်များကြောင့် သေဆုံးခဲ့ရသည်။
နာမည်ဆိုးနှင့် ကျော်ကြားသည့် မိုဝူကျိက အတိတ်မှ ပုဂ္ဂိုလ် တစ်ယောက်သာ ဖြစ်လာသည်။ သူ့အကြောင်း ပြောသူများ ရှိနေသေး၏။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်နှင့် ပတ်သတ်သော ဇာတ်လမ်းများ၌ မိုဝူကျိဟု ခေါ်သည့် ရက်ရောလှသော ကျင့်ကြံသူ တစ်ယောက်အား အမှတ်ရနေကြသေးသည်။ တစ်ချိန်တည်းဆိုသလို နတ်ဘုရားဂူသင်္ချိုင်းတောင်ကြား၌ ကျေးဇူးတရားကို နားလည်ကာ ပျောက်ကွယ်သွားဖို့ ရွေးချယ်သွားသော မိန်းမလှလေး ချူယို့ကိုလည်း သတိရနေကြလိမ့်မည်။
***