← Chapters

ဟာကွက်အပြည့်

Vol. 25 Ch. 348

ဟာကွက်အပြည့်

Vol. 25 Ch. 348

ဒေါသကြောင့် ‌လောင်ယွီ၏ မျက်လုံးထောင့်များ တွန့်သွားသည်။ တောင်တစ်တောင်လုံး ချင်မူ့ဓားများ ပြည့်နေရာ သူ မည်သို့တိုက်ခိုက်ရမည်နည်း။

ထိုဓားများ၏ အလေးချိန်သက်သက်ဖြင့်တင် သူ့ကို သေအောင် ဖိသတ်နိုင်သည်။

လောင်ယွီ ရသေ့ကြီးချင်းယိုကို ကြည့်လိုက်သည့်အခါ ရသေ့ကြီးမှာ မည်သည်ကိုမှ သတိပြုမိပုံမရပေ။ ဓားအလက်ရှစ်ထောင်ကို ထုတ်လိုက်ခြင်းက မထူးခြားသယောင် ထင်ရသော်လည်း အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်အများစု၏ ကျင့်စဉ်စွမ်းအင် ကုန်ခမ်းသွားနိုင်သည်။ အလွန်သိပ်သည်းလှသော ချီစွမ်းအင်ဖြင့် ချင်မူသာ ဤမျှများပြားသည့် ဓားပျံများကို တစ်ပြိုင်တည်း ထုတ်လွှတ်နိုင်မည်မဟုတ်ပါ၏လော။

ထို့အပြင် ဓားပျံများစွာ ထိန်းချုပ်နိုင်ရန် သင်္ချာစွမ်းရည်မြင့်မားပြီး အတွက်အချက် ကျွမ်းရမည်။ ဓားပျံတစ်လက်နှင့်တစ်လက် မထိအောင် တွက်ချက်ရန်အလို့ငှာ ဦးနှောက်ကလည်း သွက်လက်နေရလိမ့်မည်။

ဓားအလက်ရှစ်ထောင်၏ လမ်းကြောင်းကို တွက်ချက်ရုံကတင် ရူးလောက်ဖွယ်ရာ မြင့်မားသော သင်္ချာစွမ်းရည်ကို လိုအပ်သည်။

ချင်မူက တာအိုဂိုဏ်း၏ တာအိုဓားနှင့် ရွာလူကြီး၏ ဓားသိုင်းများကို ပေါင်းစပ်ထားပြီးဖြစ်ကြောင်း သိသာ၏။

‘ဒီကမ္ဘာပေါ်မှာ တကယ်ပဲ လောကသခင်ခန္ဓာ ရှိတာလား’

ရ‌သေ့ကြီးချင်းယို တွေဝေသွားသည်။ လောကသခင်ခန္ဓာသာ အမှန်တကယ် ရှိလျှင် ကျောက်စိမ်းမြို့တော်ငယ်၏ မှတ်တမ်းများတွင် မုချရှိလိမ့်မည်။ သူ‌ ကျောက်စိမ်းမြို့တော်သို့ စိတ်ပျက်လက်ပျက် ပြန်ရောက်လာခဲ့ကတည်းက စာအုပ်များစွာ ဖတ်ခဲ့ဖူးသည်။ လောကသခင်ခန္ဓာနှင့် ဆက်စပ်သော မှတ်တမ်းများပင် မရှိပေ။

ကျောက်စိမ်းမြို့တော်ငယ် ထိန်းသိမ်းထားသော စာအုပ်များသည် လွန်ခဲ့လေပြီးသော ခေတ်များအထိ မှတ်တမ်းတင်ထား၏။ တခြားဂိုဏ်းများနှင့် အထွတ်အမြတ်မြေများ စိတ်ကူးကြည့်နိုင်မည်ပင် မဟုတ်ပေ။

ကျောက်စိမ်းမြို့တော်ငယ်တွင် လောကသခင်ခန္ဓာ၏ မှတ်တမ်းမရှိသည့်အတွက် လောကသခင်ခန္ဓာဆိုသည့်အရာ မရှိနိုင်ပေ။

ထို့ကြောင့် ရွာလူကြီး လိမ်နေကြောင်း ရသေ့ကြီးချင်းယို သေချာသည်။ သို့သော် ချင်မူ၏အစွမ်းအစကို မြင်ရသည့်အခါ သူ့ယုံကြည်ချက်များ ယိမ်းယိုင်လာ၏။

“နောင်တော်လောင်ယွီ ကျေးဇူးပြုပြီး” ချင်မူ ထပ်ပြောလိုက်သည်။

လောင်ယွီ ဣန္ဒြေပြန်ဆည်ပြီး အလေးအနက် ပြောလိုက်၏။ “လူသားဧကရာဇ် ကျေးဇူးပြုပြီး”

သူ့မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး သူ့ဘာသာသူ တွေးလိုက်သည်။ ‘ဒီလူသားဧကရာဇ်က ဓားပျံတွေအများကြီး ထိန်းချုပ်နေတာဆိုတော့ သေချာပေါက် အားကုန်မှာပဲ။ ဓားတွေကို တစ်ချက်၊ နှစ်ချက်လောက် လှုပ်ရှားလိုက်တာနဲ့ ကျင့်စဉ်စွမ်းအင် အကုန်ခမ်းသွားလိမ့်မယ်။ ငါ ဓားကွက်နှစ်ကွက်လောက်ဖော်ပြီး အနိုင်ယူနိုင်မှာ သေချာတယ်’

သို့သော် မကြာခင် သူ အတွေးမှားသွားကြောင်း တွေ့လိုက်ရသည်။

ချင်မူက သူ့ကို ခုခံရန် အခွင့်အရေးမပေးပေ။ တာအိုဓား၏ စတုတ္ထဓားကွက်ကို တမုဟုတ်ချင်း ထုတ်ဖော်လိုက်၏။

ကောင်းကင်သံသရာကို တိတ်တဆိတ် လှည့်ပြောင်း၍ ပြောင်းလဲနေသောသဘာဝတရား၏ အသွင်သဏ္ဍာန်တိုင်းကို ရင်ဆိုင်သည်

ဓားအလက်ရှစ်‌ထောင်က ကောင်းကင်သံသရာကြယ်များကို ချက်ချင်း လှည့်ပတ်၍ သဘာဝတရား၏ အသွင်သဏ္ဍာန်ကို ဖော်ကျူးလိုက်သည်။

တာအိုသခင်လင်းရွှမ် ချင်မူ၏ သင်္ချာစွမ်းရည်ကို စမ်းသပ်ခဲ့စဉ်က သံသရာကြယ်ကောင်းကင်ကျားကွက်အသွင်သင်္ချာကို အသုံးချခဲ့သည်။ ထိုအသွင်သင်္ချာ၏ သင်္ချာသဘောတရားများက တာအိုဓား၏ စတုတ္ထဓားကွက် ဖြစ်၏။

ချင်မူ ‘ကောင်းကင်သံသရာကို တိတ်တဆိတ် လှည့်ပြောင်း၍ ပြောင်းလဲနေသောသဘာဝတရား၏ အသွင်သဏ္ဍာန်တိုင်းကို ရင်ဆိုင်သည်’ ဓားကွက်ကို ထုတ်ဖော်လိုက်သည့်အခါ သူတို့၏ခေါင်းပေါ်တွင် လည်နေသော ကြယ်တာရာကောင်းကင်နှင့် ကြယ်အစုတစ်စုက ဝိုးတိုးဝါးတား ပေါ်လာ၏။

တာအိုဓားဆယ့်လေးကွက်က တစ်ကွက်ပြီးတစ်ကွက် ပြင်းထန်လာခြင်းဖြစ်သည်။ စတုတ္ထဓားကွက်ရောက်သည့်အခါ ဓားအလက်ရှစ်ထောင်က ကောင်းကင်ထက်တွင် ကြယ်အစုအဖြစ် ဖွဲ့တည်သွား၏။ တမုဟုတ်ချင်း လောင်ယွီမှာ ဓားဝင်္ကပါထဲတွင် ပိတ်မိသွားသည်။

သူ့အတွက် စဉ်းစားရန် အချိန်မရလိုက်ပေ။ သူ၏မျက်လုံးများမှ မီးတောက်များ ပေါက်ကွဲထွက်လာပြီး မျက်လုံးပိတ်၍ ပြန်ဖွင့်လိုက်သည့်အခါ ဆီးနှင်းကဲ့သို့ ဖြူဆွတ်သော ဓားရောင်တန်းနှစ်တန်း ထွက်လာသည်။

သူ၏ဓားသိုင်းသည် သာမန်ဓားသိုင်းများနှင့် မတူသော ကျောက်စိမ်းမြို့တော်ငယ်၏ ထိပ်တန်းပညာရပ်တစ်ခုဖြစ်၏။ ‌လောင်ယွီက မျက်လုံးကို အဓိကထား ကျင့်ကြံသော်လည်း မျက်လုံးကျင့်စဉ်မဟုတ်ဘဲ ဓားစွမ်းရည်ကို မျက်လုံးများတွင် ကျင့်ကြံထားခြင်းဖြစ်သည်။ သူ့မျက်လုံးနှင့် ဓားက တစ်သားတည်းဖြစ်နေပြီး ‘ကောင်းကင်မျက်လုံး ဓားနှလုံးသား’ ကျင့်စဉ်မှ လာသည်။

ဤဓားသိုင်း၏ အားသာချက်က ဝိညာဉ်လက်နက်သော်လည်းကောင်း၊ ဝိညာဉ်ဓားများ‌‌သော်လည်းကောင်း မလိုခြင်းဖြစ်သည်။ မျက်လုံးကို ဓားစက်လုံးအဖြစ် အသုံးပြုသည့်အခါ ဓားသည် မျက်လုံးမြင်သမျှအရာအားလုံးကို ချိန်ရွယ်ထားလိမ့်မည်။

ထို့အပြင် ဤပညာရပ်တွင် သူမတူသောအကွက်တစ်ကွက် ကိန်းဝပ်နေ၏။ မျက်လုံးက လျှမ်းလျှမ်းတောက် နေတစ်စင်းအဖြစ် ပြောင်းသွားသည့်အချိန်တွင် ဓားရောင်များက မည်သည့်အတားအဆီးကိုမဆို ဖြိုခွင်းနိုင်သည်။ ကြယ်ရောင်တောက်လာသည့်အချိန်တွင် ရန်သူအနေဖြင့် ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

လောင်ယွီ ဓားနှလုံးသားကိုသာ ကျင့်ကြံနိုင်လျှင် ဓားနှင့် နှလုံးသားက တစ်ခုတည်းဖြစ်သွားပြီး ပိုမိုကြောက်စရာကောင်းသော ဓားမျက်လုံး ဖြစ်လာလိမ့်မည်။ သူ့နှလုံးသားမှ ဓားကွက်တစ်ကွက် တွေးလိုက်လျှင် ဓားက ထိုဓားကွက်ကို ထုတ်ဖော်လိမ့်မည်။

လောင်ယွီ ဤအဆင့်သို့ မရောက်သေးသည့်တိုင် သူ့ဓားမျက်လုံးများက ထူးခြားနေပြီဖြစ်သည်။

နောက်တခဏတွင် မရေမတွက်နိုင်သော ဓားပျံများက သူ၏ဓားရောင်နှစ်တန်းကို ဖြိုခွင်းလိုက်သည်။ သူ၏ဓားရောင်များက ချီစွမ်းအင်မှ ဖွဲ့တည်ထားခြင်း ဖြစ်သော်လည်း ချင်မူ၏ဓားများက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဖိုးတန်ရတနာများဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်။ အရည်အသွေးက လောင်ယွီ ကျင့်ကြံထားသော ဓားရောင်များထက် များစွာ သာလွန်ပြီး ချင်မူ၏ သိပ်သည်းလှသော ချီစွမ်းအင်ကြောင့် လောင်ယွီ၏ ဓားရောင်များ ဖိနှိပ်ခံလိုက်ရ၏။

ကြယ်ရောင်များက လောင်ယွီ၏မျက်လုံးများမှ တဟုန်ထိုး ဖြာထွက်လာကာ တာအိုဓား၏ စတုတ္ထဓားကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ လူနှစ်ယောက်၏ ဓားကွက်များက ဆင်သယောင် ထင်ရသော်လည်း အနှစ်သာရများက မတူညီကြပေ။

တာအိုဓားသည် သင်္ချာသဘောတရားဖြင့် ကြယ်များကို တည်ဆောက်ခြင်းဖြစ်ပြီး ဓားကွက်အပြောင်းအလဲတွင် သင်္ချာသဘောတရားများ ကိန်းဝပ်နေ၏။ သို့သော် ကောင်းကင်မျက်လုံးဓားနှလုံးသားကျင့်စဉ်ကမူ နှလုံးသားနှင့်အတူ စိတ်တိုင်းကျ ပြောင်းလဲနေခြင်းဖြစ်သည်။ တာအိုဓားကဲ့သို့ မရှုပ်ထွေးသော်လည်း ဓားကွက်အပြောင်းအလဲတွင် တာအိုဂိုဏ်းထက် သာသည်။

သို့ရာတွင် ဓားနှစ်ဖက်ကို ယှဉ်လိုက်သည့်အခါ လောင်ယွီ၏ ဓားရောင်က များစွာ နိမ့်ကျသွားသည်။

လောင်ယွီ ညည်းတွားလိုက်ရပြီး သူ့မျက်လုံးမှ ဖြာထွက်နေသော ကြယ်ရောင်များ ပျောက်ကွယ်သွားသည်။ ဓားအလက်ရှစ်ထောင် လောင်ယွီဆီ ထိုးဆင်းသွားစဉ် ရသေ့ကြီးချင်းယို၏ အော်သံကို ကြားလိုက်ရသည်။ “အသက်ချမ်းသာပေးပါ”

နောက်တခဏတွင် ဓားပျံများကို သူ့ကို ဝိုင်းအုံသွား၍ သူ့မှာ ဓားစက်လုံးတစ်လုံး၏အတွင်းထဲ ရောက်သွားသကဲ့သို့ ဖြစ်သွား၏။ ဓားထိပ်များက သူ၏ခန္ဓာကိုယ်ကို ရွယ်ထားကြသည်။

သူ့ကို စိုက်ဝင်သွားလျှင် အလောင်းပင် ကျန်ဦးမည်လော။

ဓားများက မြစ်တစ်စင်း စီးဆင်းသွားသကဲ့သို့ ချင်မူ့ကျော၌ လွယ်ထားသော ထောင်ကျယ်အိတ်ထဲ ပြန်ဝင်သွားကြသည်။

လောင်ယွီ သူ့ကိုယ်သူ ကမန်းကတန်း ထိကြည့်လိုက်ပြီး အကောင်းတိုင်း ရှိသေးကြောင်း တွေ့ရမှ စိတ်သက်သာရာရသွားသည်။ ချင်မူ့ကို ကျေးဇူးတင်ချင်သော်လည်း သူ့ခြေလက်များ ထုံကျင်နေသည်။ အာခေါင်လည်း ခြောက်နေ၍ အသံတစ်သံမှ မထွက်နိုင်ပေ။

မုချင်းသိုင်က သူ့ကို ကပျာကယာ ရေတိုက်သည်။ လောင်ယွီ အဝသောက်ပြီးနောက်မှ စကားပြောနိုင်၏။ “အသက်ချမ်းသာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် လူသားဧကရာဇ်။ ဒါပေမဲ့ ငါ ဓားသိုင်းမှာ မရှုံးဘူး။ မင်းက ဓားတွေနဲ့ ငါ့ကို လွှမ်းခြုံထားလို့သာ”

ချင်မူ မငြင်းဘဲ နှိမ့်ချကာ ပြောလိုက်သည်။ “နောင်တော်လောင်ယွီ မှန်ပါတယ်။ ငါ တာအိုဓားကို သေသေချာချာ မကျင့်ရသေးပါဘူး။ ဆယ်ရက်ပဲ ကျင့်ရသေးတာမလို့ သိပ်မကျွမ်းသေးပါဘူး”

လောင်ယွီ၏မျက်နှာ မည်းမှောင်သွားပြီး အာခေါင်ပြန်ခြောက်လာသည်။ သူက အက်ကွဲကွဲ ပြောလိုက်၏။ “တာအိုဓားမှာ မကျွမ်းသေးဘူးတဲ့လား”

ချင်မူ ရွာလူကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ဘိုးဘိုးရွာလူကြီးဆီက ဓားသိုင်း သင်ထားပေမယ့် သူ သင်ပေးတဲ့ ဓားကွက်တွေက ပြင်းထန်ပြီး ကြောက်စရာကောင်းလွန်းလို့ အားမထိန်းနိုင်မှာ စိုးမိလို့ပါ။ တာအိုဓားကိုကျ သိပ်မကျွမ်းသေးတော့ ငါ့ဓားကွက်ကို မင်း တားနိုင်သေးတယ်”

လောင်ယွီ ရေထပ်သောက်လိုက်သော်လည်း အာခေါင်ခြောက်နေသေးသည်။

မုချင်းသိုင်၏အကြည့်များ လှုပ်ခတ်သွားပြီး မေးလိုက်သည်။ “ဒါဆို လူသားဧကရာဇ် အပြင်းထန်ဆုံးဓားသိုင်းကို ကစားပြလို့ရလား”

ဝမ့်မူရန်၏အကြည့်များလည်း တောက်ပလာပြီး မျှော်လင့်နေ၏။

စောစောက သူတို့ တွေ့မြင်ခဲ့ရသည်မှာ တာအိုဓားသိုင်းဖြစ်လျှင် သူ၏အစွမ်းထက်ဆုံးဓားက မည်မျှပြင်းထန်မည်နည်း။

ချင်မူ အခက်တွေ့သွားပြီး ရွာလူကြီးကို ကြည့်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။ “ငါ့ဓားကွက်မှာ ဟာကွက်တွေ အများကြီးပဲ... အများကြီးတောင်မဟုတ်ဘူး နေရာတိုင်း ဟာကွက်တွေချည်း ပြည့်နေတယ်။ အထူးသဖြင့် အခုရက်ပိုင်းဆို ဟာကွက်တွေ ဆက်တိုက်တိုးနေတာ”

လောင်ယွီ၊ မုချင်းသိုင်နှင့် ဝမ့်မူရန်တို့အားလုံး မှင်သက်သွားကြသည်။ ရသေ့ကြီးချင်းယိုလည်း ကြက်သေသေသွား၏။ ‘သူ နှိမ့်ချတတ်တဲ့ အခါလည်း ရှိသေးတယ်လား’

ချင်မူ့မျက်နှာက ရှက်ရွံ့မှုအပြည့် ဖြစ်သည်။ “ငါ့ရဲ့အစွမ်းထက်ဆုံးဓားသိုင်းက ဘိုးဘိုးရွာလူကြီးကို ရှုံးနိမ့်ခဲ့တယ်။ သူ့ကို တစ်ခါမှ မနိုင်ခဲ့ဘူး။ နောက်တော့ ငါ့အဖေနဲ့ တွေ့တယ်။ သူ့ကိုလည်း မနိုင်ပြန်ဘူး... ဧကရာဇ်အတိုင်ပင်ခံ ဓားလမ်းရှာနေတုန်းက ငါ သူ့ကို ချောင်းကြည့်ခဲ့တယ်။ ငါ့ဓားသိုင်းက ဟာကွက်တွေ ထပ်တိုးသွားပြန်တယ်”

ချင်ဟန်ကျန်း၏ သင်္ဘောတွင် ရှိနေခဲ့သည့် လအနည်းငယ်က ချင်မူ့ကို အကြီးအကျယ် စိတ်ဓာတ်ကျစေခဲ့သော အချိန်များ ဖြစ်သည်။ ပန်းချီကားထဲရှိ ချင်ဟန်ကျန်းက သူ့ကို ဓားကွက်များ သင်ပြရင်း ထပ်ခါတလဲလဲ အနိုင်ယူခဲ့လေသည်။

ချင်မူ ပန်ကုန်းစုန်ကိုသာ စိတ်ပြေလက်ပျောက် သွားမချလျှင် ယုံကြည်ချက်ကို ပြန်တည်ဆောက်နိုင်မည်မဟုတ်တော့။

ဧကရာဇ်အတိုင်ပင်ခံ ဓားလမ်းကို ရှာဖွေတုန်းက ချင်မူ သူ၏တာအိုနှလုံးသားထဲ ခိုးကြည့်ကာ ဖြစ်စဉ်တစ်ခုလုံးကို လေ့လာစောင့်ကြည့်ခဲ့သည်။ သူ အလွန်အမင်း တုန်လှုပ်ခဲ့ရ၏။

သို့သော် ကောင်းကျိုးလည်း ရရှိခဲ့သည်။ သူ၏အသိအမြင်က အကြီးအကျယ် ကျယ်ပြန့်သွားပြီး သူ တွေးပင်မကြည့်ခဲ့ဖူးသော အတိုင်းအတာသို့ ရောက်ရှိသွားခဲ့သည်။ ချင်မူ သူ၏ဓားသိုင်းကို ပြန်ကြည့်သောအခါ ယခင်က မြင်ခဲ့သည်ထက် ပိုများသောဟာကွက်များအား မြင်လိုက်ရ၏။

ရွာလူကြီးက အံ့အားသင့်သွားသောအမူအရာဖြင့် ပြောလိုက်သည်။ “မူအာ ဟာကွက်တွေ ပြည့်နေတဲ့ မင်းဓားသိုင်းကို ကစားပြစမ်း။ ငါ ကြည့်ချင်တယ်”

ချင်မူ တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။ “ဒီလိုဆိုလည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတော့မှာပေါ့”

ချင်မူ အသက်တစ်ချက် ရှူသွင်းပြီး အာရုံအပြည့်အဝ စူးစိုက်လိုက်သည်။ ရွှင်ပျော်ပျော်ဓားက ဓားအိမ်ထဲမှ ချွမ်ခနဲ ထွက်လာ၏။

ချင်မူ ရွှင်ပျော်ပျော်ဓားကို ဆုပ်ကိုင်လိုက်သည့်အခါ ဓားသွားက ဓားရောင်တဖျတ်ဖျတ် လက်လာသည်။ သူ့ကျောပေါ်ရှိ ထောင်ကျယ်အိတ်မှ ဓားပျံများ တမုဟုတ်ချင်း ထွက်လာကာ ရွှင်ပျော်ပျော်ဓားထဲ တစ်လက်ပြီးတစ်လက် ပျံဝင်သွားကြသည်။

ဓားအလက်သုံးထောင် တစ်သားတည်းပေါင်းသွား၏။

ရွှင်ပျော်ပျော်ဓားက မိခင်ဓားဖြစ်ပြီး ကျန်ဓားများက ကလေးဓားများ ဖြစ်ကြသည်။ ပန်းပဲပညာရှင်ဖြစ်သည်နှင့်အညီ ဓားစက်လုံးပုံစံနှစ်မျိုးရှိကြောင်း ချင်မူ သိသည်။ ကလေးဓားများ မိခင်ဓားထဲ ဝင်ရောက်ခြင်းက ပုံစံနှစ်မျိုးထဲမှ တစ်မျိုးဖြစ်သော်လည်း သူ၏ကျင့်စဉ်စွမ်းအင်နှင့် ခွန်အားက မလုံလောက်သည့်အတွက် ဓားအလက်သုံးထောင်ကိုသာ ပေါင်းစည်းနိုင်သည်။ ထပ်ပေါင်းလျှင် ရွှင်ပျော်ပျော်ဓားကို သွက်သွက်လက်လက် သုံးနိုင်တော့မည်မဟုတ်ရာ ကျန်သိုင်းကွက်များကို ထုတ်ဖော်ရခက်လိမ့်မည်။

ချင်မူ့အကြည့်က ဤကမ္ဘာပေါ်တွင် ရွှင်ပျော်ပျော်ဓားသာ ရှိသည့်အလား ဓားထိပ်ကို မမှိတ်မသုန် အာရုံစိုက်ထားသည်။ ထို့နောက် သူက ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ရွှင်ပျော်ပျော်ဓားသည် သူ့လက်ထဲတွင် ကိုးရို့ကားရား ရွေ့လျားသွား၏။

ဝေါ

လေမုန်တိုင်းတစ်လုံး အားကုန်တိုက်ခတ်သွားသည်။ ချင်မူ၏ ရွှင်ပျော်ပျော်ဓားက နှေးကွေးစွာ ရွေ့လျားသွားသော်လည်း မယုံနိုင်လောက်အောင် လေးလံသည့် အရာဝတ္ထုတစ်ခု လေထုကို ဝင်တိုက်သွားသကဲ့သို့ အသံတစ်သံကို ဖန်တီးလိုက်၏။

ရွှင်ပျော်ပျော်ဓား ရွေ့လျားနေစဉ် ကလေးဓားများက ဓားရိပ်များပမာ ပျံထွက်လာသည်။ ဓားရောင်များက ပြိုးပြိုးပြက်ပြက် လက်နေပြီး ကလေးဓားတစ်လက်စီက မတူညီသော ဓားကွက်တစ်ကွက်စီကို ထုတ်ဖော်ကြသည်။ ထိုဓားပျံများက ထိုးဓား၊ ကော်ဓား၊ လှုပ်ရမ်းဓား၊ ပိုင်းဓား၊ ခုတ်ဓား၊ ထိုးသွင်းဓား၊ ဆတ်ခနဲထိုးဓား၊ ပယ်ဓား၊ ဝိုက်ဆွဲဓား၊ ရစ်လှီးဓား၊ သိမ်းခုတ်ဓား၊ ပင့်ဓား၊ ဖြတ်ဓားနှင့် ရိပ်ဓားဟူသော အခြေခံဓားချက်များကို ကစားပြပြီး ကွဲပြားနေသည့် ဓားချက်များ တစ်ခုအပေါ် တစ်ခုထပ်သွားသည့်အခါ ဓားသိုင်းသည်လည်း ရှုပ်ထွေးပြီး ကိုးရိုးကားရား ဖြစ်လာသည်။

ချင်မူ ထုတ်ဖော်ခဲ့သည်က တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားဖြစ်သော်လည်း ရွာလူကြီးသင်ပေးခဲ့သော ဓားကွက်နှင့် ကွဲထွက်နေသည်။

သူ၏ဓားသိုင်းက အလွန်မသေသပ်သည့်အပြင် သွက်လက်မှုမရှိပေ။ ရွှင်ပျော်ပျော်ဓား၏ လှုပ်ရှားမှု မြန်လာသည့်အခါမှသာ သွက်လက်သောခံစားချက်ကို ရသည်။ လေထဲရှိ ကလေးဓားများက ဖြည်းဖြည်းချင်း အရှိန်မြန်လာသည်နှင့်အမျှ ဓားကွက်သည်လည်း မြန်လာသည်။

ရသေ့ကြီးချင်းယို၏အမူအရာက တင်းမာသထက် တင်းမာလာ၏။ လောင်ယွီ၊ မုချင်းသိုင်နှင့် ဝမ့်မူရန်တို့မှာ သူတို့မြင်နေရသည်ကို နားမလည်ကြောင်း သဘောပေါက်စပြုလာသည်။

ချင်မူ၏ဓားကွက်၌ ကိန်းဝပ်နေသော ဓားသဘောတရားသည် ပိုမိုရှုပ်ထွေးပြီး နက်နဲလာ၏။ ကောင်းကင်တောင်၏အပေါ်ရှိ ကောင်းကင်ထဲတွင် ဓားပျံအလက်သုံးထောင်က တိမ်တိုက်များသဖွယ် စုလိုက်၊ ဖြာထွက်လိုက် ဖြစ်နေပြီး ကြီးကျယ်ခမ်းနားသော တောင်တန်းများ၊ မြစ်ပြင်များအဖြစ် ဖွဲ့တည်လာကာ စိမ်းစိုနေသော သစ်ပင်များကိုပင် ဖန်ဆင်းလိုက်သည်။ သစ်ပင်များက အလွန်အနုစိတ်သည့်အတွက် သစ်ရွက်များအပေါ်တွင် အကြောများပင် မြင်နေရသည်။

တခဏကြာ‌သော် ဓားရောင်အားလုံး ပျောက်ကွယ်သွား၏။

ချင်မူ ရွှင်ပျော်ပျော်ဓားကို လှုပ်ခါလိုက်ရာ အတွင်းထဲမှ ဓားပျံအားလုံး ပျံထွက်လာပြီး သူ့ကျောရှိ ထောင်ကျယ်အိတ်ထဲ ပြန်ဝင်သွားကြသည်။

“ပြိုင်စရာမလို‌တော့ပါဘူး” မုချင်းသိုင်က စိတ်နှင့်ကိုယ်ပြန်ကပ်သွား၍ ကမန်းကတန်း ပြောလိုက်သည်။ “ကျွန်မကျင့်စဉ်စွမ်းအင်က အစ်ကိုတော်လောင်ယွီထက် တစ်ဆင့်နိမ့်ပါတယ်။ ဒါကြောင့် မပြိုင်ကြရအောင်”

ဝမ့်မူရန်လည်း ခေါင်းယမ်းလိုက်သည်။ “ငါလည်း ဒီဓားကွက်ကို မခုခံနိုင်လောက်ဘူး။ ဒါကြောင့် မပြိုင်တော့ပါဘူး။ အရှုံးပေးပါတယ်”

လောင်ယွီ၏မျက်နှာမှာ ဖြူဆုပ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူ အာခေါင် ပြန်ခြောက်လာ၍ ရေနှစ်ကျိုက် သောက်လိုက်ရ၏။ “မင်းရဲ့ ဓားသိုင်းကို ငါ နားမလည်ဘူး”

ရသေ့ကြီးချင်းယို ငေးငိုင်သွားသည်။ သူက ချင်မူ့ကို ကြည့်ပြီးနောက် ရွာလူကြီးကို ကြည့်ကာ သက်ပြင်းချလိုက်၏။ “နောင်တော့်တပည့်က တော်ပါပေတယ်။ ဓားလမ်းကိုတောင် ရှာတွေ့သွားပြီ”

ရွာလူကြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဓားကို ဒီလိုကျင့်ဖို့ ငါ မသင်ပေးထားဘူး။ သူ့ဘာသူ ဖန်တီးထားတာ။ တကယ်က သူ့ဓားကွက်မှာ ဟာကွက်တွေ အများကြီးရှိတယ်။ နေရာတကာကနေ လေစိမ့်ထွက်နေတဲ့ ဇကာပေါက်လိုပဲ။ မူအာ မင်း ပိုကြိုးစားရဦးမယ်။ မင်းထက် ပိုသိတဲ့သူနဲ့တွေ့ရင် မင်း ဘယ်လိုသေသွားလဲတောင် သိမှာမဟုတ်ဘူး”

ချင်မူ ဆံပင်မွှေးများ ထောင်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ကျွန်တော်လည်း ဟာကွက်တွေကို မြင်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုတိုးတက်အောင် ဘာလုပ်ရမလဲ မသိတော့လို့”

‘ဘယ်သူက သူ့တပည့်ကို ဒီလိုသင်ပေးထားတာလဲ’ ရသေ့ကြီးချင်းယို ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ ‘ဒီဓားသိုင်းက ဒီကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးဓားသိုင်းတစ်ခုဆိုတာ အသိသာကြီးမဟုတ်လား။ သူ့ထက်သာတဲ့လူတွေက ဓားလမ်းကို ရှာတွေ့ထားတဲ့သူတွေပဲ ဖြစ်လိမ့်မယ်’

All Chapters