← Chapters

လူသတ်စက်

Vol. 25 Ch. 347

လူသတ်စက်

Vol. 25 Ch. 347

ချင်မူ ကျန်နှစ်ယောက်ကို ကြည့်လိုက်သည်။ မိန်းကလေးနှင့် လူငယ်သည် လှပချောမောကြသော်လည်း ကျောက်စိမ်းမြို့တော်ငယ်တွင် သူနှင့် သက်တူရွယ်တူ များများစားစား မရှိကြောင်း ဝမ့်မူရန် ပြောခဲ့သည်ကို ချင်မူ မှတ်မိလိုက်သည်။ ထို့ကြောင့် ဤနှစ်ယောက်သည် ဝမ့်မူရန်နှင့် အတူတူကြီးပြင်းလာခဲ့သူများ ဖြစ်လိမ့်မည်။

မိန်းကလေးက အသက်ဆယ့်ခုနစ်နှစ်၊ ဆယ့်ခြောက်နှစ်ခန့် ရှိပြီး ဣန္ဒြေသိက္ခာအပြည့်ဖြင့် နူးညံ့သိမ်မွေ့သည်။ သူမဝတ်ထားသော စိမ်းပြာရောင်အဝတ်အစား၏ ကော်လံနှင့် လက်အိုးများတွင် နက်ပြာရောင်ချည်ဖြင့် အနားကွပ်ထား၏။ ခါးသိုင်းကြိုးများက အစိမ်းရောင်နှင့် အဖြူရောင်ဖြစ်ကာ၊ နဖူးပေါ်တွင် ကျောက်စိမ်းစေ့များ စီခြယ်ထားသော ခပ်မျှင်မျှင်ငွေကြိုးလေး ရစ်ပတ်ထား၏။

ကျောက်စိမ်းများဖြင့် တန်ဆာဆင်ထားသဖြင့် ကျောက်စိမ်းကို များစွာနှစ်သက်ပုံပေါ်သည်။

တောင်ပေါ်တွင် လေတိုက်နေ၍လား၊ ချီစွမ်းအင်ကြောင့်လား ပြောရခက်သည်။ ရှည်လျားသော သူမခါးသိုင်းကြိုးစနှစ်စက လှုပ်ခတ်လျက်ရှိရာ အစိမ်းရောင်ဝိညာဉ်မြွေနှင့် အဖြူရောင်ဝိညာဉ်မြွေနှစ်ကောင် လူးလွန့်နေသည်နှင့် တူ၏။

‘သူက နည်းနည်းပိန်တယ်၊ ယွိရှို့လောက်လည်း မလှဘူး။ ယွိရှို့ရင်ဘတ်က သူ့ထက် အများကြီး ပိုထွားတယ်’

ချင်မူ အကြည့်လွှဲ၍ လူငယ်ကို ကြည့်လိုက်သည်။ လူငယ်က မိန်းကလေးထက် အနည်းငယ်ပို၍ ရင့်ကျက်သယောင် ရှိသည်။ သူက အင်္ကျီလက်အိုးရှည်ရှည် ဝတ်ရုံတစ်စုံကို ဝတ်ထားပြီး လက်‌ကောက်ဝတ်တွင် ကျောက်စိမ်းကြိုးအား ပတ်ထား၏။ သူ၏အဝတ်အစားနှင့် ပုံပန်းသွင်ပြင်ကို ဂရုမစိုက်ဟန်တူသော်လည်း သူ၏အသွင်အပြင်က သူတော်စင်တစ်ဦးကဲ့သို့ ကွဲထွက်နေသည်။

သူ့အကြည့်က အလွန်ထူးခြား၏။ တစ်ခါတရံ ကြယ်ရောင်များလို တောက်ပတတ်ပြီး တစ်ခါတရံ မီးဟုန်းဟုန်းတောက်နေသော နေတစ်စင်းပမာ ဖြစ်သွားတတ်သည်။

‘ကျောက်စိမ်းမြို့တော်ငယ်က တစ်လောကလုံးရဲ့ အထွတ်အမြေနယ်မြေထဲမှာ နံပါတ်တစ် ပီသပါပေတယ်။ သူတို့ကျင့်ကြံတဲ့ ကျင့်စဉ်တွေက တစ်ခုနဲ့တစ်ခု မတူတဲ့အပြင်၊ မဟာမိုးခြိမ်းသံကျောင်း‌တော်တို့၊ တာအိုဂိုဏ်းတို့ထက်လည်း မနိမ့်ကျဘူး’ ချင်မူ သူ့ဘာသာသူ တွေးမိလိုက်သည်။

“နောင်တော်ချင်”

သူ့မြင်လျှင် ဝမ့်မူရန်၏ နက်မှောင်သောမျက်ဝန်းများက တောက်ပသွားပြီးနောက် မှိန်ကျသွားသည်။ ချင်မူကြောင့် သူ့ဆရာ‌ ခြေသလုံးအိမ်တိုင်ကျန်းကို သတိရသွားဟန်တူ၏။

တောင်ပိုင်း၌ ပုန်ကန်မှုကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဝင်မပါအောင် တားရန် ခြေသလုံးအိမ်တိုင်ကျန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လာခဲ့တုန်းက ချင်မူနှင့် သူ ဆုံတွေ့ခဲ့သည်။ ချန်ဖေးယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်ရှိသူများနှင့် အတန်ငယ်သာ ထိတွေ့ဆက်ခံခဲ့ဖူးသော်လည်း သူတို့ကို သူ ရင်းရင်းနှီးနှီး မှတ်မိနေခဲ့သည်။

ခြေသလုံးအိမ်တိုင်ကျန်း ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကြောင့် သေဆုံးသွားသောအခါ ဝမ့်မူရန် ကျောက်စိမ်းမြို့တော်ငယ်ဆီ အလောင်းပြန်သယ်ခဲ့၏။ ထို့နောက်ပိုင်း သူတို့နှင့် တစ်ခါမှ မဆုံတွေ့ခဲ့ရပေ။

“နောင်တော်မူရန်” ချင်မူက နှုတ်ဆက်ကာ မေးလိုက်သည်။ “ဒီနောင်တော်နဲ့ အစ်မတော်က”

“ဒါက အစ်မတော်မုချင်းသိုင် ဒါက နောင်တော်လောင်ယွီ” ဝမ့်မူရန် မိတ်ဆက်ပေးလိုက်သည်။ “အစ်မတော်မုချင်းသိုင်က ခြေသလုံးအိမ်တိုင်တင်းရှီရဲ့ တပည့်။ နောင်တော်လောင်ယွီကတော့ ရသေ့ကြီးထျန်းယွင်ရဲ့ တပည့်ပါ”

ချင်မူ ရင်ထဲ အနည်းငယ် လှုပ်ခတ်သွားသည်။ ကျောက်စိမ်းမြို့တော်ငယ်တွင် အမွေအနှစ်များစွာ ရှိသည့်အပြင် တထာဂတ၏ မဟာယနသုတ္တန်ကဲ့သို့၊ တာအိုဂိုဏ်း၏ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကဲ့သို့ ထိပ်တန်းကျင့်စဉ်ပေါင်းများစွာကိုပင် ထုတ်နုတ်သင်ယူနိုင်၏။

‌ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာဆိုသူအားလုံးသည် ကျင့်စဉ်တစ်ခုထက်မနည်း တတ်မြောက်ကြသော်လည်း ကျန်အထွတ်အမြတ်မြေများမှ ကျင့်စဉ်များထက် သာလွန်သော ထိပ်တန်းသိုင်းများ ကျောက်စိမ်းမြို့တော်ငယ်တွင် ရှိနေနိုင်သည်လော။

မရှိလျှင် ထိပ်တန်းကျင့်စဉ် မည်မျှပိုင်ဆိုင်ထားစေကာမူ လူတစ်ယောက်၏ ချီစွမ်းအင်တွင် အကန့်အသတ်တစ်ခုတော့ ရှိသေး၏။ လူတိုင်း ရှိရှိသမျှကျင့်စဉ်တိုင်းကို အဆုံးစွန်အထိ တတ်မြောက်ရန်ကား မဖြစ်နိုင်ပေ။ လူတိုင်းက သူ့လို လောကသခင်ခန္ဓာမဖြစ်နိုင်သည် မဟုတ်ပါ၏လော။

ရုတ်တရက် ရသေ့အိုကြီးချင်းယို အသံထွက်လာသည်။ “ရှုရှန်းဟွာရဲ့ သိုင်းကွက်တွေက ကြီးကျယ်ခမ်းနားတယ်။ သိုင်းကွက်နှစ်ဆယ့်ခုနစ်ကွက်နဲ့ မုချင်းသိုင် သူ့ကို ရှုံးတယ်။ လောင်ယွီက နှစ်ဆယ့်လေးကွက်နဲ့ ရှုံးတယ်။ ဝမ့်မူရန်ကတော့ နှစ်ဆယ့်သုံးကွက်။ ဒါပေမဲ့ ဝမ့်မူရန်က အားအနည်းဆုံးလို့ မင်း တွေးလို့မရဘူး။ သုံးယောက်ထဲမှာ ဝမ့်မူရန်ရဲ့ သိုင်းစွမ်းရည်က အမြင့်မားဆုံးပဲ။ ဒါပေမဲ့ ရှုရှန်းဟွာနဲ့ တိုက်ခိုက်ရတဲ့အခါ ပိုအစွမ်းထက်တဲ့လူက ပိုမြန်မြန် ရှုံးရတယ်”

ချင်မူ အတန်ငယ် အံ့အားသင့်သွားသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ တွင်းထဲတွင် ရသေ့ကြီးချင်းယို မရှိတော့ပေ။

ရသေ့ကြီးချင်းယိုက မည်သို့မျှမဖြစ်ပျက်ခဲ့သည့်အလား ရွာလူကြီးဘေးတွင် ရပ်နေသည်။ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာများလည်း မရှိသလို၊ သူ၏အဝတ်အစားများက ညစ်ပေတွန့်ကြေနေခြင်းလည်း မရှိပေ။ စောစောက ချင်မူ့လက်သီးစာ မိခဲ့သည်မှာ သူ မဟုတ်သည့်အလားပင်။

“ရသေ့ကြီးက တော်တော်မြန်တာပဲ” ချင်မူ ချီးကျူးလိုက်သည်။ “ဘယ်အချိန်က ထပြီး အဝတ်အစားလဲလိုက်မှန်းတောင် မသိလိုက်ဘူး” ရသေ့ကြီးချင်းယို၏ မျက်နှာ အတန်ငယ် စိမ်းပုပ်သွားသော်လည်း ချင်မူက ဂရုမစိုက်ပေ။ “ရသေ့ကြီးချင်းယို စောစောက ဘာပြောလိုက်တာလဲ။ ရှုရှန်းဟွာနဲ့ တိုက်ခိုက်ရင် ပိုအစွမ်းထက်တဲ့လူက ပိုမြန်မြန်ရှုံးနိမ့်တယ်ဟုတ်လား”

ရသေ့ကြီးချင်းယို ဝမ့်မူရန်ကို ကြည့်ကာ ပြောလိုက်၏။ “မူရန် ရှင်းပြလိုက်”

ဝမ့်မူရန်က ရှင်းပြသည်။ “ရှုရှန်းဟွာရဲ့ ပညာရပ်တွေက ထူးဆန်းတယ်။ အစွမ်းထက်တဲ့ ပညာရပ်နဲ့ ရင်ဆိုင်ရရင် ပိုအားကောင်းလာတာ။ သူ့ကောင်းကင်နတ်သိုင်းတွေကလည်း သိပ်ထူးဆန်းတယ်။ အလိုက်သင့်ပြောင်းလဲနိုင်တဲ့ အမျိုးအစားအတိုင်းပဲ။ သူ့ကောင်းကင်နတ်သိုင်းအတော်များများက တစ်ဖက်လူရဲ့ သိုင်းကွက်တွေအတိုင်း အလိုက်သင့်စီးမျောပြီး နောက်ဆုံးအခိုက်အတန့်မှာ ပိုအားကောင်းလာတယ်။ ရန်သူ့သိုင်းစွမ်းရည်က ပိုအားကောင်းလာရင် သူ့သိုင်းစွမ်းရည်ကလည်း ပိုအားကောင်းလာတယ်။ သူ့ကောင်းကင်နတ်သိုင်းက ပိုရှုပ်ထွေးလာရင်၊ သူ့ကောင်းကင်နတ်သိုင်းကလည်း ပိုရှုပ်ထွေးလာတယ်”

ချင်မူ့အမူအရာ လေးနက်သွားသည်။ “သူက ကျင့်ကြံတဲ့အဆင့်ကနေ ဖန်တီးတဲ့အဆင့်ကို ရောက်သွားပြီလား”

“ငါ အဲဒါကိုတော့ မမြင်မိဘူး။ ကြည့်ရတာ သူ့ကျင့်စဉ်နဲ့ ပတ်သတ်နေပုံ‌ပေါ်ပေမယ့် အဲဒီလိုအဆင့်လည်း ရောက်နေသလိုပဲ” ဝမ့်မူရန် ပြောလိုက်သည်။

ချင်မူ ငိုင်သွားသည်။ ဤကျင့်စဉ်မျိုးရှိလျှင် စိတ်ဝင်စားစရာကောင်းသည်။ သူ၏လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် မပြီးပြည့်စုံခဲ့စဉ်က ဖန်တီးနိုင်စွမ်းကို မြှင့်တင်ရန် လိုအပ်ခဲ့၏။ သစ်ခုတ်သမား၏ သင်ကြားပို့ချမှုများကလည်း ဖန်တီးနိုင်စွမ်းကို မြှင့်တင်သောနည်းလမ်း ဖြစ်ခဲ့သည်။

သို့သော် ရွှင်ပျော်ပျော်ကျေးရွာ၏ ချင်မိသားစု ထိန်းသိမ်းထားသော လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်အစစ်ကို သူ့အဖေ ချင်ဟန်ကျန်းဆီမှ ရရှိသောအခါ ဆက်လက်ဖန်တီးစရာမလိုတော့‌‌ပေ။

ရှုရှန်းဟွာ၏ ကျင့်စဉ်က အမှန်တကယ်သာ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်လျှင် အံ့ဖွယ်ရာဖြစ်လိမ့်မည်။

ထိုကဲ့သို့လူတစ်ယောက်အတွက် အနိုင်အရှုံး ဆုံးဖြတ်ရန် သိုင်းကွက်မည်မျှ လိုအပ်မည်နည်း။

တစ်ကွက်လော

အကွက်တစ်ရာလော

“သူက တကယ် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ပဲ။ အတုအယောင်လောကသခင်ခန္ဓာ ပီသတယ်” ချင်မူ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။

ရသေ့အိုကြီးချင်းယို တောင့်တင်းသွားပြီး ရွာလူကြီးကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “လောကသခင်ခန္ဓာကိုက ထားဦး၊ အတုအယောင် လောကသခင်ခန္ဓာက ဘယ်ကရောက်လာတာလဲ”

ရွာလူကြီး၏မျက်နှာ အတန်ငယ် မည်းမှောင်သွားပြီး သူက နှာခေါင်းရှုံ့လိုက်သည်။ “လောကကြီးမှာ မင်းမသိနိုင်တာတွေ ရှိတယ်။ ငါ့ကို လာမ‌မေးတာ အကောင်းဆုံးပဲ”

ရသေ့အိုကြီးချင်းယို နှာခေါင်းရှုံ့၍ ဝမ့်မူရန်တို့ကို လှမ်းကြည့်လိုက်သည်။ “လူသားဧကရာဇ်ချင်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်လည်း ဖြစ်သလို၊ လူသားဧကရာဇ်လည်း ဖြစ်တယ်။ ဒါ့အပြင် သူ့ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ကျင့်စဉ်နှစ်ခုလုံး အင်မတန် ထူးဆန်းတယ်။ မင်းတို့ သူ့ကို မှော်စွမ်းအင်နဲ့ မယှဉ်နိုင်ဘူး။ သူ့မှော်စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် သိပ်သည်းနေတာ”

ဤသို့ပြောပြီးသောအခါ သူ အနည်းငယ် ရှက်သွားမိသည်။ စောစောက မှော်စွမ်းအင်ဖြင့် ချင်မူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့တုန်းက ချင်မူ၏ သိပ်သည်းလှသော မှော်စွမ်းအင်ကြောင့် မည်သည့်သိုင်းကွက်မှ မထုတ်ဖော်နိုင်ခဲ့ပေ။

ဝမ့်မူရန်၊ မုချင်းသိုင်နှင့် လောင်ယွီက သူ့စကားကို မှတ်သားလိုက်သည်။

“သူ့သိုင်းကွက်တွေက များပြားလွန်းတယ်။ ခြေသိုင်းနဲ့ ကိုယ်လှုပ်ရှားတဲ့ပုံကလည်း ထူးဆန်းပြီး သိပ်မြန်တယ်။ သူ မင်းတို့ကို မဖမ်းမိစေနဲ့။ မဟုတ်ရင် ရုန်းထွက်ဖို့ ခက်တယ်”

ရသေ့ကြီးချင်းယို တပည့်သုံးယောက်ကို ဆက်လက်အကြံပေးလိုက်သည်။ “သူ့လက်သီးသိုင်းက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မိုးကြိုးရှစ်ချက်လက်သီးသိုင်းပဲ။ သိကြားအဆင့် ရောက်နေပြီမလို့ သိပ်ပြင်းထန်တယ်။ မင်းတို့ သူ့ကို လက်သီးသိုင်းချင်း ယှဉ်တိုက်မယ်ဆို သူ့မှော်စွမ်းအင်နဲ့ ခွန်အားရဲ့ ဖိနှိပ်တာခံရလိမ့်မယ်။ သတိထားကြ။ သူက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကိုလည်း တတ်ထားတော့ သူ့ကောင်းကင်နတ်သိုင်းတွေကလည်း မခေဘူး။ ဒါ့အပြင် ပန်းပဲပညာကိုလည်း သိုင်းကွက်တွေထဲ အသုံးချတတ်သေးတယ်။ မင်းတို့သုံးယောက် အသိနဲ့ သတိကပ်နေမှ ဖြစ်မယ်”

ဤသို့ပြင် သူ ရင်ဘတ်ပင် အောင့်လာသည်။ ချင်မူက ကြေးတိုင်လုံးကို ဆွဲနုတ်၍ လှံသဖွယ် အသုံးချကာ သူ့ရင်ဝကို ထပ်တလဲလဲ ထိုးနှက်ခဲ့၏။ ချီစွမ်းအင်ဖြင့်လည်း ကြေးတိုင်လုံးကို အရည်ပင်ဖျော်ကာ ကြေးအရည်ကို ဓားများအဖြစ် ဖွဲ့တည်ခဲ့သေးသည်။

ထိုတိုက်ကွက်က သူ့ကို ခွက်ထိုးခွက်လန် ရှုံးနိမ့်သွားစေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ချင်မူ အသုံးပြုလိုက်သည်က ပန်းပဲပညာရပ်အပြင် တခြားမဟုတ်ပေ။

တိုက်ပွဲကွင်းပြင်တွင် ဓားသွန်းလုပ်ပြီး တိုက်ခိုက်နိုင်သော လူတစ်ယောက်ကိုမှ ရသေ့ကြီးချင်းယို မတွေ့ခဲ့ဖူးပေ။

မုချင်းသိုင် အခက်တွေ့သွားသည်။ “ဆရာဦးလေး၊ ဒါဆို ကျွန်မတို့ ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ”

ရသေ့ကြီးချင်းယို မှင်သက်သွားသည်။ ပြဿနာကို ယခုမှ သူ သဘောပေါက်၏။ လူသားဧကရာဇ်၏ သိပ်သည်းလှသော မှော်စွမ်းအင်၊ အမြဲပြောင်းလဲနေသော ခြေလှမ်းခြေကွက်များ၊ ကြောက်မက်ဖွယ်ရာ အမြန်နှုန်း၊ သန်မာအားကောင်းသော လက်သီးသိုင်း၊ အစွမ်းထက်သော ကောင်းကင်နတ်သိုင်းများနှင့် တိုက်ပွဲအတွင်း ဓားသွန်းနိုင်သော စွမ်းရည်များကို သူတို့ မည်သို့ပြန်တိုက်ခိုက်ရမည်နည်း။

ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးယောက် သူ့ကို မည်သို့အနိုင်ယူနိုင်တော့မည်နည်း။

“ဓားသိုင်းနဲ့ အနိုင်ယူမယ်” လောင်ယွီက အလေးအနက် ပြောသည်။

ရသေ့ကြီးချင်းယို သူ့ဘေး၌ အပြုံးပန်းများ ဝေဆာနေသော အဘိုးကြီးကို ကြည့်လိုက်သည်။ အဘိုးကြီးမှာ ရယ်ချင်လွန်း၍ မနည်းအောင့်ထားရပုံပေါ်၏။

ရွာလူကြီး မျက်နှာပြန်တည်ရင်း သူတို့ကို သတိပေးလိုက်သည်။ “ဓားသိုင်းမှာ မူအာက ဖန်တီးတဲ့အဆင့်ကို ရောက်နေပြီ”

ရသေ့ကြီးချင်းယို အံတင်းတင်းကြိတ်လိုက်သည်။ သူ တစ်ခါမှ ရင်ထဲ ဤမျှမအောင့်ဖူးပေ။ ရှုရှန်းဟွာ ကျောက်စိမ်းမြို့တော်ငယ်ကို လာခဲ့စဉ်က ကျင့်စဉ်သိုင်းကွက်များကို ကြည့်ခွင့်တောင်းကာ ကျောက်စိမ်းမြို့တော်ငယ်ကို စိန်ခေါ်ခဲ့သော်လည်း ရသေ့ကြီးချင်းယို ဤမျှခေါင်းမကိုက်ခဲ့ရပေ။

ချင်မူက မည်သည့်ပညာရပ်တွင်မဆို အမှတ်ပြည့်ရမည့် လူသတ်စက်ကြီးအလားပင်။ သူက အဆင့်တူတိုင်းကို အချိန်မရွေး အလဲသိပ်ပစ်နိုင်၏။

ထို့အပြင် ဤလူငယ် သူ့ကိုယ်သူ ယုံကြည်နေသောအတိုင်းအတာကလည်း ရူးလောက်ဖွယ်ဖြစ်သည်။ သူက သူ့ကိုယ်သူ မည်သူမျှမယှဉ်နိုင်သော ‘လောကသခင်ခန္ဓာ’ ဟု အပိုင်တွေးထားလေသည်။

ထိုမျှအင်အားကြီးမားသော စွမ်းရည်များနှင့် ယုံကြည်ချက်က တပည့်သုံးယောက်ကို အမှန်တကယ် ဘေးကြပ်နံကြပ် ဖြစ်စေ၏။

‘သူ့သက်လုံက ဘယ်လောက်ရှိလဲမသိဘူး” ရသေ့ကြီးချင်းယို၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ “သက်လုံမကောင်းရင် သူအားကုန်သွားအောင် အချိန်ဆွဲလို့ရနိုင်တယ်...’

သို့သော် ချင်မူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည့်အခါ ဤလူငယ်က သန်မာသော နွားကျောင်းသားတစ်ဦးဖြစ်ကြောင်း သိသာသည်။ ရသေ့ကြီးချင်းယိုကို ထုနှက်ပြီးနောက် အညောင်းအညာ ဖြေနေသည်ဟုသာ ပြောခဲ့၏။ မယုံနိုင်လောက်အောင် အားအင်ပြည့်ဝလျက် ရှိနေသေးသည်။

‘သူ့ တိုက်ပွဲအတွေ့အကြုံကရော’

ရသေ့ကြီးချင်းယို တွေးကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ ချင်မူ၏တိုက်ပွဲအတွေ့အကြုံက မြင့်မားသည်ဟု ဆိုရလိမ့်မည်။ သူ၏တိုက်ခိုက်ပုံက ကြမ်းတမ်းပြီး ပန်းပဲပညာကိုပင် သိုင်းကွက်များနှင့် ပေါင်းစပ်နိုင်သေးသည်။ အမှန်တကယ် ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အတွေ့အကြုံလည်း များလိမ့်မည်။ ကျောက်စိမ်းမြို့တော်ငယ်မှာမူ လောကီကိစ္စများနှင့် ဝေးဝေးနေသဖြင့် သူ့တပည့်များ၏ အတွေ့အကြုံက ချင်မူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

‘အလိုက်သင့်ရော ပြောင်းလဲတတ်ပါ့မလား။ အဲဒီစွမ်းရည်မရှိရင် ကျင့်စဉ်အဆင့် မြင့်မားရင်တောင် ကျရှုံးလိမ့်မယ်... နေဦး၊ ဒီကောင် ဒီလောက်ဘဝင်မြင့်နေတာတောင် အရိုက်သတ်မခံရသေးတာကြည့်ရင် အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကလည်း ထိပ်တန်းဖြစ်လိမ့်မယ်’

ရသေ့ကြီးချင်းယို ယုံကြည်ချက်များ ရိုက်ချိုးခံလိုက်ရသောအဖြစ်မှ ရုန်းထွက်လာနိုင်သော အဘိုးကြီးကို လှည့်ကြည့်လိုက်သည်။ အဘိုးကြီးက အားရကျေနပ်နေပုံပေါ်ပြီး ကျောက်စိမ်းမြို့တော်ငယ် အရှက်ကွဲမည်ကို ကြည့်ရန် အသင့်ဖြစ်နေ၏။

ရသေ့ကြီးချင်းယို အံကြိတ်ကာ ဝမ့်မူရန်တို့ကို ပြောလိုက်သည်။ “မီးစင်က ကြည့်ကကွာ”

သုံးယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ကြိတ်ညည်းလိုက်ကြသည်။ ‘ဆရာဦးလေးက စကားအများကြီးပြောသွားပေမယ့် ဘာမှမပြောတာနဲ့ မခြားဘူး။ ငါတို့ စိတ်ဖိစီးသွားတာပဲ အဖတ်တင်တယ်။ သူ ဘာမှမပြောဘဲနေရင် အကောင်းသား’

လောင်ယွီ၏အကြည့်များ လှုပ်ခတ်သွားပြီး ရှေ့တက်ကာ ပြောလိုက်၏။ “လူသားဧကရာဇ်၊ ဓားနဲ့ စိန်ခေါ်ချင်ပါတယ်”

ရသေ့ကြီးချင်းယို သွေးအန်လုနီးပါး ဖြစ်သွားသည်။ သိုင်းကွက်အားလုံးထဲကမှ လောင်ယွီက ဓားသိုင်းဖြင့် စိန်ခေါ်သည်တဲ့လော။

သူ့ဘေးရှိ အဘိုးကြီးက ချင်မူ၏ဓားသိုင်းသည် ဖန်တီးနိုင်သောအဆင့်သို့ ရောက်နေပြီဟု ပြောခဲ့ပြီးသားမဟုတ်၏လော။

သူ၏ဓားအသိက ဆရာသခင်အဆင့်ထက်ပင် ကျော်နေချေပြီ။

မှန်သည်၊ အသိအမြင် မကြွယ်ဝလျှင် သူ၏စမှတ်လည်း နိမ့်ကျမည်ဖြစ်ရာ ဖန်တီးသည့် ဓားကွက်များကလည်း ဆိုးဝါးပြီး သာမန်သာ ဖြစ်လိမ့်မည်။ သို့သော် အရေးကြီးဆုံးက ချင်မူ၏ဓားသိုင်းက မနိမ့်ကျပေ။ မနိမ့်ကျသည်သာမက ကျောက်စိမ်းမြို့တော်ငယ်၏ ဓားသိုင်းများက သူ့ဆရာကို မည်သည့်အခါမှ ယှဉ်နိုင်မည်မဟုတ်။

လောင်ယွီ ပြောပြီးသည်နှင့် ရသေ့ကြီးချင်းယို သူ့ကို မတားနိုင်တော့ပေ။

ချင်မူ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “နောင်တော်လောင်ယွီ၊ ကျွန်တော် တာအိုဂိုဏ်းရဲ့ ဓားကွက်တွေကို သင်ယူဖူးပါတယ်။ တာအိုဓားနဲ့ ယှဉ်ရင် ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ဓားသိုင်းက ဘယ်လိုရှိပါသလဲ”

လောင်ယွီ ပြုံးလိုက်သည်။ “တာအိုဓားဆယ့်လေးခန်းက ကျွန်တော်တို့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ဓားသိုင်းကို မယှဉ်နိုင်လောက်ပါဘူး”

ချင်မူ သက်ပြင်းချလိုက်မိသည်။ တာအိုဓားထက် မနိမ့်ကျလျှင် သူ့ဓားကွက်တစ်ကွက်ကြောင့် သေတော့မည်မဟုတ်ပေ။

“ကျွန်‌တော့်ဓားက တော်တော်လေးလို့ တစ်ခါတလေ ဓားစက်လုံးရဲ့ အလေးချိန်နဲ့ သူများတွေကို အသာစီးယူတတ်ပါတယ်။ ဒါပေမဲ့ ဓားသိုင်းချင်းယှဉ်တော့မှာဆိုတော့ နောင်‌တော်လောင်ယွီကို ဓားစက်လုံးနဲ့ အသာစီးမယူတော့ပါဘူး” ချင်မူ သူ့ကို စေတနာဖြင့် သတိပေးလိုက်သည်။ “နောင်တော် ဂရုစိုက်ပါ”

ရွှစ်

ထောင်ကျယ်အိတ်ထဲမှ ဓားအလက်ရှစ်ထောင်က တဟုန်ထိုး ထွက်လာပြီး မိုးရွာကျသကဲ့သို့ မြေပြင်ကို ထိုးစိုက်သွားသည်။

“ကျေးဇူးပြုပြီး” ချင်မူ ပြုံးပြလိုက်၏။

All Chapters