← Chapters

ဒြပ်စင်သုံးပါး

Vol. 25 Ch. 349

ဒြပ်စင်သုံးပါး

Vol. 25 Ch. 349

ရသေ့ကြီးချင်းယိုက ချင်မူ့ဓားသိုင်းကို ကောင်းမွန်ပြည့်စုံစွာ သုံးသပ်လိုက်သည်ဟု ဆိုရလိမ့်မည်။ ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးဓားသိုင်းတစ်ခုကို ဓားပညာလေ့လာရုံမျှဖြင့် မဖန်တီးနိုင်ပေ။ ဓားကို နှိုက်နှိုက်ချွတ်ချွတ် နားလည်ပြီး ကိုယ်ပိုင်ဓားကွက်များကို ဖန်တီးနိုင်သောအဆင့် ရောက်နေရန် လိုအပ်သည်။

ချင်မူ၏ဓားပညာက ဖန်တီးနိုင်သောအဆင့်သို့ ရောက်နေချေပြီ။ သူ့ဓားကွက်တွင် ဟာကွက်များ ပြည့်နေသည်ဆိုသော်လည်း ထိုဟာကွက်များကို မြင်နိုင်မည့်သူများက ဓားလမ်းစဉ်အဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသူများ၊ သို့မဟုတ် ဓားလမ်းစဉ်အဆင့် ရောက်ရှိပြီးသူများသာ ဖြစ်လိမ့်မည်။

ထိုကဲ့သို့လူများသည် ကမ္ဘာပေါ်တွင် အတိုင်းထက်အလွန် ရှားပါးပြီး လက်တစ်ဖက်တည်းနှင့် ရေတွက်၍ရ၏။

ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် ချင်မူ ဓားကွက်ဖန်တီးနိုင်သောအဆင့်သို့ ရောက်နေသည်ဖြစ်ရာ သူ့မျက်လုံးထဲတွင် သူ၏ဓားသိုင်းက ဟာကွက်များစွာ ရှိနေသော်လည်း ထိုအဆင့်မရောက်သေးသူများ၏ မျက်လုံးထဲတွင် အံ့ချီးဖွယ်ရာ ဓားကွက်တစ်ကွက် ဖြစ်နေသေးသည်။

သို့တိုင်တောင် ရွာလူကြီးက သူ့တပည့်ကို စိတ်တိုင်းမကျဘဲ ဇကောပေါက်ကဲ့သို့ ဟာကွက်ပြည့်နေပြီး အဆင့်မြင့်ဓားသမားနှင့် တွေ့လျှင် မည်သည့်နေရာက အသက်ထွက်သွားမှန်းမသိဘဲ နေမည်ဟု ပြောနေသည်။

လိုအပ်ချက်က မြင့်မားလွန်းသည်မဟုတ်ပါလော။

သို့သော် ချင်မူ ဂရုတစိုက်နားထောင်ပြီး စိတ်ပျက်ခြင်းလည်းမရှိ၊ အားရခြင်းမရှိပေ။ လောင်ယွီကို အနိုင်ယူပြီးနောက် သူ့ကိုယ်သူ နှိမ့်ချခဲ့သည်ထက် ပို၍ပင် ရိုးသားစွာ နှိမ့်ချထားသည်။

ရသေ့ကြီးချင်းယို ခေါင်းယမ်းလိုက်သည်။ ‘ဒီဆရာတပည့်က တော်တော်ထူးဆန်းတာပဲ’

သူ့မျက်လုံးများက မီးပွင့်နေသကဲ့သို့ တောက်ပနေပြီး မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ “လူသားဧကရာဇ်၊ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ တပည့်တွေကို အနိုင်ယူနိုင်တာက မင့်သိုင်းစွမ်းရည် မြင့်မားတယ်လို့ မဆိုလိုဘူး။ အလွန်ဆုံးမှ သူတို့ထက် ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ မြင့်မားမှာ။ ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမကမှ တကယ့်စမ်းသပ်မှုပဲ”

သူ ဤသို့ပြောလိုက်သောအခါ လောင်ယွီနှင့် မုချင်းသိုင်တို့မှာ ရသေ့ကြီးချင်းယို သူတို့အရှက်မရအောင် ပြောပေးနေသည်ဟု တွေးမိလိုက်၍ ပိုမိုရှက်သွားကြသည်။ အခြားတစ်ဖက်တွင် ဝမ့်မူရန်မှာ တခြားအကြောင်းအရာကို တွေးနေပုံရသည်။

“ရသေ့ကြီးချင်းယိုက တကယ် အမြင်စူးရှပါတယ်” ချင်မူ ခေါင်းညိတ်လိုက်သည်။ “ကျွန်‌တော့်သိုင်းစွမ်းရည်က သူတို့ထက် တစ်ဆယ်၊ နှစ်ဆယ်ရာခိုင်နှုန်းပဲ မြင့်မားတာပါ”

ဤစကားက နှိမ့်ချခြင်းမဟုတ်၊ အမှန်ကို ဝန်ခံခြင်းဖြစ်သည်။

သူတို့အားလုံးက အရပ်ခြောက်မျက်နှာအဆင့်တွင် ဖြစ်ကြ၍ တစ်ဖက်လူထက် တစ်ဆယ်၊ နှစ်ဆယ်ရာခိုင်နှုန်း မြင့်မားခြင်းက သိုင်းကွက်တစ်ကွက်၊ နှစ်ကွက်ဖြင့် တစ်ဖက်လူကို အနိုင်ယူနိုင်သည်ဟု ဆိုလိုသည်။

အသိအမြင်နှင့် ဗဟုသုတက ကွဲပြားသွားပြီမဟုတ်ပါ၏လော။

သိုင်းအဆင့်တက်ပြီးနောက် ဆက်လက်တိုးတက်ချင်လျှင် များစွာကြိုးစားရန် လိုအပ်သည်။ တစ်ဆယ်နှစ်ဆယ်ရာခိုင်နှုန်း တိုးတက်အောင် လုပ်ရန်က အတိုင်းထက်အလွန် ခက်ခဲ၏။

ချင်မူသာ ဓားကွက်ဖန်တီးနိုင်သောအဆင့်သို့ မရောက်ခဲ့လျှင် လောင်ယွီနှင့် မုချင်းသိုင်ကို အနိုင်ယူရန် သိုင်းကွက်အနည်းငယ် ထပ်မံထုတ်ဖော်ရလိမ့်မည်။

“မူရန်၊ မင်းတို့တွေ နောက်ဆုတ်လိုက်တော့။ လူသားဧကရာဇ်ချင် ၊ ငါ့နောက်လိုက်ခဲ့။ ဒြပ်စင်သုံးပါးခန်းမကို လိုက်ပို့ပေးမယ်” ထို့နောက် ရသေ့ကြီးချင်းယို တောင်အောက် ဆင်းသွား၏။

ဝမ့်မူရန်နှင့် ကျန်ရှိသူများက အားကျနေကြပြီး လောင်ယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ ဘယ်တော့မှ ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမကို ဝင်နိုင်မှာလဲ”

ရွာလူကြီး ကပျာကယာ ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် ချင်းယို”

ရသေ့ကြီးချင်းယို ခေါင်းယမ်းကာ ပြောလိုက်သည်။ “လူသားဧကရာဇ်တိုင်း ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမကို ဝင်ခွင့်ရှိပါတယ်”

ချင်မူ စိတ်ရှုပ်ထွေးစွာဖြင့် သူတို့နောက်မှ လိုက်သွားသည်။ “သူတို့စကားအရ ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမက စမ်းသပ်မှုနဲ့မတူဘဲ အခွင့်အရေးကြီးတစ်ခုနဲ့ တူတယ်။ ဘိုးဘိုးရွာလူကြီးက ရသေ့ကြီးချင်းယိုကို နှစ်ကြိမ် ကျေးဇူးတင်ပြီးပြီဆိုတော့ အဲဒီနေရာတွေက သာမန်မဟုတ်လောက်ဘူး။ ဒါပေမဲ့ ရှုရှန်းဟွာလည်း ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမကို ဝင်ခဲ့ရတယ်မဟုတ်လား။ သူက ဆယ်ရက်အတွင်း ခန်းမနှစ်ခုလုံးကို ကျော်ဖြတ်ခဲ့တာဆိုတော့ ဘိုးဘိုးရွာလူကြီး ကျေးဇူးတင်သင့်လောက်တဲ့ပုံလည်း မပေါ်ပါဘူး...’

ဒြပ်စင်သုံးပါးခန်းမနှင့် စွမ်းအင်ငါးရပ်ခန်းမက ကျောက်စိမ်းမြို့တော်ငယ်၏ နတ်ဝိဇ္ဇာများကိုယ်တိုင် သူ့ကို တိုက်ခိုက်မည့်နေရာများသာ ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်သော်လည်း အသေအချာ မပြောတတ်တော့ပေ။

ရွာလူကြီးက ပျံသန်းလာပြီး ပြုံးလိုက်သည်။ “မူအာ့ကို ဒြပ်စင်သုံးပါးခန်းမနဲ့ စွမ်းအင်ငါးရပ်ခန်းမထဲ ဝင်ခွင့်ပေးတယ်ဆိုတော့ တစ်လက်စတည်း အရပ်ခြောက်မျက်နှာခန်းမပါ ဖွင့်ပေးလိုက်ပါလား”

ရသေ့ကြီးချင်းယို သရော်လိုက်သည်။ “နောင်တော်၊ ရတာနဲ့တင် ကျေနပ်တတ်ပါ”

ရွာလူကြီးက သူ့ကို ပြန်သရော်သည်။ “အထက်ကောင်းကင်ဘုံက ရှုရှန်းဟွာကိုကျ ဒြပ်စင်သုံးပါးခန်းမကိုရော၊ စွမ်းအင်ငါးရပ်ခန်းမကိုရော ဝင်ခွင့်ပေးခဲ့တယ်။ လူသားဧကရာဇ်က ရှုရှန်းဟွာအောက် နိမ့်ကျလို့လား”

ရသေ့ကြီးချင်းယို ခေါင်းယမ်းလိုက်၏။ “အထက်ကောင်းကင်ဘုံက အင်မတန် အင်အားကြီးတယ်။ လူသားဧကရာဇ်ခန်းမအောက် မနိမ့်ကျဘူး။ ပိုလို့တောင် အင်အားကြီးသေးတယ်။ သူတို့ကို မျက်နှာသာမပေးရင် ငါတို့အမျက်ရှခံရလိမ့်မယ်”

ရွာလူကြီး သူ့ကို သွေးတိုးစမ်းလိုက်သည်။ “နံပါတ်တစ်အထွတ်အမြေမြေကြီးဖြစ်ပြီးတော့ အထက်ကောင်းကင်ဘုံကို ကြောက်နေတယ်”

ရသေ့ကြီးချင်းယိုက မှင်သေသေ ပြောသည်။ “ငါ့စိတ်ကို ဆွမနေနဲ့။ ကျောက်စိမ်းမြို့တော်က နံပါတ်တစ်အထွတ်အမြတ်မြေဖြစ်နေတယ်ဆိုတာ အပြင်လူတွေ နာမည်လျှောက်ပေးထားလို့သာ ဖြစ်နေတာ။ ငါတို့ဘာသာ ပေးထားတာမဟုတ်ဘူး””

သူတို့စကားပြောရင်း ကောင်းကင်တောင်တစ်လုံးသို့ ရောက်သွားပြီး တောင်ပေါ်တက်လိုက်သည့်အခါ အရှေ့တည့်တည့်တွင် ဒြပ်စင်သုံးပါးခန်းမ ပေါ်လာသည်။ ရွာလူကြီး၊ တာအိုသခင်တို့ထက် များစွာအသက်ကြီးပုံရသော နတ်ဝိဇ္ဇာသုံးဦးက ခန်းမအပြင်တွင် စောင့်နေကြ၏။ သူတို့၏မျက်တွင်းများက ချောင်ကျနေရာ သူတို့မျက်လုံးများအား လုံးဝန်း၍ သေးငယ်နေစေသည်။ မတ်တပ်ရပ်နေသော်လည်း အလွန်အရပ်ပု၍ သူတို့၏ဆံပင်ဖြူဖြူများနှင့် မျက်ခုံးမွှေးရှည်ရှည်များက မြေကြီးပေါ် ပုံကျနေ၏။

ထိုနတ်ဝိဇ္ဇာသုံးဦး၏ အရပ်က ရှုန်းချီအာနှင့် အတူတူလောက်ပင်။

“နောင်တော်၊ အစ်မတော်တို့ ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ်” ရသေ့ကြီးချင်းယို လူအိုကြီးသုံးယောက်ကို နှုတ်ဆက်လိုက်သည်။

နတ်ဝိဇ္ဇာသုံးဦးက ပြန်နှုတ်ဆက်ပြီး ပြောလိုက်သည်။ “လူသားဧကရာဇ်လာတာပဲ ဝတ္တရားအရ ကြိုဆိုပေးရမှာပါ”

ရွာလူကြီး၏ အကြည့်များ လှုပ်ခတ်သွားပြီး သူက ပြောလိုက်၏။ “ကျောက်စိမ်းမြို့တော်ငယ်က ဒြပ်စင်သုံးပါးလား။ ခင်ဗျားတို့တွေ ဘယ်လိုလုပ်အသက်ရှင်နေတာတုန်း။ ကျုပ်ထက် အသက်အများကြီး ပိုကြီးတာမဟုတ်လား”

နတ်ဝိဇ္ဇာအိုကြီးသုံးဦးက သူ့ကို ကြည့်သည်။ သွားမရှိတော့၍ သွားဖုံးများတွန့်နေသော အဘွားအိုက ပြောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်က ကျွန်မတို့ကို မေ့သွားလို့ ဝိညာဉ်လာမခေါ်တာ ဖြစ်ပါလိမ့်မယ်”

ရွာလူကြီး စိတ်ရှုပ်ထွေးသွားသည်။

နတ်ဝိဇ္ဇာအိုကြီးသုံးပါးက သူတို့၏ ရှည်လျားလှသော မျက်ခုံးမွှေးများနှင့် ဆံပင်များကို တရွတ်တိုက် ဆွဲလျက် ခန်းမထဲ ဝင်သွားသည်။ “လူသားဧကရာဇ်၊ ကျေးဇူးပြုပြီး ကြွပါ”

ချင်မူ သူတို့နောက်မှ လိုက်ရင်း သူတို့၏ဆံပင်မွှေး၊ မျက်ခုံးမွှေးများကို တက်နင်းမိမှာ စိုးနေသည်။ ကံကောင်းစွာနှင့် ဘာမှမဖြစ်ပေ။ သူတို့၏ဆံပင်ဖြူများနှင့် မျက်ခုံးမွှေးများက အသက်ရှိနေသည့်အလား သူ့ခြေထောက်များကို ရှောင်နိုင်၏။

‘အကြာကြီး နေလာလို့ သူတို့ဆံပင်တွေမှာလည်း ဝိညာဉ်တွေ ရှိလာတာလား’ ချင်မူ ကြိတ်တွေးလိုက်သည်။

ရုတ်တရက် သူ လေကို နင်း၍ ကောင်းကင်ပေါ် ခုန်တက်လိုက်သည်။ သူ၏ချီစွမ်းအင်က တုန်ခါသွားပြီး သူ့ကျောနောက်တွင် တောင်ပံများအဖြစ် ဖွဲ့တည်လာ၏။ ချင်မူ တောင်ပံနှစ်ဖက်ကို ခတ်လျက် ကောင်းကင်တွင် ပျံဝဲနေလိုက်သည်။

သူ၏အရှေ့တွင် မီးတောက်မီးလျှံများ ဟုန်းခနဲ ထတောက်လာ၍ သူ့မျက်လုံးများ စူးသွားသည်။ ချင်မူ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို အသက်သွင်း၍ စိမ်းပြာရောင်ကောင်းကင်မျက်လုံးအား ဖွဲ့တည်လိုက်သဖြင့် သူ၏သူငယ်အိမ်တွင် သင်္ကေတအလွှာအထပ်ထပ် ပေါ်လာသည်။ ထိုအခါမှသာ သူ့အရှေ့ရှိ မယုံနိုင်လောက်အောင် အားကောင်းသော မီးတောက်များကို ကြည့်လိုက်နိုင်၏။

မီးတောက်များက ကောင်းကင်အပြည့် ဖုံးသွားသော်လည်း လျင်မြန်စွာ ရွေ့လျားသွားသည်။ အလွန်တောက်ပသော နေမင်းကြီးတစ်စင်းသည် အဝေးသို့ ဆွဲခံသွားရပြီး ကောင်းကင်ထဲတွင် ရပ်သွား၏။

ထို့နောက် ‌ကျောနောက်မှ အအေးဓာတ်ကို သူ ခံစားလိုက်ရသည်။ ချင်မူ ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ သူ့အနောက်ရှိ ကောင်းကင်ထဲတွင် လကြီးတစ်စင်း နေရာယူထားသည်ကို မြင်လိုက်ရ၏။ ၎င်းသည်လည်း လျင်မြန်စွာ ဝေးကွာသွားသည်။

“ကောင်းကင်ဒြပ်စင်က နေ၊ ရေဒြပ်စင်က လ၊ မြေဒြပ်စင်က ဘယ်မှာလဲ”

ချင်မူ ခြေထောက်အောက် ကြည့်လိုက်သည့်အခါ ဝါညစ်ညစ်လေများ တိုက်ခတ်နေသည်ကို တွေ့လိုက်ရသည်။ လေတဝေါဝေါ တိုက်ခိုက်နေစဉ် ဧရာမတောင်ကြီးများက မြေကြီးထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာ၏။

ဒြပ်စင်သုံးမျိုး အတူပေါင်းစည်းသွားသည့်အချိန်တွင် တောင်တန်းမြစ်ပြင်များ ဖွဲ့တည်လာပြီး သက်ရှိသတ္တဝါများ နေထိုင်သော ကမ္ဘာတစ်ကမ္ဘာ ဖြစ်လာသည်။

“ကောင်းကင်ဒြပ်စင်၊ မြေဒြပ်စင်၊ ရေဒြပ်စင်ကို လူသားဧကရာဇ် ချိုးဖျက်နိုင်လား” နားကန်းလုအောင် ကျယ်လောင်သော အသံကြီးက မေးလိုက်သည်။

ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်ရာတွင် နေထဲ၌ မတ်မတ်ရပ်နေသော ရွှေရောင်နတ်ဘုရားတစ်ပါးအား မြင်လိုက်ရသည်။ နတ်ဘုရား၏အနောက်တွင် ခြေသုံးချောင်းရွှေကျီးကန်းတစ်ကောင် ရှိသည်။ နတ်ဘုရားတွင်လည်း ခြေသုံးချောင်းရှိပြီး မျက်ခုံးနှစ်ခုအကြားတွင် တတိယမျက်လုံးတစ်လုံးလည်း ရှိ၏။ သူ့လက်ထဲတွင် ခေါင်းလောင်းကြီးတစ်လုံး ကိုင်ထားသည်။

ချင်မူ နောက်လှည့်ကြည့်သည့်အခါ လထဲတွင် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ သူမက ငွေရောင်တောက်နေပြီး သူမဆံနွယ်များက ငွေမျှင်များသဖွယ် ဖြစ်သည်။ သူမနောက်၌ မျက်လုံးမည်းမည်း ဖားပြုပ်တစ်ကောင် ရပ်နေသည်။ နတ်ဘုရားမသည် ကွေ့ဟွားသစ်ပင်ကို ကိုင်ထားပြီး သူမ၏ငွေရောင်အဝတ်အစားက တလွင့်လွင့် လှုပ်ခတ်နေ၏။

ချင်မူ ‌အောက်ငုံ့ကြည့်ပြီး တတိယနတ်ဘုရားကို မြင်လိုက်ရသည်။ သူက ဒေါင်ကောင်းကောင်း လူ့ဘီလူးကြီးဖြစ်ပြီး အဝါရောင်နဂါးများက သူ့ကို ရစ်ပတ်လျက် ရှိသည်။ အဝါရောင်လေက သူ့ခြေထောက်အောက်တွင် ရေပမာ ပွက်ပွက်ပူနေ၏။

ချင်မူ အသက်ပြင်းပြင်းရှူလိုက်သည့်အခါ မတူညီသောစွမ်းအင်များ သူ့ဆီ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်သန္ဓေသားပင် အတန်ငယ် ကြီးထွားသွား၏။

သူ အံ့အားသင့်သွားသည်။ ဤသိုင်းအဆင့်အထိ ကျင့်ကြံပြီးနောက် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဆန်းကြယ်သောသဘောတရားအားလုံးနီးပါးကို ‌ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တိုးတက်နိုင်တော့မည်မဟုတ်ပေ။ သို့တိုင်အောင် ဤနေရာတွင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာသည် ဆက်လက်တိုးတက်နိုင်ပုံရ၏။

“ဒါက ဘာနေရာလဲ” ချင်မူ အကျယ်ကြီး အော်မေးလိုက်သည်။ “စောစောက နတ်ဝိဇ္ဇာကြီးသုံးယောက် ဘယ်ရောက်သွားတာလဲ”

“ဒါက နတ်ဘုရားတစ်ပါးရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာပဲ” ရွှေရောင်တောက်နေသော နေနတ်ဘုရားက မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် ပြောသည်။ “ဒီနတ်ဘုရားက သေသွားပြီမလို့ ခန္ဓာကိုယ်ပဲ ကျန်ခဲ့တယ်။ ငါက ကောင်းကင်ဒြပ်စင်ဝိညာဉ်သခင်။ လျှို့ဝှက်ကျင့်စဉ်တွေကြောင့် ငါ ဒီနတ်ဘုရားရဲ့ ကောင်းကင်ဒြပ်စင်ဖြစ်လာတာပဲ”

“ငါက ရေဒြပ်စင်ဝိညာဉ်သခင်” ချင်မူ့အနောက်ရှိ လထဲမှ အသံတစ်သံက ပြောသည်။ “လျှို့ဝှက်ကျင့်စဉ်ကို သုံးပြီး ဒီနတ်ဘုရားရဲ့ ရေဒြပ်စင်ဖြစ်လာတာပဲ”

“ငါကတော့ မြေဒြပ်စင်”

ချင်မူ့ခြေထောက်အောက်ရှိ မြေကြီးက ဝဲကဲ့သို့ လည်၍ မားမားမတ်မတ် ရပ်နေသော လူ့ဘီလူးကြီးကို ပင့်မြှောက်လျက် မြောက်တက်လာသည်။ တွန့်လိမ်ကွေ့ကောက်နေသော တောင်ကြီးတစ်လုံး ချင်မူ့အရှေ့တွင် ပေါ်လာ၏။

လူ့ဘီလူးကြီးက တောင်ထိပ်မှ ချင်မူ့ကို ငုံ့ကြည့်သည်။ “မြေဒြပ်စင်ဝိညာဉ်သခင် လူသားဧကရာဇ်ကို ဂါဝရပြုပါတယ်”

အတန်ကြာမှင်သက်နေပြီးနောက် ချင်မူ သဘောပေါက်သွားသည်။ “ခင်ဗျားတို့က ဘိုးဘိုးရွာလူကြီးထက် အများကြီးအသက်ပိုကြီးတယ်။ ခင်ဗျားတို့ မသေသေးတဲ့အကြောင်းရင်းက မြေအောက်ဘုံအရှင်သခင် မေ့နေလို့မဟုတ်ဘူး။ ဒီနတ်ဘုရားရဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ငှားပြီး အသက်ဆက်ထားလို့ပဲ”

မြေဒြပ်စင်ဝိညာဉ်သခင်က ခန်းမအပြင်မှာတုန်းကကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်မနေပေ။ သူက အလွန်ဩသောအသံဖြင့် ပြောသည်။ “မှန်တယ်။ လူသားဧကရာဇ်အားလုံးက တကယ်ထက်မြက်ကြတာပဲ။ ငါတို့သုံးယောက်ရဲ့ သက်တမ်းက နှစ်နှစ်ထောင်ကျော်နေပြီ။ တခြားသူတွေသာဆို သုံးလေးကြိမ်လောက် သေပြီးလောက်နေပြီ။ နတ်ဘုရားလောက်နီးနီး အစွမ်းထက်တဲ့ သိုင်းသမားတွေပဲ ဖြစ်နေပါစေ အို၊ နာ၊ သေဘေးကနေ မလွတ်ကြဘူး။ ဒါပေမဲ့ ငါတို့ကတော့ ကံကောင်းပြီး အသက်ဆက်နိုင်ခဲ့တယ်”

ကောင်းကင်ဒြပ်စင်ဝိညာဉ်သခင်၏ ပတ်ပတ်လည်တွင် ရွှေအလင်း‌ရောင်များ ကွန့်မြူးနေပြီး မီးတောက်မီးလျှံများက သက်တံများ၊ တောင်ပံများသဖွယ် သူ့ကျောနောက်မှ တဟုန်းဟုန်း ထတောက်နေသည်။ “ငါတို့က မသေချင်လို့ ကုပ်တွယ်နေကြတာမဟုတ်ဘူး။ ကျောက်စိမ်းမြို့‌တော်ငယ်ရဲ့ အတော်ဆုံးပါရမီတွေကို ရွေးချယ်ပြီး အဆင့်တက်အောင် တွန်းပို့ပေးဖို့ ကြိုးစားနေတာ။ နတ်ဘုရားတစ်ပါးရဲ့ ကောင်းကင်ရတနာတွေရဲ့ ဆန်းကြယ်တဲ့သဘောတရားတွေကို သူတို့ ရှုမြင်ပြီး အဆင့်တက်စေချင်တယ်”

“ဒါပေမဲ့ အဲဒီအခွင့်အရေးကို ခံစားချင်ရင် ဒြပ်စင်သုံးပါးစမ်းသပ်မှုကို ကျော်ဖြတ်ရမယ်” ချင်မူ့အနောက်ရှိ ရေဒြပ်စင်ဝိညာဉ်သခင်၏ အလင်းရောင်က သက်တံ့သဖွယ် မျောလွင့်လာပြီး သူမက ချင်မူအနား ရောက်လာကာ ပြော၏။ “ဒြပ်စင်သုံးပါးစမ်းသပ်မှုက ဒီနတ်ဘုရားရဲ့ ဒြပ်စင်သုံးပါးကနေ ပြောင်းလဲသွားတဲ့ လက်ရွေးစင်တွေကို စိန်ခေါ်ရတာပဲ။ ခံစားရလား။ ဒီနေရာမှာ ဒြပ်စင်သုံးစင်သုံးပါးရဲ့ သိပ်သည်းဆက ဝိညာဉ်သန္ဓေသားကို အဆင့်တစ်ဆင့် တက်သွားစေနိုင်တယ်။ ဒါပေမဲ့ ရှေးခေတ်ကတည်းက နတ်ဘုရားရဲ့ ဒြပ်စင်သုံးပါးကို အတော်များများ မရယူနိုင်ခဲ့ကြဘူး။ ယူနိုင်တဲ့သူတွေကအားလုံးက ထိပ်တန်းပညာရှင်တွေပဲ”

‘ကျောက်စိမ်းမြို့တော်ငယ်မှာ ဒီလိုနေရာမျိုး ရှိတယ်လား’

ချင်မူ၏မျက်လုံးများ အရောင်‌တောက်သွားသည်။ ဒြပ်စင်သုံးပါးသည် ကောင်းကင်ဒြပ်စင်၊ မြေဒြပ်စင်နှင့် ရေဒြပ်စင်တို့ ဖြစ်ကြ၏။ သုံးမျိုးလုံးကို သူ ရယူနိုင်လျှင် သူ၏ဝိညာဉ်သန္ဓေသားက နောက်တစ်ကြိမ် အဆင့်တက်လိမ့်မည်။

သူ၏ဝိညာဉ်သန္ဓေသားသည် ထူးထူးခြားခြား အင်အားကြီးမားနေပြီဖြစ်၍ နောက်တစ်ကြိမ် အဆင့်တက်လျှင် မည်သည့်အဆင့်သို့ ရောက်သွားလိမ့်မည်နည်း။

သို့သော် ဝိညာဉ်သခင်သုံးဦး၏အဆိုအရ အခွင့်အရေးခံစားရန် ဒြပ်စင်သုံးပါး၏ လက်ရွေးစင်များကို စိန်ခေါ်ရလိမ့်မည်။ ထို့အပြင် နတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်ရန် သူ မသက်မသာဖြစ်မိသည်။

“ဒြပ်စင်သုံးပါးခန်းမကို တစ်ကြိမ်ပဲ စိန်ခေါ်နိုင်တယ်။ ကဲ ဒါဆို ကောင်းကင်ဒြပ်စင်အဆင့်တက်ချင်လား၊ မြေဒြပ်စင်အဆင့်တက်ချင်လား၊ ရေဒြပ်စင်အဆင့်တက်ချင်လား” နတ်ဘုရားသုံးပါးက တစ်ပြိုင်တည်း မေးကြသည်။

ချင်မူ စဉ်းစားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ဝိညာဉ်သခင်တို့၊ ဘယ်ဟာက အစွမ်းထက်ဆုံးလဲ”

“ဒြပ်စင်သုံးပါးလုံး အဆင့်တက်တာက အစွမ်းထက်ဆုံးပေါ့” သုံးယောက်လုံး ပြိုင်တူဖြေကြသည်။

ချင်မူ စိတ်အားတရှိန်ရှိန် တက်လာပြီး ကျယ်လောင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။ “ဒါဆို ဒြပ်စင်သုံးပါးကို စိန်ခေါ်တယ်”

နတ်ဘုရားသုံးပါး တစ်ယောက်ကို တစ်ယောက် တအံ့တဩ ကြည့်လိုက်ကြသည်။

“သဘောအတိုင်းပါ”

နေလုံးကြီး လှုပ်ခါသွားပြီး မီးတန်းတစ်တန်း ထွက်လာသည်။ တစ်ချိန်တည်းမှာပင် ငွေအလင်းတန်းနှင့် အဝါရောင်အလင်းတန်းက လမင်းနှင့် မြေကြီးမှ ထွက်လာ၏။ အလင်းများက အလွန်တရာ ကြီးမားသော အရှိန်အဝါများ ပိုင်ဆိုင်ထားသည့် လူငယ်သုံးယောက်အသွင် ပြောင်းသွားသည်။ ထူးဆန်းသည်ကား သုံးယောက်၏ရုပ်က အတူတူဖြစ်နေ၏။

လူငယ်သုံးယောက်လုံးက အရပ်ခြောက်မျက်နှာအဆင့် ဖြစ်သည်။ ရုတ်တရက် သူတို့က တစ်ယောက်ထံတစ်ယောက် လျှောက်သွားပြီး ခန္ဓာကိုယ်များ ထပ်သွားကြ၏။ ထိုအခါ အရှိန်အဝါက ကြောက်ခမန်းလိလိ ကြီးထွားလာ၍ ချင်မူ့မျက်လုံးထောင့်များ တွန့်သွားသည်။

‘ကောင်းကင်ဒြပ်စင် ရွေးလိုက်ရင် ပိုအန္တရာယ်ကင်းလောက်တယ်...” သူ့ဘာသာသူ တွေးလိုက်သည်။

All Chapters