နတ်ဘုရားနှင့် နတ်ဘုရား
Vol. 25 Ch. 350
ဒြပ်စင်သုံးပါးခန်းမ၏အပြင်တွင် ရွာလူကြီးက အေးအေးလူလူ ပျံဝဲနေသည်။ ရသေ့ကြီးချင်းယိုက သူ့ကို လှမ်းကြည့်၏။ “နောင်တော်က အေးဆေးးပါလား၊ တပည့်လုပ်တဲ့သူ ဒြပ်စင်သုံးပါးစမ်းသပ်မှုကို အောင်ပါ့မလား စိုးရိမ်ပုံမရဘူး။ ယုံကြည်ချက်ရှိနေတဲ့ပုံပဲ”
ရွာလူကြီးမှာ ချင်မူ သူ့အတွက် လုပ်ပေးထားသည့် လှုပ်ကုလားထိုင်ကို တမ်းတနေ၏။ သူ ပြုံးလိုက်သည်။ “မူအာ့အစွမ်းအစကို ငါ ယုံတယ်။ ဒြပ်စင်သုံးပါးခန်းမရဲ့ စမ်းသပ်မှုက အင်မတန် ခက်ခဲပေမယ့် ဝင်သွားတဲ့လူတွေထဲ အောင်တဲ့လူတွေ ရှိတယ်။ မူအာက သူတို့ထက် အားမနည်းဘူး”
ရသေ့ကြီးချင်းယို၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ဒြပ်စင်သုံးပါးခန်းမက နတ်ဘုရားရဲ့ ဒြပ်စင်သုံးပါးကို စမ်းသပ်တာ။ မင်း ကောင်းကျိုး၊ဆိုးကျိုးတွေ သိမှာပါ။ အဲဒီတုန်းက ဝင်သွားတဲ့လူတွေထဲ မင်းလည်း ပါခဲ့တယ်မဟုတ်လား”
“မင်းရော အတူတူပဲ မဟုတ်ဘူးလား” ရွာလူကြီး အတိတ်ကို ပြန်တွေးပြီး သက်ပြင်းချလိုက်သည်။ “ငါ ကောင်းကင်ဒြပ်စင်ကို ရွေးခဲ့တယ်။ မင်းကရော ဘာရွေးခဲ့လဲ့”
“ရေဒြပ်စင်” ရသေ့ကြီးချင်းယို ပြောလိုက်သည်။ “မင်းကတော့ အောင်ပြီး ငါကတော့ ရှုံးခဲ့တယ်။ အဲ့ဒါက မင်း ငါ့ထက်သာသွားတဲ့ အကြောင်းရင်းပဲ”
“ငါ မင်းထက် သာသွားတဲ့အကြောင်းရင်းက ကောင်းကင်ဒြပ်စင်ကို ရသွားလို့မဟုတ်ဘူး။ ငါက မင်းထက် ပိုခေါင်းမာလို့”
ရွာလူကြီး သူ့ကို ကြည့်ကာ အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။ “ငါရဲ့စိတ်ဓာတ်က မင်းထက် ပိုကြံ့ခိုင်သလို၊ အရှုံးကို ရင်ဆိုင်နိုင်စွမ်းကလည်း မင်းထက် သာတယ်။ အကျင့်စရိုက်လေး နည်းနည်းကွဲသွားတာကြောင့် မင်းနဲ့ငါ့ကြားက ကွာဟချက်က ကြီးမားလာတာပဲ။ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ အမွေက လူသားဧကရာဇ်ခန်းမထက် မနိမ့်ကျပါဘူး။ မင်းသာ စိတ်ဓာတ်ကြံခိုင်ရင် မင်းအောင်မြင်မှုတွေကလည်း ငါ့ထက် နိမ့်ကျမှာမဟုတ်ဘူး”
ရသေ့ကြီးချင်းယို နှာခေါင်းရှုံ့ပြီး မသက်မသာဖြစ်လာသည်။ “ကောင်းကင်ဒြပ်စင်၊ မြေဒြပ်စင်နဲ့ လေဒြပ်စင်မှာ လူသားဧကရာဇ် ဘာကို ရွေးချယ်မယ်ထင်လဲ”
ရွာလူကြီးက နှစ်ခါမစဉ်းစားဘဲ ပြောသည်။ “အစွမ်းထက်ဆုံးကို ရွေးလိမ့်မယ်”
ရသေ့ကြီးချင်းယို၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့ပုံစံက မယုံကြည်နိုင်ပုံရသည်။ “ဒြပ်စင်သုံးပါးလုံးလား”
ရွာလူကြီး ခေါင်းညိတ်၍ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “သူ့ယုံကြည်ချက်က ငါ့ထက်ပိုခိုင်မာတယ်။ သူ့စိတ်ဓာတ်ကလည်း ပိုလို့တောင် ကြံ့ခိုင်သေးတယ်။ သူက သူ့ကိုယ်သူ ယုံကြည်တယ် ဒါကြောင့် ဒြပ်စင်သုံးပါးကို သေချာပေါက် ရွေးလိမ့်မယ်”
“ဒါတောင် နည်းနည်းလေးမှ မစိုးရိမ်ဘူးလား” ရသေ့ကြီးချင်းယို အော်လိုက်မိသည်။ “မင်းကိုယ်တိုင် ဒီစမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ဖူးတယ်လေ။ ဒြပ်စင်သုံးပါးက ဘယ်လောက်ကြောက်စရာကောင်းလဲ မင်း သိသင့်တယ်။ သူ ဘယ်နည်းနဲ့မှ အောင်မှာမဟုတ်ဘူး”
“တကယ်တော့...” ရွာလူကြီး ပြုံးလိုက်သည်။ ပါးရေတွန့်များကြောင့် သူ့အပြုံးက အရုပ်ဆိုးနေသည့်တိုင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေ၏။ “မူအာက အဲဒီတုန်းက ငါ့ထက်တောင် ပိုသန်မာနေပြီ။ သူ့ကိုယ်သူ သဘောမပေါက်သေးတာတစ်ခုပဲ။ ပြီးတော့ တော်ရုံတန်ရုံ သန်မာတာမဟုတ်ဘူး။ သူ ဒြပ်စင်သုံးပါးကို ဖြတ်ကျော်နိုင်လိမ့်မယ်”
ရသေ့ကြီးချင်းယို၏ မျက်နှာ အေးစက်သွားပြီး သူက သရော်လိုက်သည်။ “နောင်တော်၊ သူ့ယုံကြည်ချက်က ပြိုင်ဘက်ကင်းတယ်လို့ ငါ မယုံဘူး။ သူ့အပေါ် ထားတဲ့ မင့်ယုံကြည်ချက်ကသာ ပြိုင်ဘက်ကင်းနေတာ။ ဒါပေမဲ့ မင်းက ငါတို့ကျောက်စိမ်းမြို့တော်ငယ်က မဟုတ်တော့ ဒြပ်စင်သုံးပါးလုံးက ဘယ်လောက်ကြောက်စရာကောင်းလဲ ဘယ်သိပါ့မလဲ။ သူ သူနဲ့အဆင့်တူတဲ့ နတ်ဘုရားငယ်တစ်ပါးကို ရင်ဆိုင်ရမှာ”
“လောကသခင်ခန္ဓာက အဆင့်တူ ကောင်းကင်နတ်သိုင်းသမားတစ်ယောက်ကိုမှ မရှုံးနိမ့်ဖူးဘူး” ရွာလူကြီးက အလေးအနက် ပြောသည်။
ရသေ့ကြီးချင်းယို ရူးချင်သွား၏။
လာပြန်ပြီ လောကသခင်ခန္ဓာ။
“သမိုင်းတစ်လျှောက်လုံး ဒြပ်စင်သုံးပါးလုံးကို ကျော်ဖြတ်နိုင်ခဲ့တဲ့လူ တစ်ယောက်ပဲ ရှိတယ်။ သူက နှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ပါရမီရှင်ပဲ။ သူတစ်ယောက်ပဲ ဒြပ်စင်သုံးပါးလုံးကို ကျော်ဖြတ်နိုင်ခဲ့တာ”
ရသေ့ကြီးချင်းယို သရော်စကား ထပ်ပြောလိုက်သည်။ “ပြီးတော့ သူ သေသွားတယ်။ တာအိုဂိုဏ်း၊ လိုလန်ရွှေနန်းတော်နဲ့ တစ်လောကလုံးက သမာသမတ်ရသေ့အားလုံး ရိုက်သတ်လို့ သေသွားတာ။ အဲဒီနောက်ပိုင်း ဒြပ်စင်သုံးပါးခန်းမဆီကို ပါရမီရှင်လို့ခေါ်တဲ့လူတွေ ရောက်လာကြတယ်။ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မလားလို့ပေါ့။ ဖြတ်နိုင်တယ်ထင်လား၊ မဖြတ်နိုင်ကြဘူး။ အကုန်လုံး ဝက်ခေါင်းလို ဖူးယောင်တဲ့အထိ အရိုက်ခံရပြီး ဒြပ်စင်သုံးပါးခန်းမကနေ မောင်းထုတ်ခံခဲ့ရတယ်။ စွမ်းအင်ငါးရပ်ခန်းမကိုတောင် မဝင်လိုက်ရဘူး”
ရွာလူကြီး အံ့အားသင့်သွားသည်။ “အဲဒီလိုအသုံးမကျတဲ့ ပါရမီရှင်တွေ ရှိသေးတယ်လား”
ရသေ့ကြီးချင်းယို စိတ်ထဲထောင်းခနဲ ဖြစ်သွားပြီး စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်ကာ ပြောလိုက်၏။ “ဒီနတ်ဘုရားက အထက်ကောင်းကင်ဘုံမှာရှိတဲ့ နတ်ဘုရားအယောင်ဆောင်တွေလို မဟုတ်ဘူး။ နတ်ဘုရားစစ်စစ်။ မဟုတ်ရင် အထက်ကောင်းကင်ဘုံက ရှုရှန်းဟွာက ကျောက်စိမ်းမြို့တော်ငယ်မှာ အကြာကြီး နေပါ့မလား။ အထက်ကောင်းကင်ဘုံမှာ နတ်ဘုရားလို့ခေါ်တဲ့လူတွေ အများကြီးရှိတယ်လေ။ နတ်ဘုရားအယောင်ဆောင်နဲ့ နတ်ဘုရားအစစ်ကြားက ဘယ်လိုကွဲပြားလဲသိလား။ နတ်ဘုရားအစစ်ဆိုတာ ဘယ်ပညာရပ်မှာမဆို နတ်ဘုရားအဆင့်ရောက်နေတာမျိုးကို ခေါ်တယ်။ မင်းလို ဓားသိုင်းမှာပဲ ဓားနတ်ဘုရားဖြစ်နေတာမျိုး မဟုတ်ဘူး”
ရွာလူကြီး တိတ်ဆိတ်သွားသည်။ သူ ပြုံးပြီး ပြောလိုက်၏။ “မူအာက တစ်ခါမှ မရှုံးဖူးတော့ တစ်ခါလောက် ရှုံးတာလည်း သူ့အတွက် ကောင်းတာပဲ။ မအောင်ရင် လောကသခင်ခန္ဓာရဲ့ အစွမ်းအပြည့်အဝ ထုတ်သုံးနိုင်လောက် မကြိုးစားထားဘူးလို့ပဲ ပြောရမှာပေါ့”
ရသေ့ကြီးချင်းယို ဒေါပွသွားသည်။ လောကကြီးတွင် ယခုလိုဆရာမျိုး ရှိသေးသည်လော။
“ဒီနတ်ဘုရားရဲ့ ဇစ်မြစ်ကို ငါ သိပ်သိချင်မိတယ်” ရွာလူကြီး၏အကြည့်များ တလက်လက် တောက်ပလာပြီး သူက မေးလိုက်သည်။ “ငါ့ကို ပြောပြပေးနိုင်မလား”
ဒြပ်စင်သုံးပါးခန်းမထဲတွင် ချင်မူ့အမူအရာ တင်းမာနေသည်။ ဤနတ်ဘုရားငယ်သုံးပါး ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရှိလျှင် အရပ်ခြောက်မျက်နှာအဆင့်၏ အထူးချွန်ဆုံးသူများ ဖြစ်လိမ့်မည်။ သူတို့က တောက်ကျစ်နှင့် ဖိုကျစ်ထက်ပင်ပို၍ အစွမ်းထက်နိုင်၏။
အရေးကြီးဆုံးက အတွေ့အကြုံမည်မျှရှိ၍ ၊ အသိအမြင်မည်မျှ ကြွယ်ဝစေကာမူ နတ်ဘုရားငယ်များက သူတို့ထက် များစွာသာလိမ့်မည်။ ယင်းက ကြောက်မက်ဖွယ်ရာအချက်ဖြစ်၏။
နတ်ဘုရားငယ်တစ်ပါးစီက ဒြပ်စင်တစ်ခုစီကို ကိုယ်စားပြုပြီး သုံးပါးပေါင်းလိုက်သည့်အခါ သူတို့၏သိုင်းစွမ်းရည်သည် အရပ်ခြောက်မျက်နှာအဆင့် နတ်ဘုရားငယ်တစ်ပါးနှင့် ညီမျှသွားလိမ့်မည်။ ထိုနတ်ဘုရားငယ်၏ စွမ်းရည်များက မျဉ်းဖြောင့်တစ်ကြောင်းအတိုင်း မြင့်တက်သွားလိမ့်မည်။
နတ်ဝိဇ္ဇာအိုကြီးသုံးဦးက ဒြပ်စင်သုံးပါးကို စိန်ခေါ်ဝံ့သည့်သူများကို မတွေ့ခဲ့ဖူးခြင်းမဟုတ်ပေ။ ပါရမီရှင်အားလုံးက ယုံကြည်ချက် ပြင်းထန်ကြသည်မဟုတ်ပါလော။
သို့ရာတွင် ယုံကြည်ချက်က ယုံကြည်ချက်မျှသာ ဖြစ်သည်။ ဒြပ်စင်သုံးပါးစမ်းသပ်မှုကို ကျော်ဖြတ်နိုင်သူ များများစားစား မရှိပေ။
သို့ရာတွင် ချင်မူက ရွေးချယ်လိုက်ပြီဖြစ်၍ ရလဒ်က သူ့ကံတရားအပေါ် မူတည်လိမ့်မည်။
သူ့အရှေ့ရှိ နတ်ဘုရားငယ်သည် ယန္တရားစက်ရုပ်တစ်ရုပ်ပမာ ခံစားချက်ကင်းမဲ့နေ၏။ ရုတ်တရက် သူ့ခွန်အားက အားကုန်ပေါက်ကွဲသွားပြီး ခြေတစ်လှမ်းဖြင့် ချင်မူ့ဆီ ရောက်လာသည်။
‘ငါ့အမြန်နှုန်း အတူတူပဲဟ’
ချင်မူ အံ့အားသင့်နေစဉ် မိုးခြိမ်းသံများ သူ့နားဘေးမှ ထွက်ပေါ်လာသည်။ နတ်ဘုရားငယ် သူ့အရှေ့ ရောက်လာပြီးနောက်မှ အသံက သူ့နားထဲ ရောက်လာခြင်းဖြစ်သည်။ မိုးခြိမ်းသံများက သူ့ကို သတိကပ်သွားစေ၏။
ဂျုန်း
နတ်ဘုရားငယ် လက်သီးတစ်လုံးပစ်သွင်းလိုက်သည့်အခါ ဟင်းလင်းပြင်၏ တုန်ခါမှုကြောင့် မိုးခြိမ်းသံညံသွားသည်။ ဤသည်က ကောင်းကင်နတ်သိုင်းတစ်ခု၏ စွမ်းအားမဟုတ်ဘဲ ရုပ်ခန္ဓာ၏ခွန်အားကို အားကုန်ထုတ်ဖော်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသံဖြစ်၏။
ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများက ကောင်းကင်နတ်သိုင်းများအပေါ် အားမကိုးဘဲ သန်မာသော ရုပ်ခန္ဓာကိုသာ အားကိုးသည်။
ချင်မူ မရှောင်ဘဲ သူ့လက်သီးကို ပစ်သွင်းလိုက်သည်။ လက်သီးနှစ်လုံး ထိတော့မည့်အချိန်မှာပဲ တစ်ခုကို တစ်ခု ဝိုက်ရှောင်လိုက်ကြသဖြင့် လေထဲတွင် လက်သီးရိပ်များ ဖြတ်ပြေးသွား၏။
ချင်မူ့သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေသိုင်းကား ပထမဆုံးပြိုင်ဘက်ကို ဆုံတွေ့ခဲ့ချေပြီ။
ထော့ကျိုးသည် နံပါတ်တစ် စောရနတ်ဘုရားဖြစ်သည့်အတွက် သူ၏ပြေးနှုန်းက အလွန်မြန်သည်။ တစ်ယောက်မှ သူ့ကို လိုက်မမှီခဲ့ဖူးပေ။ ထော့ကျိုးက ခြေထောက်များကို အဆုံးစွန်အထိ ခြေသိုင်းကျင့်ထားခဲ့၏။
သူ့ခြေထောက်များက နတ်ဘုရားဖြစ်လာသည်ဟု ဆိုရလိမ့်မည်။
ချင်မူ ငယ်ငယ်ကတည်းက ထော့ကျိုးနှင့် သိုင်းအတူတူ ကျင့်၍ ခြေထောက်များကို အဆုံးစွန်အထိ လေ့ကျင့်ခဲ့ရသည်။ အမြန်နှုန်းတစ်ခုတည်း ထည့်တွက်လျှင်ပင် ပန်ကုန်းစုန်က သူ့အောက် နိမ့်ကျသေး၏။
သို့တိုင်တောင် နတ်ဘုရားငယ်၏အမြန်နှုန်းက သူ့အောက် မနိမ့်ကျပေ။
ရုတ်တရက် လက်သီးနှစ်ချက် ဝင်တိုက်သွားသဖြင့် အုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ တခဏအတွင်း ချင်မူ မိုးကြိုးရှစ်ချက်လက်သီးသိုင်း၊ လက်တစ်ထောင်ဗုဒ္ဓသိုင်းကို ထုတ်ဖော်လိုက်၏။ သူက ဗုဒ္ဓမြတ်စွာတစ်ပါးသဖွယ် လက်တစ်ထောင်ဖြင့် ရန်သူ၏လက်သီးများကို ဖြိုခွင်းလိုက်သည်။ သူ့လက်သီးချက်များက အလွန်မြန်လှသည့်အတွက် သာမန်မျက်လုံးဖြင့် ကြည့်လျှင် သဲသဲကွဲကွဲ မြင်ရမည်မဟုတ်ပေ။
အဘိုးကြီးမာ၏ လက်သီးသိုင်းသည် ဗုဒ္ဓအဆင့် ရောက်နေပြီဖြစ်၏။
ဗုဒ္ဓအဆင့်ဆိုသည်မှာ နတ်ဘုရားအဆင့်ပင် ဖြစ်သည်။ အဘိုးကြီးမာ၏ ကျင့်စဉ်က လက်သီးကို အားပြုသည်။ သူ၏လက်သီးသိုင်းများသည် အားကုန်ပေါက်ကွဲ၍ တည်ငြိမ်သော်လည်း အပြောင်းအလဲလည်း များ၏။ သူ့တွင် လက်မောင်းတစ်ဖက်တည်း ရှိခဲ့သည့်တိုင် လက်တစ်ထောင်ရှိသည်ဟု ဆိုနိုင်သေးသည်။
မှော်စွမ်းအင်ကို အသုံးမပြုလျှင်ပင် သူ၏ရုပ်ခန္ဓာခွန်အားတစ်ခုတည်းဖြင့် သူ၏သိုင်းကွက်များကို ကောင်းကင်နတ်သိုင်းများထက်ပို၍ ပြင်းထန်အောင် လုပ်နိုင်သည်။
အဘိုးကြီးမာနှင့် အတူလေ့ကျင့်သည့်အချိန်က ချင်မူ့အတွက် ဒုက္ခအခံရဆုံးအချိန် ဖြစ်သည်။ မိုးကြိုးရှစ်ချက်လက်သီးသိုင်းက သူ့ အားအစိုက်ရဆုံး သိုင်းကွက်လည်း ဖြစ်သည့်တိုင် နတ်ဘုရားငယ်က သူ့လက်သီးချက်များကို ခုခံနိုင်၏။ ခုခံနိုင်ရုံမက တန်ပြန်တိုက်ခိုက်နိုင်သေးသည်။
ချင်မူ မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ၏အရှိန်အဝါ ကြမ်းတမ်းလာ၏။ မဟာမြို့ပျက်မှ လူငယ်သည် မဟာမြို့ပျက်၏ ကြမ်းတမ်းသောသဘာဝကို အမွေရခဲ့၏။ အားကုန်ပေါက်ကွဲနေသော ချင်မူ့လက်သီးသိုင်းထဲတွင် ကြမ်းတမ်းသော ဓားမသိုင်းလည်း ပါဝင်လာသည်။ လက်များကို ဓားမများသဖွယ် အသုံးပြု၍ သူ့အရှေ့ရှိ အတားအဆီးဟူသမျှကို ဖြိုခွင်းဖျက်စီးကာ ရှေ့ဆက်သွားသည်။
သားသတ်သမား၏ အကြမ်းစားဓားမသိုင်းကွက်။
ကောင်းကင်ဓားမသည် ကောင်းကင်ဘုံကိုပင် ဓားမဖြင့် ရွယ်ရဲသော အရူးတစ်ယောက်ဖြစ်၏။ သူ၏ဓားမသိုင်းက အရူးတစ်ယောက်၏ ဓားမသိုင်းဖြစ်သည်။ သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဓားမနှစ်လက်ကို ဆွဲကိုင်ကာ ဧကရာဇ်အပါအဝင် တော်ဝင်မျိုးနွယ်တိုင်းကို ခုတ်သတ်ရဲသည်။ ကောင်းကင်ဘုံကိုပင် ဓားမဖြင့် ရွယ်ကာ နတ်ဘုရားများကို ပိုင်းဖြတ်ရဲ၏။
လူရိပ်နှစ်ခုက ကောင်းကင်တစ်လျှောက် လျင်မြန်စွာ ရွေ့လျားနေပြီး ဓားချင်းထိသံများ ပဲ့တင်ထပ်နေသည်။ သားသတ်သမား စိတ်ရူးဖောက်ပြီး ကောင်းကင်ဘုံကို ဆဲကာ ဓားမဖြင့် ခုတ်ပိုင်းနေသော မြင်ကွင်းကို ပြန်မြင်ယောင်ရင်း ချင်မူ ဓားကွက်များ ထုတ်ဖော်လိုက်သည်။
ကောင်းကင်ဓားမ၊ နတ်ဘုရားလို ဓားမများမှာ ဟန့်တားခံလိုက်ရ၏။
ချင်မူ ရင်လေးသွားသည်။ သူ့သူငယ်အိမ်တွင် ဝင်္ကပါအမှတ်အသား အလွှာအထပ်ထပ် ဖွဲ့တည်လာပြီး ကောင်းကင်လေးဆင့် ပေါ်လာသည်။
ကောင်းကင်ကိုးဆင့်မျက်လုံးနိုးထကျင့်စဉ်။
အရပ်ခြောက်မျက်နှာအဆင့်တွင် သူ၏မှော်စွမ်းအင်သည် အနီရောင်ကောင်းကင်မျက်လုံးကိုသာ ဖွဲ့တည်နိုင်သော်လည်း လုံလောက်၏။ ကောင်းကင်မျက်လုံး၊ အစိမ်းရောင်ကောင်းကင်မျက်လုံး၊ စိမ်းပြာရောင်ကောင်းကင်မျက်လုံး၊ အနီရောင်ကောင်းကင်မျက်လုံးတို့က တစ်လွှာပေါ်တစ်လွှာထပ်ကာ သူ့မျက်လုံးများမှ အရောင်ငါးရောင် ဖြာထွက်လာသည်။ အလယ်ရှိ အနက်ရောင်သူငယ်အိမ်များက ပိုမိုနက်ရှိုင်းသွားပြီး ရန်သူ၏လှုပ်ရှားမှုတိုင်းကို သူ ရှင်းလင်းပြတ်သားစွာ မြင်လာရသည်။
မျက်ကန်း၏ နတ်ဘုရားမျက်လုံး။
လှုပ်ရှားမှုတိုင်း၊ သိုင်းကွက်တိုင်းကို ထိုးဖောက်မြင်နိုင်သည်။ ရန်သူ၏လှုပ်ရှားမှုတစ်ခုချင်းစီကို ဖမ်းယူ၍ နောက်လှုပ်ရှားမည့်အကွက်ကို ခန့်မှန်းနိုင်၏။ ကောင်းကင်မျက်လုံးများမှတစ်ဆင့် ရန်သူ့ကောင်းကင်နတ်သိုင်းများ၏ ဆန်းကြယ်သောသဘောတရားများကို မြင်ပြီး ရန်သူ့အားနည်းချက်ကို ဖော်ထုတ်နိုင်သည်။
ထိုအခိုက်အတန့်တွင် တစ်ဖက်လူ၏မျက်လုံးများကို ချင်မူ မြင်လိုက်ရသည်။ သူ၏မျက်လုံးကျင့်စဉ်က ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်နှင့် ယှဉ်နိုင်သေး၏။ နတ်ဘုရားငယ်၏ နဖူးက ကွဲထွက်သွားပြီး တတိယမျက်လုံးကို ဖော်ပြလိုက်သည်။ တတိယမျက်လုံးအထဲတွင် ကြယ်ငါးစင်း ဖွဲ့တည်လာသည်။
“မဖြစ်နိုင်တာ...”
ရန်သူ၏ကောင်းကင်မျက်လုံးမှ အလင်းတန်းများ တောက်ပလာသည်ကို ချင်မူ မြင်လိုက်ရသည်။ ၎င်းတို့က ကောင်းကင်မျက်လုံးတစ်လုံး စွမ်းအင်အသက်သွင်းနေသည့်အခါ ဖြစ်ပေါ်လာသည့်အရာ ဖြစ်၏။
ပြိုင်ဘက်သည် ကောင်းကင်မျက်လုံးကျင့်ထားသည့်အပြင် သူ၏နတ်ဘုရားမျက်လုံးတွင် ကောင်းကင်နတ်သိုင်းတစ်ရပ်လည်း တွဲဖက်ပါလာ၏။ မျက်ကန်းကမူ ချင်မူ့ကို မျက်လုံးကျင့်စဉ် သင်ပေးစဉ်က မျက်လုံးသိုင်းတစ်ခုမှ မသင်ပေးခဲ့ပေ။
ချင်မူ့မျက်လုံးထဲတွင် ချီစွမ်းအင် စတင်စုဝေးလာပြီး ကောင်းကင်မျက်လုံး၏ ဝင်္ကပါအမှတ်အသားများက ကောင်းကင်မျက်လုံးစက်ကွင်း၊ အစိမ်းရောင်ကောင်းကင်မျက်လုံးစက်ကွင်း၊ စိမ်းပြာရောင်ကောင်းကင်မျက်လုံးစက်ကွင်းနှင့် အနီရောင်ကောင်းကင်မျက်လုံးစက်ကွင်းတို့ကို ဖွဲ့တည်လိုက်သည်။
ဤသည်မှာ သူ့မျက်လုံးများကို အဝေးပစ်အမြှောက်သဖွယ် ချင်မူ ပထမဆုံး အသုံးချခြင်းမဟုတ်ပေ။ ချင်းမန်တံခါးတွင် ရှိစဉ်က ၎င်း၏စွမ်းအင်ကို စမ်းသပ်ကြည့်ခဲ့ပြီးဖြစ်သည်။
“မင်းလည်း လောကသခင်ခန္ဓာပဲလား” ချင်မူ့မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။ “အဲဒီလိုဆို ဘယ်သူ့ကောင်းကင်မျက်လုံးက ပိုအစွမ်းထက်လဲ ကြည့်ရသေးတာပေါ့”
သူတို့၏ကောင်းကင်မျက်လုံးများက အလင်းတန်းများ ပစ်လွှတ်လိုက်ကြပြီး တောက်ပသော ငါးရောင်ခြယ်အလင်းတန်းများက အပြေးအလွှား ဝင်ရောက်သွားသည်။ အလွန်မြန်လှ၍ မရှောင်နိုင်ကြပေ။
နတ်ဘုရားငယ်၏ ကောင်းကင်မျက်လုံး အသက်သွင်းမပြီးခင် ချင်မူ ထိုမျက်လုံးများ၏ ဓာတ်သတ္တိကို အကဲခတ်ခဲ့၏။ တဟုန်ထိုး ထွက်လာသော ငါးရောင်ခြယ်အလင်းတန်းက လောင်ယွီ၏ ဓားမျက်လုံးနှင့် မတူပေ။ သူ့ဆီ တည့်တည့်လာနေသော ငါးရောင်ခြယ်ကောင်းကင်ဓားနှင့် ပိုတူသည်။
နတ်ဘုရားငယ်တွင် ကောင်းကင်မျက်လုံးသုံးလုံး ရှိပြီး ငါးရောင်ခြယ်အလင်းတန်းသုံးတန်း၏ စွမ်းအင်က တော်ရုံမဟုတ်ပေ။
ဘုန်း
လူရိပ်နှစ်ခု ကောင်းကင်မှ ပြုတ်ကျသွားသည်။ တစ်ဖက်လူ၏ အလင်းတန်းက လာရောက်ထိမှန်၍ နှစ်ယောက်လုံး မြေကြီးနှင့် မိတ်ဆက်သွား၏။
မှိုပွင့်ပုံစံ တိမ်တိုက်ကြီးနှစ်ခု ကောင်းကင်ယံသို့ ထိုးတက်လာသည်။
ချင်မူ ခုန်၍ လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။ သူ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ အသွင်ပြောင်းလဲခြင်းကိုးသွယ် အခြေအနေသုံးရပ် လျှို့ဝှက်ကျင့်စဉ်ထုတ်ဖော်ကာ ရန်သူ၏သိုင်းကွက်ကို ကာဆီးလိုက်၏။ ဤကျင့်စဉ်က အတိုင်းထက်အလွန် အန္တရာယ်များပြီး ချင်မူ ကျင့်ကြံခဲ့စဉ်က သူ၏စွမ်းအင်အားလုံးနီးပါး ခမ်းခြောက်သွားခဲ့သည်။ ခဏအတွင်း သူ၏ခန္ဓာကိုယ်က မီးခြစ်ဆံလို ပိန်ချုံးကာ သေတော့မလို ဖြစ်ခဲ့ရ၏။
ထိုလျှို့ဝှက်ကျင့်စဉ်အတွက် စွမ်းအင်ဆေးလုံး လုံလုံလောက်လောက် စား၍ စွမ်းအင်ဖြည့်တင်းရသည်။ ထိုအဖြစ်အပျက်ပြီးကတည်းက ချင်မူ သူ၏ရုပ်ခန္ဓာကို ဂရုတစိုက် ကျင့်ကြံပြီး ချီစွမ်းအင်ကိုလည်း သေသေချာချာ ပြုပြင်စီရင်ခဲ့ရသည်။ ထို့ကြောင့် စတုတ္ထအသွင်ပြောင်းလဲခြင်းနှင့် ဒုတိယအခြေအနေအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ပထမအခြေအနေမှာ အရိုးများ ခွဲခြားမရအောင် ကျစ်လျစ်သွားသည်။ ဒုတိယအခြေအနေက သံတုံးသံခဲခန္ဓာ ဖြစ်ပြီး တတိယအခြေအနေက တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်၏။
သူ၏ချီစွမ်းအင်က စတုတ္ထအသွင်ကို ဖွဲ့တည်နိုင်၏။ ပထမအသွင်က ကို သက်တံပမာ ချီစွမ်းအင် ဖြစ်ပြီး ဒုတိယအသွင်က ခဲနှင့် ပြဒါးအသွင် ချီစွမ်းအင်ဖြစ်သည်။ တတိယအသွင်က မီးနဂါးတစ်ကောင်လို ဖြစ်ပြီး စတုတ္ထအသွင်က ဆေးမီးဖိုကို ဖွင့်သည်နှင့် တူသည်။
သူ့ခန္ဓာကိုယ်ထဲတွင် အလွန်ကြီးမားသော ခပ်ဝိုင်းဝိုင်းမီးဖိုကြီးတစ်လုံး ပုန်းကွယ်နေသကဲ့သို့ ရှုမြင်ရသည်။ ထိုမီးဖိုအတွင်းရှိ ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော မီးတောက်မီးလျှံပမာ ဖြစ်သည်။ သံတုံးသံခဲကဲ့သို့ သူ၏ရုပ်ခန္ဓာနှင့် ပေါင်းစည်းသွားသည့်အခါ သိုင်းကွက်ကို သူ ခုခံနိုင်သွား၏။
“ငါ့မှာ ငါ့အဘိုးအဘွားတွေဆီက မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာ ရှိတယ်”
ချင်မူ ကျင်းထဲ ခုန်ထွက်လိုက်သည်။ သူ၏ခြေလှမ်းများက အလွန်သွက်လွန်း၏။ ခြေလှမ်းအနည်းငယ်မျှပင် တောင်တစ်လုံးအပေါ် သူ ရောက်သွားပြီး နတ်ဘုရားငယ် ကျသွားသည့်နေရာဆီ လှမ်းကြည့်လိုက်သည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ့ကောင်းကင်မျက်လုံးတွေကို မင်း ယူနိုင်တာ ငါ မယုံဘူး”
ရုတ်တရက် ကျင်းထဲမှ တထောင်းထောင်း ထွက်နေသည့် ဖုန်မှုန်များအတွင်းမှ လူရိပ်တစ်ခုကို ထွက်လာသည်ကို သူ မြင်လိုက်ရ၏။ လူရိပ်က ဖြည်းဖြည်းချင်း ထင်ရှားလာသည်။
“မသေသေးဘူးလား” ချင်မူ ကျွတ်စုပ်သပ်ပြီး ရွှင်ပျော်ပျော်ဓားကို ထုတ်လိုက်သော်လည်း ဤနေရာတွင် သုံးမရကြောင်း တွေ့လိုက်သည်။ ထို့နောက် ချီစွမ်းအင်က တဟုန်ထိုး ထွက်ပေါ်လာပြီး သူ နတ်ဘုရားငယ်ဆီ ပြေးလိုက်၏။ “ဝိညာဉ်လက်နက်ကို သုံးမရရင် အသစ်တစ်ခု သွန်းလိုက်မယ်”
ဒြပ်စင်သုံးပါးခန်းမအပြင်တွင် ရသေ့ကြီးချင်းယိုက ပြုံး၍ အေးအေးလူလူ ပြောလိုက်သည်။ “အဲဒီနတ်ဘုရားက ချုံးမင်လို့ ခေါ်တယ်။ အခုတွေးကြည့်မှ တိုက်တိုက်ဆိုင်ဆိုင် သူလည်း ရွှင်ပျော်ပျော်ကျေးရွာကပဲ။ သူ့မျိုးရိုးက ဘာဖြစ်မယ်ထင်လဲ”