← Chapters

ဖယ်ရှားလိုက်

Vol. 75 Ch. 1037

ဖယ်ရှားလိုက်

Vol. 75 Ch. 1037

မိုဝူကျိက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကြမ်းပြင်၌ ရုပ်တုတစ်ခုအလား လှုပ်ရှားမှု ကင်းမဲ့စွာ ထိုင်နေလျက် ရှိပြီး သူ့ဘေးပတ်လည်တွင် တာအိုလှိုင်းတွန့်လေးတချို့ ရှိနေသည်။ ဤသည်မှာ သူသည် ရုပ်တု မဟုတ်ကြောင်း ညွှန်ပြနေခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ခုကို အဖြေထုတ်နေဟန် ပေါ်သည်။

နှစ်တစ်သောင်းအတွင်း မိုဝူကျိက လော့ကျမ်းစာရွက်များအား တမင်သပ်သပ် မသန့်စင်ခဲ့ရသော်လည်း သူ့အသိစိတ်ပင်လယ်အား ကာကွယ်ပေးထားသော လော့ကျမ်းစာရွက် ခြောက်ရွက်လုံးက အတားအဆီး ၁၀၆ ခုမြောက်အထိ သန့်စင်ပြီးသွားလေပြီ။

သူ့ချီသွေးကြောများ လှည့်ပတ်ရာ စက်ဝန်းအတွင်း စုဆောင်းထားသော မိုဝူကျိ၏ နတ်သဘာဝစွမ်းအားများသည် ထူးထူးကဲကဲ ပမာဏအထိ ဖြစ်လာပြီ ဖြစ်၏။ အကယ်၍ မိုဝူကျိသာ အဆင့်တက်သွားခဲ့လျှင် အချိန်တိုအတွင်း သူ စိတ်မကူးနိုင်သည့် အဆင့်တစ်ခုသို့ တန်းရောက်သွားပေလိမ့်မည်။ သို့သော်လည်း သူ့သဘာဝစွမ်းအားများက သူ့အသိစိတ်ပင်လယ်၊ စွမ်းအင်ဗဟိုချက်နှင့် ချီသွေးကြောများအတွင်း လှည့်ပတ်လျက် ရှိနေပြီး နောက်တဆင့် ချိုးဖောက်ဖို့ အသုံးပြုမည် မဟုတ်ပေ။

“ ဂျွတ် ” တာအို အသိဉာဏ်ပွင့်လမ်းကြောင်းသည် ပမာဏနည်းနည်းသာ ထုတ်ပေးနိုင်ကာ ချီသွေးကြောအတွင်း နာကျင်မှုကို ခံစားမိလိုက်သည့်အတွက် မိုဝူကျိက ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။

သူ့အနေနှင့် ဆက်လက် အဖြေထုတ်ဖို့ နည်းလမ်း မရှိတော့ပေ။ သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းမှာ ကန့်သတ်ချက် ရောက်သွားသည့်အတွက် ဆက်လက် အသုံးပြုနေလျှင် ပျက်စီးသွားနိုင်သည်။

မိုဝူကျိက သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းအတွက် နောက်တဆင့် အဖြေထုတ်ဖို့ မလိုအပ်တော့ပေ။ ယခင်နှစ်တစ်သောင်းအတွင်းရှိ သူ့ကြိုးစားအားထုတ်မှုများမှ အကြမ်းဖျင်း အတွေးတစ်ခု ရရှိလိုက်သည်။ သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် ထိုအကြမ်းဖျင်း အတွေးတစ်ခု ရရှိလာခြင်းက အံ့ဖွယ် ဖြစ်နေလေပြီ။ အကယ်၍ သူသာ ဆက်လက် တွန်းအားပေးနေလျှင် ရလဒ်ပြောင်းပြန် ဖြစ်သွားနိုင်သည်။

မိုဝူကျိက မတ်တတ်ရပ်လိုက်ပြီးနောက် နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်အထက်သို့ ပြန်သွားလိုက်သည်။

နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်ကြီးသည် ကျယ်ပြောလွန်းသောကြောင့် မိုးကုတ်စက်ဝန်း၌ ပုံရိပ်တစ်ခုပင် မမြင်တွေ့နိုင်ပေ။ မိုဝူကျိမှလွဲ၍ သဟဇာတ နတ်ဘုရားများ ဖြစ်နေလျှင်ပင် မည်သူကမှ တည်ရှိနေနိုင်မည် မဟုတ်ပေ။ သူကား ဝိညာဉ်လမ်းကြောင်းများဖြင့် မကျင့်ကြံရုံသာမက ဝိညာဉ်ကြောလည်း မရှိပေ။

နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်အထက်၌ လှိုင်းတွန့်မရှိသည့် တည်တည်ငြိမ်ငြိမ် ရေမျက်နှာပြင်ကြီးကို ကြည့်ကာ မိုဝူကျိ၏ စိတ်နှလုံးသားကို တစ်ဖက်တစ်ချက်နှင့် မျက်နှာမူကာ  အဆုံးအစမဲ့ ဖြန့်ကျက်လိုက်သည်။

တစ်ရက် … နှစ်ရက် …

၄၉ ရက်ကြာမြင့်ပြီးနောက် မိုဝူကျိက သူ့ချီသွေးကြော ၁၀၈ ခုလုံးဖြင့် အသည်းအသန် လှည့်ပတ်ရင်း အားရပါးရ ဟစ်ကြွေးလိုက်သည်။ သူက ရေမျက်နှာပြင်အထက် ရှေ့တစ်လှမ်းတိုးကာ လက်ဟန်များကို ဆက်တိုက် ပြုလုပ်လိုက်ရင်း လေထုထဲ၌ ရိုးရှင်းသော လက် အမှတ်အသားတစ်ခု ဖြစ်တည်လာသည်။

အရာအားလုံးက ရိုးရိုးရှင်းရှင်းမှ အစပြုလာခြင်း ဖြစ်၏။ သာမာန်မှ အစပြုခြင်းတစ်ခုတည်းကသာ ဖြည်းဖြည်းချင်းဖြင့် ထူးခြားလာမည် ဖြစ်၏။

အရိုးရှင်းဆုံး လက်အမှတ်အသားက အဆုံးမဲ့သော အချိန်နှင့်အာကာပြင်ကြီးကို ဖြတ်သန်းလာပြီး သာမာန်အကျဆုံးမှ အားအကောင်းဆုံး တာအိုအဖြစ် ပြောင်းလဲသွားဟန် ပေါ်သည်။ သူ့ရှေ့ရှိ မြင်ကွင်းမှာ လက်ဟန်များအောက်၌ အရွယ်ရောက်လာကာ သေဆုံးသွားကြသည့်နှယ် ပေါ်နေသည်။

“ လူသားတာအို  …. အသုံးမဝင်တဲ့ အတွေးအားလုံးကို ဖယ်ရှားလိုက် ”

မိုဝူကျိက အားရပါးရ အော်ဟစ်လိုက်သည့်အခါ လက်ဟန်များက တာအိုသတ်ဖြတ်ရေး တစ်ခုပြီးတစ်ခု ဖော်ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာစေသည်။

သူ့အသက်ဓာတ်မှာ တန့်သွားပြီး မရဏစွမ်းအားမှာ ဖျက်စီးခံလိုက်ရသည်။ ထိုစဉ် မိုဝူကျိနှင့် မသက်ဆိုင်သည့် လျို့ဝှက်တိုက်ကွက် တာအို အားလုံးက သူ့မဟာလူသားတာအို၌ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

သူ့မဟာလူသားတာအို၏ သတ်ဖြတ်ရေး ဖြစ်စဉ်က သူ့အပိုင် မဟုတ်သည့် လျို့ဝှက်တိုက်ကွက်အားလုံးကို တုံ့ဆိုင်းခြင်းမရှိ ခွဲခြမ်းပစ်လိုက်ပြီး  အသိစိတ်၏ စွမ်းအားများက မျက်စိနှင့် မြင်နိုင်လောက်သည့်အထိ နိဗာနတိတ်ဆိတ်မှုပင်လယ်အတွင်း ကျရောက်သွားရသည်။

“ ဝုန်း ” အေးချမ်းငြိမ်သက်လျက် ရှိနေသည့် နိဗာနတိတ်ဆိတ်မှု ပင်လယ်ကြီးက လေဟုန်ထန်လာကာ လှိုင်းလုံးများ ထွက်ပေါ်လာပြီး မိုဝူကျိ ခြေထောက်အောက်တွင် လှိုင်းလုံးနံရံမျာ ဖွဲ့စည်းဖြစ်တည်လာသည်။

မိုဝူကျိက သွေးတန်း ဆယ်ချက်လောက် အန်ထုတ်လိုက်ရသောကြောင့် မျက်နှာမှာ စာရွက်ဖြူလို ဖြူဖျော့သွားလေ၏။

သို့သော်လည်း မိုဝူကျိက ဒဏ်ရာအပြင်းအထန် ရထားဟန် မပေါ်ဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေဟန် ပေါ်သည်။ ထိုထဲ၌ သက်တောင့်သက်သာ ဖြစ်မှုနှင့် ပျော်ရွှင်မှုတို့လည်း ပါဝင်နေသည်။ မိုဝူကျိက အနှောင့်အယှက်မရှိ သက်တောင့်သက်သာ ဖြစ်မှုကို ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်၏။

သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းမှ သူ မပိုင်ဆိုင်ထားသော အသိစိတ်အမျှင်လေးကို ဖြတ်တောက်ပြီးနောက် သူ့လူသားတာအိုက တိုးတက်လာလေသည်။

သူ အော်ဟစ်လိုက်သည့်အခါ ဘေးပတ်လည်ရှိ လှိုင်းလုံးများကလည်း သူ့အတွက် ဟစ်ကြွေးနေဟန် ပေါ်ကာ ယခင်ထက် မြင့်တက်လာ၏။

လှိုင်းလုံးများက မည်မျှ မြင့်တက်လာစေကာမူ သူတို့က မိုဝူကျိ၏ ခြေထောက်အောက်ခြေသာ ရှိနေပြီး ခန္ဓာကိုယ်အား လုံးဝ မထိနိုင်ပေ။

အစီအရင်အလံ ဆယ်ခုကို ထုတ်လွှင့်ပြီးနောက် အာကာပြင် သင်္ကေတများ ကျဆင်းလာသည်။ ထို့နောက် ထိပ်တန်းတပိုင်းအဆင့် နတ်ဝိညာဉ်သွေးကြောကို ခြေထောက်အောက် ပစ်ထည့်လိုက်သည်။

ထိုစဉ် မိုဝူကျိ၏ ချီသွေးကြော ၁၀၈ ခုလုံးကလည်း မြန်မြန်ဆန်ဆန် လှည့်ပတ်လာကာ အသက်ဓာတ်လမ်းကြောင်းကလည်း အချိန်တိုလေးအတွင်း သူ့တစ်ကိုယ်လုံးအား ပြန်လည် အားဖြည့်ပေးနေသည်။

မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ရုတ်ချည်းဆိုသလို ကောင်းကင်နတ်ဘုရား အဆင့် ၅ …. အဆင့် ၆ …

ထိပ်တန်းတပိုင်းအဆင့် နတ်ဝိညာဉ်သွေးကြောမှာလည်း မျက်စိနှင့် မြင်တွေ့နိုင်လောက်သည့်အထိ လျော့ပါးပျောက်ကွယ်လာသောကြောင့် မိုးမြေစည်းမျည်း သဘာဝ ဆေးလုံးတစ်လုံးနှင့် နောက်ထပ် ထိပ်တန်းတပိုင်းအဆင့် နတ်ဝိညာဉ်သွေးကြောအား ထပ်အားဖြည့်ပေးလိုက်ရသည်။

ကောင်းကင်နတ်ဘုရား အဆင့် ၉ … အဆင့် ၁၀ ….

“ ဝုန်း …. ဂျွတ် ” မိုဝူကျိ၏ ကျင့်ကြံဆင့်က ကောင်းကင်နတ်ဘုရားအဆင့် ၁၂ သို့ ရောက်သွားသည့်အခါ သိပ်သည်းလှသော ကြောက်မက်ဖွယ် မိုးကြိုးချက်ကြီးက သူ့ဆီ ကျဆင်းလာသည်။

နောက်ထပ် အော်သံတစ်သံ ထွက်ပေါ်လာကာ မိုဝူကျိက ထိုမိုးကြိုးချက်အား လက်သီးဖြင့် ဖြိုခွင်းလိုက်သည်။

ယခင် သူ မိုးကြိုးစမ်းသပ်ချက် ခံယူသည့်အခါ လျှပ်စီးအဆီအနှစ်များကို စုပ်ယူနိုင်သော်လည်း မိုးကြိုးစမ်းသပ်ချက် အရမ်းအားကောင်းလွန်းလာသည်နှင့် သူက တိုက်ခိုက်ဖို့သာ ရွေးချယ်ခဲ့ရသည်။

သို့သော် ယခုတွင် သူက လျှပ်စီးအဆီအနှစ်များကို အလွယ်တကူ အနိုင်ယူနိုင်ပြီ ဖြစ်၍ မိုးကြိုးစမ်းသပ်ချက် အားကောင်းလာလေလေ လျှပ်စီး သဘာဝစွမ်းအားအပေါ် သူ့နားလည်စွမ်း ပိုမို မြင့်တက်လာလေလေ ဖြစ်၏။ ဤသို့ လွယ်ကူသက်တောင့်သက်သာ ဖြစ်သည့် မိုးကြိုးစမ်းသပ်ချက်ကို ဘဝ၌ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

“ ဝုန်း ဝုန်း ဝုန်း ”

မိုးကြိုးချက်များ ကျဆင်းလာသည့်အခါ လက်သီးချက်နှင့် တွေ့ဆုံသွားသည်။ မိုဝူကျိ၏ ကျင့်ကြ့ဆင့်က အတားအဆီးကို ချိုုးဖျက်ကာ နတ်ဘုရားအုပ်စိုးသူအဆင့်သို့ ရောက်ရှိသွားတော့သည်။

ထိုအခါမှ သူက နှစ်တစ်သောင်းအတွင်း စုဆောင်းထားသမျှအရာအားလုံးကို အသုံးပြုလိုက်ရခြင်း ဖြစ်၏။

မိုးသဖွယ် ကျဆင်းနေသော မိုးကြိုးချက်များက တဖြည်းဖြည်း အားနည်းသွားလေသည်။ သူ့ခြေထောက်အောက်ရှိ လှိုင်းလုံးများဩ မာန်ဖီသံကလည်း အားပျော့သွားလေသည်။ မိုဝူကျိပင် မိုးကြိုးချက်များကို မခုခံတော့ဘဲ သူ့လူသားကမ္ဘာကိုသာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။

လူသားကမ္ဘာသည် ကီလိုမီတာ တစ်သိန်းလောက်အထိ ကျယ်ပြန့်လာပြီ ဖြစ်ပြီး တောင်ကုန်းများလည်း ပုံသဏ္ဍာန် ပေါ်လာသည်။ ကောင်းကင်ထဲ၌ နေ၊ လနှင့် ကြယ်များပင် ရှိနေသည်။ ဤသည်မှာ  စည်းမျည်းတစ်မျိုး၏ အကြိုနိဒါန်းမျှသာ ဖြစ်သောကြောင့် အစစ်အမှန် ပုံရိပ်ရှိပေသည်။ လျှပ်စီး သဘာဝစွမ်းအား ဇာစ်မြစ်အပေါ် အသိအမြင် ရရှိပြီးနောက် သူ့လူသားကမ္ဘာထဲ၌  ပြောင်းလဲမှု အသစ်စွမ်းအား တစ်မျိုး ရှိနေသည်။

ရွိုက်ကောနှင့် တာ့ဟွမ်တို့က လူသားကမ္ဘာအတွင်း အပြောင်းအလဲကို ကြည့်ကာ အံ့ဩနေကြ၏။ ဤနှစ်တစ်သောင်းအတွင်း တာ့ဟွမ်၏ ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရား အဆင့် ၇ သို့ ရောက်ရှိနေပြီး ရွိုက်ကောမှာ ကောင်းကင်နတ်ဘုရား အဆင့် ၃ ရောက်နေလေပြီ။

မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း ရွိုက်ကောနှင့် တာ့ဟွမ်တို့က လူသားကမ္ဘာအတွင်း ကောင်းကင်နတ်ဘုရားအဆင့် တက်လှမ်းဖို့ရာ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းဖို့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် မလိုခဲ့ပေ။

မိုဝူကျိက ကျောက်စိမ်းသေတ္တာတစ်ခုကို ဖွင့်လိုက်သည်။

ထိုသေတ္တာလေးထဲ၌ ကောင်းကင်လူသားဂိုဏ်း၏ ရုပ်တု အကြွင်းအကျန်များကို သိမ်းဆည်းထားခြင်း ဖြစ်၏။ သူက ထိုအကြွင်းအကျန်များကို ကြည့်လိုက်သည့်အခါ အပျက်အစီးကျောက်ပုံနှင့်သာ တူနေပြီး မည်သည့် ခံစားချက်မှ မခံစားရတော့ပေ။

ထိုအကြွင်းအကျန် သေတ္တာကို လွှင့်ပစ်လိုက်ပြီး မီးတောက်တစ်ခု ပစ်လွှတ်ကာ ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

မိုဝူကျိက ထိုအကြွင်းအကျန်များကို ပင်လယ်ထဲ လွှင့်ပစ်လျှင် ပိုကောင်းမည်မှန်း သိထားသော်လည်း သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းရှိ အသိစိတ်အမျှင်လေးကို ဖျက်စီးနိုင်မည် မဟုတ်ဘဲ နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲသာ ထုတ်လွှင့်နိုင်လိမ့်မည်။ လျူရှင်း၏ အသိစိတ်အမျှင်လေးက ထိုရုပ်တုအကြွင်းအကျန် အပိုင် ဖြစ်သင့်သောကြောင့် မဖျက်စီးပစ်ခြင်းက အသိစိတ်ကို အကျိုးပြုလိမ့်မည်။

သို့သော်လည်း မိုဝူကျိက ဤသို့ ကြင်နာတတ်သော နှလုံးသား မရှိပေ။ ထိုအသိစိတ်ငွေရောင်အမျှင်လေးက သူ့အား နှစ်တစ်သောင်းကြာ တံခါးပိတ် လေ့ကျင့်စေသည့်အထိ ဖြစ်စေခဲ့ပြီး သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းဖြင့် သူ့အား ပြန်လုပ်ကြံရန်  ရည်ရွယ်ထားသေးသည်။ အသိစိတ် မရှိနေစဉ်က သူတို့က တစ်ယောက်နှင့် တစ်ယောက် ကူညီပေးခဲ့ကြ၏။

ထိုလုပ်ဆောင်ချက်မျာ အဆုံးသတ်ပြီးနောက် မိုဝူကျိက မြောက်များစွာသော လက်ဟန်များကို တဖန် ထုတ်ဖော်လိုက်ပြီး နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်၌ သေခြင်းရှင်ခြင်း၏ ယင်ယန်စက်ဝန်းအား ဖန်တီးလိုက်သည်။

သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း

သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းသည် အသက်ဓာတ်ကို မစုပ်ယူနိုင်တော့သလို မရဏစွမ်းအားကိုလည်း ကြီးထွားခွင့် မပေးတော့ပေ။ ထို့အစား လက်ရှိ အင်အားမှာ သူ့ထိုးထွင်းသိမြင်ဉာဏ်နှင့် ဆုံးဖြတ်နိုင်သည်။ သူ့ကျင့်ကြံဆင့် မြင့်လာပြီး ထိုးထွင်းဉာဏ် ထက်လာလေလေ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းကလည်း ပိုအားကောင်းလာလေလေ ဖြစ်၏။

မိုဝူကျိက သန့်ရှင်းရေး နည်းစနစ်ဖြင့် ဖုန်များ ဖယ်ရှားပြီးနောက် အဝတ်အသစ် လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်မှ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိနေပြီ ဖြစ်၍ လေရွေ့ပြောင်းစွမ်းရည်မှာ နောက်၌ အရိပ်အယောင် မကျန်ရှိခဲ့ရုံသာမက သူ ရွေ့ပြောင်းလိုက်သည့်အခါတိုင်း လေသဘာဝ၌ မငြိမ်မသက် ဖြစ်သွားမှုပင် မရှိတော့ပေ။

နတ်ဘုရားဘုရင်ကို မျက်ခြေဖြတ်ရမည်ဆိုလျှင်ပင် သူ့အနေနှင့် လွတ်မြောက်နိုင်ကြောင်း ယုံကြည်ချက် အပြည့်အဝ ရှိ၏။

နှစ်တစ်သောင်း ကြာမြင့်သွားပြီ ဖြစ်ရာ ချိန်စုယင်နှင့် သူ့သေမျိုးနယ်မြေတို့ အဆင်ပြေနေပါ့မလား မသိပေ။

မူလက မိုဝူကျိသည် ခွန်းဝူဓားနှင့် လော့ကျမ်းတို့အား သန့်စင်ရန် အချိန်လိုချင်သော်လည်း သူ့ကျင့်ကြံဆင့်က နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိသွားပြီ ဖြစ်ရာ သူ့အနေနှင့် လျို့ဝှက်တိုက်ကွက်များအား ပြန်လည် သုံးသပ်ဖို့ လိုအပ်ပေသည်။ သို့သော် မိုဝူကျိက ချိန်စုယင်ကို အရမ်းလွှမ်းဆွတ်နေပြီ ဖြစ်၍ ထိုကိစ္စများအား သူမကို တွေ့သည့်အထိ ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။

…………….…

နတ်ဘုရားနယ်မြေ မြို့အသစ်

မိုဝူကျိအနေနှင့် ဤနတ်ဘုရားနယ်မြေအသစ်သို့ ရောက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ နတ်ဘုရားနယ်မြေတစ်ခုလုံး၌ နတ်ဘုရားနယ်မြေ မြို့အသစ်သည် အကြီးမားဆုံးသော ကျင့်ကြံရေးမြို့တော် ဖြစ်၏။

မြို့ကို တည်ဆောက်ထားသည်မှာ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်၍ သွားလာမည့် ကူးသန်းအစီအရင် ရှိနေသောကြောင့် ဖြစ်၏။

ကူးသန်း အစီအရင်က နတ်ဘုရားကုန်းမြေနှင့် ဆက်နွယ်နေရုံသာမက တခြားသော ကူးသန်းအစီအရင်များမှာလည်း နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်သို့ ဦးတည်နေသည်။ နတ်ဘုရားနယ်မြေ မြို့အသစ်နှင့် ဆက်သွယ်ထားသော ကူးသန်းအစီအရင်များမှာ အဓိက မြို့ကြီးများတွင် တည်ရှိပေသည်။

ဤသည်က ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်နေသည့် သေမျိုးလောကတွင် ဖြစ်စေ သို့မဟုတ် အဆင့်မြင့် စည်းမျည်းများ ရှိသည့် ကျင့်ကြံရေး လောကတွင် ဖြစ်စေ အချက်အချာ ကျလာသည်။ အရိုးရှင်းဆုံးပြောရလျှင် အားလုံးနှင့် ဆက်သွယ်နေသည့် မြို့တစ်မြို့က အလျှင်အမြန် ဖွံ့ဖြိုးလာမည်သာ ဖြစ်၏။ နတ်ဘုရားလောကတွင်လည်း ထိုသဘောတရားက သက်ရောက်မှု ရှိနေသေး၏။

နတ်ဘုရားနယ်မြေ မြို့အသစ်သည် နှစ်တစ်သောင်းကြာမျှသာ ကြာမြင့်သော တည်ရှိမှုတစ်ခု ဖြစ်သော်လည်း နတ်ဘုရားလောက၏ နံပါတ်တစ် ကျင့်ကြံရေးမြို့တော်တစ်ခု ဖြစ်သည်မှာ မငြင်းဆန်နိုင်ပေ။ မြေတစ်နေရာစီချင်းက တော်တော်အဖိုးတန်လှသောကြောင့် ငွေကြေးအင်အားနည်းသည့် အဖွဲ့အစည်းများအနေနှင့် မြို့အတွင်း၌ ခြေကုပ်ရဖို့ မဖြစ်နိုင်ပေ။

အိမ်ခြေယာမဲ့ လေလွှင့်ကျင့်ကြံသူတစ်ယောက်ဟန် ပြောင်းလဲလိုက်ပြီးနောက် မိုဝူကျိက နတ်ဘုရားနယ်မြေ မြို့အသစ်သို့ သွားလိုက်သည်။ သူ ခံစားမိသည့် ပထမဆုံးအရာမှာ နတ်ဝိညာဉ်စွမ်းအား သိပ်သည်းမှု ဖြစ်၏။ စွမ်းအားစုစည်းရေး အစီအရင်မှာ သေချာပေါက် အဆင့် ၇ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် စန်းကျန့်ရှင်းကိုပင် အနည်းငယ် သတိရမိသွားသည်။ စန်းကျန့်ရှင်းသာ အဆင့် ၇ စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းနိုင်လိမ့်မည်။ ရှင်းမူနှင့် ယှဉ်လျှင် စန်းကျန့်ရှင်းကသာ သူ အမှန်တကယ် လေးစားရသူ ဖြစ်၏။

ထိုကာကွယ်ရေး အစီအရင်ပေါ်ရှိ သင်္ကေတများက မိုဝူကျိနှင့် ရင်းနှီးနေသည်။ သူတို့က သူ့ဆီမှ လက်ဆင့်ကမ်းလာခြင်း ဖြစ်သောကြောင့် နတ်ဘုရားနယ်မြေ မြို့အသစ်က ကာကွယ်ရေး အစီအရင် အသက်သွင်းလျှင်ပင် သူ့အား ရပ်တန့်စေနိုင်မည် မဟုတ်ပေ။

အစိမ်းရောင်ကျောက်လမ်းတိုင်းက မီတာအတော် ကျယ်ဝန်းကာ လမ်းမကြီးသည် မီတာ တစ်ရာကျော် ရှိ၏။ နိဗ္ဗာန်တာအိုမြို့လောက် မကြီးကျယ်သော်လည်း ဤနတ်ဘုရားနယ်မြေ၌  မြို့အသစ်အတွက် နေရာချထားမှုသည် အသင့်တော်ဆုံး ဖြစ်၏။

မိုဝူကျိက  စိတ်စွမ်းအားဖြင့် အတားအဆီးမရှိ လမ်းများကို ဖြန့်ကျက်ထားလိုက်သည်။ သူက “မုန်ညှင်းနက် ကုန်သည်အိမ်တော်” ဟု ဆိုင်းဘုတ်ကို မြင်လိုက်ရသည့်အခါ ဒေါသများ ပေါက်ဖွားလာမိသည်။

ယခင် သူ နတ်ဘုရားနယ်မြေထဲ ရောက်လာခါစအချိန် ဤကုန်သည်အိမ်တော်က သူ့အား ပြန်ပေးဆွဲကာ နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ စေလွှတ်ခံရတော့မတတ် ဖြစ်ခဲ့ဖူးသည်။ ယခု သူက မုန်ညှင်းနက် ကုန်သည်အိမ်တော်ကို နောက်တစ်ကြိမ် ပြန်တွေ့ရသည့်အခါ မိုဝူကျိက ချက်ချင်း လျှောက်လှမ်းသွားလိုက်သည်။ အကယ်၍ အနီးအနား၌ နတ်ဘုရားဘုရင် ရှိမနေပါက ကုန်သည်အိမ်တော်ကို အရင်ဆုံး ဖျက်စီးပစ်မည်။ သူ ရန်စမိထားသော အဖွဲ့အစည်းများက တစ်ခု၊ နှစ်ခု မကပေ။ အကယ်၍ သူ့အနေနှင့် နောက်တစ်ခု ထပ်မံ၍ ရန်စမိလျှင်ပင် ဘာမှ ထူးခြားလာမည် မဟုတ်ပေ။ ထို့အပြင် သူက သွင်ပြင်ကို ပြောင်းလဲထားပြီ ဖြစ်ရာ မည်သူကများ သူ့အား မှတ်မိမည်နည်း။

***

All Chapters