← Chapters

အသိစိတ်ပင်လယ် နှစ်ခုနှင့် အမျိုးသား

Vol. 75 Ch. 1038

အသိစိတ်ပင်လယ် နှစ်ခုနှင့် အမျိုးသား

Vol. 75 Ch. 1038

မိုဝူကျိက မုန်ညှင်းနက် ကုန်သည်အိမ်တော်၌ နတ်ဘုရားဘုရင် မရှိကြောင်း ခန့်မှန်းမိပေသည်။ အကယ်၍ တစ်ယောက်ယောက် ရှိနေခဲ့လျှင် ရှီနန်မော့က မုန်ညှင်းနက် ကုန်သည်အိမ်တော်၏ ယင်ချုံချန်းကို သတ်ပစ်ရဲမည် မဟုတ်ပေ။

မုန်ညှင်းနက် ကုန်သည်အိမ်တော်အတွင်း၌ ဆူညံ့ပွက်လောရိုက်နေပြီး အနည်းဆုံး လူတော်တော်များများ ရှိနေသည်။

မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့် ဖြစ်သော်လည်း သူ့လူသားတာအိုမှာ ပြီးပြည့်စုံသည့်အထိ တိုးတက်နေဆဲ ဖြစ်၏။ သူသာ ကျင့်ကြံဆင့် အစစ်အမှန်ကို မဖော်ထုတ်လျှင် တခြားသော သာမာန် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် ကွာခြားမှု မရှိပေ။

မိုဝူကျိက အတွင်းပိုင်းရှိ ကောင်တာအထိ သွားလိုက်ပြီးနောက် ဒေါက်ဒေါက် ခေါက်လိုက်ကာ  ဆိုင်ကူတစ်ဦးကို ပြောလိုက်သည် “ ငါ အဖိုးတန်တာတချို့ ဝယ်ချင်တယ်။ ဒီမှာ ရှိလား ”

သူက မုန်ညှင်းနက် ကုန်သည်အိမ်တော်သည် နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် စီးပွားရေး ရှိနေသေးလားဟု သိချင်မိသည်။ လူများစွာက နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ၈၀ ရာခိုင်နှုန်းနှင့်အထက်သည် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားမှ ထွက်လာကြောင်း သိကြပေသည်။ သူတို့ မည်သို့ စုဆောင်းရသည်ကိုလည်း သိထားကြ၏။ သို့သော် ထိုကိစ္စအား စိတ်ထဲ ထည့်ကြသည့်သူ မရှိပေ။

မုန်ညှင်းနက် ကုန်သည်အိမ်တော်၏ မတော်တရားမှုများကို ကြားပြီး နေရာ၌ ယင်ချုံချန်းကို တန်းသတ်ပစ်ခဲ့သည့် ရှီနန်မော့လိုမျိုး လူသစ်လေးမျိုးက အလွန်တရာ ရှားပါးလှသည်။ ထို့အပြင် ရှီနန်မော့က ယင်ချုံချန်းကို သတ်ပစ်ခဲ့သည်မှာ မုန်ညှင်းနက် ကုန်သည်အိမ်တော်က သူမ၏ စေ့စပ်ထားသူကို ပြန်ပေးဆွဲသွား၍ ဖြစ်ပြီး နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ရယူဖို့ရာ ကနဦး နတ်ဘုရားအဆင့်များကို ရန်မူခဲ့၍ မဟုတ်ပေ။

အရေးကြီးဆုံးအချက်က လျှပ်စီးဓားအိမ်တော်က ကုန်သည်အိမ်တော်ကို မကြောက်ရွံ့ခြင်း ဖြစ်၏။

မိုဝူကျိ၏ စကားကို ကြားကာ ဆိုင်အကူလေးက မိုဝူကျိအား ခြုံငုံကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် မိုဝူကျိသည် ကျင့်ကြံဆင့် နိမ့်ပြီး သာမာန်ပါရမီသာ ရှိကြောင်း တန်းသိလိုက်သည်။ ထို့ကြောင့် သူ့တွင် ပိုက်ဆံများစွာ မရှိလောက်ပေ။

မိုဝူကျိက ရယ်မောပြီးနောက် လက်စွပ်တစ်ကွင်း ထုတ်ကာ  “ ကျုပ်ဆီမှာ နတ်ဘုရားကျောက်တွေ ရှိပါတယ် … ကြည့်ကြည့်ပါဦး ”

ဆိုင်အကူ၏ စိတ်စွမ်းအားက လက်စွပ်အတွင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ မျက်လုံးများ လင်းလက်လာ၏။ သူက လက်သီးအသာဆုပ်ကာ မိုဝူကျိရှေ့ ရောက်လာသည်။ သူက ဆိုင်အကူမျှသာ ဖြစ်ပြီး မုန်ညှင်းနက် ကုန်သည်အိမ်တော်၌ အလုပ်လုပ်နေသည်မှာ ပထမဆုံးနေ့ မဟုတ်သောကြောင့် အခြေအနေမျိုးစုံကို မြင်တွေ့ဖူးလေသည်။

သို့သော်လည်း ဤနည်းလမ်းက သူ့အား ယနေ့အထိ ဖြစ်လာစေခြင်း ဖြစ်၏။ မိုဝူကျိ၏ လက်စွပ်တွင် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော သုံခု ရှိနေရုံသာမက အဆင့်မြင့် နတ်ဘုရားကျောက် သန်းဆယ်ချီ၍လည်း ရှိနေသေးသည်။

မိုဝူကျိလိုမျိုး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် ချမ်းသာနေပြီ ဖြစ်၏။ သူသာ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်လျှင် မုန်ညှင်းနက် ကုန်သည်အိမ်တော်၏ ဆိုင်အကူ ဖြစ်ဖို့ ထိုက်တန်မည် မဟုတ်ပေ။

“ တာအိုရောင်းရင်း ဘာလိုချင်တာလဲဆိုတာ အထဲဝင်ပြီး ဆွေးနွေးကြတာပေါ့ ” မိုဝူကျိက လက်စွပ် သိမ်းလိုက်သည်ကို မြင်ကာ ဆိုင်အကူက ပျူပျူဌာဌာ ပြောလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ကောင်းတာပေါ့ … ရှေ့ကနေ လမ်းပြပေးပါ ”

ဆိုင်အကူက မိုဝူကျိအား ဆိုင်အတွင်း ခေါ်ဆောင်မလာခင် သတင်းကြိုပို့ထားလိုက်ပြီး ဒုတိယအလွှာသို့ တန်းခေါ်သွားလိုက်သည်။

ထိုအရာက မိုဝူကျိအား လုံးဝ မစိုးရိမ်စေပေ။ သူက ဤနေရာသို့ လက်စားချေရန် ရောက်လာခြင်း မဟုတ်ပါလော။ သူက သွင်ပြင်ကို ပြောင်းလဲထားသောကြောင့် ထိပ်တန်းပညာရှင်သာ ရှိမနေသရွေ့ သူက မုန်ညှင်းနက်ကုန်သည်အိမ်တော်ကို ဖျက်စီးပစ်ပြီးသည်နှင့် နတ်ဘုရားနယ်မြေ မြို့အသစ်မှ ထွက်ပြေးနိုင်လိမ့်မည်။ ထို့နောက် သူက သွင်ပြင်ကို ပြန်လည် ပြောင်းလဲပြီး ရက်အနည်းငယ်ကြာမှ မြို့ထဲ ပြန်ဝင်လာနိုင်၏။

နတ်ဘုရားနယ်မြေ မြို့အသစ်၏ ကာကွယ်ရေး အစီအရင်က မည်မျှပင် အဆင့်မြင့်စေကာမူ သူ့အတွက် မတည်ရှိလုနီးပါး ဖြစ်၏။ ထိုအာကာပြင် သင်္ကေတများကို  သူက တခြားသူများအား သင်ကြားပေးခဲ့သည် မဟုတ်ပါလော။

မိုဝူကျိ အခန်းထဲ ဝင်လိုက်သည့်အခါ သူ့စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းမှ စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ စိတ်သက်သာရာ ရသွားသည်။ ဆိုင်ထဲ၌ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ ၇ ယောက်၊ နတ်ဘုရား အုပ်စိုးသူ  ၃ ယောက်နှင့် ကနဦး နတ်ဘုရားအဆင့်ကျင့်ကြံသူ ဆိုင်အကူ အယောက် ၂၀ ကျော်မျှသာ ရှိသည်။ ကျင့်ကြံဆင့် အမြင့်ဆုံးသူမှာ ခပ်ဝဝ၊ မျက်လုံးမှေးမှေး လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး နတ်ဘုရားအုပ်စိုးသူ အဆင့် ၄ ကျင့်ကြံသူ ဖြစ်၏။

ဆိုင်အကူက မိုဝူကျိအား သာမာန်အရွယ် အထူးသီးသန့်အခန်း အပြင်ဘက်သို့ ခေါ်သွားလိုက်ပြီး  “ တာအိုရောင်းရင်း … အထဲ ဝင်ပါခင်ဗျ။ ကျွန်တော်တို့ စီမံရေးမှူးက တာအိုရောင်းရင်းက အထူးဧည့်သည်ဆိုတာကို သိပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဧည့်ခံပေးမှာပါ  ”

“ ကျေးဇူးပါ ” မိုဝူကျိက ရယ်မောလိုက်ပြီး အထူးသီးသန့်အခန်းထဲ ဝင်သွားလိုက်သည်။

အထဲ၌ သူ့စိတ်စွမ်းအားအတွင်း အာရုံခံမိခဲ့သည့် နတ်ဘုရားအုပ်စိုးသူအဆင့်  မျက်လုံးမှေးမှေး လူလတ်အရွယ် အမျိုးသား ရှိနေသည်။

မိုဝူကျိက အထဲဝင်လိုက်သည်နှင့် လူလတ်အရွယ် ကျင့်ကြံသူက ထရပ်ကာ အတားအဆီး ချလိုက်သည်။ သူက မိုဝူကျိအား လေးလေးစားစား ဦးညွှတ်ကာ  ပြုံးလိုက်ရင်း  “ ကျုပ်က မုန်ညှင်းနက် ကုန်သည်အိမ်တော်ရဲ့ စီမံရေးမှူး ဝူကျင်းသဲ့ပါ။ တာအိုရောင်းရင်းက အရည်အချင်း ထူးချွန်တာပဲ … ခင်ဗျားရဲ့ ကျင့်ကြံဆင့် ဖုံးကွယ်ထားတဲ့ နည်းလမ်းက ပြိုင်ဖက်ကင်းတယ်။ ကျုပ်တောင် ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကို မမြင်နိုင်ဘူး။ ခင်ဗျားက ဂိုဏ်းကြီးက ဖြစ်လိမ့်မယ် ထင်တယ် ”

ဝူကျင်းသဲ့က မိုဝူကျိသည် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ဟု မယုံပေ။ အကယ်၍ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့လျှင် သိုလှောင်လက်စွပ်အား ဆိုင်အကူ သိအောင် ပြသမည် မဟုတ်ပေ။

သူက မိုဝူကျိ၏ ကျင့်ကြံဆင့်သည် နတ်ဘုရားအုပ်စိုးသူအဆင့် ကျော်လွန်နေလိမ့်မည်ဟုလည်း မထင်ပေ။ အကြောင်းမှာ နတ်ဘုရားအုပ်စိုးသူအဆင့်နောက်ရှိ အဆင့်မှာ လောကနတ်ဘုရား ဖြစ်၏။ လောကနတ်ဘုရား အမည်တွင်နေခြင်းမှာ သူတို့ကိုယ်ပိုင် ကမ္ဘာကို ဖန်တီးနိုင်၍ ဖြစ်သည်။

လောကနတ်ဘုရား ဖန်တီးထားသည့် လောကမှာ မဟာတာအို၏ အခြေခံအုတ်မြစ်မှ ဖွဲ့စည်းမှုတစ်ခု ဖြစ်ပြီး ပညာရှင်အနေနှင့် များစွာသော တာအိုများကို ကျင့်ကြံမှသာ အစစ်အမှန် လောက၏ စည်းမျည်းများ ဖြစ်တည်လာမည် ဖြစ်၏။ မဟုတ်လျှင် ထိုလောကက မိုဝူကျိ၏ လူသားကမ္ဘာထက် နိမ့်ကျနေမည်သာ ဖြစ်ပေသည်။

သို့သော်လည်း လောကနတ်ဘုရားက မည်သို့သော လောကကို ဖန်တီးစေကာမူ သိုလှောင်လက်စွပ်ကို ထပ်မံ အသုံးမပြုကြတော့ပေ။ သူတို့အသုံးပြုလျှင်ပင် အရေးမပါသည့် အရာများ ထည့်သိမ်းထားဖို့သာ ဖြစ်၏။ အဖိုးတန်ရတနာအားလုံးကို သူတို့တစ်ဦးတည်းသာ ဝင်နိုင်သည့် လောကနတ်ဘုရား၏ ကိုယ်ပိုင်လောကအတွင်းသာ ထည့်သိမ်းထားလိမ့်မည်။

လောကနတ်ဘုရား အသတ်ခံရသည့်အခါ သူ့လောကမှာ ပျောက်ကွယ်သွားမည် ဖြစ်ပြီး တစ်ဖက်လူက သူ့ပိုင်ဆိုင်မှုရှိ ပစ္စည်းများအား ရယူနိုင်မည် မဟုတ်ပေ။

ဝူကျင်းသဲ့ အမြင်၌ မိုဝူကျိသည် သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားလျှင်ပင် သူ့အနေနှင့် အများဆုံး ကောင်းကင်နတ်ဘုရား အဆင့်သာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် မိုဝူကျိ၏ ဝိညာဉ်စွမ်းအား အရှိန်အဝါမှာလည်း မသိသာသလို သူ့ဘေးပတ်လည်ရှိ တာအိုအရိပ်အယောင်များကလည်း ရှားပါးသောကြောင့် ပါရမီရှင်တော့ မဖြစ်နိုင်ချေ။

မိုဝူကျိက ရယ်မောကာ  “ စီမံရေးမှူး ဝူက ကျုပ်ကို လျူရှင်းလို့ ခေါ်လို့ ရပါတယ်။ ကျုပ်က လတ်တလောလေးကမှ ဂွင်ကောင်းမိထားတာလေ။ အဲဒါနဲ့ နတ်ဘုရားနယ်မြေ မြိုအသစ်ဆီ လာပြီး ကျင့်ကြံရေး အရင်းအမြစ်လေး လာအလဲအလှယ် လုပ်တာ …. ကျုပ် မိတ်ဆွေတစ်ယောက်ဆီက ကြားတာတော့ မုန်ညှင်းနက် ကုန်သည်အိမ်တော်မှာ ပစ္စည်းကောင်းလေးတွေ ရှိတယ်တဲ့ … အဲဒါနဲ့ ကျုပ်လည်း ဒီကို အရင်လာကြည့်လိုက်တာ ”

မိုဝူကျိက သူ့ကျင့်ကြံဆင့်နှင့် နောက်ခံ မပြောလိုဘဲ အရောင်းအဝယ် လုပ်ရန် ရောက်လာကြောင်း ပြောသည်ကို မြင်သည့်အခါ ဝူကျင်းသဲ့က ဆက်လက် မမေးမြန်းတော့ပေ။ အကယ်၍ မိုဝူကျိက ဂိုဏ်းအကြီးကြီးမှ ရောက်လာလျှင် သူ့မုန်ညှင်းနက် ကုန်သည်အိမ်တော်က ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ဤနှစ်ပေါင်းအတွင်း မုန်ညှင်းနက် ကုန်သည်အိမ်တော်က မြန်မြန်ဆန်ဆန် ကြီးထွားလာသော်လည်း ကုန်သည်အိမ်တော် အသေးလေးမှ အစပြုခဲ့ရခြင်း ဖြစ်၏။

မိုဝူကျိက ဂိုဏ်းကြီးမှ မဟုတ်ကြောင်း သိထားသော်လည်း ဝူကျင်းသဲ့က ရယ်ရယ်မောမောဖြင့် ပျူပျူဌာဌာ ပြောနေသေး၏  “ တာအိုရောင်းရင်း လျူရှင်းက ဘာများ ရှာနေတာလဲ ”

“ ကျင့်ကြံရေး အရင်းအမြစ်တွေပေါ့ … တကယ်လို့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ရှိရင်လည်း စိတ်ဝင်စားတယ် ” မိုဝူကျိက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

မိုဝူကျိက နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် အကြောင်း ထုတ်ပြောလိုက်သည့်အခါ ဝူကျင်းသဲ့က စိတ်စွမ်းအားဖြင့် မိုဝူကျိအပေါ် စစ်ဆေးတော့လုမတတ် တုန်လှုပ်သွားခဲ့သည်။

ဘယ်သူကများ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို တောင်းဆိုမည်နည်း။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူများသာ ဖြစ်၏။ တစ်ဖက်လူ၏ ကျင့်ကြံဆင့်က ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ ကနဦး နတ်ဘုရားအဆင့် အမှန်တကယ် ဖြစ်နေကြောင်း ဆိုလိုနေခြင်း မဟုတ်ပါလော။

ဝူကျင်းသဲ့က ခေါင်းတခါခါဖြင့်  “ နတ်ဘုရားကုန်းမြေရဲ့ ထိပ်တန်း ပညာရှင် စန့်ကျန်းရှင်းက နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားကနေ နတ်ဘုရား အသွင်သဏ္ဍာန်ကျောက်တွေကို စုဆောင်းတဲ့ကိစ္စကို သဘောမကျဘူးလေ။ အဲဒါကြောင့် နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်က ပြတ်လပ်နေတာ များတယ်။ တကယ်လို့ ခင်ဗျားအတွက် အရေးမကြီးဘူးဆိုရင် အမှာစာ တင်ခဲ့လို့ ရပါတယ်။ တစ်လအတွင်း ကြယ်နှစ်ပွင့် နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ရစေရမယ်လို့ ကျုပ် အာမခံတယ်ဗျာ ”

မိုဝူကျိ မျက်ဝန်း၌ စိတ်ပျက်လက်ပျက် အမူအယာ ဖြစ်သွားကာ ထရပ်လိုက်ရင်း  “ ဒီလိုဆိုရင်တော့ ကျုပ် တစ်လကြာမှ ပြန်လာခဲ့ပါ့မယ် ”

မိုဝူကျိက ထွက်သွားတော့မည်ကို မြင်၍ ဝူကျင်းသဲ့က ပျာပျာသလဲ ဖြစ်သွားသည်။ သူက မိုဝူကျိ၏ နောက်ခံကို မသိသေးသော်လည်း တစ်ဖက်လူက ထွက်သွားတော့မည် ဖြစ်၏။ မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။

“ တာအိုရောင်းရင်း လျူရှင်း … ကျုပ်တို့ မုန်ညှင်းနက် ကုန်သည်အိမ်တော်က အားလုံး လိုချင်နေကြတဲ့ နောက်ထပ် ကျင့်ကြံရေး အရင်းအမြစ် အမျိုးအစားတွေ ရှိပါသေးတယ်။ တာအိုရောင်းရင်းသာ သိသွားရင် နှိုင်းယှဉ်ကြည့်တဲ့အခါ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်တောင် မှေးမှိန်သွားပါလိမ့်မယ် ” ဝူကျင်းသဲ့က ရောင်းချဖို့ ကြိုးစားလိုက်သည်။

“ အို …” မိုဝူကျိက တအံ့တဩ အမူအယာဖြင့်  “ ဘယ်လို ကျင့်ကြံရေး အရင်းအမြစ်များလဲ ”

ဝူကျင်းသဲ့က ရယ်မောကာ  “ တာအိုရောင်းရင်းလည်း နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းတဲ့နေရာ ပြင်ပ အကူအညီ လိုအပ်တယ်လို့ တွေးမိတယ်မလား။ ဒါပေမဲ့ ကျုပ်တို့ မုန်ညှင်းနက် ကုန်သည်အိမ်တော်က ဘာပစ္စည်းမှ မလိုဘဲ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းနိုင်မဲ့ နည်းလမ်း ရှာတွေ့ထားတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ နတ်ဘုရားအသွင်သဏ္ဍာန်က တခြားပစ္စည်းတွေ အကူအညီရတာထက် ပိုအားကောင်းတယ် ”

ထိုအချက်အလက်က မိုဝူကျိအား အမှန်တကယ် အံ့ဩသွားစေသည်။ သူက လူသားတာအိုသည် နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းဖို့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် မလိုမှန်း သိထားသော်လည်း တခြားနည်းလမ်းများကိုတော့ မသိထားပေ။

ဝူကျင်းသဲ့က မိုဝူကျိ ကြောင်အမ်းသွားသည်ကို မြင်သောအခါ မတွန့်ဆုတ်ဘဲ ဆက်ပြောလိုက်သည်  “ ဒီနည်းလမ်းက အတော်လေး အံ့ဩဖို့ ကောင်းတယ်။ ကျုပ်လည်း လျှောက်မပြောရဲပါဘူး။ တကယ်လို့ တာအိုရောင်းရင်းသာ မုန်ညှင်းနက် ကုန်သည်အိမ်တော်နဲ့ ဝန်ခံကတိ လက်မှတ်ထိုးထားတာ မဟုတ်ရင် ကျုပ် ဘာမှပြောပြလို့ မရပါဘူး ”

ယခုတွင် မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားပြီး အေးအေးဆေးဆေး မေးလိုက်သည်  “ စီမံရေးမှူးဝူက ဘာမှမပြောချင်မှတော့ ဘာမှဆက်ပြောစရာ မရှိတော့တာပေါ့ ”

မိုဝူကျိက တစ်ဖက်လူအနေနှင့်  ဤသို့ လက်လွှတ်ပေးမည် မဟုတ်ကြောင်း အသေအချာ အပိုင်တွက်ထားမိပြီး စကားအဆုံးတွင် လှည့်ထွက်သွားလိုက်သည်။ အကယ်၍ ဤသို့ သွားခွင့်ပြုလိုက်လျှင် ဝူကျင်းသဲ့က နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် မလိုသည့် နည်းလမ်းအကြောင်း ထုတ်ပြောမည် မဟုတ်ပေ။

ဝူကျင်းသဲ့က မိုဝူကျိသည် ဆုံးဖြတ်ချက် ပြတ်သားလိမ့်မည်ဟု မထင်ထားသည့်အတွက် မိုဝူကျိအား မြန်မြန် တားလိုက်ရသည်  “ တာအိုရောင်းရင်းလျူရှင်း …ခင်ဗျား စိတ်နန်းတော် နှစ်ခုနဲ့ အသိစိတ်ပင်လယ် နှစ်ခုအကြောင်း ကြားဖူးလား ”

မိုဝူကျိက ထိုစကားကို ကြားလိုက်သည့်အခါ သူ့နှလုံးခုန်နှုန်းပင် မြန်ဆန်မိလာသည်။ ထို့နောက် သူ့အာရုံထဲ၌ ထျန်းနူအား တွေးမိသွားသည်။

ထျန်းနူက ချက်ချင်း ဖျက်စီးမခံလိုက်ရသည်မှာ သူ့တွင် စိတ်နန်းတော် နှစ်ခုနှင့် အသိစိတ်ပင်လယ် နှစ်ခု ရှိနေ၍ ဖြစ်သည်။ သူက ကပ်ဘေး၌ ထျန်းနူနှင့် တွေ့ပြီး မိတ်ဆွေ ဖြစ်လာခဲ့ကာ  တစ်ယောက်နှင့် တစ်ယောက် ကူညီရန် ကတိကဝတ် ပြုထားခဲ့ကြသည်။

ရှီနန်မော့က ယင်ချုံချန်းအား သတ်လိုက်ပြီး သူ့အား ခေါ်ဆောင်သွားသည့်အတွက် ထျန်းနူ သတင်းအား ဘာမှမကြားမိတော့ပေ။

လက်တွေ့၌ မိုဝူကျိက ထျန်းနူအား သိပ်မစိတ်မပူမိပေ။ မုန်ညှင်းနက် ကုန်သည်အိမ်တော်ရှိ အဖွဲ့ဝင်အားလုံးကို ရှီနန်မော့က သတ်ထားပြီးလေပြီ။ သူက ထျန်းနူအတွင်းရှိ အဆိပ်များကို ဖယ်ရှားပေးပြီးပြီ ဖြစ်၍ ထျန်းနူ၏ ပုန်းအောင်းစွမ်းရည်ပေါ် မူတည်၍ လွတ်မြောက်ဖို့ရာ ခက်ခဲမည် မဟုတ်ပေ။

ဝူကျင်းသဲ့ ပြောနေသည့်သူက ထျန်းနူလား … ထျန်းနူက မလွတ်မြောက်လာနိုင်ခဲ့ဘူးလား ….

မိုဝူကျိက ထိုအကြောင်းကို တွေးမိသွားသည့်အခါ လှည့်မေးလိုက်သည်  “ စီမံရေးမှူးဝူ … အသိစိတ်ပင်လယ် နှစ်ခု ရှိတဲ့သူအကြောင်း ကြားရတာတော့ အံ့ဩစရာ ကောင်းပေမဲ့ အဲဒါက နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းတာနဲ့ ဘာများ ပတ်သတ်နေလို့လဲ ”

ဝူကျင်းသဲ့က ရယ်ရယ်မောမောဖြင့်  “ တာအိုရောင်းရင်းလျူရှင်း … တကယ်လို့ အသိစိတ်ပင်လယ် နှစ်ခုနဲ့ လူတစ်ယောက်က ဝိညာဉ်ကြောနဲ့ ဝိညာဉ်လမ်းကြောင်းတို့ကို ဆင့်ကဲတိုးတက်စေလိုက်မယ်ဆိုရင် အဲဒီ နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းတဲ့ ဖြစ်စဉ်က လူတစ်ယောက်အနေနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်သွားပြီ မလား။ ဘယ်လို ထင်လဲ ”

မိုဝူကျိက သူ့လူသားတာအိုကို ကိုယ်တိုင် ဖန်တီးခဲ့သောကြောင့် ဝူကျင်းသဲ့ ဆိုလိုသည့် အဓိပ္ပါယ်ကို မည်သို့ မသိဘဲ နေမည်နည်း။ သူက ချက်ချင်း ပြန်မေးလိုက်သည်  “ စီမံရေးမှူးဝူ ဆိုလိုတာက ခင်ဗျားဆီမှာ စိတ်နန်းတော် နှစ်ခု ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ရှိတယ်။ ကျုပ်သာ နတ်ဘုရားကျောက် လုံလုံလောက်လောက် ပေးရင် လူတစ်ယောက် ဆင့်ကဲတိုးတက်ပြောင်းလဲလာတာကို ကြည့်ပြီးတော့ အဲဒီနည်းလမ်းအတိုင်း ကိုယ်ပိုင် နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းနိုင်မယ်ပေါ့ ”

“ဟုတ်တာပေါ့ ” ဝူကျင်းသဲ့က ခိုင်ခိုင်မာမာ ပြောလိုက်သည်  “ အဲဒီနည်းလမ်းက ခင်ဗျား ပါရမီအပေါ်လည်း မူတည်တာပေါ့။ အောင်မြင်လိမ့်မယ်လို့ အာမ မခံပေမဲ့ အောင်မြင်သွားခဲ့ရင်တော့ နတ်ဘုရားအသွင်သဏ္ဍာန်က အနည်းဆုံး ကြယ်ငါးပွင့်နဲ့အထက် အားကောင်းလာလိမ့်မယ် ”

“ ကောင်းပြီလေ … စီမံရေးမှူးဝူ ခင်ဗျား ဈေးကို ပြောပါ။ ကျုပ် ခင်ဗျားပြောတဲ့ အသိစိတ်ပင်လယ် နှစ်ခုနဲ့လူကို မြင်ချင်တယ် ” မိုဝူကျိက တွေဝေမနေဘဲ ပြောလိုက်သည်။

***

All Chapters