သွားသေလိုက်တော့
Vol. 75 Ch. 1039
ဝူကျင်းသဲ့က မိုဝူကျိ စကားများ ကြားသောအခါ ကြောင်အမ်းသွားလေ၏။ သူ့အား နမူနာပြဖို့ အခွင့်အရေး မပေးခင် တစ်ဖက်လူက သဘောတူလိုက်ပြီး ဈေးနှုန်းပင် မေးနေသေး၏။
မူလက ဝူကျင်းသဲ့သည် မိုဝူကျိအား ဆက်နေအောင် လုပ်လိုပြီး မိုဝူကျိ၏ နောက်ခံကို ဖြည်းဖြည်းချင်း တူးဖော်ချင်မိ၏။ သို့သော် ယခု မိုဝူကျိက သူ့အား လိုလိုလားလား ဈေးမေးနေသည် ဖြစ်ရာ သူ့အနေနှင့် ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ “ တာအိုရောင်းရင်း လျူရှင်း … ရှင်းရှင်းပြောရရင် ခင်ဗျားရဲ့ ချမ်းသာမှုကြောင့် ဒီကိစ္စကို ပြောပြလိုက်တာပါ။ ဒီဟာက ကျုပ်တို့ မုန်ညှင်းနက် ကုန်သည်အိမ်တော်ရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ဆိုတော့ အရင်ဆုံး ခင်ဗျားရဲ့ နောက်ခံကို ပြောဖို့ လိုတယ် ”
မိုဝူကျိက ခေါင်းညိတ်ပြကာ “ ဒီတောင်းဆိုချက်က အကျိုးအကြောင်း သင့်ပါတယ်။ ကျုပ်က နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ။ ကျုပ်က အခွင့်ကောင်းနဲ့ ကြုံလို့ ကျင့်ကြံရေး အရင်းအမြစ်တချို့ ရလာတာပါ။ ဒါပေမဲ့ ကျုပ်ရဲ့ ပါရမီနဲ့ နတ်ဘုရားကျောက် တစ်ခုတည်းနဲ့ တိုးတက်လာဖို့ မဖြစ်နိုင်ဘူး။ ကျုပ် လိုအပ်တာက နတ်ဆေးလုံး အရည်အသွေး ကောင်းကောင်းတွေနဲ့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ကောင်းကောင်းပဲ ”
ဤပြောဆိုချက်က ဝူကျင်းသဲ့အား အံ့အားသင့်သွားစေသည်။
ဟန်ပြသမားလား …..
သူက နတ်ဘုရားကျောက်တွေ၊ နတ်ဝိညာဉ်သွေးကြောတွေကို သုံးပြီး နောက်ထပ် ကျင့်ကြံရေး အရင်းအမြစ်ကို ဝယ်ဖို့ တွေးနေတာလား … မဖြစ်နိုင်လိုက်တာ …
သို့သော်လည်း တစ်ဖက်လူက နောက်ခံကောင်းကောင်းမှ လာသည်ဆိုလျှင် ထုတ်ဖော်လိုက်သည်က ပိုမကောင်းပေဘူးလား။ အနည်းဆုံးတော့ မုန်ညှင်းနက် ကုန်သည်အိမ်တော်က သူ့အပေါ် မဟုတ်တမ်း ကြံစည်ရဲမည် မဟုတ်ပေ။
သို့မဟုတ် အမှန်တကယ် နယ်လှည့်ကျင့်ကြံသူ ဖြစ်နေတာလား ….
ဝူကျင်းသဲ့က သူ့စိတ်ထဲမှ သံသယများကို ချိုးနှိမ်ကာ ဆက်ပြောလိုက်သည် “ ဒုတိယ သတ်မှတ်ချက်က တာအိုရောင်းရင်းအနေနဲ့ အရင်ဆုံး အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော တစ်ခုနဲ့ အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်းကို စရံအနေနဲ့ ပေးရမယ်။ ကျုပ်တို့ဘက်ကလည်း ခင်ဗျားကို သလင်းကျောက် တစ်ခု ပြမယ်။ ကျုပ်တို့က ဝိညာဉ်ကြောနဲ့ ဝိညာဉ်လမ်းကြောင်းတွေ ဆင့်ကဲပြောင်းလဲသွားတာကို မှတ်တမ်း တင်မထားနိုင်ပေမဲ့ တခြားလူတွေ အဲဒီနည်းလမ်းကို သုံးပြီး သူတို့နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းတာကို ပြမယ် ”
“ကောင်းပြီလေ။ ကျုပ် သဘောတူပါတယ် ” မိုဝူကျိက သိုလှောင်လက်စွပ် တစ်ကွင်းထုတ်ကာ ဝူကျင်းသဲ့အား တုံ့ဆိုင်းခြင်းမရှိ ပေးလိုက်၏ “ ဒီမှာ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော တစ်ခုနဲ့ အဆင့်မြင့် နတ်ဘုရားကျောက် ငါးသန်း ”
ဝူကျင်းသဲ့က ယနေ့တွင် မျှော်မှန်းမထားသည်များနှင့် ဆက်တိုက် ကြုံတွေ့နေရသည်။ သူက မိုဝူကျိသည် ညှိနှိုင်းဆွေးနွေးဖို့ ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်ထားမိပေ။ မိုဝူကျိက သူ ပြောသမျှ အကုန် သဘောတူနေ၏။ အစပိုင်းတွင် မိုဝူကျိအား စရံကြေး ဈေးမြင့်မြင့် တောင်းဆိုသည်မှာ သူ့ရည်ရွယ်ချက် မဟုတ်ပေ။ မိုဝူကျိ သဘောမတူလျှင် နောက်တမျိုး ထပ်မံအကြံပြုဖို့ ကြံစည်ထားခြင်း ဖြစ်သည်။
သို့သော်လည်း နောက်အခြေအနေအထိ မသွားနိုင်လိုက်ခင် မိုဝူကျိက အရင်သဘောတူလိုက်ပေရာ ယခု မည်သို့ လှည့်ကွက် သုံးရမည်နည်း။
“ဘာလဲ … စီမံရေးမှူးဝူက ကျုပ်ကို လာလိမ်နေတာလား။ ကျုပ် နတ်ဘုရားကျောက်တွေ လိုချင်နေတာလား ” ဝူကျင်းသဲ့က တုံ့ပြန်ခြင်းမရှိသည်ကို မြင်၍ မိုဝူကျိက မျက်မှောင်ကျုတ်ကာ အေးစက်စက် ပြောလိုက်သည်။
ဝူကျင်းသဲ့က အမှန်တကယ် အကျပ်ရိုက်နေသည်။ သူက မိုဝူကျိသည် နယ်လှည့်ကျင့်ကြံသူ ဖြစ်ကြောင်း သေချာမသိသေးသော်လည်း မိုဝူကျိသာ သလင်းကျောက်ထဲက မှတ်တမ်းထဲ ရောက်သွားသည်နှင့် သူ့အား မုန်ညှင်းနက် ကုန်သည်အိမ်တော်မှ အသက်ရှင်လျက် ထွက်သွားခွင့် မပြုနိုင်ချေ။
မုန်ညှင်းနက် ကုန်သည်အိမ်တော်သည် အလွန်တရာ အားနည်းလှပေသည်။ အကယ်၍ သူတို့တွင် စိတ်နန်းတော် နှစ်ခုနှင့် အသိစိတ်ပင်လယ် နှစ်ခုရှိသည့် လူတစ်ယောက်ကို ပြိုင်ဖက်ကင်း ရတနာအဖြစ် ပိုင်ဆိုင်ထားခြင်း သိသွားလျှင် ကိစ္စအကြီးကြီး ဖြစ်သွားနိုင်သည်။
“ မဟုတ်ရပါဘူးဗျာ ” ဝူကျင်းသဲ့က မိုဝူကျိ စကားကို ကြားလိုက်သည့်အခါ အံ့ကို ကျိတ်လျက် သလင်းကျောက်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်သည် “ တာအိုရောင်းရင်း လျူရှင်း … ကျေးဇူးပြုပြီး ကြည့်ကြည့်ပါဦး ”
အဆုံးသတ်၌ သူက အလောင်းအစား လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ တစ်ဖက်လူက ဂိုဏ်းကြီးမှ တပည့် ဖြစ်နေလျှင် နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ရှာရန် မုန်ညှင်းနက် ကုန်သည်အိမ်တော်၌ နတ်ဝိညာဉ်သွေးကြောနှင့် နတ်ဘုရားကျောက်များစွာကို ထုတ်၍ သုံးစွဲမည် မဟုတ်ပေ။ ဂိုဏ်းကြီးများသည် သူတို့ဘာသာ နတ်ဘုရားအသွင်သဏ္ဍာန် မရှိကြောင်း မယုံပေ။
မိုဝူကျိက တမင်သပ်သပ် သူတို့ဆီ ပြဿနာလာရှာသည့် ဖြစ်နိုင်ခြေကိုတော့ လုံးဝ လျစ်လျူရှုထားလိုက်၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်က မည်မျှရှိဦးမည်နည်း။ မည်သို့ ပြဿနာ ရှာရဲမည်နည်း။
မိုဝူကျိ မျက်ဝန်းရှေ့ မှတ်တမ်းထဲ၌ ပုံရိပ်က ထင်ထင်ရှားရှား ပေါ်လာသည်။ မိုဝူကျိက ထိုအရာကို မြင်လိုက်သည့်အခါ ဝူကျင်းသဲ့ဆီ လက်သီး ထိုးလုမတတ် ဖြစ်သွားလေ၏။
ဤပုံရိပ်လေးမှာ ထျန်းနူ ဖြစ်နေ၏။ ထျန်းနူကို ပထမဆုံးအကြိမ် မြင်လိုက်စဉ်အခါကတည်းက ထျန်းနူသည် ပိန်ပါးပါး အားနည်းနည်း လူတစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း ဤအခိုက်အတန့်၌ ထျန်းနူသည် ဝါးတုတ်မျှသာ ရှိတော့ပြီး အသက်မပါသည့် မျက်ဝန်းအစုံနှင့် အရိုးပေါ် အရေတင်သာ ဖြစ်နေ၏။
ထျန်းနူ ပေါ်မလာခင် ဈေးကြီးအထည် ဝတ်ဆင်ထားသည့် အမျိုးသားက သူ့အား စိုက်ကြည့်လိုက်၏။ ထျန်းနူတစ်ယောက် ဝိညာဉ်လမ်းကြောင်းနှင့် ဝိညာဉ်ကြော အသစ်တစ်စုံ ဆင့်ကဲပြောင်းလဲလာသည့် ဖြစ်စဉ်ကို သလင်းကျောက်၌ မမြင်ရသော်လည်း မိုဝူကျိက ထျန်းနူသည် အတင်းကျပ် ဖိအားပေးခံနေရကြောင်း တန်းသိလိုက်၏။
မိုဝူကျိ၏ စိတ်ပူပန်နေသည့် အမူအယာကို မြင်သည့်အခါ ဝူကျင်းသဲ့က ရှင်းပြလိုက်သည် “ တာအိုရောင်းရင်း လျူရှင်း … စိတ်နန်းတော် နှစ်ခုနဲ့ အဲဒီလူက နောက်ထပ် ဆင့်ကဲပြောင်းလဲတာကို ခံနိုင်ရည် ရှိဖို့ မသေချာဘူးဆိုတော့ ကျုပ်တို့ ဈေးက နည်းနည်းတော့ မြင့်သွားနိုင်တယ်။ ကျုပ်တို့က နတ်ဝိညာဉ်ကြော လေးခုနဲ့ အဆင့်မြင့် နတ်ဘုရားကျောက် သန်း ၃၀ လိုတယ် …. ”
“ ကောင်းပြီလေ ” သလင်းကျောက် ပျောက်ကွယ်သွားသည့်အခါ မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ကျုပ် ဘယ်အချိန်လောက် တွေ့နိုင်မလဲ ”
မိုဝူကျိက ဈေးစစ်နေခြင်း မရှိသည့်အတွက် ဝူကျင်းသဲ့သည် မိုဝူကျိတွင် ရှိနေသော ပိုက်ဆံပမာဏမှာ ထိုထက် များပြားကြောင်း ချက်ချင်း တန်းသလိုက်သည်။ သူ့အနေနှင့် မိုဝူကျိအား ထျန်းနူ၏ ဆင့်ကဲပြောင်းလဲခြင်းကို လေ့လာနိုင်ရန် ခွင့်မပြုနိုင်ပေ။ ထျန်းနူက သေမင်းနှုတ်ခမ်းဝ ရောက်နေလေပြီ။ သူ မည်မျှ အသက်ဆက်ရှင်မည်ကို မည်သူမှ မသိနိုင်ပေ။ အကယ်၍ မုန်ညှင်းနက် ကုန်သည်အိမ်တော်က နတ်ဘုရားကျောက် များများစားစား ထပ်မံ ရရှိလို၍ မဟုတ်လျှင် ထျန်းနူအား သတ်ပစ်ပြီးလောက်ပြီ ဖြစ်၏။
ဝူကျင်းသဲ့က မိုဝူကျိအား စာချုပ် လက်မှတ်ထိုးဖို့ရန်ပင် မမေးပေ။ ဤသူက သူ့အလိုလို သူ့ဆီ ရောက်လာခြင်းသာ ဖြစ်၏။
“အသိစိတ်ပင်လယ် နှစ်ခုနဲ့ ကျင့်ကြံသူက နတ်ဘုရားနယ်မြေ မြို့အသစ်မှာ မရှိဘူးလေ။ အဲဒါကြောင့် ခင်ဗျား ကျုပ်နောက်ကို လိုက်လာဖို့ လိုတယ် ” ဝူကျင်းသဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။
မိုဝူကျိ၏ အမူအယာမှာ အုံ့မှိုင်းလာပြီး ပြန်ဖြေလိုက်သည် “ ဒီလိုဆိုမှတော့ ကျုပ်ပစ္စည်းတွေ ပြန်ပေးလို့ ရမလား။ ကျုပ် နောက်ထပ် ကုန်သည်အိမ်တော်ဆီပဲ သွားလိုက်တော့မယ် ”
ဝူကျင်းသဲ့နဲ့ နတ်ဘုရားနယ်မြေ မြို့အသစ်ကနေ ထွက်သွားရမည်လား ….
မိုဝူကျိက အရူး မဟုတ်ပေ။ နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ၌ မိုဝူကျိသည် ပြန်လည် တိုက်ခိုက်နိုင်သည်မှာ ကာကွယ်ရေး အစီအရင်သည် သူ့အတွက် တည်ရှိနေသလို သူ့အနေနှင့် လေရွေ့ပြောင်း စွမ်းရည်ကိုလည်း အလွယ်တကူ ထုတ်သုံး၍ ရပေသည်။ မြိုအပြင် ရောက်သွားသည်နှင့် နတ်ဘုရားအုပ်စိုးသူ အဆင့် ၁ ကျင့်ကြံသူ တစ်ယောက်အနေနှင့် နတ်ဘုရားအုပ်စိုးသူ အဆင့် ၄ နှင့် အရောင်းအဝယ် လုပ်ဖို့ အရည်အချင်း ပြည့်မှီဦးမည်လား။
သူက ဝူကျင်းသဲ့ကို မကြောက်သော်လည်း သူ တစ်ယောက်တည်း ဝူကျင်းသဲ့ကို ရင်ဆိုင်နိုင်လိမ့်မည်ဟုလည်း မယုံပေ။
“ တာအိုရောင်းရင်း လျူရှင်း ဒါက ဘာအဓိပ္ပါယ်လဲ ” ဝူကျင်းသဲ့က စိတ်မကြည်လင်စွာဖြင့် မျက်မှောင်ကျတ်ကာ အသံမြင့် ပြောလိုက်သည်။
သူ့ပိုင်ဆိုင်မှုထဲ ရောက်သွားပြီ ဖြစ်၍ ပြန်လည် ထုတ်ပေးဖို့ မဖြစ်နိုင်ပေ။
မိုဝူကျိက ပုံမှန်အတိုင်းသာ ပြောလိုက်သည် “ ကျုပ်က ကနဦး နတ်ဘုရားအဆင့်ပဲ ရှိသေးတာလေ။ ကျုပ် ဒီနတ်ဘုရားနယ်မြေ မြိုအသစ်ထဲမှာ အရောင်းအဝယ် လုပ်ရဲတာက ဒီဟာက နတ်ဘုရားနယ်မြေထဲမှာ အကြီးဆုံးမြို့လေ။ ဒီနေရာကို စောင့်ကြပ်ပေးနေတဲ့ ပညာရှင်တွေ အများကြီးရှိတော့ ကျုပ်အတွက် စွန့်စားမှု မရှိဘူး။ တကယ်လို့ ကျုပ်တို့သာ မြို့အပြင်ကို ရောက်သွားရင် ကျုပ် ဘေးကင်းနေဦးမယ်ဆိုတာ ဘယ်သူက အာမခံပေးမှာလဲ။ ကျုပ်ဆီမှာ နတ်ဘုရားကျောက် ရှိနေသရွေ့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် မရဘူးဆိုတာ မယုံဘူး ”
ဝူကျင်းသဲ့က မိုဝူကျိဆီ ပစ္စည်းများ ပြန်ပေးရန် ရည်ရွယ်ချက် မရှိပေ။ ယခု သူက မိုဝူကျိသည် သူနှင့် လာရောက်၍ အရောင်းအဝယ် လုပ်ရဲသည်မှာ နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ဖြစ်နေသည့်အကြောင်း ထုတ်ပြောလာသောအခါ သူ့စိတ်အေးမိသွား၏။ ထို့နောက် သူက ရယ်ရယ်မောမောဖြင့် “ တာအိုရောင်းရင်း လျူရှင်း … စရံဆိုတာက ကတိသဘောမျိုးပဲလေ။ ခင်ဗျားရဲ့ စကားကို ဘယ်လိုလုပ် ပြန်ရုတ်သိမ်းလို့ ရမှာလဲ ”
မိုဝူကျိက လက်တစ်ချက် အဝှေ့ဖြင့် အသိစိတ်ကျောက်များ ကြမ်းပေါ် ကျလာစေကာ “ စီမံရေးမှူးဝူ … ဒီတစ်ခါ ကျုပ် အမှားပါ။ ဒါပေမဲ့ အဲဒီ နတ်ဘုရားကျောက်တွေနဲ့ နတ်ဝိညာဉ်သွေးကြောက နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ဝယ်ဖို့ ရည်ရွယ်ထားတာမလို့ပါ။ ကျုပ်ဆီ ပြန်ပေးလို့ ရမလား။ ကျုပ် တောင်းပန်တဲ့အနေနဲ့ ပန်းပဲထုရာမှာ သုံးတဲ့ နတ်ကျောက်တုံးနက်ကို ပေးမယ်လေ။ ဒီကျောက်တုံးနက်တွေက ထိပ်တန်းပစ္စည်းတော့ မဟုတ်ပေမဲ့ အဆင့်နိမ့် နတ်ပစ္စည်း ထုလို့ ရပါတယ်။ အလယ်အလတ်အဆင့်တောင် ထုလုပ်နိုင်လောက်သေးတယ် ”
မိုဝူကျိက သူ့အပြုအမူများသည် ဝူကျင်းသဲ့ မျက်လုံးအောက်မှ မလွတ်မှန်း သိထားသော်လည်း ပြောနေရင်းဖြင့် လက်ထဲ၌ လွတ်မြောက်ရေး အဆောင်ကို တိတ်တဆိတ် ဝှက်ထားလိုက်သည်။ ဤသည်မှာ ဝူကျင်းသဲ့အား ထျန်းနူအား ဤနေရာသို့ ခေါ်ဆောင်လာစေရန် တွန်းအားပေးလိုက်ခြင်းသာ ဖြစ်၏။ သူ့ဦးဆုံးအစီအစဉ်မှာ မုန်ညှင်းနက် ကုန်သည်အိမ်တော်ကို ဖျက်စီးပစ်ဖို့ ဖြစ်သော်လည်း ထျန်းနူက ကုန်သည်အိမ်တော်လက်ထဲ ရောက်နေသည့်အတွက် ထျန်းနူအား ခေါ်ဆောင်သွားဖို့ အကြံအစည် ပြောင်းလိုက်ခြင်း ဖြစ်သည်။
“ အသိစိတ်ကျောက်တွေလား ” ဝူကျင်းသဲ့က ထိုကျောက်အပုံလိုက်ကို မြင်သည့်အခါ တအံ့တဩ ရေရွတ်လုနီးပါး ဖြစ်သွားသည်။ ကံကောင်းသွားသည်က သူ့အနေနှင့် အချိန်မီ ထိန်းထားလိုက်နိုင်၏။
ထိုစဉ် သူ့စိတ်နှလုံးသားကား သူ့သွင်ပြင်လောက် တည်ငြိမ်နေခြင်း မရှိတော့ပေ။
ပန်းပဲထုရာမှာ သုံးတဲ့ ကျောက်တုံးနက်တဲ့လား …
ဒါက အသိစိတ်ကျောက်တွေလေ … နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းဖို့ သုံးနိုင်တဲ့ ရတနာလေ။ ဒီလိုအပုံလိုက်ဆိုရင် ဘယ်လောက်တန် တန်ကြေးရှိလိုက်မလဲ …
“ ဟားဟား … တာအိုရောင်းရင်း လျူရှင်းက အတွေးလွန်နေပါပြီဗျာ။ ကျုပ်တို့ မုန်ညှင်းနက် ကုန်သည်အိမ်တော်က ယုံကြည်မှုကို ဦးစားပေးတဲ့ ကုန်သည်အိမ်တော်ပါ။ အဲဒါကြောင့်မလို့ တာအိုရောင်းရင်းက ကျုပ်နဲ့ မသွားချင်ဘူးဆိုရင် ကျုပ် ခင်ဗျားရဲ့ စရံကို သိမ်းမထားပါဘူး။ ဒီမှာ ခဏလောက် ထိုင်စောင့်နေပေးပါ။ ကျုပ် အဲဒီ အသိစိတ်ပင်လယ် နှစ်ခုနဲ့လူကို သွားခေါ်ခိုင်းလိုက်ပါ့မယ် ” ဝူကျင်းသဲ့က မြန်မြန် ပြောလိုက်သည်။ သူက မိုဝူကျိ၏ လွတ်မြောက်ရေး အဆောင်ကို မြင်လိုက်သောကြောင့် မိုဝူကျိသည် ထွက်သွားဖို့ရာ အလျှင်လိုနေကြောင်း အာရုံခံလိုက်မိ၏။
ထို့ကြောင့် လက်ရှိ အရေးကြီးဆုံးအလုပ်မှာ မိုဝူကျိ၏ စိတ်အခြေအနေအား တည်ငြိမ်သွားစေရန် ဖြစ်၏။ သူက မိုဝူကျိအား ဖယ်ရှားလိုလျှင်ပင် သူ့အနေနှင့် မြို့အတွင်း ရုတ်ရုတ်သည်းသည်း ဖြစ်စေ၍ မဖြစ်ပေ။ ယခု သူ မတိုက်ခိုက်ရဲသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ မိုဝူကျိ၏ ကျင့်ကြံဆင့် အစစ်အမှန်ကို မသိရသေး၍ ဖြစ်သည်။ သူက ကျင့်ကြံဆင့် ဖုံးကွယ်ထားသော မိုဝူကျိအား တစ်ချက်တည်းဖြင့် ပွဲမသိမ်းနိုင်ခဲ့လျှင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားပေလိမ့််မည်။
“ ရတာပေါ့ …. ကျုပ် ဒီမှာ စောင့်နေပါ့မယ်။ မစိုးရိမ်ပါနဲ့။ ကျုပ်ဆီမှာ နတ်ဘုရားကျောက်နဲ့ လဲဖို့ ကျောက်တုံးနက် ဆယ်သန်းကျောက်လောက် ပါပါသေးတယ်” ဝူကျင်းသဲ့က အသိစိတ်ကျောက်များကို မထိနိုင်လိုက်ခင် မိုဝူကျိက ကျောက်တုံးနက် တစ်ပုံလုံးကို သိမ်းလိုက်သည်။
ထိုစကားက ဝူကျင်းသဲ့အား အတော်လေး တုန်လှုပ်သွားစေကာ ပို၍ စိုးရိမ်လာစေ၏။
မိုဝူကျိက တမင် ပြောလိုက်တာလား … ဒါမှမဟုတ် မိုဝူကျိက အသိစိတ်ကျောက်များကို နတ်ဘုရားအသွင်သဏ္ဍာန် ဖွဲ့စည်းဖို့ သုံးနိုင်တယ်ဆိုတာကို မသိသေးဘူးလား ….
ဝူကျင်းသဲ့က ထိုအတွေး တွေးမိပြီးသည့်နောက်တွင် မေ့မေ့ပျောက်ပျောက်သာ နေလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက မိုဝူကျိအား ထိုအသိစိတ်ကျောက်များ ယူဆောင်သွားခွင့် မပြုနိုင်ပေ။ လျူရှင်းက မည်မျှ အားကောင်းစေကာမူ ဝူကျင်းသဲ့ အမြင်၌ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။ အခြေအနေကို ပြန်တွေးကြည့်ပါက သူ့အနေနှင့် ဂိုဏ်းကြီးမှ တပည့်တစ်ယောက်အား အမှန်တကယ် သတ်ပစ်ခဲ့သည်ဆိုလျှင်ပင် ထွက်ပြေးသွားရုံသာ ဖြစ်၏။ အသိစိတ်ကျောက် ဆယ်သန်းကျောက်ဖြင့် မုန်ညှင်းနက် ကုန်သည်အိမ်တော်၌ အဘယ်ကြောင့် ဆက်နေနေရမည်နည်း။ မုန်ညှင်းနက် ကုန်သည်အိမ်တော် ဆက်လက် ရှင်သန်ရေးက သူနှင့် ဘာဆိုင်မည်နည်း။
“ခင်ဗျားကို ယုံပါတယ် ” ဝူကျင်းသဲ့က ပြောလိုက်ရင်း သတင်းလှမ်းပို့လိုက်သည်။
ယခု မိုဝူကျိက မျက်လုံးမှိတ်ကာ ဘာမှမပြောဘဲ အတွေးနက်နေလေသည်။ လက်တွေ့၌ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှတဆင့် ကုန်သည်အိမ်တော်အတွင်း ထောင်ချောက် ခင်းကျင်းနေခြင်း ဖြစ်ပေသည်။
မိုဝူကျိက ဘာမှဆက်မပြောသည်ကို မြင်ကာ ဝူကျင်းသဲ့က အသိစိတ်ကျောက်အကြောင်း ဆက်လက် မေးမြန်းလိုသော်လည်း မိုဝူကျိက တစ်ခုခု သံသယဝင်သွားမည်ကို စိုးရိမ်မိပေသည်။ ထို့ကြောင့် သူက မိုဝူကျိနှင့်အတူ ထိုင်နေလိုက်တော့သည်။
ထျန်းနူအား ခေါ်ဆောင်လာဖို့ရာ ဝူကျင်းသဲ့က လုံးဝ မစိုးရိမ်မိပေ။ ထျန်းနူက သေလုနီးပါး ဖြစ်နေပြီး သူ့လူများက ထျန်းနူအား စောင့်ကြပ်ထားသည်။ သူ လုပ်ဖို့လိုသည့်အရာမှာ သူ့လက်အောက်ခံလူများကို ထျန်းနူအား နတ်ဘုရားနယ်မြေ မြို့အသစ်ဆီ ခေါ်ဆောင်လာခိုင်းဖို့သာ ဖြစ်၏။ မုန်ညှင်းနက် ကုန်သည်အိမ်တော်လည်း သူ့အား မတားဆီးနိုင်ချေ။
နေ့တစ်ဝက် ကြာမြင့်သွားလေသည်။ ထို့နောက် တံခါးပေါ်ရှိ အတားအဆီးမှာ လှုပ်ခတ်သွားပြီးနောက် ဆံဝါ လူငယ်လေးက အထူးသီးသန့် အခန်းဝ၌ ပေါ်လာသည်။
မိုဝူကျိက မျက်လုံးကျယ်ကျယ် ပြန်ပွင့်လာသည်။ ထို့နောက် ဝူကျင်းသဲ့က သားရဲအိတ်ကို ယူကာ ပြောလိုက်သည် “ တာအိုရောင်းရင်း လျူရှင်းရဲ့ စိတ်စွမ်းအားနဲ့ အထဲကို စစ်ဆေးကြည့်လိုက်ပါဦး။ ပြီးရင် ကျုပ်တို့တွေ ဆက်ဆွေးနွေးဖို့ ကျင့်ကြံရေး အခန်းဆီ သွားကြတာပေါ့ ”
မိုဝူကျိကို သတ်ဖို့ရာ အထူးသီးသန့်အခန်းအတွင်း လုပ်ဆောင်ရန် မဖြစ်ပေ။ ထို့ကြောင့် သူက မိုဝူကျိအား အခန်းမှ ထွက်သွားဖို့ လှည့်စားရမည်။
ထိုစဉ် မိုဝူကျိ၏ စိတ်စွမ်းအားက ထျန်းနူနှင့် တူသည့် အလောင်းတစ်လောင်းဆီ ရောက်ရှိသွားသည်။ ထိုစဉ် ထျန်းနူ၏ တစ်ကိုယ်လုံးမှာ ပြာနှမ်းနေပြီး မှတ်တမ်းတင်ထားသည့်ထက် ပို၍ ဆိုးရွားနေပေသည်။ သူ့အရေပြားပေါ်တွင်လည်း အနက်ရောင်အလွှာ ဖြစ်နေပြီး ပြာနှမ်းနေသော အရိုးများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထိုမြင်ကွင်းကြောင့် သူ့စိတ်ထဲမှ သတ်ဖြတ်ငွေ့များ ကြီးစိုးလာသည်။ မိုဝူကျိက လက်တစ်ချက် အဝှေ့ဖြင့် ထောင်ချောက်အစီအရင်ကို အသက်သွင်းလိုက်ပြီး ဝူကျင်းသဲ့ဆီ လက်ချောင်းတစ်ချောင်း ရွယ်ကာ အော်ပြီး ပြောလိုက်သည် “ သွားသေလိုက်တော့ ”