မိုဝူကျိ ကြောက်သည့်သူ
Vol. 75 Ch. 1040
ဝူကျင်းသဲ့က မိုဝူကျိသည် ဤနေရာတွင် လှုပ်ရှားရဲလိမ့်မည်ဟု မတွေးထားမိသော်လည်း လုံးလုံး စိတ်ပူပန်ခြင်း မရှိပေ။
မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့် ဖြစ်နေတော့လည်း ဘာအရေးလဲ …
နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ၌ သူပင် မတိုက်ခိုက်ရဲလေရာ မိုဝူကျိလိုမျိုး အပြင်လူတစ်ယောက်က တိုက်ခိုက်ရဲသည်မှာ ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်၏။
မိုဝူကျိက လှုပ်ရှားပြီးပြီ ဖြစ်၍ ဝူကျင်းသဲ့က ထိန်းမထားတော့ဘဲ သူ့မှော်ရတနာကို ဒေါသတကြီး ဆွဲယူဖို့ ကြိုးစားလိုက်သည်။
သို့သော် မကြာခင် သူ့မျက်ဝန်း၌ အကြောက်တရားများ ပြည့်နှက်လာသည်။ သူ့ဘေးပတ်ဝန်းကျင်ရှိ အာကာပြင်က သူ့အား အားပြင်းပြင်း ချူပ်နှောင်ထားသလို ခံစားမိလိုက်ရသည်။ ဤသည်မှာ ထောင်ချောက် အစီအရင် ဖြစ်၏။ ဤအခိုက်အတန့်လေး၌ သူ မှားယွင်းသွားကြောင်း သိလိုက်သည်။ မိုဝူကျိက သူ ဂုတ်သွေးစုပ်လို့ရမည့်လူ မဟုတ်ပေ။ တစ်ဖက်လူက မည်သို့ ဖြစ်သွားစေကာမူ ယခုတွင် သူက သေရတော့မည် ဖြစ်၏။
သူ့အမြင်အရ မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလျှင်ပင် သူ့အား အချိန်တိုလေးအတွင်း သတ်နိုင်စွမ်း မရှိလောက်ကြောင်း ယုံကြည်မိခဲ့သည်။ ထို့အပြင် သူ့အတွက် မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့်ပင် မရောက်သေးပေ။ သို့သော်လည်း ယခု မိုဝူကျိ တိုက်ခိုက်လိုက်သည်နှင့် သူ့အား ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိလောက်အောင် ဖြစ်သွားစေသည်။ သူက တစ်ချက်ပင် မခုခံနိုင်ပေ။
“ ဝုန်း ” ဝူကျင်းသဲ့ မျက်ဝန်း၌ ကူကယ်ရာမဲ့မှုတို့ မကြီးစိုးလာခင် သူ့ခန္ဓာကိုယ်မှာ တစစီ ဖြစ်သွားတော့သည်။ စိတ်ဝိညာဉ် သားရဲအိတ်လေးကို မိုဝူကျိ၏ လူသားကမ္ဘာအတွင်း သိမ်းဆည်းထားလိုက်သည်။
ဝူကျင်းသဲ့အား သတ်ပစ်လိုက်သည့် သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ ပထမဆုံးတိုက်ကွက်သည် အစပင် ရှိနေသေး၏။ ထိုစဉ် မုန်ညှင်းနက် ကုန်သည်အိမ်တော် တစ်ခုလုံးက သက်ရှိလောကအလား ပျက်စီးသွားသည်။
အချိန်များက ကုန်ဆုံးသွားပြီး အသက်ဓာတ်များက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
“ ဝုန်း ဝုန်း ဝုန်း ” မုန်ညှင်းနက် ကုန်သည်အိမ်တော်အတွင်း ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သက်ရှိလောကအတွင်းရှိ အရာအားလုံးက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေ၏။
အခြား နတ်ဘုရားအုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ယောက်မှာ ပြန်လည် ခုခံခွင့်ပင် မရရှိလိုက်ဘဲ သက်ရှိလောက တိုက်ကွက်အောက်တွင် သေဆုံးသွားကြသည်။
ကုန်သည်အိမ်တော် ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက ကြောင်အမ်းကုန်ကြသည်။ နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေ ပူးပေါင်းလိုက်ပြီး နတ်ဘုရားနယ်မြေ မြို့အသစ်ကို တည်ထောင်လိုက်စဉ်ကတည်းက ကုန်သည်အိမ်တော် တစ်ခုလုံးကို ဖျက်စီးဖို့ မဆိုထားနှင့် မည်သူကမှ မတိုက်ခိုက်ရဲကြပေ။
အကယ်၍ နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ကုန်သည်အိမ်တော်က ဤသို့ ဖျက်စီးခံလိုက်ရသည်ဆိုလျှင် မြို့က ယနေ့အထိ တိုးတက်လာနိုင်မည် မဟုတ်ပေ။
မုန်ညှင်းနက် ကုန်သည်အိမ်တော်ဆီ အလင်းတန်း တစ်ချက် ကျရောက်လာသည်။ မိုဝူကျိက မည်မျှ မြန်ဆန်စေကာမူ မြို့တာဝန်ခံများလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ ဟားဟား .. ဝူကျိ မင်း နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ရောက်လာပြီး ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေရတာလဲ ” နွေးထွေးပျူဌာသည့် အသံတစ်သံက မိုဝူကျိနားထဲ ရောက်လာသည်။
မိုဝူကျိက လမ်းတွင် ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် “ စီနီယာစန်းလား …”
မိုဝူကျိက ထောင်ချောက်အစီအရင်ကို အာကာပြင် သင်္ကေတများဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်ရာ စန်းကျန့်ရှင်းသာ နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ရှိနေလျှင် သေချာပေါက် သတိထားမိမည်သာ ဖြစ်၏။ သူ့သွင်ပြင်ကို မည်သို့ ပြောင်းလဲထားစေကာမူ လှုပ်ရှားလိုက်သည်နှင့် စန်းကျန့်ရှင်းလိုမျိုး အဆင့်မြင့် ပညာရှင်က တန်းမှတ်မိမည်သာ ဖြစ်ပေသည်။
“ ဟုတ်တယ် … ငါလည်း တိုက်တိုက်ဆိုင်ဆိုင် နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ရောက်နေတာ ” စန်းကျန့်ရှင်းက ခဏရပ်သွားပြီးနောက် မိုဝူကျိရှေ့ အစီအရင်အလံတစ်ခု ကျလာသည် “ ဝူကျိ … ဒါက နတ်ဘုရားနယ်မြေ မြို့အသစ်အတွက် ထောင်ချောက်အစီအရင်အလံပဲ။ မင်း ငါ့ကို အခုလာတွေ့မလား ဒါမှမဟုတ် တခြားကို အရင်သွားမလား ”
“ စီနီယာကို ကျေးဇူးတင်ပါတယ်။ ဂျူနီယာလေး အရင်ဆုံး တခြားနေရာကို သွားလိုက်ပါ့မယ် ” မိုဝူကျိက စန်းကျန့်ရှင်းသည် သူ့အား မုန်ညှင်းနက် ကုန်သည်အိမ်တော် ဖျက်စီးလိုက်သည့် အကြောင်းအရင်းအား မမေးသည့်အတွက် အလွန်ကျေးဇူးတင်မိနေသည်။ စန်းကျန့်ရှင်းက သူ့အား အစီအရင်အလံကိုပင် တိုက်ရိုက်ပေးလိုက်သေး၏။
အစီအရင်အလံက သူ့အပိုင် ဖြစ်သွားသည်နှင့် မိုဝူကျိက ဤနေရာတွင် အဆင့် ၇ သေမင်းထောင်ချောက် အစီအရင် ရှိနေကြောင်း သိလိုက်ရသည်။
ဆိုလိုသည်မှာ သူ့တွင် အစီအရင်အလံ ရှိနေသရွေ့ ဤမြို့ထဲ နတ်ဘုရားဘုရင်များ အုပ်စုလိုက်ဖွဲ့ပြီး သူ့နောက် လိုက်လာလျှင်ပင် သူ့အနေနှင့် အလွယ်တကူ အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်။
မိုဝူကျိက စန်းကျန့်ရှင်းကို ယခုအချိန် သွားတွေ့လိုက်လျှင် နတ်ဘုရားနယ်မြေ မြို့အသစ်ရှိ မည်သူကမှ သူ့အား ထိရဲမည် မဟုတ်ကြောင်း သိသော်လည်း သူ့အနေနှင့် တခြားလူများက စန်းကျန့်ရှင်အား နောက်ကွယ်၌ မကောင်းကြောင်း ပြောကြမည်ကို မလိုလားပေ။ သူက မုန်ညှင်းနက် ကုန်သည်အိမ်တော်ကို ဖျက်စီးပြီး ထွက်လာခဲ့သည် မဟုတ်ပါလော။
အစီအရင်အလံကို သိမ်းဆည်းပြီးနောက် မိုဝူကျိက မြို့မှ ဖြတ်ခနဲ ထွက်သွားတော့သည်။
မြို့တာဝန်ခံများ ရောက်ရှိလာသည့်အခါ မိုဝူကျိက မြို့အပြင်သို့ ရောက်ရှိနေပြီ ဖြစ်၏။
မိုဝူကျိက မြို့အပြင်သို့ ရောက်သည်နှင့် ထျန်းနူအား စိတ်ဝိညာဉ် သားရဲအိတ်မှ ထုတ်ကာ တာ့ဟွမ်အား အသက်ဓာတ်ဆေးလုံး ပေးပြီး ထျန်းနူအား ကယ်တင်ခိုင်းထားလိုက်သည်။ ထို့နောက် သူက ဝတ်စုံအသစ် လဲဝတ်ကာ မျက်နှာဖုံးကို ဖယ်လိုက်ပြီး မြို့အတွင်း နောက်တစ်ဖန် ဝင်သွားလိုက်သည်။
“ မိုဝူကျိလား ” မိုဝူကျိ တစ်ယောက် နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ ရောက်လာသည်နှင့် ပိန်ပါးပါး အမျိုးသားက သူ့အား တအံ့တဩ ကြည့်လိုက်သည်။
နှစ်တစ်သောင်း ကုန်လွန်သွားပြီ ဖြစ်ရာ မိုဝူကျိကို အများစုက မေ့လျော့နေပြီ ဖြစ်၏။ သို့သော် သူ ပြန်ပေါ်လာသည့်အခါ လူများက ချက်ချင်း မှတ်မိလိုက်ကြသည်။
မိုဝူကျိအား မှတ်မိသွားသောသူမှာ လုရှင်းထန် ဖြစ်ပြီး နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ တပည့် ဖြစ်၏။ ယခင် မိုဝူကျိက လျူရုတင်းအား သူမ ဂိုဏ်းဆီ ပြန်လည် ပို့ဆောင်ပေးပြီးနောက် လျူရုတင်းက လုရှင်းထန်အား မိုဝူကျိအတွက် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ အပြင်စည်းတပည့်အဖြစ် စီစဉ်ပေးရန် မှာကြားခဲ့သည်။ အဆုံးသတ်၌ လုရှင်းထန်က လျူရုတင်း၏ ညွှန်ကြားချက်များကို မိုဝူကျိအား လျစ်လျူရှုကာ ထွက်သွားလေသည်။
တကယ်တော့ လျူရုတင်းလည်း ဂရုမစိုက်ခဲ့ပေ။ သူမအတွက် မိုဝူကျိသည် သူမ အသုံးချရခဲ့သည့် ဖြတ်သွားဖြတ်လာတစ်ယောက်သာ ဖြစ်၏။
မိုဝူကျိအား မြင်သွားပြီးသည့်နောက်တွင် လုရှင်းထန်က တုန်တုန်ယင်ယင် ဖြစ်လာသည့်အထိ တုန်လှုပ်လာမိသည်။ သူ့ကျင့်ကြံရေး ပါရမီမှာ အတော်လေး ကောင်းမွန်သောကြောင့် နှစ်တစ်သောင်းအတွင်း သူက ကောင်းကင်နတ်ဘုရား အဆင့် ၃ မှ အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့သည်။ သို့သော်လည်း သူက မိုဝူကျိနှင့် ယှဉ်လိုက်သည့်အခါ မဖြစ်စလောက်မျှသာ ဖြစ်နေသေး၏။
ကောင်းကင်လူသားဂိုဏ်းနှင့် နဝမဆင့်ကဲခြင်းဂိုဏ်းကြားရှိ ရန်ငြိုးမှာ မိုဝူကျိကြောင့်လည်း တပိုင်းတစ ပါဝင်သလို ပင်လယ်ကြီးလောက်လည်း နက်ရှိုင်းလှသောကြောင့် မိုဝူကျိ ပေါ်လာသည်နှင့် လုရှင်းထန်က အခွင့်အရေးကို အဘယ်ကြောင့် လက်လွတ်ခံရမည်နည်း။
မိုဝူကျိ မြို့ထဲ ဝင်လာသည့်အခါ လုရှင်းထန်က ချက်ချင်း လှမ်းအကြောင်းကြားလိုက်သည်။ ဤတစ်ကြိမ်၌ သူတို့က မိုဝူကျိအား သေချာပေါက် လွတ်ပေးမည် မဟုတ်ပေ။ အကယ်၍ ကန့်သတ်ချက် ရှိနေသည့် သူ့အင်အားကြောင့်သာ မဟုတ်လျှင် သူ့ဘာသာ လှုပ်ရှားပြီးလောက်လေပြီ။ မိုဝူကျိတွင် ရတနာများစွာ ရှိနေသည်ဟု ကောလဟာလ ထွက်နေသည် မဟုတ်ပါလော။ အထူးသဖြင့် မီးပြင်းကျောက်တုံး ဖြစ်၏။
……………
စန်းကျန့်ရှင်း၏ အိမ်က နိဗာနတိတ်ဆိတ်မှု ပင်လယ် ကူးသန်းအစီအရင် ဌာနချုပ်နှင့် နီးနီးကပ်ကပ် တည်ရှိပေသည်။
မိုဝူကျိ ရောက်ရှိလာသည့်အခါ စန်းကျန့်ရှင်းက မတ်တတ်ရပ်၍ “ နှစ်တစ်သောင်းတောင် ကြာသွားပြီ။ မင်းရဲ့ ကျင့်ကြံဆင့်လည်း တိုးတက်လာပြီပေါ့။ သေမျိုးနယ်မြေကတော့ တကယ်ကို ထူးချွန်တာပဲ … ”
“ မိုဝူကျိက စီနီယာကို ဂါရဝပြုပါတယ်။ စီနီယာကို ဒီနေရာမှာ တွေ့ရတာ အရမ်းဝမ်းသာတာပဲ ” မိုဝူကျိက လေးလေးစားစား ဦးညွှတ်လိုက်သည်။
ထိုစကားများက နှလုံးသားအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ရှင်းမူနှင့် ယှဉ်လျှင် စန်းကျန့်ရှင်းက မိုဝူကျိ အမှန်တကယ် လေးစားရသည့် စီနီယာတစ်ဦး ဖြစ်ပေသည်။
စန်းကျန့်ရှင်းက မိုဝူကျိအား ထိုင်ဖို့ရာ ညွှန်ပြလိုက်ပြီး “ မင်း ယူမျိုးနွယ်နဲ့ တစ်ခုခု ဖြစ်ပြီလို့ ထင်ထားတာ။ ငါ အဲဒီ မြေခွေးအိုကြီး ရှင်းမူနဲ့ ဖြေရှင်းဖို့ သွားလိုက်သေးတယ်။ ဒါပေမဲ့ ယူမျိုးနွယ်က အာကာပြင်အဖြစ် ပြောင်းလဲသွားတယ်။ ငါလည်း လက်ရှိအင်အားနဲ့ အထဲကို မဝင်နိုင်တာနဲ့ ဘာမှတတ်နိုင်တာ မရှိဘူး။ အခု မင်း အဆင်ပြေတာ သိရတော့ ငါ စိတ်အေးသွားပါပြီ ”
မိုဝူကျိက စန်းကျန့်ရှင်းသည် သူ့အား အမှန်တကယ် ဂရုစိုက်မှန်း သိ၍ မြန်မြန် ပြန်ဖြေလိုက်သည် “ အဲဒီ ယူမျိုးနွယ်အောက်မှာ ကမ္ဘာဦး နတ်ဝိညာဉ်ကြော ရှိနေတာ … သူတို့က ကျွန်တော်ကို ကာကွယ်ရေး အစီအရင် ခင်းကျင်းခင်းတာ ကျွန်တော်လည်း အခွင့်အရေးကို အသုံးချပြီး ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောကို ဖယ်ရှားပစ်လိုက်တယ်။ အဲဒါနဲ့ နေရာတစ်ခုလုံး အာကာပြင်လို ဖြစ်သွားတာ နေမယ်။ ကျွန်တော်က သတ္တကမ္ဘာကျောက်တုံးဆီ ပို့ဆောင်ခံလိုက်ရတယ် ”
“ သတ္တကမ္ဘာ ကျောက်တုံးလား ” စန်းကျန့်ရှင်းက မိုဝူကျိဆီမှ ထိုစကားကို ကြားလိုက်သည့်အခါ တအံ့တဩဖြင့် ခဏခဏ ရေရွတ်လိုက်သည်။
“ စီနီယာက သတ္တကမ္ဘာကျောက်တုံးကို သိနေတာလား ” မိုဝူကျိက မေးလိုက်၏။
စန်းကျန့်ရှင်းက ခေါင်းခါကာ “ ငါ့ဆရာဖိုးဖိုးက သတ္တကမ္ဘာကျောက်တုံးအကြောင်း ပြောပြဖူးတယ်။ အဲဒါက ခုနှစ်လောက ဆက်နွယ်နေတဲ့ နေရာတစ်ခုတဲ့ … ငါ့ကိုတော့ အဲဒီ ခုနှစ်လောက အကြောင်း လာမမေးနဲ့။ ငါလည်း မသိဘူး။ ဒါနဲ့ ဝူကျိ မင်း သတ္တကမ္ဘာကျောက်တုံးဆီ သွားဖို့ နည်းလမ်း ရှိလား ”
မိုဝူကျိက ဘာမှသိုဝှက်မထားဘဲ ပြန်ဖြေပေးလိုက်သည် “ ကျွန်တော်တို့ အင်မော်တယ်လောကထဲမှာ ရှိတယ်ဆိုရင်တော့ နည်းလမ်းကို သိတယ်။ အင်မော်တယ်လောကမှာ မဟာကင်းမဲ့ ပင်လယ်နယ်မြေဆိုတဲ့ နေရာတစ်ခု ရှိတယ်။ အဲဒါက သတ္တကမ္ဘာကျောက်တုံးနဲ့ ဆက်သွယ်ထားတဲ့ နေရာတစ်ခုပဲ။ ဒီနေရာကနေတော့ ကျွန်တော်လည်း နည်းလမ်း မရှိဘူး ”
စန်းကျန့်ရှင်းက ဆက်မမေးတော့ဘဲ ဆက်ပြောလိုက်သည် “ သတ္တကမ္ဘာကျောက်တုံးက ကြီးကြီးမားမား လျို့ဝှက်ချက် တစ်ခုရှိတယ်။ မင်းရဲ့ ကျင့်ကြံဆင့် ပိုမြင့်လာတဲ့အခါကျ မင်း သွားပြီး စုံစမ်းကြည့်ကြည့် … ငါတော့ မင်းအဆင်ပြေလို့ အရမ်းဝမ်းသာတယ်။ ဒါပေမဲ့ မင်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ ပြန်ရင်တော့ ရှင်းမူ အဲဒီမြေခွေးအိုကြီးကို သတိထားဦး။ သူက မင်းအပေါ် မဟုတ်တာ ကြံစည်နေလောက်တယ် ”
“ ကျွန်တော်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် နားလည်ပါပြီ ” မိုဝူကျိက ရှင်းမူသည် သူ့အား ရည်ရွယ်ချက်ရှိရှိ ယူမျိုးနွယ်ဆီ လွှတ်လိုက်သလားဟု သံသယ ဝင်မိနေခဲ့သည်။ သို့သော် သူ့တွင် လက်ဆုပ်လက်ကိုင် ပြစရာ သက်သေ မရှိသောကြောင့် ထုတ်မပြောခြင်းသာ ဖြစ်၏။ ထို့အပြင် သူနှင့် ရှင်းမူကြားရှိ ခြားနားချက်မှာ အတော်အတန် ကြီးမားနေသေး၏။
“ ကောင်းတယ် … ငါ ဒီနေရာက ထွက်သွားတော့မယ်။ နောက်တစ်ခါ မင်း ငါ့ကို ရှာချင်ရင် နတ်ဘုရားသိုက်မြုံ အစွန်းအဖျားဆီ လာခဲ့ ” စန်းကျန့်ရှင်းက ပြောရင်း မတ်တတ်ထရပ်လိုက်သည်။
“ နတ်ဘုရားမျိုးနွယ်နဲ့ တိုက်ပွဲက အခုထိ ဆက်ဖြစ်နေတုန်းလား ” မိုဝူကျိက မေးလိုက်သည်။ သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာစဉ်မှစ၍ နတ်ဘုရားမျိုးနွယ်အကြောင်း ဘာမှမသိရသေးပေ။
စန်းကျန့်ရှင်းက သက်ပြင်းချကာ ပြန်ဖြေလိုက်သည် “ ကိစ္စတွေက ဘယ်လိုလုပ် အဲလောက် လွယ်ကူမှာလဲ။ နတ်ဘုရားမျိုးနွယ်ဝင်တွေက ကျင့်ကြံဖို့အတွက် ရှင်သန်ကြတဲ့ မျိုးနွယ်တွေ … အစတုန်းက ငါတို့ဘက် အရေးသာတယ်ဆိုပေမဲ့ စည်းမျည်းတွေ တူညီလာတဲ့အခါ နတ်ဘုရားမျိုးနွယ်ဘက်က ပညာရှင် အရေအတွက် တိုးလာတယ်လေ။ အဲဒါက နတ်ဘုရားနယ်မြေအတွက်ရော၊ နတ်ဘုရားကုန်းမြေအတွက်ရော မကောင်းဘူးလေ။ နောက်တစ်ခါ တစ်ခုခုများ ဖြစ်ခဲ့ရင် မင်း သတ္တကမ္ဘာကျောက်တုံးဆီ သွားနေတာ အကောင်းဆုံးပဲ …. မင်းရဲ့ တာအို ပြီးပြည့်စုံသွားတဲ့အခါကျမှ ပြန်လာကြည့်လှည့်။ ပြီးတော့ ငါ မင်းကို ပေးထားတဲ့ အစီအရင်အလံက ဒီနေရာမှာရှိနေတဲ့ သေမင်းထောင်ချောက် အစီအရင်ကို ထိန်းချုပ်နိုင်ရုံတင်မကဘူး။ ငါကိုလည်း ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတ တစ်ခုပဲ။ အဲဒါက ငါ လူကိုယ်တိုင် ရှိနေသလို ဖြစ်နေလိမ့်မယ် ”
ထိုစကားအဆုံးတွင် စန်းကျန့်ရှင်းက ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက စန်းကျန့်ရှင်း ထွက်သွားသည့်ဘက်ကို ဦးညွှတ်လိုက်သည်။ ဤသူကား သူ အမှန်တကယ် လေးစားရသည့် စီနီယာတစ်ဦး ဖြစ်၏။ သူက ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြော အကြောင်း ပြောစဉ်က စန်းကျန့်ရှင်းအား ပေးရန် စဉ်းစားထားခဲ့သည်။
လက်တွေ့၌ စန်းကျန့်ရှင်းက သူ့အပြောကိုပင် မစောင့်ဘဲ ထွက်သွားခဲ့လေ၏။
စန်းကျန့်ရှင်း၏ အိမ်က နတ်ဝိညာဉ်စွမ်းအား ယှဉ်စရာမရှိလောက်အောင် သိပ်သည်းလွန်းပေသည်။ မိုဝူကျိက ဤနေရာသည် စန်းကျန့်ရှင်းက သူအတွက် ကျင့်ကြံဖို့ရာ ချန်ထားပေးခဲ့ကြောင်း သိလိုက်သည်။ သူက အချိန်တစ်ခုလောက်အထိ တံခါးပိတ် လေ့ကျင့်နေချင်သော်လည်း အချိန်ကောင်း မဟုတ်သေးပေ။
စန်းကျန့်ရှင်းက သူ့အား အစီအရင်အလံတစ်ခု ပေးထား၍ အနည်းဆုံးတော့ တချို့ကိစ္စလေး၌ အသုံးပြုရမည်။
မိုဝူကျိက ထိုအတွေးဖြင့် ချိန်စုယင်နှင့် ကူချိုက်တို့အကြောင်း စုံစမ်းရန်အလို့ဌာ နတ်ဘုရားနယ်မြေ မြို့အသစ်ရှိ အလုပ်ခန်းမဆီ သွားလိုက်သည်။
သူတို့နှစ်ယောက်လုံးသား နတ်ဘုရားနယ်မြေအတွင်း ရှိနေသရွေ့ သူတို့က နတ်ဘုရားနယ်မြေ မြို့အသစ်ဆီ ရောက်လာကြလိမ့်မည်။ ဤသည်မှာ နတ်ဘုရားနယ်မြေရှိ အကြီးမားဆုံး မြို့ မဟုတ်ပါလော။ ထို့အပြင် တခြားမြို့များနှင့် ကောင်းစွာ ဆက်သွယ်ထားသေး၏။ နတ်ဘုရားကုန်းမြေသို့ သွားလိုလျှင်လည်း နတ်ဘုရားနယ်မြေ မြို့အသစ်ရှိ ကူးသန်းအစီအရင်ကို အသုံးပြုရပေမည်။
…………..…
နတ်ဘုရားနယ်မြေ မြို့အသစ်ရှိ အလုပ်ခန်းမသည် နိဗ္ဗာန်တာအိုမြို့ကလောက် မသေးပေ။ အတွင်းပိုင်းတွင် လူများ စည်ကားလျက် ရှိနေသည်။ အမျိုးမျိုးသော အလုပ်များကိုလည်း ပြသထားပြီး အလုပ်အများစုကား နတ်ဘုရားသိုက်မြုံအစွန်း၌ နတ်ဘုရားမျိုးနွယ်ဝင်များကို သတ်ရန် ကိစ္စလည်း ပါဝင်ပေသည်။
“ကောင်စုတ်လေး မင်းကို တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တာပဲ ” မိုဝူကျိဘေးမှ ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံမှာ အလွန်တရာ ရင်းနှီးနေသောကြောင့် မိုဝူကျိပင် စိတ်ထဲထိ တုန်လှုပ်မိသွားသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ မီတာအနည်းငယ် အကွာရှိ ဆံပင်ရှည်ရှည် လူငယ်လေး တစ်ဦးက ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ လူငယ်လေးက အလွန်တရာ ငယ်ရွယ်နေဦးမည့်ပုံ ပေါ်ကာ သူ့ကျင့်ကြံဆင့်မှာလည်း ကောင်းကင်နတ်ဘုရား အဆင့် ဝန်းကျင်သာ ရှိသေးသည်။ သို့သော်လည်း သူ့နောက်ကျော၌ သံချေးတက်နေသည့် ဓားရိုးကြီး သယ်ဆောင်ထားလေသည်။
“ ခွန်းယွင်လား ” မိုဝူကျိက မသိမသာ နောက်ဆုတ်မိလိုက်၏။ အကယ်၍ သူ ကြောက်ရွံ့ရမည့်လူ ရှိနေမည်ဆိုလျှင် ခွန်းယွင်က သေချာပေါက် နံပါတ်တစ်သာ ဖြစ်လိမ့်မည်။
***