← Chapters

တကယ်ကို မင်း မိုဝူကျိပဲ

Vol. 75 Ch. 1041

တကယ်ကို မင်း မိုဝူကျိပဲ

Vol. 75 Ch. 1041

မိုဝူကျိက ခွန်းယွင်၏ နောက်ကျောပေါ်ရှိ  ဓားရိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဤဓားရိုးက အကြောက်တရားကို ဖြစ်စေနေဆဲ ဖြစ်သည်။ အကယ်၍ သူသာ ခွန်းယွင်၏ နောက်ခံကို မသိထားလျှင် တခြားလူများကဲ့သို့ ဤသံချေးတက် ဓားရိုးကြီးအား သာမာန်ရတနာအဖြစ်သာ ယူဆမိလိမ့်မည်။

သို့သော် မိုဝူကျိက ဤဓားရိုးကြီးသည် ထိပ်တန်း မှော်ရတနာ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိထားပေသည်။ သူ့ခန့်မှန်းချက်အရ ခွန်းယွင်သည် ကြွားဝါရန် ထုတ်လာခြင်း မဟုတ်ဘဲ ထိုဓားရိုးကို သိမ်းဆည်းနိုင်မည့်အရာ မရှိ၍သာ ဖြစ်ပေမည်။

မိုဝူကျိက ထိုအကြောင်းကို တွေးမိသွားသည့်အခါ စိတ်ထဲ တုန်လှုပ်မိသွား၏။

အကယ်၍ ခွန်းယွင်၏ အင်အားသာ အပြည့်အဝ ပြန်လည် ကောင်းမွန်လာလျှင် စန်းကျန့်ရှင်းနှင့် ရှင်းမူတို့ ပူးပေါင်းလျှင်ပင် ခွန်းယွင်ရှေ့၌ ပုရွက်ဆိတ်သာသာမျှသာ ဖြစ်နေဦးမည်ဟု အသေအချာ သိလိုက်သည်။

ခွန်းယွင်က သံချေးတက် ဓားရိုးအား သိမ်းဆည်းထားနိုင်မည့် မှော်ရတနာပင် မရှိချေ။ ဆိုလိုသည်မှာ ခွန်းယွင်က ကောင်းကင် နတ်ဘုရားအဆင့်သာ ရှိနေသေး၏။

“ မင်းက မိုဝူကျိမလား … ဟုတ်တာပေါ့။ စောစောလေးက မင်းအကြောင်း လှမ်းသတင်းပို့နေတဲ့ လူတစ်ယောက်ကိုတောင် မြင်လိုက်သေးတယ်။ ကြည့််ရတာ သူက မင်းကို ဖမ်းချင်နေတဲ့ပုံပဲ ” ခွန်းယွင်က မိုဝူကျိ သူ့အား သတ်ချင်နေမည်ကို ဂရုမစိုက်သည့်အလား  ပုံမှန်အတိုင်း ပြောလိုက်သည်။

မိုဝူကျိက ခွန်းယွင်လို လူမျိုးသည် ယုံကြည်ချက် အပြည့်အဝ မရှိသရွေ့ ထွက်ပေါ်လာရဲမည် မဟုတ်ကြောင်း ကောင်းကောင်း သိပေသည်။ သူ့ကို သတ်ဖို့ရာ မိုဝူကျိက ဂရုမစိုက်တော့ပေ။ နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ၌ သဟဇာတ နတ်ဘုရားအဆင့် မပေါ်လာသရွေ့ မည်သူကမှ သူ့အား သတ်နိုင်မည် မဟုတ်ပေ။

“ ခွန်းယွင် … ခင်ဗျားလည်း ကိုယ်လမ်းကိုသွား၊ ကျုပ်လည်း ကျုပ်လမ်းကို သွားမယ်။ ကျုပ်တို့ကိစ္စပဲ အာရုံစိုက်ကြတာပေါ့။ တကယ်လို့ ကျုပ်ကို တစ်ခုခု ယုံကြည်စေချင်တယ်ဆိုရင်တော့ အင်မော်တယ်လောကရဲ့ကံကြမ္မာကိစ္စကိုတောင် ခင်ဗျားနဲ့ မရှင်းရသေးဘူးဆိုတာ သတိရဦး ” မိုဝူကျိက ခွန်းယွင်သည် ငါးရှည့်တစ်ကောင်လို ဖြစ်မှန်း သိ၍ ဤသို့လူမျိုးနှင့် တတ်နိင်သမျှ မပတ်သတ်လိုပေ။

မိုဝူကျိ စကားများကို လျစ်လျူရှုထားရင်း ခွန်းယွင်က ဆက်ပြောလိုက်သည်  “ မိုဝူကျိ မင်းက လူသားတာအိုကို ကျင့်ကြံတော့ ထိပ်ဆုံးကို ရောက်လာစေတယ်။ ငါက အင်မော်တယ်လောကရဲ့ ကံကြမ္မာကို လိုချင်ပေမဲ့ မင်းကြောင့် ငါ့အသိစိတ်ပင်လယ် ပြုပြင်မှုကို လက်လျော့လိုက်ရုံကလွဲပြီး မတတ်နိုင်တော့ဘူး။ ငါတိုတွေ အတူတူ အလုပ်တွဲလုပ်ရင် ဘယ်လိုလဲ။ ငါတို့ရဲ့ အသိဉာဏ်နဲ့ဆိုရင် ငါတို့ ဘာလိုလို ရနိုင်မှာပဲ …. ဒါနဲ့ ငါ့ကို တိုက်ဖို့ တွေးမနေနဲ့ဦး။ မင်းက အရည်အချင်း မပြည့်မှီသေးဘူးကွ ”

မိုဝူကျိက ခွန်းယွင်သည် အမှန်တကယ် ဉာဏ်များကြောင်း သိထားသော်လည်း သူ့ကိုယ်သူ ထိုလူအတွက် ထိုက်တန်သည့် ပြိုင်ဖက်ကောင်း တစ်ယောက်ဟု တွေးမိသည်။ ယခု ခွန်းယွင်က သူနှင့် ပူးပေါင်းလိုလေရာ သူ့အနေနှင့် တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်ပစ်လိုက်သည်  “ အားနာပါတယ်။ ခင်ဗျားနဲ့ အတူတူ အလုပ်တွဲလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး ”

“ အဲလောက်လည်း အလျှင်မလိုပါဘူး။ ဟိုးအရင်နှစ်တွေတုန်းက ငါ ဒီနားလေးမှာ မိန်းကလေးတချို့ကို တွေ့ခဲ့တယ်။ သူတို့ထဲက တစ်ယောက်နာမည်က ချိန်စုယင် ဆိုလား … သူမက မင်းအကြောင်း လိုက်စုံစမ်းနေတာ။ အဲတုန်းက သူတို့ ဘေးကင်းကင်း ထွက်သွားလို့ ရအောင် ငါတောင် ဝင်ပါလိုက်ရသေးတယ်။ ဒါပေမဲ့ ငါ အဲတုန်းက ကနဦး နတ်ဘုရားအဆင့် ၁ ပဲ ရှိသေးတာ … မင်း ငါ့အပေါ် အကြွေးတင်သွားပြီ ”

“ စုယင် ဘယ်မှာလဲဆိုတာ သိတာလား ” မိုဝူကျိက ခွန်းယွင် ပခုံးကို ဆုပ်ကိုင်ကာ စိတ်အားထက်သန်စွာ မေးလိုက်သည်။

ခွန်းယွင်က ချွေးတစ်စက်မှ မထွက်ဘဲ မိုဝူကျိလက်အား ခါချကာ ပုံမှန်အတိုင်း ပြောလိုက်သည်  “ ကြည့်လေ ငါသာ  မင်းကို ထောင်ဖမ်းချင်ရင် မင်းလက် ငါ့ပခုံးပေါ် ရောက်ကတည်းက လှုပ်ရှားပြီးလောက်ရောပေါ့ ”

မိုဝူကျိက အေးစက်စွာ ရယ်မောလိုက်ပြီး  “ စမ်းကြည့်လိုက်လေ ”

သူက ခွန်းယွင်သည် ချိန်စုယင်တို့အား ကူညီပေးလောက်သည့်အထိ ကြင်နာလိမ့်မည်ဟု မယုံပေ။

“ တစ်နေရာရာသွားပြီး ဆက်ပြောကြစို့ ” ခွန်းယွင်က မိုဝူကျိ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်သည့်အလား ရယ်ရယ်မောမောဖြင့် ဆက်ပြောနေသည်။

“ ကောင်းပြီလေ ” မိုဝူကျိက ခွန်းယွင်နှင့် မပတ်သတ်လိုသော်လည်း သူ့အနေနှင့် ခွန်းယွင်စကားကို သဘောတူလိုက်ရသည်။

နှစ်ယောက်လုံး အလုပ်ခန်းမ မှ ထွက်လာပြီး သာမာန် ဧည့်ရိပ်သာလေးသို့ ရောက်လာကြသည်။

အခါးရည် လာတည့်ခင်းပြီးသည့်နောက်တွင် ခွန်းယွင်က အခန်းကို အတားအဆီး ချလိုက်ပြီး ပြောလိုက်သည်  “ မိုဝူကျိ … ငါ အသိစိတ်ပင်လယ်ကို လက်လျော့လိုက်တာက မင်းနဲ့ တချို့တဝက်တော့ ဆက်နွယ်နေတယ်။ အရင်ဦးဆုံး မင်းက ငါ့အသိစိတ်ပင်လယ်ကို ပျက်စီးအောင် လုပ်ခဲ့တယ်။ ဒုတိယအနေနဲ့ မင်း ငါ့အစီအစဉ်တွေကို ဝင်ရှုပ်ခဲ့တယ် ”

မိုဝူကျိက ခံစားချက်မကောင်းစွာ ပြန်ပြောလိုက်သည်  “ ခင်ဗျားနဲ့ ဆက်မငြင်းခုံချင်ဘူး။ တကယ်လို့ ခင်ဗျားသာ အင်မော်တယ်လောကရဲ့ ကံကြမ္မာကို မလိုချင်ရင် ကျုပ်က ခင်ဗျားရဲ့ အသိစိတ်ပင်လယ်ထဲ ဘယ်လိုလုပ် ရောက်လာမှာလဲ။ ပြီးတော့ ကျုပ် ခင်ဗျားရဲ့ အသိစိတ်ပင်လယ်ထဲ ရောက်လာတာလဲ ခင်ဗျားရဲ့ လက်ချက်ပဲလေ။ ကျုပ်က ခင်ဗျားရဲ့ လှည့်ကွက်ထဲ မရောက်ခဲ့တာ တစ်ခုလေးပဲ …. ပြီးတော့ အင်မော်တယ်လောကရဲ့ ကံကြမ္မာကို ခွဲဝေယူချင်တာက ကျုပ် မဟုတ်ဘူး။ အဲဒီလူက အခုထိ နတ်ဘုရားနယ်မြေထဲမှာပဲ ရှိသေးတယ်။ တကယ်လို့  ခင်ဗျားသာ သူမကို ပြဿနာရှာဖို့ သွားရှာရင် သူမအကြောင်း သိရဖို့ သိပ်မခက်ပါဘူး ”

ခွန်းယွင်က  ဖြတ်ပြောလိုက်သည် “ ငါ ခွန်းယွင်က ဒီနေ့အထိ အသက်ရှင်လာတာ အရေးမပါတဲ့ အရာတွေကို ဂရုမစိုက်ဘူး။ မင်းက ငါ့အသိစိတ်ပင်လယ်ရဲ့ တစိတ်တပိုင်းကို ပျက်စီးအောင် လုပ်ခဲ့ပေမဲ့ ငါ့အပေါ် သက်ရောက်မှု အဲလောက် မရှိဘူး။ ငါ့အသိစိတ်ပင်လယ်ထဲ နေပြီး ဆက်မပြုပြင်ချင်တော့တဲ့ အကြောင်းအရင်းက ငါသာ ထွက်မလာရင် မင်း အထက် ရောက်သွားတဲ့အခါ ငါ ဘာမှရနိုင်မှာ မဟုတ်လို့ပဲ ”

“ဘာကို ပြောတာလဲ ” မိုဝူကျိက ခွန်းယွင်အား နားမလည်စွာ ကြည့်လိုက်သည်။

ခွန်းယွင်က ရယ်မောစွာ  “ အချိန်ကျလာတဲ့အခါကျ နားလည်လာပါလိမ့်မယ်။ အခုတော့ ငါတို့ ပူးပေါင်းမှုအကြောင်း အရင်ဆွေးနွေးကြတာပေါ့ ”

မိုဝူကျိက တည်တည်ငြိမ်ငြိမ်ဖြင့်  “ စုယင် ဘယ်မှာလဲဆိုတာ အရင်ပြောပြ … တခြားဟာကို နောက်မှ ဆက်ပြောကြမယ် ”

မိုဝူကျိက ခွန်းယွင် မည်မျှကြောက်ဖို့ ကောင်းကြောင်း ကောင်းကောင်း သိပေသည်။ မိုဝူကျိရှေ့ရှိ လူသည် ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်နေသော်လည်း ဒုက္ခပေးနိုင်မှုက အတိုင်းအတား မရှိပေ။

ခွန်းယွင်က မိုဝူကျိသည် သူ့ကို ကြောက်ရွံ့နေကြောင်း သိပေသည်။ လက်တွေ့၌ သူလည်း မိုဝူကျိကို ကြောက်ပေ၏။ မိုဝူကျိက နည်းလမ်းအမျိုးမျိုး ပိုင်ဆိုင်ထားရုံသာမက မိုဝူကျိက လူသားတာအိုကိုလည်း ဖန်တီးထားသေး၏။ ထိုတာအိုမှာ အတိတ်တုန်းက သူပင် မတွေးမိခဲ့သည့် ကြီးကျယ်သော တာအို ဖြစ်ပေသည်။ အကယ်၍ မိုဝူကျိနှင့် ပူးပေါင်းလိုက်ခြင်းက အကျိုးမြတ် များများ ရနိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ဤနေရာသို့ လာပြီး‌ သေချာပေါက် စောင့်ဆိုင်းနေမည် မဟုတ်ပေ။

ယခင်က များပြားစွာသော ပညာရှင်တို့ သူ့အသိစိတ်ပင်လယ်ထဲ ကျရောက်လာဖူးသော်လည်း မိုဝူကျိက  သူ့အား လက်လျော့စေနိုင်ခဲ့ပြီး ထွက်သွားခဲ့နိုင်သော တစ်ဦးတည်းသောသူ ဖြစ်ပေသည်။

သူက အသိစိတ်ပင်လယ် ပြုပြင်ခြင်းအား လက်လျော့လိုက်ခြင်းမှာ ပြိုင်ဖက်ကင်း ပါရမီရှင်တစ်ဦး ပေါ်လာပြီး သူ့အား ဝိညာဉ်ပူးကပ်ခြင်း စိတ်ကူးအား ပေးခဲ့သလို မိုဝူကျိလည်း ပေါ်လာခဲ့၍ ဖြစ်သည်။

တခြားသူများက မိုဝူကျိသည် လူသားတာအိုပေါ် အခြေခံ၍ များများစားစား အောင်မြင်နိုင်မည် မဟုတ်ကြောင်း တွေးကောင်း တွေးမိနိုင်သည်။ မိုဝူကျိနားတွင် ဝိညာဉ်စွမ်းအား အရှိန်အဝါက မရှိသလောက် နည်းပါးသည် မဟုတ်ပါလော။ သို့သော်လည်း ခွန်းယွင်တွင် လုံးဝ ဆန့်ကျင်ဘက် အမြင်ရှိပေသည်။ အကယ်၍ စကြဝဠာကြီးထဲ၌ ထိပ်ဆုံးရောက်မည့်သူ ရှိလာလျှင် ထိုသူက ယုံမှားဖွယ်မရှိ  မိုဝူကျိသာ  ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက မိုဝူကျိ ထိပ်ဆုံးမရောက်သေးသည့်အချိန် အခွင့်ကောင်းယူရန် ထွက်လာခြင်း ဖြစ်၏။ အနည်းဆုံးတော့ အခွင့်အရေးအတွက် တိုက်ခိုက်နိုင်စွမ်းက သူ့တွင် ရှိနေသေးသည် မဟုတ်ပါလော။ မဟုတ်လျှင် သူ့အသိစိတ်ပင်လယ် ပြန်လည် ကောင်းမွန်လာသည့်အခါကျ နောက်ကျသွားနိုင်သည်။

“ မိုဝူကျိ … ငါ နတ်ဘုရားနယ်မြေ မြို့အသစ်မှာ မင်းကို လာစောင့်နေတာ။ မင်း ပေါ်လာတာနဲ့ နတ်ဘုရားနယ်မြေ မြို့အသစ်ဆီ ရောက်လာမယ်ဆိုတာ ငါ သိနေတယ်။ တကယ်တော့ ငါ မင်းကို အရင်ဆုံး တွေ့တာ မဟုတ်ဘူး။ မင်းရဲ့ တာအိုလက်တွဲဖော်ကို အရင်ဆုံး မြင်လိုက်ရတာ။ ချိန်စုယင်လည်း မင်းကို လာရှာတာ နေမယ်။ တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမတော့ တခြားသူလက်ထဲ ရောက်တော့မလို့။ အဲဒါကြောင့် မင်းက ငါ့ကို ကျေးဇူးတောင် တင်သင့်သေးတာ ” ခွန်းယွင်က မိုဝူကျိအား ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

ဤတစ်ကြိမ်၌ မိုဝူကျိက ခွန်းယွင် စကားများကို ယုံကြည်လာမိသည်။ သူက ခွန်းယွင်သည် သူ့အား လိမ်ညာရန် မလိုအပ်ကြောင်း ခံစားမိ၏။ သူတို့ကြားတွင် ရန်ငြိုးတချို့ ရှိသော်လည်း သူက ခွန်းယွင် အကြံအစည်ကို နှောင့်ယှက်ကာ အင်မော်တယ်လောက၏ ကံကြမ္မာကို အင်မော်တယ်လောကဆီ ပြန်ပေးခဲ့၍ ဖြစ်ပေသည်။ ခွန်းယွင်လို ဉာဏ်ကောင်းသူက ဤမျှ တွက်ကပ်နေမည် မဟုတ်ပေ။ သူက မိုဝူကျိကို သတ်လိုက်လျှင်ပင် သူ့အတွက် အကျိုးမရှိမှန်း သိပေမည်။ ဆုံးရှုံးသွားခဲ့သော ကံကြမ္မာလည်း ပြန်ရမလာနိုင်ပေ။

“ သူမ ဘယ်မှာလဲ ” မိုဝူကျိက လေသံကို လျော့ချလိုက်သည်။

ခွန်းယွင်က ခေါင်းညိတ်ကာ  “ ဒီလိုမှပေါ့ … မင်းရဲ့ တာအိုလက်တွဲဖော်က  မင်းနဲ့ နတ်ဘုရားနယ်မြေက ချူယို့ဆိုတဲ့ အမျိုးသမီးကြားမှာ တစ်ခုခု ရှိနေတယ်ဆိုတာ သိနေတဲ့ပုံပဲ … ”

“ မဟုတ်တာတွေ ” မိုဝူကျိက ပြန်လည် ချေပလိုက်၏။

ခွန်းယွင်က ထိုစကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်  “ မိန်းမတွေက အမြဲ အဲလိုပါပဲကွာ … အကြောင်းအရင်းမရှိဘဲ ဘာမှတော့ ဖြစ်မလာဘူးလေ။ သူမ ငါ့ကို တွေ့တာ ကျေးဇူးတင်ရမယ်။ အဲဒါနဲ့ ငါက သူမကို မင်းအကြောင်း ဆက်စုံစမ်းနေရင် သူမတို့အဖွဲ့အတွက် ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တဲ့အကြောင်းကို ပြောပြလိုက်တယ်။ မင်းရဲ့တာအိုလက်တွဲဖော်က လေးလေးစားစား ရှိပါတယ်။ သူမက ငါ့ကို ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာနဲ့ မင်းနာမည် ဆက်မပြောဖို့ သတိပေးလိုက်ရတယ်။ ပြီးတော့ နတ်ဘုရားမျိုးနွယ်နဲ့ တိုက်ပွဲဆီ လွှတ်လိုက်တယ်”

“ စုယင်ကို သေမင်းဆီ လွှတ်လိုက်တာလား ” မိုဝူကျိ၏ မျက်ဝန်း၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ခွန်းယွင်က ရယ်မောကာ

“ မိုဝူကျိ … မိုဝူကျိ  မင်းက ငါ့အစီအစဉ်ကို ပျက်အောင် လုပ်ခဲ့ပေမဲ့  ငါ မင်းကို နည်းနည်းတော့ လေးစားမိတယ်။ ဒါပေမဲ့ အခု ကြည့်ရတာ ငါ မှားသွားတာ နေမယ်။ မင်းရဲ့ တာအိုလက်တွဲဖော်ကို တွေ့တုန်းက သူမရဲ့ကျင့်ကြံဆင့်ကိုရော သိရဲ့လား။ အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်လောက်က ငါ့ရှေ့မှာ ဘာဆိုဘာမှ မဟုတ်ဘူး။ ဒီလိုမျိုး ကျင့်ကြံဆင့်လေးနဲ့ နတ်ဘုရားလောကမှာ မြက်ပင်လောက်ပဲ အဖိုးတန်တယ် ….

နတ်ဘုရားသိုက်မြုံအစွန်းမှာ နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေတို့ရဲ့ တိုက်ပွဲက အတော်လေး အန္တရာယ်များပေမဲ့ အခွင့်အရေးကောင်းတွေလည်း များတယ်။  ငါ သူမကို အဲဒီဆီ လွှတ်လိုက်ပြီးတဲ့နောက် အချိန်မရွေး သေသွားနိုင်တယ်။ ဒါပေမဲ့ သူမက သေခြင်းရှင်ခြင်းကြားမှာ အသစ်တဖန် မွေးဖွားလာပြီး အမှန်တကယ် အားကောင်းလာနိုင်တယ်။ မဟုတ်ရင် မင်းက မင်းဘဝတစ်လျှောက်လုံး သူမကို လိုက်ကာကွယ်ပေးနေမှာလား။ မင်းရဲ့ မိန်းမ အသတ်ခံရလားဆိုတာတော့ မသိဘူး။ တကယ်လို့ သူမသာ မသေရင် အခုချိန် မင်းထက် အားနည်းနေမှာတော့ မဟုတ်ဘူး။ ပြီးတော့ အဲဒီနေရာမှာ တိုက်ပွဲအတွေ့အကြုံက ဆက်တိုက် တိုးနေမှာဆိုတော့ ငါက သူမဆီ သေမင်းဆီ လွှတ်လိုက်တယ်လို့ ပြောဦးမှာလား ”

ထိုစကားက မိုဝူကျိအား ငြိမ်ကျသွားစေသည်။ ခဏအကြာ သူက ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်၏။ အကယ်၍ ချိန်စုယင်သာ သူ့ကို ရှာနေလျှင် ခွန်းယွင် ပြောသည့်အတိုင်း တစ်ရက်ရက်ကျ နတ်ဘုရားနယ်မြေ၌ သေဆုံးသွားနိုင်သည်။ အကြောင်းမှာ သူက ဤနေရာရှိ ပညာရှင်များစွာကို ရန်စထားမိခဲ့သည် မဟုတ်ပါလော။

“ နတ်ဘုရားသိုက်မြုံအစွန်းဆီ သွားလိုက်ဦးမယ် ” မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်သည်။ နတ်ဘုရားသိုက်မြုံအစွန်းသည် နတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲများအားလုံး၌ အန္တရာယ်အများဆုံး နယ်ပယ် ဖြစ်ပေသည်။ ထိုနေရာက ဆက်တိုက်ဆိုသလို အသက်အန္တရာယ် ရှိနေနိုင်သည်။ ခွန်းယွင် ပြောသည့်အတိုင်း စုယင်သာ ထိုနေရာ၌ တိုက်ပွဲအတွေ့အကြုံများ တိုးတက်လာနိုင်သလို အချိန်မရွေး အသက်အန္တရာယ်လည်း ရှိလာနိုင်သည်။

“ နတ်ဘုရားသိုက်မြုံအစွန်းဆီ သွားဖို့ အလျှင်မလိုနေပါနဲ့ဦး။ အဲဒီမိန်းကလေးက မင်း ပြောင်းလဲသွားတာကို သိပြီးတော့ မင်းအကြောင်း ဆက်ဂရုမစိုက်လောက်တော့ပါဘူးကွာ ” ခွန်းယွင်က မိုဝူကျိအား တမင်သပ်သပ်  စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချင်ဟန် ပေါ်နေ၏။

မိုဝူကျိက အေးစက်စက် ပြန်ဖြေပေးလိုက်သည်

“ ဒါက ကျုပ်ပြဿနာပါ။ ခင်ဗျား လိုက်စိတ်ပူနေဖို့ မလိုပါဘူး။ ပြောစမ်းပါဦး … ခင်ဗျားက ကျုပ်နဲ့ ဘာလို့ ပူးပေါင်းချင်တာလဲ။ ခင်ဗျားရဲ့ ဖြေရှင်းချက်ကို နားထောင်ပြီး ဆုံးဖြတ်ချက် ချရမယ်လေ ”

ခွန်းယွင်က ပခုံးတွန့်ကာ အရေးမစိုက်သည့်ဟန်ဖြင့်  “ ငါတို့ ပူးပေါင်းမှုက အဲလောက် အလျှင်မလိုပါဘူး။ မင်းက အရင်ဆုံး နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက နတ်ဘုရားဘုရင်ကို ဖြေရှင်းတာ ကောင်းလိမ့်မယ်။ မင်းကို ဖမ်းဖို့ သူကိုယ်တိုင် လာမယ်ဆိုတာ သေချာတယ် ”

ခွန်းယွင် စကားအဆုံးတွင် အခန်းရှိ အတားအဆီးက အတင်းအကျပ် ချိုးဖောက်ခံလိုက်ရပြီး နတ်ဘုရားဘုရင် နှစ်ယောက် ပေါ်လာသည်။

မိုဝူကျိက  နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားဘုရင် ဗောဓိနက် တစ်ယောက်ကိုသာ မှတ်မိပေသည်။ ထိုမုတ်ဆိတ်မွေးများက သူ့သင်္ကေတအလား ဖြစ်နေသည်။ နောက်တစ်ယောက်က နတ်ဘုရားဘုရင် ဖြစ်လာခါစ ဖြစ်လိမ့်မည်။ ထို့ကြောင့် မိုဝူကျိက ထိုသူ့အား မသိပေ။

“ တကယ် မိုဝူကျိ  မင်းကိုး …. မတွေ့ရတာ ကြာပြီပဲ ” နတ်ဘုရားဘုရင် ဗောဓိနက်က စကားတစ်လုံးချင်းစီအား အတင်းဖိပြောနေဟန် ပေါ်သည်။

“ ဟူး … အခုခေတ် လူငယ်တွေက စောက်ချိုးကို မပြေကြဘူး ” ခွန်းယွင်က မျက်လုံးပင် ဖွင့်မကြည့်ဘဲ အခါးရည်ကို အရသာခံ သောက်နေသည်။

***

All Chapters