← Chapters

တော်ဝင်သင်္ချိုင်းကုန်း

Vol. 61 Ch. 841

တော်ဝင်သင်္ချိုင်းကုန်း

Vol. 61 Ch. 841

သလင်းကျောက်နီ အတုံးသုံးထောင်ဆိုသည့် ဈေးနှုန်းမှာ ဝမ်ပေါင်လဲ့အတွက် အံ့ဩမှင်တက်ဖွယ်ရာ ပမာဏတစ်ခု ဖြစ်ပေသည်။ သူသည် ၎င်းတို့အား အပြင်ဘက်၌ ထုတ်သုံးပြလိုက်မည်ဆိုပါက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် အရူးတစ်ပိုင်း ဖြစ်သွားရမည်မှာ မလွဲဧကန်ပင်။

ဂြိုဟ်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုပမာဏကြောင့် စိတ်နှလုံး လှုပ်ရှားသွားရနိုင်ပေသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ ကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ခြင်း ဖြစ်၏။ သူသည် ရှဲ့ဟေးရန်မှာ သူ့အား ငွေညစ်နေခြင်း ဖြစ်သည်ဟု ခံစားနေရပါသော်လည်း အကယ်၍ ထာဝရဝိညာဉ်အဆင့်သို့ အမှန်တကယ် တက်လှမ်းခွင့် ရရှိမည်ဆိုပါက ပေးရသည့်ဈေးနှင့် ထိုက်တန်မှုရှိကြောင်း မှတ်ယူထားသည်။

" ငါ ထာဝရဝိညာဉ်အဆင့်ကို ရောက်သွားရင် မျက်နှာဖုံးထဲက ကျိန်စာကိုပါ သုံးပြီး ကူမော့နဲ့ ယှဉ်တိုက်လို့ရပြီ... ဘယ်သူနိုင်မလဲဆိုတာ အသိအသာကြီးဆိုပေမယ့် အနည်းဆုံးတော့ ငါ ခြေကုပ်ကောင်းကောင်း ယူနိုင်သွားမှာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွားပြီး ရှဲ့ဟေးရန်၏ အကြောင်းပြန်စာအား စောင့်ဆိုင်းနေလိုက်တော့သည်။

ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် ရှဲ့ဟေးရန်၏ တအံ့တဩ ဖြစ်နေသော စကားသံမှာ အသံလွှင့်ကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာသည်။

" ညီကိုပေါင်လဲ့။ ဟားဟား။ နောက်ဆုံးတော့ မင်း ငါ့ကို ဆက်သွယ်ခဲ့ပြီပေါ့။ ငါတို့က ညီအစ်ကိုတွေလေကွာ။ ဘယ်လိုလုပ်ပြီတော့ ငါက မင်းကို ကလိမ်ကကျစ် ကျပါ့မလဲ။ ငါပြောပြမယ်။ ငါ့ရဲ့ သတင်းထဲမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိနေတာ မှန်တယ်။ ဒါပေမဲ့ ငါ မင်းကို အရင်ဆုံး သတိပေးထားမယ်နော်။ အဲတာက အခွင့်အရေးတစ်ခုပဲ။ အဲဒီ အခွင့်အရေးကို အသုံးချနိုင် မချနိုင်က မင်းပေါ်မှာပဲ မူတည်တယ် "

" တကယ်လို့ မင်း သလင်းကျောက်နီ နည်းနည်းပါးပါး ပိုသုံးမယ် ဆိုရင်တော့ ငါ အကောင်းဆုံးကြိုးစားပြီးတော့ အဲဒီ အခွင့်အရေးကို မင်းဆီ အရောက်ပို့ပေးမယ်ကွာ။ လိုအပ်တာမှန်သမျှကို ဆွေး‌နွေးလို့ရပါတယ် "

ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာထဲမှ တစ်ဆင့် ရှဲ့ဟေးရန်၏ ပျော်ရွှင်မှုများကို အာရုံခံမိနေ၏။ သူသည် စိတ်ထဲတွင်ကျိတ်၍ တတွတ်တွတ် ရေရွတ်လိုက်ပြီးနောက် ထို အခွင့်အရေးအား ချက်ချင်းလက်ငင်း ရရှိလိုပါက ပေးရမည့် ဈေးနှုန်းအား မေးမြန်းလိုက်သည်။

" သလင်းကျောက်နီ အတုံးငါးသောင်း "

ရှဲ့ဟေးရန်မှာလည်း စိတ်လှုပ်တရှား ဖြစ်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်၏။

" ခွေးကောင်... " ဝမ်ပေါင်လဲ့မှာ ထိုဈေးနှုန်းအား ကြားလိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲမိလိုက်၏။ ထို့အပြင် သူသည် ရှဲ့ဟေးရန်မှာ အမြတ်ကြီးစားသူတစ်ယောက် ဖြစ်ကြောင်း တွေးနေမိတော့သည်။ ထို့ကြောင့် သူသည် နှာမှုတ်ကာ ပြန်ဖြေလိုက်၏ " ဟုတ်ပြီလေ။ အကြွေးမှတ်ထားလိုက် "

" ဟားဟား၊ မနောက်ပါနဲ့ ညီကိုပေါင်လဲ့ရာ။ သလင်းကျောက်နီ အတုံးသုံးထောင်တန်တဲ့ သတင်းအချက်အလက်ကိုပဲ ပြောပြပါရစေ " ရှဲ့ဟေးရန်မှာမူ ချောင်းဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်ပြီးနောက် ထိုသတင်းအချက်အလက်အကြောင်း စပြောလိုက်၏။

" ပြော " ဝမ်ပေါင်လဲ့မှာလည်း အနည်းငယ်ခန့် စိတ်ရှုပ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

" အဲ.... အရင်ဆုံး စရံငွေချေထားဖို့ လိုတယ်လေ " ရှဲ့ဟေးရန်မှာ ချီတုံချတုံနှင့် ပြန်ဖြေလိုက်သည်။

" ညီကိုဟေးရန်။ မင်းက ငါ့ကို မယုံတာလား " ဝမ်ပေါင်လဲ့မှာလည်း ကျောက်စိမ်းပေလွှာအား လက်ဖြင့်ကိုင်ကာ တစ်လုံးချင်းစီ ပြန်ပြောလိုက်၏။

" အာ... ဟုတ်ပြီကွာ။ မင်းဘက်ကနေ ငါ့ကို ဆက်သွယ်ခဲ့တာဆိုတော့ မင်း တကယ်စိတ်ဝင်စားလို့ပဲ ဖြစ်မှာပါ။ အဲတာဆိုလည်း ငါ ဘာကိုမှ ဖုံးကွယ်မထားတော့ပါဘူး။ မင်း ပိုက်ဆံအရင်ပေးစရာ မလိုဘူးကွာ။ ငါ မင်းကို အဲဒီ အခွင့်အရေးအကြောင်း ပြောပြမယ် " ရှဲ့ဟေးရန် သက်ပြင်းချကာ ပြန်ဖြေလိုက်ရသည်။

" မင်းရဲ့ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ အဲဒီ သတင်းအချက်အလက်ကို သိထားတဲ့လူ သိပ်မရှိဘူးကွ။ တော်ဝင်မျိုးနွယ်တွေပဲ သိထားကြတာ။ အဲဒီ သတင်းအချက်အလက်က နတ်မျက်လုံး လူမှုအဖွဲ့အစည်း‌ တော်ဝင်မိသားစုရဲ့ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကြီးပဲ "

" ဘာလို့လဲဆိုတော့ အဲဒီ သတင်းအချက်အလက်ထဲမှာ ဖော်ပြထားတဲ့နေရာက နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက တော်ဝင်မိသားစုရဲ့ သင်္ချိုင်းကုန်း ဖြစ်နေလို့ပဲ " ရှဲ့ဟေးရန်မှာ လျှို့ဝှက်ဆန်းကြယ်သည့် လေသံပေါက်အောင် လေသံတိုးတိုးဖြင့် တမင်တကာ ဆိုလိုက်၏။

" သင်္ချိုင်းကုန်း ဟုတ်လား " ဝမ်ပေါင်လဲ့မှာမူ ကြက်သေသေသွားရသည်။

" ဟုတ်တယ်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့ ပထမဆုံး ဧကရာဇ်ကစလို့ နောက်ဆုံး ဧကရာဇ်အထိပါတဲ့ တော်ဝင်မိသားစုဝင်တွေ အားလုံးကို မြှုပ်ထားတဲ့ သင်္ချိုင်းကုန်းပဲ "

" အဲဒီ တော်ဝင်သင်္ချိုင်းကုန်းထဲမှာ အခွင့်အရေးတစ်ခု ရှိနေတာ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက တော်ဝင်မိသားစုရဲ့ မျိုးဆက်တိုင်း မျိုးဆက်တိုင်းက အဲဒီ အခွင့်အရေးကို လိုချင်တပ်မက်ခဲ့ကြပေမယ့် ဘယ်သူကမှ မယူနိုင်ခဲ့ကြဘူး။ တကယ်လို့ မင်းသာ အဲဒီ အခွင့်အရေးကို ရယူနိုင်မယ်ဆိုရင် ကျင့်ကြံခြင်းအဆင့် သေချာပေါက် ဖောက်ထွက်သွားပြီးတော့ ထာဝရဝိညာဉ်အဆင့်ကို ချက်ချင်းရောက်ရှိသွားလိမ့်မယ်လို့ ငါ အာမခံတယ် " ရှဲ့ဟေးရန်မှာ ထိုသို့ ရှင်းပြလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို စကားစဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်ပါသော်လည်း ရှဲ့ဟေးရန်မှာ စကားဆက်မပြောသေးသောကြောင့် သူသည် ငွေပေးချေရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူသည် ရင်နာနာနှင့် မေးလိုက်ရတော့သည် " ငါ မင်းကို သလင်းကျောက်နီတွေ ဘယ်လိုပေးရမှာလဲ "

" အဲဒီ သလင်းကျောက်နီတွေကို တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာပေါ်မှာ တင်လိုက်ရုံပါပဲ။ ဒါပေမဲ့ ညီကိုပေါင်လဲ့၊ ဘာလို့ အခုလို လုပ်နေရတာလဲ။ ငါက မင်းကို မယုံလို့ မင်း ငွေချေတာကို စောင့်နေတယ်လို့ ထင်လို့လား။ ငါ အရေးတကြီး လုပ်စရာ အလုပ်လေး တစ်ခု ပေါ်လာလို့ စကားဆက်မပြောတာပါကွ " ရှဲ့ဟေးရန်မှာ အနည်းငယ်ခန့် စိတ်မကောင်းဖြစ်သွားသည့် လေသံဖြင့် ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ သူ၏စကားများကို အာရုံစိုက်နေရန် ဆန္ဒမရှိပေ။ သူသည် သလင်းကျောက်နီ အတုံးသုံးထောင်တိတိ ထုတ်ယူလိုက်ပြီးနောက် ၎င်းတို့အား ချက်ချင်းလှမ်းပို့ပေးလိုက်၏။

" မင်း အခု စကားဆက်ပြောလို့ရပြီလား " ဝမ်ပေါင်လဲ့မှာ ငွေပေးချေလိုက်ပြီးနောက် တည်ကြည်စွာ မေးလိုက်တော့သည်။

" ဟားဟားဟား။ ညီကိုပေါင်လဲ့က စကားကို တည့်တိုးပြောရတာ အရမ်းကြိုက်တဲ့လူပဲ။ ဘာမှစိတ်မပူပါနဲ့။ အခုကစပြီးတော့ ငါ စကားမပြီးမချင်း ငါ့ကို လာနှောင့်ယှက်တဲ့လူက ငါ့ရဲ့ ရန်သူပဲ။ အခုလောလောဆယ်မှာ ငါ့ကို မင်းတစ်ယောက်ပဲ ပိုင်တယ် " ရှဲ့ဟေးရန်မှာ စိတ်လှုပ်တရှား ဖြစ်သွားရပြီး ပို၍ပင် စိတ်အားထက်သန်ကာ ချွဲနွဲ့လွန်းသည့် စကားသံများဖြင့် ဝမ်ပေါင်လဲ့အား သူသိထားသမျှ အကြောင်းအရာအားလုံးကို ပြောပြလိုက်‌တော့သည်။

" တော်ဝင်သင်္ချိုင်းကုန်းက နတ်မျက်လုံး လူအဖွဲ့အစည်းထဲက တော်ဝင်မိသားစုရဲ့ တားမြစ်နယ်မြေတစ်ခုပဲ။ အဲဒီနယ်မြေက သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်တွေ ပိုင်ဆိုင်ထားတာမလို တော်ဝင်မိသားစုထဲက မဟုတ်တဲ့ လူတွေဆိုရင် လက်ခံမှာမဟုတ်ဘူး။ အဲတာမလို့ ညီကိုပေါင်လဲ့ အဲဒီကို သွားမယ်ဆိုရင် တော်ဝင်သင်္ချိုင်းကုန်းက လက်ခံကြိုဆိုမှာမဟုတ်လို့ တွန်းထုတ်ခံနေရသလို ခံစားရမှာ သေချာတယ်။ အဲတာမလို့ မင်း မြန်မြန်လေး လှုပ်ရှားဖို့လိုတယ် "

" ပြီးတော့ မင်း အဲဒီ သင်္ချိုင်းကုန်းရဲ့ အတွင်းပိုင်းကို ရောက်လေလေ တွန်းကန်အားတွေက ပိုပြီးအားကောင်းလာလေလေ ဖြစ်နေမှာ။ တော်ဝင်သင်္ချိုင်းကုန်းရဲ့ အတွင်းပိုင်းနယ်မြေထဲကို ဝင်တဲ့ ပင်မတံခါးပေါက် ရှိနေတဲ့နေရာမှာဆိုရင် တွန်းကန်အားတွေက အားအကောင်းဆုံးပဲ။ အဲတာကြောင့်မလို့... မင်း တားမြစ်နယ်မြေဖြစ်တဲ့ အပြင်ပိုင်းနယ်မြေထဲကို ရောက်တာနဲ့ အချိန်စမှတ်ရမှာ။ အများဆုံး အချိန် ဆယ့်ငါးမိနစ်ပဲ ရတာမလို့ တော်ဝင်သင်္ချိုင်းကုန်းရဲ့ အတွင်းပိုင်းထဲအထိ ဝင်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ တော်ဝင်သင်္ချိုင်းကုန်းရဲ့ ပင်မတံခါးပေါက်ပေါ်က အချုပ်အနှောင်ကို ဖွင့်နိုင်ဖို့အတွက်လည်း အချိန်ထပ်လိုဦးမှာ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်ရင် မျက်ခုံးပင့်မိသွား၏။ ရှဲ့ဟေးရန်၏ ဖော်ပြချက်များကြောင့် တော်ဝင်သင်္ချိုင်းကုန်း၏ ပုံစံမှာ သူ၏ အတွေးထဲ၌ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ထို တော်ဝင်သင်္ချိုင်းကုန်းအား အတွင်းပိုင်းနယ်မြေနှင့် အပြင်ပိုင်းနယ်မြေဟူ၍ ခွဲခြားထားပြီး ၎င်း၏ အလယ်တွင် တော်ဝင်သင်္ချိုင်းကုန်း၏ ပင်မတံခါးပေါက် ရှိနေ၏။

" ဒါပေမဲ့ ညီကိုပေါင်လဲ့ စိတ်မပူပါနဲ့။ ငါက မင်းရဲ့ သလင်းကျောက်နီ အတုံးသုံးထောင်ကို ယူထားတာမလို့ ဒီ သတင်းအချက်အလက် တစ်ခုတည်းကိုပဲ ပေးမှာ မဟုတ်ပါဘူး။ ငါ မင်းကိုပေးထားတဲ့ အသံလွှင့် ကျောက်စိမ်းပေလွှာကို ယူသွား။ အပြင်ပိုင်းနယ်‌မြေကို ကျော်ဖြတ်ပြီးလို့ တော်ဝင်သင်္ချိုင်းကုန်းရဲ့ ပင်မတံခါးပေါက်နားကို ရောက်သွားတဲ့အချိန်ကျရင် အဲဒီ ကျောက်စိမ်းပေလွှာကိုသုံးပြီး ငါ့ကို လှမ်းဆက်သွယ်လိုက်။ အဲတာဆိုရင် မင်း အထဲကိုရောက်သွားအောင် ငါ အတင်းအဓမ္မ တည်နေရာ ပြောင်းရွှေ့ပေးနိုင်တယ်" ရှဲ့ဟေးရန်မှာ သူ ပေးစွမ်းနိုင်သည့် ဝန်ဆောင်မှုများကို ကျေနပ်အားရနေပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။

" မင်း တော်ဝင်သင်္ချိုင်းကုန်းရဲ့ အတွင်းပိုင်းနယ်မြေထဲကို တည်နေရာ ပြောင်းရွှေ့ခံရပြီးရင်တော့ အဲဒီ အခွင့်အရေးကို ယူနိုင်၊ မယူနိုင်က မင်းအပေါ်မှာပဲ မူတည်သွားပြီ " ရှဲ့ဟေးရန် ထိုသို့ ဆိုလိုက်ပြီးနောက် အသံလွှင့်ကျောက်စိမ်း ပေလွှာမှာ အနည်းငယ်ခန့် တုန်ရီသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးတဆန်းဖြစ်သွားရပြီး သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်သောအခါ ထို ကျောက်စိမ်းပေလွှာပေါ်၌ စွမ်းအင်တုန်ခါမှုလှိုင်းများ ရှိနေသည်ကို အာရုံခံမိလိုက်သည်။ တစ်ခဏအကြာတွင် သူ၏ အသိစိတ်ထဲ၌ တော်ဝင်သင်္ချိုင်းကုန်း၏ မြေပုံတစ်ခု ပေါ်ပေါက်လာ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် သူ၏လက်ထဲမှ အသံလွှင့် ကျောက်စိမ်းပေလွှာအား အနီးကပ် ကြည့်ရှုလိုက်ပြီးနောက် သူ၏အသိစိတ်ထဲမှ မြေပုံအား သေသေချာချာ လေ့လာကြည့်လိုက်တော့သည်။ ထို မြေပုံမှာ သူ၏ စိတ်ထဲ၌ ခန့်မှန်းထားသည့် မြေပုံနှင့် အနည်းငယ်ခန့် ကွဲလွဲနေပါသော်လည်း အစိတ်အပိုင်းအများစုမှာ အတူတူပင်ဖြစ်သည်။ ၎င်းအား အတွင်းပိုင်းနယ်မြေနှင့် အပြင်ပိုင်းနယ်မြေဟူ၍ ခွဲခြားထား၏။

" ညီကိုပေါင်လဲ့။ မင်းပေးထားတဲ့ သလင်းကျောက်နီ အတုံးသုံးထောင်ကြောင့် ငါက မင်းကို တော်ဝင်သင်္ချိုင်းကုန်းရဲ့ ပင်မတံခါးပေါက်ကို ဖွင့်တဲ့နေရာမှာ ကူညီပေးမယ့်အပြင် အသွားအပြန် တည်နေရာပြောင်းရွှေ့ခွင့် နှစ်ကြိမ်လည်း လက်ဆောင်ပေးဦးမှာ။ မင် အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ငါ မင်းကို တော်ဝင်သင်္ချိုင်းကုန်းရဲ့ အပြင်ပိုင်းနယ်မြေဆီ ရောက်အောင် အခုချက်ချင်း တည်နေရာပြောင်းရွှေ့ပေးလို့ရတယ် "

" အဲလိုပဲ မင်း အတွင်းပိုင်းနယ်မြေရဲ့ အပြင်ဘက်ကို ပြန်ထွက်လာပြီဆိုတာနဲ့ ဒီ ကျောက်စိမ်းပေလွှာကိုသာ သုံးလိုက်။ အဲဒီအချိန်ကျရင် ငါ မင်းကို ဒီနေရာ ပြန် ရောက်လာအောင် ချက်ချင်းပြန်ပြီးတော့ တည်နေရာပြောင်းရွှေ့ပေးမယ် "

" ဘယ်လိုလဲ။ ငါက အားကိုးလို့ရတယ်မလားက " ရှဲ့ဟေးရန်မှာ စိတ်လှုပ်တရှားနှင့် စကားဆက်ပြောနေလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ပြန်မပြောဘဲ စဉ်းစားတွေးတောနေလိုက်သည်။

သူသည် မိနစ်သုံးဆယ်တိတိ ထို အချက်အလက်အားလုံးအား ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွားပြီး လှမ်းပြောလိုက်တော့သည်။

" အခုချက်ချင်း တည်နေရာပြောင်းရွှေ့ပေး "

" ဟုတ်ပြီ " ရှဲ့ဟေးရန်မှာလည်း ရယ်မောလိုက်ပြီးနောက် အမည်မသိ ပညာရပ်တစ်ခုကို အသုံးပြုလိုက်၏။ ထို့ကြောင့် ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ လက်ထဲရှိ အသံလွှင့် ကျောက်စိမ်းပေလွှာထဲမှ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့သည်။ ထိုအလင်းရောင်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ဝမ်ပေါင်လဲ့အား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားပြီးနောက် ပျောက်ကွယ်သွား၏။

ဝမ်ပေါင်လဲ့မှာ အချိန်မည်မျှခန့် ကုန်ဆုံးသွားကြောင်း အတိအကျ မသိနိုင်လောက်အောင် ဖြစ်နေရ၏။ သူ၏ အမြင်အာရုံများ ပြန်လည် ကြည်လင်ပြတ်သားလာသည့် အချိန်တွင် သူသည် အခြားကမ္ဘာတစ်ခုထဲ၌ ရောက်နေပြီဖြစ်သည်။

မိုးကောင်းကင်ကြီးမှာ လိမ္မော်ရောင်ဖြစ်နေပြီး မြေပြင်ကြီးမှာ အနက်ရောင်ဖြစ်နေသည်။ ခပ်လှမ်းလှမ်းတွင်မူ တောင်တန်းများရှိနေပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံးတွင် အစိမ်းရောင် သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် သေမင်း အခိုးအငွေ့များကို သယ်ဆောင်လာနေသည့် အနက်ရောင် လေများလည်း တရှူးရှူး တိုက်ခတ်နေသေးသည်။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့မှနေ၍ သူ၏ခန္ဓာကိုယ်အား ဖြတ်ကာ တိုက်ခတ်သွားကြသဖြင့် ဤကမ္ဘာကြီးမှာ ကျောချမ်းဖွယ်ရာ ကောင်းနေတော့သည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက မိုးကောင်းကင်ကြီးအား ပြိုကျမလာအောင် ထောက်ပံ့ပေးထားသည့်ပုံပေါ်သော တိုင်ကြီးများကို မြင်နိုင်ပေသည်။ အနက်ရောင် လျှပ်စီးတန်းများမှာ ထိုတိုင်လုံးကြီးများ၏ ပတ်ပတ်လည်တွင် တဖျတ်ဖျတ် လက်နေကြ၏။ ထို လျှပ်စီးတန်းများကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာရပြီး ၎င်းတို့အား မြင်လိုက်ရသူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။

ထိုနေရာမှာ... ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း တည်ရှိရာဂြိုဟ် မဟုတ်တော့ပေ။ ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်ကြီး ဖြစ်ပေသည်။ သူရောက်နေသည့် နေရာမှာမူ အလုံပိတ်ထားသည့် တော်ဝင်မိသားစု ပိုင်နက်ထဲရှိ တားမြစ်နယ်မြေတစ်ခုဖြစ်သော တော်ဝင်သင်္ချိုင်းကုန်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ဘေးဘီဝဲယာအား ဝေ့ဝိုက် ကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ရှဲ့ဟေးရန်၏ နည်းလမ်းများကြောင့် အံ့အားသင့်သွားရပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။

" ငါ အဲဒီ သလင်းကျောက်နီ အတုံးသုံးထောင်ကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူး။ ဒီ အခွင့်အရေးကို သေချာပေါက် အရယူမှဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် အချိန်အကန့်အသတ်ရှိကြောင်း သိထားသဖြင့် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အဝေးသို့ ပျံထွက်သွားလိုက်၏။ ထို့နောက် သူ၏ အသိစိတ်ထဲ၌ မြေပုံ ပေါ်ပေါက်လာပြီး သူသည် တော်ဝင်သင်္ချိုင်းကုန်း၏ ပင်မတံခါးပေါက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ ပျံထွက်သွားလိုက်ပြီး သိပ်မကြာခင်မှာပင် ရုတ်တရက်ဆိုသလို မျက်လုံးများ မှေးသွားရ၏။ ထို့နောက် သူသည် လုံးဝရပ်တန့်သွားသည်။ သူသည် သူ၏ ဘေးပတ်ဝန်းကျင်အား အာရုံခံကြည့်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာရတော့သည်။

" တစ်ခုခုတော့ လွဲနေပြီ "

All Chapters