အချိန်ကိုက်
Vol. 61 Ch. 842
ဝမ်ပေါင်လဲ့မှာ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် တစ်ခုခုမှာ လွဲနေကြောင်း ခံစားလိုက်ရခြင်းဖြစ်သည်။ ထိုအချိန်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသော ကြယ်အဖွဲ့စည်းတစ်ခုထဲရှိ ဈေးဆိုင်တစ်ဆိုင်၏ အပေါ်ဆုံး အထပ်တွင် ဝမ်ပေါင်လဲ့အား တည်နေရာပြောင်းရွှေ့ပေးခဲ့သည့် ရှဲ့ဟေးရန်တစ်ယောက် ရှိနေ၏။ သူသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်တစ်ခွက်အား ကောက်ကိုင်လိုက်ပြီးနောက် တစ်ငုံသောက်ကာ ပြုံး၍ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" ညီကိုပေါင်လဲ့။ ရှဲ့ဟေးရန်ဆိုတဲ့ ငါက ပြောတဲ့အတိုင်း လုပ်ပေးတဲ့ လူတစ်ယောက်ပါကွ... မင်းပေးခဲ့ရတဲ့ သလင်းကျောက်နီ အတုံးသုံးထောင်ဆိုတဲ့ ဈေးနဲ့တန်အောင် ငါက မင်းကို အဖိုးတန် သတင်းအချက်အလက်တွေ ပို့ပေး၊ တံခါးပေါက်တွေဖွင့်ပေး၊ တည်နေရာတွေပါ ပြောင်းရွှေ့ပေးရုံတင် မကဘဲ... မင်းအတွက် အသင့်တော်ဆုံး အချိန်ကိုပါ ရွေးပေးခဲ့တာ "
" အဲဒီလို အချိန်ကိုက် လှုပ်ရှားနိုင်ဖို့က အရေးအကြီးဆုံးပဲ။ မင်းဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လူတစ်ယောက်အနေနဲ့ ငါ အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပြီးပြီ " ရှဲ့ဟေးရန်မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ပြုံးကာ သူ၏ လက်ဖက်ရည်ခွက်အား ပြန်ချလိုက်၏။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာမူ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ပျံသန်းနေ၏။ သူသည် အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဘေးဘီဝဲယာအား အကဲခတ်နေသည်။
" ငါက တကယ်ပဲ မောင်ကံကောင်းလေး ဖြစ်နေတာလားဟ " ဝမ်ပေါင်လဲ့မှာ ဘယ်ကြည့်လိုက် ညာကြည့်လိုက် ဖြစ်နေရင်း စိတ်ထဲတွင် တွေးမိလိုက်၏။ ရှဲ့ဟေးရန်မှာ သူသည် အားကောင်းသော တွန်းကန်အားတစ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့မှာ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ရောက်ရှိနေပြီ ဖြစ်သည့်တိုင်အောင် မည်သည့်တွန်းကန်အားကိုမှ ခံစားရခြင်း မရှိသေးပေ။
သူသည် ထိုကဲ့သို့ တွန်းကန်အားများ ရှိမနေသည့်အချက်ကို လက်ခံပေးနိုင်ပါသော်လည်း တော်ဝင်သင်္ချိုင်းကုန်းထဲ၌ သူ ခံစားနေရသည့် အရာများကြောင့် ဇဝေဇဝါဖြစ်နေရ၏။ မြက်ပင်တစ်ပင် မကျန် သက်ရှိများအားလုံးသာမက လေထုထဲရှိ အငွေ့အသက်များပင်လျှင် သူ့အား နွေးထွေးပျူငှာစွာ ကြိုဆိုနေသည့်ပုံ ပေါက်နေသည် မဟုတ်ပါလော။
သူ၏ရှေ့ရှိ လွင်ပြင်များထဲ၌ ပေါက်နေသော မြက်ပင်များမှာဆိုလျှင် လေပြည်လေညင်းလေးထဲ၌ ယိမ်းနွဲ့လှုပ်ရှားနေကြပြီး သူ့အတွက် အနွေးဓာတ်များ ထုတ်လွှတ်ပေးနေသကဲ့သို့ ဖြစ်နေ၏။ လေပြည်လေညင်းလေးများမှာလည်း သူ၏ ခြေထောက်အောက်၌ စုဝေးလာကြပြီး သူ့အား ကူညီထောက်ပံ့ပေးထား သကဲ့သို့ပင်။ ၎င်းတို့မှာ သူ လေထဲ၌ ရစ်ဝဲနေနိုင်ရန် အားစိုက်ရမည်ကို စိုးရိမ်နေကြသည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် မြင်နေရသော ကမ္ဘာကြီးအား အကဲခတ်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် ဖြစ်နိုင်ခြေတစ်ခုမှာ သူ၏အတွေးထဲ၌ ပေါ်ပေါက်လာတော့သည်။
" ငါက... နတ်ဆိုးမျက်လုံးပညာရပ်ကို လေကျင့်ထားတဲ့ လူတစ်ယောက် ဖြစ်နေလို့များလား။ အဲတာမလို့ ငါ့ကို တော်ဝင်မိသားစုဝင်တစ်ယောက်လို့ အထင်လွဲသွားတာများ ဖြစ်နေမလား။ ဒါမှမဟုတ် တော်ဝင်မိသားစုဝင် ဖြစ်နေစရာ လုံးဝ မလိုဘဲ နတ်ဆိုးမျက်လုံးပညာရပ်ကို လေ့ကျင့်ထားတဲ့လူမှန်သမျှ အထဲကို ဝင်ခွင့်ရှိနေတာဆိုရင်ရော " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားရ၏။ သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်လောက်ပေသည်ဟု သူက ခံစားနေရ၏။
" ဒါပေမဲ့ ဘာလို့ ငါက အခုလို တစ်ခုခု လွဲနေမှန်း ခံစားနေရသေးတာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ရင်း မျက်ဝန်းများထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာတော့သည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ရှေ့သို့ ခုန်ထွက်သွားလိုက်ပြီး မြက်ပင်များ ပေါက်နေသည့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူသည် လေထဲ၌ ယိမ်းနွဲ့နေသည့် မြက်ပင်လေးများကို စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ ဘေးပတ်ပတ်လည်ရှိ သစ်ပင်များအား လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် သစ်ကိုင်းများပေါ်မှ အရွယ်အစား သေးငယ်သော သစ်သီးလေးများ တွဲလောင်းကျနေသည့် သစ်ပင်ကြီးတစ်ပင်ဆီသို့ ဦးတည်သွားလိုက်တော့သည်။ ထို့နောက် သူသည် ထိုသစ်ပင်ကြီး၏ ရှေ့၌ ရပ်ကာ ရုတ်တရက် ဆိုလိုက်၏။
" ဒီ သစ်သီးလေးတွေ အရွယ်အစားပိုကြီးနေရင် သိပ်ကောင်းမှာပဲ "
သူ ထိုသို့ဆိုလိုက်သည်နှင့် သစ်ပင်ကြီးမှာ သိမ့်ခနဲ တုန်ရီသွား၏။ ထို့နောက် ၎င်း၏ သစ်ကိုင်းများပေါ်မှ တွဲလောင်းကျနေသည့် သစ်သီးများမှာ ချက်ချင်းဆိုသလိုပင် ကျုံ့ဝင်သွားကြတော့သည်။ ဝမ်ပေါင်လဲ့နှင့် အနီးဆုံးတွင် ရှိနေသည့် သစ်သီးတစ်လုံးသာလျှင် ပျောက်ကွယ်သွားခြင်း မရှိဘဲ ကျန်ရစ်ခဲ့၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစား ကြီးမားလာတော့သည်။ ထို့ကြောင့် စက္ကန့်ပိုင်းလေးအတွင်းတွင် ၎င်းမှာ လက်သည်းခွံ အရွယ်အစားမှ လက်သီးဆုပ် အရွယ်အစားအထိ ရောက်ရှိသွား၏။
ဝမ်ပေါင်လဲ့မှာ ထိုပြောင်းလဲမှုအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် မှင်တက်သွားရ၏။
" ငါ ထင်ထားတဲ့အတိုင်းပဲ။ တစ်ခုခုတော့ လွဲနေပြီ။ ငါက နတ်ဆိုးမျက်လုံးပညာရပ်ကို လေ့ကျင့်ထားတာ မှန်ပေမဲ့ အဲဒီအချက် တစ်ချက်တည်းနဲ့တော့ အခုလို ထူးဆန်းထွေလာ ဖြစ်ရပ်ကြီးတွေ ဖြစ်လာစရာ မလိုဘူးပါဘူးဟ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို ဖြစ်ရပ်ဆန်းကြီးကြောင့် သူသည် တစ်ခေါင်းလုံး ထူပူနေရပြီဖြစ်သည်။ သူသည် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာပါသော်လည်း ၎င်းအား ချက်ချင်းဆိုသလိုပင် မေ့ပျောက်ထားလိုက်၏။ ထို့နောက် သူသည် သူ၏ သံသယစိတ်များကိုပါ ဖုံးကွယ်ထားလိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိအောင် ထိန်းထားလိုက်တော့သည်။
ထို့နောက် သူသည် ချောင်းဟန့်ကာ စိတ်ကျေနပ်မှု အပြည့်ရှိနေသည့်ပုံစံ ဟန်ဆောင်လိုက်၏။
" ငါက တကယ့်ကို မောင်ကံကောင်းလေး ဖြစ်နေတာပဲကွ " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ သူသည် သိုသိုသိပ်သိပ်နေရန် ကြိုးစားနေပါသော်လည်း ကံကြမ္မာကြီးမှာ သူ့အား ထပ်ခါတလဲလဲ မျက်နှာသာပေးနေသည် မဟုတ်ပါလော။
" ဒီလိုဆိုရင်... ငါ့အတွက် အချိန်အကန့်အသတ်လည်း မရှိလောက်ဘူး " ဝမ်ပေါင်လဲ့မှာ သူ၏ ဗိုက်ကို ပုတ်ကာ သက်ပြင်းချလိုက်ပြီးနောက် စတင်လှုပ်ရှားလိုက်တော့သည်။ သူ၏ ခြေထောက်အောက်တွင် လေပြည်လေညင်းလေးများမှာ သူ့အား ကူညီထောက်ပံ့ပေးထားသောကြောင့် သူသည် လျင်မြန်စွာ ရွေ့လျားနိုင်စွမ်း ရှိနေ၏။ ထိုသို့ဖြင့် သူသည် သူ၏ နတ်ဘုရားအာရုံအား ရှေ့သို့ဆန့်ထုတ်ရင်း ဆက်လက်ပျံသန်းနေလိုက်တော့သည်။
သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိကာ ကျေနပ်အားရနေသည့်ပုံ ပေါက်နေ၏။ သူ၏ အတွေးထဲတွင်လည်း သံသယစိတ် အနည်းငယ်မျှပင် မရှိသည့်ပုံပင်။ သို့ဖြစ်ရာ ယခုတွင် တစ်ယောက်ယောက်သာ သူ၏ အတွင်းစိတ်အား အနီးကပ် စောင့်ကြည့်နေလျှင်တောင် မည်သည့်အရာကိုမှ သတိထားမိမည် မဟုတ်ပေ။ သို့သော်... သူ၏ ခန္ဓာကိုယ်ထဲရှိ ထာဝရမီးတောက်ဖြင့် အားဖြည့်ထားသည့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာမူ ၎င်း၏ စွမ်းအားများကို အချိန်မရွေး ထုတ်လွှတ်နိုင်ရန် အဆင်သင့်ဖြစ်နေ၏။
သို့ဖြစ်ရာ အမှန်တွင် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီး ထားနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
သူ၏ လက်ရှိအခြေအနေမှာ မိမိကိုယ်ကိုယ် လှည့်စားထားသည့် လူတစ်ယောက်နှင့်ပင် ဆင်တူနေသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် သတိဝီရိယအပြည့် ရှိနေသည့်တိုင်အောင် သူ၏အတွေးများမှာ စိတ်လွတ်ကိုယ်လွတ် ရှိနေသည့်ပုံ ပေါက်နေရခြင်းပင်။ အမှန်တွင် အခြားသူများ၏ အမြင်၌ သူသည် ယုံကြည်မှုလွန်ကဲကာ မောက်မာဝင့်ကြွားနေသည့်ပုံပင် ပေါက်နေ၏။
ဝမ်ပေါင်လဲ့မှာ ထို မျက်နှာအမူအရာဖြင့် ရှေ့သို့ ဆက်လက်ပျံသန်းလာ၏။ တော်ဝင်သင်္ချိုင်းကုန်းမှာ အလွန်အင်မတန်မှ ကျယ်ပြောလှပေသည်။ သူ၏ လက်ရှိအမြန်နှုန်းနှင့်ပင် ထို သင်္ချိုင်းကုန်းကြီး၏ အစမှ အဆုံးအထိ သွားနိုင်ရန် နာရီဝက်တိတိ အချိန်ပေးရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ လေထဲ၌ ပျံသန်းလာပြီးနောက် တစ်အောင့်ခန့် အကြာတွင် ခြေလှမ်းများ ရပ်တန့်သွားကာ မျက်ဝန်းများ ဖျတ်ခနဲ တောက်ပသွားတော့သည်။ ထို့နောက် သူသည် ညာဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကြီးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။
ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားပြီးနောက် စက္ကန့်နှစ်ဆယ်အကြာတွင် သူ လှမ်းကြည့်ခဲ့သည့် ဘက်မှ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ အပြေးအလွှား ရောက်ရှိလာကြ၏။ သူတို့မှာ အလွန်အင်မတန်မှ မြန်ဆန်နေခြင်းတော့ မရှိပေ။ သူတို့ ထုတ်လွှတ်နေကြသည့် ဝိညာဉ်စွမ်းအင်များမှာလည်း ယွမ်ယင်အဆင့်တွင်သာ ရှိသေးသည်။ သူတို့မှာ ဝတ်ကောင်းစားလှများကို ဆင်မြန်းထားကြပြီး သူတို့၏ မျက်ဝန်းများထဲတွင်လည်း မောက်မာဝင့်ကြွားမှု အရိပ်အယောင်များ ထင်ဟပ်နေကြ၏။ ထို ကျင့်ကြံသူများ ဝမ်ပေါင်လဲ့ နောက်ဆုံးရှိနေခဲ့သည့် နေရာအား ဖြတ်၍ ပျံသန်းသွားကြသောအခါ သူတို့ဆီမှ နတ်ဆိုးမျက်လုံးပညာရပ်၏ အငွေ့အသက်များ ခပ်ရေးရေးမျှ ထွက်ပေါ်လာ၏။
သူတို့ထဲမှ နောက်ဆုံးကျင့်ကြံသူ ထိုနေရာအား ကျော်ဖြတ်သွားချိန်တွင် သူ၏ ဆံပင်ပေါ်၌ အနက်ရောင်မြူခိုး အမျှင်အတန်းတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ ထို သက်လတ်ပိုင်း ကျင့်ကြံသူကြီး၏ ဆံပင်များထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏နားထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။ ထိုအခါ ထိုလူကြီးမှာ ဆတ်ခနဲ တုန်ရီသွားပြီး သူ၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာလည်း တစ်ခဏမျှ တွန့်လိမ်ပုံပျက်သွားရ၏။ သို့သော် ထိုအဖွဲ့ထဲက မည်သူကမှ ထိုအခြင်းအရာများကို သတိမထားမိခဲ့ပေ။
ထို သက်လတ်ပိုင်း ကျင့်ကြံသူကြီး၏ ရှေ့တွင်ရှိနေသည့် ကျင့်ကြံသူများမှာ ထိုလူကြီး ဘာဖြစ်သွားမှန်းပင် မသိလိုက်ကြပေ။ လေထုကြီး တစ်ခဏမျှ တွန့်လိမ်ပုံပျက်သွားခဲ့ရခြင်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် ထို သက်လတ်ပိုင်း ကျင့်ကြံသူကြီးပုံစံ ဟန်ဆောင်ကာ ထိုလူကြီးအား ချုပ်နှောင်၍ သူ၏ သိုလှောင်အိတ်ထဲ၌ ပိတ်လှောင်ပစ်ခဲ့ရာမှ ပေါ်ပေါက်လာသည့် ရလဒ်ဖြစ်ပေသည်။
သူသည် ထိုလူကြီးပေါ်၌ ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကိုပင် အသုံးပြုခဲ့သေးသည်။
" တော်ဝင်မိသားစုပဲ... " သက်လတ်ပိုင်း ကျင့်ကြံသူကြီးအဖြစ် ပုံစံပြောင်းထားသည့် ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသည့် ကျင့်ကြံသူများ၏ နောက်မှလိုက်ကာ ကောင်းကင်ယံထဲ၌ ပျံသန်းနေရင်း မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေတော့သည်။ သူသည် ဝိညာဉ်ရှာဖွေခြင်း ပညာရပ်မှတစ်ဆင့် ဤ ကျင့်ကြံသူများမှာ တော်ဝင်မိသားစုထဲမှ ဖြစ်ကြကြောင်း သိရှိထားပြီးသား ဖြစ်သည်။ ထို့အပြင် သူသည် ထိုကျင့်ကြံသူများ ထိုနေရာ၌ ရှိနေရသည့် အကြောင်းအရင်းနှင့် သူတို့ ဆက်လုပ်မည့် အရာများကိုပါ သိရှိထားသေးသည်။
" လက်ရှိ နတ်မျက်လုံးဧကရာဇ်က တော်ဝင်သင်္ချိုင်းကုန်း တံခါးကို ဖွင့်ဖို့ ကြံစည်နေတာပဲ။ တော်ဝင်မိသားစုထဲက ကျင့်ကြံသူတွေအားလုံးက တော်ဝင်သင်္ချိုင်းကုန်းကို လာကြမှာ။ စိတ်ဝင်စားစရာပဲ။ ရှဲ့ဟေးရန် ငါ့ကိုပေးခဲ့တဲ့ အထူအခွင့်အရေးကြီးက ကောင်းလွန်းနေပါလားဟ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူ ဝိညာဉ်ရှာဖွေခဲ့သည့် ကျင့်ကြံသူကြီးမှာ များများစားစား သိမထားပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ဤ ကိစ္စရပ်ကြီးတစ်ခုလုံး၏ အပေါ်ယံမျှသာ သိရှိထားသည်။ သို့သော် သူသည် လောနေခြင်းမရှိဘဲ ထိုအဖွဲ့၏ နောက်မှ တိတ်တိတ်ကလေး လိုက်သွားလိုက်၏။ ထိုသို့ဖြင့် နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူတို့မှာ တော်ဝင်သင်္ချိုင်းကုန်း၏ အလယ်သို့ ရောက်ရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ အဝေးမှနေ၍ ဧရာမရုပ်တုကြီးတစ်ခုအား လှမ်းမြင်နေရ၏။ ၎င်းမှာ မြေကြီးပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးထိုးလုမတတ် မြင့်မားနေသည်။ ထို့အပြင် ၎င်း၏ မျက်နှာပေါ်တွင် အခြားမည်သည့်အရာမှ ရှိမနေဘဲ မျက်လုံးကြီးတစ်လုံးသာ ရှိနေပြီး ထိုမျက်လုံးကြီးမှာ အောက်သို့ ငုံ့ကြည့်နေသည်။
ထို ရုပ်တုကြီးအား ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ထိုရုပ်တုကြီး၏ မျက်လုံးကြီးအား စိုက်ကြည့်မိလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးမျက်လုံးပညာရပ်၏ အသိစိတ်မှာ အလိုအလျောက် နိုးထလာတော့သည်။ ထို့ကြောင့် သူသည် ထို နတ်ဆိုးမျက်လုံးပညာရပ်အား အတင်းအဓမ္မ ဖိနှိပ်ချုပ်တည်းလိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူနှင့်အတူ ပါလာသည့် ကျင့်ကြံသူမျာ၏ နောက်မှ ဆက်လိုက်သွား၏။ ထိုသို့ဖြင့် သူတို့မှာ ထိုရုပ်တုကြီး၏ အနီးသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာတော့သည်။
ထို နေရာတွင် ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေးနေကြပြီ ဖြစ်သည်။
ထို ကျင့်ကြံသူများမှာ သာမန် လမ်းသွားလမ်းလာများ မဖြစ်နိုင်ပေ။ သူတို့မှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေကြပြီး တစ်ဖွဲ့မှာ အစွန်အဖျားပိုင်းတွင် ရှိနေကြသည်။ ထိုအဖွဲ့ထဲတွင် လူအယောက်သုံးဆယ်ကျော် ရှိနေပြီး သူတို့အားလုံးမှာ သက်တံ့ရောင် ဝတ်ရုံများကို ဆင်မြန်းထားကာ ခရမ်းရောင်မျက်နှာဖုံးများကို တပ်ထားကြ၏။ ထိုအဖွဲ့ထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အားကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေကြသည်။ သူတို့မှာ အစွမ်းထက် ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုအဖွဲ့ထဲတွင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ငါးယောက်သာမက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ ရှိနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။
ထို ကျင့်ကြံသူများ အားလုံးတွင် တူညီသည့်အချက်တစ်ချက် ရှိနေ၏။ သူတို့အားလုံး၏ အငွေ့အသက်များမှာ သွေးရောင်သန်းနေခြင်းပင်။ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက သူတို့၏လက်ထဲတွင် သွေးရောင် ကျောက်စိမ်းလည်ဆွဲတစ်ခုစီ ရှိနေသည်ကို မြင်နိုင်ပေမည်။
ထို ကျောက်စိမ်းလည်ဆွဲများဆီမှ ထွက်ပေါ်နေသည့် သွေးရောင်အငွေ့အသက်များမှာ ဤနေရာရှိ တွန်းကန်အားများကို အတိုင်းအတာတစ်ခုအထိ ခုခံတွန်းလှန်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် သူတို့၏ ပတ်ပတ်လည်တွင် ထို တွန်းကန်အားများ၏ အရိပ်အယောင်များကို မမြင်ရပေ။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် အခြားတစ်ဖက်သို့ လှည့်ကာ ဒုတိယအဖွဲ့အား လှမ်းကြည့်လိုက်သည်။
ထိုအဖွဲ့မှာ ရုပ်တုကြီး၏ အနီးတွင် ရှိနေကြသည်။ သူတို့မှာလည်း ဝတ်ကောင်စားလှများကို ဆင်မြန်းထားကြပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ နတ်မျက်လုံးပညာရပ်၏ ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေကြ၏။ သူတို့မှာ တော်ဝင်မိသားစုထဲမှ ဖြစ်ရပေမည်။ ထိုအဖွဲ့ထဲမှ ကျင့်ကြံသူ လေးယောက်မှာ အခြားသူများထက် သိသိသာသာပို၍ အားကောင်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေကြ၏။
ထိုလေးယောက်စလုံးမှာ အဘိုးကြီးများ ဖြစ်ကြသည်။ သူတို့ထဲမှ သုံးယောက်မှာ ခရမ်းရောင် ဝတ်ရုံများကို ဆင်မြန်းထားကြပြီး ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည်ပုံပင်။ သူတို့၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပနေကြပြီး သူတို့မှာ အဝါရောင် အဝတ်အစားများ ဆင်မြန်းထားသည့် အဘိုးကြီးအား စိုက်ကြည့်နေကြ၏။ ထို အဘိုးကြီးမှာ ခေါင်းပေါ်တွင် သရဖူတစ်ခုကို ဆောင်းထားပြီး သူဆင်မြန်းထားသည့် အဝတ်အစားများကြောင့် ဧကရာဇ်တစ်ပါးနှင့် တူနေ၏။
" ချစ်ရတဲ့ အစ်ကိုကြီး။ အဲတာဆို... အစ်ကိုက မလုပ်တော့ဘူးလား... " ခရမ်းရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အဘိုးကြီးသုံးယောက်ထဲမှ တစ်ယောက်မှာ အေးတိအေးစက် လေသံဖြင့် မေးလိုက်၏။
ထိုမေးခွန်းကြောင့် ဧကရာဇ်တစ်ပါးနှင့် တူသည့် အဘိုးကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ခိုကိုးရာမဲ့သည့်ပုံ ပေါက်သွားရသည်။ ထို့နောက် သူသည် သူ၏ ပတ်ပတ်လည်ရှိ အဘိုးကြီးသုံးယောက်အား ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ စိတ်ပျက်လက်ပျက်နှင့် ဆိုလိုက်တော့သည် " ငါလည်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ။ ဒီတံခါးကို ငါ ဖွင့်ချင်ပေမဲ့ ငါ့ရဲ့သွေးက သန့်စင်မှုမရှိဘူး ဖြစ်နေတာလေ။ မင်းတို့တွေ ငါ့ကို သွေးမျိုးဆက်ဆေးလုံးတစ်လုံး အတင်းသောက်ခိုင်းရင်တောင် ရမှာမဟုတ်ဘူး "