အဆင့် ၇ ကာကွယ်ရေး အစီအရင်၏ အင်အား
Vol. 75 Ch. 1042
မိုဝူကျိက သူ့ဘာသာ ရယ်မောလိုက်မိသည်။ ခွန်းယွင်က ထိုလူများအား အပြုအမူကောင်း မရှိ၍ ဆူပူနေပေသည်။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့အား လာဆူပူသည်ကို မြင်သောအခါ နတ်ဘုရားဘုရင် ဗောဓိနက် မျက်ဝန်း၌ သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းလာသည်။ သူက နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်သော်လည်း စိတ်ရှည်မှု မရှိပေ။ သူ့အမြင်၌ ခွန်းယွင်သည် မိုဝူကျိလိုမျိုး သေလူတစ်ယောက်သာ ဖြစ်ပေသည်။ သို့သော်လည်း သူတို့က ယခု သတ်ပစ်၍ မဖြစ်သေးပေ။ သူက ဧည့်ရိပ်သာအငယ်လးပေါ်ရှိ အတားအဆီးကို ဖျက်စီးရဲသော်လည်း မည်သူကိုမှ မသတ်ရဲချေ။ နတ်ဘုရားနယ်မြေ မြို့အသစ်ကို ထိန်းချုပ်နေသည့်သူမှာ နတ်ဘုရားနယ်မြေ၏ နတ်ဘုရားဘုရင် ပညာရှင် မဟုတ်ဘဲ နတ်ဘုရားကုန်းမြေ၏ သဟဇာတ နတ်ဘုရားတစ်ပါး ဖြစ်၏။
ခွန်းယွင်ကို ဂရုမစိုက်တော့ဘဲ နတ်ဘုရားဘုရင် ဗောဓိနက်က ဆက်ပြောလိုက်သည် “ မိုဝူကျိ … မင်း ငါနဲ့ ပူးပေါင်းဖို့ ကိစ္စတချို့ ရှိတယ်။ တကယ်လို မင်း ငါနဲ့ အတူတူ ထွက်မသွားချင်ဘူးဆိုရင် ဒီမှာပဲ ပြောလိုက်မယ် ”
မိုဝူကျိက ထရပ်ကာ “ အပြင်သွားကြတာပေါ့ ”
ဤဧည့်ရိပ်သာအငယ်လေးက နတ်ဘုရားဘုရင် ဗောဓိနက်လိုမျိုး အဆင့်မြင့် ပညာရှင်၏ အင်အားကို ခံနိုင်ရည် ရှိမည် မဟုတ်သောကြောင့် မိုဝူကျိက ဤနေရာတွင် တိုက်ခိုက်ရန် မရည်ရွယ်ထားပေ။
ခွန်းယွင်က ဆက်လက် ထိုင်နေရင်း မိုဝူကျိအား လှမ်းပြောလိုက်သည် “ မကြာခင် ပြန်လာခဲ့ … ငါ မင်းကို စောင့်နေရတာ ရက်နည်းနည်းလေး မဟုတ်ဘူး၊ နှစ်ချီနေပြီ ”
သူ့အမြင်၌ နတ်ဘုရားအုပ်စိုးသူ မိုဝူကျိအနေနှင့် နတ်ဘုရားဘုရင် တစ်ယောက်အား သတ်ပစ်ဖို့ရာ အသေးအဖွဲ ကိစ္စလေးသာ ဖြစ်ပေသည်။
“ မင်းလည်း လိုက်လာတာ ကောင်းလိမ့်မယ် ” နတ်ဘုရားဘုရင် ဗောဓိနက်က ခွန်းယွင်အား တစ်ချက် ဝေ့ကြည့်ရင်း ပြောလိုက်သည်။
ခွန်းယွင်က လက်ထဲက အခါးရည်ခွက်ကို သောက်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည် “ ငါ့ကို ထွက်လာဖို့ ပြောရအောင် မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ … ထွက်သွားစမ်း ”
နောက်ဆုံးစကားက နတ်ဘုရားဘုရင် ဗောဓိနက်အား ဧရာမတူကြီးနှင့် ထုရိုက်လိုက်သလို ဖြစ်သွားကာ မနှစ်မြို့ဖွယ် ခံစားချက်တို့ ဖြစ်လာစေသည်။
ဤသည်က နတ်ဘုရားဘုရင် ဗောဓိနက်ကိုပင် တုန်လှုပ်သွားစေပြီး နောက်ကျောမှ ချွေးအေးများ စီးကျလာစေသည်။ ထိုစဉ် သူက ခွန်းယွင်သည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအနေနှင့် သေချာပေါက် မရိုးရှင်းကြောင်း သိလိုက်၏။ အကယ်၍ ကောင်းကင်နတ်ဘုရားတစ်ယောက်ဆီမှ ထွက်လာသော စကားတစ်ခွန်းက သူ့အပေါ် စိတ်ခံစားချက် မငြိမ်မသက် ဖြစ်သွားစေနိုင်သောကြောင့် သူ တင်းစစ်ချန်းက အလွန်တရာ အားနည်းသွား၏။ “ ထွက်သွားစမ်း ” ဆိုသော စကားအတွင်း ရောနှောနေသော ထိပ်တန်း မိုးမြေစည်းမျည်းများ ပါရှိနေသောကြောင့် သူ့အား စိတ်အကာအကွယ်ကို တစစီ ဖြစ်သွားစေသည်။ နတ်ဘုရားဘုရင် ဗောဓိနက်က သဟဇာတ နတ်ဘုရားတစ်ယောက်အနေနှင့်ပင် ဤသို့ နက်ရှိုင်းလှသော မိုးမြေ စည်းမျည်းများကို ထည့်သုံးနိုင်မည် မဟုတ်ကြောင်း အသေအချာ သိနေသည်။
မိုဝူကျိက အင်အားမသိ ပညာရှင်တစ်ဦးနှင့် အတူတူ ရှိနေသောကြောင့် နတ်ဘုရားဘုရင် ဗောဓိနက်က သူ့ဆုံးဖြတ်ချက်သည် မှန်ကန်ရဲ့လားဟု အတွေးဝင်လာမိသည်။
“နတ်ဘုရားဘုရင် ဗောဓိနက်က ကျုပ်ကို လာခေါ်တာ မဟုတ်ဘူးလား။ ကျုပ် ထရပ်ပြီးပြီလေ။ ဘာလို့ မသွားသေးတာလဲ ”မိုဝူကျိက အမူအယာ အပြောင်းအလဲမရှိသည့် နတ်ဘုရားဘုရင် ဗောဓိနက်အား ကြည့်ကာ ပြောလိုက်သည်။ စိတ်တွင်း၌ သူလည်း အံ့အားသင့်နေမိသည်။ ထိုစဉ် သူ ကြိုးစားတိုက်ခိုက်မည်ဆိုလျှင်ပင် ခွန်းယွင်အတွက် ပြိုင်ဖက် ဖြစ်ပါ့မလားဟု စဉ်းစားမိသွားသည်။
သို့သော်လည်း မကြာခင် မိုဝူကျိက စိတ်အေးသွားလေ၏။ သူက လူသားတာအို၏ တည်ထောင်သူ ဖြစ်ပြီး ခွန်းယွင်က ထိုစကားများ ပြောလိုက်သည့်အခါ မိုးမြေစည်းမျည်းတချို့ ပါဝင်နေပေသည်။ ထိုအရာက နတ်ဘုရားဘုရင် ဗောဓိနက်၏ တာအိုအပေါ် သက်ရောက်မှု ဖြစ်သွားစေပြီး နောက်ဆုတ်သွားစေသော်လည်း မိုဝူကျိ၏ တာအိုအပေါ်၌ သက်ရောက်မှု မရှိပေ။
“ ရတာပေါ့ ” နတ်ဘုရားဘုရင် ဗောဓိနက်က ဤနေရာတွင် နောက်တစ်စက္ကန့်ပင် ထပ်မနေလိုတော့ဘဲ မြန်မြန် နောက်ဆုတ်သွားသည်။ သူက စိတ်ပိုင်းဖြတ်ပြီးပြီ ဖြစ်၏။ အကယ်၍ မိုဝူကျိသာ သူ့နောက်မှ နတ်ဘုရားနယ်မြေ မြို့အသစ် အပြင်ဘက်သို့ လိုလိုလားလား မလိုက်လာလျှင် သူ့အနေနှင့် ယာယီ ထွက်သွားမည်။ သူ့တွင် အကူအညီ လုံလုံလောက်လောက် ရသည့်အခါမှ ခွန်းယွင်ကို ဘာနဲ့လုပ်ထားကြောင်း ပြန်လာစစ်ဆေးမည် ဖြစ်၏။
ဧည့်ရိပ်သာလေးမှ ထွက်လာသည်နှင့် နတ်ဘုရားနယ်မြေ မြို့အသစ် အလုပ်ခန်းမ၏ ရင်ပြင်ကျယ်ကြီးရှေ့ ရောက်သွားသည်။
မိုဝူကျိက ခြေလှမ်းတချို့ဖြင့် ရင်ပြင်ကျယ်သို့ ရောက်ရှိလာကာ နတ်ဘုရားဘုရင် ဗောဓိနက်နှင့် နောက်ထပ် နတ်ဘုရားဘုရင် တစ်ယောက်အား ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ဗောဓိနက် ကျုပ်ကို မေးစရာရှိတာ မြန်မြန် မေး ”
မူလက နတ်ဘုရားဘုရင် ဗောဓိနက်သည် မိုဝူကျိအား မြို့အပြင်သို့ အတင်းကျပ် ခေါ်သွားချင်သော်လည်း ထူးခြားဆန်းကြယ်သည့် ခွန်းယွင် ပေါ်လာမှုကြောင့် သူကိုယ်သူ ထိန်းထားလိုက်ရသည်။ ထို့အစား သူက မေးလိုက်၏ “ မိုဝူကျိ … အရင်တစ်ခါ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ပေါ်ထွက်လာတုန်းက ငါတို့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းက တပည့်တွေကို မင်း သတ်လိုက်တာလား ”
မိုဝူကျိက မထီမဲ့မြင် ပြုံးကာ “ ကျုပ် သတ်လိုက်တာ …. အဲတုန်းက ကိုယ့်ဘာသာ ကာကွယ်တဲ့အနေနဲ့ ခုခံလိုက်တာပါ။ သူတို့က ကျုပ်ကို သတ်ဖို့ ကြိုးစားမှတော့ ပြန်တိုက်ရမှာပေါ့။ အခု ကျုပ် မေးရမဲ့ အလှည့်ပဲ … ကောင်းကင်လူသားဂိုဏ်းကို အပြတ်ရှင်းလိုက်တာက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းလား။ ကောင်းကင်လူသားဂိုဏ်းရဲ့ နတ်ဘုရားဘုရင် ဖန်းကျဲကို ခင်ဗျားနဲ့ တခြားသူတွေ သတ်လိုက်တာလား။ နောက်ထပ် ဘယ်သူတွေ ပါသေးလဲ ”
“ ငါ မသိဘူး။ မင်းက ငါ့မေးခွန်းကို ဖြေပြီးပြီဆိုတော့ ထွက်သွားတော့မယ် ” ခွန်းယွင်ကို ထိတ်လန့်မိ၍ မိုဝူကျိအား အတင်းကျပ် ခေါ်ဆောင်သွားရန် ကြံထားသည့် နတ်ဘုရားဘုရင် ဗောဓိနက်က အကြံအစည်ကို လက်လျော့လိုက်ရသည်။
မိုဝူကျိက အစီအရင်အလံကို မြှောက်ကာ အေးစက်စွာ ရယ်မောလိုက်သည် “ ထွက်သွားချင်တယ်ဆိုရင်တော့ နောက်ဘဝအထိ စောင့်လိုက်ဦး ”
အစီအရင်အလံ ထွက်ပေါ်လာသည်နှင့် နတ်ဘုရားနယ်မြေ မြို့အသစ်၏ သေမင်းထောင်ချောက် အစီအရင်က မိုဝူကျိ၏ အသိစိတ်အတွင်း ပေါ်လာသည်။ အကယ်၍ မိုဝူကျိသာ တစ်စုံတစ်ယောက်ကို ပိတ်လှောင်ထားလိုလျှင် ဤအစီအရင်အလံမှတဆင့် သေမင်းထောင်ချောက် အစီအရင်ကို အသက်သွင်းလိုက်ရုံ ဖြစ်၏။
မိုဝူကျိက မနေနိုင်ဘဲ သူ့ဘာသာ ရေရွတ်လိုက်သည် “ အားကောင်းလိုက်တဲ့ အဆင့် ၇ အစီအရင် ”
သေမင်းထောင်ချောက် အစီအရင်သည် အသက်ဝင်လာသည်နှင့် နတ်ဘုရားဘုရင် ဆယ်ယောက်ကျော်ကို ပိတ်လှောင်ထားနိုင်ပေသည်။
“ နတ်ဘုရားနယ်မြေ မြို့အသစ်ရဲ့ သေမင်းထောင်ချောက် အစီအရင်လား ” နတ်ဘုရားဘုရင် ဗောဓိနက်က သေမင်းထောင်ချောက် အစီအရင်အတွင်း ပိတ်မိနေပြီးနောက် အထိတ်တလန့် အော်ဟစ်လိုက်သည်။
နတ်ဘုရားဘုရင်များစွာက နတ်ဘုရားနယ်မြေ မြို့အသစ်တွင် အဆင့် ၇ သေမင်းထောင်ချောက် အစီအရင် ရှိနေကြောင်း သိထားကြသည်။ သို့သော်လည်း ဤအစီအရင်ကို မည်သို့ ခင်းကျင်းထားကြမှန်း မသိကြသလို အစီအရင် ဗဟိုချက်ကိုလည်း မသိကြပေ။
မိုဝူကျိ သေမင်းထောင်ချောက် အစီအရင်ကို အသက်သွင်းပြီးမှ နတ်ဘုရားဘုရင် ဗောဓိနက်သည် ဤအစီအရင်မှာ မည်မျှ ကြောက်ဖို့ ကောင်းကြောင်း အသေအချာ သိလိုက်သည်။
သူ့ဘေးပတ်လည်ရှိ တည်နေရာမှာ အုံ့မှိုင်းလာပြီး ထိုတည်နေရာအား ဆွဲဖြဲရန် လက်ကို မြှောက်လိုက်သည့်အခါ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ တုံံဆိုင်းနေပြီး လှုပ်ရှားနိုင်စွမ်း မရှိပေ။
သေမင်းထောင်ချောက်အတွင်း ရှိနေသော နတ်ဘုရားဘုရင် နောက်တစ်ယောက်လည်း အခြေအနေ မကောင်းပေ။ သူက နတ်ဘုရားဘုရင်အဆင့် တက်လှမ်းလာသည်မှာ မကြာမြင့်သေးသောကြောင့် သူ့လက်ရှိ အင်အားဖြင့် ဤအစီအရင်ကို အလွယ်တကူ မချိုးဖောက်နိုင်ကြောင်း သိနေသည်။ ထို့ကြောင့် သူက နတ်ဘုရားအစီအရင်ထဲ ရောက်လာသည်နှင့် အော်ပြောလိုက်သည် “ တာအိုရောင်းရင်းမို … အဲတုန်းက ကိစ္စတွေက ကျုပ်နဲ့ မဆိုင်ပါဘူး။ ကျုပ်က တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံနေတာပါ။ ကျုပ် ကောင်းကင်လူသားဂိုဏ်းအကြောင်း ဘာမှမသိလိုက်ရပါဘူး ”
မိုဝူကျိက ထိုအရာကို ကြားပြီး အသိပြန်ကပ်လာသည်။ သူ့သေမင်းထောင်ချောက် အစီအရင်၏ ထောင်ချောက်အပိုင်းကိုသာ အသက်သွင်းထားခြင်း ဖြစ်ရာ ထိုနတ်ဘုရားဘုရင် နှစ်ယောက်လုံးကို အောင်အောင်မြင်မြင် ပိတ်လှောင်ထားနိုင်၏။ သူ့အနေနှင့် သတ်ဖြတ်ရေး အစီအရင်ကိုပင် အသက်မသွင်းရသေးပေ။ ဤသည်က စန်းကျန့်ရှင်း၏ အစီအရင်တာအိုမှာ မည်မျှ အားကောင်းကြောင်း ပို၍ လေးစားမိသွားစေသည်။ ဤအစီအရင်အလံက နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ၌ ပြိုင်ဖက်ကင်း တည်ရှိမှု တစ်ခု ဖြစ်၏။
နတ်ဘုရားနယ်မြေ မြို့အသစ်၏ ရင်ပြင်တစ်ခုလုံးကား မိုဝူကျိ၏ သေမင်းထောင်ချောက် အစီအရင်အတွင်း ကျရောက်နေသောကြောင့် မိုဝူကျိက အစီအရင်အတွင်းရှိ ကျင့်ကြံသူတစ်ဦးချင်းစီကို ကောင်းကောင်း သိပေသည်။
ထို့ကြောင့် မိုဝူကျိက သင်္ကေတတချို့ မြန်မြန် ထုတ်လွှင့်ကာ မသက်ဆိုင်သည့ ကျင့်ကြံသူများကို လွှတ်ပေးလိုက်သည်။
“ ဒီနေ့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း အဖွဲ့ဝင်နှစ်ယောက်က နတ်ဘုရားနယ်မြေ မြို့အသစ်ထဲမှာ စပြီး တိုက်ခိုက်ခဲ့တယ်။ ဘေးနားက မသက်ဆိုင်သူများ ချက်ချင်း ထွက်သွားပေးပါ ” မိုဝူကျိက ပြောလိုက်ရင်း သတ်ဖြတ်ရေး အစိတ်အပိုင်းအား အသက်သွင်းလိုက်သည်။
အပြင်အထုတ်ခံလိုက်ရသည့် ကျင့်ကြံသူများက မိုဝူကျိ ဘာမှမပြောလျှင်ပင် ဝေးဝေးသို့ ထွက်ပြေးမည်သာ ဖြစ်၏။
“ဝုန်း ဝုန်း ” သတ်ဖြတ်ရေး အစီအရင် အသက်ဝင်လာသည်နှင့် သွေးမြူနှစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဘုရားဘုရင် အဆင့် ၄ ရောက်နေသော နတ်ဘုရားဘုရင် ဗောဓိနက် ဖြစ်စေ သို့မဟုတ် နတ်ဘုရားဘုရင် အသစ်လေး ဖြစ်စေ သူတို့တွင် ပြန်လည် တိုက်ခိုက်နိုင်ရည် မရှိတော့ဘဲ သေမင်းထောင်ချောက် အစီအရင်အတွင်း အလွယ်တကူ သတ်ဖြတ်ခံလိုက်ရသည်။
ထိုလုပ်ဆောင်ချက်များ ပြီးစီးသွားသည့်နောက်တွင် မိုဝူကျိက ကြောင်အမ်းလျက် မတ်တတ်ရပ်နေမိသည်။
ဘယ်လိုလုပ် အဲလောက်တောင် လွယ်နေရတာလဲ ….
နတ်ဘုရားဘုရင် နှစ်ယောက်လုံးက ဘာမှမလုပ်နိုင်ဘဲ ခဏအတွင်း အသတ်ခံလိုက်ရသည်။
အလင်းတန်းများ ရောက်ရှိလာသည်ကို သတိပြုမိ၍ မိုဝူကျိက အစီအရင်အလံအား မြန်မြန်သိမ်းကာ နတ်ဘုရားဘုရင် နှစ်ယောက်၏ သိုလှောင်လက်စွပ်များကိုလည်း ယူထားလိုက်သည်။
“ သူတို့ လက်စွပ်ကို ယူလို့ ဘာအကျိုးမှ မရှိဘူး။ သူတို့ပစ္စည်းကောင်းတွေက အထဲ ရှိမှာ မဟုတ်ဘူး” ခွန်းယွင် အသံက ထွက်ပေါ်လာသည်။
မိုဝူကျိက ခွန်းယွင် စကားကို အရေးမစိုက်ဘဲ နတ်ဘုရားဘုရင် နှစ်ယောက်၏ အလောင်းဆီ မီးလုံးများ လှမ်းပစ်လိုက်၏။ ထိုစဉ် အလင်းတန်းများက သူ့ရှေ့မှောက် ရောက်ရှိလာသည်။
မိုဝူကျိက အစီအရင်အလံကို ထုတ်ကာ “ ဒီနေရာမှာ ထွေထွေထူးထူး မရှိပါဘူ။ သိပ်မကြာသေးခင်က ဒီလူနှစ်ယောက်က မုန်ညှင်းနက် ကုန်သည်အိမ်တော်ကို ဖျက်စီးပစ်ခဲ့လို့ ကျုပ် သတ်ပစ်လိုက်ပြီ ”
“ နတ်ဘုရားနယ်မြေ မြို့အသစ်ရဲ့ မြို့စား ဟန်ထုံက အလံထိန်းချုပ်သူကို ဂါရဝပြုပါတယ် ” လူလတ်အရွယ် အမျိုးသားက အပြေးအလွှား ရောက်လာကာ မိုဝူကျိအား လေးလေးစားစား ဦးညွှတ်လိုက်၏။
စန်းကျန့်ရှင်းဆီမှ အစီအရင်အလံသည် ပစ္စည်းကောင်းလေး ဖြစ်၏။ မြို့စားပင် အရိုအသေ လာပေးရပေသည်။ ကြည့်ရသည်မှာ ဟန်ထုံက နတ်ဘုရားဘုရင် ဗောဓိနက်ထက် အားကောင်းကာ နတ်ဘုရားဘုရင် အဆင့် ၅ သို့မဟုတ် အဆင့် ၆ လောက် ဖြစ်ပေမည်။
အဆင့် ၅ နတ်ဘုရားအစီအရင် ဘုရင်၊ အဆင့် ၅ ဆေးလုံးဘုရင် တစ်ယောက်အနေနှင့် နတ်ဘုရားဘုရင် တစ်ယောက်က သူ့အား ဦးညွှတ်လျှင်ပင် ဘာမှမဟုတ်ပေ။ ထို့ကြောင့် မိုဝူကျိက ခေါင်းညိတ်ပြကာ “ မုန်ညှင်းနက် ကုန်သည်အိမ်တော်က ဒီနတ်ဘုရားဘုရင်နှစ်ယောက်နဲ့ ကတောက်ကဆ ဖြစ်ခဲ့တယ်။ နောက်ပိုင်းကျ သူတို့နှစ်ယောက်လုံးက နတ်ဘုရားနယ်မြေ မြို့အသစ်ထဲမှာ လှုပ်ရှားရဲပြီး ကုန်သည်အိမ်တော်ကို တန်းဖျက်စီးပစ်လိုက်တယ်။ မြို့ရဲ့ စည်းမျည်းကို ထိန်းသိမ်းဖို့ ငါ သူတို့နှစ်ယောက်ကို သတ်ပစ်လိုက်တာ ”
“ နာခံလျက်ပါ … တမန်တော်က တခြားညွှန်ကြားစရာများ ရှိသေးလားဗျ” ဟန်ထုံက နတ်ဘုရားဘုရင် နှစ်ယောက် အသတ်ခံလိုက်ရသည့် ကိစ္စကို မမေးဘဲ မိုဝူကျိအား ညွှန်ကြားစရာ ရှိသေးလားဟုသာ မေးလိုက်သည်။
“ အင်း ” မိုဝူကျိက ပြန်ဖြေပေးလိုက်သည် “ မုန်ညှင်းနက် ကုန်သည်အိမ်တော်က ဖျက်စီးခံလိုက်ရပေမဲ့ သူတို့တွေ ထပ်ရောက်လာဦးမှာပဲ။ သူတို့က ကျင့်ကြံဆင့်နိမ့် ကျင့်ကြံသူတွေရဲ့ အသက်နဲ့ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို အလဲအလှယ် လုပ်နေကြတာ။ နတ်ဘုရားနယ်မြေ မြို့အသစ်ရဲ့ နာမည်အောက်မှာ မုန်ညှင်းနက် ကုန်သည်အိမ်တော်နဲ့ ပတ်သတ်သမျှ အားလုံးကို ရှင်းပစ်လိုက် … မုန်ညှင်းနက် ကုန်သည်အိမ်တော် အစိတ်အပိုင်းလေး တစ်ခုတောင် လွှတ်မသွားစေနဲ့ ”
“ နာခံလျက်ပါ ” ဟန်ထုံက ထွက်မသွားခင် လေးလေးစားစား ဦးညွှတ်လိုက်သည်။
အလုပ်ခန်းမ အပြင်ဘက်တွင် ပြန်လည် ငြိမ်းချမ်းသွားပြန်သည်။ အရာအားလုံးကို မြင်လိုက်ရသည့်သူများပင် မြန်မြန် ထွက်သွားကြ၏။ မည်သူကမှ ကြာကြာ မနေရဲကြပေ။
ခွန်းယွင်က ရယ်မောကာ “ မင်းက အသုံးမဝင်တဲ့အရာတွေမှာ လိုက်အာရုံစိုက်နေတာကိုး ”
မိုဝူကျိက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည် “ ကျုပ်က အဲလိုကိစ္စတွေကို လုပ်ရတာ သဘောကျတယ်။ ခင်ဗျား မကျေနပ်ရင် ကျုပ်နဲ့ အတူတူ တွဲမလုပ်နဲ့ပေါ့ ”
“ ငါက ဘာလို့ မကျေနပ်ရမှာလဲ …. ငါနဲ့ ဘာမှမဆိုင်ဘူးလေ။ လာလာ သွားကြစို့။ ငါတို့ ကိစ္စ ဆက်ဆွေးနွေးကြမယ် ” ခွန်းယွင်က လက်ဝေ့ပြကာ ပြောလိုက်သည်။
“ ခင်ဗျားက ကျုပ် ကျင့်ကြံတဲ့ လူသားတာအိုကို မျက်စိကျနေတာမလား။ ကျုပ်တို့ ပူးပေါင်းမဲ့ ကိစ္စကလည်း လူသားတာအိုကို လိုအပ်နေတာမလား ” မိုဝူကျိက ခွန်းယွင်အား စိုးရိမ်မိနေသေးသည်။ ခွန်းယွင်က ကောင်းကင်နတ်ဘုရားအဆင့် တစ်ယောက် ဖြစ်နေသော်လည်း သူ့ဆီမှ ထွက်လာသော စကားတစ်ခွန်းက နတ်ဘုရားဘုရင်ကိုပင် ပါးစပ်ပိတ်သွားစေသည်။ ဤအင်အားမှာ သူ့ထက်ပင် ကျော်လွန်နေပေသည်။
သူက နတ်ဘုရားဘုရင် နှစ်ယောက်ကို ရှင်းပစ်လိုက်ခဲ့သော်လည်း သူက နတ်ဘုရားနယ်မြေ မြို့အသစ်၏ အဆင့် ၇ အစီအရင်ကို ထိန်းချုပ်ခွင့် ရထား၍ ဖြစ်ပေသည်။ မြို့အပြင်၌ ဖြစ်နေလျှင် သူ့အနေနှင့် နတ်ဘုရားဘုရင်ရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေပြီး ထွက်ပြေးခြင်းမှအပ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
“ မင်း မမှားပါဘူး။ ဒါပေမဲ့ မင်းအတွက်လည်း အကျိုးရှိမယ်ဆိုတာ အာမခံတယ် ” ခွန်းယွင်က ရင်ဘတ်ပုတ်ကာ ပြောလိုက်သည်။
မိုဝူကျိက လက်ဝှေ့ပြကာ “ အကျိုးမြတ်တွေက နေပါဦး။ တကယ်လို့ ခင်ဗျားက ကျုပ်ကို ကူညီခိုင်းစေချင်ရင် ကျုပ်ကို အရင်ဆုံး ကူညီပေးရမယ် ”
“ ပြောပါဦး … မင်းက ဘာအကူအညီ လိုနေတာလဲ ” ခွန်းယွင်က ထိုအရာနှင့် ပတ်သတ်၍ ခံစားချက်ဆိုးဆိုး ရနေမိသည်။
“ ကျုပ်က အခု အဲဒီနတ်ဘုရားဘုရင် နှစ်ယောက် ဝင်နှောင့်ယှက်လို့ အရမ်းကို ဒေါသထွက်နေတယ်။ ကျုပ် သူတို့ဂိုဏ်းနှစ်ခုလုံးကို ရှင်းထုတ်ပစ်ချင်တယ် ” မိုဝူကျိက အခွင့်အရေးအား အသုံးချကာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီဝိညာဉ် ပရဝဏ်တို့ကို ရှင်းထုတ်ပစ်ချင်၏။
သူက ရန်ငြိုး သယ်ပိုးထားရသည်ကို သဘောမကျပေ။ သို့သော် ယခုတွင် လက်စားမချေရသေးသည်ကား နှစ်မည်မျှ ကြာမြင့်သွားပြီနည်း။
***