← Chapters

ခွန်းယွင်က ပြသခြင်း

Vol. 75 Ch. 1043

ခွန်းယွင်က ပြသခြင်း

Vol. 75 Ch. 1043

ခွန်းယွင်က နောက်ကျောပေါ်မှ ဓားရိုးကြီးကို ပျင်းပျင်းရိရိနှင့် ပုတ်လိုက်ပြီး ပြောလိုက်သည်  “ ငါ ခွန်းယွင်က မင်းထက် အကြာကြီး ဖြတ်သန်းလာတာ။ ငါ့ကို ဒီလိုကိစ္စအသေးလေးနဲ့ လာမစနဲ့။ တကယ်လို့  မင်း တကယ် စိတ်ဆိုးနေတယ်ဆိုရင် ဟန်ထုံကို အဲဂိုဏ်းနှစ်ခုလုံးကို ရှင်းထုတ်ခိုင်းလိုက်ရုံပဲ။ မင်းက သူတို့နဲ့ ရန်ကြွေးရှိနေတာ  လား။  အဲဒါကြောင့် မင်းကိုယ်တိုင် သွားချင်တာပဲ …. မဟုတ်ရင် အဲဒီ အမှိုက်နှစ်စလောက်က မင်းရှေ့ ရောက်လာမှာ မဟုတ်ဘူး ”

“ အဲဆိုတော့ ခင်ဗျား သွားမှာလား၊ မသွားဘူလား ” မိုဝူကျိက ခွန်းယွင်ကို ပြန်လည် ချေပမပြောဆိုပေ။ သူက ခွန်းယွင်သည် သူ့နောက်ကြောင်း မစစ်ဆေးရသေးကြောင်း ပြောလာလျှင်ပင် ယုံမည် မဟုတ်ပေ။ အားလုံးက သူနှင့် ထိုနှစ်ဂိုဏ်းကြားရှိ ရန်ကြွေးကို သိကြပေသည်။ ထို့ကြောင့်  သူ့အနေနှင့် ရှာတွေ့ဖို့ရာ မခက်ခဲပေ။ သို့သော်လည်း ဤလူက အရာအားလုံးထက် သာလွန်နေသည့်ဟန် လုပ်ပြနေသေး၏။

သူ မိုဝူကျိက အလွယ်တကူ အရူးလုပ်ခံရပါက ယနေ့အထိ အသက်ဆက်လက် ရှင်နိုင်မည် မဟုတ်ပေ။

မိုဝူကျိ၏ သဘောထားကို လျစ်လျူရှုရင်း ခွန်းယွင်က ခွန်းတုံ့ပြန်လိုက်သည် “ ငါ သွားနိုင်တယ်။ မင်းရဲ့ လက်ရှိအင်အားအရဆိုရင် အဲဒီနှစ်ဂိုဏ်းကို ရှင်းဖို့ မဖြစ်နိုင်သေးဘူး။ ငါက မင်းရဲ့ စွမ်းရည်ကို အထင်သေးတာတော့ မဟုတ်ပါဘူး ”

“ အဲဒါကြောင့် ကျုပ်က ခင်ဗျားကို အကူအညီတောင်းနေတာလေ။ တကယ်လို့ ခင်ဗျားက ကျုပ်ကို ကူညီမပေးနိုင်ရင် ကျုပ်က ဘာလို့ ခင်ဗျားကို ပြန်ကူညီပေးရမှာလဲ ” မိုဝူကျိက တုံံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

ထိုစကားက ခွန်းယွင်အား ထခုန်လုမတတ် ဖြစ်သွားစေသည် “ အရင်ဆုံး ရှင်းအောင် ပြောထားရဦးမယ်။ မင်းက ငါ့ကို ကူညီနေတာ မဟုတ်ဘူး။ ငါတို့က အလုပ်အတူတူ တွဲလုပ်နေတာ။ အတူတူ တွဲလုပ်တာ … နားလည်လား ”

“ ကျုပ်တို့ အတူတူ အလုပ်တွဲမလုပ်ခင် ခင်ဗျားရဲ့ စိတ်ရင်းကို မြင်ချင်တယ်လေ။ ပြောစမ်းပါဦး … ခင်ဗျား လုပ်မှာလား၊ မလုပ်ဘူးလား ” မိုဝူကျိက ခွန်းယွင်၏ ဒေါသကို ထည့်မတွက်ပေ။ သူက ခွန်းယွင်တွင် ထိုဂိုဏ်းနှစ်ခုအား တစ်ခါတည်းဖြင့် ရှင်းပစ်နိုင်သည့် နည်းလမ်း ရှိနေမည်ဟု ခံစားမိနေသည်။

ခွန်းယွင်က သက်ပြင်းချကာ  “ ကောင်းပြီလေ  … ငါ ကူညီပေးမယ်။ တကယ်တော့ မင်းက ငါ့ကို တစ်ယောက်တည်း ဖြေရှင်းခိုင်းမယ်ဆိုတာ သိတယ်။ အဲဒီနှစ်ဂိုဏ်းကို ရှင်းပစ်လိုက်တာက မင်းအတွက် ဘာမှအသုံးဝင်မယ် မထင်ဘူး ”

တကယ်တော့ ခွန်းယွင် သဘောမတူလျှင်ပင် မိုဝူကျိက ခွန်းယွင်၏ အဆိုပြုချက်ကို ငြင်းပယ်နိုင်မည့် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုလိုခြင်း ဖြစ်၏။ သို့သော်လည်း သူက ခွန်းယွင်သည် အမှန်တကယ် သဘောတူလိမ့်မည်ဟု မတွေးထားမိပေ။

ခွန်းယွင်က မည်မျှ အံ့ဩဖို့ ကောင်းစေကာမူ လက်ရှိသူက ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်နေသေးသည်။

မိုဝူကျိက စကားပြောရပ်လိုက်သည်ကို မြင်၍ ခွန်းယွင်က ပြောလိုက်သည်  “ မိုဝူကျိ … မင်းက ကိုယ့်စကားကို ပြန်ရုတ်သိမ်းလို့ မရဘူးနော် ”

မိုဝူကျိက ရယ်မောကာ  “ ကျုပ် မိုဝူကျိက သဘောတူပြီးသား ကိစ္စကို ဘယ်လိုလုပ် ဖျက်သိမ်းပါ့မလဲ ”

ခွန်းယွင်က မိုဝူကျိအား သဘောတူသည့်အနေနှင့် ကြည့်ကာ  “ မင်းက ငါ့ကို အတူတူ အလုပ်တွဲလုပ်နေတုန်း မတိုက်ခိုက်ဖို့ ကျိန်ဆိုခိုင်းဖို့ လိုမယ်လို့ ထင်နေတာ ”

မိုဝူကျိ၏ အကြည့်ကာ ခွန်းယွင်ဆီ ရောက်လာကာ  “ ခွန်းယွင် … ကျုပ် အတိတ်က ခင်ဗျား ဘယ်သူဆိုတာလဲ မသိခဲ့ဘူး။ ဒါပေမဲ့ ကျုပ်က အနည်းဆုံး နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်နေပြီဆိုတော့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်မှုကို ပူပန်နေရရင် ကျုပ် တာအိုကို ဆက်လေ့ကျင့်နေဖို့ မလိုလောက်တော့ဘူး။ တကယ်လို့ ခင်ဗျား  နောင်တမရဘူးဆိုရင် တိုက်ချင်တယ်ဆိုရင်လည်း တိုက်လိုက် … ”

မိုဝူကျိက သူ့တွင် ထိုမျှယုံကြည်မှု မရှိထားပါက သူ့အနေနှင့် တာအိုကို တကယ် ဆက်လက် လေ့ကျင့်နိုင်မည် မဟုတ်ပေ။

“ စိတ်မပူပါနဲ့  … မင်းကို မတိုက်ပါဘူး ” ခွန်းယွင်က ပြုံးရယ်လိုက်သည်။ မည်သူကမှ သူ့စိတ်ကို မခန့်မှန်းနိုင်ကြပေ။

“ အဲဒါမတိုင်ခင် အရင်ဆုံး နတ်ဘုရားသိုက်မြုံ နယ်မြေအစွန်းဆီ သွားကြည့်ဦးမယ် ” မိုဝူကျိက အရင်ဦးစွာ ချိန်စုယင်ကို ရှာရန် နတ်ဘုရားသိုက်မြုံအစွန်းသို့ သွားဖို့ ဆုံးဖြတ်လိုက်သည်။

ခွန်းယွင်က ပုံမှန်အတိုင်း ဝင်ထောက်လိုက်သည်  “ မိုဝူကျိ …. မင်းရဲ့ တာအိုလက်တွဲဖော် နတ်ဘုရားသိုက်မြုံဆီ သွားတာ နှစ်တစ်သောင်းကြာနေတဲ့အချက်ကို ထည့်မတွက်ရင်တောင် မင်းအနေနဲ့ သူမကို အချိန်တိုအတွင်း ရှာနိုင်စွမ်း ရှိလို့လား။ နတ်ဘုရားသိုက်မြုံအစွန်းက အကျယ်ကြီးပဲ … အဲဒီမှာ ကျင့်ကြံသူပေါင်း သန်းပေါင်းမြောက်များစွာ ရှိနေတာ ပြီးတော့ အတားအဆီးတွေရော၊ ရှုပ်ထွေးလှတဲ့ အဖွဲ့အစည်းတွေရော … မင်း ဘယ်လို ဆက်ရှာမှာလဲ ”

မိုဝူကျိက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားသည်။ သူက ခွန်းယွင် စကားမှာ မှန်ကန်ကြောင်း သိထားသော်လည်း ကံကြမ္မာကို ပုံအပ်ထား၍ မရပေ။ အချိန်အတော်ကြာပြီးနောက် သူက ပြန်ပြောလိုက်သည်  “ ခွန်းယွင်  … ကျုပ်နဲ့ ဘာကို ပူးပေါင်းချင်တာလဲဆိုတာ ပြောပါဦး ”

“ တစ်ခုခုကို ရှာဖို့ပါ .. မစိုးရိမ်ပါနဲ့ … မင်းကို မထိခိုက်စေပါဘူး။ ပြီးတော့ အန္တရာယ်လည်း အဲလောက် မများပါဘူး။ မင်း လက်စားချေပြီးရင် ငါတို့တွေ မသွားခင် အင်အားတိုးမြင့်ဖို့ လုပ်ကြတာပေါ့ ” အစကတည်းက ခွန်းယွင်သည် မိုဝူကျိ မေးမြန်းဖို့ မျှော်လင့်ထားသောကြောင့် မြန်မြန်ဆန်ဆန် ဖြေပေးနိုင်လိုက်၏။

………………..

အကယ်၍ နတ်ဘုရားကုန်းမြေရှိ ဂိုဏ်းကြီးများက ရောက်မလာလျှင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကား ဂိုဏ်းကြီးအဖြစ် ယူဆ၍ ရပေသည်။ ဂိုဏ်းထဲတွင် အနည်းဆုံးတော့ နတ်ဘုရားဘုရင် တစ်ယောက် ရှိနေသေးသည် မဟုတ်ပါလော။ ထို့အပြင် လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသည် နောက်ထပ် နတ်ဘုရားဘုရင်တစ်ယောက်ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

သို့သော် နတ်ဘုရားကုန်းမြေရှိ ဂိုဏ်းကြီးများစွာက နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာပြီးသည့်နောက်တွင် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသည် အတော်အသင့် ဂိုဏ်းမျှသာ ဖြစ်သွားသည်။

ထိုစဉ် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း အပြင်ဘက်၌ မိုဝူကျိက ခွန်းယွင် တစ်ယောက် ပေါက်ကွဲရေး နတ်ဘုရားအစီအရင် ခင်းကျင်းနေသည်ကို ကြည့်နေသည်။

ခွန်းယွင် လက်ထဲရှိ အစီအရင်အလံများက တေးဂီတ သင်္ကေတများနှင့် တူကာ ကခုန်နေပြီး  အရိပ်အယောင်မကျန်ရှိခဲ့ဘဲ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ ကာကွယ်ရေး အစီအရင်အပေါ်တွင် ထပ်ထပ် ပေါ်လာသည်။

မိုဝူကျိက အဆင့် ၅ နတ်ဘုရားအစီအရင်ဘုရင် တစ်ယောက် ဖြစ်စဉ် သူ့အစီအရင်တာအို အဆင့်က ခွန်းယွင်နှင့် ယှဉ်လိုက်လျှင် နောက်ကျနေသေးကြောင်း သိလိုက်၏။ စန်းကျန့်ရှင်း၏ အစီအရင်တာအိုပင် ခွန်းယွင် အမြင်၌ ကောင်းနေမည် မဟုတ်လောက်ပေ။

နောက်ဆုံးတွင် ခွန်းယွင်က နတ်ဘုရားနယ်မြေ မြို့အသစ်ထဲ၌ အထိတ်ထလန့် ဖြစ်မသွားသည့် အကြောင်းအရင်းအား နားလည်လာမိသည်။ ဤသို့ အစီအရင်တာအိုအဆင့်ဖြင့် ခွန်းယွင်က စန်းကျန့်ရှင်း၏ သေမင်းထောင်ချောက် အစီအရင်အား သေချာပေါက် အသုံးချနိုင်လိမ့်မည်။

မိုဝူကျိ အမှန်တကယ် နားမလည်သေးသော အစီအရင်အလံ နေရာချထားမှုကား ပုံစံအမျိုုးမျိုး ရှိနေသောကြောင့် ခွန်းယွင်ဆီမှ များစွာ သင်ယူနိုင်ခဲ့သည်။

အဆင့် ၇ ပေါက်ကွဲရေး အစီအရင်ကို ခွန်းယွင်က ငါးရက်အတွင်း အပြီးသတ်နိုင်လိုက်၏။ မိုဝူကျိက ဤသည်မှာ ခွန်းယွင်၏ အင်အားမလုံလောက်မှုကြောင့် ဖြစ်မည်မှန်း ကောင်းကောင်း သိပေသည်။ အကယ်၍ ခွန်းယွင်၏ ကျင့်ကြံဆင့်သာ မြင့်နေပါက သူ့အစီအရင်တာအိုနည်းလမ်းများဖြင့် အသက်ရှိုက်စာအနည်းငယ်အတွင်း ပေါက်ကွဲရေး အစီအရင် အပြီးသတ်နိုင်မည် ဖြစ်၏။

“ ငါတို့တွေ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ကိုလည်း သွားကြတာပေါ့ ” ပေါက်ကွဲရေး အစီအရင် ခင်းကျင်းပြီးနောက် ခွန်းယွင်က သေမင်းထောင်ချောက် အစီအရင်ကို အသက်မသွင်းသေးဘဲ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဆီ သွားဖို့ အရင်အကြံပြုလိုက်သည်။

“ ပေါက်ကွဲရေး အစီအရင်ကို ဘာလို့ အသက်မသွင်းသေးတာလဲ ” မိုဝူကျိက ခွန်းယွင်သည် အစီအရင် ခင်းကျင်းပြီးကြောင်း တွေးမိ၍ မေးလိုက်သည်။

“ မင်းက အခုထိ လူသစ်လေးပဲ။ မင်း နတ်ဘုရားနယ်မြေ မြို့အသစ်မှာပေါ်လာတာက ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ဆီ ရောက်သွားလောက်ပြီလေ။ တကယ်လို့ အခုသာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းသာ တစစီ ဖြစ်သွားခဲ့ရင် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က ငါတို့ကို သူတို့ဂိုဏ်းအပြင်ဘက်မှာ ပေါက်ကွဲရေး အစီအရင် ခင်းကျင်းခွင့် ပေးဦးမယ် ထင်နေလား။ မင်းကိုယ်မင်း ဘယ်သူများ ထင်နေတုန်း ” ခွန်းယွင်က မိုဝူကျိအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

မိုဝူကျိက စိတ်ထဲ၌ တွေးလိုက်သည် “ ဒီလူက ခဏတိုင်း လုပ်နေကြ ထင်တယ် ”

“ ခွန်းယွင် … နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှာ ကျုပ် အသိတစ်ယောက် ရှိသေးတယ်။ သူမကို အရင်ရှာပြီးတော့ ထွက်သွားဖို့ ပြောချင်သေးတယ် ” မိုဝူကျိက ခွန်းယွင် အကြည့်ကို လျစ်လျူရှုထားလိုက်၏။

ခွန်းယွင်က ပြန်ဖြေလိုက်သည်  “ မင်း ပြောတာ ရှီနန်မော့ မလား။ မင်းက တကယ့်ကို သဘောစွတ်ကောင်းနေတာကိုး .. သူမက နတ်ဘုရားသိုက်မြုံဆီ ထွက်သွားတာ ကြာလှပေါ့။ သူမရဲ့ အမုန်းတရားကလည်း မင်းထက်တော့ နည်းမှာ မဟုတ်ဘူး။ ငါရဲ့ ခန့်မှန်းချက်အရဆိုရင် သူမရဲ့ ကျင့်ကြံဆင့်က အခုလောက်ဆို အစောပိုင်း နတ်ဘုရားအုပ်စိုးသူအဆင့်လောက် ရောက်နေရောပေါ့ ”

မိုဝူကျိက ဘာတစ်ခွန်းမှ မပြောတော့ပေ။ သူ ထင်ထားသည့်အတိုင်း ခွန်းယွင်က သူ့နောက်ကြောင်း အကုန်စုံစမ်းပြီးသား ဖြစ်၏။ ထိုမြေခွေးအိုကြီး၏ နည်းလမ်းအရ သူ့အား ဤမျှ ကြာကြာ စောင့်နေမည် မဟုတ်လောက်ပေ။

ရက်များစွာ ကြာမြင့်ပြီးနောက် ခွန်းယွင်က ဇာမဏီနတ်ဝိညာဉ် ပရဝဏ်၌ ပေါက်ကွဲရေး အစီအရင် ခင်းကျင်းပြီးသွားပြီ ဖြစ်၏။

ခွန်းယွင်က အစီအရင်အလံများကို အသက်သွင်းလိုက်သည်နှင့် ကြောက်မက်ဖွယ် ပေါက်ကွဲသံနှစ်ခုက နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီ နတ်ဝိညာဉ်ပရဝဏ်တို့အား ဖုံးလွှမ်းကာ တိုက်စားသွားသည်။

အဆင့် ၇ ပေါက်ကွဲရေး အစီအရင်သည် နတ်ဘုရားနယ်မြေ သို့မဟုတ် အာကာပြင်စည်းမျည်းကိုပင် တိုက်စားသွားနိုင်၏။ နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူများအနေနှင့် သေခြင်းတရားမှ လွတ်မြောက်ဖို့ရာပင် ခက်ခဲလောက်ပေသည်။ ဂိုဏ်းနှစ်ခုလုံးကား နတ်ဘုရားနယ်မြေမှ ဖယ်ရှားခံလိုက်ရသည်။ နတ်ဘုရားဘုရင် ယန်ထင်းက ဂိုဏ်းတွင် ရှိမနေသည့်အတွက် ဤကပ်ဘေးမှ လွတ်မြောက်သွားခဲ့သည်။

ပေါက်ကွဲထွက်သွားသည့် နေရာနှစ်ခုကို ကြည့်ကာ မိုဝူကျိ၏ စိတ်အေးချမ်းသွားလေ၏။ ယခင် ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့ ပူးပေါင်း၍ ကောင်းကင်လူသားဂိုဏ်းအား ရှင်းထုတ်ပြီး တပည့်များအား သတ်ပစ်ခဲ့သည်။ ကိစ္စအသေးအမွှားလေးတချို့အတွက် သူ့ကိုပင် ဖမ်းဝရမ်း အထုတ်ခံခဲ့ရသည်။ ယနေ့ သူက ခွန်းယွင်အား အသုံးချ၍  သူ့ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသော်လည်း နောင်တမရပေ။

“ ခွန်းယွင် …. အခု ခင်ဗျားက ကျုပ် အကူအညီ ဘာလိုတာလဲ။ ခင်ဗျားနဲ့ အတူတူ လိုက်ပေးမယ် ”ပေါက်ကွဲမှုများ ဖြစ်သွားပြီးနောက် မိုဝူကျိက ခွန်းယွင်အား ကြည့်ရင်း ပြောလိုက်သည်။

သူက သဘောတူထားပြီးပြီ ဖြစ်၍ သူ့စကားသူ လိုက်နာရမည်သာ ဖြစ်၏။

ခွန်းယွင်က နောက်တစ်ဖန် ရယ်မောကာ “ မင်း ပြောတာ မှားပြန်ပြီ။ ငါ မင်းကို ဘယ်နှစ်ကြိမ် ပြောပြီးပြီလဲ … မင်းက ငါ့ကို ကူညီပေးဖို့ လိုနေတာ မဟုတ်ဘူး။ ငါတို့က အတူတူ တွဲလုပ်ကြမှာပါဆိုနေ … အလုပ်အတူတူ တွဲလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုရော နားလည်ရဲ့လား။ ငါတို့တွေ အားမကောင်းသေးလို့ အဲဒီကို သွားလို့ မဖြစ်သေးဘူး။ ငါတို့ လိုတာက အရင်ဆုံး နတ်ဘုရားသိုက်မြုံဆီ သွားပြီး ကျင့်ကြံဆင့် တက်လာအောင် လုပ်ရမယ်။ အဲဒီမှာ ပြီးပြည့်စုံတဲ့ စည်းမျည်းနဲ့ ကျင့်ကြံရေး အရင်းအမြစ်လည်း ပေါများတယ်။ ငါသာ နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်သွားတာနဲ့ ဆက်လုပ်လို့ ရပြီ ”

မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး  “ နောက်ဆုံးတော့ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်နေတာလေ။ ကျုပ်မှ မဟုတ်တာ ”

“ မင်းကြိုက်သလိုသာ တွေးလိုက် … ဘယ်လိုဖြစ်ဖြစ် ငါတို့အင်အားက မလုံလောက်သေးဘူး။ ငါတို့တွေ နတ်ဘုရားသိုက်မြုံမှာ အများဆုံး ဆယ်နှစ်လောက် နေပြီးမှ ဆက်သွားကြမယ် ”

မိုဝူကျိက ခွန်းယွင် စကားအား ဖြတ်ပြောလိုက်သည်  “ ခင်ဗျားပြောတာ ဆယ်နှစ်အတွင်း နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းနိုင်တယ်ပေါ့ ”

သူ့ကျင့်ကြံနှုန်းက အလွန်တရာ မြန်ဆန်သည်ဟု ခံစားမိနေသော်လည်း မိုဝူကျိက အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်မှ နတ်ဘုရားအုပ်စိုးသူအဆင့်ကို ဆယ်နှစ်အတွင်း တက်လှမ်းနိုင်လိမ့်မည်ဟု မပြောရဲပေ။

“ တခြားလူတွေက မလုပ်နိုင်ပေမဲ့ ငါက မလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ ” ခွန်းယွင်က ဝင်ထောက်ပြောလိုက်သည်။

“ အခု ခင်ဗျားက ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ရောက်နေတာလား။ အဲဆို ကျုပ် ခံစားမိတဲ့ အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်က အတုအယောင်လား ” မိုဝူကျိက ပြန်ထိန်းလိုက်ပြီး မေးလိုက်သည်။

“ မင်း မှားနေပြီ။ ငါက အခု နတ်ဘုရားအုပ်စိုးသူအဆင့်ထဲ ခြေလှမ်းဝက် ချထားပြီးပြီ။ မင်းရဲ့ သေးသေးမွှားမွှား ကျင့်ကြံဆင့်နဲ့ ငါ့ကျင့်ကြံဆင့်ကို ခန့်မှန်းဖို့ တွေးမနေပါနဲ့ကွာ ” ခွန်းယွင်က မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်၏။

“ ကောင်းပြီလေ … အဲဆိုလည်း အချိန်ကို ဆယ်နှစ်သတ်မှတ်ကြတာပေါ့ ” မိုဝူကျိက ခွန်းယွင်လို မကောင်းဆိုးဝါးအိုကြီးအား အတိအကျ မမှန်းဆနိုင်သည်မှာ ပုံမှန်ကိစ္စရပ်ဟုသာ ယူဆလိုက်တော့သည်။ သူ အမှန်တကယ် ခန့်မှန်းနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။

ခွန်းယွင်က ခေါင်းခါကာ ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည်  “ မရဘူး … လုံးဝကို မရဘူး။ ငါက မင်းကို ဒီနေရာမှာ နှစ်အကြာကြီး စောင့်ခဲ့ရတာ။ မင်းက ငါ့ကို ဆယ်နှစ်တောင် မစောင့်နိုင်ဘူးပေါ့။ ဒီဆယ်နှစ်အတွင်း မင်းက ငါ့ဘေးမှာ တစ်ချိန်လုံး ရှိနေရမယ်။ ဒါနဲ့ မဟုတ်သေးပါဘူး ငါတို့တွေ အတူတူကို ချည်နှောင်ထားရမယ် ”

မိုဝူကျိက အေးစက်စက် ပြောလိုက်သည်  “ ခင်ဗျားက ကျုပ် ကျင့်ကြံတဲ့အခါ ကျုပ်လူသားတာအိုကနေ အသိဉာဏ်ပွင့်အောင် ကြိုးစားမလို့မလား ”

သူက မိုဝူကျိ စကားကို ကြားသောအခါ စကားဝိုင်းကို အမြဲ ထိန်းချုပ်ထားသည့် ခွန်းယွင်က ရုတ်ချည်း တုန်လှုပ်သွားကာ နေရခက်သည့်အမူအယာဖြင့်  “ အဲလိုတော့ ပြောလို့ မရဘူးပေါ့။ မင်းလူသားတာအိုက အရမ်းကို ထူးခြားတယ်လေ။ ငါက နမူနာအနေနဲ့ ကြည့်ရုံလေးပဲ … အဲဒီ အဓိပ္ပါယ်ကိုတော့ သိတယ်မလား။ တကယ်လို့ မင်း မသိတာ ရှိရင်လည်း ငါ့ကို မေးလို့ ရတာပေါ့ ”

ခွန်းယွင်၏ စိတ်ထဲ၌ သူ့ဘာသာ တွေးလိုက်သည်

“ ဒီဟာလေးက တကယ်ကို နတ်ဆိုးပဲ ….”

မိုဝူကျိ နောက်တဆင့် ဘာလုပ်မည်ကို ခန့်မှန်းနိုင်ခြင်းမှာ သူက မိုဝူကျိအကြောင်း နှစ်ပေါင်းများစွာ စုံစမ်းထား၍ ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိက စကားတစ်ခွန်းတည်းဖြင့် သူ လုပ်ချင်နေသည့်အရာကို တန်းခန့်မှန်းနိုင်ခဲ့သည်။ ရှေ့လျောက် မိုဝူကျိနှင့် ပူးပေါင်းလုပ်ဆောင်နေစဉ်အတွင်း အတော်လေး ဂရုစိုက်ရမည်။ သူ တွေ့ဆုံခဲ့ရသည့် အဆင့်နိမ့် ကျင့်ကြံသူများ အရေအတွက်မှာ မနည်းလှပေ။ သို့သော် သူ့ရှေ့တွင် ရှိနေသော ငတိက ဉာဏ်များကာ ရင်ဆိုင်ဖို့ အခက်ဆုံး ဖြစ်ပေသည်။ မည်သို့ပင် ဖြစ်စေကာမူ ယခုအချိန်အထိ သူက ကစားနေခြင်းသာ ဖြစ်ပြီး ပူးပေါင်းမည့်အကြောင်း အသေအချာ တွေးထားဟန် မပေါ်ပေ။

“ တကယ်လို့ မင်း သဘောမတူရင်လည်း ထားလိုက်ပါ။ မင်းလည်း မကျင့်ကြံရင် ငါလည်း ဘာအသိအမြင်မှ မရတော့တာပေါ့။ ငါ ကျင့်ကြံတဲ့အခါကျ မင်း စိတ်ကြိုက် အသိအမြင်ပွင့်အောင် ကြိုးစားလို့ ရပါတယ် ”မိုဝူကျိ အမူအယာ ပျက်ယွင်းနေသည်ကို မြင်၍ ခွန်းယွင်က နေရခက်စွာ နောက်တစ်ဖန် ပြောလိုက်သည်။

မိုဝူကျိက တည်တည်ငြိမ်ငြိမ်  ပြန်မေးလိုက်၏  “ တကယ်လို့ ကျုပ်တို့တွေ နတ်ဘုရားဘုရင်နဲ့ ရင်ဆိုင်ရရင် ခင်ဗျား ဖြေရှင်းနိုင်လား ”

“ ဘာနတ်ဘုရားဘုရင်တုန်း  … ငါ ခွန်းယွင်က သူတို့ အားလုံးကို ဖြေရှင်းနိုင်တယ် ” ခွန်းယွင်က လက်ခါပြရင်း ပြောလိုက်သည်။

“ အဲဆို ခင်ဗျားက ကျုပ်ကိုလည်း ကိုင်တွယ်နိုင်တယ်ပေါ့ ” မိုဝူကျိက ခွန်းယွင်အား စိုက်ကြည့်လိုက်သည်။

ခွန်းယွင်က ခေါင်းခါကာ  “ အဲဒါက မတူဘူးလေ။ ငါ ရှင်းပြရင်တောင် မင်းနားလည်မှာ မဟုတ်ဘူး။ မိုးမြေစည်းမျည်းကြောင့် ခြားနားချက် ဖြစ်လာတာပဲ၊ မင်းရဲ့ တာအိုက ဒီနေရာမှာရှိနေတဲ့ မိုးမြေစည်းမျည်းနဲ့ မဆိုင်ဘူး။ အဲကြောင့် မင်းနဲ့ အတူတူ အလုပ်တွဲလုပ်ချင်တာပဲ ”

“ကောင်းပြီလေ … ကျုပ် သဘောတူတယ်။ နတ်ဘုရားသိုက်မြုံဆီ သွားကြတာပေါ့ ” မိုဝူကျိက ဆက်မမေးမြန်းတော့ဘဲ တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။

………………

မိုဝူကျိနှင့် ခွန်းယွင်တို့ ဂိုဏ်းကြီးနှစ်ခုကို ရှင်းထုတ်ပြီးသည့်နောက် နတ်ဘုရားနယ်မြေ တစ်ခုလုံး အစီအစဉ်မကျ ဖြစ်ကုန်သည်။

ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့က မည်သို့ ဖြစ်စေကာမူ သူတို့က နတ်ဘုရားနယ်မြေ၏ ထိပ်သီးဂိုဏ်းများ ဖြစ်ကြ၏။ သို့သော်လည်း သူတို့ကား တစ်ညတည်းဖြင့် ဖျက်စီးခံလိုက်ရသည်။ ထို့ကြောင့် ဤသည်မှာ သိသာထင်ရှားသော အဖြစ်အပျက်ကြီး ဖြစ်လာသည်။

အသက်ရှင်ကျန်ခဲ့သော နတ်ဘုရားဘုရင် ယန်ထင်းက ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ နတ်ဘုရား ကာကွယ်ရေးခန်းမဆီသာ အပြေးအလွှား သွားလိုက်တော့သည်။

နတ်ဘုရား ကာကွယ်ရေးခန်းမကို နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေရှိ ပညာရှင်များက ပူးပေါင်း၍ တည်ဆောက်ထားခြင်း ဖြစ်၏။ ဤသည်က နတ်ဘုရားသိုက်မြုံအစွန်းတွင် တည်ရှိပြီး နတ်ဘုရားလောကနှင့် နတ်ဘုရားမျိုးနွယ်ကြားရှိ တိုက်ပွဲအတွက် နောက်ဆုံး ဌာနချုပ်လည်း ဖြစ်ပေသည်။

***

All Chapters