မင်း လက်စားချေဖို့ ပြန်လာတာလား
Vol. 75 Ch. 1044
နတ်ဘုရားဘုရင် ယန်ထင်းက ကာကွယ်ရေးခန်းမဆီ ရောက်ရှိလာသည့်အခါ ကာကွယ်ရေးခန်းမ၌ နတ်ဘုရားဘုရင် ဆယ်ယောက်ကျော် စုစည်းပြီးသား ဖြစ်နေကြောင်း သိလိုက်ရ၏။ မဟာနတ်ဘုရားဘုရင် ဆယ်ဦးထဲမှ နံပါတ်တစ် ဖြစ်သည့် နတ်ဘုရားဘုရင် လီထန်းက ထိပ်ဆုံးတွင် ထိုင်နေသည်။ နတ်ဘုရားဘုရင် လီထန်းအပြင် မဟာနတ်ဘုရားဘုရင် ဆယ်ဦးမှ ဝူကျဲ၊ မော့ဟိုင်၊ ကျီတင်း၊ ဟုန်ချီ၊ မင်ယန်နှင့် လန်လင်းတို့အားလုံးလည်း ရောက်ရှိနေကြသည်။
မိတ်ဆွေဟောင်းကြီး နတ်ဘုရားဘုရင် ယီမင်ကို မြင်လိုက်ရသည့်အတွက် နတ်ဘုရားဘုရင် ယန်ထင်းက စိတ်အေးမိသွားကာ ဝမ်းနည်ပက်လက် ပြောကြားလိုက်သည် “ တာအိုရောင်းရင်းတို့ …. ကျုပ်က နတ်ဘုရားသိုက်မြုံမှာ နတ်ဘုရားမျိုးနွယ်နဲ့ အသက်စွန့် တိုက်ခိုက်နေတုန်း ကျုပ်ရဲ့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ် ဖျက်စီးခံလိုက်ရပါတယ်။ တကယ်လို့ နတ်ဘုရားနယ်မြေသာ ဒီလို ဖြစ်နေမယ်ဆိုရင် ကျုပ်တို့တွေရဲ့ နယ်မြေကို ကျူးကျော်လာတဲ့သူတွေကို ဘယ်လိုပြန်တိုက်ခိုက်ဖို့ စိတ်ဓာတ်အင်အား ရှိတော့မှာလဲဗျာ။ ကျုပ်တို့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နဲ့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့အတွက် အားလုံးက တရားမျှတအောင် စီမံပေးဖို့ တောင်းဆိုချင်ပါတယ် ”
နတ်ဘုရားဘုရင် ဟုန်ချီက စိတ်ထဲမှ သရော်မိလိုက်သော်လည်း ဝင်မပြောပေ။ သူက မဟာနတ်ဘုရားဘုရင် ဆယ်ဦးထဲမှ နတ်ဘုရားဘုရင် ဝူကျဲသည် နတ်ဘုရားဘုရင် ယန်ထင်းကို ထောက်ပံ့ပေးထားပြီး နတ်ဘုရားဘုရင် ယီမင်သည်လည်း နတ်ဘုရားဘုရင် ယန်ထင်း၏ မိတ်ဆွေ ဖြစ်နေသေး၏။
ယခင် ကောင်းကင်လူသားဂိုဏ်းက အကြောင်းပြချက်မရှိ ရှင်းထုတ်ခံလိုက်ရပြီး နတ်ဘုရားဘုရင် ဖန်းကျဲ ဝိုင်းအသတ်ခံလိုက်ရသည့် အကြောင်းအရင်းကို မည်သူက မသိဘဲ နေမည်နည်း။ ကောင်းကင်လူသားဂိုဏ်းနှင့် ရင်းရင်းနှီးနှီး ရှိသည့် နတ်ဘုရားဘုရင် ဝေကျန့်က ကောင်းကင်လူသားဂိုဏ်းအတွက် တရားမျှတမှု ရယူရန် ဆုံးဖြတ်ထားသော်လည်း အဆုံးသတ်၌ နတ်ဘုရားနယ်မြေမှ လုံးလုံး ပျောက်ကွယ်သွားရသည်။
တစ်ယောက်ယောက် ဉာဏ်နည်းနေခြင်းသာ မဟုတ်လျှင် နတ်ဘုရားဘုရင် ဝေကျန့်ကို တခြားသော လက်ရဲဇက်ရဲ နတ်ဘုရားဘုရင်များက ရှင်းပစ်လိုက်ကြောင်း သိပေမည်။
တကယ်တော့ နတ်ဘုရားဘုရင် ဝေကျန့်နှင့် ဖန်းကျဲတို့ သေဆုံးသွားမှုကြောင့် နတ်ဘုရားဘုရင် လီထန်း၏ ဂုဏ်သိက္ခာလည်း အတော်အတန် ကျဆင်းသွားပေသည်။
နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဘုရင် အရေအတွက် နည်းပါးလှသောကြောင့် နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားဘုရင်ကြားရှိ တိုက်ပွဲကို ကန့်သတ်ထားခဲ့သည်။
နတ်ဘုရားဘုရင် ယန်ထင်းက နတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲ၌ အသက်စွန့်ကာ တိုက်ပွဲဝင်နေသည့်အကြောင်း ပြောသောအခါ ပို၍ပင် ယုတ္တိမရှိချေ။ နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေကြားရှိ နယ်နမိတ်မှာ နတ်ဝိညာဉ်စွမ်းအား သိပ်သည်းလွန်းပြီး စည်းမျည်းများမှာလည်း အရှင်းလင်းဆုံး ဖြစ်နေသည့်အချက်ကို မည်သူက မသိဘဲ နေမည်နည်း။ လက်ရှိ၌ အားလုံးနီးပါးက ထိုနေရာ၌ ကျင့်ကြံကြသည်။ နတ်ဘုရားဘုရင် ယန်ထင်းက ဇာမဏီနတ်ဝိညာဉ် ပရဝဏ် အရှင်းခံလိုက်ရကြောင်း ကြားလိုက်ရစဉ်အခါက တံခါးပိတ် ကျင့်ကြံနေဆဲသာ ရှိသေး၏။ ထို့ကြောင့် ဤနေရာသို့ အပြေးအလွှား ရောက်လာခြင်း ဖြစ်ပေသည်။
“ တာအိုရောင်းရင်း ယန်ထင်း … ကျုပ်တို့အားလုံးလည်း အဲဒီ အဖြစ်အပျက်ကို သိကြပါတယ်။ အရင်ဆုံး ထိုင်ပါဦး။ ကျုပ်တို့တွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့။ ဂိုဏ်းကြီးနှစ်ခုလုံးကို ပေါက်ကွဲရေးအစီအရင်နဲ့ ရှင်းထုတ်ပစ်ခဲ့တာဆိုတော့ နောက်ကွယ်က သာမာန်လူ မဖြစ်နိုင်ဘူး ” နတ်ဘုရားဘုရင် လီထန်းက ခေါင်းကိုက်လာမိသည်။
သူ့စိတ်ထဲ၌ ဖန်းကျဲ ဝိုင်းဖွဲ့ အသတ်ခံခဲ့ရပြီး ဝေကျန့် ပျောက်ဆုံးသွားသည်ကို ကြားသောအခါ သူ့စိတ်ထဲ၌ ဒေါသတရားများ အပြည့် ဖြစ်လာမိခဲ့သည်။ သို့သော် သူက နတ်ဘုရားဘုရင်များကို ဝိုင်း၍ မသတ်နိုင်သည်မှာ နှမြောစရာ ကောင်းလှပေသည်။ သူက အပေါ်ယံ၌ နတ်ဘုရားနယ်မြေရှိ ပင်မထောက်တိုင် ဖြစ်ကြောင်း သိသော်လည်း လက်တွေ့၌ သူ့စကားကို နားထောင်ကြသည့် နတ်ဘုရားဘုရင်များစွာ မရှိပေ။
“ နတ်ဘုရားဘုရင် လီထန်း ကျုပ် အဲဒါကို စုံစမ်းပြီးသွားပါပြီ။ တကယ်လို့ ကျုပ်သာ မမှားရင် အဲဒါ မိုဝူကျိရဲ့ လက်ချက်ပဲ နေလိမ့်မယ် ” နတ်ဘုရားဘုရင် ယန်ထင်းက အံ့ကြိတ်ကာ ပြောလိုက်သည်။
“ မိုဝူကျိလား ” နတ်ဘုရားဘုရင် လီထန်းက ပြန်မေးလိုက်သည်။
မိုဝူကျိအား သူ့အပေါ် နက်နက်ရှိုင်းရှိုင်း အမြင်တချို့ ချန်ထားခဲ့၏။ ယခင် မိုဝူကျိက အစောပိုင်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ၄၂ ယောက်နှင့် ကောင်းကင်နတ်ဘုရားအဆင့် ၅ ယောက်အား သတ်ပစ်နိုင်ခဲ့သည်။ ကျန်ရှိနေသော ကျင့်ကြံသူနှစ်ယောက်မှာလည်း အပြင်းအထန် ဒဏ်ရာရကာ ချို့ယွင်းသွားကြသည်။
သူ လီထန်းက ကမ္ဘာကြီးကို များစွာ မြင်တွေ့ဖူးထားသော်လည်း မိုဝူကျိလောက် အံ့ဩစရာကောင်းသည့်သူကို မမြင်ဖူးချေ။
မိုဝူကျိ၏ နိမ့်ကျသော ကျင့်ကြံဆင့်နှင့် ကျင့်ကြံနှုန်းတို့ကြောင့် နတ်ဘုရားနယ်မြေရှိ နတ်ဘုရားဘုရင်များ အဆင့်တက်စေရန် မိုဝူကျိ၏ လျို့ဝှက်ချက်အား တူးဖော်မည့်ကိစ္စအား တွေးခဲ့မိသေးသည်။ မိုဝူကျိက သူ့ကိုယ်ပိုင် တာအိုကို ဖွဲ့စည်းထားနိုင်သည် မဟုတ်ပါလော။ အကယ်၍ သူ လီထန်းသာ ကိုယ်ပိုင်တာအိုကို ဖွဲ့စည်းနိုင်လျှင် သဟဇာတ နတ်ဘုရားအဖြစ် အဆင့်တက်လှမ်းသွားနိုင်သည်။
နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာပြီးနောက် နတ်ဘုရားနယ်မြေမှာ ပို၍ အန္တရာယ်ကြီးလာသည်။ အကယ်၍ နတ်ဘုရားနယ်မြေ၌ သဟဇာတ နတ်ဘုရားအဆင့်သာ မရှိလျှင် နယ်မြေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပေသည်။
အကယ်၍ နတ်ဘုရားကုန်းမြေရှိ သဟဇာတ နတ်ဘုရားများ၏ အကူအညီကြောင့်သာ မဟုတ်လျှင် နတ်ဘုရားနယ်မြေသည် နတ်ဘုရားမျိုးနွယ်စုလက်ထဲ ကျရောက်နေသည်မှာ ကြာမြင့်လောက်ပေသည်။ နတ်ဘုရားကုန်းမြေက သူတို့အား ကူညီပေးနေလျက်နှင့်ပင် သူတို့ဘက်က အရေးနိမ့်နေသေး၏။
အဆုံးသတ်၌ လီထန်းသည် အစောပိုင်း ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့် မိုဝူကျိကို ဖမ်းဆီးဖို့ နတ်ဘုရားဘုရင်များ ယောက်ယက်ခတ်သွားစေလိမ့်မည်ဟု မထင်ထားမိပေ။
မိုဝူကျိက ပြန်ရောက်လာသည်နှင့် ကောင်းကင်လူသားဂိုဏ်းနှင့် ဖန်းကျဲတို့အတွက် လက်စားချေဖို့ ထိုဂိုဏ်းနှစ်ဂိုဏ်းကို ရှင်းထုတ်ပစ်သည်လား ….
လက်စားချေရုံဖြင့် ဤမျှ တုန်လှုပ်တကြီး ဖြစ်သွားစေမည်လား ….
နတ်ဘုရားဘုရင် လီထန်းက ထိုအကြောင်းကို တွေးမိကာ သိမ့်သိမ့်တုန်သွားလေ၏။ သူက မိုဝူကျိကို သူ့ကိုယ်တိုင်အတွက် မဖမ်းဆီးလိုသလို မိုဝူကျိအား သတ်ရန် အကြံအစည်လည်း မရှိသော်ငြား သူတို့ကြားတွင် ရန်ငြိုးတချို့ ရှိနေသည်က အမှန်ပင် ဖြစ်၏။
“ ဟုတ်တယ် … အဲဒါ မိုဝူကျိပဲ။ နတ်ဘုရားနယ်မြေ မြို့အသစ်မှာ ပေါ်လာတာလည်း သူပဲ နေမယ်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရားဘုရင် ဗောဓိနက် အသတ်ခံလိုက်ရတာလည်း သူ့လက်ချက်ပဲ ဖြစ်မယ် ” နတ်ဘုရားဘုရင် ယန်ထင်းက နတ်ဘုရားဘုရင် ဗောဓိနက်အကြောင်း ပြောသောအခါ လေသံက အနည်းငယ် ပြောင်းလဲသွားလေ၏။
“ မဖြစ်နိုင်တာ ” နတ်ဘုရားဘုရင် ဝူကျဲက တွန့်ဆုတ်ခြင်းမရှိ ဝင်ပြောလိုက်သည် “ မိုဝူကျိ နတ်ဘုရားသိုက်မြုံကနေ ထွက်ပြေးသွားတုန်းက အစောပိုင်း ကနဦး နတ်ဘုရားအဆင့်ပဲ ရှိသေးတယ်။ သူက နောက်ပိုင်း ကနဦး နတ်ဘုရားအဆင့် ဆိုရင်တောင် အခု နှစ်ဘယ်လောက်ပဲ ကြာသေးလို့လဲ။ နှစ်တစ်သောင်းတည်း ရှိသေးတယ်လေ။ တကယ်လို့ သူက နှစ်တစ်သောင်းအတွင်း ကောင်းကင်နတ်ဘုရားအဆင့် ရောက်နေရင်တောင် ပါရမီရှင်ကြားက ပါရမီရှင်အဖြစ် သတ်မှတ်လို့ ရနေပြီ။ ပြီးတော့ ကျင့်ကြံရေးလမ်းစဉ်က အဆင့်တက်လာရင် အချိန်ပိုကြာတာပဲ
သူက နှစ်တစ်သောင်းတည်းနဲ့ ကောင်းကင်နတ်ဘုရားအဆင့်အထိ ရောက်ခဲ့တယ်ဆိုရင်တောင် နောက်ထပ် နှစ်တစ်သန်းလောက် မပါဘဲ နတ်ဘုရားအုပ်စိုးသူအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူးမလား။ နတ်ဘုရားဘုရင် ဗောဓိနက်ကို သတ်ဖို့ မိုဝူကျိက ဘယ်လောက် အံ့ဩဖို့ကောင်းကောင်း အနည်းဆုံး နတ်ဘုရားဘုရင် အဆင့် ၁ ဖြစ်မှပဲ ဖြစ်လိမ့်မယ်။ ပြောစမ်းပါဦး …. နှစ်တစ်သောင်းအတွင်း ကနဦး နတ်ဘုရားအဆင့်ကနေ နတ်ဘုရားဘုရင်အဆင့်အထိ ဘယ်ပါရမီရှင်ကများ ကျင့်ကြံနိုင်လို့လဲ ”
နတ်ဘုရားဘုရင် လီထန်းက ခေါင်းညိတ်ကာ “ နှစ်တစ်သောင်းအတွင်း ကနဦး နတ်ဘုရားအဆင့်ကနေ ကောင်းကင် နတ်ဘုရားအဆင့် ရောက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ သူ့မှာသာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် မရှိဘူးဆိုရင် မဖြစ်နိုင်လောက်ဘူး။ တကယ်လို့ ဖြစ်နိုင်ရင်တောင် နတ်ဘုရားဘုရင် အဆင့် ၁ က တော်တော် ယုတ္တိမတန်ဘူး ”
“ မိုဝူကျိက အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေနဲ့တောင် လက်ရည်တူ တိုက်နိုင်တာဆိုတော့ သဟဇာတ နတ်ဘုရားအဆင့် မရောက်ခင် ကျင့်ကြံဖို့ မလိုတာများလား ” နတ်ဘုရားယီမင်က မိုဝူကျိအား စိတ်တွင်းမှ ကြောက်လန့်နေမိသည်။ သူက နတ်ဘုရားဘုရင် လီထန်း ဦးဆောင်၍ မိုဝူကျိအား ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားမိသည်။
သို့သော်လည်း နတ်ဘုရားဘုရင် လီထန်းက နတ်ဘုရားနယ်မြေ တစ်ခုလုံး၏ အရင်းအမြစ်အားလုံးကို မိုဝူကျိအား ပြုစုပျိုးထောင်ပေးဖို့ တွေးနေလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။ မိုဝူကျိက ကောင်းကင်ဘုံ သွေဖယ်လောက်သည့် ပါရမီ ရှိနေသောကြောင့် နတ်ဘုရားဘုရင် အဆင့် ရောက်နေလျှင် မိုဝူကျိအနေနှင့် သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းဖို့ ဖြစ်နိုင်ပေသည်။ သူ့ထက် အားကောင်းနေသော ကျင့်ကြံသူ ၄၉ ယောက်ကို ရှင်းထုတ်နိုင်ခဲ့သည့် မိုဝူကျိလိုမျိုး လူအတွက် သဟဇာတ နတ်ဘုရားအဆင့် ရောက်သွားသည်နှင့် နတ်ဘုရားမျိုးနွယ်ပင် သူနှင့် ယှဉ်နိုင်မည် မဟုတ်လောက်တော့ပေ။
အကယ်၍ မိုဝူကျိက သဟဇာတ နတ်ဘုရားအဆင့် တကယ် ရောက်သွားခဲ့လျှင် လက်စားချေဖို့ အသတ်ခံရလျှင် မည်သို့ လုပ်ရမည်နည်း။
ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းတို့အတွက် နတ်ဘုရားဘုရင် လီထန်းက တစ်ရက်ရက် အပြတ်ရှင်းခံရလိမ့်မည်ဟု တွေးခဲ့ဖူးသည်။ မိုဝူကျိ ပြန်ပေါ်လာသည့်အခါ လက်စားချေခံရမည့် နေ့ရက် ရောက်လာလိမ့်မည်ဟု စိတ်မချ ဖြစ်မိသည်။
“ မိုဝူကျိက လောကနတ်ဘုရားအဆင့် ရောက်နေရင်တောင် အနည်းဆုံး နှစ်တစ်သန်းလောက် ထပ်ကြာဦးမှာပဲ … ငါတို့တွေ ဒီကိစ္စကို အရင်ဆုံး စစ်ဆေးကြတာပေါ့ ” ရှားရှားပါးပါး စကားပြောခဲသော နတ်ဘုရားဘုရင် ဟုန်ချီက ဝင်ပြောလိုက်သည်။
နတ်ဘုရားဘုရင် ယန်ထင်းက ဆက်ပြောလိုနေသည်ကို မြင်၍ နတ်ဘုရားဘုရင် လီထန်းက လက်ဝှေ့ပြကာ “ နတ်ဘုရားမျိုးနွယ်နဲ့ အခြေအနေက သိပ်မကောင်းဘူး။ ငါ ကြားသလောက် နတ်ဘုရားမျိုးနွယ်ဘက်မှာ သိပ်မကြာသေးခင်က သဟဇာတ နတ်ဘုရားတစ်ယောက် ရောက်လာတယ်တဲ့ … ဒီလိုသာ ဆက်ဖြစ်နေရင် နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေ အကုန်လုံး အရှင်းခံရလိမ့်မယ်။ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်နဲ့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းကိစ္စကိုတော့ လူတချို့ လွှတ်ပြီး စုံစမ်းခိုင်းထားလိုက်မယ်။ အခု ငါတို့တွေ နတ်ဘုရားသိုက်မြုံမှာ ဘယ်လို ကာကွယ်မလဲဆိုတာ နတ်ဘုရားကုန်းမြေက စီနီယာစန်းဆီ အကူအညီ မတောင်းခင် အရင် ဆွေးနွေးရအောင် ”
ထိုစကားများက အခြေအနေတစ်ရပ်လုံးကို ရေအေးများနှင့် လောင်းချလိုက်သလို ဖြစ်သွားကာ နတ်ဘုရားဘုရင် ယန်ထင်းက လီထန်းအား သူ့အတွက် ရပ်တည်ပေးရန် မဖြစ်နိုင်ကြောင်း သတိပြုမိလိုက်တော့သည်။
………..
နတ်ဘုရားသိုက်မြုံ၊ အရွက်မဲ့ တောအုပ်
အရွက်မဲ့ တောအုပ်ဟု နာမည်တွင်လာခြင်းမှာ အဆုံးမဲ့တောအုပ်ကြီး ရှိနေ၍ ဖြစ်သည်။ ဤတောအုပ်နှင့် သမာရိုးကျ တောအုပ်များကြားရှိ တစ်ခုတည်းသော ခြားနားချက်မှာ သစ်ပင်များက အရွက်မရှိဘဲ ထီးထီးကြီး ပေါက်ရောက်နေခြင်း ဖြစ်၏။ သူတို့အားလုံးနီးပါးက ကန္တာရထဲ နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းလာသည့်အလား ရှုံ့တွနေပြီး မိုးထိထိုးထောင်နေသော အသားပွ အပင်များ ဖြစ်ကြသည်။
နတ်ဘုရားမျိုးနွယ် ဖြစ်စေ သို့မဟုတ် နတ်ဘုရားနယ်မြေ ဖြစ်စေကာမူ အရွက်မဲ့တောအုပ်ကြီးသည် နတ်ဘုရားသိုက်မြုံအတွင်း အင်မတန် လူသိများသော နေရာတစ်ခု ဖြစ်၏။
ဤတောအုပ်အတွင်း မြောက်များစွာသော ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်များ တည်ရှိနေ၏။ တချို့အရာများက မီတာအတော်အတန် ကျယ်ဝန်းပြီး အသေးလေးများက ရေဇလုံတစ်ခုစာလောက် ရှိပေသည်။ ကြီးသည် ဖြစ်စေ၊ သေးသည် ဖြစ်စေ တွေ့ရှိပါက ကျင့်ကြံသူများကို ရူးသွပ်သွားစေသည့်အထိ ဖြစ်သွားနိုင်သည်။ အကြောင်းမှာ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ထဲ ကျင့်ကြံခြင်းက တခြားနေရာ၌ ကျင့်ကြံခြင်းထက် အဆများစွာ မြန်ဆန်ပေသည်။ ထို့အပြင် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်များရှိ စည်းမျည်းများက ပို၍ ရှင်းလင်းပြတ်သားနေလေလေ ကျင့်ကြံဆင့် တိုးတက်ဖို့စေရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လေလေ ဖြစ်၏။
ထိုစဉ် အရွက်မဲ့တောအုပ်အတွင်း လူတစ်ယောက်က တခြားခုနှစ်ယောက်နှင့် ရင်ဆိုင်ကာ ရပ်နေသည်။
ခြောက်သွေ့နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က သူတို့ကြား တည်ရှိနေသည်။ ဤဗဟိုချက်က သိပ်မကြီးမားသော်လည်း မီတာဝက်လောက် ကြီးမား၏။ စိတ်ဝိညာဉ် ဗဟိုချက်အလယ်၌ အဝတ်အစားများ စုတ်ပြဲနေသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ရှိနေသည်။
လူတစ်ယောက်တည်းဘက်က လျှော်ချည် အဝတ်အစားကို ဝတ်ဆင်ထားသော ကြမ်းကြမ်းတမ်းတမ်း လူငယ်လေး တစ်ဦး ဖြစ်၏။ ကျင့်ကြံဆင့်အရ ပြောရလျှင် သူက ကောင်းကင်နတ်ဘုရား အဆင့် ၅ မျှသာ ရှိနေသေး၏။ ထို့အပြင် ဤလျှော်ဝတ်နှင့် လူငယ်လေးက လူခုနှစ်ယောက်ကို ရင်ဆိုင်နေခြင်း ဖြစ်သည်။ အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ သုံးယောက်အပြင် ကျန်ရှိနေသော လေးယောက်မှာ အလယ်အလတ် နှင့် နောက်ပိုင်း ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျင့်ကြံဆင့် အမြင့်ဆုံးသူမှာ ကောင်းကင်နတ်ဘုရား အဆင့် ၇ ဖြစ်၏။
“ လူငယ်လေး … မင်းဒီနေရာမှာ အမြတ်ထုတ်လို့ ရမယ်လို့ ထင်မနေနဲ့။ တကယ်လို့ မင်း မဟုတ်တာ ထပ်ပြောရင် မင်းကို သတ်တဲ့အတွက် လာအပြစ်မတင်နဲ့ ” ပြောလိုက်သူမှာ ကောင်းကင်နတ်ဘုရားအဆင့် ၇ ရှိနေသော မီးခိုးရောင်ဆံပင်နှင့် ကျင့်ကြံသူ ဖြစ်သည်။ အဖွဲ့တစ်ခုလုံး၌ ဤလူက အားအကောင်းဆုံး ဖြစ်ပေသည်။
“ သူမကို လွှတ်ပေးလိုက် … သူမကို ခေါ်သွားပြီးတော့ ထွက်သွားမယ် ” သူက လူခုနှစ်ယောက်နှင့် တစ်ပြိုင်နက် ရင်ဆိုင်နေရသော်လည်း လျှော်ဝတ် လူငယ်လေးက သူတို့ခြိမ်းခြောက်မှုကို ဂရုမစိုက်သည့်အလား အေးအေးဆေးဆေး ပြောလိုက်သည်။
သူ့အနားရှိ တာအိုအငွေ့အသက်များက အားကောင်းလာလေသည်။
“ ငါတို့က မင်းကို မျက်နှာသာပေးနေတာကို မင်းက မလိုချင်ဘူးတဲ့လား … အားလုံး သူ့ကို သတ်ပစ်ကြစမ်း ” မီးခိုးရောင် ကျင့်ကြံသူက မှော်ရတနာအား ဆွဲထုတ်ကာ လူငယ်လေးအား ချိန်ရွယ်လိုက်သည်။
ထို့နောက် ကျန်ရှိနေသော လူများကလည်း ရှေ့တိုးလာကြသည်။
လျှော်ဝတ် လူငယ်လေးက ချွေးတစ်စက်မှ မထွက်ဘဲ မှော်ရတနာကို ထုတ်လိုက်ပြီး အနီရင့်ရင့် ပုဆိန်လှံရှည်မှ ပုဆိန်လှံရှည်အလင်းတန်းများ ထွက်ပေါ်လာစေသည်။
အရွက်မဲ့ တောအုပ်ထဲရှိ သဘာဝစွမ်းအားများ ထိပ်တိုက်တွေ့မှုမှာ အရွက်မဲ့သစ်ပင်များအား နှစ်ပိုင်း ပြတ်သွားစေသည်။
ထိုလျှော်ဝတ်လူငယ်လေးပေါ် တိုက်ကွက်တချို့ ကျရောက်လာကာ သွေးမြူတချို့ ဖြစ်လာစေသည်။
သိုသော် သူက ထိုဒဏ်ရာများကို မမြင်သည့်အလား ပုဆိန်လှံရှည်မှ လျို့ဝှက်တိုက်ကွက်များကို တစ်ခုပြီး တစ်ခု ထုတ်ဖော်နေသည်။
“ ဝုန်း ” သွေးမြူတစ်ခု ပေါက်ကွဲထွက်သွားကာ လူငယ်လေး၏ လက်တစ်ဖက်မှာ ပြတ်သွားပြီး ဗိုက်မှာလည်း သွေးယိုပေါက်ကြီး ပေါ်လာသည်။
တစ်ချိန်တည်းဆိုသလို သူ့ပုဆိန်လှံရှည်မှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရား နှစ်ယောက်၏ စွမ်းအားစက်ကွင်းကို ချိုးဖောက်သွားကာ ခေါင်းနှင့် ပခုံးတခြားစီ ဖြစ်သွားစေသည်။ သူတို့ထဲမှ တစ်ယောက်မှာ ကောင်းကင်နတ်ဘုရား အဆင့် ၆ ဖြစ်၏။
“ ဝုန်း ” လူနှစ်ယောက်ကို သတ်ပြီးနောက် လျှော်ဝတ်လူငယ်လေး၏ ရင်ဘတ်ဆီ လျို့ဝှက်တိုက်ကွက်တစ်ခုမှ အလင်းတန်း ကျရောက်လာသည်။ ထိုအလင်းတန်းက လူငယ်လေးအား လွှင့်စင်သွားစေပြီး အရွက်မဲ့သစ်ပင်များအား တစစီ ကျိုးသွားစေသည်။
မီးခိုးရောင် ဆံပင်နှင့် ကျင့်ကြံသူ၏ သတ်ဖြတ်ငွေ့များက ဆက်တိုက် မြင့်တက်လာပြီး ရှေ့တိုးလိုက်လိုက်သည့်အခါ လျှော်ဝတ် လူငယ်လေးအား နှစ်ပိုင်း ခြမ်းရန် အဆင့်သင့် ဖြစ်နေသည့်အလား ထင်မှတ်ရသည်။
***