အရွက်မဲ့ တောအုပ်
Vol. 75 Ch. 1047
မိုဝူကျိ နိဗာန တည်းခိုဆောင်မှ ထွက်လာလိုက်သည်နှင့် အမျိုးမျိုးသော ပျက်စီးနေသည့် အငွေ့အသက်များကို အာရုံခံလိုက်မိသည်။ ဤသို့သော အငွေ့အသက်များက နတ်ဘုရားချောက်ကမ်းပါး ကုန်းမြေရှိ ကျိန်စာ အတားအဆီးမှ ခံစားရသည်နှင့် တူပေသည်။ ကြည့်ရသည်မှာ ခွန်းယွင်က လိမ်ညာနေခြင်း မဟုတ်လောက်ပေ။ ဤသည်မှာ အမှန်တကယ် ကျိန်စာ ပညာရပ် ဖြစ်နေ၏။
လမ်းပေါ်ရှိ ကျင့်ကြံသူများ မျက်ဝန်း၌ အကြောက်တရားများ ရှိနေပြီး လူအများစုက နတ်ဘုရားမြို့မှ ထွက်သွားလိုကြသည်။ မြို့အတွင်းရှိ ကူးသန်းအစီအရင်အားလုံးကို ပိတ်ထားသောကြောင့် ထွက်သွားလိုလျှင် ပျံသန်းသွားရမည် ဖြစ်၏။ သို့သော်လည်း ထိုကျင့်ကြံသူများ မြို့ဂိတ်ပေါက်အထိ လျှောက်လှမ်းပြီးသည်နှင့် အပြင်ဘက်ရှိ ကျိန်စာပညာရပ်ကြောင့် တစ်ဖန် ပြန်လှည့်လာကြရသည်။
နတ်ဘုရားမြို့၏ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားပြီးပြီ ဖြစ်၍ အပြင်ဘက်ရှိ ကျင့်ကြံသူများက ထပ်၍ အထဲ ဝင်မလာနိုင်တော့ပေ။
မိုဝူကျိနှင် မနီးမဝေးရှိ အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပေါက်ကွဲထွက်သွားကာ သွေးနံများ ပြန့်လာသည်။
သိပ်မကြာခင် ထိုပေါက်ကွဲထွက်သွားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ် မီးလုံးအနည်းငယ် ကျရောက်လာပြီးနောက် ပြာအဖြစ် အဆုံးသတ်သွားလေ၏။
“ အံ့ဩစရာပဲ ” မိုဝူကျိက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ကျိန်စာပညာရပ်က သူ့အား ညို့ယူဖမ်းစားသွားလေသည်။
သို့သော်လည်း ခွန်းယွင်က အေးစက်စက် ရယ်မောကာ “ ဘယ်လိုလုပ် အံ့ဩစရာ ဖြစ်မှာလဲ … မဟာကျိန်စာ ပညာရပ်ရဲ့ တာအိုစွမ်းအင်ကို သာမာန်မီးတောက်နဲ့ လောင်ကျွမ်းပစ်စေလို့ မရဘူး ”
မိုဝူကျိက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည် “ ကျိန်စာပညာရပ်က လူတစ်ယောက်ရဲ့ စွမ်းအင် ဒါမှမဟုတ် အငွေ့အသက်ကနေ ကူးပြောင်းနိုင်တယ်လား ”
ဤတစ်ကြိမ် ခွန်းယွင်က ပုံမှန်အတိုင်း ပြန်ပြောလိုက်သည် “ ဟုတ်တယ် … မင်းကို ကျိန်စာထိသွားပြီဆိုတာနဲ့ မင်း ဒုက္ခရောက်ပြီပဲ … နတ်ဘုရားမြို့မှာ ကျင့်ကြံသူတွေ မြို့ထဲ ဝင်တာ တားဆီးထားတာ မြင်တယ်မလား။ အဲဒါက မြို့ထဲ ကျိန်စာပြန့်သွားမှာ စိုးလို့လေ ”
ခွန်းယွင်၏ စကားများကို ကြားကာ မိုဝူကျိ စိတ်ထဲ သတ်ဖြတ်လိုစိတ်များ အားပြင်းထန်လာသည်။ သူက ကျိန်စာပညာရပ်ကို ထုတ်လွှင့်လိုက်သည့် ထိုလူအား သတ်ပစ်ချင်မိသည်။
ခွန်းယွင်က မိုဝူကျိ၏ သတ်ဖြတ်ငွေ့ကို အာရုံခံမိပြီး ရယ်မောလိုက်ကာ “ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ကျိန်စာပညာရပ်ကို သိတဲ့ အဲဒီလူကို သွားသတ်ဖို့ဆိုတာ ကျောက်ဆောင်ကို ကြက်ဥနဲ့ သွားပေါက်နေသလိုပဲ … မဟုတ်သေးဘူး မင်းက ကြက်ဥထက်တောင် နိမ့်နေသေးတယ် ”
“ ကြက်ဥလောက်တောင် အသုံးမဝင်တာက ခင်ဗျား …” မိုဝူကျိက ပြန်လည်ချေပလိုက်ပြီးနောက် ခွန်းယွင်အား ဘာမှဆက်မပြောတော့ပေ။
“ ဝုန်း ” မိုဝူကျိက စကားအဆုံးတွင် သူ့ရှေ့၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ နောက်ပိုင်း ကနဦး နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦးက မီးလုံးများကြောင့် ဗလာနတ္ထိအဖြစ် ကျရောက်သွားသည်။
“ ဘာမှဆက်ကြည့်နေစရာ မရှိဘူး။ သူက ကျိန်စာမိသွားတော့ မီးရှို့ဖျက်စီးခံလိုက်ရတာ ” ခွန်းယွင်က ဝင်မှတ်ချက် ပေးလိုက်သည်။
မိုဝူကျိ စိတ်ထဲ ကူကယ်ရာမဲ့သည့် ခံစားချက် ဖြစ်ပေါ်လာသည်။ သူ့တွင် နတ်ဘုရားနယ်မြေ၌ ရန်သူများစွာ ရှိနေသော်လည်း သူကလည်း နတ်ဘုရားနယ်မြေ၏ တစိတ်တပိုင်း ဖြစ်ပေသည်။ ဤနေရာတွင် တည်ရှိနေကြသော ကျင့်ကြံသူတစ်ဦးချင်းစီက နတ်ဘုရားမျိုးနွယ်ကို သတ်ရန်အတွက် ရောက်နေကြခြင်း ဖြစ်၏။ အားလုံးနီးပါးက အကျိုးပြုအမှတ်အတွက် တိုက်ခိုက်နေကြသော်လည်း လူအများစုက နတ်ဘုရားနယ်မြေကို ကာကွယ်ရင်း အကျိုးပြုအမှတ်တချို့သာ ရကြောင်း ငြင်းဆန်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရှေ့တန်းရှိ ကျင့်ကြံသူများ ကျိန်စာမိပြီး လွတ်မြောက်ရေးအဆောင် သုံးပြီး ထွက်ပြီးလာသည့်နောက်တွင်ပင် အသတ်ခံနေရသေး၏။
ဤသည်မှာ ဝမ်းနည်းဖို့ ကောင်းလှပြီး မခံမရည်နိုင်လောက်အောင် ဖြစ်မိသည်။ သူက နောင်တွင် ဤသို့အဖြစ်အပျက်မျိုး မကြာခဏ ဖြစ်လာမည်ကို သိထားသော်လည်း သူ့အနေနှင့် ပြောင်းလဲနိုင်သည့်အရာ မရှိပေ။
“ခွန်းယွင် … ကျုပ်တို့ အရွှက်မဲ့တောအုပ်ဆီ သွားကြစို့။ ကျုပ် ကျင့်ကြံဖို့ လိုအပ်တယ် ” မိုဝူကျိက အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။
ခွန်းယွင်က ပြုံးကာ “ ဟုတ်ပြီလေ … မင်းရဲ့ ကျင့်ကြံဆင့် မြင့်လာမှ ငါ့ကို ကောင်းကောင်း ကူညီပေးနိုင်မှာ ”
“မင်းတို့က အပြင်ထွက်မှာလား” ကာကွယ်ရေး အစီအရင်ကို စောင့်ကြပ်နေကြသော နတ်ဘုရားအုပ်စိုးသူ နှစ်ဦး ရှိပြီး လူများက ဆက်တိုက် ဝင်နေကြပေသည်။ တစ်ယောက်ယောက်က မည်သို့ ထွက်သွားမည်နည်း။ ကျိန်စာပညာရပ်၏ တာအိုအရိပ်အယောင်များက မြန်မြန် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ အနည်းဆုံးတော့ ကာကွယ်ရေး အစီအရင်က အကာအကွယ်တစ်ခုအဖြစ် ကျိန်စာများ စိမ့်ဝင်လာခြင်းကို တားဆီးပေးထားနိုင်သည်။
“ ဟုတ်တယ် ကျုပ်တို့ အပြင်ထွက်မလို့ ” မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းတို့ ထွက်လိုက်တာနဲ့ အချိန်တစ်ခုအတွင်း ဝင်ခွင့် ပြုမှာ မဟုတ်ဘူးဆိုတာရော သိတယ်မလား။ ပြီးတော့ မင်းအသက် အန္တရာယ်ရှိပြီးတော့ အချိန်မရွေး သေဆုံးသွားနိုင်တယ် ” နတ်ဘုရားအုပ်စိုးသူက မိုဝူကျိအား စိုက်ကြည့်ရင်း အလျှင်စလို ပြောလိုက်သည်။
“ ကျုပ်တို့ သိပြီးသား …. တကျည်ကျည် ပြောမနေပါနဲ့တော့ ” ခွန်းယွင်က ဘေးမှ ဝင်ပြောလိုက်သည်။ သူ့စကားအဆုံးတွင် သူ့ဘေးပတ်လည်ရှိ အရှိန်အဝါများက စတင် ကြီးထွားလာသည်။
သူက ခွန်းယွင်သည် သွားရှုပ်ဖို့ ကောင်းသည့်သူ မဟုတ်မှန်း ခံစားမိလိုက်သည့်အခါ နတ်ဘုရားအုပ်စိုးသူက ဘာမှဆက်မပြောတော့ဘဲ သူတို့အား ထွက်သွားခွင့် ပေးလိုက်သည်။ သူတို့ အထဲပြန်မဝင်လာသရွေ့ သူ့အတွက် ခြားနားမှု မရှိပေ။
သူတို့တွေ မြို့အပြင်သို့ ရောက်လာသည်နှင့် မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်လိုက်သည့်အခါ မြင်ကွင်းကား သူ့အား တုန်လှုပ်သွားစေသည်။
နတ်ဘုရားနယ်မြေ ကျင့်ကြံသူများစွာက နေရာအနှံ့ ထွက်ပြေးနေကြဆဲ ဖြစ်ပြီး ကျင့်ကြံသူများစွာ၏ အလောင်းများက လေထဲ ဆက်တိုက် ပေါက်ကွဲထွက်နေသည်။
“ ဒါက လူသိန်းဂဏန်းလောက်ပဲ သေတာ ဟုတ်ပါ့မလား” မိုဝူကျိက ဝင်ပြောလိုက်သည်။
“ မင်းကိုယ်မင်းသာ အရင်စိတ်ပူဦး ” ခွန်းယွင်က ပျံသန်းရေး ရတနာတစ်ခုကို ထုတ်လိုက်သည်။
မိုဝူကျိက သူ့ချီသွေးကြောများကြား စိမ့်ဝင်လာသည့် ပျက်စီးစွမ်းအားများကို ခံစားမိပြီး ထိုစွမ်းအားများက သူ့ချီသွေးကြောများအား တစစီ စုတ်ဖြဲနေချင်သည်။ သူ့တာအို၏ အငွေ့အသက်တို့က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အသက်ဓာတ်လည်း လျော့ပါးလာသည်။
နောက်ဆုံးတွင် မိုဝူကျိက ခွန်းယွင်သည် သူ့အား အရင်ဂရုစိုက်ခိုင်းကြောင်း နားလည်သွားတော့သည်။ သူ့အဆိပ်ဖြေ လမ်းကြောင်းအား နှိုးဆွလိုက်သည်နှင့် ပျက်စီးစွမ်းအားများက လွှင့်ပျယ်သွားပြီး မမြင်ရတော့ပေ။
ထို့နောက် သူက ပျံသန်းရေး မှော်ရတနာ ထုတ်လိုက်ပြီး ခွန်းယွင် နောက် လိုက်သွားလိုက်သည်။
“ မဆိုးပါဘူး … မင်းက ကျိန်စာရဲ့ တာအိုအရိပ်အယောင်တွေကို တားဆီးနိုင်သားပဲ။ အစတုန်းက မင်းမလုပ်နိုင်ရင် မင်းကို ကူညီပေးမလို့ပဲ ” ခွန်းယွင်က မိုဝူကျိ သူ့အား မှီလာသည်ကို မြင်သည်နှင့် ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။
မိုဝူကျိဆီမှ ဘာစကားမှ ပြန်မလာပေ။ အကယ်၍ သူသာ ကျိန်စာပညာရပ်ကို မတားဆီးနိုင်လျှင် ခွန်းယွင်က ပြန်လှည့်လာပြီး သူ့အား ကူညီဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ချေ။ အများဆုံး ခွန်းယွင်က သူ့အလောင်းအား ယူသွားကာ သန့်စင်လိုက်ပြီး လျို့ဝှက်ချက်များကိုသာ ဖော်ထုတ်လိမ့်မည်။
……………
အရွက်မဲ့တောအုပ်က နတ်ဘုရားသိုက်မြုံ၏ နတ်ဘုရားမြို့နှင့် မနီးကပ်ပေ။ မိုဝူကျိနှင့် ခွန်းယွင်တို့၏ အမြန်နှုန်းဖြင့် သူတို့က နေ့တစ်ဝက်လောက် အချိန်ယူခဲ့ရသည်။
နာမည်ပေးထားသည့်အတိုင်း အဆုံးသတ် မမြင်နိုင်သည့် သစ်ပင်များက မြင်ကွင်း၌ ပေါ်လာကာ ဤနေရာ၌ ထူးခြားနေချက်မှာ သစ်ပင်များတွင် အရွက်လုံးဝ မရှိခြင်း ဖြစ်၏။ ထိုမျှတင် မကသေးဘဲ သစ်ပင်တိုင်းတွင် အရှုံးပေးထားသည့် ခံစားချက်မျိုး ရှိနေကြသည်။
မိုဝူကျိအား အံ့ဩသွားစေသည်က သူ တောအုပ်ထဲ ဝင်လိုက်သည်နှင့် ကျိန်စာပညာရပ်၏ ပျက်စီးစွမ်းအားများကို ထပ်၍ မခံစားရတော့ပေ။
သို့သော်လည်း ဤသည်က သူ့အား တစက်လေးမျှ အားတက်မသွားစေပေ။ လမ်း၌ ကျိန်စာပညာရပ်ကြောင့် အသတ်ခံခဲ့ရသည့် လူပေါင်းများစွာကို မြင်တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းက သူ့စိတ်ထဲ ရှိနေဆဲ ဖြစ်၏။
“ ကျိန်စာပညာရပ်က အရွက်မဲ့တောအုပ်အပေါ် ဘာလို့ သက်ရောက်မှုမရှိတာလဲဆိုပြီး သိချင်နေတာမလား ” ခွန်းယွင်က မေးလိုက်၏။
မိုဝူကျိက ခေါင်းညိတ်ကာ “ ဟုတ်တယ် … အရွက်မဲ့တောအုပ်က နတ်ဘုရားသိုက်မြုံအစွန်းမှာ ရှိတာပဲလေ။ ကျိန်စာပညာရပ်က ဘာလို့ ဒီအထဲကို မရောက်နိုင်ရတာလဲ ”
ခွန်းယွင်က ပြန်ဖြေပေးလိုက်သည် “ ငတိတစ်ကောင်ရဲ့ ကျိန်စာပညာရပ်က ကမ္ဘာဦးစွမ်းအားတွေ တည်ရှိနေတဲ့ နေရာတစ်ခုကို နှောင့်ယှက်နိုင်မယ် ထင်နေလား။ အရွက်မဲ့တောအုပ် အနက်ပိုင်းမှာ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်အများကြီး ရှိတယ်။ တကယ်လို့ ကျိန်စာပညာရပ် နီးကပ်လာရင် ကမ္ဘာဦးစွမ်းအားရဲ့ စည်းမျည်းနဲ့ ဖျက်စီးပစ်လိမ့်မယ်။ ငါတို့က စိတ်ဝိညာဉ် ဗဟိုချက်ကို ရှာပြီး တံခါးပိတ် ကျင့်ကြံရုံပဲ ”
မိုဝူကျိက ထပ်မေးလိုက်သည် “ အရွက်မဲ့တောအုပ်ထဲ ဝင်လိုက်တာနဲ့ ကျိန်စာပညာရပ်ကို ရှောင်နိုင်တယ်လို့ ပြောချင်တာလား ”
“ ဒါပေါ့ …” ခွန်းယွင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည် “ တကယ်လို့ မင်း ကျိန်စာမိသွားတယ်ဆိုရင်တောင် မပြင်းထန်သရွေ့ မင်းအခြေအနေက အရွက်မဲ့တောအုပ်ထဲ ဝင်လိုက်ရင် အခြေအနေ တိုးတက်လာနိုင်တယ်။ ဒီလိုကိစ္စအတွက် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကို ရှာတွေ့ရင် ပြန်လည် ကောင်းလာနိုင်တယ်။ မင်း အဲအကြောင်းကို တခြားသူတွေဆီ ပြောပြနေစရာ မလိုတော့ဘူး။ အဲဒီအကြောင်းက ပြန့်နေတာ ကြာလှရောပေါ့ ”
မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ကျိန်စာထိထားသည့် ကျင့်ကြံသူများစွာက အရွက်မဲ့တောအုပ်ဆီ အပြေးအလွှား လာနေကြသည်ကို မြင်လိုက်ရသည်။
“ တောနက်ပိုင်းထဲ သွားကြစို့ … တကယ်လို့ အပြင်ဘက်မှာ ကမ္ဘဦး စိတ်ဝိညာဉ် ဗဟိုချက် ရှိတယ်ဆိုရင်တောင် သူတို့ကို တခြားသူတွေ သုံးပြီးလောက်ပြီ ” ခွန်းယွင်က ဖြတ်ခနဲ တောနက်ပိုင်းသို့ ပြေးဝင်သွားသည်။
မိုဝူကျိက ရုတ်တရက်ဆိုသလို နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် အရင်းအမြစ်တိုက်ပွဲ၌ ရောက်ရှိသွားခဲ့သော ဂြိုလ်ပျက်အကြောင်း တွေးမိသွားသောကြောင့် ခွန်းယွင်အား မေးကြည့်လိုက်၏ “ ခွန်းယွင် … အရင်တုန်းက ကျုပ် စည်းမျည်းတွေ ပျက်စီးနေတဲ့ ဂြိုလ်ပျက်တစ်ခုဆီ ရောက်သွားဖူးတယ်။ အဲဒီမှာ ကမ္ဘာဦး စိတ်ဝိညာဉ်သွေးကြောတွေ ရှိနေတယ်။ ကျုပ် အဲဒီမှာ ကြာကြာ လေ့ကျင့်ဖူးတယ်။ အဲဒီကမ္ဘာဦး စိတ်ဝိညာဉ်သွေးကြောတွေက အရွက်မဲ့တောအုပ်နဲ့ အတူတူပဲလား ”
“ မင်းက တကယ်ကြီး ကမ္ဘာဦး စိတ်ဝိညာဉ်သွေးကြောတွေရှိတဲ့ ဂြိုလ်ကို တွေ့ခဲ့တာလား …အဲဒီနရာက ဘယ်မှာလဲ ” ခွန်းယွင်က မိုဝူကျိ စကားကို ကြားပြီးနောက် ရုတ်ချည်း စိတ်တက်ကြွလာသည်။
ခွန်းယွင်၏ အမူအယာကို ကြည့်ကာ မိုဝူကျိက ထိုဂြိုလ်ပျက်ကြီးမှာ မရိုးရှင်းကြောင်း တန်းသိလိုက်၏။
“ အဲဒီဂြိုလ်ပျက်ကြီးက လျို့ဝှက်ချက်ကြီးတစ်ခုပဲ … တကယ်လို့ မင်းသာ အဲဒီနေရာကို ပြောပြနိုင်တယ်ဆိုရင် ငါတို့တွေ ဝေစုခွဲယူကြတာပေါ့။ တကယ်လို့ မင်း တစ်ယောက်တည်း သွားပြီး နှစ်သန်းပေါင်းများစွာ ရှာရင်တောင် ပစ္စည်းကောင်းတွေ တွေ့မှာ မဟုတ်ဘူး ” ခွန်းယွင်က မိုဝူကျိ တွေးနေသည့်အရာများကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ ထို့ကြောင့် သူက မြန်မြန် ရှင်းပြလိုက်သည်။
မိုဝူကျိက တုံ့ပြန်သည့်အနေနှင့် “ ခင်ဗျားကို အရိုးသားဆုံးပြောရရင် ကျုပ်လည်း အဲဒီနေရာကို သေချာ မသိဘူး။ အခွင့်ကြုံလို တစ်ခေါက် ရောက်သွားရုံပဲ ”
မိုဝူကျိက ပြောလိုက်သော်လည်း စန်းကျန့်ရှင်းနှင့် နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ ထိုဂြိုလ်ပျက်အကြောင်း မေးဖို့ရာ ဆုံးဖြတ်ထားသည်။ ထို့နောက် သူက အထဲသွားပြီး တစ်ချက် ကြည့်ကြည့်မည်။ သူက ခွန်းယွင် ရှာတွေ့နိုင်သည့် ပစ္စည်းကောင်းများကို ရှာမတွေ့နိုင်လိမ့်မည်ဟု မထင်ပေ။
ခွန်းယွင်က အနည်းငယ် အကြံဉာဏ်ထုတ်ကာ မိုဝူကျိအား သူ့ကို ဂြိုလ်ပျက်ကြီးဆီ ခေါ်ဆောင်သွားစေဖို့ ဖြောင့်ဖြပြောဆိုရန် စဉ်းစားနေသည်။
သူတို့နှစ်ယောက်လုံးက သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများနှင့် မတွေ့ခင်အထိ အရွှက်မဲ့တောအုပ်အနက်ပိုင်းသို့ ဆက်တိုက် ဝင်လာကြသည်။ ခွန်းယွင်က ရပ်လိုက်ကာ အဝေးတစ်နေရာသို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရင်း “ တစ်ယောက်ယောက်တော့ အဆင့်မြင့်ဆုံး ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကို တွေ့သွားပြီ။ ငါတို့ မြန်မြန် သွားကြစို့ ”
ထိုသို့ ပြောပြီးနောက် သူက မိုဝူကျိအား ဂရုမစိုက်တော့ဘဲ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက် ဇာစ်မြစ်သို့ အပြေးအလွှား သွားလိုက်သည်။
မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို အသည်းအသန် မြင့်တင်ရန် လိုအပ်နေသောကြောင့် သူလည်း နောက်ကျ ကျန်မနေခဲ့ပေ။ သူ့လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် ခွန်းယွင်ထက် နှေးကွေးခြင်း မရှိပေ။
အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးနောက် နှစ်ယောက်လုံး ရပ်တန့်လိုက်ကြသည်။ သူတို့ရှေ့ရှိ မြင်ကွင်းအား တအံ့တဩ ကြည့်မိနေကြသည်။
ထိုစိတ်ဝိညာဉ် ဗဟိုချက်သည် ကီလိုမီတာအတော်အတန် ကြီးမားပြီး ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကို ကြောက်ခမန်းလိလိ ထုတ်ပေးနေသည်။
မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကို မြင်လိုက်သည့်အခါ မိုးမြေစည်းမျည်းများကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သို့သော်လည်း ဤနေရာတွင် လူများစွာ ရှိနေလေ၏။ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်သည် နတ်ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်ပေးနေသော်လည်း မည်သူကမှ မကျင့်ကြံကြပေ။ အနည်းဆုံး လူထောင်ချီ ဝန်းရံနေကြပြီး လူများစွာကလည်း ဆက်တိုက် လာနေကြသေးသည်။
***