← Chapters

ဒုတိယနေ့ တိုက်ပွဲ

Vol. 15 Ch. 202

ဒုတိယနေ့ တိုက်ပွဲ

Vol. 15 Ch. 202

ဟန်မူယဲ့ထံ၌ ဓားသိုင်းသင်ပေးရန် တောင်းဆိုသော ဂိုဏ်းသားလည်း ဉာဏ်မထိုင်းပါ။ သူက အမြန်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂ တုံးအား ထုတ်ယူလိုက်သည်။

ဝိညာဉ်ကျောက်တုံး ၁ တုံးစီသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀ တန်ဖိုးရှိသည်။

သာမန်ကျင့်ကြံသူများအတွက် ထိုပမာဏမှာ အတော်လေး များပြား၏။

သို့သော်လည်း သည်နေရာမှာ တိမ်မြုံကမ်းပါးဖြစ်သည်။ သည်နေရာ၌ ရှိနေသူများမှာ ဂိုဏ်းများ၏ ပင်မတပည့်များဖြစ်ရာ ပုံမှန်အားဖြင့် ထိုပမာဏမှာ သိပ်အရေးမကြီးပေ။

နောက်တိုက်ပွဲတချို့ ပါဝင်တိုက်ခိုက်ခြင်းဖြင့် သူသည် ဝိညာဉ်ကျောက်တုံး အများအပြား ရရှိနိုင်၏။

ဝိညာဉ်ကျောက်တုံး ၂၀၀ မှာ ဘာမှ မဟုတ်ပါ။

ကောင်းရှောင်ရွှမ်က ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့က ပြုံးလျက် ခေါင်းညိတ်၏။

ကောင်းရှောင်ရွှမ်က ရှေ့ကို လှမ်းသွားကာ ဝိညာဉ်ကျောက်တုံးများကို ယူလိုက်သည်။

“ဂျူနီယာညီလေး… မင်း လေ့ကျင့်တဲ့ သက်တန့်ကျောက်တုံးဓားသိုင်းကို တစ်ခေါက် ကစားပြပါ”

ဟန်မူယဲ့က ဓားသိုင်းလာသင်သော တပည့်အား တီးတိုးပြောသည်။

ဟန်မူယဲ့အတွက် ထိုတပည့်များအား ဓားသိုင်းသင်ပေးရန် သိပ်မခက်ပါ။

သူက သူတို့ လေ့ကျင့်သော ဓားသိုင်းအား တစ်ခေါက် ကြည့်လိုက်ရုံမျှဖြင့် အားနည်းချက် အားသာချက်များအား ထောက်ပြနိုင်ကာ ပိုမိုကောင်းမွန်အောင် အကြံပေးနိုင်၏။

လေးနာရီအတွင်း ဟန်မူယဲ့သည် ဂိုဏ်းသား ၁၇ ယောက်ခန့်ကို သင်ပေးခဲ့၏။

ထို့နောက် အားလုံးက မလိုလားစွာဖြင့် ထွက်သွားကြရသည်။

အကြောင်းကား ဟန်မူယဲ့သည်လည်း ကိုယ်ပိုင်ကျင့်ကြံရန် အချိန်လိုအပ်သည့်အတွက်ဖြစ်ကာ ဟွမ်လောင်လျှိုက နောက်ထပ် သင်ကြားပေးရန် တောင်းဆိုလာသူများအားလုံးကို ငြင်းပယ်လိုက်၏။

မည်သူကမှ ဟန်မူယဲ့၏ကျင့်ကြံခြင်းအား အနှောင့်အယှက်မဖြစ်စေလိုကြပါ။

အားလုံး ထွက်သွားပြီးနောက် ဟန်မူယဲ့သည် သူ စုစည်းခဲ့သော ဓားဆန္ဒအား တည်ငြိမ်အောင် သန့်စင်သည်။ တခြားလူများလည်း အသီးသီး ထွက်ခွာသွားကြ၏။

ဟန်မူယဲ့က ဝင်္ကပါအစီအရင်တံဆိပ်ပြားအား ထုတ်လိုက်သည်။ သည်အရာကား အမှန်တကယ် ခရီးသွားရာ၌ အသုံးဝင်၏။

သူက ဝိညာဉ်ကျောက်တုံးများအား အစီအရင်ထဲသို့ ပစ်ထည့်လိုက်ပြီး အစီအရင်ကို အသက်ဝင်စေကာ ဆယ်ပေပတ်လည်အား အလင်းကွန်ချာတစ်ခု ခြုံလွှမ်းစေ၏။

ဟန်မူယဲ့က အပြင်ဘက်အား မြင်ရသည်။ သို့သော်လည်း ထိုအလင်းကွန်ချာသည် ပြင်ပမှ လူများ အတွင်းသို့ မမြင်နိုင်သလို ချီစုစည်းခြင်းအဆင့်မှ လူများ တိုက်ခိုက်ခြင်းကိုလည်း တားဆီးနိုင်သည်။

သို့သော်လည်း သည်အစီအရင်တံဆိပ်ပြားမှာ တန်ဖိုးကြီး၏။ ၎င်းအား ဝယ်ယူရန် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပေးခဲ့ရသလို တစ်ခေါက်သုံးပါကလည်း အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ၁ တုံး ကုန်ကျသည်။

အလင်းကွန်ချာ ခြုံလွှမ်းသွားလျှင် ဟန်မူယဲ့ အတွင်း၌ ငြိမ်သက်စွာ ကျင့်ကြံ၏။ သူက ဒန်ထျန်ထဲကို စိတ်အာရုံဖြင့် ကြည့်လိုက်သည်။

စုစည်းထားသော ဓားဆန္ဒသည် တုန်ခါသွားကာ သူ့စိတ်အာရုံအား ကြိုဆိုနေဟန်ရသည်။

ထိုဓားဆန္ဒသည် သူ၏စိတ်အာရုံနှင့် ဆက်သွယ်နိုင်သည်။

ထိုဆက်သွယ်မှုသည် ယခင်က သူ မခံစားဖူးသော အရာဖြစ်သည်။

သူ့စိတ်ဆန္ဒနှင့် ဓားဆန္ဒတို့ အတန်ကြာ ဆက်သွယ်ပြီးနောက်တွင် ဟန်မူယဲ့က ချီပင်လယ်ကို ကြည့်လိုက်သည်။

ဒန်ထျန်၌ စုစည်းထားသော ဓားဆန္ဒသည် ကြီးမားသော အကျိုးအမြတ်ဆိုပါက ချီပင်လယ်မှ ဓားဆန္ဒများ၏အပြောင်းအလဲမှာ ပိုမိုကြီးမားသော အကျိုးအမြတ်ဖြစ်သည်။

ထိုအခိုက်တွင် ဓားဆန္ဒ ၈၀ ခန့်သည် ချီပင်လယ်၌ မြောလွင့်နေကြ၏။

အလယ်တွင်ကား စူးရှတောက်ပသော ဓားအလင်းနှစ်ခု ရှိနေသည်။

ထိုဓားအလင်းမှာ အနီနှင့် အစိမ်းရောင်များ ဖြစ်ကြကာ နဂါးများအဖြစ်သို့ အသွင်ပြောင်းတော့မည့်ဟန် ထင်မြင်ရသည်။

ဓားမာန်ဟုန်…

ယခင်က ဟန်မူယဲ့သည် ဓားမာန်ဟုန်တစ်ခု ဖွဲ့စည်းရန် မဖြစ်နိုင်သလောက် ခက်ခဲသည်ဟု ထင်မြင်ခဲ့၏။ အကြောင်းကား ထိုမျှ များပြားသော ဓားဆန္ဒများ စုစည်းရန် မဖြစ်နိုင်ပါ။

သို့သော်လည်း ယနေ့ ဉာဏ်အလင်းရပြီးနောက် သူက ဓားမာန်ဟုန်ဖွဲ့စည်းရန် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးကြောင်း သိလိုက်ရသည်။

၎င်းသည် အရေအတွက်အားဖြင့် စုစည်းခြင်းမဟုတ်ဘဲ အရည်အသွေးအားဖြင့် အဆင့်မြှင့်တင်ခြင်း ဖြစ်သည်။

ယခုတွင် ဟန်မူယဲ့၏ချီပင်လယ်၌ ဓားအလင်းနှစ်ခုသည် ဓားမာန်ဟုန်အဖြစ် ဖွဲ့စည်းထားပြီး ဖြစ်သည်။

ယခု သူ့တွင် နောက်ထပ် ဝှက်ဖဲနှစ်ချပ် ရှိနေပြီ ဖြစ်သည်။

ဟန်မူယဲ့ ပြုံးလိုက်၏။

…

အနီရင့်ရောင်နေမင်းကြီး အရှေ့ဘက်စူးစူးမှ ထွက်ပေါ်လာလျှင် မာန်သွင်းအော်ဟစ်သံများ တဖန် ပြန်ကြားလာရ၏။

မနေ့က မိစ္ဆာသားရဲစစ်တပ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အခြေစိုက်စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ကြပေ။ ယခု သူတို့ ထပ်မံကြိုးစားလာကြသည်။

မိစ္ဆာချီများ လူးလိမ့်လာကာ သားရိုင်းများ ဒီရေအလား ချီတက်လာကြသည်။

တောင်ခြေတွင် ဓားအလင်းများ ချီအလင်းများ နေရာအနှံ့ထွက်ပေါ်လာ၏။

အကြောင်းပြချက်တစ်ချို့ကြောင့် ဓားတစ်လက် ကိုင်ထားသော ထန်ချီသည် သူ့နောက်ကို လှမ်းကြည့်သည်။

သူ၏မျက်ခုံးများ အလိုအလျောက် တွန့်ကွေးသွား၏။

ယနေ့တိုက်ပွဲကား မနေ့ကထက် ပို၍ ပြင်းထန်သည်။

သူ၏တန်ဖိုးအား သက်သေပြရန် ယနေ့တွင် အသက်ရှင်အောင် အတတ်နိုင်ဆုံး ကြိုးစားရမည်။

သို့သော်လည်း တောင်ကုန်းပေါ်မှ ထိုလူသည် မနေ့ညက ဓားဆန္ဒအား နားလည်ဆင်ခြင်နိုင်ခဲ့သည်။

ကမ္ဘာမြေအဆင့်သို့ မတက်လှမ်းမီ ဓားဆန္ဒကို နားလည်နိုင်ခြင်းက ဂိုဏ်းအား သူ့ကို ပို၍ တန်ဖိုးထားစေပေလိမ့်မည်။

ထိုသို့သော လူဖြင့် ယှဉ်ပြိုင်ခြင်းက အမှန်တကယ် ပင်ပန်းလွန်းလှသည်ဟု သူ ခံစားရ၏။

“အားလုံးပဲ… သတ်…”

မာန်သွင်းအော်သံတစ်ချက်နှင့်အတူ ထန်ချီသည် ဓားအလင်းများ ရစ်ပတ်လျှက် ရှေ့ကို ပျံသန်းသွားသည်။

ရှေ့တန်းစစ်မျက်နှာ၌ အော်သံများ ဆဲသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ဒါက…

တစ်ချိန်လုံး တည်ငြိမ်စွာ ထိုင်နေသော ဟန်မူယဲ့ ရုတ်တရက် ထရပ်သည်။

တောင်ခြေစစ်တပ်ရှေ့၌ ဟယ်ရွှမ်ချီသည် ဓားနှစ်လက်ဖြင့် ပြေးလွှားသွားသည်။ သူ့ထံမှ ဓားအလင်းသည် နဂါးတစ်ကောင်အလား မိစ္ဆာသားရဲများထံသို့ တိုးဝင်သွား၏။

ဟယ်ရွှမ်ချီတစ်ဦးတည်း မဟုတ်ပေ။ သူနှင့်အတူ မနေ့ညက ဟန်မူယဲ့ထံသို့ လာရောက်သင်ယူခဲ့ကြသော ဂိုဏ်းသားတစ်ဖွဲ့လည်း ပါဝင်ကြသည်။

သူတို့၏ဓားအလင်းများမှာ ထက်ရှကောင်းမွန်ကာ အတော်လေး ပြင်းထန်သော အင်အားစုငယ်တစ်ခု ဖြစ်တည်လာသည်။

သူတို့၏အင်အားကား အလယ်ဗဟိုနေရာတွင် တိုက်ခိုက်နေသော ထန်ချီတို့အုပ်စုထက် မနိမ့်ပါ။

ဝုန်း…

ထန်ချီ၏လက်မှ ဓားအလင်းသည် ချပ်ဝတ်နက် ကျားနက်တစ်ကောင်နှင့် ရင်ဆိုင်တွေ့သည်။ သူတို့နှစ်ဦး အချင်းချင်း ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ကြ၏။

တခြားတစ်ဖက်တွင် သားရိုင်းအနည်းငယ်ကို သတ်ဖြတ်ပြီးသော ဟယ်ရွှမ်ချီသည် ပိန်ပါးသော ကြွက်မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်တွေ့၏။

ဟယ်ရွှမ်ချီသည် ထိုမိစ္ဆာအား တစ်ဖက်သပ်ဖိနှိပ်တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။

ယနေ့တိုက်ပွဲကား မနေ့ကထက် များစွာ ပြင်းထန်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အမှန်တကယ်ပင် တန်ပြန်တိုက်ခိုက်ရန် အရှိန်အဟုန်ရှိနေသေးသည်။

အဝေးတွင် မရေမတွက်နိုင်သော အနာက်ဘက်ကုန်းမြေ ကျင့်ကြံသူများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ခံစစ်စည်းအား လှမ်းကြည့်နေကြ၏။

ဝုန်း…

ကောင်းကင်တွင် အနက်ရောင်အလင်းတစ်ခုသည် ပေတစ်ရာမြင့်သော သားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ထန်ချီထံသို့ တိုးဝင်လာ၏။

အနက်ရောင်သားရိုင်းကြီးသည် ခြင်္သေ့တစ်ကောင်အသွင်ရှိကာ လေထဲမှနေ၍ ပျံသန်းလာပြီး မာန်သွင်းအော်ဟစ်သည်။

အမြုတေဖွဲ့စည်းခြင်း မိစ္ဆာ…

ထိုသို့သော မိစ္ဆာအား ကျင့်ကြံဆင့်တူသူများသာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။

အံ့ဖွယ်ကိုးပါးအခြေစိုက်စခန်းမှ အစိမ်းရောင်ဝတ်လူရိပ်တစ်ဦး ထိုမိစ္ဆာအား တားဆီးတိုက်ခိုက်သည်။

“ခြင်္သေ့အားမာန်… ငါတို့က မိတ်ဆွေဟောင်းတွေပဲ။ မင်းက ဘာလို့ ကလေးတွေကို ခက်ခဲအောင် လုပ်နေရတာလဲ”

စွန်းမူက ဓားဝှေ့ယမ်းကာ ရယ်မော၍ ပြောသည်။

ဟူး…

စွန်းမူ၏ဓားအလင်းသည် ခြင်္သေ့ကြီးအား နောက်ဆုတ်သွားစေသည်။ ခြင်္သေ့ကြီးက လူသန်ကြီးအသွင်ကို တဖန် ပြောင်းလဲလိုက်၏။ သို့သော်လည်း သူ၏ခြင်္သေ့ဦးခေါင်းကား နဂိုအတိုင်း ကျန်ရစ်ခဲ့သည်။

“အဖိုးကြီးစွန်း… ငါမင်းရဲ့အရိုးတွေကို ချိုးပစ်မယ်…”

လူသန်ကြီးက စွန်းမူအား အနက်ရောင်တုတ်တစ်ချောင်းဖြင့် ရင်ဆိုင်တိုက်ခိုက်ကာ ဒေါသတကြီး ပြောသည်။

အမြုတေဖွဲ့စည်းခြင်းများ ယှဉ်ပြိုင်တိုက်ခိုက်လျှင် အနီးအနားမှ အဆင့်နိမ့်ကျင့်ကြံသူများ ဘေးကို ဖယ်ပေးရ၏။ ထိုသို့ မဖယ်ပေးပါက မတော်တဆ ပျံ့လွင့်လာသော ချီအပိုင်းအစများသည်ပင် သူတို့အား ထိခိုက်စေနိုင်၏။

ဟန်မူယဲ့က သူတို့တိုက်ပွဲအား အာရုံစိုက်ကြည့်နေသည်။

စွန်းမူ၏သိုင်းကွက်များမှာ ရိုးရှင်းသော်လည်း သိုင်းကွက်တိုင်းသည် သေသပ်ကာ တိကျ၏။

ခြင်္သေ့မိစ္ဆာ၏တိုက်ခိုက်မှုများမှာ အနည်းငယ် ရှုပ်ထွေးသော်လည်း အသေအချာ ကြည့်ပါက ရိုးစင်းသော စည်းချက်တစ်ခုကို တွေ့နိုင်၏။

အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီးနောက်တွင် သူ တိုက်ခိုက်သော သိုင်းကွက်တိုင်း၌ ကောင်းကင်နှင့်မြေပြင်အစွမ်း အငွေ့အသက်များ ပါဝင်နေသည်။

All Chapters