← Chapters

အခု ကျုပ်ကို တိုက်လို့ ရပြီ

Vol. 76 Ch. 1050

အခု ကျုပ်ကို တိုက်လို့ ရပြီ

Vol. 76 Ch. 1050

ခွန်းယွင် သတိမပေးလျှင်ပင် မိုဝူကျိက အပြင်ဘက်တွင် ပညာရှင်တစ်ဦး ရှိနေကြောင်း အာရုံခံမိပေသည်။ သူက သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းရာ၌ အနည်းငယ်သာ အားစိုက်ထုတ်ခဲ့သောကြောင့် အသစ်ရောက်လာသည့် ဧည့်သည်မှာ မည်သည့်ကျင့်ကြံဆင့် ရှိကြောင်းတော့ မသိပေ။

မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်လိုက်ပြီး ခွန်းဝူဓားက သူ့နောက်တွင် မျှောလွင့်ကာ လိုက်ပါလာသည်။ မိုဝူကျိက သူ့ကန့်သတ်ချက် သူ ကောင်းကောင်း သိပေသည်။ သူ့အင်အားက မည်မျှပင် မြန်မြန်ဆန်ဆန် တိုးတက်လာစေကာမူ သူ့လက်ရှိ အနေအထားဖြင့် နတ်ဘုရားဘုရင်တစ်ယောက်နှင့် မယှဉ်နိုင်သေးပေ။ ယခု သဟဇာတ နတ်ဘုရားတစ်ယောက် ရောက်လာလေရာ သူ့အနေနှင့် စိတ်အေးအေး မထားနိုင်ပေ။

“ ငါ အားကုန်သုံးပြီး သူ့ကို ပိတ်ထားလိုက်မယ်။ မင်းက အားလုံးထုတ်သုံးပြီး တိုက်လိုက်။ ငါတို့တွေ သူ့ကို သတ်နိုင်၊ မသတ်နိုင်က မင်းဓားအပေါ် မူတည်နေတယ် ” ခွန်းယွင်ဆီမှ ဆက်သွယ်မှု တစ်ခု ရလာသည်။ မိုဝူကျိက ခွန်းဝူဓားတည်ရှိမှုကို ခွန်းယွင်အပေါ် ဖုံးကွယ်ထားဖို့ စိတ်ကူး မရှိပေ။

ခွန်းယွင်ကိုတော့ မိုဝူကျိက သံသယ မရှိတော့ပေ။ ယခင် ခွန်းယွင်က မည်မျှ အားကောင်းစေကာမူ သူ့လက်ရှိအခြေအနေမှာ နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိနေသေး၏။ အကယ်၍ နတ်ဘုရားအုပ်စိုးသူအဆင့်တောင် မရှိသေးသည့် လူတစ်ယောက်က  သေမင်းထောင်ချောက်ကို အသုံးပြုပြီး သဟဇာတ နတ်ဘုရားကို ပိတ်လှောင်ရင်း တိုက်ခိုက်မည်ဆိုလျှင် မိုဝူကျိအား တုန်လှုပ်စေလိမ့်မည်။

ခပ်ဖြူဖြူ ကျင့်ကြံသူက အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်ရှေ့တွင် အသက်ဆယ်ရှိုက်စာမျှလောက် ရပ်နေပြီးနောက် ရယ်မောလိုက်ကာ လက်ကို ဝှေ့ယမ်းရင်း အစီအရင်အတွင်း ဝင်ရောက်လိုက်သည်။

ပြင်းထန်သော နတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီးနောက် အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်၏ ကြေမွသွားသံကို မိုဝူကျိက အသေအချာ ကြားလိုက်ရသည်။

သိပ်သည်းလွန်းသော ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကို ထိုသဟဇာတ နတ်ဘုရားက ချက်ချင်း အာရုံခံလိုက်မိကာ ခဏတာ စိတ်လှုပ်ရှားသွားကာ မျက်လုံးများပင် လင်းလက်လာလေ၏။ ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့တိုးလိုက်သည်။

သူက ယနေ့ ဤနေရာသို့ လာလိုက်သည်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ခံစားမိလိုက်၏။

အရွက်မဲ့တောအုပ်ထဲ၌ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်များကို ပုံမှန်တွေ့နိုင်သော်လည်း သိပ်ကြာရှည်မခံကြပေ။ လောကနတ်ဘုရားနှင့်အထက် ကျင့်ကြံသူများအနေနှင့် အချိန်အတော်ကြာ ကျင့်ကြံနိုင်မည့် ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ကို ရှာတွေ့ဖို့ရာ အလွန်ခက်ခဲကြသည်။ သို့သော် ယနေ့တွင် သူက မူလ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ကို မြင်လိုက်ရသည်။

တစ်ခုခုတော့ မှားနေပြီ ….

သဟဇာတ နတ်ဘုရားက သေမင်းထောင်ချောက်အတွင်း ဝင်လိုက်သည်နှင့် ဘေးပတ်လည်မှာ ရုတ်ချည်း ပြောင်းလဲသွားကြောင်း ခံစားမိလိုက်ပြီး သူ့စိတ်စွမ်းအားကိုလည်း ထပ်မံ ဖြန့်ကျက်၍ မရတော့ပေ။

ခပ်ဖြူဖြူ သဟဇာတ နတ်ဘုရားက လမ်းတွင် ရပ်လိုက်ကာ သူ့မျက်နှာအထက်၌ အေးစက်စက် မထီမဲ့မြင့် အပြုံးမျိုး ပေါ်လာသည်။ အပြင်ဘက်ရှိ အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်မှာ အပြင်ပန်းမျှသာ ဖြစ်ပြီး အတွင်း၌ အဆင့်မြင့် သေမင်းထောင်ချောက် အစီအရင် ထပ်ရှိနေသေးသည်။

နတ်ဘုရားလောကလိုမျိုး နေရာ၌ သေမင်းထောင်ချောက် အစီအရင်က မည်မျှ အဆင့်မြင့်နိုင်မည်နည်း။ ပုံပန်းအရ အဆင့် ၇ ဖြစ်ဟန် ပေါ်သော်လည်း စန်းကျန့်ရှင်း မဟုတ်သရွေ့  မည်သူကမှ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကို မခင်းကျင်းနိုင်ကြပေ။

ထို့ကြောင့် ဤသေမင်းထောင်ချောက် အစီအရင်သည် အဆင့် ၆ သာ ဖြစ်လိမ့်မည်။ သဟဇာတ နတ်ဘုရားက လက်ဆန့်ထုတ်ကာ မှော်ရတနာကို ဆွဲထုတ်လိုက်ပြီး အဖြူရောင် အလင်းတန်းကို ထုတ်ဖော်လိုက်သည်။

ထိုအဖြူရောင် အလင်းတန်းက ဓားအသေးလေးများ ထွက်ပေါ်လာသည့်အလား ခဏအတွင်း ထိုဓားလေးများက ကြီးထွားလာကာ မီတာအတော် ရှည်လျားလာသည်။

“ ဝုန်း ” ကြည့်ရသည်မှာ တိုက်ခိုက်မှု ပျောက်ကွယ်သွားသည့်အလား အဖြူရောင်အလင်းတန်းကလည်း ရုတ်ချည်း ကွယ်ပျောက်သွားသည်။

“ အဆင့် ၈ ထောင်ချောက် အစီအရင်လား … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ” သဟဇာတ နတ်ဘုရားက ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူ့ဘေးပတ်လည် တည်နေရာမှာ တွန့်ကွေးလာပြီး အဆုံးမဲ့ သတ်ဖြတ်ငွေ့များက သူ့စွမ်းအားစက်ကွင်းကို တစစီ ဖြစ်အောင် ဆွဲဖြဲနေကြသည်။

“ မဟုတ်ဘူး …. ဒါက အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ပဲ ” သဟဇာတ နတ်ဘုရားက အဆင့် ၈ သေမင်းထောင်ချောက်ထဲ ကျရောက်နေကြောင်း သတိပြုမိသည့်အခါ သူ့မျက်နှာမှာ ပို၍ ဖြူဖျော့လာသည်။ ထိုစဉ် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က ဒုတိယမြောက် အရေးကြီးမှု ဖြစ်သွားပြီး မြန်မြန် နောက်ဆုတ်လိုက်ပြီး တခြားဘာမှမလုပ်ခင် ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်က အဆင့် ၈ ထောင်ချောက်အစီအရင်နှင့် လုံးဝကွဲပြားပေသည်။ တစ်ခုက သူ့ထွက်လမ်းအား ဖြည်းဖြည်းချင်း ပိတ်ပစ်မည် ဖြစ်ကာ နောက်တစ်ခုကား သူ့အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

“ မင်းက ငါ့သေမင်းထောင်ချောက် အစီအရင်ထဲ ဝင်ပြီး ပြန်ထွက်သွားချင်သေးတာလား။ ငါ ခွန်းယွင်က မင်းလိုမျိုး ငတိကို ဖြေရှင်းဖို့ သေမင်းထောင်ချောက် အစီအရင် သုံးရတာ ရှက်ဖို့ ကောင်းလိုက်တာကွာ ” ခွန်းယွင်၏ အသံက သဟဇာတ နတ်ဘုရား နားထဲ ပဲ့တင်ထွက်လာသောကြောင့် သွေးအန်လုမတတ် ဖြစ်သွားသည်။

နတ်ဘုရားလောက၌ သဟဇာတ နတ်ဘုရား မည်မျှ ရှိနေသနည်း။ သူက သဟဇာတ နတ်ဘုရားအဆင့် ရောက်လာသည်မှာ နတ်ဘုရားမျိုးနွယ်၏ ပါရမီရှင်တစ်ဦး ဖြစ်၍ ဖြစ်သည်။ ရလဒ်အနေနှင့် သူက ထိပ်ဆုံးသို့ ရောက်လာခဲ့သည်။ သို့သော်လည်း ဤလူက သူ့အား သေမင်းထောင်ချောက်အတွင်း ပိတ်လှောင်ထားပြီး မဟုတ်တမ်း စကားတွေ ပြောနေသေး၏။

“ မိုဝူကျိ ဘာစောင့်နေတာလဲ …. တိုက်တော့ ” ခွန်းယွင်၏ ဒေါသတကြီး အသံက မိုဝူကျိနားထဲ ရောက်လာသည်။

မိုဝူကျိရှေ့မှ မြင်ကွင်း ကြည်လင်သွားပြီး သူ့အား သဟဇာတ နတ်ဘုရား၏ တည်နေရာကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပြုလိုက်သည်။ သို့သော် သူ့စိတ်ထဲ၌ လေးလံသွားသည်။ အကယ်၍ ခွန်းယွင်ကသာ သူနှင့် ရင်ဆိုင်လိုလျှင် လော့ကျမ်းစာရွက်အတွင်းသာ ပုန်းနေနိုင်လိမ့်မည်။

မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ သဟဇာတ နတ်ဘုရားဆီ အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုပညာရှင်က မိုဝူကျိကို မြင်လိုက်သော်လည်း အဆင့် ၈ သေမင်းထောင်ချောက်အတွင်း ပိတ်မိနေသောကြောင့် မိုဝူကျိအား ဘာမှပြန်မလုပ်နိုင်ပေ။ အစောပိုင်း နတ်ဘုရားအုပ်စိုးသူ တစ်ယောက်က သူ့အား တိုက်ခိုက်နေမည်ကို ကြည့်ချင်စိတ်ပင် မရှိပေ။ သူသာ တည်တည်ငြိမ်ငြိမ် ဖြစ်နေလျှင် အစောပိုင်း နတ်ဘုရားအုပ်စိုးသူ တစ်ယောက်က သူ့အား ဘာများလုပ်နိုင်မည်နည်း။

“ ဝုန်း ” ပုဆိန်လှံရှည်အလင်းတန်းက သဟဇာတ နတ်ဘုရား၏ စွမ်းအားစက်ကွင်းအပေါ် ကျရောက်လာသောအခါ တွန်းကန်အား ပြန်လည် ထွက်ပေါ်လာကာ မိုဝူကျိက သူ့ရင်ဘတ် တင်းခနဲ ဖြစ်သွားသည်ကို ခံစားမိလိုက်၏။

အံ့ဩဖို ကောင်းလိုက်တာ …

မိုဝူကျိက သူ့ဘာသာ တွေးလိုက်မိသည်။ သူက လျို့ဝှက်ပညာရပ် ထုတ်မသုံးထားသော်လည်း ဤရိုက်ချက်၌ သူ့အင်အား ၇၀ ရာခိုင်နှုန်းလောက်ကို ထည့်သုံးထားပေသည်။ သို့သော်လည်း သဟဇာတ နတ်ဘုရား၏ စွမ်းအားစက်ကွင်းကို မဖျက်စီးလိုက်နိုင်ပေ။

သဟဇာတ နတ်ဘုရားသည် အဆင့် ၈ သေမင်းထောင်ချောက်အတွင်း ပိတ်မိနေသောကြောင့် မိုဝူကျိက စိတ်ကြိုက်တိုက်ခိုက်၍ ရနေခြင်း ဖြစ်၏။

“ မင်း အစားမစားရသေးဘူးလား ” ခွန်းယွင်၏ မပျော်မရွှင်အသံက ထွက်ပေါ်လာသည်။ သူက မိုဝူကျိသည် ထိုရိုက်ချက်၌ အင်အားတချို့ ထိန်းထားကြောင်း တွေးမိလိုက်သည်။ ဤလူက သေမင်းထောင်ချောက် အစီအရင်အတွင်း ပိတ်မိနေလေရာ အဘယ်ကြောင့် အင်အားကို ချွေတာနေရမည်နည်း။

“ ဟုတ်တယ် … ကျုပ် အစာ မစားတာ နှစ်ကြာနေပြီ ” မိုဝူကျိက ပြောလိုက်ရင်း ပုဆိန်လှံရှည်က ငွေရောင်မြစ်ကြီးအဖြစ် ပြောင်းလဲသွားကာ ဆင်းသက်လာသည်။

မိုဝူကျိ၏ လူသားတာအိုက အစပိုင်း ပြီးပြည့်စုံမှုအဆင့်တွင် ရှိပြီး ကျင့်ကြံဆင့်မှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၃ ဖြစ်ပေသည်။ ထိုစဉ် လေဟုန်ဆန်မြစ်၏ အင်အားအပြည့်ရိုက်ချက်က မိုးမြေကိုပင် ကြေမွလုမတတ် ဖြစ်စေသည့် အင်အားကို သယ်ဆောင်လာသည်။

အားပြင်းပြင်း သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာကာ သေမင်းထောင်ချောက်ကို အသည်းအသန် တိုက်ခိုက်နေသည့် သဟဇာတ နတ်ဘုရားက လျို့ဝှက်ပညာရပ်၏ အရှိန်အဝါ ကျဆင်းလာသောကြောင့် ခဏတာ ရပ်တန့်လိုက်သည်။ သူက သူ့စိတ်စွမ်းအားပင် ခဏတာ ရပ်တန့်သွားကြောင်း ခံစားမိလိုက်၏။ ခဏတာမျှသာ ဖြစ်သော်လည်း သူ့အား အံ့အားသင့်သွားစေသည်။

“ ဝုန်း ” ငွေရောင်မြစ်ကြီးက သဟဇာတ နတ်ဘုရား၏ စွမ်းအားစက်ကွင်းအား ချိုးဖောက်ပစ်လိုက်သည်။ နတ်သဘာဝစွမ်းအားများက ပေါက်ကွဲထွက်လာပြီး မိုဝူကျိ၏ ခန္ဓာကိုယ်ဆီ ပြန်ကန်အား ကျရောက်လာကာ သူ့ရင်ဘတ်မှာ  တင်းခနဲ ထပ်ဖြစ်သွားသည်။

သို့သော်လည်း သူ့ဝိဇ္ဇာရုပ်ခန္ဓာဖြင့် သူ့နတ်သဘာဝစွမ်းအားများကို အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် ထိုတင်းကျပ်နေမှုမှာ လုံးဝ ပျောက်ကွယ်သွားလေ၏။

ကြည့်ရသည်မှာ မိုဝူကျိ၏ လေဟုန်ဆန်မြစ်က သဟဇာတ နတ်ဘုရား၏ စွမ်းအားစက်ကွင်းကို တစစီ ဖြစ်သွားစေပုံ ပေါ်၏။ ခွန်းယွင် အသက်သွင်းလိုက်သော သတ်ဖြတ်ရေး အလင်းတန်း ထောင်ချီကလည်း သဟဇာတ နတ်ဘုရား ခန္ဓာကိုယ်အပေါ် ကျရောက်လာသည်။

သဟဇာတ နတ်ဘုရား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သွေးမြူများကို မိုဝူကျိက ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူက ခွန်းယွင်သည် ဤသို့အချိန်အခါကောင်းကို ရွေးနိုင်သည့်အတွက် တိတ်တဆိတ် အံ့အားသင့်မိသွား၏။

မိုဝူကျိလည်း ထိုအခွင့်အရေးကောင်းအား လက်လွှတ်ခံမည် မဟုတ်ပေ။ ခွန်းဝူဓားကို အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ပြီး သဟဇာတ နတ်ဘုရားဆီ ချိန်ရွယ်လိုက်သည်။

“ ခွန်းဝူဓားလား ” ထိုသဟဇာတ နတ်ဘုရားက ခွန်းဝူဓားကို မြင်လိုက်သည့်အခါ သူ့မျက်ဝန်း၌ အကြောက်တရားတချို ပေါ်လာကာ သူ့မှော်ရတနာဖြင့် သေမင်းထောင်ချောက် အစီအရင်မှ သတ်ဖြတ်ရေး အလင်းတန်းများအား ကာဆီးဖို့ အာရုံမရှိတော့ပေ။ ထို့အစား ခွန်းဝူဓားကိုသာ အားအပြည့်နှင့် ပြန်ကာလိုက်သည်။

ခွန်းဝူဓားက ရှေးဟောင်းနတ်ဓားတစ်လက် ဖြစ်သောကြောင့် မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိသော်လည်း သူ့ခန္ဓာကိုယ်ကို တစစီ ဖြစ်စေဖို့ လုံလောက်ပေသည်။ သူ့လိုမျိုး သဟဇာတ နတ်ဘုရားတစ်ယောက်အတွက် ရုပ်ခန္ဓာ ဖျက်စီးခံလိုက်ရသည်နှင့် သေမင်းထောင်ချောက် အစီအရင်အတွင်း သေခြင်းတရားကို ထိုင်စောင့်နေသလိုသာ ဖြစ်လိမ့်မည်။

“ ဝုန်း ”သဟဇာတ နတ်ဘုရား၏ မှော်ရတနာက ခွန်းဝူဓားနှင့် တွေ့ဆုံသွားသည့်အခါ မိုဝူကျိက သူ့ခန္ဓာဆီ အပြေးအလွှား ဝင်ရောက်လာသည့် အဆုံးမဲ့ သတ်ဖြတ်ငွေ့များကို ခံစားမိလိုက်သည်။ သူ့ဆီမှ သွေးမြူများ ထွက်လာပြီး နောက်လွှင့်စင်သွားစေသည်။

ထိုစဉ် မိုဝူကျိက ခွန်းယွင် အကွက်ထဲ ရောက်သွားကြောင်း သတိပြုမိလိုက်၏။

မိုဝူကျိ နောက်လွှင့်စင်သွားသည်ကို မြင်ကာ ခွန်းယွင်က လက်နှစ်ဖက်မှ လက်ဟန်အမျိူးမျိူး ထုတ်ဖော်ရင်း ရယ်မောလိုက်သည်။ ထို့နောက် သူက အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်၏ အင်အားအပြည့်ကို ထုတ်လွှင့်လိုက်တော့သည်။

အာကာပြင် မတည်ငြိမ်မှုများလည်း ဖြစ်ပေါ်လာသည်။ ထို့နောက် မိုဝူကျိကြောင့် စွမ်းအားစက်ကွင်း ပျက်စီးသွားသည့် သဟဇာတ နတ်ဘုရား ခန္ဓာကိုယ်အပေါ်  သတ်ဖြတ်ရေးအလင်းတန်းများ တစ်ခုပြီး တစ်ခု ကျရောက်သွားတော့သည်။

ထိုသဟဇာတ နတ်ဘုရားက သွေးသံရဲရဲ ဖြစ်နေပြီး သေမင်းထောင်ချောက် အစီအရင်အတွင်း သူ့ခန္ဓာကိုယ် ပျက်စီးသွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။

မိုဝူကျိက ခွန်းဝူဓားကို ပြန်ယူလိုက်ပြီး နောက်ကျောတွင် သယ်ဆောင်ကာ သက်ပြင်းချလိုက်သည်။

အကယ်၍ သူ့ရုပ်ခန္ဓာကိုယ်သာ ဝိဇ္ဇာအဆင့် မဟုတ်ပါက ထိုသဟဇာတ နတ်ဘုရားကြောင့် သူ့ခန္ဓာကိုယ်မှာ တစစီ ဖြစ်သွားနိုင်သည်။ အကယ်၍ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိနေလျှင် ထိုအရာသာ ကျန်ရှိပေမည်။ သို့သော် သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသည့်အတွက် သူ့ရုပ်ခန္ဓာ ပျက်စီးသွားသည့်နောက်တွင် ပြန်လည် ကောင်းမွန်ဖို့ရာအတွက် သူ့အသက်ဓာတ် လမ်းကြောင်းပေါ်သာ မှီခိုရပေမည်။

ပို၍ အရေးကြီးသည်က ခွန်းယွင်သည် ဘေးမှ လေ့လာနေလေရာ  ကုသဖို့အတွက် အသက်ဓာတ်လမ်းကြောင်းကို တကယ် အသုံးပြုနိုင်မှာလား။

“ မိုဝူကျိ … မင်း အဆင်ပြေရဲ့လား ” ခွန်းယွင်၏ အသံက အချိန်ကိုက် ထွက်ပေါ်လာကာ မိုဝူကျိကို အတော်လေး စိတ်ပူနေဟန် ပေါ်၏။ သို့သော် စိတ်အတွင်း၌ သူက အမှန်တကယ် အံ့အားသင့်နေမိသည်။ သူက ထိုရိုက်ချက်သည် မိုဝူကျိ၏ ရုပ်ခန္ဓာအား လုံးဝ ပျက်စီးသွားစေလိမ့်မည်ဟု ထင်နေခဲ့သည်။ မိုဝူကျိက အမှန်တကယ် ခံနိုင်ရည် ရှိနေလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

တကယ်တော့ သူက မိုဝူကျိကို မသတ်လိုပေ။ ထို့အစား သူက မိုဝူကျိ၏ ရုပ်ခန္ဓာ ပျက်စီးသွားပြီး ကမ္ဘာဦးစိတ်ဝိညာဉ်သာ ကျန်ရှိတော့မည် အခြေအနေကို စိတ်ဝင်စားမိ၏။

မိုဝူကျိ၏ ရုပ်ခန္ဓာကိုယ်သာ ပျက်စီးသွားသရွေ့ မိုဝူကျိက ရေခဲကောင်းကင်ဝါးဖြင့် ရုပ်ခန္ဓာအသစ် ထုဆစ်ရမည် ဖြစ်ပေသည်။ ဤကိစ္စကား အင်မတန် ရှည်ကြာလွန်းသော ဖြစ်စဉ်တစ်ခု ဖြစ်၏။

ထိုကဲ့သို့ ဖြစ်သွားခဲ့လျှင် သူ ခွန်းယွင်က ကိစ္စအများကြီး လုပ်နိုင်လိမ့်မည်။ အရင်ဦးစွာ သူက သဟဇာတ နတ်ဘုရား၏ ကမ္ဘာကို ဖွင့်နိုင်ပြီး အရာအားလုံးကို သူ့အတွက်သူ ယူနိုင်လိမ့်မည်။ ဒုတိယအနေနှင့် သူက ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားကို မိုဝူကျိနှင့် လုစရာ မလိုတော့ဘဲ အေးအေးဆေးဆေး အချိန်ကြာကြာ ကျင့်ကြံနိုင်လိမ့်မည်။

မိုဝူကျိ သူ့ရုပ်ခန္ဓာအသစ် ဖွဲ့စည်းပြီးသည့်အချိန်တွင် သူက သူ့ရည်ရွယ်ချက်များ ပြီးမြောက်နေလောက်လေပြီ။ ပို၍ အရေးကြီးသည်က မိုဝူကျိ၏ ကျင့်ကြံဆင့်သည် အစောပိုင်း နတ်ဘုရားအုပ်စိုးသူအဆင့်သာ ရှိနေဦးမည် ဖြစ်ကာ မလိုလားအပ်သည့်အရာများ မဖြစ်လာအောင် ကာကွယ်ပြီးသား ဖြစ်ပေမည်။

အရိုးသားဆုံး ပြောရလျှင် ခွန်းယွင်က မိုဝူကျိအား သဟဇာတ နတ်ဘုရားထက်ပင် ပို၍ ကြောက်ရွံ့ပေသည်။ သဟဇာတ နတ်ဘုရားအား ရင်ဆိုင်ဖို့ နည်းလမ်းများစွာ ရှိသော်လည်း မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံဆင့်မျှဖြင့် သူ့အသိစိတ်ပင်လယ်မှ လွတ်မြောက်နိုင်ခဲ့သေး၏။

မိုဝူကျိ၏ လျို့ဝှက်ချက်များအတွက် သူက အားလုံးကို ဖော်ထုတ်ချင်မိသည်။ သို့သော် ယနေ့အထိ သူက အသေးအမွှားလေးသာ နားလည်ထားသေး၏။

ဤကြံစည်မှုက ကျရှုံးသွားသောကြောင့် မိုဝူကျိ၏ ရုပ်ခန္ဓာသည် ဝိဇ္ဇာရုပ်ခန္ဓာအဆင့် ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ့ကိုယ်သူ သတိကြီးကြီး ထားဖို့ရာ ဆုံးဖြတ်လိုက်သည်။

ဝိဇ္ဇာရုပ်ခန္ဓာဖြင့် အစောပိုင်း ကနဦး နတ်ဘုရားအဆင့်  …..

မည်သူကမှ ယုံကြည်မည် မဟုတ်ပေ။ သူ့အတွက်ပင် သူ့အားအကောင်းဆုံးဖြစ်ခဲ့စဉ်က သူ့ရုပ်ခန္ဓာသည် ဝိဇ္ဇာတပိုင်းအဆင့်သာ ရောက်ရှိခဲ့၏။

ဝိဇ္ဇာရုပ်ခန္ဓာအဆင့် ရောက်ရှိဖို့ ခက်ခဲသည့် အကြောင်းအရင်းမှာ ရုပ်ခန္ဓာကျင့်စဉ်များက ရှားပါးသည့်အပြင် ဝိညာဉ်စွမ်းအား လှည့်ပတ်မှုနှင့် ရုပ်ခန္ဓာ လေ့ကျင့်မှုတို့က တစ်ခုနှင့် တစ်ခု တိုက်တိုက်သွား၍ ဖြစ်သည်။ ကျင့်ကြံဆင့် မြင့်လေလေ ရုပ်ခန္ဓာ လေ့ကျင့်ဖို့ အပြင်အား ဝင်ခွင့် ပြုဖို့ ခက်ခဲလေလေ ဖြစ်၏။

မိုဝူကျိက ရယ်မောလိုက်ကာ

“ ကျုပ် အဆင်ပြေပါတယ် … အနည်းဆုံးတော့ အသက်ရှိသေးတယ်။ ခွန်းယွင်  … ခင်ဗျား ကျုပ်ကို တိုက်လို့ ရပြီ။ အခု ကျုပ် အားအနည်းဆုံး အချိန်ပဲ ”

“ ဘယ်လိုလုပ် ဒီလို လုပ်ရမှာလဲ … စနောက်ရင်တောင် ဒီလိုစကားမျိုး မပြောပါနဲ့။ ငါတို့က တွဲ‌ဖက်တွေလေ။ မင်း လိုအပ်သလောက် ပြန်ကုလိုက် … ငါ မင်းကို စောင့်ကြပ်ပေးမယ်။ ဒါနဲ့ မင်း ပြန်ကောင်းလာဖို့ အချိန်ဘယ်လောက်လောက် လိုမှာလဲ ” ခွန်းယွင်က အတင်းဖျစ်ရယ်ရင်း ပြောလိုက်သည်။

မိုဝူကျိတွင် အသက်ဓာတ်လမ်းကြောင်းနှင့် အဆင့်မြင့် ကုသဆေးလုံးများ ရှိသောကြောင့် ဤသို့ဒဏ်ရာမျိုးက ခဏတာမျှသာ လိုအပ်ပေသည်။ သို့သော်လည်း သူ့အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး အားနည်းဖျော့တော့စွာ ပြန်အကြောင်းပြန်လိုက်သည်  “ အနည်းဆုံးတော့ တစ်နှစ်လောက် လိုလိမ့်မယ် ”

***

All Chapters