← Chapters

ပြဿနာ တက်သွားနိုင်တယ်

Vol. 76 Ch. 1051

ပြဿနာ တက်သွားနိုင်တယ်

Vol. 76 Ch. 1051

“ အဲလောက်တောင် ပြင်းထန်တယ်လား …. ငါ့အမှားပါကွာ။ အဲဒီလူက ငါ့အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ထဲမှာတောင် ဒီလောက် အားကောင်းနေဦးမယ်လို့ မထင်ထားမိလိုက်ဘူး ” ခွန်းယွင်က သူ့ကိုယ်သူ အပြစ်တင်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူက ကျယ်ကျယ် လှမ်းပြောလိုက်၏

“ မိုဝူကျိ … ကိုယ့်ဒဏ်ရာကို ပြန်ကောင်းဖို့ပဲ အာရုံစိုက်ထားလိုက်။ ငါ အခု လျို့ဝှက်ပညာရပ်တချို့ နားလည်အောင် ကြိုးစားလိုက်ဦးမယ်။ နောက်နှစ်ဝက်နေမှ မင်းနဲ့အတူတူ ကျင့်ကြံဖို့ စောင့်နေလိုက်မယ် ”

ခွန်းယွင်က မိုဝူကျိ ပြန်ကောင်းလာဖို့ နှစ်ဝက် လိုလိမ့်မည်ဟု မယုံပေ။ မိုဝူကျိက ဤသို့ ပြောထားသည့်အတွက် ခွန်းယွင်ကို စမ်းသပ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပေမည်။ တိုက်တိုက်ဆိုင်ဆိုင် ခွန်းယွင်ကလည်း သူတို့ သတ်ထားသည့် သဟဇာတ နတ်ဘုရား၏ ကမ္ဘာကို ဖျက်ပြီး အထဲရှိ ပစ္စည်းများ ယူဖို့ရာအတွက် အချိန်တချို့ လိုအပ်နေပေသည်။

သို့သော်လည်း သူက  ကမ္ဘာဖွင့်ခြင်း မပြီးဆုံးခင် မိုဝူကျိသည် အရင်ကျင့်ကြံနှင့်မည်ကို စိုးရိမ်မိ၏။ ထို့အပြင် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ထဲ၌ နတ်ဝိညာဉ်စွမ်းအားများ ကန့်သတ်ချက် ရှိကြောင်း မည်သူက အတည်ပြုပေးနိုင်မည်နည်း။ ထိုနတ်ဝိညာဉ်စွမ်းအားများကို မိုဝူကျိ အသုံးပြုပြီးသည်နှင့် သဟဇာတ နတ်ဘုရား၏ ကမ္ဘာထဲတွင် မည်သည့်ပစ္စည်း ရှိနေစေကာမူ သူ့အတွက် ကျေနပ်စေမည် မဟုတ်ချေ။

“ ကျုပ် ပြန်မကောင်းလာခင်အထိ စောင့်ပေးမှာလား ” မိုဝူကျိက အနည်းငယ် အံ့အားသင့်သွားသည်။

 ဒီလူက ဘယ်တုန်းက အဲ‌လောက် သစ္စာ ရှိသွားရတာလဲ …

ခွန်းယွင်က သူ့ရင်ဘတ်သူ ပုတ်ကာ

“ ငါတို့က တွဲဖက်တွေပဲလေ ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့။ ဒီနေရာက နတ်ဝိညာဉ်စွမ်းအားတွေက ကန့်သတ်ချက် ရှိတယ်ဆိုတော့ အရင်ဆုံး ကျင့်ကြံလိုက်ရင် စွမ်းအားအကုန် စုပ်ယူမိသွားလိမ့်မယ် ”

ထိုအရာက မိုဝူကျိအား အံ့အားသင့်သွားစေသော်လည်း မြန်မြန် အသိကပ်လာသည်။ အကယ်၍ ခွန်းယွင်က ကောင်းကျိုးအတွက် လုပ်ပေးမည်ဆိုလျှင် သေချာပေါက် ယုံကြည်ရမည် မဟုတ်ပေ။ ခွန်းယွင်က နှစ်ဝက်လောက် ကျင့်ကြံရေး ရပ်ဆိုင်းထားခြင်းမှာ သဟဇာတ နတ်ဘုရား ပိုင်ဆိုင်သည့် တစ်ခုခုနှင့် ပတ်သတ်နေရမည်။

သဟဇာတ နတ်ဘုရားများက သူတို့ကိုယ်ပိုင် ကမ္ဘာရှိသည့်အတွက် သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ထိုအထဲ၌ သိမ်းဆည်းထားကြသည်။ အကယ်၍ သဟဇာတ နတ်ဘုရားကို သတ်နိုင်ခဲ့လျှင် တစ်ဖက်လူ၏ ပစ္စည်းများကို ယူနိုင်မည် မဟုတ်တော့ပေ။

မိုဝူကျိက သူ မည်မျှ အချိန်ပေးစေကာမူ သဟဇာတ နတ်ဘုရား၏ ကမ္ဘာကို ချိုးဖောက်နိုင်မည် မဟုတ်ကြောင်း သိထား၏။

သို့သော် ခွန်းယွင်က ဘယ်သူလဲ ….

ထိုလူက မကောင်းဆိုးဝါးအိုကြီး ဖြစ်ကာ သူ့အနေနှင့်  သဟဇာတ နတ်ဘုရား၏ ကမ္ဘာကို ချိုးဖောက်ခြင်းမှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ မိုဝူကျိက ထိုအတွေးဖြင့်

“ ခွန်းယွင် … မိတ်ဆွေကြီး ကျေးဇူးပါ … ကျုပ် ဒဏ်ရာတွေ သက်သာလာရင် အတူတူ ပြန်ကျင့်ကြံရအောင် ပြောပါ့မယ် ”

“ အဲဆို ဒီလိုပဲ ဆက်လုပ်ကြတာပေါ့။ မင်းက ပြန်ကောင်းလာဖို့ပဲ အာရုံစိုက်ထားလိုက် … ငါလည်း လေ့လာစရာရှိတာ လေ့လာလိုက်ဦးမယ် ” ခွန်းယွင်က ပုံမှန်အတိုင်း ပြောလိုက်သည်။

မိုဝူကျိက ဘာမှလျှောက်မပြောနေတော့ဘဲ ကိုယ်ပိုင် ကာကွယ်ရေး အစီအရင်ထဲ ဝင်ကာ နောက်ထပ် ကာကွယ်ရေး အတားအဆီး‌ လေးခုလောက် ခင်းကျင်းလိုက်သည်။

ဤတစ်ကြိမ်၌ သူ့အတွက် ကျင့်ကြံခြင်းထက် ခွန်းယွင်၏ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ကို ဖျက်စီးနိုင်မည့် နည်းလမ်းကို ရှာတွေ့ဖို့ ဖြစ်၏။ မဟုတ်လျှင် သူက အရေးနိမ့်နိုင်သည်။ ခွန်းယွင်၏ နှစ်ဝက်စောင့်ဆိုင်းမည့် အကြံအစည်ကား  သူ့အစီအစဉ်နှင့် ကွက်တိ ဖြစ်သွား၏။

မိုဝူကျိက မကျင့်ကြံနေသော်လည်း ချီသွေးကြော ၁၀၈ ခုလုံးကို ဆက်တိုက် လှည့်ပတ်ထားလိုက်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ယခင်က ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူသော်လည်း ယခုအခါ သူတို့၏ ပင်မ လှည့်ပတ်မှုမှာ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းကို ထောက်ပံ့ပေးရန် ဖြစ်၏။

မိုဝူကျိ၏ လက်ဟန်များက ဆက်တိုက် ပြောင်းလဲနေပြီး တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းမှ အသိအမြင်များသည် မိုဝူကျိအား လွှမ်းမိုးသွားသည်။

ယခင် ခွန်းယွင် ခင်းကျင်းခဲ့သော အဆင့် ၇ ပေါက်ကွဲရေး အစီအရင်နှင့် ယခုလက်ရှိ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းသည့် နည်းလမ်းတို့မှာ အချိန် နောက်တစ်ခါ ပြန်ရစ်ပြလိုက်သကဲ့သို့  မိုဝူကျိ၏ အသိစိတ်ပင်လယ်ထဲ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။ အဖြစ်နိုင်ဆုံးနည်းလမ်းများကို သူက ဖယ်ထုတ်လိုက်ပြီး အဓိကအဆီအနှစ်တချို့ကိုသာ စုပ်ယူလိုက်သည်။ ရက်များစွာ ကြာမြင့်ပြီးနောက် မိုဝူကျိ၏ အစီအရင်တာအိုမှာ ဆက်တိုက် မြင့်တက်လာပြီး အဆင့် ၆ နတ်ဘုရား အစီအရင်ဘုရင်အဆင့် ရောက်ရှိလာသည်။ သူ့အစီအရင်တာအိုက ခွန်းယွင်၏ အစီအရင်တာအို အတွေးအမြင်တချို့ကို ယူသုံးထားသော်လည်း အခြေခံအားဖြင့် ခွန်းယွင်နှင့် လုံးဝ မတူပေ။

ထိုစဉ် မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို ထုတ်လွှင့်လိုက်သည်။ သူက အဆင့် ၇ နတ်ဘုရား အစီအရင်ဆရာအဖြစ် အဆင့်တက်သည့်အခါ ခွန်းယွင်၏ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ကို အကြမ်းဖျင်း နားလည်ချင်မိသည်။

အချိန်ကုန်လွန်လေသည်။ ခွန်းယွင်ကလည်း သဟဇာတ နတ်ဘုရား၏ ကမ္ဘာစည်းမျည်းများကို ချိုးဖောက်ဖို့ ဆက်တိုက် ကြိုးစားနေဆဲ ဖြစ်၏။ တစ်ဖက်တွင် မိုဝူကျိကလည်း သူ့အစီအရင်တာအို အင်အားကို ဆက်တိုက် မြင့်တင်နေပြီး ခွန်းယွင်၏ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်အတွင်းမှ လျိူ့ဝှက်ချက်များကို ဖြည်းဖြည်းချင်း ထုတ်ဖော်နေသည်။

ဤနေရာသို့ သဟဇာတ နတ်ဘုရားတစ်ယောက် ဝင်လာပြီး ပျောက်ကွယ်သွားသည့် အချိန်မှစ၍ နှစ်ယောက်သား ကျင့်ကြံသည့်နေရာ၌ တိတ်ဆိတ်မှုသာ ကြီးစိုးနေလေ၏။

………..…

နတ်ဘုရားသိုက်မြုံ၏ နတ်ဘုရားမြို့က ယခင်ထက် အဆများစွာ ပိုမို ကြီးထွားလာကာ အပြင်ဘက်ရှိ ကာကွယ်ရေး အစီအရင်ကိုလည်း အသစ်ပြန်လည် ခင်းကျင်းထားသော်လည်း အတွင်းပိုင်း၌ သိပ်ပြောင်းလဲခြင်း မရှိပေ။

နတ်ဘုရားကာကွယ်ရေး ခန်းမမှ လွဲ၍ နတ်ဘုရားဘုရင် ခန်းမမှာ အကြီးမားဆုံး တွေ့ဆုံပွဲ နေရာအဖြစ် ကျန်ရှိနေသည်။ ထိုစဉ် နတ်ဘုရားဘုရင် ခန်းမထဲ၌ အနည်းဆုံး နတ်ဘုရားဘုရင် အယောက် ၃၀ လောက် ရှိပေသည်။

နတ်ဘုရားဘုရင် လီထန်းက ထိပ်ဆုံးတွင် ထိုင်နေပြီး သူ့ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရားအဆင့်သို့ ရောက်ရှိဖို့ရာ ခြေတစ်လှမ်းမျှသာ လိုတော့သည်။ သို့သော်လည်း ထိုခြေတစ်လှမ်းစာက ရောက်ရှိဖို့ရာ အင်မတန် ခက်ခဲနေပေသည်။ နတ်ဘုရားမျိုးနွယ်၌ နတ်ဘုရားဘုရင် နှစ်ယောက်သည် သဟဇာတ နတ်ဘုရားအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားသော်လည်း သူကား အဆင့်မတက်လှမ်းနိုင်သေးပေ။

လွန်ခဲ့သည့် နှစ်လလောက်က နတ်ဘုရားမျိုးနွယ်ဝင် သဟဇာတ နတ်ဘုရားသည် ကျိန်စာပညာရပ်အပေါ် အသိအမြင်ပွင့်ခဲ့ပြီး ထိုကျိန်စာပညာရပ်အား ထုတ်လွှင့်ခဲ့သည်။ ထိုကျိန်စာပညာရပ်ဖြင့် နတ်ဘုရားနယ်မြေတစ်ခုလုံးအား ပမာဏ တော်တော်များများ ထိခိုက်သွားစေသည်။ ကျိန်စာပညာရပ်၏ တာအိုအရိပ်အယောင်များက ပျောက်ကွယ်သွားသော်လည်း သူတို့၏ စိတ်ဓာတ်များက နဂိုအခြေအနေသို့ ပြန်လည် မရောက်ရှိလာတော့ပေ။

နတ်ဘုရားဘုရင် ခန်းမထဲ၌ နတ်ဘုရားဘုရင်များ စုစည်းနေကြစဉ် လေထုမှာလည်း အတော်လေး မှုန်မှိုင်းနေလေ၏။

နတ်ဘုရားဘုရင် လီထန်းက သက်ပြင်းချလိုက်သည်။ နတ်ဘုရားမျိုးနွယ်၏ စည်းမျည်းများက နတ်ဘုရားလောကထက် ပို၍ မပြည့်စုံသေးသော်လည်း သူတို့က သဟဇာတ နတ်ဘုရားများ မွေးထုတ်ပေးနိုင်ကြသည်။ အကယ်၍ နတ်ဘုရားကုန်းမြေမှ သဟဇာတ နတ်ဘုရားနှစ်ယောက်ကြောင့်သာ မဟုတ်လျှင် နတ်ဘုရားနယ်မြေကား ဖျက်စီးခံလိုက်ရပြီး နတ်ဘုရားမျိုးနွယ် လက်အောက်သို့ အပြီးအပိုင် ကျရောက်နေလောက်လေပြီ။

အစပိုင်းတွင် နတ်ဘုရားကုန်းမြေ၏ နတ်ဘုရားအစီအရင် ပညာရှင် စန်းကျန့်ရှင်းက ဤနေရာအား ကာကွယ်ဖို့ရာ အဆင့် ၇ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းပေးခဲ့သည်။ နတ်ဘုရားနယ်မြေက အမြဲတမ်း အရေးနိမ့်သည့်ဘက်မှ ဖြစ်နေသော်လည်း သူတို့က တောင့်ခံနိုင်ကြသေး၏။

သို့သော် နတ်ဘုရားမျိုးနွယ်ဝင်များက ကောင်းကင်တာအိုစည်းမျည်းများကို ပိုမို နားလည်ကြသောကြောင့် နှစ်တစ်သောင်းအတွင်း သဟဇာတ နတ်ဘုရားနှစ်ယောက် ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုအထဲက တစ်ယောက်သည် ကြောက်မက်ဖွယ် ကျိန်စာပညာရပ်အပေါ် ဉာဏ်အလင်းပွင့်ခဲ့သေးသည်။ ထို့နောက် သဟဇာတ နတ်ဘုရားများ ကာကွယ်နိုင်ရုံသာ တတ်နိုင်ပြီး နတ်ဘုရားဘုရင်များက ထွက်ပြေးခဲ့ရသည်။

နတ်ဘုရား ဝူကျဲက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ

“ နတ်ဘုရားမျိုးနွယ်မှာ သဟဇာတ နတ်ဘုရား ငါးယောက် ရှိပြီးတော့ ကျုပ်တို့မှာ ကာကွယ်ရေး အစီအရင်ကို အမြဲထိန်းချုပ်ပေးနေလို့ မတိုက်ခိုက်နိုင်တဲ့  စီနီယာ စန်းကျန့်ရှင်း အပါအဝင် နှစ်ယောက်ပဲ ရှိတယ်။ တိုက်ခိုက်နိုင်တဲ့ တစ်ယောက်တည်းသောသူက စီနီယာ ကျီကျူပဲ …. ဒါပေမဲ့ စီနီယာ ကျီကျူ တစ်ယောက်တည်း လက်သီးနှစ်လုံးနဲ့ လူလေးယောက်ကို တိုက်ဖို့က ခက်တယ်လေ။ စီနီယာ စန်းကျန့်ရှင်းရဲ့ ကာကွယ်ရေး အစီအရင်ကြောင့်သာ မဟုတ်ရင် နတ်ဘုရားမျိုးနွယ်တွေက ကျုပ်တို့ကို အနိုင်ရနေလောက်ပြီ

အခု နတ်ဘုရားမျိုးနွယ်ဘက်မှာ ကျိန်စာပညာရပ်လည်း ရှိထားတော့ ကျုပ်တို့ နတ်ဘုရားနယ်မြေ ကျင့်ကြံသူအတွက် ကြမ္မာဆိုးပဲ … တာအိုရောင်းရင်းတို့ ကျုပ်တော့ နတ်ဘုရားသိုက်မြုံကို လက်လျော့ပြီး နတ်ဘုရားနယ်မြေဆီပဲ ပြန်ကြစို့ ”

နတ်ဘုရားဘုရင် လီထန်းက ရုတ်ချည်း ထရပ်ကာ

“ ငါတို့ နတ်ဘုရားနယ်မြေက လက်လျော့လို့ မရဘူး။ ငါတို့ ရန်သူတွေက နတ်ဘုရားသိုက်မြုံ အစွန်းမှာပဲ ရှိသေးတယ်။ အဲဒါတောင် သူတို့က နှစ်တစ်သောင်းအတွင်းမှာ သဟဇာတ နတ်ဘုရားနှစ်ယောက် မွေးထုတ်နိုင်ခဲ့တယ်။ ငါတို့သာ နတ်ဘုရားသိုက်မြုံကို လက်လျော့လိုက်ရင် ငါတို့ နတ်ဘုရားနယ်မြေက ဘယ်တော့မှ ဦးမော့လာနိုင်မှာ မဟုတ်တော့ဘူး”

ဖြူဖတ်ဖြူရော် မုတ်ဆိတ်မပါသည့် လူတစ်ယောက်က ဝင်ပြောလိုက်သည်

“ တာအိုရောင်းရင်း လီထန်း … နေ့တိုင်း နတ်ဘုရားသိုက်မြုံ ရှေ့တန်းမှာ တိုက်ပွဲဖြစ်ရင်း ကျဆုံးသွားတဲ့ ပါရမီရှင်တွေ ဘယ်လောက် ရှိနေပြီလဲဆိုတာ သိရဲ့လား။ ဒီလိုသာ ဆက်ဖြစ်နေရင် ကျုပ် စိုးရိမ်မိတာက …. ”

ထိုလူ စကားမဆုံးခင် ခပ်ဩဩ အသံတစ်သံက ဝင်ဖြတ်ပြောလိုက်သည်

“ မဖြစ်နိုင်ဘူး … တာအိုရောင်းရင်း ရှုဖျင် နတ်ဘုရားမျိုးနွယ်တွေက ကျုပ်တို့ နတ်ဘုရားနယ်မြေကို သိမ်းပြီးရင် နတ်ဘုရားကုန်းမြေကို လွှတ်ပေးထားမယ်လို့ ထင်လား။ ကျုပ်ကတော့ အစ်ကိုလီထန်း စကားကို သဘောတူတယ်။

ဒီတစ်ခါ ကျုပ်တို့တွေ လုံးဝကို လက်လျော့လို့မဖြစ်ဘူး။ ကျုပ်တို့ဆီမှာ စီနီယာ စန်းကျန့်ရှင်းနဲ့ စီနီယာ ကျီကျူလည်း ရှိနေသေးတယ်။ အဲဒါကြောင့် ကျုပ်တို့တွေ နတ်ဘုရားသိုက်မြုံကို သေချာပေါက် ကာကွယ်ထားရမယ်။ နတ်ဘုရားမျိုးနွယ်တွေကို တစ်လှမ်းမှ ဝင်ခွင့် မပေးနိုင်ဘူး ”

ဝင်ပြောလိုက်သူမှာ မဟာနတ်ဘုရားဘုရင် ဆယ်ယောက်အနက် နံပါတ် တစ်ဆယ်နေရာဖြစ်သည့် ဖြောင့်မတ်သူ နတ်ဘုရားဘုရင် ဟုန်ချီ ဖြစ်၏။

ဖြူဖတ်ဖြူရော် မုတ်ဆိတ်မပါသည့် အမျိုးသားမှာ ကျင့်ကြံသူ အစုအရုံးအဖွဲ့၏ ရှုဖျင် ဖြစ်၏။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က သူကို နောက်ခံပေးထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထထွက်သွားသည်မှာ ကြာမြင့်လောက်လေပြီ။

ယခု သူက နတ်ဘုရားဘုရင် ဟုန်ချီ၏ စကားများကို ကြားလိုက်သည့်အခါ ရှုဖျင်က ခွမ်းခနဲ ဘေးရှိ လက်ဖက်ရည်ကြမ်းခွက်အား ကြေမွသွားစေလိုက်ပြီး အေးစက်စက် ပြန်ဖြေပေးလိုက်သည်

“ နတ်ဘုရားဘုရင် ဟုန်ချီက ကျုပ် ရှုဖျင်ကို သင်ကြားပေးချင်နေတာလား ”

ထိုအရာကို မြင်ကာ နတ်ဘုရားဘုရင် လီထန်းက မြန်မြန် ဝင်ပြောလိုက်သည်

“ တာအိုရောင်းရင်း ရှုဖျင် … ဒါက နားလည်မှု လွဲတာပါ။ ကျုပ် ဆိုလိုတာက ကျုပ်တို့တွေ ထိပ်တန်းပညာရှင်တစ်ယေက်ကို မမွေးထုတ်နိုင်ခင်အထိ နတ်ဘုရားသိုက်မြုံကို ကာကွယ်ထားဖို့ ပြောချင်တာပါ ”

ယခု ရှုဖျင်၏ အမူအယာမှာ ပြေလျော့သွားပြီး ခေါင်းညိတ်လိုက်ကာ

“ အကြံကောင်းပဲ … ကြယ်ဖုံးတောင်ရဲ့ ကျီဖေးယန်နဲ့ ကျုပ်တို့ ကျင့်ကြံသူ အစုအရုံးအဖွဲ့ရဲ့ ရှုရှာတို့က ထိပ်တန်း ပါရမီရှင်တွေပဲ။ တကယ်လို့ ကျုပ်တို့သာ သူတို့ကို အကုန်ပုံအောလိုက်ပြီး  တိုးတက်စေလိုက်ရင်  … ”

နတ်ဘုရားဘုရင် ဟုန်ချီက တည့်တိုးသမား ဖြစ်သောကြောင့် ရှုဖျင် စကားအဆုံးကို စောင့်မနေဘဲ ဝင်ဖြတ်ပြောလိုက်သည် “ တာအိုရောင်းရင်း ရှုဖျင် … ကျုပ်တို့ ရွေးချယ်ထားတဲ့သူ ရှိပြီးသားပါ ”

“ အို  … ကြယ်ဖုံးတောင်ရဲ့ ကျီဖေးယန်ထက် ပါရမီရှိတဲ့သူ ရှိတယ်လို့ မသိလိုက်မိပါ့လား ” ကြယ်ဖုံးတောင်၏ အကြီးအကဲ ယောင်ရှီးက ဘာမှလျို့ဝှက်မနေဘဲ ပြောလိုက်သည်။

နတ်ဘုရားဘုရင် ဟုန်ချီက ထိုလူများသည် ဤမျှ အရည်ထူလိမ့်မည်ဟု မထင်ထားမိသောကြောင့် ပြန်သာ ဖြေလိုက်သည် “ အဲဒီလူက ကျုပ်တို့ နတ်ဘုရားနယ်မြေရဲ့ နယ်လှည့်ကျင့်ကြံသူပဲ … သူ့နာမည်က မိုဝူကျိတဲ့။ သူက နယ်လှည့်ကျင့်ကြံသူ ဆိုပေမဲ့  … ”

“ မိုဝူကျိလား ” ရှုဖျင်က ရုတ်ချည်း ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့များလည်း ထွက်ပေါ်လာကာ ဒေါသတကြီးဖြင့်  “ မိုဝူကျိက ဘယ်မှာလဲ ”

နတ်ဘုရားဘုရင် ခန်းမအတွင်းရှိ နတ်ဘုရားနယ်မြေမှ နတ်ဘုရားဘုရင် အများစုသည် ရှုဖျင်သည် မိုဝူကျိ၏ နာမည်ကို ကြားရုံဖြင့် ဤမျှအထိ ဒေါသထွက်လာသည့် အကြောင်းအရင်းအား မသိကြပေ။ သို့သော် သူတို့ မောက်မာသည်မှာ ကျင့်သားရနေသောကြောင့် မည်သူကမှ ရှေ့ထွက်၍ ဘာမှမမေးမြန်းကြပေ။

နတ်ဘုရားကုန်းမြေရှိ နတ်ဘုရားဘုရင်များသည် ရှုဖျင် ဒေါသထွက်ရသည့် အကြောင်းအရင်းအား ကောင်းကောင်း သိပေသည်။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော် အရင်းအမြစ်တိုက်ပွဲ၌ မိုဝူကျိက ကျင့်ကြံသူအစုအရုံး၏ လီဝူကျန်းကို သတ်ပစ်ခဲ့သည်။

“ တာအိုရောင်းရင်း လီထန်း … မိုဝူကျိက ဘယ်မှာလဲ ” နောက်ထပ် ဒေါသတကြီး အသံ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်၌ အရပ်ရှည်ရှည် မျက်ခုံးထူထူ လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ အားလုံးက ထိုလူကို မှတ်မိကြပေသည်။ ထိုသူမှာ အပြန်သီးသန့် နတ်ဘုရားဂိုဏ်းမှ အဆင့် ၈ နတ်ဘုရားဘုရင် ဖြစ်၏။

အဖြစ်အပျက်ကို နားမလည်ကြသေးသည့် နတ်ဘုရားနယ်မြေမှ နတ်ဘုရားဘုရင်များပင် ရိပ်ဖမ်းသံဖမ်း နားလည်စ ပြုလာလေပြီ။ မိုဝူကျိက နတ်ဘုရားကုန်းမြေသို့ ရောက်သွားပြီး ထိုလူများကို ရန်စမိထားခြင်းသာ ဖြစ်ရမည်။

နတ်ဘုရားဘုရင် လီထန်းပင် ဘာပြန်ပြောရမှန်း မသိတော့ဘဲ နဖူးသာ ပွတ်လိုက်တော့သည်။

 ဒီမိုဝူကျိက ဘယ်လို ပြဿနာ ရှာရမယ်ဆိုတာ ကောင်းကောင်း သိတာပဲ … သူ ဘယ်နေရာသွားသွား တစ်ခုခုတော့ ဖြစ်လိုက်ရမှ …

ကြယ်ဖုံးတောင်၏ နတ်ဘုရားဘုရင် ယောင်ရှီးက ဝင်ပြောလိုက်သည်

“ မိုဝူကျိက အပြန်သီးသန့် နတ်ဘုရားဂိုဏ်းရဲ့ ပါရမီအရှိဆုံး ဟယ်ကျီနဲ့ ကျင့်ကြံသူအစုအရုံးရဲ့ ပင်မတပည့် လီဝူကျန်းကို‌ သတ်ပစ်ခဲ့ပြီးတော့ ကျုပ်တပည့် ကျူရှန်းရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို ခိုးယူခဲ့သေးတယ်။ တာအိုရောင်းရင်း လီထန်း အဲဒီ မိုဝူကျိက ကျုပ်တို့အတွက် ပြုစုပျိုးထောင်ပေးလို့ ရမယ်လို့ ထင်နေလား ”

ထိုစဉ် နတ်ဘုရားဘုရင် လီထန်းလက်ထဲသို့ အလင်းနီတစ်ခု ကျရောက်လာသည်။ ဤသည်မှာ သတင်းပို့ ဓားပျံတစ်ချောင်း ဖြစ်၏။ နတ်ဘုရားဘုရင် လီထန်းက ထိုအရာကို ဆွဲယူကာ ချက်ချင်း ကြည့်လိုက်ပြီး တအံ့တဩ ပြောလိုက်သည်  “ နတ်ဘုရားမျိုးနွယ်ဝင် ကျင့်ကြံသူတွေက နတ်ဘုရားသိုက်မြုံအစွန်းကနေ နောက်ဆုတ်သွားပြီတဲ့ … ဘာတွေ ဖြစ်နေတာလဲ ”

“ ကျုပ် သိတယ် ” လူလတ်အရွယ် အမျိုးသားတစ်ဦးက လျှောက်လှမ်းကာ ဝင်ရောက်လာသည်။

“ တာအိုရောင်းရင်း ကျီတင်း ဘာတွေ ဖြစ်နေတာလဲ ” နတ်ဘုရားဘုရင် လီထန်းက မေးမြန်းလိုက်သည်။ နတ်ဘုရားဘုရင် ကျီတင်းသည် မဟာနတ်ဘုရားဘုရင် ဆယ်ယောက်အနက် နံပါတ် ၉ ဖြစ်၏။

သို့သော်လည်း အများစုက နတ်ဘုရားဘုရင် ကျီတင်းသည် ထိပ်တန်းငါးယောက်ထဲ ဝင်နိုင်ကြောင်း ခံစားမိကြသည်။ သူက နံပါတ် ၉ နေရာသို့ ရောက်နေခြင်းမှာ နတ်ဘုရားဘုရင် အဆင့် ၆ တွင် ရှိစဉ်အခါက ဖြစ်၏။ ယခု သူက နတ်ဘုရားသိုက်မြုံအတွင်း အခွင့်ကောင်းနှင့် ကြုံကာ နတ်ဘုရားဘုရင် အဆင့် ၇ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားကာ အဆင့် ၈ ရောက်ဖို့ အဆင့်အသေးလေးသာ လိုတော့သည်။

“ နတ်ဘုရားမျိုးနွယ်ဝင် သဟဇာတ နတ်ဘုရား ဟွမ်းကျီက အရွက်မဲ့တောအုပ်ထဲ အသတ်ခံလိုက်ရတယ် ”

“ ဘာ ” ကျီတင်း၏ စကားများသည် နတ်ဘုရားဘုရင် ခန်းမအတွင်း ဗုံးတစ်လုံးလို ဆူညံသွားစေကာ နတ်ဘုရားဘုရင်များက မယုံနိင်ဘဲ တစ်ယောက်နှင့် တစ်ယောက် အပြန်ပြန် အလှန်လှန် ကြည့်လိုက်မိကြသည်။ ဟွမ်းကျီက သဟဇာတ နတ်ဘုရား အဆင့် ၂ ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်ဝင် နံပါတ်နှစ် ပါရမီရှင် ဖြစ်လေရာ အရွက်မဲ့တောအုပ်၌ မည်သို့ အသတ်ခံလိုက်ရသနည်း။

***

All Chapters