← Chapters

ငြိမ်းချမ်းရေး ညှိနှိုင်းခြင်း

Vol. 76 Ch. 1052

ငြိမ်းချမ်းရေး ညှိနှိုင်းခြင်း

Vol. 76 Ch. 1052

နတ်ဘုရားဘုရင် ကျီတင်းက လေးလေးနက်နက် အမူအယာဖြင့်

“ ကျုပ် အခုလေးတင် အရွက်မဲ့တောအုပ်က ပြန်လာတာ … ဟွမ်းကျီက တကယ် အသတ်ခံလိုက်ရတယ်။ ကျုပ် ရသမျှ သတင်းအချက်အလက်ကတော့ ပညာရှင်တစ်ဦးက သူ့တပည့်နဲ့အတူတူ အရွက်မဲ့တောအုပ်ထဲ ဝင်သွားခဲ့တယ်။ အဲဒီပညာရှင်ရဲ့ ကျင့်ကြံဆင့်က အလယ်အလတ် သဟဇာတ နတ်ဘုရား အဆင့်လောက် ဖြစ်မယ် ထင်တယ် ”

“ အလယ်အလတ် သဟဇာတ နတ်ဘုရားအဆင့်တဲ့လား ” ကျင့်ကြံသူအစုအရုံး အဖွဲ့၏ ရှုဖျင်က ဝင်ပြောလိုက်သည်  “ အလယ်အလတ် သဟဇာတ နတ်ဘုရားအဆင့် ပညာရှင်က ဘာလို့ အရွက်မဲ့တောအုပ်ထဲကို သွားမှာလဲ  ”

ရှုဖျင်အနေနှင့် နတ်ဘုရားနယ်မြေထဲ ရောက်ရှိနေသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူက အရွက်မဲ့တောအုပ်သည် နတ်ဘုရားဘုရင်နှင့်အထက် ကျင့်ကြံသူများနှင့် မသင့်တော်ကြောင်း ကောင်းကောင်း သိထား၏။ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်များက ခမ်းခြောက်နေပြီ ဖြစ်ရာ အသေးလေးများသာ ကျန်ရှိတော့သည်။ ထိုကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်များကလည်း ရှာတွေ့ဖို့ ခက်ခဲလှပေသည်။ အကယ်၍ အခွင့်ကြုံလို့ တွေ့လိုက်လျှင်လည်း ခဏတာမျှ ကျင့်ကြံပြီးသည့်နောက်တွင် ခမ်းခြောက်သွားစမြဲ ဖြစ်သည်။ ပညာရှင်များအနေနှင့် အရွက်မဲ့တောအုပ်ထဲသွား၍ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက် ရှာဖွေခြင်းက အချိန်ဖြုန်းတီးနေခြင်းသာ ဖြစ်၏။

နတ်ဘုရားဘုရင် ကျီတင်းက အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်

“ အဲဒါ ကျုပ် သိသလောက်ပဲ … အဲဒီ ပညာရှင်က သေမင်းထောင်ချောက် အစီအရင်ကိုလည်း ခင်းကျင်းထားသေးတယ်။ အထဲဝင်လာတဲ့ နတ်ဘုရားအုပ်စိုးသူတွေဆိုတာ ပင်လယ်ထဲ ကျသွားတဲ့ ရေစက်တွေလို အများကြီးပဲ .. ပြီးတော့ အစအနမရှိ ပျောက်ကွယ်သွားကြတယ်။ လောကနတ်ဘုရား တချို့လည်း ဝင်လာသေးတယ်။ သူတို့လည်း အဆုံးသတ်ကတော့ အတူတူပဲ။

သူတို့နှစ်ယောက် တစ်လကျော် ကျင့်ကြံတာတောင် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က မခမ်းခြောက်သွားသေးဘူး။ အဲဒါနဲ့ နတ်ဘုရားမျိုးနွယ်ဝင် သဟဇာတ နတ်ဘုရား ဟွမ်းကျီက အာရုံစိုက်မိသွားပြီး  သူတို့နှစ်ယောက် ကျင့်ကြံနေတဲ့ နေရာက မူလ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက် ဖြစ်လိမ့်မယ်ဆိုပြီး ရောက်လာတာ။ သူကလည်း သဟဇာတ နတ်ဘုရား အဆင့် ၂ ဆိုတော့ သူ့အနေနဲ့ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ကျင့်ကြံဆင့် တက်လာဖို့ အကောင်းဆုံးနည်းလမ်းလေ။ ဒါပေမဲ့ ဟွမ်းကျီ ဝင်သွားတာနဲ့ ဘာသတင်းမှ မကြားရတော့ဘူး ”

“ အဲဒီ လူနှစ်ယောက်က  ဟွမ်းကျီကို သတ်ပစ်လိုက်တာများလား ” နတ်ဘုရားကုန်းမြေ၏ နတ်ဘုရားဘုရင် တစ်ယောက်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဝင်ပြောလိုက်သည်။

နတ်ဘုရားဘုရင် ကျီတင်းက ခေါင်းခါကာ

“ မဖြစ်နိုင်လောက်ဘူး။ ဟွမ်းကျီ ပျောက်မသွားခင် သူတို့နှစ်ယောက်ရဲ့ အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်ထဲ ဝင်သွားတာကို တစ်ယောက်က တွေ့လိုက်ရတယ်။ ခဏကြာတော့ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကို အပိုင်သိမ်းထားကြတဲ့ ကျင့်ကြံသူတွေက ဟွမ်းကျီ ဖျက်စီးခဲ့တဲ့ အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်ကို ပြန်ပြင်ဖို့ ထွက်လာကြတယ်။ တကယ်တော့ နတ်ဘုရားမျိုးနွယ်ဝင် ကျင့်ကြံသူတွေက ဟွမ်းကျီ သေသွားလို့သာ နောက်ဆုတ်တာ ဖြစ်မယ် ”

နတ်ဘုရားဘုရင် လီထန်းက စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်၏  “ အဲလိုဆို ငါတို့ နတ်ဘုရားလောကက နောက်ထပ် သဟဇာတ နတ်ဘုရား ပညာရှင် တစ်ဦး ရှိနေပြီပေါ့”

နတ်ဘုရားဘုရင် လီထန်း၏ အမြင်အရ အရွက်မဲ့တောအုပ်ထဲရှိ ပညာရှင်က ဟွမ်းကျီကို သတ်ပစ်လိုက်သောကြောင့် နတ်ဘုရားမျိုးနွယ်ဝင် မဖြစ်နိုင်ပေ။ ထိုသူက နတ်ဘုရားမျိုးနွယ်ဝင် မဖြစ်မှတော့ နတ်ဘုရားလောကမှသာ  ဖြစ်ပေလိမ့်မည်။

“ နတ်ဘုရားဘုရင် ကျီတင်းက အရွက်မဲ့တောအုပ်ထဲ ဘာသွားလုပ်တာလဲ ” ကျင့်ကြံသူ အစုအရုံး၏ ရှုဖျင်က ရုတ်ချည်း ထမေးလိုက်သည်။

နတ်ဘုရားဘုရင် ကျီတင်းက ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏  “ ဒါက ကျုပ် ကိစ္စပါ ”

နတ်ဘုရားဘုရင် ရှုဖျင်၏ ကျင့်ကြံဆင့်သည် ထိပ်ဆုံးတွင် ရှိနေသော်လည်း နတ်ဘုရားဘုရင် ကျီတင်းက ရှုဖျင်အား လုံးဝ မကြောက်ပေ။ သူက အရွက်မဲ့တောအုပ်ကို သွားသည်မှာ မိုဝူကျိက နတ်ဘုရားသိုက်မြုံ၌ ပေါ်လာကြောင်း ကြားလိုက်ရ၍ ဖြစ်သည်။ သူက မိုဝူကျိသည်  နတ်ဘုရားသိုက်မြုံ၌ မရှိကြောင်း တွေးမိ၍ မိုဝူကျိ  သွားနိုင်သည့် တစ်ခုတည်းသော နေရာမှာ အရွက်မဲ့တောအုပ်သာ ကျန်ရှိတော့လေသည်။

“ တာအိုရောင်းရင်း ကျီတင်း ထိုင်ပါဦး … နတ်ဘုရားမျိုးနွယ် နောက်ဆုတ်သွားတာက ကျုပ်တို့အတွက် သတင်းကောင်းပဲလေ။ ကျုပ်တို့တွေ တတ်နိုင်သမျှ အကြံအစည် ချရမယ် ” နတ်ဘုရားဘုရင် လီထန်းက တည့်တိုးသာ ပြောလိုက်သည်။

နတ်ဘုရားဘုရင် ကျီတင်းက နတ်ဘုရားနယ်မြေ၏ မဟာနတ်ဘုရားဘုရင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သောကြောင့် အတွေးအခေါ် မြင့်မြင့်ရှိ၍ ဤသို့စကားဝိုင်း၌ ဝင်ပါဖို့ရာ အရည်အချင်း ပြည့်မှီပေသည်။

အမြဲထိုင်နေခဲ့သည့် နတ်ဘုရားဘုရင် ယီမင်က ရုတ်တရက်ဆိုသလို ရှုဖျင်ဆီ ဆက်သွယ်ကာ  “ အစ်ကိုရှုဖျင်… အဲဒီ မိုဝူကျိက နိဗာန တည်းခိုဆောင်မှာ နေသွားတာ။ သေချာပေါက် အဲဒီနေရာကို ပြန်လာမှာပဲ ”

နတ်ဘုရားဘုရင် ယန်ထင်းက နတ်ဘုရားသိုက်မြုံမှ ထွက်လာသော်လည်း နတ်ဘုရားဘုရင် ယီမင်က နောက်တွင် ကျန်နေခဲ့သည်။ အစပိုင်းတွင် သူက နတ်ဘုရားဘုရင် လီထန်းသည် မိုဝူကျိအတွက် အကုန်ပုံအောကာ ပြုစုပျိုးထောင်မည့်အကြောင်း ကြားစဉ်က အတော်လေး  တုန်လှုပ်အံ့ဩသွားခဲ့သည်။ မိုဝူကျိက နတ်ဘုရားကုန်းမြေရှိ ဂိုဏ်းကြီးများမှ ပညာရှင်များကို ရန်ပြုထားသည့်အတွက် ကျေးဇူးတင်စရာ ကောင်းသွားသည်။ အားလုံးက မိုဝူကျိအကြောင်း ဆက်မပြောကြသော်လည်း သူက မမေ့နိုင်သေးပေ။ ထို့ကြောင့် သူက ကျင့်ကြံသူအစုအရုံး၏ ရှုဖျင်အား မိုဝူကျိကို သွားနှိမ်နှင်းစေလိုရန် အလို့ငြာ မျှော်လင့်တကြီး အသိပေးလိုက်ခြင်း ဖြစ်၏။

ရှုဖျင်က သရော်ကာ နတ်ဘုရားဘုရင် ယီမင်အား စိုက်ကြည့်လိုက်သည်။ မိုဝူကျိ ပြန်ရောက်လာသည့်နှင့် နိဗာန တည်းခိုဆောင်တွင် သေချာပေါက် နေလိမ့်မည်ဟု မည်သို့ မသိဘဲ နေမည်နည်း။ အရေးကြီးဆုံးအရာမှာ  မိုဝူကျိက ယခု နိဗာန တည်းခိုဆောင်တွင် နေနေလျှင်ပင်  သူက မည်သို့ လှုပ်ရှားရဲမည်နည်း။ မိုဝူကျိ အမှန်တကယ် ပေါ်လာသည့်အထိ စောင့်ဆိုင်းရပေမည်။

နတ်ဘုရားဘုရင် ယီမင်က နိဗာန တည်းခိုဆောင်၏ နောက်ခံမှာ မည်မျှ အားကောင်းကြောင်း မသိသောကြောင့် ဆက်လက် မပြောတော့ပေ။

နတ်ဘုရားဘုရင် ကျီတင်းအား ထိုင်စေပြီးနောက် နတ်ဘုရားဘုရင် လီထန်းက ရုတ်ချည်း ထရပ်လိုက်သည်။ အားလုံးကလည်း သူ့အပြုအမူကို နားမလည်ကြပေ။ ထိုအခါ သူက ပြောလိုက်၏  “ အထဲဝင်ခိုင်းလိုက် … ”

ထိုစကားတစ်ခွန်းက နတ်ဘုရားသိုက်မြုံနေရာအနှံ့အထိ ပြန့်နှံ့သွားသည့်အလား အားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

နတ်ဘုရားဘုရင် လီထန်းကို အာရုံမထားသည့် ရှုဖျင်က အံ့ဩမိသွားသည်။ သူက လီထန်းကို လျော့တွက်မိသွားကြောင်း သိလိုက်၏။ နတ်ဘုရားဘုရင် လီထန်း၏ တည်နေရာ ကျွမ်းကျင်မှုအရ သူ့အင်အားက ရှုဖျင်ထက် ကျော်လွန်ပေလိမ့်မည်။

နတ်ဘုရားဘုရင် လီထန်းက အမေးကိုပင် မစောင့်ဘဲ တန်းပြောလိုက်သည်  “ နတ်ဘုရားမျိုးနွယ်ဝင် နတ်ဘုရားဘုရင် ဟယ်မိုက ငါတို့ နတ်ဘုရားသိုက်မြုံဆီ ရောက်လာတယ် ”

အားလုံးက အချင်းချင်း ကြည့်လိုက်မိကြသည်။

နတ်ဘုရားမျိုးနွယ်ဝင် နတ်ဘုရားဘုရင်တစ်ယောက်က နတ်ဘုရားသိုက်မြုံဆီ ရောက်လာတာလဲ  …. ဘာကြီးလဲ …

ထို့အပြင် အားလုံးက ဟယ်မို၏ အင်အားကို ကောင်းကောင်း သိကြသည်။ သူက နတ်ဘုရားဘုရင် အဆင့် ၉ ပညာရှင် ဖြစ်ရာ နတ်ဘုရားဘုရင် လီထန်းအောက် နိမ့်ကျနေခြင်း မရှိပေ။

နတ်ဘုရားဘုရင် လီထန်းက ပြောပြလိုက်ပြီးသည့်နောက် အသက်ရှိုက်စာအနည်းငယ် အကြာတွင် ခပ်ဩဩ အသံတစ်သံက နတ်ဘုရားဘုရင်ခန်းမ အပြင်ဘက်မှ ထွက်ပေါ်လာသည်

“ နတ်ဘုရားမျိုုးနွယ်ဝင် မိုဟယ်က လာရောက်တွေ့ဆုံပါတယ်။ တကယ်လို့ စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့ရင်လည်း အားလုံးကပဲ သဘောထားကြီးကြီး ခွင့်လွှတ်ပေးကြပါ ”

ထို့နောက် ပိန်ပါးပါး ခပ်ချောချော ဝတ်စုံစိမ်းနှင့် အမျိုးသားက ဝင်ရောက်လာသည်။  ထိုအမျိုးသားက လျှပ်စီးသင်္ကေတတချို့ ရှိနေသည့် ခါးပတ်ကို ဝတ်ဆင်ထားပြီး အားလုံး၏ အမြင်အရ ထိုလျှပ်စီးခါးပတ်လေးသည် အနည်းဆုံး အဆင့်မြင့် နတ်ဘုရားပစ္စည်း ဖြစ်ပေသည်။

နတ်ဘုရားဘုရင် လီထန်းက ရယ်မောကာ  “ တာအိုရောင်းရင်း ဟယ်မိုက ကျုပ်တို့ ဧည့်သည်ပဲလေ။ ထိုင်ပါဦး ”

နတ်ဘုရားဘုရင် လီထန်းက ထိုစကားကို ပြောပြီးသည့်အခါ နတ်ဘုရားဘုရင် ခန်းမ ဧည့်သည်နေရာ၌ မည်သည့်နေရာက ရောက်လာမှန်း မသိသည့် ကျောက်စိမ်းဖြူ ထိုင်ခုံတစ်လုံး ပေါ်လာသည်။

နတ်ဘုရားဘုရင် ဟယ်မိုက လေးလေးစားစား ဦးညွှတ်ကာ ကျောက်စိမ်းဖြူ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ့ပုံစံမှာ တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်ချက် ရှိသည့်ပုံ ပေါ်၏။

နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေမှ နတ်ဘုရားဘုရင်များစွာ ရှိနေသော်လည်း သူ့အမြင်၌ သူတို့အားလုံးမှာ သာမာန်လူတချို့သာ ဖြစ်ပေသည်။

ဤနေရာတွင် နတ်ဘုရားဘုရင် လီထန်းက ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသောကြောင့် အများစုက နတ်ဘုရားဘုရင် ဟယ်မို၏ ရည်ရွယ်ချက်ကို သိချင်ကြသော်လည်း နတ်ဘုရားဘုရင် လီထန်းက မေးမြန်းသည့်အထိ စောင့်ဆိုင်းနေကြသည်  “ တာအိုရောင်းရင်း ဟယ်မိုက ကျုပ်တို့ဆီ လာတွေ့တာ ဘာအကြောင်းများလဲ ”

နတ်ဘုရားဘုရင် ဟယ်မိုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“ ကျုပ်က နတ်ဘုရားမျိုးနွယ်စုကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရောက်လာတာပါ။ နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားမျိုးနွယ်တို့က တစ်ခုတည်း ဖြစ်ခဲ့ဖူးတယ်လေ။ အားလုံးက ရှေးဟောင်း နတ်ဘုရားကမ္ဘာရဲ့ အစိတ်အပိုင်းပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ အခုတော့ ကျုပ်တို့က အချင်းချင်း ပြန်သတ်နေကြပြီးတော့ ကျုပ်တို့အသက်တွေပဲ အလကား ဖြစ်မသွားဘူးလား။ ဒီစကြဝဠာကြီးထဲမှာ ကျုပ်တို့ နတ်ဘုရားကမ္ဘာလိုမျိုး နောက်ထပ် ကမ္ဘာတွေ အများကြီး ရှိနေတုန်းမှာပဲ ….

နတ်ဘုရားကမ္ဘာ အားနည်းလာရင် ကျုပ်တို့ကို တခြားသူတွေက လွှမ်းမိုးသွားလိမ့်မယ် ”

ထိုအရာကို ကြားပြီး နတ်ဘုရားဘုရင် ဟုန်ချီက အေးစက်စက် ရယ်မောလိုက်ပြီး

“ ဒီနှစ်တွေမှာ ခင်ဗျားတို့ နတ်ဘုရားမျိုးနွယ်တွေက ကျုပ်တို့ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်။ သိပ်မကြာသေးခင်က ကျိန်စာကြောင့် ကျုပ်တို့ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေ သန်းချီပြီးတော့ သေဆုံးခဲ့ရတယ်။ အခုမှ ကျုပ်တို့က ခင်ဗျားပြောတဲ့အတိုင်း နတ်ဘုရားမျိုးနွယ်ကို ဆက်ဆံလိုက်မယ်ဆိုရင် ခင်ဗျားတို့ဘက်ကသာ အလိုရှိရင် စစ်ပြန်ဖြစ်ကြမှာပဲ မဟုတ်ဘူးလား ”

အများစုက ဟယ်မိုတစ်ယောက် စစ်ပြေငြိမ်းရန် ရောက်လာကြောင်း ကြားသောအခါ ကျေနပ်မိသွားကြသည်။ နတ်ဘုရားနယ်မြေက အမြဲတမ်း အရေးနိမ့်သည့်ဘက်မှ ဖြစ်နေသောကြောင့် နတ်ဘုရားမျိုးနွယ်တွေသာ ဆက်လက် ဖိအားပေးနေလျှင် နတ်ဘုရားနယ်မြေသည် နတ်ဘုရားသိုက်မြုံကိုပင် စွန့်ပစ်လိုက်ရနိုင်၏။ လက်တွေ့၌  အားလုံးက နောက်ဆုတ်ဖို့ရာ ဆွေးနွေးရန် ရောက်ရှိနေခြင်းသာ ဖြစ်ကြသည်။ သို့သော်လည်း နတ်ဘုရားမျိုးနွယ်ဘက်က စစ်ပြေငြိမ်းရန် ရောက်လာသောကြောင့် အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်သွားသည်။

သို့သော် ထိုအရာက နတ်ဘုရားဘုရင် ဟုန်ချီ၏ စကားတစ်ခွန်း၌ ပျက်စီးသွားလေသည်။ ဤလူက နတ်ဘုရားနယ်မြေ ဆုံးရှုံးနေသည်ကို မသိဘူးလား။ နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားဘုရင် ဟယ်မို ရှိနေသောကြောင့် သူတို့က နတ်ဘုရားဘုရင် ဟုန်ချီအား အပြစ်တင် ဝေဖန်ရန်လည်း မသင့်တော်ပေ။

နတ်ဘုရားဘုရင် ဟယ်မိုက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်အတွင်း၌ အံ့အားသင့်သွားသည်။ ကြည့်ရသည်မှာ နတ်ဘုရားမျိုးနွယ် ခန့်မှန်းထားသည့်အတိုင်း နတ်ဘုရားနယ်မြေတွင် အင်မတန် အားကောင်းသည့် သဟဇာတ နတ်ဘုရားတစ်ယောက် ပေါ်ထွက်လာလေပြီ။ မဟုတ်လျှင် သူတို့က အဘယ်ကြောင့် ဤမျှအထိ မောက်မာနေနိုင်မည်နည်း။

ဟယ်မိုက စစ်ပြေငြိမ်းရန် ရောက်လာသော်လည်း တကယ်တော့ သူက နတ်ဘုရားနယ်မြေ၏ သဟဇာတ နတ်ဘုရားအသစ်အကြောင်း စုံစမ်းရန် တာဝန်ပေးအပ်ခံထားရသည်။

နတ်ဘုရားမျိုးနွယ်၏ အတွေးများက နတ်ဘုရားဘုရင် လီထန်းနှင့် အတူတူ ဖြစ်ကာ ဟွမ်းကျီကို သတ်လိုက်သူမှာ နတ်ဘုရားနယ်မြေ၏ သဟဇာတ နတ်ဘုရား ဖြစ်လိမ့်မည်ဟု ထင်မှတ်နေကြသည်။ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ကိုတော့ မည်သူကမှ ဖြစ်နိုင်ခြေကို မတွေးမိကြပေ။ နတ်ဘုရားနယ်မြေ ဖြစ်စေ သို့မဟုတ် နတ်ဘုရားမျိုးနွယ် ဖြစ်စေ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းနိုင်သည့်သူ ဟူ၍ မရှိပေ။

ယခု နတ်ဘုရားဘုရင် ဟယ်မိုက နတ်ဘုရားဘုရင် ဟုန်ချီ၏ စကားကို ကြားလိုက်သည့်အခါ သူတို့ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း ပို၍ သေချာသွားတော့သည်။

***

အရွက်မဲ့တောအုပ်၌ မိုဝူကျိက သူနှင့် ခွန်းယွင်သည် နတ်ဘုရားမျိုးနွယ်၏ သဟဇာတ နတ်ဘုရားကို မတော်တဆ သတ်ပစ်လိုက်မှန်း မသိကြပေ။ ရလဒ်အနေနှင့် နတ်ဘုရားမျိုးနွယ်က နတ်ဘုရားနယ်မြေအထိ သွား၍ စုံစမ်းနေရသည် မဟုတ်ပါလော။

ထိုစဉ် မိုဝူကျိက အဆင့် ၇ နတ်ဘုရားအစီအရင် အဆင့် တက်လှမ်းဖို့ရာ အရေးကြီးသည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများနှင့်အတူ ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများကြောင့် မိုဝူကျိက တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအား အသုံးပြုကာ လေးလအတွင်း အဆင့် ၇ နတ်ဘုရားအစီအရင်ဆရာသို့ တက်လှမ်းနိုင်ခဲ့သည်။

အပြင်ဘက်လောကရှိ စည်းမျည်းများ သက်ရောက်မုသည် သူ့အသိဉာဏ်ပွင့်စေခြင်းအပေါ် သက်ရောက်မှု မရှိပေ။ ထို့အပြင် သူ့တွင် လူသားကမ္ဘာလည်း ရှိနေသည် မဟုတ်ပါလော။

ငါးလမြောက်တွင် မိုဝူကျိက အစီအရင်တာအို လေ့လာနေခြင်းအား ရပ်တန့်လိုက်၏။ သူက အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ကို အပြည့်အဝ နားမလည်သေးသော်လည်း နည်းလမ်း ရှာတွေ့ထားပြီ ဖြစ်၏။ အကယ်၍ ခွန်းယွင် အသက်သွင်းလိုက်လျှင်ပင် သူ့အား ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။

အဆင့် ၇ အစီအရင်ဆရာတစ်ယောက်အနေနှင့် သူ့ကျင့်ကြံဆင့်သာ ခွန်းယွင်ထက် အောက်မကျနေလျှင် ခွန်းယွင်က သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ချေ။

ခွန်းယွင်၏ အစီအရင်တာအိုက မည်မျှပင် အားကောင်းစေကာမူ သူ့ကျင့်ကြံဆင့် ကန့်သတ်ချက် ရှိနေသေး၏။ တိုက်ပွဲအတွင်း သူက အဆင့် ၆ အစီအရင်ကိုသာ ခင်းကျင်းနိုင်လိမ့်မည်။ မိုဝူကျိအတွက် အဆင့် ၆ အစီအရင်မှာ ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

မိုဝူကျိ၏ စိတ်စွမ်းအားက သဟဇာတ နတ်ဘုရား၏ ကမ္ဘာကို ဂရုမစိုက်ဘဲ ခွန်းယွင်အပေါ် စစ်ဆေးကြည့်လိုက်သည့်အခါ ခွန်းယွင်သည် ကမ္ဘာကို ချိုးဖောက်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ခွန်းယွင်က ကမ္ဘာစည်းမျည်းများ တစ်ခုပြီး တစ်ခု ချိုးဖောက်နေသည်ကို ကြည့်ရတာ မိုဝူကျိအတွက် အရမ်းအားကျဖွယ် ကောင်းလှသည်။ အကယ်၍ သူသာ သင်ယူနိင်လျှင် သူ့အတွက် အကျိုးများမည်မှန်း ကောင်းစွာ သိ၏။

သို့သော်လည်း သူ့အရေးကြီးဆုံး ဦးစားပေးမှာ ခွန်းယွင်နောက်မှ လိုက်၍ တခြားသူ၏ ကမ္ဘာကို ချိုးဖောက်ရန် သင်ယူဖို့ မဟုတ်ပေ။ အရေးကြီးဆုံးအရာမှာ သူ့ကျင့်ကြံဆင့်ကို တိုးမြင့်ရန် ဖြစ်၏။

ခွန်းယွင် တစ်ယောက် သတိထားမိလား မသိပေ။ မိုဝူကျိက သူ့စိတ်စွမ်းအားကို ခွန်းယွင်နှင့် မနီးမဝေးသို့ ပို့ကာ ခွန်းယွင် တစ်ယောက် ကမ္ဘာစည်းမျည်းများ ဖျက်စီးနေသည်ကို အာရုံခံကြည့်လိုက်သည်။

ထို့နောက သူက ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများကို ထုတ်ကာ ခွန်းယွင်အား အော်ပြောလိုက်သည်  “ ခွန်းယွင် … ကျုပ် အပြည့်အဝ ပြန်ကောင်းသွားပြီဆိုတော့ ပြန်ပြီး ကျင့်ကြံလို့ ရပြီ။ ခင်ဗျားလည်း ကျင့်ကြံတော့လေ။ ကျုပ်ကို စောင့်ပေးတာ ကျေးဇူးပါဗျို့ ”

မိုဝူကျိက သူ့စကားအဆုံးတွင် ခွန်းယွင် မည်သို့ တွေးနေသည်ကို ဂရုမစိုက်တော့ဘဲ အင်မော်တယ် မော်တယ်ကျင့်စဉ်အား အပြည့်အဝ ပြောင်းပြန်လှည့်ပတ်လိုက်ပြီး ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကို ဝဲကတော့အလား စုပ်ယူလိုက်တော့သည်။ ထို့နောက် သူက နောက်တစ်ဖန် အသည်းအသန် ကျင့်ကြံလိုက်သည်။

ခွန်းယွင်က မိုဝူကျိ စတင်ကျင့်ကြံသည်ကို မြင်သောအခါ ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားသည်။ သူ့လက်ထဲရှိ စည်းမျည်းများ ဖြေလျော့ရာ၌ပင် အမှားလုပ်မိတော့မလို ဖြစ်သွားခဲ့၏။ စည်းမျည်းများ ဖြေလျော့ရာ၌ အမှားလုပ်မိလျှင် သဟဇာတ နတ်ဘုရား၏ ကမ္ဘာမှာ ပျက်စီးသွားနိုင်ပြီး အထဲရှိ အရာအားလုံးလည်း ပျောက်ကွယ်သွားနိုင်သည်။ သူ လအတော်ကြာ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံး ရေဆန်မျှောသွားနိုင်ပေသည်။

ခွန်းယွင်က မကျေနပ်သော်လည်း မိုဝူကျိ စတင် ကျင့်ကြံနေသည်ကို စိုက်ကြည့်နေလိုက်ပြီးနောက် သဟဇာတ နတ်ဘုရား၏ ကမ္ဘာစည်းမျည်းများ ချိုးဖောက်ရေးသာ အာရုံစိုက်ထားလိုက်တော့သည်။

***

All Chapters