တိုင်းတာ၍ မရနိုင်လောက်အောင် မြင့်မားနေသော အလင်းတန်းကြီး
Vol. 61 Ch. 843
နန်းတွင်း အဝတ်အစားများ ဆင်မြန်းထားသည့် အဘိုးကြီးမှာ အခြား အဘိုးကြီးသုံးယောက်အား နာကြည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေ၏။ သူ၏ မျက်ဝန်းများထဲ၌ အထင်းသားမြင်နေရသည့် ကြောက်စိတ်များကို ကြည့်လျှင် သူ၏နှလုံးသားထဲမှ ခံစားချက်အား သိရှိနိုင်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားပြီးသားဖြစ်ရာ မည်သည့်အရာကိုမှ အပေါ်ယံနှင့် ဆုံးဖြတ်၍မရကြောင်း နားလည်ထား၏။ ထိုအဘိုးကြီးကဲ့သို့သော လူများမှာဆိုလျှင် မည်သူမှ မျှော်လင့်မထားတတ်သည့် အရာများကို လုပ်လေ့လုပ်ထအရှိဆုံး လူများဖြစ်ပေသည်။ သူတို့မှာ ပို၍ကြောက်ရွံ့တုန်လှုပ်နေသည့်ပုံ ပေါက်လေလေ အခြားလူများအား အငိုက်ဖမ်းကာ တိုက်ခိုက်နိုင်ခြေ ပိုများလေလေ ဖြစ်ပေသည်။
" သူ့ရဲ့အဝတ်အစားတွေနဲ့ တခြားလူတွေ သူ့ကို ခေါ်ဝေါ်နေတဲ့ပုံကို ကြည့်ရင် သူက နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ဧကရာဇ်ပဲ ဖြစ်ရမယ် " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ်နှင့် သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းကြီးအား ဆက်လက်စောင့်ကြည့်နေလိုက်၏။
ထို ဧကရာဇ်ကြီး စကားဆုံးသွားသောအခါ သူ၏ ပတ်ပတ်လည်ရှိ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးသုံးယောက်မှာ မျက်စိမျက်နှာ ပျက်သွားကြသည်ကို ဝမ်ပေါင်လဲ့က သတိထားမိလိုက်၏။ ထို့နောက် မကြာသေးမီတုန်းက စကားပြောခဲ့သည့် အဘိုးကြီးမှာ ဧကရာဇ်ကြီးအား အေးတိအေးစက် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။ သူသည် စကားပြောရန် ပြင်နေသည့်ပုံပင်။ သို့သော် သူ စကားမပြောနိုင်ခင်မှာပင် အစွန်းအဖျားပိုင်းတွင် ရပ်နေပြီး တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်ဟန်မတူသော ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။
" တာအိုရောင်ရင်း ဟေးယွင်ကျစ်။ ကြည့်ရတာ ခဗျားရဲ့ အစ်ကို... နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ လက်ရှိဧကရာဇ်ကြီးက ပြောတဲ့အတိုင်း သိပ်မလုပ်ချင်တဲ့ပုံပဲ "
" ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါ တာအိုရောင်းရင်း ကျစ်လော့ " ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ဟေးယွင်ကျစ်ဟု ခေါ်လိုက်သည့် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ညာလက်သီးပေါ် ဘယ်လယ်ဝါးတင်ကာ သူ့အား အရိုအသေပေးလိုက်ရ၏။ ထို့နောက် သူသည် သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဧကရာဇ်ကြီးဘက်သို့ လှည့်လာတော့သည်။
" အစ်ကို။ အစ်ကို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ အိပ်မက်တွေကို စွန့်လွှတ်လိုက်ပါတော့။ ကျွန်တော့်ကို စိတ်အနှောင့်အယှက် မပေးပါနဲ့တော့ဗျာ။ ပြီးတော့... ကျနော်တို့ လုပ်နေတာက နတ်မျက်လုံး တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာအတွက်ပါပဲ။ ကျွန်တော်တို့ မိသားစုဝင်တွေရဲ့ ရပ်တည်ချက်ကိုလည်း တစ်ချက်လောက်ကြည့်ပါဦး။ အနာဂတ်မှာ ဒီလိုပဲဖြစ်လာတော့မှာ "
" ဟေးယွင်ကျစ်။ မင်း နားလည်မှုလွဲနေပြီ။ ငါ ဘာမှ လုပ်ပေးလို့ မရဘူးကွ။ ငါတို့ရဲ့ တော်ဝင်မိသားစုဝင်တွေ အားလုံးနီးပါးက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အချက်ကို ထောက်ခံတယ်ဆိုတာ ငါ သိတယ်။ ငါက အဲဒီ အချက်ကို မထောက်ခံတာ မှန်ပေမဲ့ အမည်ခံ ဧကရာဇ်တစ်ယောက်ပဲ ဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ အဲတာကြောင့်မလို့ အဲဒီ မဟာမိတ်ဖွဲ့မယ့်ကိစ္စကို ငါက တားဆီးနိုင်မှာ မဟုတ်ပါဘူး " ဧကရာဇ်ကြီးမှာ ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့် ဟေးယွင်ကျစ်အား ပြောလိုက်၏။
" အစ်ကို အဲဒီအချက်ကို နားလည်ထားလို့ ကျွန်တော် ဝမ်းသာပါတယ်။ နတ်မျက်လုံးဆီသွားတဲ့ တံခါးပေါက်ကို အပြည့်အဝ ဖွင့်နိုင်အောင်လို့ တော်ဝင်ဘိုးဘေးသင်္ချိုင်းဂူကို ဖွင့်လိုက်ပါတော့။ အဲတာဆိုရင် ကျွန်တော်တို့တွေ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနဲ့ သဘောတူထားတဲ့အတိုင်း သူတို့တွေ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲကို ရောက်လာပြီးတော့ ဂိုဏ်းကြီးသုံးဂိုဏ်းကို ချေမှုန်းပြီးရင် နတ်မျက်လုံး တော်ဝင်မိသားစုကို အရင်လို ဘုန်းမီးနေလ တောက်ပလာအောင် ပြန်လုပ်ပေးပါလိမ့်မယ်။ အစ်ကိုရော ကျွန်တော်တို့တွေ အဲဒီလို တန်ခိုးအာဏာ ပြန်လည်ကြီးထွားလာမှာကို မလိုလားဘူးလား " ဟေးယွင်ကျစ်မှာ ဧကရာဇ်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီတိုင်းကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှု အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။
" တန်ခိုးအာဏာ ပြန်လည်ကြီးထွားလာမယ် ဟုတ်လား... " ဧကရာဇ်ကြီးမှာမူ အသက်မဲ့ကာ မျှော်လင့်ချက်အားလုံးပျက်သုဥ်းနေသည့်မျက်ဝန်းများဖြင့် ရှုံ့မဲ့မဲ့ ပြုံးလိုက်၏။ သူသည် တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သက်ပြင်းချလိုက်တော့သည်။
" တော်ဝင်မိသားစု အရင်တုန်းကအတိုင်း ဘုန်းမီးနေလ ပြန်လည်တောက်ပလာဖို့ ငါ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်နိုင်ဖို့အတွက် ပြင်ပ အကူအညီတွေ ယူတဲ့လုပ်ရပ်က ငါတို့ရဲ့အိမ်ထဲကို ဝံပုလွေရိုင်းတစ်အုပ် ဖိတ်ခေါ်သလိုမျိုး ဖြစ်နေမှာလေ။ တကယ်လို့ ငါတို့တွေ အောင်မြင်သွားခဲ့မယ်ဆိုရင်တောင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းက အရင်လိုမျိုး မပြောင်းလဲပဲ ရှိနေပါဦးမလား။ ပြီးတော့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက အင်အားကြီး အဖွဲ့အစည်းတစ်ခုလေ။ အဲတာကို ဘာလို့ သူတို့က ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်ရတာလဲ။ ငါတို့တွေအကုန် အဲဒီအဖြေကို သိပါတယ်ကွာ "
" ဒါပေမဲ့ ငါက ငါ့ဘက်ကနေ အစွမ်းကုန် မကူညီပေးနိုင်ဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ ဟေးယွင်ကျစ်။ ငါ့ရဲ့ရာထူးကို မင်းဆီ လွှဲပေးလိုက်မယ်ဆိုရင်ရော။ ငါ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးက သန့်စင်မှုမှ မရှိဘဲ။ ငါလည်း ဘာတတ်နိုင်မှာလဲကွ " ဧကရာဇ်ကြီးမှာ ထိုသို့ဆိုရင်း ငိုမဲ့မဲ့ဖြစ်လာရတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အဝေးမှ ကြည့်နေရင်း အံ့ဩတုန်လှုပ်သွားရ၏။
သူသည် အရေးကြီး သတင်းအချက်အလက်တစ်ခုကို ရရှိပိုင်ဆိုင်သွားပြီ ဖြစ်သည်။ ယခုတွင် သူသည် သက်တံ့ရောင်ဝတ်ရုံများ ဆင်မြန်းထားပြီး ခရမ်းရောင် မျက်နှာဖုံးများ တပ်ဆင်ထားသည့် ကျင့်ကြံသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပြီ မဟုတ်ပါလော။ သူတို့မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဖြစ်ကြပေသည်။
သို့သော် သူသည် ဧကရာဇ်ကြီးအား သံသယဝင်နေရ၏။ သူသည် ထိုအဘိုးကြီး၏ အတွေးများကို ခန့်မှန်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ သူ၏ အတွေ့အကြုံများအရဆိုလျှင် ထိုဧကရာဇ်ကြီးမှာ ထူးဆန်းနေသည် မဟုတ်ပါလော။
သူတစ်ယောက်တည်းသာ ထိုသို့တွေးမိနေသည်တော့ မဟုတ်ပေ။ ဟေးယွင်ကျစ်မှာလည်း သူ့နည်းတူပင်။ သူသည် ထို ဧကရာဇ်ကြီးအား မျက်တောင်မခက်တမ်း စိုက်ကြည့်ရင်း မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ နောက်ထပ်တစ်ကြိမ် ထပ်၍ တောက်ပလာပြန်သည်။
" အစ်ကို။လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အစ်ကို အရူးတစ်ယောက်လို ဟန်ဆောင်နေခဲ့တာ ဆိုပေမယ့် အစ်ကိုက ကျွန်တော်တို့ထက် ပိုပြီးတော့ ဉာဏ်များတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် သုံးအထိရေမယ်။ တကယ်လို့မှ အစ်ကို အဲဒီအချိန်အထိ တံခါးမဖွင့်ပေးသေးဘူးဆိုရင်တော့ ကျွန်တော့်ကို အဆိုးမဆိုနဲ့ပေါ့ဗျာ " ဟေးယွင်ကျစ်မှာ ရူးသွပ်နေသည့် လူတစ်ယောက်၏ လေသံဖြင့် ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် သူ၏ညာဘက်လက်အား ဖြည်းညင်းစွာ မြှောက်လိုက်၏။ ထိုအခါ မလှမ်းမကမ်းတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ဦးခေါင်းအထက်၌ ဧရာမ လက်ဖဝါးကြီးတစ်ခု ပေါ်ပေါက်လာ၏။
" တစ် "
" ငါ အမှန်အတိုင်းပြောနေတာ "
" နှစ် "
" ဘုရားရေ။ မင်း ဘာလို့ ငါ့ကို မယုံရတာလဲကွ "
" သုံး " ဟေးယွင်ကျစ်မှာ မျက်နှာပေါ်၌ သွေးကြောကြီးများ ပေါ်ပေါက်လာပြီး အသံကုန်အော်ဟစ်လိုက်တော့သည်။ သူသည် သူ၏ ညာဘက်လက်ကြီးအား အချိန်မရွေး ရှေ့သို့ဆန့်ထုတ်ရန် အဆင်သင့်ဖြစ်နေသည့်ပုံပင်။
" ဖွင့်ပေးမယ်။ ဖွင့်ပေးမယ် " ဧကရာဇ်ကြီးမှာ အသက်မရှိတော့သည့်အလား မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် အော်ပြောကာ ရုပ်တုကြီးဆီသို့ ကတုန်ကယင်နှင့် လျှောက်လှမ်းသွားလိုက်၏။ လမ်းတွင် သူ၏ သရဖူ အောက်သို့ ပြုတ်ကျသွားသည့်တိုင်အောင် သူသည် ၎င်းအား ပြန်ကောက်ခဲ့ခြင်း မရှိပေ။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်နှာအမူအရာဖြင့် ဒဏ်ရာရထားသော သူ၏လက်ချောင်းအား ကိုက်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ သွေးများထွက်လာအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် သူ၏သွေးများကို ထိုရုပ်တုကြီး၏ မျက်လုံးကြီးဆီသို့ လှမ်းပက်လိုက်၏။
" ပွင့်စမ်းလို့ ငါပြောနေတယ် "
ထိုအခါ ထို ရုပ်တုကြီးမှာ တစ်စက္ကန့်မျှ တုန်ရီသွားပြီးနောက် ပြန်လည်ငြိမ်သက်သွား၏...
ထိုအခါ ဟေးယွင်ကျစ်နှင့် ခရမ်းရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အခြား အဘိုးကြီးနှစ်ယောက်မှာမူ ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာ ပျက်သွားရ၏။ ဟေးယွင်ကျစ်မှာမူ အမျက်ချောင်းချောင်းထွက်နေသည့် လေသံဖြင့် အော်ဟစ်ရယ်မောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကြီးအား အောက်သို့ ပြန်ချလိုက်သဖြင့် သူ၏ ဦးခေါင်းအထက်ရှိ လက်ဖဝါးကြီးမှာ ထစ်ချုန်းသံများနှင့်အတူ ဧကရာဇ်ကြီးဆီသို့ ဦးတည်သွားတော့သည်။
ထို လက်ဖဝါးကြီးမှာ သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ထုတ်လွှတ်ရင်း ရပ်တန့်၍မရတော့သည့် ပုံဖြင့် ၎င်း၏ ပစ်မှတ်ဆီသို့ ဦးတည်သွား၏။ ၎င်း၏ နောက်တွင် လေပြင်းများ တရွှီးရွှီးမြည်ကာ ကျန်ရစ်ခဲ့သည်သာဖြစ်သည်။ ထို လက်ဖဝါးကြီး ဧကရာဇ်ကြီးအား ထိသွားတော့မည့် အချိန်မှာပင် ထို ဧကရာဇ်ကြီးမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ဒုတ်ခနဲ အသံအကျယ်ကြီး မြည်အောင် ဒူးထောက်ချလိုက်၏။ ထို့နောက် သူသည် မျက်ရည်များ စီးကျလာပြီး ရုပ်တုကြီး၏ ရှေ့၌ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
" ခေါင်းဆောင်ကြီးရယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို စာနာသနားပါဗျာ။ ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူတံခါးကို ဖွင့်ပေးပါဗျ။ ကျွန်.... ကျွန်တော် .... " သူသည် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေရပြီး ဆီးများပင် ထွက်ကျလာရ၏... ထို့နောက် သူသည် တစ်ခဏမျှ ကြက်သေသေသွားပြီး အောက်သို့ ငုံ့ကြည့်ကာ အရူးတစ်ယောက်လို အော်ဟစ်ရယ်မောနေလိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် မြေကြီးပေါ်သို့ လဲကျသွားပြီး အသံအကျယ်ကြီးဖြင့် အော်ငိုနေလိုက်တော့သည်။
သူ၏ ငိုကြွေးသံများမှာ ဝမ်းနည်းစရာ ကောင်းလွန်းနေသောကြောင့် လူတိုင်းမှာ သူ့အား သနားမိသွားကြ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုမြင်ကွင်းကြောင့် ဆွံ့အသွားရပြီး မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားရ၏။ သူသည် ထို ဧကရာဇ်ကြီးအား သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီးနောက် ပင့်သက်ရှိုက်မိသွားရ၏။ ထိုအဘိုးကြီးမှာ အလွန်အင်မတန်မှ ဉာဏ်များသည့် လူကြီးတစ်ယောက် မဟုတ်ပါက အမှန်တကယ် အထင်လွဲခံနေရခြင်း ဖြစ်နိုင်ပေသည်။
" တာအိုရောင်းရင်း ကျစ်လော့ ဒါတွေကို မြင်လိုက်ရတာ ကျွန်တော် အားနာမိပါတယ်ဗျာ "
ထိုအခါ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ရောက်လာသည့် ကျင့်ကြံသူအဖွဲ့ထဲ၌ ရှိနေသော ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးဖြစ်သည့် ကျစ်လော့မှာ ရယ်မောလိုက်၏။ သူသည် မျက်ဝန်းများ အရောင်လက်သွားကာ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ဟေးယွင်ကျစ်အား ပြန်ကြည့်ကာ တည်ကြည်စွာဆိုလိုက်သည် " မလိုပါဘူးဗျာ။ ကျုပ်က ဒီကိစ္စကို ဖြေရှင်းဖို့ ရောက်လာတာပါ။ ခဗျားတို့ ဧကရာဇ်ကြီးရဲ့ သွေးက သန့်စင်မှုမရှိမှတော့ ဒီလိုလုပ်ပါလား... တော်ဝင်မိသားစုဝင်တိုင်းရဲ့ သွေးတွေကို ယူပြီး ပစ္စည်းတစ်ခုခုထဲမှာ အတူတူ ထည့်ထားလိုက်လေ။ အဲတာဆိုရင် ရမှာပါ "
" ကျုပ်ဆီမှာ ကျုပ်တို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး ပေးထားတဲ့ ဓမ္မရတနာတစ်ခု ရှိတယ်။ အဲဒီ ဓမ္မရတနာက ဘေးနားတစ်ဝိုက်မှာရှိတဲ့ လူတိုင်းရဲ့ သွေးမျိုးဆက်တွေကို လှုံ့ဆော်ပေးနိုင်တယ်။ မိသားစုဝင်အားလုံး အတူတူပေါင်းစည်းလိုက်မယ်ဆိုရင် ကျုပ်တို့တွေ ဒီတံခါးကို သေချာပေါက် ဖွင့်နိုင်မှာပါ " ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ ထိုသို့ဆိုကာ သူ၏ ညာဘက်လက်ဖဝါးကို လှန်လိုက်၏။ ထိုအခါ သူ၏ လက်ဖဝါးထဲတွင် မီးမထွန်းရသေးသည့် ကြေးမီးအိမ်တစ်လုံး ပေါ်ပေါက်လာသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ထို မီးအိမ်အား ဟေးယွင်ကျစ်ဆီသို့ လှမ်းပစ်ပေးလိုက်၏။
" ဟေးယွင်ကျစ်။ အဲဒီမီးအိမ်ကို မြှောက်ပြီးတော့ ခဗျားရဲ့ ကျင့်ကြံခြင်းစွမ်းအားကို သုံးပြီး မီးထွန်းလိုက်။ အဲတာဆိုရင် ခဗျား ဒီနေရာမှာရှိတဲ့ တော်ဝင်မိသားစုဝင်တိုင်းရဲ့ သွေးမျိုးဆက်တွေကို နိုးထလာအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိသွားလိမ့်မယ် "
ထို မီးအိမ်မှာ ရှေးဆန်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ရင်း ဟေးယွင်ကျစ်ဆီသို့ ဦးတည်လာ၏။ ဟေးယွင်ကျစ်မှာ ၎င်းအား လှမ်းဖမ်းလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများမှာလည်း ရုတ်တရက်ဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ထို့နောက် ၎င်းတို့မှာ သူ၏လက်ဖဝါးထဲ၌ စုဝေးလာကြပြီး ထိုကြေးမီးအိမ်လေးဆီသို့ ဦးတည်သွားကြသည်။ နောက်ဆုံးတွင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ အလိုလို ထုတ်သုံးမိလိုက်တော့သည်။
ခဏအကြာတွင် သူ၏နောက်၌ နတ်မျက်လုံး ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြီး ထို ကြေးမီးအိမ်ထဲသို့ စုပ််ယူခံလိုက်ရ၏။ ထို့နောက် ထိုမီးအိမ်ထဲရှိ မီးစာထဲမှ မီးပွားများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ တလက်လက် တောက်ပလာပြီးနောက် မီးတောက်များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုမီးအိမ်လေးမှာ မီးလင်းသွားတော့သည်။
ထို အခိုက်အတန့်တွင် မီးစွဲနေသည့် မီးစာထဲမှ ထွက်ပေါ်လာသော အလင်းရောင်များမှာ မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထိုအခါ ထိုနေရာတွင် ရှိနေကြသည့် တော်ဝင်မိသားစုဝင်တိုင်းမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး သူတို့၏ နဖူးများပေါ်တွင် မျက်လုံးပုံစံ အမှတ်အသားတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် သူတို့၏ သွေးကြောများထဲရှိ သွေးများမှာ အပေါ်သို့ မြင့်တက်လာကြပြီး သူတို့၏ ဦးခေါင်းထိပ်မှ ထိုးထွက်လာကြတော့သည်။
ဟေးယွင်ကျစ်မှာ ထိုဖြစ်ရပ်ကြီးနှင့် အရင်ဆုံးကြုံတွေ့လိုက်ရ၏။ သူ၏ ဦးခေါင်းထိပ်မှ ကြက်သွေးရောင် အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ပေငါးဆယ်အထိ မြင့်တက်သွားသည်။ ထို မြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ခရမ်းရောင်ဝတ်ရုံများ ဆင်မြန်းထားကြသည့် အခြား အဘိုးကြီးနှစ်ယောက်မှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့ဆီမှ ထွက်ပေါ်လာသည့် အနီရောင်အလင်းတန်းများမှာ ဟေးယွင်ကျစ်၏ ဦးခေါင်းထိပ်ရှိ အလင်းတန်းလောက် မြင့်မားနေခြင်း မရှိပေ။ ၎င်းတို့မှာ ပေလေးဆယ် ပတ်ချာလည်တွင်သာ ရှိကြပေသည်။
သို့သော် ထိုမြင်ကွင်းမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ သူတို့၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် အခြား တော်ဝင်မိသားစုဝင်များမှာလည်း ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး ထိုကဲ့သို့သော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြ၏။ ထို အလင်းတန်းများ၏ အမြင့်များမှာလည်း အမျိုးမျိုးရှိကြပေသည်။ အချို့မှာ ပေသုံးဆယ်အထိ မြင့်မားနေကြပြီး အချို့မှာမူ လက်မအနည်းငယ်ခန့်သာ ရှိကြ၏။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်မှာ အလိုအလျောက် လည်ပတ်သွားပြီးနောက် သူ ချုပ်တည်းထားခဲ့သည့် နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးမှာလည်း ရုတ်တရက်ဆိုသလို နိုးထလာပြီ မဟုတ်ပါလော။ ၎င်းမှာ သူ၏ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်နိုင်ရန် ကြိုးစားနေသည့်ပုံပင်။
" မဖြစ်ဘူး " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုစိတ်ဆန္ဒကြီးအား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားနေစဉ် အမြင့်အမျိုးမျိုး ရှိကြသည့် အနီရောင်အလင်းတန်းများမှာ တိုင်လုံးကြီးများကဲ့သို့ မိုးကောင်းကင်ထဲသို့ ဆန့်တန်းနေကြပြီ ဖြစ်သည်။ ၎င်းတို့ထဲမှ အမြင့်ဆုံးမှာ ငိုကြွေးနေသည့် ဧကရာဇ်ကြီး၏ အလင်းတန်း ဖြစ်ပေသည်။ သူ၏ ဦးခေါင်းအထက်ရှိ အနီရောင်အလင်းတန်းကြီးမှာ ပေသုံးရာကျော်အထိ မြင့်မားနေပြီး လူတိုင်း၏အာရုံကို ဖမ်းစားထား၏။
ဟေးယွင်ကျစ်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် ဧကရာဇ်ကြီးဘက်သို့လှည့်ကာ ဆိုလိုက်တော့သည် " အခု ငါတို့တွေ... "
သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် မိုးကောင်းကင်ကြီးမှာ ပြောင်းလဲသွားရ၏။ ထို့အပြင် လေပြင်းများ စတင်တိုက်ခတ်လာကာ တိမ်တိုက်များ တလိပ်လိပ် ထလာပြီး မိုးခြိမ်းသံများ မြည်ဟည်းလာတော့သည်။ ထို့နောက် တော်ဝင်မိသားစုများ ရှိရာ လူအုပ်ကြီးထဲမှ အနီရောင် ခြုံလွှာကြီးတစ်ခုမှာ ရုတ်တရက်ဆိုသလိုထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် သင်္ချိုင်းကုန်းကြီး တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများ အပါအဝင် လူတိုင်းမှာ မှင်တက်သွားရ၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသောအခါ သူ၏ ဦးခေါင်းထိပ်မှ ထိုးထွက်နေသည့် အံ့ဩမှင်တက်ဖွယ်ရာ အနီရောင် အလင်းတန်းကြီးကို မြင်လိုက်ရတော့သည်။
ထို အလင်းတန်းကြီး၏ အမြင့်အား အတိအကျ တိုင်းတာ၍ပင် မရတော့ပေ။ ၎င်းမှာ ကောင်းကင်ယံထဲအထိ ထိုးတက်သွားပြီးနောက် ပေ သိန်းပေါင်းများစွာ မြင့်မားနေပြီး လေထုကြီး၏ အစွန်းပိုင်းနားအထိ ရောက်ရှိနေပြီ ဖြစ်သည်။
" ဘယ်လိုကြီးလဲဟ " ဟေးယွင်ကျစ်မှာမူ တစ်ခေါင်းလုံး ထူပူသွားရပြီး တအံ့တဩနှင့် ရေရွတ်မိလိုက်တော့သည်။