← Chapters

ဉာဏ်များသော စီးပွားရေးသမားတစ်ယောက်

Vol. 61 Ch. 844

ဉာဏ်များသော စီးပွားရေးသမားတစ်ယောက်

Vol. 61 Ch. 844

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ " ဟေးယွင်ကျစ် တစ်ယောက်သာလျှင် ဆွံ့အမှင်တက်နေရသည်တော့ မဟုတ်ပေ။ နတ်မျက်လူမှုအဖွဲ့အစည်း၏ တော်ဝင်မင်းသားများ ဖြစ်ကြသော ခရမ်းရောင်ဝတ်ရုံနှင့် အခြားအဘိုးကြီးနှစ်ယောက်မှာလည်း တအံ့တဩနှင့် ပင့်သက်များ ရှိုက်မိသွားကြ၏။

သူတို့၏ ပတ်ပတ်လည်တွင်ရှိနေသည့် အခြားတော်ဝင်မိသားစုဝင်များမှာလည်း မယုံနိုင်လောက်အောင် ဖြစ်နေကြပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြရသည်။ သူတို့၏ မျက်နှာအမူအရာများမှာလည်း အမျိုးမျိုး ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူတို့မှာ သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိကြတော့သည့်ပုံပင်။

ဝမ်ပေါင်လဲ့၏ ဦးခေါင်းထိပ်မှ ထိုးထွက်နေသော အနီရောင်အလင်းတန်းကြီးမှာ ဂြိုဟ်ကြီး၏ လေထု အစွန်းအဖျားပိုင်းအထိ ရောက်ရှိသွားပြီး အပြင်ဘက်ရှိ အာကာသကြီးနှင့် ပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မိုးကောင်းကင်ကြီးမှာ မျက်လုံးဖွင့်ကာ ‌‌သွေးနီရောင် သူငယ်အိမ်ကြီးဖြင့် မြေပြင်ပေါ်ရှိ သက်ရှိများကို စိုက်ကြည့်နေသကဲ့သို့ပင်။

သူ့ဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအားများမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းလှသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် တုန်ရီနေရပြီဖြစ်သည်။ ထို့အပြင် မြေပြင်ပေါ်တွင် အနီရောင် စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားနေ၏။ ထို့ကြောင့် လေမုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာပြီး ဝမ်ပေါင်လဲ့မှာ ထိုလေမုန်တိုင်းကြီး၏ အလယ်၌ ရောက်နေတော့သည်။ ထိုလေမုန်တိုင်းကြီးမှာ တောင်တန်းများကိုပင် တစ်စစီခြေမွှကာ သမုဒ္ဒရာများအား ခန်းခြောက်သွားစေနိုင်လောက်သည့်အထိ အားကောင်းနေ၏။

ထို့ကြောင့် သူ၏ပတ်ပတ်လည်တွင် ရှိနေသည့် လူတိုင်းမှာ ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ဆုတ်ခွာသွားရတော့သည်။ သူတို့မှာ သရဲတစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ပင်။

" ဘုရားရေ...အဲဒီ အလင်းတန်းကြီးက ဘယ်လောက်အထိတောင် မြင့်နေတာလဲဟ။ ပေတစ်သိန်းလား... ဒါမှမဟုတ် ပေတစ်သန်းအထိတောင်လား "

" ငါ အမြင်မှားနေတာပဲ ဖြစ်မှာပါ.... မနေ့တုန်းက ဝိညာဉ်ဆေးပင်တွေ အများကြီး စားမိခဲ့လို့ပဲ ဖြစ်ရမယ် "

" ဘယ်သူက... ဧကရာဇ်အစစ်လဲဟ "

လူအုပ်ကြီး တစ်ခုလုံးမှာ အုတ်အော်သောင်းနင်းဖြစ်နေကြ၏။ သက်တံ့ရောင်ဝတ်ရုံများ ဆင်မြန်းထားကြပြီး ခရမ်းရောင် မျက်နှာဖုံးများ တပ်ဆင်ထားကာ မလှမ်းမကမ်းတွင် ရပ်နေကြသည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာလည်း အခြားသူများနည်းတူ အံ့အားသင့်နေကြရပြီ ဖြစ်သည်။ သူတို့မှာ တော်ဝင်မိသားစုဝင်များလောက် ဗြောင်းဆန်နေကြခြင်း မရှိပါသော်လည်း အတိုင်းအတာတစ်ခုအထိ အံ့သြတုန်လှုပ်သွားကြရဆဲပင်။ သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးသာလျှင် တည်ကြည်မှုအပြည့် ရှိနေပြီး မျက်ဝန်းများ တစ်ခဏမျှ အရောင်လက်သွားရ၏။

ဝမ်ပေါင်လဲ့၏ ဦးခေါင်းထိပ်မှ ထွက်ပေါ်လာသည့် အလင်းတန်းကြီးမှာ ယုံချင်စရာ မရှိလောက်အောင် မြင့်မားနေသည်ကို အထင်အရှား မြင်နိုင်ပေသည်။ အခြား တော်ဝင်မိသားစုဝင်များဆီမှ ထွက်ပေါ်လာသည့် အလင်းတန်းများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ၎င်းမှာ ကြက်ပေါက်ကလေးများ၏ ကြား၌ ရောက်နေသည့် ဘီလူကြီးတစ်ကောင်ကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာလည်း အခြားသူများကဲ့သို့ပင် အံ့ဩတုန်လှုပ်နေရ၏။ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ကြေးမီးအိမ်အား ထုတ်ယူလိုက်စဉ်ကတည်းက စိတ်ထဲ၌ နေမထိထိုင်မသာ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ သူသည် သင်္ချိုင်းကုန်းကြီးထဲသို့ စတင်ရောက်ရှိလာခဲ့စဉ်တုန်းက ဤနေရာကြီး တစ်ခုလုံးမှာ သူ့အား အလွန်အင်မတန်မှ ရင်းနှီးဖော်ရွေနေသည်ဟု ခံစားခဲ့ရသည် မဟုတ်ပါလော။ သို့သော် သူသည် သူ့ကိုယ်သူပြန်၍ နှစ်သိမ့်ခဲ့၏။

ဧကရာဇ်ကြီးမှာ တံခါးများကို ဖွင့်နိုင်ရန် သွေးအစစ်များ လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့၏ လက်ရှိ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် သွေးများ စီးဆင်းနေခြင်းမရှိပေ။ ထို့ကြောင့် သူသည် အလိမ်ပေါ်လိမ့်မည် မဟုတ်ဟု ယုံကြည်နေခဲ့၏။ ထို့အပြင် သူသည် အခြားအတွေးတစ်ခုလည်း ရှိနေသေးသည်။ သူသည် သူ၏ ယူဆချက် မှန်မမှန် အကဲခတ်ခြင်းနေခြင်း ဖြစ်၏။

ယခုဖြစ်ရပ်များကြောင့် သူသည် မျက်နှာရှုံ့မဲ့မဲ့ ဖြစ်သွားရပါသော်လည်း ချက်ချင်းဆိုသလိုပင် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူ၏ ယူဆချက်ကြီးမှာ မှန်ကန်နေသည် မဟုတ်ပါလော။

" ငါ တော်ဝင်သင်္ချိုင်းကုန်းထဲကို ရောက်လာခဲ့ပေမဲ့ ဘယ်တွန်းကန်အားကိုမှ မခံစားခဲ့ရတဲ့ အချက်နဲ့ ဒီနေရာကြီးတစ်ခုလုံး ငါနဲ့ ရင်းနှီနေသလို ခံစားနေခဲ့ရတဲ့ အချက်က... ငါ နတ်ဆိုးမျက်လုံးပညာရပ်ကို လေ့ကျင့်ထားတဲ့အချက်နဲ့ ဆက်နွယ်နေတာပဲ။ ဒါပေမဲ့ အဲဒီ ပညာရပ်က အဓိက အကြောင်းအရင်းတော့ မဟုတ်ဘူး။ တကယ့် အဓိကအကြောင်းအရင်းက... နတ်ဆိုးမျက်လုံးပညာရပ်ထဲမှာ ကိန်းအောင်နေတဲ့ စိတ်ဆန္ဒကြီးကြောင့်ပဲ "

" အဲဒီ စိတ်ဆန္ဒကြီးက နတ်မျက်လုံး လူမှုအဖွဲ့အစည်းနဲ့ အများကြီး ဆက်နွယ်နေတာ။ အဲဒီ စိတ်ဆန္ဒကြီးရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာကို ငါ ခန့်မှန်းကြည့်လို့ရပါတယ်။ နတ်ဆိုးမျက်လုံးပညာရပ်ကို တီထွင်ခဲ့သလို နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ပထမဆုံး ဧကရာဇ်ကြီးလည်း ဖြစ်နေနိုင်တဲ့ ခေါင်းဆောင်ကြီးရဲ့ စိတ်ဆန္ဒပဲ ဖြစ်ရမယ် "

သူသည် ထိုကဲ့သို့ ခွဲခြမ်းစိတ်ဖြာ တွေးတောသုံးသပ်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ကောက်ချက်ချနိုင်လိုက်၏။ သူ ထိုသို့ကောက်ချက်ချပြီးသွားစဥ်မှာပင် မကြာသေးမီတုန်းက မျက်ရည်မျက်ခွက်နှင့် အော်ဟစ်ငိုကြွေးနေခဲ့သည့် ဧကရာဇ်အဘိုးကြီးမှာ မျက်လုံးများပြူးကာ ဝမ်ပေါင်လဲ့အား ကြောင်အန်းအန်းနှင့် စိုက်ကြည့်နေတော့သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် အလောတကြီးနှင့် မတ်တတ်ထလာပြီး ဒူးထောက်ချကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်၏။

" ကြီးမြတ်လှတဲ့ ခေါင်းဆောင်ကြီးပါလား။ ခေါင်းဆောင်ကြီးကိုယ်တိုင် ကိုယ်ထင်ပြနေပြီဟေ့။ သူ ငါတို့ဆီကို ပြန်ရောက်လာခဲ့ပြီ " ထို ဧကရာဇ်ကြီးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသဖြင့် အသံကုန်အော်ဟစ်နေတော့သည်။ သူသည် ဦးညွှတ် အရိုအသေပေးနေရုံမျှဖြင့် အားမရသေးသောကြောင့် နဖူးအား မြေကြီးနှင့်ဆောင့်ကာ အဆက်မပြတ် ရှိခိုးဦးချနေလိုက်၏။

စိတ်အားထက်သန်မှု အပြည့်ပါသော သူ၏ စကားသံကြီးကြောင့် တော်မိသားစုဝင်များအားလုံး၏ ခန္ဓာကိုယ်များထဲမှ သွေးများမှာ ပွက်ပွက်ဆူလာရ၏။ ထို့နောက် ဟေးယွင်ကျစ်ဘက်မှ ရပ်တည်ပေးရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည့် တော်ဝင်မိသားစုဝင်များမှာ ကတုန်ကယင်နှင့် ဒူးထောက်ကျသွားကြပြီး ဧကရာဇ်ကြီးအတိုင်း အသံကုန် အော်ဟစ်နေလိုက်ကြတော့သည်။

" မင်္ဂလာပါ ကြီးမြတ်လှတဲ့ ခေါင်းဆောင်ကြီးခဗျား "

" ခေါင်းဆောင်ကြီးဆိုပါလား " အခြားသူများ ထိုကဲ့သို့ အရိုအသေပေးနေကျစဉ် မလှုပ်မယှက် ရပ်နေကြသည့် တော်ဝင်မိသားစုဝင်အချို့ ရှိနေကြဆဲပင်။ ဟေးယွင်ကျစ်နှင့် အခြား တော်ဝင်မင်းသားနှစ်ပါးမှာလည်း ထိုနည်းတူပင်။ သူတို့၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များနှင့် လောဘစိတ်များ တောက်ပနေကြ၏။

ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းဆိုသလိုပင် မျက်လုံးများမှေးသွားပြီး သူ့အား ရှိခိုးဦးချ အရိုသေပေးနေကြသည့် ဧကရာဇ်ကြီးနှင့် သူ၏ မိသားစုဝင်များကို လှမ်းကြည့်လိုက်၏။ ဧကရာဇ်ကြီး၏ အမူအရာများမှာ ထူးဆန်းနေခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် သံသယဝင်သွားရဆဲပင်။ သူသည် ဤနေရာသို့ အချိန်ကိုက် ရောက်ရှိလာခဲ့သည်ဟု ခံစားနေရ၏။

သူ ရောက်ရှိလာခဲ့သည့် အချိန်မှာ အပြစ်ပြောစရာ မရှိလောက်အောင် ကွက်တိကျလွန်းနေသည် မဟုတ်ပါလော။ သူသည် တော်ဝင်မိသားစု သူတို့၏ လျှို့ဝှက်ချက်များကို ထုတ်ပြောလိုက်သည့်အချိန်နှင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှ လူများ ရုပ်လုံးထွက်ပြသည့် အချိန်တွင် အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ဧကရာဇ်ကြီးမှာလည်း သူတို့၏ ခေါင်းဆောင်ကြီး တော်ဝင်မိသားစုဆီသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း အော်ဟစ်နေသည် ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အခြေအနေ တစ်ခုလုံးအား နားလည်စပြုလာတော့သည်။

" ဒီကိစ္စကြီး တစ်ခုလုံးက ရှဲ့ဟေးရန်နဲ့ သေချာပေါက် ပတ်သက်နေရမယ်။ အဲတာဆိုရင်... ငါ ဒီနေရာကို အခုချိန်မှ ရောက်လာရတဲ့အချက်က ရှဲ့ဟေးရန်အတွက် ဘယ်လို အကျိုးရှိနိုင်တာလဲ... "

" ရှဲ့ဟေးရန်နဲ့ ဒီ ဧကရာဇ်ကြီးရဲ့ကြားမှာ ဆက်နွယ်မှုတွေ ရှိနေတာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်။ သူက သူတို့ရဲ့ ခေါင်းဆောင်ကြီး တော်ဝင်မိသားစုဆီကို ပြန်ရောက်လာပြီလို့ ပြောနေတာလေ။ မဟုတ်မှလွဲရော... သူက ရှဲ့ဟေးရန်နဲ့ အပေးအယူတစ်ခု လုပ်ခဲ့ပြီးတော့ သူ့ရဲ့ ခေါင်းဆောင်ကြီး ပြန်ရောက်လာဖို့ တောင်းဆိုခဲ့တာများလား "

" အဲတာဆိုရင် ရှဲ့ဟေးရန်က နှစ်ဖက်စလုံးနဲ့ အပေးအယူတွေ လုပ်နေတာပေါ့။ အဲလိုဆိုမှတော့ ဘယ်သူက ပိုပြီးတော့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုလည်းဆိုတာ သိအောင် လုပ်ကြတာပေါ့ကွာ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။ ရှဲ့ဟေးရန်တစ်ယောက် ယခုလို ပြုမူဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ရှေးဟောင်းဓားကြီးပေါ်တွင် ရှိနေခဲ့စဉ်တုန်းကလည်း ထိုကဲ့သို့ ပြုခဲ့ဖူးသည်မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်နေသည့် လူတစ်ယောက်ဆီသို့ ဝမ်ပေါင်လဲ့၏ တည်နေရာနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များ ရောင်းချပေးခဲ့ပြီးနောက် ဝမ်ပေါင်လဲ့ကိုလည်း ထို ပုဂ္ဂိုလ်အား သတ်ဖြတ်ရာ၌ ပြန်လည်ကူညီပေးခဲ့၏။ ထို့နောက် သူတို့နှစ်ယောက်မှာ အကျိုးအမြတ်များကို ခွဲဝေယူခဲ့ကြသည်။

ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အစီအစဉ်များကို ချက်ချင်းပြောင်းလဲလိုက်တော့သည်။ သူသည် အမြန်ဆုံးနည်းဖြင့် ဘိုးဘေးကြီးများ၏ သင်္ချိုင်းဂူထဲသို့ ဝင်ရန် ကြံစည်ထားခဲ့ပါသော်လည်း ယခုတွင်မူ မည်သည့် တွန်းကန်အားကိုမှ ခံစားနေရခြင်းမရှိဘဲ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ထဲ၌ ကိန်းအောင်နေသော စိတ်ဆန္ဒကြီးကြောင့်သာ ပြဿနာအချို့နှင့် ကြုံတွေ့နေရသည်ဖြစ်ရာ ယခင်တုန်းကလောက် အလောတကြီးဖြစ်နေခြင်း မရှိတော့ပေ။

သူသည် ယခုကဲ့သို့ ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲပေးနိုင်သည့် အခွင့်အရေးအား လက်လွှတ်ခံမည် မဟုတ်ပေ။ သို့သော် သူ ထို အခွင့်အရေးအား အမိအရ မဆုပ်ကိုင်နိုင်ခင် လက်ရှိအခြေအနေကြီးတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ရန် လိုအပ်ပေသည်။ သို့မှသာ မတော်တဆဖြစ်ရပ်များ ပေါ်ပေါက်မလာအောင် တားဆီးနိုင်မည် ဖြစ်သည်။ သူသည် ထိုသို့တွေးလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်၏။ ထိုအခါ သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်ကာ လူတိုင်းအား ဖိနှိပ်ချုပ်တည်းထားလိုက်တော့သည်။

ထို့ကြောင့် ဧရာမလှိုင်းလုံးကြီးများ ချက်ချင်းဆိုသလိုပင် မြင့်တက်သွားပြီး ဒူးမထောက်သေးသည့် တော်ဝင်မိသားစုဝင်များအား ဖုံးလွှမ်းသွားသကဲ့သို့ပင်။ သူတို့မှာ ပါးစပ်များထဲမှ သွေးများ စီးကျလာကြပြီး တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့မှာမူ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီးနောက် ‌တော်ဝင်မင်းသား သုံးပါးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်တော့သည်။

သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်နေသောကြောင့် ဟေးယွင်ကျစ်နှင့် အခြားတော်ဝင်မင်းသားနှစ်ပါးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ နောက်သို့ဆုတ်ခွာရန် အချိန်မမီတော့ပေ။ ဝမ်ပေါင်လဲ့မှာ သူတို့၏ ရှေ့၌ ပေါ်ပေါက်လာပြီး သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို ထိုသုံးယောက်ဆီသို့ ထုတ်လွှတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထိုသို့တိုက်ခိုက်လိုက်သည့် အချိန်တွင် ဟေးယွင်ကျစ်တစ်ချိန်လုံး ကိုင်ထားခဲ့သည့် ကြေးမီးအိမ်လေးထဲရှိ အလင်းရောင်မှာ ရုတ်တရက်ဆိုသလို ဖျတ်ခနဲ တောက်ပလာ၏။ ထို့နောက် ထို မီးအိမ်ထဲရှိ လူတစ်ယောက် နှာမှုတ်လိုက်သောအခါ ပုံရိပ်ယောင် လက်ချောင်းတစ်ချောင်းမှာ ထိုမီးအိမ်ထဲမှ ဆန့်ထွက်လာပြီး ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ညွှန်ပြလိုက်တော့သည်။

ထိုအခါ ထိုလက်ချောင်းထဲမှ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် သူငယ်အိမ်များ ကျဥ်းမြောင်းသွားရစဉ်မှာပင် ထိုစွမ်းအားနှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု ရိုက်ခတ်သွားတော့သည်။

ထိုရိုက်ခတ်မှုကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ကောင်းကင်ယံထဲ၌ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ်မီးတောက်မှာ ခန္ဓာကိုယ်အပြင်ဘက်သို့ လျှံထွက်လာပြီး ထိုလက်ချောင်းကြီး၏ စွမ်းအားများကို လျှော့ချပေးလိုက်သဖြင့် နောက်ဆုံးတွင် ၎င်းမှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ထာဝရကြယ်မီးတောက်ဆီမှ အကူအညီအား ရရှိခဲ့သည့်တိုင်အောင် သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကြီးတစ်ခုလုံး နာကျင်ကိုက်ခဲသွားရသည်ကို ခံစားလိုက်ရဆဲပင်။ သူသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် နောက်သို့ ဆုတ်ခွာသွားရင်း မီးအိမ်ထဲမှ ထွက်ပေါ်လာသည့် လက်ချောင်းကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်တော့သည်။

ထိုအဖြစ်အပျက်များကြောင့် ဟေးယွင်ကျစ်နှင့် အခြား တော်ဝင်မင်းသားနှစ်ပါးမှာ ဇောချွေးများပြန်သွားရ၏။ အကယ်၍ ထိုမီးအိမ်လေးကြောင့်သာ မဟုတ်ပါက သူတို့အားလုံးမှာ အသက်ပျောက်နေလောက်ပြီဖြစ်သည်

" မင်းက ဘယ်သူလဲ " ဟေးယွင်ကျစ်မှာ အသက်ရှူသံများ မြန်ဆန်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ မေးလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ထိုတော်ဝင်မင်းသားများကို ဂရုစိုက်နေခြင်း မရှိဘဲ မီးအိမ်လေးကိုသာ စိုက်ကြည့်နေရင်း မျက်လုံးများမှေးသွားရ၏။ သူတို့မှာ ထိုမီးအိမ်လေးထဲ၌ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအာရုံများကို ထည့်သွင်းထားရလောက်သည့်အထိ အပင်ပန်းခံထားကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ကြီးမားသော အကြံအစည်တစ်ခုအား အကောင်အထည်ဖော်နေခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူသည် တော်ဝင်ဘိုးဘေးသင်္ချိုင်းဂူထဲတွင် ရှိနေမည့် အရာများကို ပို၍ပင် စိတ်ဝင်စားလာရတော့သည်။

" မင်းက ငါရဲ့တိုက်ကွက်ကို ခုခံနိုင်ခဲ့ရုံတင် မကဘဲ အားအကောင်းဆုံး အနီရောင်အလင်းတန်းကိုပါ ထုတ်လွှတ်နိုင်ခဲ့တာဆိုတော့ မင်းရဲ့ သွေးမျိုးဆက်က တော်တော်လေးကို သန့်စင်နေမှာပဲ။ မင်း ဘာကောင်ကြီး ဖြစ်နေဖြစ်နေ ငါက ဂရုစိုက်နေမှာမဟုတ်ဘူး။ ငါ့ရဲ့ ခန့်မှန်းချက်တွေက မှန်သွားပြီ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ တော်ဝင်ဘိုးဘေးသင်္ချိုင်းဂူကြီးကို ဖွင့်နိုင်မယ့် အကောင်းအဆုံး အခွင့်အရေးက ငါတို့ရဲ့ လက်ထဲကို ရောက်လာပြီကွ။ ကျိလော့။ မင်းရဲ့ အချုပ်အနှောင်ကို သုံးပြီးတော့ ဒီကောင့်ကို ဖမ်းလိုက်စမ်း။ သူ့ကို ယဇ်ပူဇော်တဲ့ နေရာမှာ သုံးရမယ် " ထိုအချိန်တွင် မီးအိမ်လေးထဲမှ ရက်စက်ကြမ်းကြုတ်သော အေးတိအေးစက် အမိန့်သံတစ်သံ ထွက်ပေါ်လာသည်။ ထို စကားလုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေ၏။

ထိုအမိန့်ပေးသံကြီး ထွက်ပေါ်လာသည်နှင့် အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးဖြစ်သော ကျိလော့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ထိုမီးအိမ်လေးအား အရိုအသေပေးလိုက်၏။

" ဟုတ်ကဲ့ပါ သခင် "

ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချက်ချင်းဆိုသလိုပင် အစောပိုင်း ထာဝရဝိညာဉ်အဆင့်မှ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်သို့ ထိုးတက်သွား၏။ ၎င်းမှာ ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိဘဲ ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်အထိ မြင့်တက်သွားသည်။ ထို့နောက် ကျိလော့မှာ နတ်ဘုရားတစ်ပါးကဲ့သို့ မလှုပ်မယှက် ရပ်နေရင်း ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်ကာ မပွင့်တပွင့် ပြုံးလိုက်တော့သည်။

" မင်း ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့... ငါက မင်းကြောင့် ဒီနေရာကို ရောက်လာရတာကွ "

ဝမ်ပေါင်လဲ့မှာမူ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ ဆုတ်ခွာသွားလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် စိတ်ထဲ၌ အဆက်မပြတ် အော်ဟစ်ကျိန်ဆဲနေမိတော့သည်။

" ချီးကို ခန့်မှန်းချက်ပါလား။ ဘာမှ အဓိပ္ပါယ်မရှိတာတွေ။ သောက် ရှဲ့ဟေးရန်ကွာ။ မင်း လှေနံနှစ်ဖက်နင်းထားတာမလား "

All Chapters