← Chapters

ကျုပ်က စိတ်သဘောထား သေးသိမ်တယ်

Vol. 76 Ch. 1053

ကျုပ်က စိတ်သဘောထား သေးသိမ်တယ်

Vol. 76 Ch. 1053

နောက်ထပ် တစ်လ ကုန်ဆုံးသွားလေသည်။ မိုဝူကျိက နတ်ဘုရားအုပ်စိုးသူ အဆင့် ၄ သို့ အတားအဆီးမရှိ တက်လှမ်းသွားတော့သည်။ နတ်ဘုရားအုပ်စိုးသူ အဆင့် ၄ နှင့် ယှဉ်ကြည့်လျှင် သူ့အင်အားက သိသိသာသာ ပို၍ အားကောင်းပေသည်။

တစ်ချိန်တည်းမှာ ခွန်းယွင်ကလည်း သဟဇာတ နတ်ဘုရား၏ ကမ္ဘာစည်းမျည်းများကို အောင်အောင်မြင်မြင် ချိုးဖောက် ဝင်ရောက်နိုင်သွားပြီ ဖြစ်၏။ မိုဝူကျိက ကမ္ဘာအတွင်း ရတနာအပုံလိုက် မြင်လိုက်ရသောအခါ အတော်လေး အားကျမိသွားသည်။

သို့သော်လည်း မိုဝူကျိက ဂရုမစိုက်ပေ။ သူက ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကိုသာ ဆက်တိုက် စုပ်ယူလိုက်ပြီး ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများကို ဆက်လက် သုံးနေလိုက်သည်။

ဤကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က မူလ စိတ်ဝိညာဉ် ဗဟိုချက် ဖြစ်ပေသည်။ မိုဝူကျိ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် နတ်ဝိညာဉ်စွမ်းအား ပမာဏက အဆများစွာ မြင့်တက်လာသော်လည်း ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က အဆုံးမဲ့ ထောက်ပံ့ပေးနိုင်ဟန် ပေါ်ပေသည်။ မိုဝူကျိက နတ်ဝိညာဉ်စွမ်းအားများ မည်မျှ စုပ်ယူစေကာမူ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က ဆက်တိုက် ထုတ်ပေးနိုင်သေး၏။

ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ထဲ ဝင်ရောက်ပြီး ကိုးလအကြာတွင် မိုဝူကျိက နတ်ဘုရားအုပ်စိုးသူ အဆင့် ၅ သို့ ရောက်ရှိသွားတော့သည်။

ကမ္ဘာဦး စိတ်ဝိညာဉ် မခမ်းခြောက်သွားသရွေ့ မိုဝူကျိ၏ ကျင့်ကြံနှုန်းက ဘယ်တော့မှ ရပ်တန့်သွားမည် မဟုတ်ပေ။

၁၂ လမြောက်၌ နတ်ဘုရားအုပ်စိုးသူ အဆင့် ၆

၁၆ လမြောက်၌ နတ်ဘုရားအုပ်စိုးသူ အဆင့် ၇

ယခု ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ရှိ နတ်ဝိညာဉ်စွမ်းအားများက ယခင်ကထက် အားပျော့လာသောကြောင့် မိုဝူကျိအား စိတ်ပျက်သွားစေသည်။ အကယ်၍ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများသာ ယခင်လောက် သိပ်သည်းနေလျှင် သူ့အနေနှင့် နတ်ဘုရားအုပ်စိုးသူ အဆင့် ၁၀ ကို နှစ်နှစ်အတွင်း ရောက်ရှိဖို့ ယုံကြည်ချက် ရှိပေသည်။

ကျေးဇူးတင်စရာကောင်းသည်က ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအား ပေါများမှုကြောင့် မိုဝူကျိတွင် ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးတချို့ ကျန်ရှိနေသေး၏။

မိုဝူကျိက သူ့ကျင့်ကြံရေးကို ယာယီ ရပ်တန့်ကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ ခွန်းယွင် ကျင့်ကြံနေသည့် နေရာတွင် နတ်ဝိညာဉ်စွမ်းအား ဝဲကတော့ ရှိနေသေးသောကြောင့် ခွန်းယွင်က ကျင့်ကြံရေးကို လက်မလျော့သေးကြောင်း သိသာလှသည်။

သူ လိုအပ်သည့် နတ်ဝိညာဉ်စွမ်းအား ပမာဏမှာ ခွန်းယွင် လိုအပ်သည်ထက် များပြားနေကြောင်း တွေးမိသွားသောအခါ မိုဝူကျိက လူသားကမ္ဘာထဲမှ ယိုယွင်းနေသည့် ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောကို ထုတ်ကာ မြေပြင်ပေါ် စိုက်ထားလိုက်သည်။

တစ်ချိန်တည်းဆိုသလို သူက နှင်းစက်စိမ်းဆန်ကိုလည်း ထုတ်ယူကာ ချက်ပြုတ်လိုက်သည်။ နှင်းစက်စိမ်းဆန်လို အရာသည် နတ်ဘုရားဘုရင်များအတွက်ပင် အင်မတန် လိုအပ်သောအရာ ဖြစ်၏။

မိုဝူကျိက ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို ယခင်က စားဖူးပေသည်။ ဤသည်မှာ ကျင့်ကြံရေး အသိအမြင်များ ဉာဏ်အလင်းပွင့်လာစေနှုန်းအား တိုးတက်လာစေပြီး နောက်တစ်ဆင့် တိုးတက်လာနိုင်သည့် ပစ္စည်းကောင်းလေး ဖြစ်၏။ ဆိုးကျိုးလည်း မရှိပေ။ မူလက သူ ကြာမြင့်စွာ တံခါးပိတ် လေ့ကျင့်သ့်အချိန်မှ နှင်းစက်စိမ်းဆန်ကို ဖြည်းဖြည်းချင်း စားသုံးမည်ဟု ကြံစည်ထားခဲ့သည်။ သို့သော် ယခုတွင် သူက ကျင့်ကြံဆင့် တိုးမြင့်ဖို့ရာ အရေးကြီးနေသောကြောင့် အသုံးပြုနိုင်သမျှ အရာအားလုံး သုံးဖို့ ဆုံးဖြတ်လိုက်သည်။

သူ့အင်အားကို တိုးပွားလာစေမည့် ကျင့်ကြံရေး အရင်းအမြစ်များသာ အဖိုးတန်သည်ဟု ယူဆရပေမည်။ အသုံးမပြုဘဲ သိမ်းဆည်းထားခြင်းက သူ့အား အနည်းငယ်သာ နှစ်သိမ့်ပေးနိုင်သည်။

နှင်းစက်စိမ်းဆန်၏ အကူအညီဖြင့် မိုဝူကျိက ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောပေါ်တွင် ထိုင်ကာ ကျန်ရှိနေသည့် ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများဖြင့် စတင် ကျင့်ကြံလိုက်တော့သည်။ ထို့အပြင် သူက သူ့လူသားကမ္ဘာအတွင်းရှိ  မိုးမြေ မီးပြင်းဖိုမှ စွမ်းအားကို စုပ်ယူနိုင်ရန် လောကလမ်းကြောင်းကိုပါ အသုံးပြုထားသည်။ သူ့အား ကျင့်ကြံဆင့် မြင့်တင်ရန် ကူညီပေးနိုင်သရွေ့ မိုဝူကျိက ဘာမှသိမ်းမထားတော့ပေ။

ပြင်းထန်သော မိုးမြေ သဘာဝစွမ်းအားများက မိုဝူကျိ၏ ချီသွေးကြောများဆီ ပြေးဝင်လာကြပြီး ပြောင်းပြန်လှည့်ပတ် လမ်းကြောင်းအောက်တွင် သဘာဝစွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။ သူ့အသိစိတ်ပင်လယ်က ဆက်တိုက် ကျယ်ပြန့်နေပြီး ချီသွေးကြောများလည်း ဆက်တိုက် အားကောင်းလာနေသည်။

ရက်ပိုင်းလေးအတွင်း မိုဝူကျိ၏ ကျင့်ကြံဆင့်က နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ မှ အဆင့် ၈ သို့ ရောက်ရှိသွားတော့သည်။

ထိုစဉ် သူက ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်သည်  မည်မျှ ကောင်းကင်ဘုံ သွေဖယ်နေကြောင်း ခံစားမိလိုက်၏။ ဤသို့မျိုး အသိအမြင် ဉာဏ်အလင်းပွင့်လာမှုနှင့် နတ်ဝိညာဉ်စွမ်းအားများနှင့် စည်းမျည်းများကို စုပ်ယူရန် လမ်းညွှန်မှုတို့က ကျင့်ကြံဆင့်အား ဆက်တိုက် တိုးမြင့်လာစေသည်။ ထို့အပြင် သူ့အနေနှင့် စွမ်းအား နောက်ထပ် လှည့်ပတ်သည့်အခါ မည်သို့ ဆက်လုပ်ရမှန်း နားလည်စေသည်။

ဤသည်က မိုဝူကျိအတွက် ကျင့်ကြံရေး အရင်းအမြစ်ကောင်းကောင်း ရရှိသည်မှာ ပထမအကြိမ်လည်း မဟုတ်သလို ဒုတိယအကြိမ်လည်း မဟုတ်ပေ။ သို့သော် ကျင့်ကြံနေရင်း ဤကဲ့သို့ ရှင်းရှင်းလင်းလင်း ခံစားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။

လက်ရှိ အတွေ့အကြုံက သူ့အား အချိန်အားနေလျှင် နှင်းစက်စိမ်းဆန် စိုက်ပျိုးရန် တွန်းအား ဖြစ်စေသည်။

ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးက မြင်နိုင်သည့်နှုန်းနှင့် ကုန်ဆုံးလာပြီး ဆေးလုံးမှ တာအိုအငွေ့အသက်တို့မှာလည်း ကုန်ဆုံးသွားကာ သိပ်သည်းလွန်းသော နတ်ဝိညာဉ်စွမ်းအားများကိုလည်း မိုဝူကျိက စုပ်ယူသွားလေ၏။

သူ့ကျင့်ကြံဆင့် တိုးတက်လာပြီးနောက် တာအိုစည်းမျည်းများအပေါ် သူ့နားလည်နိုင်စွမ်းမှာ သိသိသာသာ နက်ရှိုုင်းလာပြီး သူ့လူသားကမ္ဘာလည်း ကျယ်ပြန့်လာသည်။

လူသားကမ္ဘာ၏ မိုးမြေစည်းမျည်းများက မိုဝူကျိ ကျင့်ကြံဆင့် မြင့်တက်လာမှုနှင့်အတူ ပိုမို ထင်ရှားလာကာ နေ့နှင့်ည ပြောင်းလဲခြင်းတို့လည်း ပိုမို သိသာလာသည်။

နတ်ဘုရားအုပ်စိုးသူ အဆင့် ၉၊ အဆင့် ၁၀ …

“ ဝုန်း ”  နောက်ဆုံးသော ကောင်းကင်စည်းမျည်း သဘာဝဆေးလုံး ကုန်ဆုံးသွားသည့်အခါ မိုဝူကျိ၏ ကျင့်ကြံဆင့်ကလည်း ဒုံးပျံအလား ပြောင်းလဲတိုးတက်လာသည်။

ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်မှ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများလည်း အားပျော့လာသောကြောင့် သူ့ကျင့်ကြံနှုန်းမှာ ဒုတိယအကြိမ် လျော့ကျသွားသည်။

ရက်များစွာ ကုန်လွန်သွားပြီးနောက် မိုဝူကျိက ကျင့်ကြံရေးကို ရပ်တန့်လိုက်တော့သည်။ သူက ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောအား လူသားကမ္ဘာအတွင်း ပြန်ထည့်ထားလိုက်၏။

ကျင့်ကြံရေး ၁၈ လလောက် ကြာမြင့်ပြီးသည့်နောက်တွင် မိုဝူကျိ ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးအကုန် သုံးစွဲခဲ့ပြီး မိုးမြေ မီးပြင်းဖိုထဲမှ ဆေးလုံးစွမ်းအားများကိုလည်း အသုံးပြုခဲ့သည်။ သူ့ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်က နည်းနည်းသာ ကုန်သေး၏။ အံ့အားသင့်စရာကောင်းစွာ ယိုယွင်းနေသည့် ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောကို များစွာ အသုံးမပြုလိုက်ရပေ။ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကား ခြောက်သွေ့သွားလေပြီ။

ရလဒ်ကား မိုဝူကျိအား အရာအားလုံး ထိုက်တန်သလို ခံစားလိုက်မိစေသည်။ သူ့ကျင့်ကြံဆင့်က လက်ရှိ နတ်ဘုရားအုပ်စိုးသူ အဆင့် ၁၀ ထိပ်ဆုံးသို့ ရောက်ရှိနေပြီး နတ်ဘုရားအုပ်စိုးသူ အဆင့် ၁၁ သို့ တက်လှမ်းဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်တွင် နတ်ဝိညာဉ်စွမ်းအားများ မရှိတော့သော်လည်း သူက သိပ်မကြာခင် နတ်ဘုရားအုပ်စိုးသူ အဆင့် ၁၁ သို့ တက်လှမ်းရန် ယုံကြည်ချက် အပြည့် ရှိပေသည်။

သူ့တွင် ကမ္ဘာဦး နတ်ဝိညာဉ် သွေးကြောတချို့နှင့် နှင်းစက်စိမ်းဆန် တော်တော်များများ ရှိနေသေး၏။ မိုးမြေ မီးပြင်းဖိုထဲ၌ ဆေးလုံးစွမ်းအားမှာ သိသိသာသာ ရှိနေသေး၏။ ပို၍ အရေးကြီးသည်က သူ့တွင် တခြားသူများ မရှိသည့် ဆေးလုံးသန့်စင်ရေး နည်းလမ်း ရှိနေသေး၏။

သူက ဆေးလုံးများဖြင့် တိုးတက်လာအောင် လုပ်နိုင်ပေသည်။ ဆေးလုံးသန့်စင်ရေး ပညာရပ်သည် ဆေးအဆိပ်နှင့် ဆေးအညစ်အကြေးများအား အဆုံးအစွန်အထိ လျော့ချပေးလိမ့်မည်။

“ ဟားဟား  … ညီလေး ဝူကျိ။ မင်းလည်း တော်တော် အကျိုးထူးလိုက်ပုံပဲ ” ခွန်းယွင်က မိုဝူကျိ သူ့အား မစောင့်ဘဲ အရင်ကျင့်ကြံခဲ့သည့် အဖြစ်အပျက်မှာ မဖြစ်ပျက်ခဲ့သည့်အလား သူ့အသံမှာ အတော်လေး ပျော်ပျော်ရွင်ရွင် ဖြစ်နေ၏။

မိုဝူကျိကို အံ့အားသင့်သွားစေသည်က သေမင်းထောင်ချောက်ကို ခွန်းယွင်က ဖယ်ရှားလိုက်ပြီ ဖြစ်၏။

မိုဝူကျိက စိတ်ထဲ၌ ကြောင်အမ်းမိသွား၏။

 ဤခွန်းယွင်က သူ့ကို တကယ်ကြီး ဘာမှမလုပ်ဘူးလား … သူက အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်ကို လေ့လာဖို့ လအနည်းငယ် အချိန်သုံးခဲ့ရ၏။

သိပ်မကြာခင် မိုဝူကျိက အဖြစ်အပျက်ကို နားလည်သွားသည်။ ခွန်းယွင်က သူ့အား မတိုက်ခိုက်ချင်၍ မဟုတ်ဘဲ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်က ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကို စွမ်းအင်အရင်းအမြစ်အနေနှင့် အသုံးပြုထား၍ ဖြစ်ပေသည်။ ယခု ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က သူတို့ကြောင့် ခမ်းခြောက်သွားပြီ ဖြစ်သောကြောင့် ခွန်းယွင်က သူ့အား အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်နှင့် တိုက်ခိုက်လိုလျှင် နတ်ဘုရားကျောက် သို့မဟုတ် နတ်ဝိညာဉ်သွေးကြောကို လောင်စာအနေနှင့် အသုံးပြုရလိမ့်မည်။

သူ ဤသို့ ပြုမူလိုက်သည်နှင့် မိုဝူကျိနှင့် ဆက်ဆံရေးမှာ အဆုံးသတ်သွားပေလိမ့်မည်။ ခွန်းယွင်က မိုဝူကျိဆီမှ တောင်းဆိုစရာ ရှိနေသေးသည့်အတွက် ထိုသို့ မလုပ်ပေ။

“အာ ….  ညီအစ်ကို ဝူကျိရဲ့ ကျင့်စဉ်က အတော်လေး အံ့ဩဖို့ ကောင်းတာပဲ။ မင်းရဲ့ ကျင့်ကြံဆင့်ကိုတောင် ငါ မခန့်မှန်းနိုင်တော့ဘူး ” ခွန်းယွင်က မိုဝူကျိကို မြင်လိုက်ပြီးနောက် သူ့မျက်ဝန်းများက လင်းလက်သွားလေသည်။ တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိကို ပို၍ ထိတ်လန့်မိလာ၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူ အာရုံခံမိသည်ထက် တကယ်ကျော်လွန်နေပြီး မိုဝူကျိ၏ ကျင့်ကြံဆင့်သည် သူ့ထက် မနိမ့်ကျကြောင်းသာ အကြမ်းဖျင်း အာရုံခံမိသည်။

ယခင် မြေခွေးအိုကြီးက မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ရုံသာမက လူသားတာအို၏ အင်အားမှာ သူ့မျှော်လင့်ထားသည့်ထက်ပင် ကျော်လွန်နေပုံ ရ၏။

မိုဝူကျိက ရယ်မောကာ

“ အစ်ကို ခွန်းယွင်လည်း နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့် ရောက်သွားပြီမလား။ ခင်ဗျားနဲ့ ယှဉ်လိုက်ရင် ကျုပ်က အရမ်းနောက်ကျနေပါသေးတယ်။ ကျုပ် နတ်ဘုရားအုပ်စိုးသူအဆင့် တက်ခါစက မိုးကြိုးစမ်းသပ်ချက်တောင် ခံယူရသေးတယ်။ ဒါပေမဲ့ အစ်ကိုခွန်းယွင်က ဒီလို ရုတ်ရုတ်သည်းသည်း မဖြစ်စေဘဲ နတ်ဘုရားအုပ်စိုးသူအဆင့်ကို တက်လှမ်းနိုင်တယ်ဆိုတော့ အတော်လေး အံ့ဩဖို့ ကောင်းတာပဲ ”

တူညီလှစွာ မိုဝူကျိလည်း ခွန်းယွင်၏ ကျင့်ကြံဆင့်ကို အာရုံမခံနိုင်ပေ။ သူက ခွန်းယွင်သည် နတ်ဘုရားအုပ်စိုးသူ နောက်ပိုင်းအဆင့်သို့ ရောက်သွားကြောင်း မှန်းပြောလိုက်ခြင်းသာ ဖြစ်၏။ ဤလူက နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းစဉ် မိုးကြိုးစမ်းသပ်ချက်ကိုပင် ရှောင်ရှားနိုင်ခဲ့သည့်အတွက် အတော်လေး အံ့ဩဖို့ ကောင်းလှ၏။

ခွန်းယွင်လည်း ရယ်မောကာ

“ အရင် ငါ့ရဲ့ စည်းမျည်းတွေက ဒီနေရာထက် ပိုအဆင့်မြင့်တယ်လေ။ အဲဒါကြောင့် ဒီကမ္ဘာကြီးက ငါ့ကို မိုးကြိုးစမ်းသပ်ချက် ခံယူခိုင်းဖို့ အရည်အချင်း မပြည့်မှီသေးဘူး။ ငါတို့ အခုချိန် အကျိုးမြတ်များများ ရလိုက်ကြတယ်။ မူလ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ကို ရှာတွေ့သွားတာက  ငါတို့အတွက် အချိကုန်သက်သာသွားစေတယ်။ အဲကိစ္စကို စောစောစီးစီး လုပ်လို့ ရပြီ ”

မိုဝူကျိက လက်ဝေ့ပြကာ  “ အဲကိစ္စကို လုပ်ဖို့က သိပ်အရေးမကြီးပါဘူး။ ကျုပ်ဆီမှာ လုပ်စရာလေးတချို့ ကျန်သေးတယ် ”

“ ညီအစ်ကို ဝူကျိ … မင်းရဲ့ တာအိုလက်တွဲဖော် ချိန်စုယင်က ဒီနေရာကို ရောက်လာတာ နှစ်တစ်သောင်းလောက် ရှိနေပြီလေ။ မင်း သူမကို အချိန်တိုလေးအတွင်း ရှာတွေ့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက နတ်ဘုရားဘုရင်တချို့ ရန်စမိထားရင် မင်းအကျိုးဆက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါ ပြောချင်တာက …  ”

ဤတစ်ခါ မိုဝူကျိက ခွန်းယွင်ကို ဖြတ်ပြောလိုက်သည်  “ အစ်ကိုခွန်းယွင် အခုတော့ ကျုပ် ခင်ဗျားနဲ့ ဘာမှမလုပ်ချင်သေးဘူး ”

ထိုအရာကို ကြားကာ ခွန်းယွင်၏ အမူအယာက မှုန်မှိုင်းလာပြီး

“ ညီအစ်ကို ဝူကျိ … ယောကျ်ားစကား တည်ရတယ်ကွ။ ငါတို့က သဘောတူညီမှု ရထားပြီးပြီလေ။ မင်း ဒီလို စိတ်ပြောင်းနေမယ်ဆိုရင် ကျင့်ကြံသူ တစ်ယောက်ရဲ့ တာအိုနှလုံးသားလို့ ဘယ်လိုများ ယူဆလို့ ရတော့မှာလဲ ”

မိုဝူကျိက အေးစက်စွာ ရယ်မောလိုက်ရင်း

“ အစ်ကိုခွန်းယွင် … ကျုပ်ရဲ့တာအိုနှလုံးသားကို မကိုင်လှုပ်နိုင်ခင် တခြားနည်းလမ်း ရှိသေးတယ်လေ။ ကျုပ် စိုးရိမ်တာက ကျုပ်တို့ အတူတူ တွဲလုပ်ရင် ကျုပ်က ခင်ဗျားရဲ့ လက်ပါးစေအနေနဲ့ အဆုံးသတ်ပြီး ဘာအကျိုးမြတ်မှ ရမှာ မဟုတ်လောက်ဘူး ”

ခွန်းယွင်က “ လက်ပါးစေ” ဟူသော အသုံးကို နားမလည်သော်လည်း ကောင်းသည့်အရာ မဟုတ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက ပြန်ဖြေပေးလိုက်သည်

“ ညီအစ်ကို ဝူကျိ … ငါ ခွန်းယွင်က စကြဝဠာကြီးရဲ့ ထိပ်သီးမှာ ရပ်တည်ခဲ့တဲ့ ပညာရှင်ပါကွာ။ မင်းလိုမျိုး နတ်ဘုရားအုပ်စိုးသူ တစ်ယောက်ကို ဘာလို့ လိမ်ညာနေရမှာလဲ။ အဲဒါက ငါ့ရဲ့တာအိုနှလုံးသားအပေါ်လည်း သက်ရောက်မှု ရှိတယ်။ တကယ်လို့ ညီအစ်ကို ဝူကျိက ငါ့ကို မယုံရင် ကျိန်ဆိုမယ်‌လေ ”

မိုဝူကျိဆီမှ တုံ့ပြန်မှုသည် အတူတူသာ ဖြစ်နေ၏။ သူက စိတ်မပါသည့်ဟန်ဖြင့်  “ အစ်ကိုခွန်းယွင် ကျိန်ဆိုနေစရာ မလိုပါဘူး။ ကျုပ် အလိုရှိသလို အသုံးပြုနိုင်မဲ့ နည်းလမ်းမျိုး မရှိတာ့ ခင်ဗျားလိုမျိုး မိုးမြေကျိန်စာ ပယ်ဖျက်ပေးဖို့ နည်းလမ်းလည်း မရှိဘူး ”

“ ဒီလိုဆိုရင် မင်းက ဘာလို့ မယုံမကြည် ဖြစ်နေသေးတာလဲ ” ခွန်းယွင်က စွပ်စွဲခံရသည့် အမူအယာဖြင့် မေးလိုက်သည်။

မိုဝူကျိက ပုံမှန်အတိုင်း ပြန်ဖြေပေးလိုက်၏

“ အရင် ကျုပ်တို့ သဟဇာတ နတ်ဘုရားကို ဖြေရှင်းတုန်းက ကျုပ်ရတာဆိုလို့ ဒဏ်ရာအပြင်းအထန် ရလိုက်လို့  …. နှစ်ဝက်လောက် ပြန်လည် ကုလိုက်ရသေးတယ်။ အဲဒီနောက်ကျ သဟဇာတ နတ်ဘုရား ပိုင်တဲ့ ပစ္စည်းတစ်ခုမှ မတွေ့မိပါ့လား။ ထားပါတော့ … ကျုပ်က လက်ပါးစေပဲကိုး … ဒီလို ခေါင်းပုံဖြတ်ခံရမယ်ဆိုတာ သိထားသင့်တာ။ ဘာဖြစ်ဖြစ် ကျုပ်ရဲ့ အသိအမြင်တွေက လိုအပ်နေသေးတာကိုး။ ဟူး … ပင်ပန်းခံပြီးတော့ ဘာဆုလာဘ်မှလည်း မရဘူး။ ဘဝကြီးက ခက်ခဲလိုက်တာ … ”

ခွန်းယွင်၏ အမူအယာမှာ ပြောင်းလဲသွားကာ အကြိမ်အနည်းငယ် ဟားတိုက်ရယ်လိုက်ပြီး  “ ဟားဟား … ညီအစ်ကို ဝူကျိ မင်း ထုတ်မပြောရင်‌တောင် ဒီကိစ္စကို ပြောပြမလို့ပါ။ သဟဇာတ နတ်ဘုရားပိုင်တဲ့ ကမ္ဘာကို ငါ ဖွင့်ထားလိုက်ပြီလေ။ အထဲမှာ ပစ္စည်းကောင်းတွေ ပါတယ်ကွ …. ငါက မင်းနဲ့အတူ အညီအမျှ ခွဲဝေယူဖို့ စီစဉ်ထားပါတယ် ”

မိုဝူကျိက‌ ကျေနပ်သွားသည့် အမူအယာဖြင့်

“ အစ်ကိုခွန်းယွင် တကယ်ကြီးလား …. ကျုပ်က သဘောထား သေးသိမ်မိသွားတာပဲ။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ဗျာ။ ခင်ဗျားလည်း သိတဲ့အတိုင်း ကျုပ်က စာအုပ်ကြီးသမားဆို‌တော့ သိပ်ဉာဏ်မကောင်းဘူးလေ။ အဲကြောင့် ပစ္စည်းကောင်းတွေ မြင်တဲ့အခါ နားပူနားဆာ မလုပ်ဘဲ မနေနိုင်ဘူး ဖြစ်သွားတယ် …  အရင်တုန်းက ကျုပ် စိတ်စွမ်းအားနဲ့ သဟဇာတ နတ်ဘုရားလက်စွပ်ထဲမှာ နတ်ဝိညာဉ်သွေးကြော အမျိုးမျိုးကို အာရုံခံမိလိုက်တယ်။

ကြည့်ရတာ ဆေးဝါးဘုရင် နတ်ဝိညာဉ်သွေးကြောလည်း ရှိနေတဲ့ပုံပဲ …. အဲဒီဟာက ကျုပ်အတွက် အတော်လေး အသုံးဝင်တယ်။ ဒါနဲ့ ကျုပ်က နတ်ဘုရားကျောက်တွေ‌တော့ အများကြီး မလိုပါဘူး။ တစ်ဝက်ဆို ရပါပြီ။ ပြီးတော့ ကျုပ် ပန်းပဲပစ္စည်းတချို့နဲ့ ဆေးပင်တွေလည်း သဘောကျတယ်။ အထူးသဖြင့် အဲဒီဟာ … သစ်နက်လေး … ကျုပ် အဲဒါကို သုံးစရာ ရှိတယ် ”

မူလက တည်ငြိမ်နေသော ခွန်းယွင်၏ မျက်နှာထားမှာ မိုဝူကျိ၏ စကားများကို ကြားလိုက်ရပြီးနောက် အတွင်းကြေ ဒဏ်ရာ ခံစားလိုက်ရသည်နှယ် ပုံပေါက်သွားသည်။

***

All Chapters