နတ်ဘုရားလောက၏ သိသိသာသာ အဖြစ်အပျက်
Vol. 76 Ch. 1054
သူက မိုဝူကျိသည် သစ်သားနက်အကြောင်း မည်သို့ သိနေကြောင်း နားမလည်နိုင်ပေ။ မိုဝူကျိက နတ်ဘုရားကျောက် များစွာ မလိုကြောင်း တစ်ဝက်သာ ယူမည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရစဉ်က သွေးအန်လုမတတ် ဖြစ်သွားလေသည်။
“ သစ်သားနက်ကို ဘယ်လိုလုပ် သိနေတာလဲ ” သူက မိုဝူကျိ၏ အကူအညီကို လိုအပ်နေသေးသောကြောင့် ခွန်းယွင်က မိုဝူကျိကို ပြဿနာရှာလိုသည့် ဆန္ဒအား အတင်း ချိုးနှိမ်ထားရ၏။
မိုဝူကျိက ရယ်မောကာ “ တကယ်ကို သစ်သားနက် ဖြစ်နေတာကိုး … ကျုပ်က ကျောက်စိမ်းပေလွာ တစ်ခုထဲမှာ ဖတ်ဖူးတာ။ တကယ် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး ”
သစ်သားနက်ကိုတော့ ကူချိုက်၏ သလင်းကျောက်ဆီမှ မြင်လိုက်ရခြင်း ဖြစ်၏။ ဤသည်မှာ အမှောင်ထု စည်းမျည်း ပါရှိနေသည့် သစ်ပင် ဖြစ်ပြီး အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်ပေသည်။ ပြောကြသည်ကား အမှောင်ထုစည်းမျည်းကို ကျင့်ကြံသူသာ သစ်သားနက်ကို အဖိုးတန်ဆုံးအရာအဖြစ် မြင်မှတ်ကြမည် ဖြစ်၏။ သို့သော် သူ့ရှေ့တွင် ရှိနေသည်က သစ်သားနက် မဟုတ်ဘဲ ပျက်စီးနေသော သစ်သားနက်အပိုင်းလေးသာ ဖြစ်၏။
“ ညီအစ်ကို ဝူကျိ … ငါ အခုချိန် အလိုအပ်ဆုံးက ကျင့်ကြံရေး အရင်းအမြစ်တွေဆိုတာ မင်းလည်း သိမှာပါ။ မင်းကို အဆင့်မြင့် နတ်ဝိညာဉ် ပစ္စည်းတချို့ ပေးမယ်လေ ” ခွန်းယွင်က စိတ်ထဲ ငိုကြွေးနေမိသည်။ အကယ်၍ သူ့ပစ္စည်းများသာ ရှိနေသေးလျှင် ထိုကျင့်ကြံရေး ပစ္စည်းများအား အရေးစိုက်မည် မဟုတ်ပေ။ သို့သော် ယခုတွင် ထိုသည်က သူ အလိုအပ်နေဆုံးအချိန်တွင် သူ့ဆီ ရောက်လာသော ရတနာများသာ ဖြစ်၏။
မိုဝူကျိက ခွန်းယွင် ပခုံးကို ပုတ်ဖို့ တမင်သပ်သပ် ရှေ့တိုးလာလိုက်ပြီး
“ ကောင်းပြီလေ … ကျုပ်ဆီမှာ နတ်ဝိညာဉ်ပစ္စည်းကောင်းကောင်း ရှိပြီးသားဆိုတော့ ထပ်မလိုတော့ဘူး။ ဒါနဲ့ ဟုတ်သား … ကျုပ်တို့တွေ နောက်တစ်ခါ တွေ့ဖို့ အချိန်သတ်မှတ်ရအောင်လေ။ အခုတော့ လုပ်စရာရှိတာလေး သွားလုပ်လိုက်ဦးမယ် ”
“ မလုပ်ပါနဲ့ ” ခွန်းယွင်က မိုဝူကျိအား မြန်မြန် တားလိုက်သည်။ သူက မိုဝူကျိ ထွက်သွားသည်နှင့် သူတို့နှစ်ယောက်ကြားတွင် မည်သည့် ဆက်ဆံရေးမှ ရှိတော့မည် မဟုတ်ကြောင်း သဘောပေါက်ထား၏
“ ညီအစ်ကို ဝူကျိ … ဒီမှာ နတ်ဝိညာဉ်သွေးကြော ၃၀၄ ခု ရှိတယ်။ အဲအထဲမှာ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော ၆၁ ခုနဲ့ ဆေးဘုရင် နတ်ဝိညာဉ်သွေးကြော တစ်ခု ပါတယ်။ ပြီးတော့ ယိုယွင်းနေတဲ့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ခုလည်း ပါသေးတယ် ”
“ ကျုပ်ကို ဆေးဘုရင် နတ်ဝိညာဉ်သွေးကြော ပေးလေ။ ကျန်တာကိုတော့ ညီတူညီမျှ ခွဲကြတာပေါ့။ ကျုပ် သစ်သားနက်ကိုလည်း ရမှ ဖြစ်မယ် ” မိုဝူကျိက ခွန်းယွင် စကားကို တန်းဖြတ်ပြောလိုက်သည်။ သူက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောဟု ခေါ်သည့်အရာများမှာ အဆင့်မြင့်သာ ဖြစ်ကြောင်း သိထား၏။ ယခု ခွန်းယွင်က အမှန်တကယ် ခွဲခြားပြနေသည်။
“ ရတာပေါ့ … အဲဆို သဘောတူချက် ရပြီနော် ” ခွန်းယွင်က မိုဝူကျိအား ပေးရမည် ဖြစ်ကြောင်း သိထားပြီးပြီ ဖြစ်ရာ ပြတ်ပြတ်သားသား သဘောတူလိုက်သည်။ သူက သဟဇာတ နတ်ဘုရား၏ ပိုင်ဆိုင်သမျှ တစ်ဝက်အား မိုဝူကျိဆီ ခွဲပေးလိုက်သည်။
သူ့တွင် ကျင့်ကြံရေး ပစ္စည်း လိုအပ်နေသောကြောင့်သာ မဟုတ်လျှင် ထိုနတ်ဝိညာဉ်သွေးကြောများ သူ့ရှေ့ လွှင့်ပစ်ထားလျှင်ပင် ကုန်းကောက်မည် မဟုတ်ပေ။
ခွန်းယွင်က သူ့ကို လက်စွပ် ပေးပြီးသည့်နောက်တွင် မိုဝူကျိက အတော်လေး ကျေနပ်မိသွားသည်။ ဤတစ်ကြိမ် သူက နတ်ဝိညာဉ်သွေးကြော တစ်ရာကြောကိုလည်း ရရှိလိုက်ပြီး သူ့အိတ်ထဲသို့ အဆင့်မြင့် နတ်ဘုရားကျောက် သန်းဆယ်ချီကာ ရောက်လာသေး၏။ သူ့တွင် ရှိနေပြီးသော နတ်ဘုရားကျောက်များပါ ထည့်တွက်လိုက်လျှင် သူ့ပိုင်ဆိုင်သမျှ နတ်ဘုရားကျောက် အရေအတွက်မှာ သန်းတစ်ရာ ကျော်ပေမည်။
မိုဝူကျိက လက်စွပ် သိမ်းထားလိုက်သည်ကို မြင်၍ ခွန်းယွင် စိတ်ထဲ၌ ဆိုးဆိုးရွားရွား ခံစားချက်မှာ အပြီးအပိုင် ပျောက်ကွယ်သွားပြီး မိုဝူကျိအား ပြောလိုက်သည်
“ညီအစ်ကို ဝူကျိ … အခု ငါတို့တွေ ကျင့်ကြံဆင့်လည်း တိုးတက်လာပြီဆိုတော့ မင်းကို ပျော်စရာကောင်းတဲ့ဆီ ခေါ်သွားပေးမယ်။ မင်း ကျေနပ်ရစေမယ်လို့ အာမခံတယ် ”
မိုဝူကျိက ခွန်းယွင်၏ ဆိုလိုရင်းကို နားလည်လိုက်သည်။
မင်း ငါ့ဆီက အကျိုးမြတ် ယူထားပြီးပြီဆိုတော့ အခု အလုပ်လုပ်ချိန် တန်ပြီ ….
မိုဝူကျိက အရင်ကတည်းက သဘောတူထားပြီးသား ဖြစ်၍ ခွန်းယွင်သာ သေမင်းထောင်ချောက်အတွင်း သူ့ရုပ်ခန္ဓာကို ဖျက်စီးပစ်ဖို့ မကြိုးစားခဲ့လျှင် သူက ခွန်းယွင်ကို အတင်းဖိအားပေး၍ သဟဇာတ နတ်ဘုရား၏ ပစ္စည်းတစ်ဝက်ကို တောင်းယူမည် မဟုတ်ပေ။
“ ဒါပေါ့ … အစ်ကိုခွန်းယွင် ဦးဆောင်ပါ ” မိုဝူကျိက လက်ကို မြှောက်ကာ လခြမ်းကွေး ပုဆိန်လှံရှည်ကို နောက်ကျောပေါ် နေရာချထားလိုက်သည်။ သူက ခွန်းယွင်ကို ကြောက်ရွံ့မိနေဆဲ ဖြစ်၏။
ခွန်းယွင် နောက်ကျောပေါ်ရှိ သံချေးတက်နေသည့် ဓားရိုးကြီးက မိုဝူကျိကို ပို၍ပင် ကြောက်ရွံ့စေသည်။ သို့သော် သူက ခွန်းယွင် အသုံးပြုသည်ကို မမြင်ဖူးသေးပေ။
“ ဒီ ပုဆိန်လှံရှည်က မဆိုးဘူးပဲ ” ခွန်းယွင်က မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်ကို ကြည့်ကာ ချီးကျူးလိုက်သည်။
“ အဲဆို လဲရအောင်လေ ” မိုဝူကျိက ခွန်းယွင် နောက်ကျောမှ ဓားရိုးကြီးကို ကြည့်ရင်း ပြောလိုက်၏။
“ မရဘူး ” ဤတစ်ကြိမ် ခွန်းယွင်က ဟန်ဆောင်ပြောမနေတော့ပေ။ သူက ဤအရွက်မဲ့တောအုပ်မှ မြန်မြန် ထွက်သွားလေသည်။
မိုဝူကျိက ခွန်းယွင်၏ အမြန်နှုန်းကို မြင်လိုက်သည့်အခါ ခွန်းယွင်၏ ကျင့်ကြံဆင့်ကို မှားယွင်းစွာ ခန့်မှန်းမိလိုက်ပြီဟု သံသယဝင်လာမိ၏။ သူ့အမြင်အရ ခွန်းယွင်သည် နောက်ပိုင်း နတ်ဘုရားအုပ်စိုးသူအဆင့်တွင် ဖြစ်သင့်သော်လည်း ခွန်းယွင်၏ လက်ရှိ အမြန်နှုန်းအရ ခွန်းယွင်သည် နတ်ဘုရားအုပ်စိုးသူအဆင့်ကို ချိုးဖောက်ကာ လောကနတ်ဘုရားအဆင့်သို့ ဝင်သွားဟန် ပေါ်နေသည်။ ထို့အပြင် သူက ခွန်းယွင်သည် အားကုန်မထုတ်ဘဲ ပုံမှန်အတိုင်း အသာအယာ ပြေးလွှားနေကြောင်း မြင်နိုင်ပေ၏။
သို့သော်လည်း သူက အတည်ပြုဖို့ရာအတွက် ခွန်းယွင်နှင့် ထိပ်တိုက် ရင်မဆိုင်နိုင်ပေ။
နှစ်နာရီကြာမြင့်ပြီးနောက် နှစ်ယောက်လုံးက အရွက်မဲ့တောအုပ်မှ ထွက်လာကြသည်။
ခွန်းယွင် ထွက်လာပြီးနောက် နေရာမှာတင် ကြောင်အမ်းစွာ ရပ်မိသွားသည်။ မိုဝူကျိက ဘေးရှိ ကျင့်ကြံသူများကို လေ့လာလိုက်ရင်း နတ်ဘုရားလောကမှ ကျင့်ကြံသူများနှင့် နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများက ဘယ်အချိန်မှစ၍ ဤမျှ စိတ်သဘောထား ညီညွှတ်သွားလေသလဲဟု တွေးမိသွားသည်။
သူတို့က စိတ်ဝိညာဉ် ဗဟိုချက် မရှိသည့် အရွက်မဲ့တောအုပ် အပြင်ဘက်တွင် ရှိနေကြသည်။
အရွက်မဲ့တောအုပ်အပြင်ဘက်၌ များမြောက်စွာသော ကျင့်ကြံသူများက ရောရောနှောနှောဖြင့် အတူတကွ သွားလာနေကြသည်။ မိုဝူကျိက သူတို့ကြားရှိ ပဋိပက္ခကို မတွေ့မိပေ။
ဘာတွေ ဖြစ်နေတာလဲ ….
သိပ်မကြာခင် မိုဝူကျိက မှားယွင်းနေသည့်အရာကို တွေ့ရှိသွားသည်။ အရွက်မဲ့တောအုပ်သည် နတ်ဘုရားသိုက်မြုံအစွန်းတွင် တည်ရှိပြီး နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားမျိုးနွယ်ကြားရှိ နယ်နမိတ်တစ်ခု ဖြစ်ပေသည်။ ထိုနယ်နမိတ် အပြင်ဘက်အပိုင်းတွင် အက်ကွဲကြောင်း သေးသေးလေး ပေါ်နေ၏။ ထိုအက်ကွဲကြောင်းလေးက ရေပြင်ညီအတိုင်း ကျယ်ပြန့်လာပြီး အဆုံးမရှိဟန် ပေါ်နေသည်။
“ အဲဒီ အက်ကြောင်းက အရွယ်ကြီးလာလိမ့်မယ် ” ခွန်းယွင်က ထိုအက်ကြောင်းကို သတိပြုမိပြီး မိုဝူကျိအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထိုစကားအဆုံးတွင် သူ့အမူအယာက အံ့အားသင့်နေရာမှ ဟန်ပန် ပျက်ယွင်းသွားလေသည်။
ခွန်းယွင်ဘေးတွင် ရှိနေသည့် မိုဝူကျိက ထိုလူ တစ်ခုခု သိသွားကြောင်း သိလိုက်၍ မြန်မြန် မေးလိုက်သည် “ အစ်ကို ခွန်းယွင် … တစ်ခုခု ဖြစ်လို့လား ”
ခွန်းယွင်က အသက်ပြင်းပြင်းရှုကာ “ မိုဝူကျိ … ငါတို့ကိစ္စကို ခဏနောက်ဆုတ်ထားရမယ်။ ငါ အခု လုပ်စရာ ပေါ်လာပြီ ”
သူ့စကားဆုံးသည်နှင့် မိုဝူကျိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဖြတ်ခနဲ ပျောက်သွားတော့သည်။
မိုဝူကျိက စိတ်အတွင်း၌ ခွန်းယွင်ကို ကျိန်ဆဲလိုက်၏။
ဒီလူက သူနဲ့ အဆက်အသွယ် ဖြတ်သွားပြီး ရှင်းပြချက်လေးတောင် ပေးမသွားဘူး …
နောက်တစ်ကြိမ် သူတို့ အလုပ်တွဲလုပ်သည့်အချိန် ထိုလူဆီမှ ပစ္စည်းကောင်းများ ပြန်ယူရန် တေးထားလိုက်သည်။
ခွန်းယွင်က ထိုအက်ကြောင်းကို မြင်ပြီး ထွက်သွားသောကြောင့် ဤအက်ကြောင်းမှာ ရိုးရှင်းမည် မဟုတ်ကြောင်း သိသာလှ၏။
မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအက်ကြောင်းပေါ် ရောက်ရှိသွားသည့်အခါ မတူကွဲပြားနေကြောင်း ခံစားမိလိုက်သည်။ သူက ကြာကြာ မစိုက်ကြည့်ရဲသလို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ခံလိုက်ရကြောင်း သံယယ ဝင်လာမိ၏။
သူက ဖန်တီးမှု စွမ်းအားတချို့ကို ခံစားမိပေသည်။ သူက ထိုစွမ်းအားကို မှားယွင်းစွာ ကောက်ချက်ချမိမည် မဟုတ်ပေ။
အကြောင်းမှာ သူ့တွင် လောကလမ်းကြောင်းရှိပြီး သူ့ကိုယ်ပိုင် ကမ္ဘာကို ဖန်တီးထားသည် မဟုတ်ပါလော။
ဒီအက်ကြောင်းက ကမ္ဘာလောကအသစ်တစ်ခုလား ….
မိုဝူကျိက တစ်ယောက်ယောက်ကို မေးတော့မည့်အချိန် ခွန်းယွင်က တစ်ဖန် ပြန်ပေါ်လာသည်
“ ညီအစ်ကို ဝူကျိ … နတ်ဘုရားကမ္ဘာ ပြည့်စုံသွားတာနဲ့ ငါ အန္တရာယ်တစ်ခုခု တွေ့ခဲ့ရင် ငါ့ကို ကူညီပေးပါ။ ငါတို့က ဒီနေ့အထိ အတူတူ ကျင့်ကြံခဲ့တာဆိုတော့ မိတ်ဆွေတွေပဲ မလား… ”
မိုဝူကျိက ပခုံးတွန့်ကာ “ အစ်ကိုခွန်းယွင်ကို ဝေဖန်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြားအကျိုးမြတ်တွေ့တော့ ကျုပ်ကို ထားသွားတာဆိုတော့ ညီလေးတစ်ယောက်လို သတ်မှတ်ထားပုံ မပေါ်ပါဘူးဗျာ ”
အရူးပဲ မင်းကို ညီလေးလို သတ်မှတ်မှာကွ ….
ခွန်းယွင်က သူ့ဘာသာ ပျစ်ပျစ်နှစ်နှစ် တွေးလိုက်ပြီးနောက် ချောချောမွေ့မွေ့ ပြောလိုက်သည်
“ ငါ့ဆီမှာ ရှင်းပြဖို့ အချိန် သိပ်မရှိဘူး။ အခု နတ်ဘုရားမျိုးနွယ်နဲ့ နတ်ဘုရားနယ်မြေကြား တစ်ခုခုတော့ ဖြစ်ပျက်တော့မယ်။ အဲဒါက စကြဝဠာအစ ဖြစ်ပေါ်လာဖို့ မူလစည်းမျည်းတွေကို ဖြစ်လာစေလိမ့်မယ်။ အဲဒီ ကမ္ဘာက နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားလောကကို အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်သွားတဲ့အခါ ဒီကမ္ဘာရဲ့ မိုးမြေစည်းမျည်းတွေက ပြီးပြည့်စုံလာလိမ့်မယ် ”
မိုဝူကျိက ထိုအရာကို ကြားကာ “ ခွန်းယွင် … ခင်ဗျား ပြောနေတာက နတ်ဘုရားကမ္ဘာက ပြီးပြည့်စုံတဲ့ စည်းမျည်းတွေ ရှိလာမှာလား ”
ခွန်းယွင်က လေးလေးနက်နက် ပြောလိုက်သည် “ ဟုတ်တယ် … ညီအစ်ကို ဝူကျိ။ ဘယ်ခေတ် ဘယ်အချိန်အခါရဲ့ ကျင့်ကြံသူတွေက အားအကောင်းဆုံး ဖြစ်မယ်လို့ ထင်လဲ ”
ဤသည်က မိုဝူကျိအား ရှေးဟောင်း ဒဏ္ဍာရီတွေကို တွေးမိသွားမိစေသည်။
တည်ထောင်သူဘိုးဘေးကြီး ဟုန်ကျွင်း၊ ကောင်းကင်ကို ထက်ခြမ်း ခြမ်းခဲ့သည့် ဖန်းဂူ၊ မဟာဝိဇ္ဇာခုနှစ်ပါးနှင့် အခြားသော အားကောင်းသည့်သူတွေ ….
ဒဏ္ဍာရီများက အမှန်တကယ်ဟု အာမခံချက် မရှိသော်လည်း သူက လော့ကျမ်းစာရွက်၊ ကံကြမ္မာနီ ကြာပန်းနှင့် ရွိုက်ကောတွင်လည်း ရှေးဟောင်း သားရဲ သွေးဆာခြင်နက်၏ အရှိန်အဝါ ရှိနေသေး၏။
ဤသည်အားလုံးက တရုတ်ဒဏ္ဍာရီလာ မဟုတ်ပေဘူးလား ….
သူက ထိုအရာများကို တွေးမိသွားသောကြောင့် “ အဲဆို ဖန်ဆင်းမှု ခေတ်ကာလအတွင်း မွေးဖွားလာတဲ့ ကျင့်ကြံသူတွေ ဖြစ်မှာပေါ့။ သူတို့မှာ ဖန်ဆင်းမှု အရင်းအမြစ်တွေ ရှိတယ်လေ ”
ခွန်းယွင်က ထောက်ခံသည့်အလား ခေါင်းညိတ်ကာ
“ ဟုတ်တယ် … ဖန်ဆင်းမှု ခေတ်ကာလအတွင်း မွေးဖွားလာတဲ့ ကျင့်ကြံသူတွေက အားအကောင်းဆုံးပဲ … နတ်ဘုရားကမ္ဘာသာ ပြီးပြည့်စုံသွားရင် စည်းမျည်း ပြီးပြည့်စုံလာတဲ့ ဖြစ်စဉ်ကနေပြီးတော့ လူများစွာက အကျိုးရလိမ့်မယ်။ ဒါက စကြဝဠာကြီးရဲ့ မူလအဆီအနှစ် ဖန်ဆင်းမှုစွမ်းအားပဲ …. ငါတို့ ကျင့်ကြံဆင့်က မီးပုံးပျံလို မြင့်တက်လာပြီးတော့ နတ်ဘုရားဘုရင်အဆင့်ကိုတောင် ကျော်သွားလိမ့်မယ် ”
မိုဝူကျိက တအံ့တဩ တုံ့ပြန်လိုက်သည် “ အဲဒါက မကောင်းဘူးလား ”
ခွန်းယွင်က မထီမဲ့မြင်ဖြင့် “ဟုတ်တာပေါ့ … ကောင်းတယ်လေ။ ဒါပေမဲ့ အဲဒီအချိန်ကျ အကုန်လုံး ကောင်းနေတာ မဟုတ်ဘူးဆိုတာ မင်းလည်း သိလာလိမ့်မယ် ”
“ ဘာလို့လဲ ” မိုဝူကျိက ခွန်းယွင်သည် သူ့ထက်စာလျှင် အတွေ့အကြုံကြွယ်ဝသူ ဖြစ်၍ မြန်မြန် မေးလိုက်သည်။ သူက ယခု မမေးလျှင် ခွန်းယွင် ထွက်သွားပြီးနောက်တွင် အရမ်းနောက်ကျသွားလိမ့်မည်။
ခွန်းယွင်က မိုဝူကျိအား သူ့ကို ကူညီလိုစေသည်မှာ သိသာလှသောကြောင့် မြန်မြန် ထွက်သွားလိုသော်လည်း အလျှင်စလို ရှင်းပြလိုက်သေး၏
“ ဒီကမ္ဘာမှာ ငါ့လိုမျိုး လူတွေ အများကြီး ရှိသေးတယ်။ တခြားသူတွေကလည်း ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ ပုန်းအောင်းနေကြတာ …. နတ်ဘုရားကမ္ဘာရဲ့ စည်းမျည်းတွေသာ ပြန်လည် ကောင်းလာရင် အစစ်အမှန် ကမ္ဘာကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီလူတွေလည်း သူတို့ရဲ့ အသက်ဓာတ် ပြန်ရလာပြီး သူတို့စည်းမျည်းတွေ ပြီးပြည့်စုံလာလိမ့်မယ်။ ငါ့အသိစိတ်ပင်လယ်ထဲကနေ မင်းထွက်လာတုန်းက မင်း ထောင်ထျဲ့တောင်ကြားကို ဖြတ်ခဲ့ရတယ်မလား။ အဲတုန်းက ငါ မင်းကို မကောင်းကြံစည်ခဲ့တာ … အဲဒီထောင်ထျဲ့က ငါ့ပြိုင်ဖက်ပဲ ”
ထိုဖော်ထုတ်ချက်က မိုဝူကျိအား နှလုံးခုန် မြန်သွားစေသည်။ သူ နိဗာန တိတ်ဆိတ်မှု ပင်လယ်ထဲ ချပစ်လိုက်သည့် လျူရှင်း၏ စိတ်စွမ်းအားအမျှင်လေး၊ လိပ်ခွံကျွန်းပေါ်ရှိ လူတစ်ယောက်နှင့် အင်မော်တယ်လောကရှိ ဓားအကျဉ်းထောင်အတွင်းမှ ထူးထူးဆန်းဆန်း ပညာရှင်တို့အကြောင်း တွေးမိသွားသည်။
ထိုလူများအားလုံးကို တွေးမိလိုက်သည့်အခါ မိုဝူကျိက သူ့ဦးခေါင်းခွံပင် ပေါက်ကွဲလုမတတ် ဖြစ်လာသည်။ သူတို့နှင့် ယှဉ်လျှင် ခွန်းယွင်က ညှိနှိုင်းဖို့ အဆင်ပြေသေး၏။
“ မိတ်ဆွေကြီး ခွန်းယွင် … ကျုပ် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပြပေးပါဦး။ တကယ်လို့ ကျုပ်သာ တစ်ခုခု ဖြစ်သွားရင် နောင်ကျ ခင်ဗျားကို ဘယ်သူမှ ကူညီနိုင်တော့မှာ မဟုတ်ဘူး ” မိုဝူကျိက ခွန်းယွင်အား မြန်မြန် တားလိုက်သည်။
မိုဝူကျိက အကူအညီ လိုအပ်သည့်အခါတိုင်း သူ့အား “ မိတ်ဆွေကြီး” ခေါ်ဆိုသည့် ကိစ္စကိုတော့ ခွန်းယွင်က ကျင့်သားရနေပြီ ဖြစ်၏။ သူက မိုဝူကျိအား ကူညီခဲ့ခြင်းမှာ မိုဝူကျိ ကျင့်ကြံသည့် လူသားတာအိုသည် သူ့အတွက် အရေးကြီးဆုံး ဖြစ်နေ၍ ဖြစ်သည်။
“ညီအစ်ကို ဝူကျိ … နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာတဲ့အခါ ဖန်ဆင်းမှုရဲ့ မူလသဘာဝစွမ်းအားတွေ အဆုံးမဲ့ ရှိလာပြီးတော့ စည်းမျည်းတချို့လည်း ပိုပြီးတော့ ပြတ်သားလာလိမ့်မယ်။ အဲဒီအချိန်ကျ မင်းရဲ့ ကျင့်ကြံဆင့်ကို တွေဝေမနေဘဲ မြန်မြန် တိုးတက်လာဖို့ လုပ်ရမယ်။ တစ်ချိန်တည်းမှာ ဖန်ဆင်းမှုနယ်မြေဆီကနေ နတ်ဘုရားကမ္ဘာ နေရာအနှံ့ နတ်ဝိညာဉ်သွေးကြောတွေ ကျလာလိမ့်မယ်။ အဲလို နတ်ဝိညာဉ်သွေးကြောမျိုးက ရဖို့ ခက်ခဲတယ်ဆိုပေမဲ့ မင်းအနေနဲ့ အနည်းဆုံး နှစ်ခုလောက်တော့ ရအောင် ယူသင့်တယ်။ အဲဒါက အကောင်းဆုံး ကျင့်ကြံရေး အရင်းအမြစ်တွေပဲ …. မှတ်ထား နတ်ဝိညာဉ်သွေးကြောတွေ အဝေးရောက်သွားတာနဲ့ မင်း လိုက်မဖမ်းရဘူး။ ဘာလို့လဲဆိုတော့ မင်း ဘယ်လောက်ကြိုးစား ကြိုးစား မီနိုင်မှာ မဟုတ်လို့ပဲ ”
ခွန်းယွင်က မိုဝူကျိဆီကနေ တောင်းဆိုစရာ ရှိသည့်အတွက် ဘာမှသိုဝှက်မထားဘဲ အမှန်အတိုင်း ပြောပြနေသည်။
***