အခန်း (၁၀၅၅)
Vol. 76 Ch. 1055
မိုဝူကျိက အလေးအနက်ထားပြီး ဦးညွှတ်ကာ “ မိတ်ဆွေကြီး ခွန်းယွင် ကျေးဇူးပါ … ခင်ဗျား ပြောတာအပြင် တခြားနည်းလမ်းရော ရှိသေးလား ”
ဤတစ်ကြိမ်၌ မိုဝူကျိက အမှန်တကယ် စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်း ခွန်းယွင်ကို ကျေးဇူးတင်နေမိသည်။ အကယ်၍ ခွန်းယွင်၏ သတိပေးချက်သာ မရှိလျှင် သူ့အနေနှင့် အကျိုးမြတ်တချို့ ရမည်ဆိုသော်လည်း ရည်မှန်းချက်မရှိ လုပ်ကိုင်နေခြင်းသာ ဖြစ်ပေမည်။
ခွန်းယွင်က တုံ့ဆိုင်းနေပြီးနောက် အဆုံးသတ်တွင် ထုတ်ပြောလိုက်ရသည်
“ ဒီလို ဖန်ဆင်းမှုအချိန်ကာလအတွင်း အရင်းအမြစ်တိုက်ပွဲမျိုးမှာ အားလုံးက ကျင့်ကြံဆင့် သိသိသာသာ မြင့်တက်လာကြလိမ့်မယ်။ ဒါပေမဲ့ တကယ့် တိုက်ပွဲက နတ်ဘုရားကမ္ဘာရဲ့ စည်းမျည်းတွေ ပြီးပြည့်စုံပြီးတဲ့နောက်ပိုင်းမှ စလာမှာ … အရင်းအမြစ်တိုက်ပွဲတွေက လူတစ်ယောက် ကျင့်ကြံရေးလမ်းစဉ်ပေါ် ဘယ်လောက်အထိ လျှောက်လှမ်းနိုင်ကြောင်း ဆုံးဖြတ်ပေးနိုင်တယ် ”
“ ဘာကိုဆိုလိုတာလဲ ” မိုဝူကျိက မြန်မြန် မေးလိုက်၏။
“ ကံကြမ္မာလေ ” ခွန်းယွင်က အသာအယာ ပြောလိုက်သည်။
ဤသည်က မိုဝူကျိအား အံ့ဩသွားစေပြီး ခွန်းယွင်အား ပြောနေရင်း စိုက်ကြည့်လိုက်သည် “ ခွန်းယွင် … ခင်ဗျား နတ်ဘုရားကမ္ဘာရဲ့ ကံကြမ္မာကို ယူဖို့ တွေးနေတာ မဟုတ်ဘူးမလား”
ခွန်းယွင်က အေးစက်စက် ရယ်မောလိုက်ပြီး “ နတ်ဘုရားကမ္ဘာရဲ့ ကံကြမ္မာကို ယူဖို့လား … ငါ့ကို ဘယ်သူများ ထင်နေတုန်း။ မင်း ထပ်သိချင်သေးလား မဟုတ်ရင် ငါ ထွက်သွားတော့မယ် ”
မိုဝူကျိက ခွန်းယွင်အား အမြန်အဆန် တားလိုက်ပြီး ပြုံးကာ ပြောလိုက်၏ “ ဒါပေါ့ ကျုပ် ထပ်သိချင်သေးတာပေါ့။ အစ်ကိုခွန်းယွင်က သင်ပြပေးပါဦး ”
ခွန်းယွင်က ဆက်ပြောလိုက်သည်
“ နတ်ဘုရားကမ္ဘာ ပြီးပြည့်စုံသွားတဲ့အခါ ကံကြမ္မာက အသိပ်သည်းဆုံး ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျ အရင်ဦးဆုံး စတဲ့သူက ကံကြမ္မာအများဆုံး ရလိမ့်မယ်။ အဲဒီ ကံကြမ္မာက မင်း တခြားသူတွေကို တိုက်နိုင်တာမျိုး မဟုတ်ဘူး။ မင်းက ဝိဇ္ဇာတစ်ယောက် ဖြစ်နေရင်တောင် မင်းအတွက် တခြားသူဆီကနေ ကံကြမ္မာကို ယူဖို့ အရမ်းခက်လိမ့်မယ်။ ကံကြမ္မာက နတ်ဘုရားကမ္ဘာရဲ့ စည်းမျည်းကနေ ဖြစ်တည်လာတာဆိုတော့ လူတစ်ယောက်စီအတွက် ကံကြမ္မာဘယ်လောက် ရမလဲဆိုတာ အခွင့်အရေးပေါ်မှာပဲ မူတည်တယ် ”
“ မိတ်ဆွေကြီး ခွန်းယွင် … နတ်ဘုရားကမ္ဘာကနေ ကံကြမ္မာကို ပိုရနိုင်တဲ့ နည်းလမ်းလေးများ မရှိဘူးလား ” မိုဝူကျိက ထိုသတင်းကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားလာမိသည်။ ခွန်းယွင်က စိတ်ထဲတွင် တစ်ခုခု ရှိနေသည်မှာ သိသာလှ၏။
ခွန်းယွင်က ပခုံးတွန့်ကာ “ ကံကြမ္မာ ဘယ်လောက်ရရ တကယ့် တာအိုတိုက်ပွဲကြားမှာ အနိုင်ရသူ ထွက်ပေါ်လာဖို့ အတော်လေး ခက်လိမ့်မယ် ”
“ တာအိုကြားက တိုက်ပွဲဆိုတာ ဘာလဲ ” မိုဝူကျိက ဝင်ဖြတ်မေးလိုက်သည်။
“ အချိန်ကျလာတဲ့အခါကျ သိလာပါလိမ့်မယ်…. မင်းကို အဲကိစ္စကို ပြောပြလို့ မရသေးဘူး ” ခွန်းယွင်က တုံ့ဆိုင်းမနေဘဲ ရှင်းပြဖို့ ငြင်းဆန်လိုက်သည်။
မိုဝူကျိက ခွန်းယွင်၏ ရည်ရွယ်ချက်ကို နားလည်သည့်အလား ပြန်ပြောလိုက်လေ၏ “ မိတ်ဆွေျကြီး ခွန်းယွင်က ကျုပ်ကို ကံကြမ္မာများများ ရနိုင်မဲ့နည်းလမ်းကို ပြောပြပေးလို့ ရမလား ”
“ ဂိုဏ်းတစ်ခုကို တည်ထောင်လိုက် … ဂိုဏ်းကို တည်ထောင်မှသာ ကံကြမ္မာကို ပိုရလာလိမ့်မယ်။ ဂိုဏ်းက ထိပ်သီးဂိုဏ်း ဖြစ်ဖို့ နီးကပ်လာလေလေ ဖန်ဆင်းမှုရဲ့ ကံကြမ္မာကို ပိုရလာလေလေပဲ။ အဲဒီကံကြမ္မာက ဂိုဏ်းသားတွေအတွင်း ခွဲဝေပေးနိုင်ရုံတင် မကဘူး။ တည်ထောင်သူက အများဆုံး ရလိမ့်မယ် ” ခွန်းယွင်က မိုဝူကျိအား စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဂိုဏ်းတည်ထောင်ဖို့လား …
မိုဝူကျိက ဖင်းဖန် တည်ထောင်ရန် ကြံစည်ထားသော်လည်း သူ့ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေပြီး တခြားအင်အားစုများနှင့်လည်း ဆက်သွယ်မှု မရှိတာကြောင့် လျှောက်သွားနေရုံသာ တတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ဂိုဏ်းကို မတည်ထောင်ဖြစ်ခဲ့ပေ။
“ မိတ်ဆွေကြီး ခွန်းယွင် … အရှင်းဆုံးပြောရရင် ကျုပ် ဂိုဏ်း တည်ထောင်ချင်တာ ကြာလှပြီ။ ဒါပေမဲ့ ကျုပ်အင်အားက အမြဲတမ်း အားနည်နေခဲ့တာရော၊ တခြားသူတွေက ကျုပ်နောက်ကို လိုက်နေတာရောဆိုတော့ ဒီနေ့အထိ အချိန်ဆွဲမိနေခဲ့တာ …. တကယ်တော့ ကျုပ် အင်မော်တယ်လောကမှာ ဖင်းဖန်လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု ရှိတယ် ” မိုဝူကျိက “ ဖင်းဖန် ” စာလုံးအား ရေးဆွဲပြလိုက်သည်။
မိုဝူကျိ ရေးဆွဲလိုက်သည့် စာလုံးနှစ်လုံးကို မြင်သည့်အခါ ခွန်းယွင်က အနည်းငယ် မရေမရာ ဖြစ်လာမိသည်။
မိုဝူကျိ ဆိုသည်မှာ မည်သူနည်း။
သူက အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့သူ ဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် ခွန်းယွင်၏ အမူအယာမှ ခွန်းယွင်စိတ်ထဲ၌ တစ်ခုခု ရှိနေကြောင်း သိလိုက်သည်။ သူက ခွန်းယွင်အား ဆက်စဉ်းစားနေခွင့် မပေးဘဲ ပခုံးပုတ်ကာ
“ မိတ်ဆွေကြီး ခွန်းယွင် … ကျုပ်တို့က မိတ်ဆွေတွေလေ။ နောင်ကျရင် ကျုပ်လည်း ခင်ဗျားကို အကောင်းဆုံး ကူညီပေးမယ်။ အခု ကျုပ် နားမလည်တာတချို့ ရှိနေသေးတယ်။ အဲဒါကြောင့် မိတ်ဆွေကြီး ခွန်းယွင်က ကျုပ်ဆီကနေ ဘာကိုမှ လျို့ဝှက်မထားပါနဲ့လား ”
နောက်ဆုံးတွင် ခွန်းယွင်က ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်ဟန်ဖြင့်
“ ညီအစ်ကို ဝူကျိ … ဒါက မင်းကို စိတ်ချလို့ ပြောပြတာနော်။ မင်း ပြန်ကျေးဇူးတင်ဖို့ မမေ့နဲ့နော် … မဟုတ်သေးဘူး ကျေးဇူးဆပ်ဖို့ မဟုတ်ဘူး။ ဒါက မင်းရဲ့ မိတ်ဆွေဆီက စိတ်ရင်းလို့ပဲ မှတ်ယူလိုက် ”
မိုဝူကျိက ခေါင်းညိတ်ကာ “ မိတ်ဆွေကြီး … စိတ်မပူနဲ့။ ပြောပြလိုက်ပါ ”
“ ကောင်းပြီ ” ခွန်းယွင်က အံ့ကြိတ်ကာ ဆက်ပြောလိုက်သည်
“ အစ်ကိုကြီး ဝူကျိ … မင်းရဲ့ လူသားတာအိုက မဟာတာအိုတွေထဲမှာ သေချာပေါက် နံပါတ်တစ်ပဲ။ အဲဒီ မြေခွေးအိုကြီးတွေ တာအိုထက် အားနည်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အခုထိ မင်းရဲ့ လူသားတာအိုအကြောင်းကို ကောင်းကောင်း နားမလည်သေးဘူး ”
“ ကျေးဇူးပြုပြီး ပြောပြပေးပါဦး ” မိုဝူကျိက လေးလေးစားစား ဦးညွှတ်လိုက်ပြီး ခွန်းယွင်က သူ့အား သင်ပြပေးဖို့ရာ မျှော်လင့်နေမိသည်။ ယခင်က သူ့လူသားတာအို ပြီးပြည့်စုံသည်ဟု တွေးခဲ့သော်လည်း အဆုံးသတ်၌ နတ်ဘုရားကုန်းမြေ၌ ကိုယ်ပိုင်စည်းမျည်းများကို အသုံးပြု၍ ကိုယ်ပိုင်ကမ္ဘာတစ်ခု မည်သို့ တည်ဆောက်ရသည်ကိုသာ ဉာဏ်အလင်းပွင့်ခဲ့သည်။ ဤနည်းလမ်းက သူ့အား ထာဝရကမ္ဘာအတွင်း ရှိနေသည့် သဘာဝအမြုတေများကို ဖယ်ရှားပစ်ပြီး ကိုယ်ပိုင် စည်းမျည်းများနှင့် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့၏။ ထာဝရကမ္ဘာသည်လည်း လူသားကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။
ဤဦးစားပေးမှုမျိုးဖြင့် မိုဝူကျိက ခွန်းယွင်သည် သူ့အား လူသားတာအိုအပေါ် နားလည်မှုမှာ မနက်ရှိုင်းသေးကြောင်း ကြားစဉ် ချက်ချင်း မေးလိုက်ရခြင်း ဖြစ်၏။ သူက လူသားတာအိုကို ဖန်တီးထားခြင်း ဖြစ်သော်လည်း ခွန်းယွင်လို လူအိုကြီး၏ အတွေ့အကြုံကိုတော့ သူ လိုက်မမီနိုင်ပေ။
ခွန်းယွင်က တစ်လုံးချင်းစီ ရှင်းပြလိုက်သည်
“ မင်းရဲ့ ဂိုဏ်းနာမည်က မှားနေတယ်။ မင်းက လူသားတာအိုကို ကျင့်ကြံတယ်။ အရာအားလုံးက သာမာန်အတွင်းမှာပဲ ရှိသင့်တယ်။ ဒါပေမဲ့ မင်း ဖင်းဖန်ကို သုံးထားတာက မင်းရဲ့ မူလတာအိုကို စွန့်ပယ်ထားသလို ဖြစ်နေတယ်။ အဲဒါက မင်းရဲ့ စိတ်နှလုံးသား အခြေအနေမှာ ပြဿနာ ဖြစ်သွားတယ်။ အဲဒါကြောင့် မင်း သာမာန်ဆိုတဲ့ နာမည်ကို ပြန်ပြောင်းသင့်တယ်။ ဂိုဏ်းက မင်းရဲ့ တာအိုနဲ့ အနီးကပ် ဆက်နွယ်သွားပြီးတော့ မင်းကို ကံကြမ္မာ ပိုရအောင် လုပ်ပေးလိမ့်မယ် ”
(မှတ်ချက် - ဖင်းဖန်က တရုတ်စာလုံးမှာ သာမာန်ဆိုတာမျိုးနဲ့ အဓိပ္ပါယ်တူပေမဲ့ ဖန်ကို သုံးထားတာက ကွဲလွဲနေတာပါ။ နောက် ပြောင်းလိုက်တဲ့ ဖန်က လူသားတာအိုနဲ့ အနီးကပ် ဆက်နွယ်တဲ့ ဖင်းဖန်ပါ )
ခွန်းယွင် စကားက မိုဝူကျိစိတ်အား တူနှင့် ထုရိုက်လိုက်သလို ဖြစ်ကာ မိုဝူကျိက သူ့ဘာသာ ရေရွတ်လိုက်သည် “ ဒီလိုကိုး ”
အစပိုင်းတွင် သူက “ သာမာန် ” နာမည်ကို စဉ်းစားမိသော်လည်း “ ဖင်းဖန်” လောက် မကြီးကျယ်ပေ။ သို့သော်လည်း သူက လူသားတာအိုကို ကျင့်ကြံသည့်အတွက် အဘယ်ကြောင့် နာမည်ကောင်းကောင်း လိုအပ်မည်နည်း။ “ သာမာန်” က သာမာန် ဖြစ်လာကာ သူ့ဂိုဏ်းနာမည်က သူ မည်မျှ သာမာန် ဖြစ်နေကြောင်း မဖော်ပြနိုင်လျှင် သူ့တာအိုက မည်သို့ သာမာန်ဖြစ်ကာ စစ်မှန်တော့မည်နည်း။ အစပိုင်းတွင် သူ့ထာဝရကမ္ဘာက လူသားကမ္ဘာအဖြစ် ပြောင်းလဲသွားသည့်အခါ နောက်ကွယ်၌ အဓိပ္ပါယ်အစစ်အမှန် ရှိနေခဲ့သည်။ သူက နားမလည်ခဲ့ရုံမျှသာ ဖြစ်၏။
မိုဝူကျိ၏ နားလည်နိုင်စွမ်းမှာ ထိပ်တန်း ဖြစ်၏။ သူ့တွင် ဆရာ တစ်ခါမှ မရှိဖူးသလို အရာအားလုံးကို သူကိုယ်တိုင်သာ လေ့လာခဲ့ရသည်။ ယခု ခွန်းယွင်က သူ့အား လမ်းညွှန်ပေးနေလေရာ ရုတ်ချည်းဆိုသလို ဉာဏ်အလင်းပွင့်သွားသည်။
“ မိုဝူကျိက အစ်ကိုကြီး ခွန်းယွင်ရဲ့ အကြံအဉာဏ်အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် အများကြီး သင်ယူခဲ့ရပါတယ်။ အရင်တုန်းက ကျုပ်ကို ချောက်ချခဲ့တာတွေကိုလည်း ဗွေမယူတော့ပါဘူး။ နောင်ကျ ကျုပ် အကူအညီ တစ်ခုခု လိုအပ်ရင် ကျုပ် မိုဝူကျိက အကောင်းဆုံး ကြိုးစားပြီး ကူညီပေးပါ့မယ် ” မိုဝူကျိက ခွန်းယွင်အား လေးလေးစားစား ဦးညွှတ်လိုက်သည်။
စကားတစ်ခွန်းဖြင့် တစ်စုံတစ်ယောက်ကို ဉာဏ်အလင်းပွင့်သွားစေသည်။
ထိုအရာက ဝန်ပိစေသည့် စကားတစ်ခွန်းလား …. ခွန်းယွင်၏ စကားက ဝန်ပိစေသည့် စကားလား
ဤဖြစ်စဉ်က မိုဝူကျိအား သူ့မဟာတာအိုကို ရှင်းရှင်းလင်းလင်း ပို၍ နားလည်သွားစေသည်။
သူက လူသားတာအို လမ်းစဉ်ကို လိုက်ခဲ့သော်လည်း သာမာန် ဟူသော စကားမှာ လူသားတာအိုနှင့် မလိုက်ဖက်ကြောင်း အတွေးအမြင် ဖြစ်ပေါ်ခဲ့သည်။ ဤသည်ကား လမ်းကြောင်းမှန်မှ သွေဖယ်သွားစေ၏။
ဤသည်မှာ သားတစ်ယောက်က မိခင်ဖြစ်သူကို ရုပ်ဆိုးသည်ဟု ရှုံ့ချသလိုမျိုး ဖြစ်နေပြီး ပျက်စီးရာပျက်စီးကြောင်း ဖြစ်နေလေရာ မိုဝူကျိက ထိုအရာကို တကယ်ကြီး လုပ်ခဲ့မိသည်။ ပို၍ ဆိုးသည်က သူကား ပျော်ပျော်ကြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်က အကြောင်းရှိ၍ အကျိုးဆက် ဖြစ်ပေါ်လာခြင်း မဟုတ်ပါလော။
ခွန်းယွင်ကဲ့သို့သော ထိပ်တန်းပညာရှင်မျိုးသာ အတွင်းရှိ အရှုပ်အထွေးကို နက်နက်ရှိုင်းရှိုင်း တူးဖော်နိုင်လိမ့်မည်။
အတွင်းပိုင်းအထိ လေ့လာကြည့်သည်မှာ ကိစ္စတစ်ခု ဖြစ်သော်လည်း ရှင်းပြနိုင်စွမ်း ရှိခြင်းက နောက်ထပ် ကိစ္စရပ် ဖြစ်၏။ တချို့လူများက နက်နက်ရှိုင်းရှိုင်း နားလည်စွမ်း ရှိသော်လည်း ရှင်းမပြနိုင်ကြပေ။ ထိုအကြောင်းအရင်းကြောင့် မိုဝူကျိက ခွန်းယွင်ကို ကျေးဇူးတင်မိခြင်း ဖြစ်၏။ ဤသည်မှာ အမှန်တကယ်ကို ဉာဏ်ကွန့်မြူးမှု ဖြစ်လာစေသည်။
ခွန်းယွင်က မိုဝူကျိသည် ထိုအကြောင်းအား သေချာသဘောပေါက်သွားသည်ကို တွေ့သောအခါ မိုဝူကျိကို ပြောပြလိုက်မိသည့်အတွက် နောင်တအနည်းငယ် ရမိသွားသည်။ ထို့နောက် မိုဝူကျိ ပြောလိုက်သည်က သူ့စိတ်အခြေအနေကို ပြန်လည် တည်ငြိမ်သွားစေပြီး မိုဝူကျိကို မပြောဘဲ ထားလိုက်ခြင်းက သူ့ကိုယ်သူ အကျိုုးမရှိရုံသာမက တခြားသူကိုလည်း ထိခိုက်နိုင်ကြောင်း သတိပြုမိလိုက်သည်။ ဤသို့အချက်အလက် လျို့ဝှက်ထားခြင်းကား သူ့အား ကူညီပေးနိုင်မည် မဟုတ်ပေ။
ယခု သူက မိုဝူကျိကို အားလုံး ပြောပြလိုက်ပြီ ဖြစ်ရာ မိုဝူကျိကလည်း သူ့အကောက်ချခဲ့သည့် ကိစ္စကို လျစ်လျူရှုပေးလိုက်သည်။ သူ့အတွက် ပြန်ရသည်မှာ မဆိုးလှပေ။
“ ဟားဟား … ညီအစ်ကို ဝူကျိရဲ့ နားလည်နိုင်စွမ်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ နောင်ကျ ငါ မင်းတို့ ဂိုဏ်းရဲ့ ကာကွယ်မှုကို လိုအပ်လာလောက်တယ် ” ခွန်းယွင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
မိုဝူကျိက ခွန်းယွင်ကို ဂိုဏ်းတည်ထောင်မည်လားဟု မမေးပေ။ ခွန်းယွင်လို လူအိုကြီးတွင် ကံကြမ္မာကို စုစည်းနိုင်ရန် နည်းလမ်းများစွာ ရှိနေသည်မှာ သိသာလှ၏။
“ အစ်ကိုကြီး မစိုးရိမ်ပါနဲ့ … ကျုပ်ဂိုဏ်းသာ တည်ထောင်ပြီးသွားရင် ခင်ဗျား လာချင်တဲ့အချိန် ကြိုဆိုနေမှာပါ ” မိုဝူကျိ၏ လေသံက ယခင်ထက် ပို၍ ရိုကျိုးလာသည်။
“ကြည့်ရတာ မင်းဂိုဏ်းရဲ့နာမည်ကို သာမာန်အဖြစ် ပြောင်းဖို့ အဆင့်သင့် ဖြစ်နေပြီ ထင်တယ် ” ခွန်းယွင်က ပြုံးလိုက်သည်။
မိုဝူကျိက ခေါင်းခါကာ “ မဟုတ်ဘူး .. ကျုပ် အစကတည်းက လူသား သေမျိုးတစ်ယောက်လေ။ ကျုပ် နတ်ဘုရားကမ္ဘာမှာ ဂိုဏ်းတည်ထောင်ရင် နာမည်က လူသား ဆိုတာ ဖြစ်လိမ့်မယ် ”
ဤစကားက ခွန်းယွင်အား အံ့အားသင့်သွားစေပြီး မိုဝူကျိ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။ မိုဝူကျိ ပြုလုပ်လိုက်သည်က ပို၍ပင် အဆင့်မြင့်နေသေး၏။ ထို့ကြောင့် သူက သက်ပြင်းချကာ
“ တကယ်လို့ မင်း ဒီတိုက်ပွဲတွေကြားမှာ အသက်ရှင်နိုင်ခဲ့ရင် မင်း ကမ္ဘာရဲ့ ထိပ်သီးပညာရှင်ထဲက တစ်ယောက် ဖြစ်လာလိမ့်မယ် ”
ထိုစကားအဆုံးတွင် ခွန်းယွင်က ဖြတ်ခနဲ ပျောက်ကွယ်သွားပြန်သည်။ သူ့နောက်ဆုံးစကားက သူ အမှန်တကယ် ခံစားမိသည့်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။ ဤတစ်လျှောက်လုံး သူက မိုဝူကျိကို အထင်သေးမိခြင်း မရှိခဲ့ပေ။ ယခု ဤဖြစ်စဉ်၌ သူက မိုဝူကျိကို လျော့တွက်မိသွားကြောင်း သိလိုက်၏။ ဉာဏ်ကွန့်မြူးနိုင်သည့် အဆင့်မှာ ယခင်က သူ မကြုံတွေ့ဖူးခြင်းတော့ မဟုတ်ပေ။
အကယ်၍ တစ်ယောက်ယောက်သာ မိုဝူကျိကို လမ်းညွှန်ပေးလျှင် သူ့အောင်မြင်မှုများက လက်ရှိအခြေအနေတင် ကမည် မဟုတ်ပေ။ သို့သော် မိုဝူကျိ၏ ကိုယ်ပိုင် လေ့လာခြင်းကလည်း သိပ်တော့ မဆိုးပေ။ သူက အစပိုင်းတွင် အခက်အခဲ အတားအဆီးများစွာ တွေ့နိုင်သော်လည်း အဆုံးသတ်၌ ပို၍ပင် အောင်မြင်သွားနိုင်သည်။
***
ခွန်းယွင် ထွက်သွားပြီးနောက် မိုဝူကျိက စိတ်ဆုံးဖြတ်လိုက်သည်။ ဤစကြဝဠာအကျယ်ကြီး၌ မဟာတာအိုပေါင်း သန်းနှင့်ချီ ရှိနေလေရာ လူသားတာအိုက တခြားအရာများထက် အားနည်းလိမ့်မည်ဟု မယုံပေ။
သူက နတ်ဘုရားကမ္ဘာ၌ လူသားဂိုဏ်းကို တည်ထောင်ရမည်။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်မှ မွန်းကျပ်ဖွယ် သေမျိုးနယ်မြေလိုတော့ မဟုတ်ပေ။
***