← Chapters

စိတ်ဝိညာဉ် ရှာဖွေရေး နတ်ပိုးကောင်

Vol. 76 Ch. 1057

စိတ်ဝိညာဉ် ရှာဖွေရေး နတ်ပိုးကောင်

Vol. 76 Ch. 1057

“ ကျွန်တော်တို့ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်အတွက် တိုက်ပွဲဖြစ်နေတုန်း စိတ်ဝိညာဉ် ရှာဖွေရေး နတ်ပိုးကောင်ကို တွေ့ခဲ့တယ် ”

“ ဝေရု … မငးက အဲဒီ ပိုးကောင်ကို တွေ့ခဲ့တာလား ” မိုဝူကျိက ဝေရုကို ဖြတ်မေးလိုက်သည်။

ထိုပိုးကောင်က နတ်ဘုရားလောက၌ အားလုံးအတွက် အလိုရှိဆုံးအရာထဲမှ တစ်ခုအဖြစ် ယူဆ၍ ရပေသည်။ ဤသို့ ပိုးကောင်တစ်ကောင် ရရှိလိုက်ခြင်းက နောင်အနာဂတ်၌ ကျင့်ကြံရေး အရင်းအမြစ် ပြတ်လပ်သွားမည်ကို စိုးရိမ်စရာ မလိုကြောင်း ဆိုလိုခြင်းသာ ဖြစ်၏။ အကယ်၍ ထိုပိုးကောင် ရှိကြောင်း သတင်းသာ ထွက်သွားခဲ့လျှင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေလိမ့်မည်။

ဝေရုက ခေါင်းညိတ်ကာ

“ ဟုတ်တယ် … အဲဒီ ပိုးကောင်က ကျင့်ကြံရေး အရင်းအမြစ်တွေ ရှာပေးတဲ့အပေါ် ကျွန်တော် အားထားနေရတာ … အဲဒီပိုးကောင်ကြောင့် ကျွန်တော် အရွက်မဲ့တောအုပ်ထဲ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက် နေရာတွေကိုလည်း မကြာခဏ တွေ့ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါရမီ မကောင်းတာ နှမြောစရာပဲ … ဒီနေ့အထိ ကောင်းကင်နတ်ဘုရား အဆင့် ၅ ထိပဲ ရောက်သေးတယ် ….

အရွက်မဲ့တောအုပ်ထဲမှာ အတော်လေး ကောင်းတဲ့ စိတ်ဝိညာဉ် ဗဟိုချက်ကို ရှာတွေ့တဲ့အခါ ရှိခဲ့တယ်။ ကျွန်တော် အထဲဝင်မလို ရှိတုန်း ကောင်းကင်နတ်ဘုရား အဆင့် ၃ ကျင့်ကြံသူနဲ့ တွေ့လိုက်ရတယ်။ အဲတုန်းက ကျွန်တော်က ကောင်းကင်နတ်ဘုရား အဆင့် ၁ ပဲ ရှိသေးပြီးတော့ ကျင့်ကြံဆင့်ကလည်း မတည်ငြိမ်သေးဘူး။ ကျွန်တော် အသတ်ခံရခါနီးလေးမှာ ရှန်းယွီ ပေါ်လာတာ ….

သူမက အသက်ကို စတေးပြီး အဲဒီကောင်းကင်နတ်ဘုရား အဆင့် ၃ ကျင့်ကြံသူကို တိုက်ခိုက်ရေးအဆောင်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးကျ သူမက ဒဏ်ရာအပြင်းအထန် ရနေတဲ့ ကျွန်တော်နဲ့အတူတူ ထွက်ပြေးလာခဲ့ရတယ် ”

မိုဝူကျိက မုရုန်ရှန်းယွီလို မိန်းမမျိုးသည် သူစိမ်းတစ်ယောက်အတွက် အသက်စွန့် ကယ်မည် မဟုတ်ကြောင်း သေချာသိနေသည်။ သူမတွင် လှည့်ကွက်တချို့ ရှိကို ရှိရမည်။

“ အဲဆို မင်းရဲ့ စိတ်ဝိညာဉ် ရှာဖွေရေး ပိုးကောင်ကရော ” မိုဝူကျိက မေးလိုက်၏။

“ အဲဒါက ရှန်းယွီဆီမှာ …. သူမဆီမှာ အာကာပြင် ရတနာတစ်ခု ရှိတယ်လေ။ အဲဒီ ပိုးကောင်လေး ကြီးထွားအောင် ကျွန်တော်ကို ကူစောင့်ရှောက်ပေးနေတာ။ ကျွန်တော်ရဲ့ သားရဲအိတ်ထက် ပိုကောင်းတယ်လေ ”

ထိုအရာကို ကြားပြီး မိုဝူကျိက သက်ပြင်းချပြီး ဘာမှမပြောဘဲ ခေါင်းသာ ခါလိုက်တော့သည်။

“ တာ့ရှီရှုန်း ….  တစ်ခုခုများ မှားနေလို့လား ” ဤတစ်ကြိမ်၌ ဝေရုက မိုဝူကျိ အမူအယာကို သတိပြုမိသွားပြီး သူ့အပြုအမူကို မထောက်ခံသည့်ဟန် ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ဝေရုအား ကြည့်လိုက်ကာ မိုဝူကျိက ပြောလိုက်၏  “ ညီလေး ဝေရု … မင်း ငါ့ကို ယုံတယ်မလား ”

“ ဒါပေါ့ … ကျွန်တော် တာ့ရှီရှုန်းကို ယုံတာပေါ့ ” ဝေရုက တည့်တိုးသာ တန်းဖြေလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ

“ ဟုတ်ပြီ … မင်းက ငါ့ကို ယုံမှတော့ ဘာကိုမှ ဖုံးကွယ်မထားတော့ဘူး။ ငါ မုရုန်ရှန်းယွီ မင်းကို ကယ်တဲ့ အကြောင်းအရင်းကို မသိလောက်ပေမဲ့ သူမက အကောင်းနဲ့ လုပ်တာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ ဖြစ်နိုင်တာက သူမက မင်းဆီမှာ စိတ်ဝိညာဉ် ရှာဖွေရေး ပိုးကောင် ရှိကြောင်း သိထားလောက်တယ် … သူမက အဲဒီနည်းလမ်းကို သုံးပြီး မင်းနဲ့ ရင်းနှီးဖို့ လုပ်လိုက်တာပဲ ”

စိတ်ဝိညာဉ် ရှာဖွေရေး ပိုးကောင်သည် ပိုင်ရှင်တစ်ဦးတည်းကိုသာ အသိအမှတ်ပြု၏။ မိုဝူကျိ၏ အမြင်အရ မုရုန်ရှန်းယွီသည် ဝေရုတွင် ပိုးကောင် ရှိထားကြောင်း သိပြီး၍ လှုပ်ရှားခြင်းသာ ဖြစ်လိမ့်မည်။

“ အာ  …. မဖြစ်နိုင်လောက်ပါဘူး ” ဝေရုက မြန်မြန် ခေါင်းခါကာ  “ တာ့ရှီရှုန်းက ရှန်းယွီကို နားမလည်လို့ နေမှာပါ။ သူမက စိတ်ဝိညာဉ် ဗဟိုချက်ကို တွေ့တိုင်း ကျွန်တော်ကို အကောင်းဆုံး နေရာပေးတာမျိုး ဒါမှမဟုတ် အရင်ဆုံး ကျင့်ကြံခိုင်းတာမျိုး လုပ်ပေးလေ့ရှိတယ် ”

မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး

“ စိတ်ဝိညာဉ် ဗဟိုချက်တွေက အမြဲတမ်း မြန်မြန် ခမ်းခြောက်မသွားဘူးလား ”

ဝေရုက အရိုးသားဆုံး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏  “ အဲလိုမျိုးပဲ …. လူနှစ်ယောက် အတူတူ ကျင့်ကြံတာဆိုတော့ နတ်ဝိညာဉ်စွမ်းအားက အကုန်မြန်တယ် ”

မိုဝူကျိက လူနှစ်ယောက်သည် ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကို ကုန်ခမ်းစေနိုင်လိမ့်မည်ဟု မယုံပေ။ မုရုန်ရှန်းယွီတွင် လော့ကျမ်းစာရွက် အချိန်ပြောင်းလဲရေး ရှိထား၍ သူမအား ဝေရုထက်ပို၍ ပိုမို စုပ်ယူနိုင်စေလိမ့်မည်။  သူတို့ အတူတူ ကျင့်ကြံနေစဉ် ဝေရုက သူမ ထက်ပို၍ နတ်ဝိညာဉ်စွမ်းအားများ စုပ်ယူနိုင်သည်ဆိုလျှင် ယုတ္တိမတန်ပေ။ မိုဝူကျိက သူမ ကံကောင်းမှုကို အံ့ဩမိ၏။ သူက လော့ကျမ်းစာရွက် ခြောက်ရွက် ရရှိထားသော်လည်း ထိုအထဲတွင် အချိန်စည်းမျည်းနှင့် ပတ်သတ်သည့်အရာဟူ၍ မတွေ့ရပေ။

“အဲဆို မုရုန်ရှန်းယွီရဲ့ လက်ရှိ ကျင့်ကြံဆင့်က ဘယ်လောက်လဲ ” မိုဝူကျိက ဆက်မေးလိုက်သည်။

ဝေရုက တာ့ရှီရှုန်းသည် မုရုန်ရှန်းယွီအပေါ် မည်သည့်အတွက်ကြောင့် ဆန့်ကျင်နေမှန်း မသိသော်ငြား သူက ပြန်ဖြေလိုက်သည်  “ သူမက အခု ကောင်းကင်နတ်ဘုရား အဆင့် ၄ ပါ။ သူမက ကျွန်တော်ထက် ပါရမီကောင်းတော့ သူမ ကျင့်ကြံနှုန်းက ကျွန်တော်ထက် မြန်တယ် ”

မိုဝူကျိက အသာပြန်ပြောလိုက်၏

“ မင်း မှားနေပြီ … မုရုန်ရှန်းယွီရဲ့ ကျင့်ကြံဆင့်က ကောင်းကင်နတ်ဘုရား အဆင့် ၄ မဟုတ်ဘဲနဲ့ ကောင်းကင်နတ်ဘုရား အဆင့် ၈ ပဲ ”

“ တာ့ရှီရှုန်းက ဘယ်လိုလုပ် သိတာလဲ ” ဝေရုက တအံ့တဩ မေးလိုက်သည်။

“ ငါ့မျက်လုံးနှစ်လုံးနဲ့ တွေ့လိုက်ရတာ ” မိုဝူကျိ စကားအဆုံးတွင် သူတို့ရှေ့သို့ ပိန်ပါးပါး ပုံရိပ်လေး ရောက်ရှိလာသည်။ ဤသည်မှာ ကြာပန်းစိမ်း ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦး ဖြစ်ကာ ဖြူစင်ကြင်နာတတ်သည်ဟု ထင်မှတ်နိုင်ပေသည်။

“ ရှန်းယွီ ” ဝေရုက စိတ်လှုပ်ရှားစွာ ထုတ်ခေါ်လိုက်သည်။

“ မိုဝူကျိ …” မုရုန်ရှန်းယွီက တအံ့တဩ ရေရွတ်လိုက်ပြီး နောက်ဆုတ်လိုက်၏။ သူမက မိုဝူကျိသည် ဤသို့နေရာမျိုး၌ ပေါ်လာသည့် အကြောင်းအရင်းအား နားမလည်နိုင်ပေ။

မိုဝူကျိ၏ အောင်မြင်မှုက ပြန့်နှံ့နေသောကြောင့် နတ်ဘုရားလောကရှိ လူတိုင်းက သူ့အကြောင်းကို သိကြပေသည်။ သို့သော် သူ နှစ်တစ်သောင်းကြာ ပျောက်ကွယ်သွားမှုကြောင့် အားလုံးက သူ့အား မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။ မုရုန်ရှန်းယွီက နတ်ဘုရားလောကသို့ ရောက်ရှိသည်မှာ သိပ်မကြာမြင့်သေးသောကြောင့် သူမ ရောက်လာသည့်အခါ မည်သူကမှ မိုဝူကျိအကြောင်း မပြောကြတော့ပေ။ ထို့အပြင် ဝေရုကလည်း မိုဝူကျိအကြောင်း တစ်ခါမှ ထုတ်မပြောဖူးသောကြောင့် မိုဝူကျိသည် နတ်ဘုရားလောကတွင် ရှိနေကြောင်း မသိခဲ့ရပေ။

“ မင်းတို့နှစ်ယောက်က သိနေတာလား ” ထိုအခါမှ ဝေရုသည် အဖြစ်အပျက်ကို နားလည်သွားတော့သည်။ တာ့ရှီရှုန်းသည် မုရုန်ရှန်းယွီအပေါ် အမြင်ကောင်းမရှိသည့်အတွက် သူတို့နှစ်ဦးကြား ပဋိပက္ခ ရှိနေသည်မှာ  သေချာလှသည်။

မုရုန်ရှန်းယွီအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီးနောက် မိုဝူကျိက သူမ သူ့လော့ကျမ်းစာရွက်ကို လုယူဖို့ ကြိုးစားမည်လားဟု စောင့်ကြည့်လိုက်သည်။ အကယ်၍ သူမသာ တိုက်ခိုက်လာလျှင် သူလည်း ထိန်းချုပ်ထားမည် မဟုတ်ပေ။

“ ဝေရု သွားကြစို့  … ဒီလူ ရှိနေတဲ့နေရာမှာ မနေချင်ဘူး ” မိုဝူကျိကို အံ့ဩသွားစေသည်က မုရုန်ရှန်းယွီသည် သူ့အား ဘာမှမလုပ်ပေ။

သူ့ခန့်မှန်းချက်အရ သူမလိုမျိုး မိန်းမသည် သူ့အား ပုရွက်ဆိတ်တစ်ကောင်လို  စဉ်းစားပြီး သူ့လော့ကျမ်းစာရွက်ကို အတင်းလုယူဖို့ ကြိုးစားပေလိမ့်မည်။

“ ရှန်းယွီ … မင်းက တာ့ရှီရှန်းကို အထင်လွဲနေတာ နေမှာပါ။ တာ့ရှီရှုန်းက အရမ်းမြင့်မြတ်ပြီးတော့ သတ္တိလည်း ရှိသလို ဇဝနဉာဏ်လည်း ရှိတယ်။ ကျုပ် သူနဲ့ အတူတူ ထွက်သွားတော့လို့ အတူတူ မလိုက်ချင်ဘူးလား ” ဝေရုက သူတို့နှစ်ယောက်ကြားတွင် မည်သည့်ရန်ငြိုး ရှိနေမှန်း မသိသော်လည်း သူက တာ့ရှီရှုန်းအား သူ့အကောင်းဆုံး မိတ်ဆွေ မုရုန်ရှန်းယွီနှင့် ရန်ငြိုးမဖြစ်စေလိုပေ။

သူ့စိတ်ထဲ၌ မုရုန်ရှန်းယွီကို တာအိုလက်တွဲဖော်အဖြစ်အထိ နှစ်သက်နေမိသည်။ သို့သော်လည်း အကြိမ်များစွာ အရိပ်အယောင် ပြထားသော်လည်း သူမက တုံ့ဆိုင်းနေဆဲသာ ဖြစ်ကာ ကျင့်ကြံဖို့ရာသာ ပြောနေလေ့ရှိသည်။

“ ဝေရု … ငါ သူနဲ့ မလိုက်နိုင်ဘူး။ တကယ်လို့  နင် ငါ့ကို ယုံရင် ငါတို့ အရွက်မဲ့တောအုပ်ထဲ သွားပြီး အဆင့်မြင့်မြင့် တက်ဖို့ ကြိုးပမ်းကြတာပေါ့ ” မုရုန်ရှန်းယွီက ဖြောင့်ဖြလိုက်သည်။

ဤသည်က ဝေရုစိတ်ထဲမှ မီးတောက်လေးကို နှိုးဆွလိုက်သလို ဖြစ်သွားသည်။ သူမ စကားများအရ သူမသည် သူနှင့် ကျန်ရှိနေသော တစ်ဘဝလုံး အတူတူဖြတ်သန်းရန် ပြောနေခြင်း မဟုတ်ပါလော။ ဤသည်မှာ သူ လိုချင်နေသည်နှင့် ကွက်တိ ဖြစ်သောကြောင့် မိုဝူကျိကို မသိမသာ ကြည့်လိုက်မိသည်။

မိုဝူကျိက တည်တည်ငြိမ်ငြိမ်ဖြင့်

“ညီလေး ဝေရု … မင်းဘာသာ ဆုံးဖြတ်ချက် ချလိုက်ပါ။ တကယ်လို့ ငါနဲ့ အတူတူ လိုက်ရင် အဲဒီမိန်းမနဲ ထပ်ပတ်သတ်ပြီး ပြဿနာကြားထဲ ရောက်စရာ မလိုတော့ဘူး။ တကယ်လို့ ငါ့စကားတွေကို မယုံဘူးဆိုရင်လည်း ငါတို့တွေ ကိုယ့်လမ်းကို သွားကြတာပေါ့ ”

မိုဝူကျိက ပြောပြထားပြီးပြီ ဖြစ်၍ ဝေရုအား ထပ်၍ အကြံပေးစရာ မရှိတော့ပေ။ သူ့မြင်သလောက် ဝေရု လက်မောင်းမှ ဒဏ်ရာမှာ လတ်လတ်ဆတ်ဆတ် ရှိသေးပြီး အကြောင်းအရင်းကို‌တော့ မသိရသေးသော်လည်း မိုဝူကျိက ဝေရုသည် နေ့စဉ်နေ့တိုင်း အရွက်မဲ့တောအုပ်ထဲ အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေရကြောင်း သေချာသိနေသည်။

“ ရှန်းယွီ … မင်းရဲ့ ကျင့်ကြံဆင့် တိုးတက်လာပြန်ပြီလား။ မင်း လာတုန်းက ဝိညာဉ်လှိုင်းတွန့်လေးတချို့ ထွက်လာတယ်။ မင်း အရင်ကထက် အားကောင်းလာတယ်လို့ ခံစားမိလိုက်တယ် ” ဝေရုက ကျေးဇူးကြွေးကို ကြင်နာမှုနှင့် ပေးဆပ်တတ်သူ ဖြစ်သော်လည်း အရူး မဟုတ်ပေ။

သူ့မေးခွန်းက မုရုန်ရှန်းယွီအား ထိတ်လန့်သွားစေသောကြောင့် သူမက မြန်မြန် ပြန်ဖြေလိုက်သည်

“ သိပ်မကြာသေးခင်က အဆင့်တက်သွားပြီးတော့ ကောင်းကင်နတ်ဘုရား အဆင့် ၅ ရောက်သွားပြီ ”

ထိုအရာကို ကြားကာ ဝေရု မျက်ဝန်း၌ စိတ်ပျက်သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။ သူ့အတွက် မုရုန်ရှန်းယွီသည် တာ့ရှီရှုန်းပြီးလျှင် အရေးပါဆုံး ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် တာ့ရှီရှုန်း စကားများက အမှန် ဖြစ်နေဟန် ပေါ်၏။ မုရုန်ရှန်းယွီသည် သူ့အား လိမ်ညာနေခဲ့၏။ သူ သူမ ကျင့်ကြံဆင့်ကြောင့် ဖြစ်လာသည့် ဝိညာဉ်လှိုင်းတွန့်လေးများကို အာရုံခံစရာပင် မလိုလိုက်ပေ။ အားလုံးက စကားတစ်ခွန်းတည်းဖြင့် ပေါ်ပေါက်လာသည် မဟုတ်ပါလော။

ဝေရုက အတော်လေး စဉ်းစားပြီးနောက် မုရုန်ရှန်းယွီအား ကြည့်ကာ

“ ရှန်းယွီ … ငါ တာ့ရှီရှုန်းနဲ့ ထွက်သွားတော့မယ်။ ငါ့ပိုးကောင်ကို ပြန်ပေးပါ။ ဒီနှစ်တွေမှာ ငါနဲ့အတူတူ ကျင့်ကြံရေး အရင်းအမြစ်တွေ လိုက်ရှာရင်း အတူတူ ကျင့်ကြံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ”

ထိုအရာက မုရုန်ရှန်းယွီအား နှလုံးခုန် မြန်သွားစေသည်။ သူမက မိုဝူကျိအား မုန်းတီးစွာ စိုက်ကြည့်လိုက်၏။ သူမက မိုဝူကျိလို အမျိုးသားတစ်ယောက်လောက် ဝေရုအပေါ်တွင် လွှမ်းမိုးနိုင်စွမ်း မရှိသည်ကို နားမလည်နိုင်ပေ။

“ အာ …” မုရုန်ရှန်းယွီက တအံ့တဩ ရေရွတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ ခဏလောက် စောင့်ပေးလေ။ ပိုးကောင်ကို ဂူထဲမှာ ထားမိခဲ့လို့  … အခုချက်ချင်း သွားယူပေးမယ် ”

ဝေရု မျက်ဝန်းရှိ အလင်းတန်းလေးက မှိန်ကျသွားကာ ခေါင်းခါလိုက်ရင်း “ ထားလိုက်ပါတော့  … အရင်ဆုံး တာ့ရှီရှုန်းနဲ့ အတူတူ ထွက်သွားတော့မယ်။ နောင်တွေ့မှ ပိုးကောင်ကို ပြန်ပေးပေါ့ ”

ဝေရုက သူ့စကားအဆုံးတွင် မိုဝူကျိအား စိတ်ပျက်လက်ပျက် ပြောလိုက်သည်  “ တာ့ရှီရှုန်း … ကျွန်တော်တို့ သွားကြစို့ ”

သူက မုရုန်ရှန်းယွီသည် ထိုပိုးကောင်အား ဂူထဲ ချန်ထားပစ်ခဲ့လိမ့်မည်ဟု ယုံနေရလောက်အောင် အရူး မဟုတ်ပေ။

မိုဝူကျိက ခေါင်းညိတ်ကာ ပျံသန်းရေး မှော်ရတနာအား ထုတ်ယူလိုက်ပြီး ဝေရုအား ပြောလိုက်သည်  “ တက်လေ ”

မုရုန်ရှန်းယွီအား ဘာမှဆက်မပြောတော့ဘဲ ဝေရုက သင်္ဘောပျံပေါ် ခုန်တက်လိုက်သည်။

မိုဝူကျိလည်း တက်လိုက်ပြီးနောက် သင်္ဘောပျံအား ထိန်းချုပ်လိုက်သည်။

“ မင်း စိတ်အခြေအနေ မကောင်းဘူးလား ” မိုဝူကျိက ဝေရုအား လှည့်ပြောလိုက်၏။

ဝေရုက သက်ပြင်းချကာ  “ အင်း … ကျွန်တော်တို့ တွေ့တွေ့ချင်းတုန်းက သူမက တိုက်တိုက်ဆိုင်ဆိုင် ဘယ်လိုလုပ် ပေါ်လာတာလဲဆိုပြီး သံသယ ရှိနေခဲ့တာ … သူမရဲ့ ကျင့်ကြံဆင့်နဲ့ ပိုးကောင်လိုချင်ရင် ကျွန်တော်ကို သတ်လိုက်ရုံပဲမလား။ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ ”

မိုဝူကျိက ရှင်းပြလိုက်၏

“မင်း မှားနေတာ … သူမရဲ့ နဂိုကျင့်ကြံဆင့်နဲ့ဆိုရင် မင်းကို သတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူမရဲ့ ကျင့်ကြံနှုန်းကိုတော့ ငါတောင် အံ့အားသင့်မိတယ်။ ပြီးတော့ စိတ်ဝိညာဉ် ရှာဖွေရေး ပိုးကောင်က ဒုတိယပိုင်ရှင်ကို အသိအမှတ် မပြုဘူးလေ။ အဲကြောင့် မင်း ဒီနေ့အထိ အသက်ရှင်နေတာပဲ ”

အကယ်၍ မုရုန်ရှန်းယွီသာ နတ်ဘုရားလောကအား သူနှင့် အချိန်အတူတူလောက် ရောက်လာခဲ့လျှင် သူမ၏ ကျင့်ကြံဆင့်မှာ သူ့အား ကျော်လွန်သွားလောက်လေပြီ။

ဝေရုက စိတ်ဓာတ်ကျနေသည်ကို မြင်၍ မိုဝူကျိက မေးလိုက်သည်  “ မင်းလက်မောင်း အဖြတ်ခံထားရတာ မကြာသေးဘူးမလား။ ဘာတွေ ဖြစ်ခဲ့တာလဲ ”

ဝေရုက ခဏတာ ခေါင်းခါနေပြီး

“ တကယ်လို့ သူမသာ ကောင်းကင်နတ်ဘုရား အဆင့် ၈ ဆိုရင် အရင်တစ်ခေါက် ဒဏ်ရာအပြင်းအထန် ရတယ်ဆိုတာကလည်း ဟန်ဆောင်တာ နေမယ်။ ကျွန်တော်က သူမကို ကယ်ဖို့ လက်ပြတ်သွားတာ …. ဖြတ်သွားတဲ့ စီနီယာတစ်ယောက်ကြောင့်သာ မဟုတ်ရင် ကျွန်တော် အရွက်မဲ့တောအုပ်ထဲ သေနေလောက်ပြီ။ သူမ အဲလောက်အထိ လုပ်တာကို နားမလည်နိုင်ဘူး ”

မိုဝူကျိက ခေါင်းညိတ်ကာ

“ မင်း ငါနဲ့ တွေ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် မင်းအရိုးတောင် ကျန်မှာ မဟုတ်ဘူး။ တကယ်လို့ ငါသာ မမှားရင် အဲဒီ မိန်းမက ပိုးကောင်ကို သူမအပိုင် ဖြစ်ဖို့ နည်းလမ်း ရှာနေတာ နေမယ် ”

မိုဝူကျိက ပြောလိုက်ရင်း သင်္ဘောပျံကို ရပ်လိုက်သည်။

“ တာ့ရှီရှုန်း ဘာလို့ ရပ်လိုက်တာလဲ ” ဝေရုက မိုဝူကျိအား နားမလည်နိုင်စွာ ကြည့်လိုက်လေ၏။

မိုဝူကျိက မထီမဲ့မြင် ပြုံးကာ  “ မုရုန်ရှန်းယွီက ငါတို့ကို အလွယ်လေး လွတ်ပေးမယ် ထင်နေလား ”

တကယ်တော့ သူက မုရုန်ရှန်းယွီကို အာရုံခံမိပေသည်။ မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက သူမနှင့် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတို့ကို အာရုံခံမိ၏။ မုရုန်ရှန်းယွီက သူ့အား လွတ်မပေးနိုင်သလို သူကလည်း သူမကို လွှတ်မပေးနိုင်ချေ။ ထို့ကြောင့် သူမက လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှင့်အတူ နောက်မှ လိုက်ပါလာကြောင်း သေချာသိလိုက်သည်။ သူက အရင်ဆုံး ပြင်ဆင်မှုတချို့ လုပ်ရန် သင်္ဘောပျံကို ရပ်လိုက်ခြင်း ဖြစ်၏။

All Chapters