← Chapters

chapter(156)

Vol. 11 Ch. 156

chapter(156)

Vol. 11 Ch. 156

အသန့်စင်ဆုံးစနစ် အခန်း(156)

ချောင်ဖုန်းသည် သူ့နား ရောက်ရှိလာသော ပေါက်ကွဲအစီအရင်အား အေးဆေးရှောင်ရှားလိုက်ပြီး "နောက်ဆုံးတော့ ငါရဲ့ပိုက်ကွန်ထဲကို ခုန်ဝင်လာပြီပဲ " ဟု ပြုံးကာ ရေရွတ်လိုက်သည်။

ချောင်ဖုန်း၏ ပန်းရောင်လက်အိတ်ကို ဝင်လုသော သူသည် အင်ပါယာတိုင်းပြည် ၇ ပြည်၏ အကြီးဆုံးအင်ပါယာတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားတစ်လက်ဖြစ်တဲ့အပြင် ဝိညဥ်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်ပင် ဖြစ်၏။

ထိုလူရဲ့နာမည်ကတော့ လီဝမ်ရီပင်ဖြစ်ပြီး နတ်နယ်ပယ်အစောပိုင်းအဆင့် တိုက်ခိုက်ရေးသမားပင် ဖြစ်သည်။လီဝမ်ရီသည် ဝမ်းသာအားရဖြင့် ပန်းရောင်လက်အိတ်ကို လက်လှမ်းလိုက်တဲ့ချိန်တွင် လျှပ်စီးမိုးကြိုးများသည် ပန်းရောင်လက်အိတ်ရဲ့ရှေ့မှ အလိုအလျောက် ထွက်ပေါ်လာပြီး သူခန္ဓာကိုယ်အား ကြိုးသဖွယ် ချည်နှောင်သွား၏။

ချောင်ဖုန်းသည် တစ်စုံတစ်ယောက်လှုပ်ရှားလာမယ်ဆိုတာ ကြိုသိနေသောကြောင့် အစီအရင်သုံးခုကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ပထမအစီအရင်နှစ်ခုနဲ့တင် မြွေနတ်ဆိုးဘုရင်အစီအရင်ကို ဖျက်စီးပစ်နိုင်ပြီး တတိယအစီအရင်ကတော့ မိုးကြိုးထောင်ချောက် အစီအရင်ပင် ဖြစ်သည်။

လီဝမ်ရီ အဖမ်းခံလိုက်ရတဲ့အခါ စောင့်ရှောက်ရန် လိုက်လာသော အကြီးအကဲများသည် ဝင်ကယ်မယ့် ချိန်မှာ ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသည် သူတို့ရှေ့ကို ကာဆီးလိုက်ပြီး "မင်းတို့ ဝိညဥ်နတ်ဘုရားဂိုဏ်းကလူတွေက ခုချိန်ထိ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေတုန်းပဲလား " ဟု မေးလိုက်၏။

ထိုအခါ ဝိညဥ်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများသည် "လီဝမ်ရီက ငါတို့ဝိညဥ်နတ်ဘုရားဂိုဏ်းရဲ့ အထူးချွန်ဆုံး ပါရမီရှင် တစ်ယောက်ဖြစ်တဲ့အပြင် ဇူးအင်ပါယာရဲ့ဘုရင်လောင်းတစ်ယောက်ပဲ သူသာတစ်ခုခုဖြစ်ရင်တော့ မင်းတို့လဲ အသက်ရှင်ရလိမ့်မယ်လို့ မထင်န​ဲ့ " လို့ ခြိမ်းခြောက်ကာ ပြောဆိုလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သူ့လက်ချောင်းများဖြင့် လေဟာနယ်ထဲတွင် အစီအရင် တစ်ခုရေးဆွဲလိုက်ပြီး လီဝမ်ရီရဲ့ ခန္ဓာကိုယ်အတွင်းသို့ ထည့်ပေးလိုက်၏။

ထို့နောက် လည်ပင်းမှ ကိုင်ကာ နံရံတစ်ခုသို့ လွင့်ပစ်လိုက်ပြီး "နောက်တစ်ကြိမ် ငါ့ကိစ္စကို ဝင်ရှုပ်ရဲရင်တော့ မင်းက နတ်ဘုရားရဲ့သားတော် ဖြစ်နေရင်တောင် ငါမင်းကို သတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"ဟု ​အေးစက်သော အသံဖြင့် ပြောလိုက်သည်။

ထိုအခါ ဝိညဥ်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများသည် လီဝမ်ရီကို အမြန်ပြေးထူလိုက်ကြပြီး အဆင့်၄ ဆေးလုံးဖြစ်သော ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ထည့်ပေးလိုက်၏။

လီဝမ်ရီသည် ချောင်ဖုန်းသည် သူ့ခန္ဓာကိုယ်ထဲ အစီအရင်တစ်ခုထည့်သွင်းလိုက်တာကို ခံစားလိုက်ရပင်မယ့် စစ်ဆေးကြည့်တော့လည်း လုံးဝရှာမတွေ့တော့တဲ့အတွက် ထူးဆန်းနေခဲ့သည်။

ချောင်ဖုန်းရဲ့ အစွမ်းအစသည် သူထင်ထားတာထက် ပိုစွမ်းအားကြီတာကို သိရှိသွားတာကြောင့် လီဝမ်ရီသည် လောလောဆယ်တော့ ချောင်ဖုန်းကို ရန်မစဖို့ ဆုံးဖြတ်လိုက်ပြီး နောက်သို့ ဆုတ်သွားကြသည်။

လူအများစုကတော့ ချောင်ဖုန်းသည် အစီအရင်ပညာရပ်မှာ နတ်ဘုရားတစ်ဆူကဲ့သို့ ကျွမ်းကျင်နေသောကြောင့် အင်အားကြီးသော ဂိုဏ်းများက ချောင်းဖုန်းကို ခေါင်းဆောင်အဖြစ်လက်ခံနေကြခြင်းဖြစ်သည်ဟု ထင်သွားကြသည်။

ထို့နောက် ချောင်ဖုန်းသည် ပင်လယ်ကိုးဖြာလက်အိတ်ကို ယူလိုက်ပြီး သူ့သိုလှောင်ကွင်း လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီး ရွယ်ချင်းအနားကို ပြန်သွားလိုက်သည်။ ပင်လယ်ကိုးဖြာလက်အိတ်သည် မိန်းကလေးလက်အိတ်ဖြစ်တဲ့အတွက် ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......အဲ့လက်အိတ်ကို ဘယ်သူ့အတွက် သိမ်းထားတာလဲ " ဟု ​မေးကြည့်လိုက်သည်။

ချောင်ဖုန်းသည် တည်ငြိမ်စွာဖြင့် သူ့အချစ်ဆုံးမိန်းကလေးကို ပေးဖို့ သိမ်းထားတဲ့အကြောင်း ​ပြန်ပြောလိုက်၏။ ထိုအခါ ရွယ်ချင်းသည် ဝမ်းနည်းသွား၍ မျက်နှာမှာ ချက်ချင်းညိုးငယ်သွားကာ ဘာမှဆက်မမေးမြန်းတော့ပေ။

ထိုချိန်မှာ ဟိုင်ကျစ်ရှန်သည် ဒုတိယအထပ်၏ အစီအရင်တံခါးကို ဖျက်စီးနိုင်ပြီးပြီ ဖြစ်၏။ ဒုတိယ အထပ် အခန်း၏ ထောင့်စွန်းနေရာတွင် အလွန်အိုမင်းနေသော အဖိုးအိုတစ်ယောက်သည် ကုလားထိုင်တစ်ခုတွင် အိပ်မောကျနေခဲ့သည်။

ထိုအဖိုးအိုသည် သာမာန်လူမဖြစ်နိုင်တာကြောင့် အားလုံးသည် တိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်သည်။ထိုချိန်မှာ "မင်းတို့က ငါရဲ့ငရဲဘုံကိုးထပ်မျှော်စင်ကို ဝင်လာတဲ့အပြင် ငါရဲ့ရတနာပစ္စည်းတွေကို တစ်ခါထဲ ယူဆောင်သွားဖို့ စဥ်စားနေတာလား " ဆိုသည့် အသံစွမ်းအင်လှိုင်းတစ်ခုသည် အမည်မသိနေရာမှ ထွက်ပေါ်လာလေသည်။

ထိုအခါ အားလုံးသည် ဒုတိယထပ်အခန်း၏ နေရာများကို လျှောက်ကြည့်နေချိန်မှာ "မင်းတို့ရှေ့မှာ အိပ်နေတာတောင် မင်းတို့က ငါ့ကို ရှာမတွေ့ဘူးလား " ဟု အသံစွမ်းအင်လှိုင်းသည် ထပ်မံထွက်ပေါ်လာခဲ့၏။

ထိုအခါ အားလုံးသည် အဖိုးအိုကို သေချာကြည့်လိုက်ကြသည်။ရုတ်တရက် ဒုတိယထပ် တစ်ခန်းလုံးသည် အစိမ်းရောင်မြူခိုးများထွက်ပေါ်လာပြီး အများစုသည် မျက်လုံးကန်းသွားသလို ဖြစ်သွားကြ၏။

ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတောင် မမြင်ရတော့သည့်အတွက် ချောင်ဖုန်းသည် အံ့အားသင့်သွားရ၏။ ရွယ်ချင်းသည် နံရံအပေါ်ဖက်တွင် ရှိသော လင်းလက်နေသော အရာကို လက်ညိုးထားကာ ချောင်ဖုန်းကို ပြောလိုက်သည်။

ချောင်ဖုန်းသည် အခန်းအတွင်းရှိ လင်းလက်နေသော အရာများကို လိုက်ကြည့်လိုက်ပြီး ​"ဒါငါးမန်းအစွယ်လူသားအစီအရင်လား......" ဟု ပြောလိုက်သည်။ထိုအခါ အဖိုးသည် အိပ်နေရာမှ လျှပ်တစ်ပြက်အတွင်း ချောင်ဖုန်းအနားကို ရောက်ရှိလာပြီး

"အို.......ငါ့အစီအရင်က မင်းတို့နှစ်ယောက်အပေါ်အကျိုး မစက်ရောက်တဲ့အပြင် မင်းက ငါးမန်းအစွယ်လူသားအစီအရင်ကို သိနေတာလား " ဟု ပြောလိုက်သည်။

ထိုအဖိုးအိုသည် သူတို့အနားရောက်ရှိလာတဲ့အခါ ရွယ်ချင်းသည် ခန္ဓာကိုယ်ပင် လှုပ်ရှား၍ မရတော့ဘဲ သူ့စွမ်းအားများ ချိတ်ပိတ်ခံလိုက်ရသောကြောင့် ချောင်ဖုန်းကို စိုးရိမ်သွားခဲ့၏။

ထိုချိန်မှာ ရီချုံသည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်လာပြီး အနားကို ချောင်ဖုန်းအနားကို ရောက်နေသော အဖိုးအိုအားတိုက်ခိုက် လိုက်၏။

ဧရာမအနက်ရောင် နဂါးကြီး၏ တိုက်ခိုက်တာကို ခံလိုက်ရတဲ့အခါ တည်ငြိမ်နေသော အဖိုးအိုသည် ​တစ်ကိုယ်လုံးအေးစက်သွားကာ ကြောက်လန့်သွားပြီး "မင်း...မင်း......မင်းက ​အဲ့တုန်းက ကောင်းကင်နတ်ဆိုးနဂါးမလား ဘယ်လိုလုပ်ပြီး ဒီကောင်လေး ကိုယ်ထဲရောက်နေတာလဲ " ဟု ​မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

ထိုအခါ ရီချုံသည် ကြောက်စရာကောင်းသော စွမ်းအားအရှိန်အဝါကို ထုတ်လိုက်ပြီး"ငါရဲ့ နာကျင်မှုတွေအတွက် ဒီနေ့မှာ မင်းအကုန်ပြန်ခံစားစေရမယ်" ဟု ပြောကာ အဖိုးအိုကို တရှိန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်၏။

ထိုအခါ အဖိုးအိုသည် သူရဲ့ ဝိညဥ်နယ်ပယ် အထွဋ်အထိပ်စွမ်းအား အရှိန်အဝါကို ထုတ်လွှင့် လိုက်ပြီး ရီချုံရဲ့ တိုက်ခိုက်ခြင်းကို ခုခံလိုက်လေသည်။အဖိုးအိုသည် ရီချုံရဲ့ တိုက်ခိုက်မှု တစ်ချက်နဲ့ပင် သွေးကြောအချို့ ပျက်စီးကာ နောက်သို့ လွင့်ထွက်သွား၏။ ရီချုံသည် ရပ်တန့်ခြင်းစွမ်းအားကို ထုတ်သုံးလိုက်ပင်မယ့် အဖိုးအိုသည် ဓားချောင်းတစ်ချောင်းကဲ့သို့ ပြောင်းလဲသွားပြီးလေဟာနယ် အက်ကွဲကြောင်းမှ တဆင့် လျင်မြန်စွာ ထွက်ပြေးသွားနိုင်၏။

ထိုအဖိုးရဲ့ နာမည်သည် ရှောင်လုံဖြစ်ပြီး ငရဲဘုံကိုးထပ်မျှော်စင်အား ကာကွယ်စောင့်ရှောက်နေသော ဓားသွားတစ်ခြမ်း လူတစ်ခြမ်းဂိုဏ်း၏ ဘိုးဘေးတစ်ယောက်ပင် ဖြစ်၏။

အဖိုးအို ရှောင်လုံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရီချုံကို ဖမ်းဆီးခဲ့ကြသော အစီအရင်ပါမောက္ခဆရာများ အဖွဲ့တွင် ပါဝင်သော တစ်ယောက်ဖြစ်၏။ ထို့အပြင် အဖိုးအိုရှောင်လုံသည် ရီချုံအား သူရဲ့စီးနင်းဖော်သားရဲ ဖြစ်စေချင်တာကြောင့် နှိပ်စက်ဖိအားပေးခဲ့သော တစ်ယောက်လဲ ဖြစ်သေးသည်။

ရီချုံသည် အဖိုးအိုရှောင်လုံအကြောင်းပြောပြပြီးတဲ့နောက် ချောင်ဖုန်းသည် ရီချုံအတွက် စိတ်မကောင်းဖြစ်သွားပြီး ထိုအဖိုးအို ရှောင်လုံအား နောက်ထပ်တစ်ကြိမ်တွေ့မယ်ဆိုရင် တစ်ခါထဲ သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်၏။

ချောင်ဖုန်းသည် သူရဲ့ပေါက်ကွဲအစီအရင်အဆောင်များဖြင့် လင်းလက်နေသော ရတနာများကို တိုက်ခိုက်လိုက်တဲ့အခါ ငါးမန်းအစွယ်လူသားအစီအရင်မှာ ပျက်စီးသွားပြီး အရာအာလုံးမှာ ပုံမှန်ပြန်ဖြစ်သွားခဲ့၏။

ထိုအခါမှသာ စွမ်းအားအရှိန်အဝါများ ထုတ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်ထားသော သူများနဲ့ အစီအရင်ရတနာများဖြင့် အကာအကွယ်များ ဖန်တီးထားသော ဂိုဏ်းများသည် အရာအားလုံးကို ပြန်မြင်ရတဲ့အခါ ဝမ်းသာသွားခဲ့၏။

All Chapters