လူသား
Vol. 76 Ch. 1059
ဝေရု နောက်လိုက်ကာ ကူးသန်းရေး အစီအရင်များစွာ ဖြတ်သန်းပြီးနောက် သူတို့က ဝေရု ပြောဖူးသည့် နေရာသို့ ရောက်ရှိလာကြသည်။
ဘေးဘက်တွင် တောင်များ ရှိနေပြီး တစ်ဖက်တွင် ရေများ ရှိ၏။ သို့သော်လည်း နိဗာနတိတ်ဆိတ်မှု ပင်လယ်နှင့် ကီလိုမီတာတချို့သာ ကွာဝေးပေသည်။ တောင်တချို့က မတ်စောက်မနေသောကြောင့် အဝေးမှ ကြည့်လျှင် သူတို့က အတော်လေး မြင်ကွင်းကောင်းလှသည်။ နိဗာန တိတ်ဆိတ်မှု ပင်လယ် ပျက်စီးစွမ်းအားများကြောင့် သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားများ ရှိနေသော်လည်း လူသူအရောက်နည်းကြသည်။
မိုဝူကျိက သားရဲများ သို့မဟုတ် နတ်ဆေးပင်များကို မဆိုထားနှင့် ပေါင်းပင်များကိုပင် သတိမပြုမိပေ။
ဝေရုက နေရခက်စွာ ပြောလိုက်သည်
“ တာ့ရှီရှန်း … ကျွန်တော် အရင် ဒီကို ရောက်လာတုန်းက အနားမှာ အဆင့်နိမ့် ဆေးပင်တချို့ ရှိတယ်။ နှစ်ထောင်ချီကြာလာတဲ့နောက် ဒီနေရာက ဒီလိုအခြေအနေ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော်တို့တွေ တခြားနေရာ ထပ်ရှာကြမလား ”
ဝေရုက ပြုံးကာ “ ဒီနေရာက မဆိုးပါဘူး … ဒီမှာပဲ နေကြတာပေါ့ ”
အကယ်၍ မိုဝူကျိသာ နတ်ဘုရားကမ္ဘာသည် ပြန်လည် ကောင်းမွန်လာပြီး ပြောင်းလဲလာမည် ဖြစ်ကြောင်း မသိထားခဲ့လျှင် ဤနေရာကို ရွေးချယ်မည် မဟုတ်ပေ။
ဤနေရာက အတော်လေး ကောင်းမွန်သော်လည်း နိဗာနတိတ်ဆိတ်မှု ပင်လယ်နှင့် နီးကပ်နေခြင်းက အသုံးမဝင်သလို ဖြစ်စေသည်။ မဟုတ်လျှင် တခြားသော ဂိုဏ်းများက ဤနေရာကို ရွေးချယ်ထားပြီးလောက်လေပြီ။
မိုဝူကျိက ဤနေရာကို စိတ်ဝင်စားခြင်းမှာ ဤနေရာတွင် တောင်တန်းများ၊ ရေနှင့် အဆုံးမဲ့ ကွင်းပြင်ကြီး ရှိနေ၍ ဖြစ်သည်။
နတ်ဘုရားကမ္ဘာ စည်းမျည်း ပြန်လည် ပြီးပြည့်စုံလာသည့်အခါ ဤကွင်းပြင်ကြီးက နှင်းစက်စိမ်းဆန် စိုက်ပျိုးဖို့ရာအတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်။ နောင်အနာဂတ် နတ်ဘုရားကမ္ဘာ နဂိုအခြေအနေအတိုင်း ပြန်ရောက်သွားသည့်အခါ ဤနေရာက လူများစွာ လုရမည့်နေရာတစ်ခု ဖြစ်လာလိမ့်မည်။
ဝေရုက အနည်းငယ် တုံ့ဆိုင်းနေသည်ကို သတိပြုမိ၍ မိုဝူကျိက ပြောလိုက်သည် “ ငါ မင်းကို သွားရင်း ပြောတတွေ မှတ်မိတယ်မလား ”
“ တာ့ရှီရှုန်း … အဲဒါ တကယ်ကြီး ဖြစ်လာမှာလား ” မိုဝူကျိက ပြောထားသော်လည်း နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာခြင်းက ဝေရုအတွက် မယုံကြည်နိုင်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။
မိုဝူကျိက ခေါင်းညိတ်ကာ “ ဟုတ်တယ် … သေချာပေါက် ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့်မလို့ ငါတို့ ရွေးလိုက်တဲ့ ဒီနေရာက ဂိုဏ်းတည်ထောင်ဖို့ အသင့်တော်ဆုံးပဲ ”
မိုဝူကျိက ခွန်းယွင် စကားကြောင့် ယုံကြည်စိတ်ချသွားခြင်း မဟုတ်ဘဲ အက်ကြောင်းထဲမှ ဖန်ဆင်းမှုစွမ်းအားကို ခံစားမိလိုက်၍ ဖြစ်သည်။ ခွန်းယွင်၏ စကားများပါ ထည့်တွက်လိုက်လျှင် မိုဝူကျိက ဤကိစ္စသည် အမှန်ဖြစ်ကြောင်း သေချာသွားသည်။ ခွန်းယွင်က သူ့ကို လိမ်ညာနေမည် မဟုတ်ပေ။
“ တာ့ရှီရှုန်း …. နတ်ဘုရားဘုရင် တစ်ယောက်ယောက် ကျွန်တော်တို့ နောက်လိုက်လာမှာကို စိုးရိမ်နေမိတာ … ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်တော့တာလေ ” မိုဝူကျိ၏ လျို့ဝှက်ပညာရပ်များက လောကနတ်ဘုရားကို သတ်နိုင်သော်လည်း ဝေရုက စိုးရိမ်မိနေဆဲ ဖြစ်သည်။
“ စိုးရိမ်မနေပါနဲ့ကွာ … နတ်ဘုရားဘုရင်သာ နောက်တစ်နှစ်အတွင်း ရောက်မလာနိုင်ဘူးဆိုရင် သူတို့မှာ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး ” မိုဝူကျိက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
လက်ရှိ သူက အဆင့် ၇ နတ်ဘုရား အစီအရင်ကို ခင်းကျင်းနိုင်ပြီ ဖြစ်ရာ တစ်နှစ်ကြာပြီးနောက် သူက ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို အပြီးသတ်နိုင်လိမ့်မည်။ သူ့လက်ရှိအင်အားနှင့် အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကိုပါ ထည့်တွက်လိုက်လျှင် သူ့အနေနှင့် နတ်ဘုရားဘုရင်ကိုပင် ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိပေသည်။
မိုဝူကျိတွင် အရင်းအမြစ် လုံလုံလောက်လောက် ရှိပေသည်။ နတ်ဘုရားကုန်းမြေမှ ရရှိထားသော အရင်းအမြစ်များကို မပြောလျှင်ပင် သဟဇာတ နတ်ဘုရား၏ ပစ္စည်းတစ်ဝက် ရရှိထားခြင်းက ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းဖို့ လုံလောက်ပေ၏။
***
မိုဝူကျိနှင့် ဝေရုတို့က လူသားဂိုဏ်း တည်ထောင်ဖို့ အာရုံစိုက်ထားကြစဉ် နတ်ဘုရားလောကရှိ အက်ကြောင်းကြီးကလည်း တစ်ရက်တစ်ရက် ပိုမို ကြီးမားလာသည်။ ထိုအက်ကြောင်းကြီးက မိုဝူကျိနှင့် ခွန်းယွင် မျှော်မှန်းထားသည့်ထက်ပင် မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာနေ၏။ နှစ်ဝက်ကြာမြင့်ပြီးနောက် ထိုအက်ကြောင်းကြီးက သုံး လေးလက်မ အကျယ် ဖြစ်နေလေပြီ။
ပြတ်သားရှင်းလင်းသော စည်းမျည်းများ ထွက်ပေါ်လာသလို သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများလည်း ယိုစိမ့်လာသည်။
အကြောင်းအရင်းကို မသိသူများပင် ထိုအက်ကြောင်းသည် သေချာသည့် အနေအထားတစ်ခုအထိ ကျယ်ပြန့်လာပြီးသည့်နောက်တွင် နတ်ဘုရားလောကတစ်ခုလုံးကား လုံးဝ ပြောင်းလဲမှုကြီး ဖြစ်လာလိမ့်မည်ဟု သိလိုက်ကြ၏။
ကြည်လင်ပြတ်သားသော စည်းမျည်းများကြောင့် တဖြည်းဖြည်း ကြီးမားလာသော အက်ကြောင်းကြီးကို စည်းမျည်းအက်ကြောင်းဟု သိလာကြသည်။
ကျင့်ကြံသူမြောက်များစွာတို့က ထိုအက်ကြောင်းဆီ အပြေးအလွှား လာလေ့ရှိပြီး နတ်ဘုရားဘုရင်များပင် ချွင်းချက် မဟုတ်ပေ။ သူတို့၏ ကျင့်ကြံဆင့် ရပ်တန့်နေကြသည့် လူများလည်း အဆင့်တက်ဖို့ရာအတွက် ဤနေရာသို့ ရောက်လာကြသည်။ ထိုစဉ် စည်းမျည်းအက်ကြောင်းက ရုတ်ချည်းဆိုသလို မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ရာအတွက် ယာယီနေရာတစ်ခု ဖြစ်လာလေသည်။
တချို့ရမ်းကားသော ကျင့်ကြံသူများက အရာအားလုံးကိ စတေးကာ အက်ကြောင်းထဲ ခုန်ဝင်ကြသည်။ သို့သော်လည်း ထိုအတွင်း ခုန်ဝင်ကြသွားသော သူများက အစအနမရှိ ပျောက်ကွယ်သွားကြရသည်။
လက်ရှိ မိုဝူကျိက လူသားဂိုဏ်း၏ ကာကွယ်ရေး အစီအရင် ခင်းကျင်းမှုအား ပြီးစီးသွားလေပြီ။ သူက ဂိုဏ်းကို ကာကွယ်ရန် အဆင့် ၆ ကာကွယ်ရေး အစီအရင်အား ခင်းကျင်းနိုင်ခဲ့သည်။ အဆင့် ၆ ကာကွယ်ရေး အစီအရင်အတွင်း အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်နှင့် အဆင့် ၆ စွမ်းအားစုစည်းရေး အစီအရင် ရှိနေသည်။ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်၏ အဓိက ရည်ရွယ်ချက်မှာ ရောက်လာသော နတ်ဘုရားဘုရင်များကို ရင်ဆိုင်ဖို့ ဖြစ်၏။
လူသားဂိုဏ်း၏ ဝေဟင်ထက်၌ “ လူသား ” ဟူသော စာလုံးကို အားလုံး မြင်နိုင်ရန် ရေးချိတ်ထားသည်။
အင်မော်တယ်လောက၏ ဖင်းဖန်ကဲ့သို့ လူသားဂိုဏ်း အဝင်တွင် ဘေးတစ်ဖက်တစ်ချက်စီ၌ ကျောက်ပြားတစ်ခုစီ ရှိပေသည်။ ဤသည်မှာ “ တာအိုတွေက ကွဲပြားပေမဲ့ လူသားတိုင်းက အတူတူပဲ ” ဟူသော စာသား ဖြစ်၏။
ထို့အပြင် မိုဝူကျိက ဂိုဏ်း၏ ပင်မ ခန်းမကိုလည်း တည်ဆောက်ထားသည်။ ခန်းမအပြင်ဘက်၌ တာအိုစွမ်းအားဖြင့် ရေးထွင်းထားသော စာတန်းတစ်ခု ရှိ၏။
“ ငါက သေမျိုး လူသားတစ်ယောက် ”
ထိုအချိန် မိုဝူကျိက သူ့အနေနှင့် လျို့ဝှက်ထားစရာ မလိုတော့ကြောင်း ယုံကြည်မိ၏။ သူက နတ်ဘုရားလောကအတွင်း တိုက်ခိုက်မည် ဖြစ်ရာ သိုသိုဝှက်ဝှက် နေနေ၍ မဖြစ်ပေ။
နတ်ဘုရားလောက၏ စည်းမျည်းများ ပြီးပြည့်စုံလာသည့်အခါ နာမည်မရှိသည့်သူ ဖြစ်လေလေ သူတို့ကိုယ်သူတို့ ဖော်ဆောင်နိုင်မည့် အခွင့်အရေး နည်းပါးလေလေ ဖြစ်လိမ့်မည်။
နတ်ဘုရားလောကအတွင်း အခွင့်အရေး ပိုရရှိဖို့ရာ မိုဝူကျိက “ တာအိုတွေက ကွဲပြားနိုင်ပေမဲ့ လူသားတိုင်းက အတူတူပဲ ” နှင့် “ ငါက သေမျိုးလူသားတစ်ယောက် ”ဟူသော စာတန်းတွင် သူ့လူသားတာအိုကို မြှပ်နှံ့ရေးထွင်းထားသည်။
သူက နတ်ဘုရားလောက၏ မိုးမြေစည်းမျည်းတို့အား သူ့လူသားတာအိုသည် မဟာတာအိုထဲမှ တစ်ခု ဖြစ်ကြောင်းနှင့် တခြားသော တာအိုများထက် အားနည်းခြင်း မရှိကြောင်း သိလိုစေသည်။ သူက တခြားသူများနှင့် တိုက်ခိုက်စေဖို့ တပည့်အများအပြား မခေါ်ယူနိုင်သောကြောင့် တခြားသူများနှင့် တိုက်ခိုက်ဖို့ရာ သူ့ကိုယ်ပိုင် တာအိုစွမ်းအားကို အသုံးပြုဖို့ရာသာ ကျန်ရှိတော့သည်။
မိုဝူကျိက သူ့တာအိုဖြင့် သူ ရရှိသော အခွင့်အရေးမှာ တခြားသော သာမာန်ဂိုဏ်းများထက် ဆိုးရွားလိမ့်မည်ဟု မယုံပေ။
အစီအရင်ကို ခင်းကျင်းပြီးနောက် မိုဝူကျိက ကျင့်ကြံဆင့် အရမ်းနိမ့်နေသေးသောကြောင့် တံခါးပိတ် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ နတ်ဘုရားလောက ပြန်လည် ကောင်းမွန်လာသည့်အခါ သူက လောကနတ်ဘုရားအဆင့်ထဲ ဝင်နိုင်ခဲ့လျှင် သူ့အား စောင့်ဆိုင်းနေမည့် အကျိုးကျေးဇူးများက တိုင်းတာ၍ပင် ရမည် မဟုတ်ပေ။
တခြားသူများက ဤနေရာတွင် မကျင့်ကြံနိုင်ကြသော်လည်း သူက လူသားတာအိုကို ကျင့်ကြံသည့်အတွက် သက်ရောက်မှု မခံရပေ။
ဝေရုကိုတော့ မိုဝူကျိက ကျင့်ကြံရေး ရပ်နားခိုင်းထားသည်။ ဝေရု၏ ပါရမီဖြင့် နှစ်တစ်ထောင် တံခါးပိတ် လေ့ကျင့်လျှင်ပင် ကောင်းကင်နတ်ဘုရား အဆင့် ၆ ရောက်လိမ့်မည်ဟု အာမ မခံနိုင်ပေ။ သူက ဝေရုအတွက် နတ်ဆေးလုံးများစွာ ထားပေးခဲ့ပြီး အက်ကြောင်း အပြည့်အဝ ပေါ်လာပြီး စည်းမျည်းများ ပြန်လည် ကောင်းမွန်လာသည့်အခါ ဝေရအနေနှင့် သူ့အခွင့်အရေးကို ရရှိပေလိမ့်မည်။
ဝေရု၏ ပင်ကိုယ် ပါရမီမှာ သာမာန် ဖြစ်သော်လည်း ထိုအရာက တခြားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်ကြည့်လျှင်သာ ဖြစ်၏။ သာမာန် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဝေရုက အလယ်အလတ်အဆင့်တွင် ပါရှိပေသည်။ မိုဝူကျိက လူသားတာအိုကို ကျင့်ကြံသောကြောင့် သူ့တွင် ရှိထားသော လျို့ဝှက်တိုက်ကွက် အများစုကို ဝေရုအတွက် ကူးပေးလိုက်သည်။
***
သူ့ဂိုဏ်း၏ သေမင်းထောင်ချောက် အစီအရင်အတွင်း မိုဝူကျိက သူ့လောကလမ်းကြောင်းကို အသုံးပြုမည့်အစား ယိုယွင်းနေသော ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောနှင့် မိုးမြေ မီးပြင်းဖိုတို့ကို ထုတ်ယူလိုက်သည်။ ရေခဲကောင်းကင်ဝါးပင်ကိုလည်း ဘေးတွင် ချထားလိုက်သည်။
ဆေးလုံးသန့်စင်ရေး ပညာရပ်ဖြင့် ဖော်စပ်ထားသော လောကတည် ဆေးလုံးကား တစ်လုံးချင်းစီမှာ မြို့တစ်မြို့စာ တန်ကြေးရှိပေသည်။ ထိုစဉ် မိုဝူကျိက ထိုအရာကို ကျင့်ကြံရေး ထောက်ပံ့ဆေးလုံးအဖြစ် အသုံးပြုဖို့ရာ ထုတ်ထားခြင်း ဖြစ်ပြီး လောကနတ်ဘုရားအဆင့် တက်လှမ်းဖို့ရာအတွက် မဟုတ်သေးပေ။
မိုဝူကျိက အတားအဆီးမရှိ စတင်ကျင့်ကြံလိုက်တော့သည်။ လူသားဂိုဏ်း၏ ကောင်းကင်ယံထက်တွင် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအား ဝဲကတော့ကြီး ဖြစ်ပေါ်နေ၏။ ကမ္ဘာဦး နတ်ဝီညာဉ်သွေးကြောနှင့်အတူ နိဗာန တိတ်ဆိတ်မှုပင်လယ်ရှိ သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားတို့က ရေကာတာ ကျိုးပျက်လာသည့်အလား မိုဝူကျိဆီ အပြေးအလွှား ဝင်လာကြသည်။
ကိုယ်တွေ့ကြုံလိုက်ရသည့်သူမှာ မိုဝူကျိ ညွှန်ကြားထားသည့်အတိုင်း အတွင်းပိုင်း ပုံစံဒီဇိုင်းများကို အချောသတ်နေသည့် လူသားဂိုဏ်းအတွင်း ရှိနေသော ဝေရုပင် ဖြစ်၏။ လက်ရှိ သူက မိုဝူကျိ၏ ခမ်းနားကြီးကျယ်ဖွယ် ကျင့်ကြံရေးကြောင့် ကြောင်အမ်းနေမိသည်။
တာ့ရှီရှုန်းက တကယ်ကို ထူးခြားတာပဲ … ဟွေ့ကောကို တစ်ချက်တည်းနဲ့ သတ်နိုင်တာ မထူးဆန်းတော့ပါဘူး …
ဝေရု ပုဆိန်လှံရှည် အသုံးပြုသည့် အကြောင်းအရင်းမှာ မိုဝူကျိ၏ လွှမ်းမိုးမှုကြောင့် ဖြစ်၏။ သို့သော် သူ့ပုဆိန်လှံရှည် ဖြစ်စေ သို့မဟုတ် ကျင့်ကြံရေး ဖြစ်စေ သူတို့က သူ့တာ့ရှီရှုန်းထက် များစွာ နောက်ကောက်ကျနေသေး၏။
***
မိုဝူကျိက တိတ်တဆိတ် ကျင့်ကြံနေစဉ် နတ်ဘုရားမျိုးနွယ်နှင့် နတ်ဘုရားလောကရှိ ကျင့်ကြံသူများလည်း တိတ်ဆိတ်နေကြသည်။ ရံဖန်ရံခါ သတ်ဖြတ်မှုများပင် သိသိသာသာ လျော့ကျသွားပြီး အားလုံးက စည်းမျည်းအက်ကြောင်းဆီသာ ဦးတည်နေကြကာ သူတို့၏ ကျင့်ကြံဆင့် တိုးမြင့်လိုကြသည်။
မိုဝူကျိ၏ လူသားဂိုဏ်းက နိဗာန တိတ်ဆိတ်မှုပင်လယ်အနားတွင် တည်ရှိသောကြောင့် လျစ်လျူရှုခံထားရသော နေရာတစ်ခုလို ဖြစ်နေသည်။ မည်သူကမှ သတိမပြုမိကြပေ။
မုန်တိုင်းမလာခင် လေပြေအရင်ရောက်လာသကဲ့သို့ နတ်ဘုရားလောကသည်လည်း တိတ်ဆိတ်ကာ ငြိမ်းချမ်းနေသည်။ အချက်အလက်များ သိထားသော မိုဝူကျိလိုမျိုုး လူတစ်ယောက်သာ မုန်တိုင်းမလာခင် ငြိမ်သက်နေကြောင်း သိပေသည်။
သုံးနှစ်ကြာပြီးနောက် မိုဝူကျိက နတ်ဘုရားအုပ်စိုးသူ အဆင့် ၁၁ သို့ ရောက်ရှိသွားသည်။
ခုနှစ်နှစ်ကြာမြင့်ပြီးနောက် မိုဝူကျိက နတ်ဘုရားအုပ်စိုးသူ အဆင့် ၁၁ ကို ချိုးဖောက်သွားသည်။
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ကြောက်ခမန်းလိလိ မြန်ဆန်လှသော်လည်း မိုဝူကျိက သူ စိတ်ကူးထားသည့်ထက် များစွာ နှေးကွေးနေသေးကြောင်း သိပေသည်။ အကြောင်းမှာ သူ့တွင် သင့်တော်သည့် သဘာဝဆေးလုံးနှင့် ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက် မရှိ၍ ဖြစ်သည်။ သူက လောကတည်ဆေးလုံးကြောင့်သာ ဤသို့အမြန်နှုန်း ရောက်လာခြင်း ဖြစ်၏။
သူ့ယိုယွင်းနေသော ကမ္ဘာဦး နတ်ဝိညာဉ်သွေးကောနှင့် မိုးမြေ မီးပြင်းဖိုတို့မှ စွမ်းအားများမှာ လုံးဝ ကုန်ခမ်းသွားသည့်အခါ သူ့အမြန်နှုန်းက သိသိသာသာ လျော့ကျသွားသည်။
ထို့ကြောင့် မိုဝူကျိက ထိုကိစ္စများ ဖြစ်မလာခင် လောကနတ်ဘုရားအဆင့် တက်လှမ်းလိုခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် သူ့အနေနှင့် လောကနတ်ဘုရားအဆင့် တက်လှမ်းဖို့ရာ နတ်ဘုရားလောက ပြန်လည်ကောင်းမွန်လာမှုအား အသုံးပြုနေရပေမည်။
မိုဝူကျိ၏ တွက်ချက်မှုအရ နတ်ဘုရားလောက ပြန်လည် ကောင်းမွန်လာမှုလို အခွင့်အရေးမျိုးအား လောကနတ်ဘုရားအဆင့်တွင် မဟုတ်ဘဲ နတ်ဘုရားဘုရင်အဆင့် တက်လှမ်းရာ၌သာ အသုံးပြုသင့်ပေသည်။
“ ဝုန်း ” မိုဝူကျိ ခြေထောက်အောက်ရှိ ကမ္ဘာဦး နတ်ဝိညာဉ်သွေးကြောမှာ ကုန်ခမ်းသွားကာ ဆေးလုံးစွမ်းအားများလည်း ပျောက်ကွယ်သွားသည်။
မိုဝူကျိက သူ့ချီသွေးကြောများကို ဖြတ်၍ စီးဝင်လာသော စွမ်းအားများကို ခံစားမိလိုက်သောကြောင့် သက်ပြင်းအရှည်ကြီးချလိုက်သည်။ ဤသို့သော မဟာတာအိုမှာ သူ့စိတ်အတွင်း ရစ်ဝဲနေလေ၏။
သူက နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီး လောကနတ်ဘုရားအဆင့်သို့ အချိန်မရွေး တက်လှမ်းသွားနိုင်သည်။ အတားအဆီး ပိတ်ဆို့မှု မရှိဘဲ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်လျက် ရှိ၏။
မိုဝူကျိ၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ နိဗာန တိတ်ဆိတ်မှုပင်လယ်အထက် ပြန်ပေါ်လာသည်။ သူ့အောက် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခုကျော်ကို ထားလိုက်သည့်အခါ သူ့အရှိန်အဝါမှာ သိသိသာသာ ပြောင်းလဲလာသည်။ ချီသွေးကြော ၁၀၈ ခုမှာလည်း ကြောက်ရွံ့ခြင်းမရှိ စတင် လှည့်ပတ်လာသည်။
“ ဝုန်း ဝုန်း ဝုန်း ” ကြောက်မက်ဖွယ် မိုးကြိုးချက်များက မိုဝူကျိအပေါ် ကျရောက်လာကာ လောကနတ်ဘုရားအဆင့် မိုးကြိုးစမ်းသပ်ချက် စတင်လာသည်။
***