နတ်ဘုရားဘုရင်အား ခြောက်လန့်ခြင်း
Vol. 76 Ch. 1061
“ ဒါက မိုးမြေဓားသွား လျို့ဝှက်ပညာရပ်ပဲ ….” နောက်လူတစ်ယောက်၏ စိတ်စွမ်းအားက ထိုခရမ်းအလင်းမှာ မည်သည့်အရာဖြစ်ကြောင်း အာရုံခံလိုက်မိကာ တအံ့တဩ ရေရွတ်လိုက်သည်။
သာမာန်အကျဆုံး လျို့ဝှက်ပညာရပ် ဖြစ်နေလျှင်ပင် မိုးမြေဓားသွားကို မဆိုထားနှင့် မိုးမြေ၏ လျို့ဝှက်ပညာရပ်က ကျင့်ကြံသူကြားမှ တိုက်ပွဲကို နှိုးဆွပေးနိုင်သည်။ အမျိုးမျိုးသော မှော်ရတနာ အလင်းတန်းများက နေရာအနှံ့ ထွက်ပေါ်နေပြီး သွေးများလည်း ပေစွန်းနေကြသည်။
ယခင် အေးချမ်းလှသော နတ်ဘုရားသိုက်မြုံသည် ရုတ်ချည်းဆိုသလို သွေးသံရဲရဲ ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေသည်။ သားရဲတစ်ကောင် နှိုးထလာသည့်အလား ကြမ်းကြမ်းတမ်းတမ်း ပြုမူကုန်သည်။
ကောင်းကင်နတ်ဘုရား တစ်ယောက်က မိုးမြေဓားသွား လျို့ဝှက်ပညာရပ်ကို ဆွဲယူတော့မည့်ဆဲဆဲတွင် သူ့အပေါ် တိုက်ခိုက်ရေးအလင်းတချို့ ကျရောက်လာသည်။ နောက်အခိုက်အတန့်လေး၌ သူ့ခန္ဓာကိုယ်မှာ တစစီ ဖြစ်သွားကာ ကမ္ဘာဦး စိတ်ဝိညာဉ်သာ ထွက်ပေါ်လာသည်။ ကံကောင်းသည်က မည်သူကမှ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဂရုမစိုက်နေကြပေ။ အားလုံးက ထိုခရမ်းလျို့ဝှက်ပညာရပ်အပေါ်သာ အာရုံစိုက်ထားကြ၏။
လူများစွာ လျို့ဝှက်ပညာရပ် တစ်ခုတည်းကို လုယက်နေသည်အား မမြင်လိုသည့်အလား နောက်ထပ် ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်း ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ အဲဒါ အသေးစား ဖြတ်တောက်ရေး လျို့ဝှက်ပညာရပ်ပဲ …” သူတို့က ထိုလျို့ဝှက်ပညာရပ်များဖြင့် ကံမစပ်ကြောင်း သိကြသော်လည်း လျို့ဝှက်ပညာရပ်များ ထွက်ပေါ်လာသည်ကို မြင်ကြသူတို့က ကျယ်လောင်စွာ ဆက်လက် အော်နေကြသေး၏။
အကယ်၍ ယခင် မိုးမြေဓားသွားက ကမောက်ကမ တိုက်ပွဲအစ ဖြစ်စေခဲ့လျှင် ယခု အသေးစား ဖြတ်တောက်ရေး လျို့ဝှက်ပညာရပ်က အားလုံးကို ရူးသွပ်သွားစေသည်။
ယခင်က နတ်ဘုရားမျိုးနွယ်ဝင် တစ်ယောက်သည် အသေးစား ကျိန်စာပညာရပ်ကို အသုံးပြု၍ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများအား အလွယ်တကူ သတ်သွားခဲ့သည်။ ဤအသေးစား ဖြတ်တောက်ရေး ပညာရပ်သည်လည်း အသေးစား ကျိန်စာပညာရပ်နှင့် အဆင့်အတူတူ ဖြစ်လိမ့်မည်။ ယခု ပေါ်ထွက်လာပြီ ဖြစ်ရာ မည်သို့ ရုတ်ရုတ်သည်းသည်း မဖြစ်စေဘဲ နေမည်နည်း။
သဟဇာတ နတ်ဘုရားပင် ထိုလျို့ဝှက်ပညာရပ် လုယူပွဲ၌ ပါဝင်လာပေသည်။
တစ်ယောက်ယောက်က အစပြုလိုက်သည့်အလား အားလုံးက အသေးစား ဖြတ်တောက်ရေး ပညာရပ်ကို အလုအယက် ဖြစ်နေကြစဉ် အက်ကြောင်းမှ နောက်ထပ် အလင်းများစွာ ထွက်ပေါ်လာသည်။
“ ရေခဲ တိုက်ကွက် ”
“ ဦးဆုံး ဓားသွားတာအို ”
“ နဝမမြောက် လွတ်မြောက်ရေး ”
“ အာ ငါ ဘာတွေ လိုက်ကြည့်နေတာလဲ … အဲဒါက ဖျက်စီးရေး ပညာရပ်တွေလေ ”
နေမင်းလောက် တောက်ပသည့် ရွှေရောင်အလင်းတန်းက အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။ စကားတချို့ ပြောလိုက်ပြီးနောက် အားလုံးနီးပါးက ထိုရွှေရောင်အလင်းတန်းဆီ ပြေးသွားကြသည်။
“တာ့ရှီရှုန်း … အဲဒီလူတွေက ရူးနေပြီ …” ဝေရုနှင့် မိုဝူကျိတို့က နတ်ဘုရားသိုက်မြုံသို့ ရောက်လာခါစ ဖြစ်ကာ ရူးသွပ်နေသော လူအုပ်ကြီးကို ကြောင်အမ်းအမ်း ကြည့်နေမိကြသည်။ ထိုစည် ကျင့်ကြံသူများက နေရာအနှံ့ ရှိနေကြပြီး သွေးများကလည်း နေရာအနှံ့ ပေစွန်းနေသည်။ အားလုံးက ထိုပညာရပ်များ ရရှိဖို့ရာအတွက် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်နေကြသည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုကာ “ သူတို့က ရူးနေတာ မဟုတ်ဘူး။ စည်းမျည်းအက်ကြောင်းက လျို့ဝှက်ပညာရပ်တွေ ထွက်ပေါ်လာတာလေ။ အဲဒါတွေအားလုံးက မိုးမြေကနေ ဖြစ်တည်လာတဲ့ ရှေးဟောင်းပညာရပ်တွေချည်းပဲ … ပညာရပ်တစ်ခုချင်းစီက အတော်လေး အားကောင်းတယ်။ ခွန်းယွင် … အဲဒီလူအိုကြီးက ငါ့ကို ဒီအကြောင်း ပြောမသွားဘူး ”
ဝေရု၏ မျက်ဝန်းက ချက်ချင်း နီရဲလာကာ “ တာ့ရှီရှုန်း …. ကျွန်တော်တို့လည်း ဝင်ပါရအောင်။ တကယ်လို့ ကျွန်တော်တို့ နောက်ကျသွားရင် ဘာမှမရဘဲ နေလိမ့်မယ် ”
မိုဝူကျိက ခေါင်းခါကာ
“ ဝေရု အခုတော့ မင်း နောက်ဆုတ်သင့်တယ်။ ဒါက မင်း ဝင်ပါလို့ ရမဲ့ နေရာ မဟုတ်သေးဘူး။ မင်း လျို့ဝှက်ပညာရပ် ရတာနဲ့ နောက်အခိုက်အတန့်လေးမှာ သေသွားနိုင်တယ်။ ပြီးတော့မှ ငါ ဝင်ပါလိုက်မယ်။ သူတို့က ငါတို့ လူသားဂိုဏ်းအပိုင် ဖြစ်လာလိမ့်မယ် ”
မိုဝူကျိက လျှောက်ပြောနေခြင်း မဟုတ်ပေ။ ဤသို့ တိုက်ပွဲမျိုး ဝင်ပါခြင်းက ဝေရု၏ ရုပ်ခန္ဓာနှင့် ကောင်းကင်နတ်ဘုရားအဆင့် ၅ အင်အားဖြင့် ကိုယ့်သေတွင်းကို တူးသလို ဖြစ်နေလိမ့်မည်။
အချိန်တိုလေးအတွင်း လျို့ဝှက်ပညာရပ်များဆီ ချည်းကပ်လာသော ကျင့်ကြံသူတချို့မှာ အလင်းတန်းကြောင့် သေဆုံးသွားကြရသောကြောင့် ဝေရုက ထိုသူများ၏ အလောင်းများကို မြင်လိုက်ရသည်။ သူက တွန့်ဆုတ်နေမိသော်လည်း သူ့တာရှီရှုန်း ပြောစကားမှာ မှန်ကန်ကြောင်း သိပေသည်။ တိုက်ပွဲအတွင်း ဝင်ပါခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်ပေမည်။
“ တာ့ရှီရှုန်း စကားကို နားထောင်ပါ့မယ် ” သူက ကျင့်ကြံရေးဆေးလုံးများစွာနှင့် အဆင့်နိမ့် နတ်ချပ်ဝတ်လည်း ရှိပေသည်။ ထို့အပြင် သူ့တွင် တိုက်ခိုက်ရေး အဆောင်တချို့လည်း ရှိနေသေး၏။ ဤသည်မှာ ဤနေရာတွင် အသက်ရှင်ဖို့ရာ အခြေခံသာ ဖြစ်၏။
မိုဝူကျိက ရွိုက်ကောနှင့် တာ့ဟွမ်တို့အား ခေါ်ထုတ်ကာ ညွှန်ကြားလိုက်၏ “ ငါ မင်းကို ပြောဖူးပါတယ်။ ဒီဟာကြီးက မင်းတို့နှစ်ယောက်အတွက် အကျိုးရှိမလားဆိုတာ မင်းတို့ရဲ့ ကံတရားပေါ် မူတည်တယ်။ အခု မင်းတို့နှစ်ယောက်လုံး ဝေရုနဲ့ အတူတူ နောက်ဆုတ်ကြပြီးတော့ အခွင့်အရေးကို စောင့်နေကြ …. အခု ငါ မိုးမြေပညာရပ်တချို့ကို သွားယူလိုက်ဦးမယ် ”
တာ့ဟွမ်က ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သော်လည်း ထိုအဆင့်တွင် တန့်ကြာနေလေ၏။ တာ့ဟွမ်က တန့်ကြာနေသောကြောင့် ရွိုက်ကောပင် သူ့အား မီလာလေ၏။ တာ့ဟွမ်ကဲ့သို့ ရွိုက်ကောသည်လည်း ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်တွင် ရပ်တန့်နေသည်။
နတ်ဘုရားလောက ပြန်လည်ကောင်းမွန်လာမှုသည် တာ့ဟွမ်နှင့် ရွိုက်ကောတို့၏ အခွင့်အရေး ဖြစ်လာနိုင်သည်။
“ သခင်ကြီး ကျွန်တော်တို့ သိပါပြီ ” တာ့ဟွမ်နှင့် ရွိုက်ကောတို့က စိတ်အားတက်ကြွစွာ ပြန်ဖြေလိုက်သည်။ မိုဝူကျိက နတ်ဘုရားလောက ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်းကို အပြောကို ကြားထားသည့် ရွိုက်ကောက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက ထိုအခွင့်ကောင်းကို အမိဖမ်းရန်အတွက် အဆင့်သင့် ဖြစ်နေလေပြီ။
တာ့ဟွမ်တို့အား ညွှန်ကြားပေးပြီးနောက် မိုဝူကျိက တုံ့ဆိုင်းမနေတော့ဘဲ အက်ကြောင်းအစွန်းဆီ ပြေးဝင်သွားသည်။ သူ့တွင် ဝိဇ္ဇာရုပ်ခန္ဓာအဆင့် ရှိသည့်အပြင် လေလွတ်မြောက်ရေး နည်းစနစ်လည်း ရှိထားသည့်အတွက် ဤသို့ တိုက်ပွဲမျိုး၌ အရေးသာပေသည်။
အက်ကြောင်းမှ အလင်းတန်းအမျိုးမျိုး ထွက်ပေါ်လာသော်လည်း မိုဝူကျိက စမတိုက်သေးပေ။ သိပ်မကြာသေးခင် မိုဝူကျိက ရွှေရောင်အလင်းတန်းသည် အားအကောင်းဆုံး လျို့ဝှက်ပညာရပ် ဖြစ်ပြီး ထိပ်တန်းအဆင့် လျို့ဝှက်ပညာရပ် ဖြစ်မည်ဟု ခန့်မှန်းမိသည်။ အခုအထိ ဖျက်စီးရေး မဟာ ပညာရပ် ထွက်ပေါ်လာကာ သဟဇာတ နတ်ဘုရားက ယူဆောင်သွားလေ၏။ ထိုသဟဇာတ နတ်ဘုရားက ဆက်မနေရဲတော့ဘဲ ထိုပညာရပ် ရရှိပြီးနောက် မြန်မြန် ပြန်ထွက်သွားသည်။
မိုဝူကျိက စိတ်ထဲ၌ သရော်မိလိုက်သည်။ ထိုလူက အားလုံးကို အရူးအမူး ဖြစ်သွားစေမည့် နတ်ဝိညာဉ်သွေးကြောများ ကျလာမည်ကို မသိဘဲ ထွက်သွားလေသည်။
ထိုအတွေး တွေးမိစဉ် အက်ကြောင်းထဲမှ ဓားရှည်အနက်တစ်ချောင်း ထွက်ပေါ်လာပြီး ထိုအရာမှ ထွက်ပေါ်နေသော အရှိန်အဝါ အငွေ့အသက်များအရ ရှန်းထျန်းရတနာ ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျိ တစ်ယောက်တည်း သတိထားမိခြင်း မဟုတ်ပေ။ နတ်ဘုရားဘုရင်များစွာကလည်း ထိုဓားနက် ပေါ်လာသည်နှင့် ချက်ချင်း ပြေးသွားကြသည်။
ထိုဓားနက်အပြီးတွင် တူညီသော အငွေ့အသက်များကို ယူဆောင်လာသည့် အလင်းတန်းနှစ်တန်း ထွက်ပေါ်လာ၏။
မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်၏။
ဒီနေ့ ဒီအက်ကြောင်းကနေ ရတနာ ဘယ်လောက်တောင် ထွက်လာမှာလဲ …
မိုဝူကျိက ထိုပစ္စည်းများအတွက် မတိုက်ခိုက်ပေ။ အရင်ဦစွာ ဤနေရာတွင် နတ်ဘုရားများစွာ ရှိနေပြီး ဒုတိယအနေနှင့် မိုဝူကျိက ထိုပစ္စည်းများကို သည်းကြီးမည်းကြီး မလိုအပ်နေ၍ ဖြစ်သည်။
ထိုစဉ် ရွှေရောင်ဖျော့ဖျော့ အလင်းတန်းလေး ထွက်ပေါ်လာသည်။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုအလင်းတန်းဆီ ပြေးသွားလိုက်သည်။ အကြောင်းမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ တဆင့် ထိုအရာသည် မိုးဆင့်ခေါ်လျို့ဝှက်ပညာရပ် ဖြစ်နေကြောင်း သိလိုက်ရ၍ ဖြစ်ပေသည်။
မိုဝူကျိက မိုးဆင့်ခေါ်ပညာရပ်အကြောင်း အမြဲတွေးနေသည့်အကြောင်း ထည့်မပြောလျှင်ပင် ထိုရွှေရောင်ဖျော့ဖျော့ အလင်းတန်းက ရွေရောင်လျို့ဝှက်ပညာရပ်အပြီးလျှင် အဆင့်အတန်းက ဒုတိယ လိုက်ပေသည်။
မိုဝူကျိ၏ လေရွေ့ပြောင်းစွမ်းရည်က အင်မတန် မြန်ဆန်သည့်အတွက် ထိုရွှေရောင်ဖျော့ဖျော့ အလင်းတန်းလေး ပေါ်လာသည်နှင့် သူ့လူသားကမ္ဘာထဲ တန်းပို့လိုက်နိုင်သည်။
“ မိုဝူကျိလား ” နတ်ဘုရားဘုရင် ယီမင် မျက်ဝန်းများက တုန်လှုပ်မိသွားသည်။ သူက မိုဝူကျိသည် ဤနေရာတွင် ကိုယ့်သေတွင်းကို တူးလိမ့်မည်ဟု မထင်ထားပေ။ ယခင် သူက လျို့ဝှက်ပညာရပ်အမျိုးမျိုးကို ယူနေစဉ်က မိုဝူကျိ၏ တည်ရှိမှုကို လုံးဝ ဂရုမစိုက်မိခဲ့ပေ။ ယခု မိုဝူကျိက ရွှေရောင်ဖျော့ဖျော့ လျို့ဝှက်ပညာရပ်ကို သိမ်းဆည်းသွားသည့်အခါမှ နတ်ဘုရားဘုရင် ယီမင်က ချက်ချင်း သတိပြုမိလိုက်ခြင်း ဖြစ်၏။
“ ချထားလိုက်စမ်း ” လောကနတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက မိုဝူကျိဆီ ပြေးဝင်လာရင်း အော်ပြောလိုက်သည်။ သူ့အမြင်၌ မိုဝူကျိသည် ပုရွက်ဆိတ်လိုမျိုး တည်ရှိမှု ဖြစ်ပေသည်။
သူက မည်မျှ မြန်ဆန်စေကာမူ ပုရွက်ဆိတ် ဖြစ်နေဆဲ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ စွမ်းအားစက်ကွင်းဆီ မှော်ရတနာများ၏ အလင်းတန်း မြောက်များစွာ ကျရောက်လာသည်။ ထိုတိုက်ခိုက်ရေး အလင်းတန်းများက မိုဝူကျိအပေါ်တွင် သက်ရောက်မှု မရှိချေ။
မိုဝူကျိက မလိုအပ်တာ ပြောမနေတော့ဘဲ လခြမ်းကွေး ပုဆိန်လှံရှည်ကိုသာ ဝေ့ယမ်းလိုက်သည်။ သူ့ဆီ ဦးတည်လာနေသည့် လောကနတ်ဘုရားထံ ချိန်ရွယ်ထားလိုက်၏။
ပုဆိန်လှံရှည် အလင်းတန်းက ကန္တာရထဲမှ သဲလှိုင်းလိုမျိုး ထွက်ပေါ်လာကာ လောကနတ်ဘုရားအား ဝါးမျိုသွားသည်။ ထိုလောကနတ်ဘုရားက လောကနတ်ဘုရား အဆင့် ၇ ဖြစ်သော်လည်း သူ့တိုက်ကွက်များနှင့် စိတ်စွမ်းအားမှာ တစ်ဖက်လူ၏ ပုဆိန်လှံရှည်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရခြင်းသာ ခံစားမိလိုက်သည်။ သူ့စွမ်းအားစက်ကွင်းပင် သူ့အား ဝါးမျိုသွားသော ထိုသဲလှိုင်းလုံးကြီးကြောင့် တစစီ ဖြစ်သွားလေ၏။
“ ငါ ထပ်ပြီး မလိုချင်တော့ပါဘူး။ ငါ့ကို လွှတ်ပေးပါ …” လောကနတ်ဘုရားက သံမဏိပြားကြီးနှင့် ရင်ဆိုင်မိကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ ဤလူက ပါးမွှားမဟုတ်ဘဲ နတ်ဘုရားဘုရင် ဖြစ်နေလေ၏။
မိုဝူကျိက သက်ညှာပေးဖို့ စိတ်ကူးမရှိသောကြောင့် ကန္တာရကြီးက ပေါက်ကွဲထွက်သွားကာ သွေးမြူ ဖြစ်တည်လာသည်။ ဤလောကနတ်ဘုရားက မိုဝူကျိ၏ တိုက်ကွက်နှင့် တွေ့သွားသည့်အခါ ပြန်လည် ခုခံဖို့ရာ အင်အားပင် မကျန်ရှိတော့ပေ။
မိုဝူကျိက အရူး မဟုတ်သရွေ့ ဤသို့အချိန်အခါမျိုး၌ အဘယ်ကြောင့် သက်ညှာပေးရမည်နည်း။
ကောင်းကင်နတ်ဘုရားတချို့က မိုဝူကျိ၏ အန္တရာယ်ကို ခံစားမိသောကြောင့် လမ်းတွင် ရပ်တန့်လိုက်ကြသည်။ နတ်ဘုရားဘုရင်အပြင် မည်သူကများ လောကနတ်ဘုရားအား တစ်ချက်တည်းဖြင့် ရှင်းထုတ်ပစ်နိုင်မည်နည်း။
မိုဝူကျိ သွားဖို့ရာ ပြင်နေသည့် နတ်ဘုရားဘုရင် ယီမင်ပင် ရပ်တန့်သွားလေသည်။ သူက နတ်ဘုရားနယ်မြေ၌ မိုဝူကျိသည် တကယ်ကြီး သေမင်းထောင်ချောက် အကူအညီဖြင့် နတ်ဘုရားဘုရင် ဗောဓိနက်ကို သတ်ပစ်ခဲ့တာလားဟု သံသယဝင်လာမိသည်။
မိုဝူကျိကလည်း နတ်ဘုရားဘုရင် ယီမင်ကို အာရုံခံမိသောကြောင့် သူ့ပုဆိန်လှံရှည်အား ဝေ့ယမ်းလိုက်သည်။ ထိုအခါ နတ်ဘုရားဘုရင် ယီမင်ထံသို့ ငွေရောင်မြစ်ကြီး ကျဆင်းလာသည်။
မိုဝူကျိက ရန်ငြိုးကြောင့် လှုပ်ရှားလိုက်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
“ မင်းက သေချင်နေတာပဲ ” အစပိုင်းတွင် နတ်ဘုရားဘုရင် ယီမင်က နတ်ဘုရားဘုရင် ယန်ထင်းနှင့်အတူ မိုဝူကျိအား ရှာပြီး မဖယ်ရှားခင် သူဆီမှ ရတနာများစွာကို လုယူရန် ကြံစည်ထားလေ၏။ ယခု မိုဝူကျိက သူ့အား တိုက်ခိုက်လာလေရာ သူ့အနေနှင့် ဒေါသကို မည်သို့ ထိန်းထားရမည်နည်း။
နတ်ဘုရားဘုရင် ယီမင်က လက်ဝါးဖြန့်လိုက်သည်နှင့် ချင်းခွန် ရှစ်မြောင့်ထောင့် ပုံကားချပ်ကို ထုတ်ယူလိုက်သည်။ နတ်ဘုရားဘုရင် ယီမင်၏ မှော်ရတနာကြောင့် တည်နေရာပတ်လည်မှာ ချုပ်နှောင်ခံလိုက်ရသလို ဖြစ်သွားသည်။ မိုဝူကျိက တစ်ဖက်လူ၏ တည်နေရာ စည်းမျည်းအတွင်း ပိတ်လှောင်ခံလိုက်ရသလို ခံစားမိလိုက်သည်။
“ ဝုန်း ” မိုဝူကျိ၏ ငွေရောင်မြစ်က နောက်ဆုံးတွင် ကျဆင်းလာပြီး ပေါက်ကွဲစေသည့် ပင်လယ်ရေက နတ်ဘုရားဘုရင် ယီမင်၏ မှော်ရတနာ ပိတ်လှောင်ထားသည့် တည်နေရာအပေါ် ဆင်းသက်လာသည်။ ထိုစဉ် မှော်ရတနာမှ ပိတ်လှောင်ထားသော တည်နေရာမှာ အစအနမရှိ ကွယ်ပျောက်သွားလေ၏။
နတ်ဘုရားဘုရင် ယီမင်က သူ့စွမ်းအားစက်ကွင်း တုန်ခါလာသည်ကို ခံစားမိပြီး ထိုငွေရောင်မြစ်၏ စည်းမျည်းများမှာ မည်မျှ ပြီးပြည့်စုံနေကြောင်း သိလိုက်ရ၍ အံ့အားသင့်သွားသည်။ ကျဆင်းလာသည့် စွမ်းအားတို့ကား ပြင်းထန်သော သတ်ဖြတ်ငွေ့များကိုပါ ယူဆောင်လာသည်။
မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည် ထုလုပ်ရာ၌ ဖျင်ရွေကို ထည့်ခဲ့သည့် ဆုံးဖြတ်ချက်အား အလွန်ဝမ်းသာနေမိသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည် သုံး၍ တိုက်ခိုက်လိုက်သည့်အခါ အလွန်ကျေနပ်ဖွယ် ကောင်းလှသည်။
မိုဝူကျိ၏ ဒုတိယတိုက်ကွက် ထွက်ပေါ်လာသည်ကို စောင့်မနေတော့ဘဲ နတ်ဘုရားဘုရင် ယီမင်၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်မသွားခင် အေးစက်စက် ပြောလိုက်သေး၏
“ မင်းကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးထားလိုက်မယ် ”
ထိုသို့ပြောပြီးနောက် နတ်ဘုရားဘုရင် ယီမင်သည် မိုဝူကျိ၏ နေရာမှ ဝေးရာသို့ ထွက်ပြေးသွားတော့သည်။ သူ ကြောက်လန့်သွားသည်မှာ သူက နတ်ဘုရားဘုရင် ဗောဓိနက်လောက် အားမကောင်းပေ။ အကယ်၍ ဤနေရာ၌ သူသာ မိုဝူကျိ လက်ထဲ သေဆုံးရမည်ဆိုလျှင် သူ့အနေနှင့် နောင်တရမည့် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ချေ။ သူက မိုဝူကျိကိုတော့ မသိမသာ ကြောက်ရွံ့နေမိသည်။
မိုဝူကျိက နတ်ဘုရားဘုရင် ယီမင်၏ မှော်ရတနာ တန်ပြန်အားကို အတင်းအကျပ် ချိုးဖောက်လိုက်သည်နှင့် သူနှင့် နတ်ဘုရားဘုရင် ယီမင်ကြားတွင် အကွာအဝေးတစ်ခု ရှိနေသေးကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက နတ်ဘုရားဘုရင် ယီမင်နောက် လိုက်မသွားပေ။ ထို့အစား သူက ခပ်ဝဝ သူတော်စင်ကိုသာ ကြည့်လိုက်ပြီး “ ကျုပ် အမှတ်မမှားရင် ခင်ဗျားက နတ်ဘုရားဘုရင် ယန်တု မလား။ အရင်တုန်းက ခင်ဗျား၊ ယန်တင်း၊ ယီမင်နဲ့ ဗောဓိနက်တို့က အတူတူ ကျူးလွန်ခဲ့ကြတယ်မလား ”
နတ်ဘုရားဘုရင် ယန်တုက မိုဝူကျိအား ဦးညွှတ်ကာ
“ ကျေးဇူးရှင်မိုက ကျုပ်ကို စွပ်စွဲနေတာပါ။ အရင်တုန်းက တာအိုရောင်းရင်း ဖန်းကျဲကို ဒုက္ခပေးချင်လို့ ကျုပ်ကိုပါ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က တာအိုရောင်းရင်း ဖန်းကျဲနဲ့ ဆက်ဆံရေး ကောင်းတယ်လေ။ သူ့ကို ဘာများလုပ်နိုင်မှာလဲ … အဲဒါကြောင့်မလို့ ကျုပ်က ကျန်တဲ့သူတွေနဲ့ မလိုက်ဘဲ နေရစ်ခဲ့တာပါ။ ကျုပ် ဟိုးကတည်းက ကျေးဇူးရှင်မိုကို လေးစားမိတယ်လေ … ကျုပ်က တာအိုရောင်းရင်း ဖန်းကျဲကို လုပ်ကြံဖို့ ဘာလို့များ ကြံစည်ရမှာလဲဗျာ ”
ယန်တုက ဖန်းကျဲနှင့် ရင်မဆိုင်လိုသည်မှာ အမှန်ဖြစ်သော်လည်း သူနှင့် ဖန်းကျဲတို့က ဆက်ဆံရေး ကောင်းနေ၍တော့ မဟုတ်ပေ။ အဓိက အကြောင်းအရင်းမှာ သူက မိုဝူကျိကို ကြောက်၍ ဖြစ်သည်။
သူ့အမြင်၌ သူ့ခန့်မှန်းချက်မှာ လုံးဝကို မှန်ကန်နေပေသည်။
အခုမှ ဘယ်နှနှစ်ပဲ ရှိသေးတာလဲ …
နတ်ဘုရားဘုရင် ဗောဓိနက်က မိုဝူကျိ လက်ထဲ သေဆုံးသွားပြီး နတ်ဘုရားဘုရင် ယီမင်ကလည်း ထိပ်တိုက် ရင်ဆိုင်ပြီးတော့ ထွက်ပြေးသွားရသည်။
***