← Chapters

လော့ဟွမ်စန်းက ဘယ်လိုအီးပေါလောလဲ

Vol. 77 Ch. 1063

လော့ဟွမ်စန်းက ဘယ်လိုအီးပေါလောလဲ

Vol. 77 Ch. 1063

“ မင်းက သတ္တိကောင်းတာပဲ … ဒါပေမဲ့ မင်းအရိုးတွေ ခြေမွပစ်ပြီးတော့ ဘာမှမကျန်အောင် လုပ်ပစ်မယ်ဆိုတာရော ယုံလား ” လော့ဟွမ်စန်းက သူ့သတ်ဖြတ်လိုစိတ်နှင့် ဒေါသအား ထပ်၍ မထိန်းထားနိုင်တော့ပေ။ သူက မိုဝူကျိ‌လောက် မောက်မာသည့် လောကနတ်ဘုရားကို မမြင်တွေ့ဖူးသေးပေ။ အခြားလူများက မိုဝူကျိအား နတ်ဘုရားဘုရင်ဟု ထင်ကောင်း ထင်နိုင်သော်လည်း သူ လော့ဟွမ်စန်းက လူတစ်ယောက်ကို ဘယ်သောအခါမှ မှားယွင်း၍ အကဲမဖြတ်မိဖူးပေ။ မိုဝူကျိက နတ်ဘုရားဘုရင် သေချာပေါက် မဟုတ်သေးသောကြောင့် လောကနတ်ဘုရားသာ ဖြစ်ပေမည်။ အများဆုံး သူက နောက်ပိုင်း လောကနတ်ဘုရားအဆင့် ဖြစ်ပေလိမ့်မည်။

“ မင်းဘိုးအေက မယုံဘူးကွာ ” ယခု သူ့အဆင့် ၆ သေမင်းထောင်ချောက် အစီအရင် ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် မိုဝူကျိက အဘယ်ကြောင့် အချိန်ဖြုန်းနေရမည်နည်း။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်က လခြမ်းကွေးအလား ပုံပြောင်းကာ လော့ဟွမ်စန်းအပေါ် လွှမ်းခြုံသွားသည်။

လော့ဟွမ်စန်းအနေနှင့်  မိုဝူကျိက အရင်လက်ဦးမှု ရယူသွားသည့်အတွက် ဒေါသထွက်လွန်းနေသည်  “မင်းက သေချင်နေတာပဲ ”

လျှပ်စီးတူကို ထုတ်ယူလိုက်သည်။ ထို့နောက် ကမ္ဘာတုန်ခါမတတ် လျှပ်စီးပြာ ငါးကြောင်းက မိုဝူကျိဆီ ပျံသန်းရောက်ရှိလာသည်။

ထိုလျှပ်စီးကြောင်းများကို မြင်ကာ မိုဝူကျိက အနည်းငယ် စိတ်ဓာတ်ကျမိသွားသည်။ အကယ်၍ သူ့ပြိုင်ဖက်က လျှပ်စီးကျင့်ကြံသူမှန်း သိခဲ့လျှင် သူ့အနေနှင့် သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းနေဖို့ပင် မလိုအပ်ပေ။

ထိုလျှပ်စီးကြောင်းများက အားကောင်းသော်လည်း သူ့လောကနတ်ဘုရား မိုးကြိုးစမ်းသပ်ချက်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ အားပျော့နေသေး၏။ လျှပ်စီးအားကြောင်းမျှသာ မဟုတ်ဘဲ  လျှပ်စီးချက်များအတွင်း ဆိုးရွားလှသော မိုးမြေစည်းမျည်းကြောင့်သာ ဖြစ်၏။

ယခု မိုဝူကျိက သေမင်းထောင်ချောက်ကို ဆင်သွားပြီးပြီ ဖြစ်၍ သေချာပေါက် အသုံးပြုမည် ဖြစ်သည်။ စက္ကန့်ပိုင်းလေးအတွင်း သူက သေမင်းထောင်ချောက်ကို အသက်သွင်းပြီး လက်ချောင်းဖြင့် ချိန်ရွယ်ထားလိုက်သည်။

သတ္တကမ္ဘာ လက်ချောင်းပညာရပ် - သက်ရှိလောက

မိုဝူကျိက သူ့လျှပ်စီးချက်များကို မခုခံသည်ကို သတိပြုမိကာ လော့ဟွမ်စန်းက အေးစက်စွာ သရော်လိုက်သည်။ သူ့လျှပ်စီးငါးချက်မှာ နောက်ပိုင်းအဆင့် နတ်ဘုရားဘုရင်များပင် ကာကွယ်နိုင်သည့်အရာ မဟုတ်ပေ။ ထိုမှ ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။ ထို့နောက် သူက နောက်ဆုံး အဆုံးသတ် တိုက်ကွက်ကို ထုတ်လိုက်ရုံသာ လိုအပ်တော့သည်။ မိုဝူကျိက လောကနတ်ဘုရားတစ်ယောက်မျှသာ ဖြစ်ပြီး သူ့လျှပ်စီးချက်များကို အကာအကွယ်မရှိ ရင်ဆိုင်ရဲလေသည်။

“ ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း ” လျှပ်စီးငါးချက်က မိုဝူကျိအပေါ် ကျရောက်လာကာ တစ်ချက်ကား မိုဝူကျိ၏ ဦးခေါင်းပေါ်သို့ပင်  ကျရောက်လာသေး၏။

အပေါ်ယံ၌ မိုဝူကျိက သွေးမြူကြား ရောက်နေပြီး အရိုးအက်သံများပင် ကြားနေရဟန် ပေါ်သော်လည်း အမှန်တော့ မိုဝူကျိ၏ လှုပ်ရှားမှုများက နှေးကွေးသွားခြင်း မရှိပေ။ သူ့လက်ချောင်း ပညာရပ်မှာလည်း အသက်ဝင်လာသည်။

လော့ဟွမ်စန်းက ထိုသို့မျိုး ပညာရပ်ကို မြင်တွေ့လိုက်ရသည့်အခါ ကြောင်အမ်းသွားလေသည်။

 မိုဝူကျိက ကာကွယ်ရေး ရတနာပင် အသုံးမပြုဘဲ သူ့လျှပ်စီးချက်များကို ကာကွယ်နိုင်သည်တဲ့လား…

သူ့တိုက်ကွက်သည် စွမ်းအားစက်ကွင်းအားလုံးကို ထိန်းချုပ်နိုင်ရုံသာမက မည်သို့ စွမ်းအားစက်ကွင်း ဖြစ်နေစေကာမူ ထိုလျှပ်စီးငါးချက်က ချက်ချင်း ဖျက်စီးပစ်နိုင်စွမ်း ရှိ၏။ အခြားလူများက ထိုလျှပ်စီးချက်များသည် မိုဝူကျိအပေါ် အလုပ်ဖြစ်နေသည်ဟု ထင်ကောင်း ထင်နိုင်ကြသော်လည်း သူကတော့ လျှပ်စီးချက်များသည် မိုဝူကျိကို မထိခိုက်စေနိုင်ကြောင်း သိလိုက်ရသည်။

လော့ဟွမ်စန်းက အကြောင်းအရင်းကို ဆက်လက် မရှာနိုင်ခင် မိုးမြေစည်းမျည်းများက ရုတ်ချည်း ပြောင်းလဲသွားသည်။ လော့ဟွမ်စန်းက သာမာန် သေမျိုးကမ္ဘာအတွင်း နေထိုင်ရသကဲ့သို့ ခံစားမိလိုက်သည်။ မိုဝူကျိက ကမ္ဘာ၏ ပိုင်စိုးသူ ဖြစ်ကာ  မိုဝူကျိသာ သူ့အား သေစေလိုလျှင် သေခြင်းတရားက သူ့၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်၏။ အကယ်၍ မိုဝူကျိက သူ့အား မသေစေလိုလျှင် သူက အသက်အရွယ် ကြီးရင့်လာကာ သေဆုံးရမည်သာ ဖြစ်၏။

မြန်မြန် နောက်ပြန်ဆုတ် ….

မိုဝူကျိ၏ ဤလျို့ဝှက်ပညာရပ်၏ အဆင့်ကို သိထားပြီး  သူ့အား အသက်အန္တရာယ် မပေးနိုင်မှန်း သိသော်လည်း  လော့ဟွမ်စန်းက မိုဝူကျိ၏ ပညာရပ်အတွင်း ပိတ်မိဖို့ရာ ဆန္ဒမရှိပေ။ သူက မိုဝူကျိသည် သူ့အား  စိတ်ကြိုက် တိုက်ခိုက်နိုင်သည် ဟူသော အတွေးကိုလည်း မကြိုက်ပေ။

လော့ဟွမ်စန်းက လက်ကို မြှောက်ကာ မိုဝူကျိ၏ တိုက်ကွက်အား တစစီ စုတ်ဖြဲဖို့ ကြိုးစားလိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူ့ဘေးပတ်လည်ရှိ အာကာပြင်ကြီးသည် သဏ္ဍာန်မဲ့ ကြိုးများဖြင့် ရစ်ပတ်လာသည့်အလား တင်းကျပ်လာသည်။ လော့ဟွမ်စန်းက စိတ်ထဲမှသာ ကျိန်ဆဲလိုက်တော့သည်။ သူက သတ်ဖြတ်ရေး အစီအရင်နှင့် အကျွမ်းဝင်သူ ဖြစ်သောကြောင့် အဖြစ်အပျက်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

ထိုစဉ် သူက မမြင်ရသည့် သေမင်းထောင်ချောက်အတွင်း ပိတ်မိသွားသည်ကို သတိမပြုမိလျှင် အရူးသာ ဖြစ်တော့မည်။

မိုဝူကျိ၏ အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်၏ အဓိက ရည်ရွယ်ချက်မှာ လော့ဟွမ်စန်းအား ပိတ်လှောင်ထားဖို့ ဖြစ်၏။ သူက သတ်ဖြတ်ရေး အလင်းတန်းတချို့သာ ထည့်ထားခြင်း ဖြစ်၏။ အကြောင်းအရင်းမှာ သူက ထပ်မံ ပြုလုပ်ဖို့ရာ စိတ်မပါတော့၍ ဖြစ်သည်။ သူက သေမင်းထောင်ချောက်အတွင်း နတ်ဘုရားဘုရင်တစ်ယောက်ကို သတ်နိုင်စွမ်း ရှိသည့် သတ်ဖြတ်ရေး အလင်းတန်းများကို မခင်းကျင်းနိုင်သေးသောကြောင့်လည်း ဖြစ်ပေသည်။

မိုဝူကျိအတွက် ထိုအရာများက အရေးမပါပေ။ သူသာ လော့ဟွမ်စန်းကို ခဏတာမျှ ပိတ်လှောင်ထားနိုင်လျှင် အောင်မြင်သည်ဟု ယူဆနိုင်ပေ၏။

“တာအိုရောင်းရင်း ရပ်လိုက်ပါ … ကျုပ် လော့ဟွမ်စန်းက ခင်ဗျားရဲ့ ဈေးကို သဘောတူပါတယ် ” လော့ဟွမ်စန်းက သူ့အသိစိတ်ပင်လယ်အတွင်း လောင်ကျွမ်းလာသောကြောင့် စိုးရိမ်တကြီး အော်ပြောလိုက်သည်။ သူက အသိစိတ် ပျောက်ဆုံးသွားလျှင်ပင် ဤနေရာတွင် လဲကျသွား၍ မဖြစ်ပေ။

“ ဝုန်း ” မိုဝူကျိ၏ အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်မှာ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ မြန်မြန် ရေးထွင်းထားခြင်းသာ ဖြစ်၏။ လော့ဟွမ်စန်းလို ပညာရှင်တစ်ယောက်အတွက် သူ့သေမင်းထောင်ချောက်မှာ အားပျော့နေသေးသည်။

လော့ဟွမ်စန်းက တာအိုအငွေ့အသက်များကို စတင် လောင်ကျွမ်းစေလိုက်သည့်အခါ သေမင်းထောင်ချောက် အစီအရင်က စတင် ပျက်စီးလာသည်။

တစ်ဖက်လူက သူ့သေမင်းထောင်ချောက်အတွင်း ပိတ်မိနေသောကြောင့် မိုဝူကျိက သူ့အား အဘယ်ကြောင့် လက်လွှတ်ပေးရမည်နည်း။ သူက လော့ဟွမ်စန်းဆီ ဦးတည်လိုက်ပြီး စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်အား ထုတ်ဖော်လိုက်သည်။

နဂို ကြောင်အမ်းနေသည့် လော့ဟွမ်စန်း၏ စွမ်းအားစက်ကွင်းမှာ မိုဝူကျိ၏ လက်သီးချက်အောက်တွင် တစစီ ပျက်စီးသွားတော့သည်။

“ ဝုန်း ” ခန္ဓာကိုယ်က တစစီ ဖြစ်သွားသောကြောင့် အရိုးကျိုးသံများကိုပါ ကြားလိုက်ရသည်။ အစပိုင်း ရုန်းကန်နေသည့် လော့ဟွမ်စန်းက လုံးလုံး ရပ်တန့်သွားလေသည်။ သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ သက်ရှိလောကက လော့ဟွမ်စန်း၏ စိတ်ကို ပိတ်လှောင်ထားနိုင်လိုက်သည်။ တိုက်ကွက်တစ်ခုဖြင့် မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်က လော့ဟွမ်စန်းအပေါ် ကျရောက်လာသည်။ မိုဝူကျိက လော့ဟွမ်စန်းလို ပညာရှင်မျိုးနှင့် ရင်ဆိုင်နေရသည့်အခါ သနားညှာတာမှု မပြသင့်ကြောင်း ကောင်းကောင်း သိထား၏။

နေဝင်ရိုက်ချက် ဆင်းသက်လာသည်နှင့် လော့ဟွမ်စန်းက သေခြင်းတရား ရောက်မလာခင် နှိုးထလာသည့်အလား အော်ပြောလိုက်သည်  “ ငါက နတ်ဘုရားမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်နဲ့ အကြီးအကဲပဲ … ငါ့ကို မထိနဲ့။  မဟုတ်ရင် နတ်ဘုရားမျိုးနွယ်က မင်းကို ဖျက်စီးပစ်မှာပဲ ”

မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး “ ငါက နတ်ဘုရားမျိုးနွယ်ဝင် သဟဇာတ နတ်ဘုရားကိုတောင် သတ်ရဲသေးတာ မင်းလိုမျိုး အီးပေါလောကို ဘာလို့ ကြောက်နေရမှာလဲ ”

“ ဘာ … နတ်ဘုရားသခင် ဟွမ်းကျီကို မင်း သတ်လိုက်တာလား ” လော့ဟွမ်စန်းက တစုံတစ်ခုကြောင့် တုန်လှုပ်သွားသည့်အလား သူ့ဘာသာ ရေရွတ်လိုက်သည်  “ မဖြစ်နိုင်ဘူး … လုံးလုံး မဖြစ်နိုင်ဘူး ”

သူ့မျက်ဝန်းများ၌ နောင်တတရားတို့ ပြည့်နှက်လာသည်။ အကယ်၍ နတ်ဘုရားသခင်  ဟွမ်းကျီသာ သူ့ရှေ့ရှိ ပုရွက်ဆိတ်ကြောင့် သေဆုံးသွားသည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်က နတ်ဘုရားနယ်မြေနှင့် ယာယီ စစ်ပြေငြိမ်းရေး ယူဖို့ လုပ်ခဲ့မည် မဟုတ်ပေ။

မိုဝူကျိက ဟွမ်းကျီအား သတ်လိုက်သည်ကိုတော့ မိုဝူကျိက သူနှင့် ရင်ဆိုင်သကဲ့သို့ သေမင်းထောင်ချောက်ကြောင့်သာ ဖြစ်ပေမည်။

“ အား ” သွေးမြူက ပေါက်ကွဲထွက်လာပြီး လော့ဟွမ်စန်းက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားတော့သည်။

မိုဝူကျိ ခန့်မှန်းချက်အတိုင်း တစ်ဖက်လူ၏ ကမ္ဘာကို သတိမပြုမိသောကြောင့် မိုဝူကျိက စိတ်ထဲ မထားပေ။ သူက ခွန်းယွင် မဟုတ်သောကြောင့် တစ်ဖက်လူ၏ ကမ္ဘာကို ရှာမတွေ့သည်က ပုံမှန်သာ ဖြစ်ပေသည်။

ကိစ္စများ တည်ငြိမ်သွားပြီးနောက်  အခြားသော နတ်ဘုရားဘုရင်များက မိုဝူကျိထံ ထပ်မလာရဲတော့ပေ။ လော့ဟွမ်စန်း၏ အင်အားကို မည်သူက မသိဘဲ နေမည်နည်း။ ဤသို့ ပညာရှင်တစ်ယောက်က မိုဝူကျိရှေ့တွင် အမွေးတိုင်ဝက်စာပင် ခံနိုင်ရည် မရှိခဲ့ပေ။

အားလုံးက မိုဝူကျိသည် လော့ဟွမ်စန်းကို ပိတ်လှောင်ထားပြီး လက်ချောင်း တစ်ချောင်း၊ လက်သီး တစ်လုံးနှင့် ပုဆိန်လှံရှည် ရိုက်ချက်တို့ဖြင့် အဆုံးသတ်ခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။

လော့ဟွမ်စန်းက မိုဝူကျိအား တိုက်ခိုက်ခဲ့သည့်အချက်ကိုတော့ ထည့်တွက်ရပေမည်။ သို့သော်လည်း သူ့လျှပ်စီးငါးချက်က မိုဝူကျိအတွက် အယားပြေရုံသာ  ရှိ၏။ အကယ်၍ မိုဝူကျိ၏ ကျင့်ကြံဆင့်သာ လော့ဟွမ်စန်းထက် ပိုမြင့်မားမနေလျှင် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မိုဝူကျိက ဝိဇ္ဇာရုပ်ခန္ဓာ ပညာရှင် တစ်ဦးသာ ဖြစ်ရပေမည်။

နတ်ဘုရားနယ်မြေ၌ ဝိဇ္ဇာရုပ်ခန္ဓာ ပညာရှင် ရှိသေးသည်လား …

အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာရုပ်ခန္ဓာ ပညာရှင် အမှန်တကယ် ဖြစ်နေခဲ့လျှင် သဟဇာတ နတ်ဘုရားပင် မိုဝူကျိအား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ အများဆုံး သူက မိုဝူကျိကို တိုက်၍ ခြောက်လန့်ရုံမျှသာ လုပ်နိုင်မည် ဖြစ်ကာ မိုဝူကျိအား သေချာပေါက် အဆုံးသတ်ပစ်နိုင်မည် မဟုတ်ပေ။

အဝေးတစ်နေရာမှ မိုဝူကျိ လော့ဟွမ်စန်းအား ရှင်းထုတ်လိုက်ပုံကို စောင့်ကြည့်နေသည့် နတ်ဘုရားဘုရင် ယီမင်က တုန်တုန်ယင်ယင် ဖြစ်လာကာ မိုဝူကျိ သူ့နေရာသို့ သတိမထားမိခင် လွှတ်မြောက်ရေး အဆောင်အား အသက်သွင်းလိုက်ပြီး ထွက်ပြေးသွားတော့သည်။

မိုဝူကျိကို လက်စားချေဖိုရန် ကိစ္စကား သူက ရူးရူးမိုက်မိုက် ကျုးလွန်မည် မဟုတ်ပေ။ အကယ်၍ သူသာ နတ်ဘုရားဘုရင် ယန်ထင်းနှင့် ပူးပေါင်းလိုက်လျှင်ပင် သူတို့က လော့ဟွမ်စန်းအတွက် ပြိုင်ဖက် မဖြစ်သေးပေ။ မိုဝူကျိက လော့ဟွမ်စန်းအား လွယ်လွယ်ကူကူ ရှင်းထုတ်လိုက်သည်ကို  မြင်ပြီးနောက် သူ ယီမင်က မိုဝူကျိအား အဘယ်ကြောင့် လက်စားချေဖို့ ရှာနေရမည်နည်း။

အကယ်၍ နတ်ဘုရားဘုရင် ယီမင်သာ ထိုအတွေးမျိုး ဆက်လက် ရှိနေသေးလျှင် နောင်တတရားဖြင့်သာ အဆုံးသတ်သွားရလိမ့်မည်။ ယခင် သူတို့ ဖန်းကျဲကို ရှင်းခဲ့စဉ်အခါက သူက မည်သည့် ဆုလာဘ်မျိုးမှ မရရှိခဲ့ပေ။ မိုဝူကျိလိုမျိုး လူနှင့်သာ ရန်ငြိုးဖွဲ့သလို ဖြစ်သွားလေ၏။ မိုဝူကျိသာ အသက်ရှင်နေသရွေ့ သူ ယီမင်က ထာဝရ အမှောင်ထဲ၌သာ နေနေရလိမ့်မည်။ အကယ်၍ ယခင်က သူ အကျိုးမြတ်များ ရရှိခဲ့လျှင် တစ်ယောက်ယောက် သူ့နောက်လိုက်သည်က အကျိုးအကြောင်း သင့်သော်လည်း လက်တွေ့၌ သူက ဘာပစ္စည်းမှ မရလိုက်ဘဲ အားကောင်းသည့် ရန်သူ ရလိုက်သည်သာ အဖတ်တင်သွားသည်။

မိုဝူကျိက နတ်ဘုရားဘုရင် ယီမင် ထွက်ပြေးသွားသည်ကို သတိထားမိသော်လည်း နောက်မှ လိုက်မသွားပေ။ သူက နတ်ဘုရားမျိုးနွယ်ဝင် နတ်ဘုရားဘုရင် အဆင့် ၇ အား သတ်ဖြတ်နိုင်ခဲ့သည်မှာ သူက တစ်ဖက်လူထက် များစွာ အားကောင်းနေ၍ မဟုတ်ပေ။ သူက အဆင့် ၇ အစီအရင်ဆရာတစ်ယောက် ဖြစ်နေပြီး သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းနိုင်ရန် အာကာပြင် သင်္ကေတများကိုလည်း တတ်မြောက်ထား၍ ဖြစ်သည်။ မဟုတ်လျှင် သူက လော့ဟွမ်စန်းလိုမျိုး လျှပ်စီးကျင့်ကြံသူအား မကြောက်လျှင်ပင် သူ့အား အဆုံးသတ်ပစ်နိုင်မည်တော့ မဟုတ်ပေ။

ထိုသို့ဆိုလျှင်ပင် နတ်ဘုရားဘုရင်တိုင်းက လော့ဟွမ်စန်းလို မဟုတ်ပေ။ နတ်ဘုရားဘုရင်တိုင်းက သူ့ပစ္စည်းများကို လိုချင်နေကြမည်ဆိုလျှင်ပင် သူ့အစီအရင် ပြီးစီးသွားသည့်အထိ စောင့်ဆိုင်းပေးနေမည် မဟုတ်ပေ။

နတ်ဘုရားဘုရင် ယီမင် တစ်ယောက်တည်း ထွက်ပြေးသွားခြင်း မဟုတ်ပေ။ မိုဝူကျိအား စကားပြောရန် ကြံစည်နေသည့် နတ်ဘုရားဘုရင် ယန်တုပင် ထွက်ပြေးသွားလေ၏။ သူက မိုဝူကျိနှင့် ဆက်ဆံရေးကောင်း တစ်ခု ဖွဲ့စည်းလိုသည်မှာ မိုဝူကျိက အားကောင်းမှန်း သိထားသော်လည်း သူက မိုဝူကျိသည် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ကြောင်း တွေးမိထား၍ ဖြစ်သည်။ ယခု မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၇ လော့ဟွမ်စန်းအား သတ်ပစ်လိုက်လေရာ နတ်ဘုရားဘုရင် ယန်တုက ဆက်လက ပြောဆိုဖို့ သတ္တိမရှိတော့ပေ။

စည်းမျည်းအက်ကြောင်းမှ ပညာရပ်များ မှော်ရတနာများ ထွက်ပေါ်လာမှုမှာ ရပ်ဆိုင်းသွားလေသည်။ မြေပေါ်တွင် သွေးများ ပေပွနေပြီး ကျင့်ကြံသူအလောင်းများ အပုံလိုက် ရှိနေသည်။ ကျင့်ကြံသူအုပ်စုလိုက်ကြား  မိုဝူကျိကို သတိပြုမိသောသူများက နောက်ဆုတ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။

မိုဝူကျိက အက်ကြောင်းအစွန်းသို့ လျှောက်လှမ်းလာသည်။ ထိုအခိုက်အတန့်လေး၌ သူက စည်းမျည်းစွမ်းအားများကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။ နတ်ဝိညာဉ်စွမ်းအားများက အရွက်မဲ့တောအုပ်မှ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ထက် အားနည်းမည် မဟုတ်ပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက မတည်ငြိမ်သောကြောင့် သူ ကျင့်ကြံဖို့ရာ မသင့်တော်ပေ။

ဤအက်ကြောင်းက ပေတစ်ရာကျော် ကျယ်ပြန့်လာကာ  အရွက်မဲ့တောအုပ်ဘက်သို့ ဆက်လက် ကျယ်ပြန့်နေသေးသည်။ ထိုနေရာကို ဖြတ်သွားလိုသည့် ကျင့်ကြံသူများက အက်ကြောင်းကို ဖြတ်၍ မပျံသန်းရဲကြသောကြောင့် အရွက်မဲ့တောအုပ်ကို ပတ်၍  သွားလာကြသည်။

မိုဝူကျိက ဝေရု၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့အား ဖန်ဆင်းမှုစွမ်းအား ရရန် လှမ်းခေါ်တော့မည့်ဆဲဆဲတွင် ပုတိုတို အမျိုးသားတစ်ယောက်က မိုဝူကျိဆီ လျှောက်လှမ်းလာသည်။ သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသော်လည်း ခြေလှမ်းအနည်းငယ်ဖြင့် မိုဝူကျိရှေ့ ရောက်ရှိလာသည်။

ထိုလူ၏ သတ်ဖြတ်ငွေ့ကို ခံစားမိကာ မိုဝူကျိက အာကာပြင် သင်္ကေတများကို မြန်မြန် ရေးထွင်းလိုက်သည်။

သို့သော်လည်း သူက ပထမဆုံး သင်္ကေတကို ရေးထွင်းလိုက်သည်နှင့် ထိုအမျိုးသားက လက်မြှောက်ကာ သူ ရေးထွင်းဖို့ ကြိုးစားနေသည့် သင်္ကေတအား ဖျက်စီးပစ်လိုက်သည်။ ထို့နောက် သူက မိုဝူကျိအား အေးစက်စွာ ကြည့်လိုက်ပြီး “ မင်းက မိုဝူကျိလား … ငါ့နတ်ဘုရားမျိုးနွယ်ရဲ့ လော့ဟွမ်စန်းကို သတ်လိုက်တဲ့ မိုဝူကျိလား ”

သူတို့ကြားရှိ လေထုမှာ အေးစက်လာသည့်အလား မိုဝူကျိကို လွှမ်းခြုံသွားသည်။ မိုဝူကျိ စိတ်နှလုံးသား အောက်ခြေမှ သေစေနိုင်သည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ သူက ဤအမျိုးသားလက်မှ လွတ်မြောက်လိုလျှင် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်မှန်း သိလိုက်သည်။

“ လော့ဟွမ်စန်းက ဘယ်လိုအီးပေါလောတုန်း  …. ဒီက လူအိုကြီးက နတ်ဘုရားမျိုးနွယ်ရဲ့ သဟဇာတ နတ်ဘုရားအဆင့် ၂ကိုတောင် သတ်ပစ်ခဲ့တာကွ ” ခွန်းယွင်၏ မောက်မောက်မာမာအသံကို ကြားလိုက်ရပြီး နောက်ဆုံးတော့   မိုဝူကျိ၏ အေးခဲနေသည့် ခန္ဓာကိုယ်ပေါ်တွင် နွေးထွေးမှုကို  ခံစားမိလိုက်သည်။

***

All Chapters