← Chapters

ချောင်ပိတ်ခြင်း

Vol. 75 Ch. 1037

ချောင်ပိတ်ခြင်း

Vol. 75 Ch. 1037

အချိန်က တရွေ့ရွေ့နှင့် လျှပ်တစ်ပြက်အတွင်း ဆယ်မိနစ် ကုန်ဆုံးသွားသည်။ ငါးဖမ်းလှေကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူအိုကြီးက စိတ်လှုပ်ရှားသောအကြည့်တစ်ခုနှင့်အတူ မျက်လုံးတို့ ပွင့်သွားသည်။ သူ့ပုံရိပ်က လွင့်မျောလျက် ထန်ရှုအရှေ့သို့ ရောက်ရှိလာ၏။ သူက ပြောလိုက်သည်"တူညီတဲ့ဆေးအာနိသင်ရှိတဲ့သန့်စင်ဒဏ်ရာပျောက်ဆေးဆယ်လုံး လိုချင်တယ်"

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်တွင် ရေးဆွဲသွားပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ပြဿနာမရှိဘူး။ ဒီကျောက်စိမ်းပုလင်းထဲမှာ ဆေးကိုးလုံးကျန်သေးတယ်။ ငါ့အကောင့်ထဲကို ဒေါ်လာသန်းနှစ်ရာ အရင် လွှဲပေးဖို့ လိုတယ်"

"ကောင်းပြီ"

လူအိုကြီးက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ ထန်ရှု၏အကောင့်နံပါတ်ကို လက်ခံပြီးနောက် သူက ချက်ချင်း ပိုက်ဆံလွှဲပေးလိုက်သည်။

မယုံနိုင်သောအကြည့်တစ်ခုက ရွှေရောင်ဆံပင်အမျိုးသားနှင့်အမျိုးသမီးတို့၏မျက်နှာပေါ်တွင် ထွက်ပေါ်သွား၏။ သူတို့ဆရာက ကျောက်စိမ်းပုလင်းကို လက်ခံရင်း ကျေနပ်နေပုံပေါ်သည်ကို ‌တွေ့လိုက်ရ၏။ ရှေ့တစ်ယောက်က ‌ချက်ချင်း မေးလိုက်သည်"ဒဏ်ရာက ဘယ်လိုလဲ၊ ဆရာ"

"ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ"လူအိုကြီးက ပျော်ရွှင်စွာ ပြောသည်။"ဒီသန့်စင်ဒဏ်ရာပျောက်ဆေးက ထင်ထားတာထက် ဆေးအာနိသင်ပိုကောင်းတယ်။ ဒီညီ‌လေးထန် ပြောတာ မှန်တယ်၊ ဒီလိုဆေးတစ်လုံးရှိတာက တိုက်ပွဲမှာ အသက်တစ်ဝက်အပိုရှိသလိုပဲ"

ရွှေရောင်ဆံပင်အမျိုးသားနှင့်အမျိုးသမီးတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်၊ သူတို့က စိတ်အားထက်သန်လာပုံပေါ်၏၊ သူတို့ဆရာလက်ထဲရှိ ကျောက်စိမ်းပုလင်းထံမှ မျက်လုံးတို့ မခွာနိုင်တော့။ နှစ်ယောက်သား တီးတိုးပြောဆိုကြပြီးနောက် အမျိုးသမီးက ထန်ရှုအား ကြည့်ကာ ပြုံးလျက် မေးလိုက်သည်"ငါတို့ကိုရော သန့်စင်ဒဏ်ရာပျောက်ဆေးအချို့ ရောင်းပေးနိုင်မလား၊ မစ္စတာထန်။ ငါ့စီနီယာအကိုနဲ့ငါက ဒေါ်လာသန်းတစ်ရာနဲ့ ငါးလုံးဝယ်ချင်ပါတယ်"

ထန်ရှုက ထူးဆန်းစွာ ပြုံးလျက် ပြောလိုက်သည်"ရတာပေါ့၊။ ငါ့မှာ ဆယ်လုံးကျန်သေးတာ မင်းတို့ ကံကောင်းသွားတယ်။ ငါ ငါးလုံး ရောင်းပေးပါ့မယ်"

ထိုသို့ပြောပြီးနောက် နောက်ထပ်ကျောက်စိမ်းပုလင်းတစ်လုံး ယူထုတ်ကာ အထဲမှ သန့်စင်ဒဏ်ရာပျောက်ဆေးငါးလုံး ထုတ်လိုက်သည်။ သူတို့ထံ ပေးပြီးနောက် သူက ပြောလိုက်သည်"ငါ့ကို ဒေါ်လာသန်းတစ်ရာ အခု ပေးပါ"

"ကျေးဇူးပြုပြီး ခဏစောင့်ပါ"ပျော်ရွှင်သောမျက်နှာများနှင့် နှစ်ယောက်သား ထန်ရှုထံ ပိုက်ဆံလွှဲပေးခဲ့ကြသည်။

အရောင်းအဝယ်ပြီးသွား‌သောကြောင့် ထန်ရှုက လူအိုကြီးအား ကြည့်ကာ ပြောလိုက်သည်"စီနီယာကျုံး၊ ခင်ဗျားရဲ့ဒဏ်ရာလဲ ကုသပြီဆိုတော့ ဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို လိုက်ဖမ်းဖို့ ပူးပေါင်းကြရင် ဘယ်လိုထင်လဲ။ ကြေးစားတွေမှာ နည်းလမ်းတွေ ရှိတာကြောင့် ခင်ဗျားက သူတို့ကို အလွယ်တကူ ခြေရာခံနိုင်မှာ သေချာပါတယ်"

"ဒါ ဟုတ်တယ်၊ ဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်က လုရွှင်းခိုဒေသကို ပြေးသွားတယ်၊ ကျုပ်တို့နဲ့ဆိုရင် နှစ်ရာကီလိုမီတာအကွာမှာပေါ့။ ဒါပေမယ့် ကျုပ်တို့ကို ပို့ဆောင်ဖို့ လိုတယ်၊ မဟုတ်ရင် သူတို့က ဆက်ပြေးနေရင် အချိန်တိုအတွင်း သူတို့ကို ဖမ်းမိနိုင်မှာ မဟုတ်ဘူး"

သွမ်မုလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါ အဆင်ပြေပါတယ်။ ငါ စီစဉ်လိုက်မယ်"

ဆယ်မိနစ်ကြာပြီးနောက် စစ်တပ်ရဟတ်ယာဉ်နှစ်စီးက လျင်မြန်စွာ ရောက်ရှိလာသည်၊ သူတို့အဖွဲ့က လေယာဉ်ပေါ်  တက်သွား၏။ သွမ်မုလင်က အမိန့်ပေးလိုက်သည်၊ ရဟတ်ယာဉ်နှစ်စီးက လုရွှင်းခိုဦးတည်ဘက်ဆီသို့ ပျံသန်းသွားခဲ့သည်။

လမ်းတွင် သွမ်မုလင်က သတင်းတစ်ခု ထပ်ရလာသည်၊ လုရွှင်းခိုဒေသတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်၊ ထိခိုက်သူများတွင် ခန္ဓာကိုယ်မှ သွေးတစ်ဝက် ဆုံးရှုံးထားကြသည်။ သူတို့သွေးများ စုပ်ယူခံထားရဟု ဆိုနိုင်၏။

"ဒါ တကယ် စက်ဆုပ်ဖွယ်ကောင်းတာပဲ" သတ်ဖြတ်လိုစိတ်တစ်ခု မျက်လုံးများထဲတွင် စီးဆင်းသွားရင်း သွမ်မုလင်က ဖုန်းချလိုက်သည်။

နာရီဝက်ကြာပြီးနောက် သွမ်မုလင်ဘေးနားတွင် ထိုင်နေသော လူအိုကြီးက ရုတ်တရက် ပြောလိုက်သည်"သူတို့နဲ့ နီးနေပြီ။ ဒီကနေ ငါးကီလိုမီတာခန့်၊ အရှေ့တောင်းယွန်းယွန်းက ‌တောင်‌ပေါ်မှာ သူတို့ရဲ့တည်နေရာကို ခြေရာခံချပ်ပြားက ခြေရာခံမိခဲ့တယ်"

ထန်ရှုက လူအိုကြီး၏လက်ထဲရှိ ခြေရာခံချပ်ပြားအား စိုက်ကြည့်ကာ ပြောလိုက်သည်"ကျုပ်ကို ဒီခြေရာခံချပ်ပြားရဲ့သဘောတရားကို ရှင်းပြနိုင်မလား။ ၎င်းက ပစ်မှတ်ကို ဘယ်လို ရှာတာလဲ၊ ၎င်း ခြေရာခံနိုင်တဲ့အရှည်ဆုံးအကွာအဝေးက ဘယ်လောက်လဲ"

"ဒီကောင်က ငါတို့ကြေးစားတွေရဲ့အသက်သွေးကြောပဲ၊ ဒီကောင်မရှိလို့မရဘူး"လူအိုကြီးက ပြုံးကာ ပြောလိုက်သည်"တကယ်တော့ အဲဒါက အသုံးပြုရတာ လွယ်ပါတယ်။ ပစ်မှတ်ရဲ့သွေးတစ်စက်ကို ရနိုင်သရွေ့ သုံးရာကီလိုမီတာအကွာအတွင်းမှာ သူတို့ကို ခြေရာခံနိုင်တယ်"

"အာ ဒါဆို ခင်များက အဲဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာလား"ထန်ရှုက အံ့အားသင့်စွာ မေး၏။

"တက္ကစီဒရိုင်ဘာတစ်ယောက်ကို ခြိမ်းခြောက်နေတဲ့အချိန်မှာ သူတို့နဲ့ တွေ့ခဲ့တာပဲ"လူအိုကြီးက အနည်းငယ် လေးနက်စွာ ပြောလေ၏"သူတို့ကို တားတဲ့အချိန်မှာ သူတို့က တက္ကစီဒရိုင်ဘာကို သတ်ဖြတ်ခဲ့ပြီး ငါတို့နဲ့ ခဏတဖြုတ် တိုက်ခိုက်ခဲ့တယ်။ ငါသာ ဒဏ်ရာမရထားရင် သူတို့ကို ဘယ်လွတ်မြောက်ခွင့်ပေးမှာလဲ။ သူတို့ထဲကတစ်ယောက် ဒဏ်ရာရသွားတယ်၊ သူ့သွေးကို ဒီခြေရာခံချပ်ပြားပေါ်မှာ အသုံးပြုခဲ့တာပဲ"

ထန်ရှုက အနည်းငယ် စိတ်ဝင်စားသွားကာ မေးလိုက်သည်"ခင်ဗျား ကျုပ်ကို အဲဒါ ရောင်းနိုင်မလား။ ဒါမှမဟုတ် ခင်ဗျားမှာ အပိုတစ်ခု ရှိရင် ကျုပ် ဝယ်ချင်ပါတယ်"

လူအိုကြီးက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ငါ့မှာ ဒီတစ်ခုပဲ ရှိတယ်။ ငါ့ရဲ့အရင်ခြေရာခံချပ်ပြားက တိုက်ပွဲမှာ ပျက်ဆီးသွားတဲ့အတွက် အနက်ရောင်ဈေးကနေ ဒါကို ဝယ်ဖို့ အတော်လေးကြိုးစားခဲ့ရတယ်။ မင်း ဝယ်ချင်ရင် အနက်ရောင်ဈေးကို သွားလို့ရတယ်။ အဲမှာဆိုရင် ငါ့ဟာထက် ပိုကောင်းတာတွေ ရှိတယ်"

"အနက်ရောင်ဈေးက ဘာလဲ"ထန်ရှုက ခဏစဉ်းစားပြီးနောက် ထပ်မေးလိုက်သည်"ခင်ဗျားတို့ ပြောနေတဲ့ ဒီအနက်ရောင်ဈေးက ဘယ်မှာ ရှိတာလဲ"

ဘေးနားရှိ သွမ်မုလင်က အံ့အားသင့်သွားပြီး ‌သူက မေးလိုက်၏"အာ၊ ကျင့်ကြံခြင်းကမ္ဘာရဲ့အနက်ရောင်ဈေးရဲ့တည်ရှိမှုကို မင်း လုံးဝ မသိတာလား၊ ထန်ရှု"

"ကျုပ် တကယ် မသိတာပါ"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

"မင်း သိမယ် ထင်လို့ ငါ မင်းကို မပြောခဲ့တာ"သွမ်မုလင်က ရယ်ရမလားငိုရမလား မသိတော့။"တကယ်တော့ ကျင့်ကြံခြင်းကမ္ဘာရဲ့အနက်ရောင်‌ဈေးကို အမေရိကန်နိုင်ငံ၊ ဖစ်လက်ဒယ်ဖီယာမြို့မှာ တည်ထောင်ထားတာ။ အစကတော့ အဲနေရာက မြို့ထဲမှာ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ကျင့်ကြံသူတွေကြား အရင်းအမြစ်ဖလှယ်ဖို့ လိုအပ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံသူတွေအတွက် ‌ဈေးက တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့တာပဲ။ လွန်ခဲ့သောဆယ်စုနှစ်ကတည်းက တိုးတက်မှု အရမ်းမြန်ဆန်လာခဲ့ပြီး အခုဆိုရင် အလတ်စားမြို့တစ်မြို့နဲ့တောင် ယှဉ်နိုင်‌နေပြီ"

"ကမ္ဘာမှာ ဒီလောက်များတဲ့ ကျင့်ကြံသူတွေ ရှိတာလား၊ သူတို့က အလတ်စားမြို့တစ်မြို့ကိုတောင် တည်ဆောက်ခဲ့တာပေါ့လေ"ထူးဆန်းသောအမူအရာနှင့် ထန်ရှုက မေးလိုက်သည်။

"အဲမှာ ကျင့်ကြံသူတွေ၊ မတူညီတဲ့မျိုးနွယ်တွေ အများကြီးရှိတယ်"သွမ်မုလင်က ပြုံးကာ ပြောလိုက်သည်"ဒါပေမယ့် နေထိုင်သူအများစုက သာမန်လူတွေပဲ၊ တိုးတက်လာလို့ လူတွေ ပြောင်းရွှေ့လာခဲ့ကြတာလေ။ ကျင့်ကြံသူတွေပဲ ဖြစ်ဖြစ်၊ ကွဲပြားခြားနားတဲ့မျိုးနွယ်တွေပဲဖြစ်ဖြစ်၊ သူတို့က သာမန်လူ‌တွေကြားမှာ ရောနှောနေကြတယ်။ လိုအပ်တော့မှ၊ အခြားသူတွေနဲ့ အရောင်းအဝယ် လုပ်တော့မှ သူတို့ရဲ့သရုပ်မှန်ကို ဖော်ပြကြတယ်"

ထန်ရှုက ရုတ်တရက် နားလည်စွာ ခေါင်းညိတ်လိုက်သည်။"ကျုပ် သိပြီ။ ကြည့်ရတာ ‌နောက်ကျရင် ဖစ်လက်ဒယ်ဖီယာမြို့ကို ကျုပ် သွားလည်ရမယ့်ပုံပဲ။ ဒါနဲ့ သူတို့က အနီးနားမှာဆိုတော့ အဲဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်နဲ့ ရင်ဆိုင်လိုက်ကြတာပေါ့"

****

တောထူထပ်သော တောင်အတွင်းပိုင်းထဲတွင် ‌အလောင်းချီက လွှမ်းခြုံထားလျက် ထွက်ပြေးလာသော ဖန်မိသားစုဝင်နှစ်ယောက်က အနည်းငယ် စိတ်သောကရောက်နေပုံပေါ်၏။

"ငါတို့ အခု ဘယ်သွားကြမလဲ၊ နံပါတ်လေးအကို။ အဲဒီကြေးစားတွေက ခွာထုတ်လို့မရတဲ့ပလာစတာတွေလိုပဲ။ သူတို့ကို မသတ်ရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်"ဖန်ကျင်းကျုံး၏မျက်လုံးများက ထူထဲသော သတ်ဖြတ်လိုစိတ်တို့  ပြည့်နှက်နေသည်။ သူ့ပါးစပ်ထောင့်တ‌စ်နေရာတွင်မူ သွေးများ စွန်းနေ၏။

"အဲဒီကြေးစားသုံးယောက်က အတော်လေး ကျွမ်းကျင်ကြတယ်ဆိုပေမယ့် သူတို့နဲ့ပတ်သက်ပြီး ငါ မစိုးရိမ်ဘူး"ဖန်ကျင်းရှင်းက အေးစက်စွာ ပြန်ဖြေသည်။"ငါ စိုးရိမ်တာက အဲဒီတရုတ်စွမ်းရည်အသုံးပြုသူတွေပဲ။ ရွံစရာကောင်းတာက သူတို့ရဲ့အလောင်းစွမ်းအင်ကို မထိန်းချုပ်နိုင်တဲ့ အမှိုက်ကောင်တွေပဲ။ သူတို့က အလောင်းစွမ်းအင်ရဲ့လွှမ်းမိုးမှုကို ခံလိုက်ရပြီး လူတွေကို လက်လွတ်စပယ် သတ်ဖြတ်ခဲ့တယ်၊ ငါတို့မိသားစုဆီ ကပ်ဘေး ယူလာတယ်။ မြို့တော်မှာ ဒီလိုဖြစ်ရပ်ကြီးတစ်ခု ဖြစ်သွားတဲ့အတွက် အထူးစွမ်းရည်‌ဗျူရိုရဲ့လူတွေက မထွက်ပေါ်လာဘူးလို့ မင်း ထင်လား"

"အဲဒီခွေးမသားဒုတိယဖန်ကောင်စုတ်ကြောင့်..."ဖန်ကျင်းကျုံးက ဒေါသတကြီး ပြောလိုက်သည်"ဒီကျင့်ကြံခြင်းပညာရပ်ရဖို့ ငါတို့မိသားစုက အများကြီး အားထုတ်ခဲ့ရတယ်။ ရှေးဟောင်းသင်္ချိုင်းတစ်ခုကနေ ကျင့်ကြံသူတစ်ယောက်ရဲ့အလောင်းကို တူးဖော်ရရှိခဲ့ပြီး ငါတို့ကို ပြောင်မြောက်တဲ့စွမ်းအား‌တွေ ပေးခဲ့တယ်။ ‌နောက်ဆယ်စုနှစ်အနည်းငယ်လောက်ကျရင် ငါတို့မိသားစုမှာ စွမ်းအားကြီးစစ်တပ်တစ်ခုရှိလာပြီး ငါတို့ရဲ့မူလအစီအစဉ်အတိုင်း တိုင်းပြည်ကို ကြံစည်နိုင်မှာ။ ဒါပေမယ့် အဲဒီကောင်စုတ်ကြောင့် အားလုံး အလဟဿဖြစ်သွားခဲ့ပြီ"

ဖန်ကျင်းရှင်းက ဒေါသအား ပြင်းပြင်းထန်ထန်ဖိနှိပ်ကာ အေးစက်စွာ ပြောလိုက်သည်"ငါတို့က ထွက်ပြေးလွတ်မြောက်လာပြီဆိုပေမယ့် ကျန်တဲ့ငါတို့မိသားစုဝင်‌တွေက မြို့တော်မှာ ရှိနေသေးတယ်။ လက်ရှိမှာ သူတို့အားလုံး ထိန်းချုပ်ခံနေရတယ်လို့ ငါ ပြောနိုင်တယ်။ ဒါပေမယ့် ငါတို့ရဲ့လက်ရှိအနေအထားအရ သူတို့ကို ကယ်ဆယ်ဖို့ နည်းလမ်း မရှိဘူး။ ငါတို့ လုပ်နိုင်တာက တရုတ်ကနေ အရင်ထွက်ပြေးပြီးမှ သူတို့ကို ပြန်လာကယ်တာပဲ"

"လွန်ခဲ့တဲ့ဆယ်စုနှစ်က ငါတို့မိသားစုက ဆုတ်ခွာရေးလမ်းကြောင်းတစ်ခု စီစဉ်ထားခဲ့တယ်၊ နံပါတ်လေးအကို"ဖန်ကျင်းကျူံးက ခေါင်းညိတ်လိုက်သည်"ငါတို့ ဖုတ်ကောင်ကျင့်ကြံခြင်းပညာရပ် ကျင့်ကြံနေတာကို ထုတ်ဖော်ခံရတာနဲ့ အမြန်ဆုံး ထွက်ပြေးနိုင်တယ်။ ဝှက်ထားတဲ့သင်္ဘောဆီ ရောက်ဖို့ ငါတို့တွေ ကီလိုမီတာဒါဇင်ကျော် သွားရအုံးမယ်၊ အဲ‌‌နေရာမှာ ငါတို့လူတွေ အသင့်စောင့်နေတယ်"

"ဦးလေးက တကယ် အမြော်အမြင်ရှိတာပဲ"ဖန်ကျင်းရှင်းက ပြော၏"ကြေးစားတွေနဲ့တရုတ်အရာရှိ‌တွေ...စောင့်နေပါ...မကြာခင်မှာ ငါတို့ညီအကို‌‌တွေ မင်းတို့အားလုံးကို သတ်ပစ်မယ်"

ရုတ်တရက် ဖန်ကျင်းရှင်း၏အမူအရာက ပြောင်းလဲသွားပြီး သူ၏မီးခိုးဖျော့ရောင်မျက်ခုံးများက ကျုံ့သွား၏။ သူ့ခန္ဓာကိုယ်က မြေပြင်မှ ခုန်လွှားပြီး ဖန်ကျင်းကျုံး၏လက်ကို ကိုင်ဆွဲကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

"သူတို့ ဒီလောက်မြန်မြန် လိုက်မီတာလား"

ပြေးနေရင်း မယုံကြည်နိုင်သောအကြည့်တစ်ခုနှင့်အတူ ဖန်ကျင်းကျုံးက ဖန်ကျင်းရှင်းလက်အား လွှတ်လိုက်သည်။

"ဒီရွံစရာကောင်းတဲ့ကြေးစားတွေမှာ ငါတို့ကို ခြေရာခံလိုက်ဖို့ နည်းလမ်းအချို့ ရှိတာ ဖြစ်ရမယ်"ဖန်ကျင်းရှင်းက ပြန်ပြောသည်"အရှိန်တင်ရအောင်။ မဟုတ်ရင်..."

သူက ပြောနေရင်း ရုတ်ချည်း ရပ်လိုက်သည်၊ အရှေ့တွင် လမ်းပိတ်ထားသည့်လူဒါဇင်ကျော်ကို မြင်ပြီး သူ့နှလုံးသားက တုန်ယင်သွား၏။ သူတို့နှစ်ယောက်က ဖန်မိသားစု၏ထိပ်တန်းအဖွဲ့ဝင်များဖြစ်ကြပြီး တရုတ်၏အထူးစွမ်းရည်ဗျူရိုနှင့် ပတ်သက်၍ အလိုအ‌လျောက် သိသည်။ သို့သော် သွမ်မုလင်က သူ့လူများကို ဦးဆောင်လျက် ကြိုတင်လမ်းပိတ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့နောက်လိုက်နေသည့်ကြေးစားများပင် သူတို့မှ မီတာရာအနည်းငယ်သာ ကွာဝေးတော့၏။

"သူတို့က...ပူးပေါင်းထားတာလား"

မြင်ကွင်းကို မြင်ပြီး ဖန်ကျင်းကျုံးက စိတ်ပျက်သွား၏။ သူ အားကောင်းသလို အထူးစွမ်းရည်ဗျူရိုမှလူများကလည်း အားမနည်းပေ။ ထို့‌ပြင် သူတို့က ကြေးစားများနှင့် ပူးပေါင်းထားသေး၏၊ သူတို့ မရင်ဆိုင်နိုင်သည့် ဖိအားတစ်ခုပင် ဖြစ်ပေ၏။

"ငါတို့ ဘာလုပ်ကြမလဲ။ ဒီနေရာမှာပဲ ငါတို့ ‌သေရတော့မှာလား"

ဖန်ကျင်းကျုံးက လက်သီးဆုပ်ကာ ကြေးဓားတစ်လက်အား ဆုပ်ကိုင်၏၊ ထို့နောက် သူက ဝဲဘက်သို့ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

***

All Chapters