မိသားစုခြောက်ခု၏ပူးပေါင်းခြင်း
Vol. 75 Ch. 1041
ထန်ဝေ့က ထျန့်ရှောင်မုံ့အား ခေါ်သွားသဖြင့် ထန်ရှုက နောက်ဖေးကွက်လပ်သို့ တစ်ယောက်တည်း လျှောက်လာသည်။ လမ်းတွင် အသိအကျွမ်းအချို့နှင့် ဆုံတွေ့ခဲ့ရသည်၊ ကွမ်းယန်ခရိုင်ပုမိသားစုခေါင်းဆောင်၊ ဖူးခန်းခရိုင်ဟွမ်မိသားစုခေါင်းဆောင်စသဖြင့် စီးပွားရေးလောကမှ သူ သိသည့် မျက်နှာရင်းအချို့များပင်။ သူ့အား စိတ်ဝင်စားစေသည့် တစ်စုံတစ်ယောက်လည်း ပါ၏၊ သူ၏အနာဂတ်ယောက္ခမလောင်းဖြစ်သည့်မုကျန့်ဟွာပင် ဖြစ်သည်။
သူတို့အား နှုတ်ဆက်ကာ အာလာပသလ္လာပအချို့ ပြောပြီးနောက် ထန်ရှုက ပင်မခန်းသို့ ရောက်ရှိလာသည်၊ သူ့အဖိုးက လူအိုကြီးအချို့နှင့် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူက ချက်ချင်း လျှောက်လာကာ နှုတ်ဆက်သည်။"အားလုံးဖြေရှင်းပြီးသွားပါပြီ၊ အဘိုး"
"ဒါ အရမ်းကောင်းတယ်။ ဒီတစ်ခါလဲ မင်းရဲ့လုပ်ဆောင်ချက်က အရမ်းကောင်းမွန်တယ်လို့ သွမ်မုလင်ဆီကနေ ငါ ကြားခဲ့ရတယ်"ထန်ကောရှန်က ပျော်ရွှင်စွာ ပြော၏"ဒါနဲ့ ဒီကို လာပါ၊ ငါ မင်းကို ဒီအကြီးအကဲတွေနဲ့ မိတ်ဆက်ပေးမယ်"
ချူဟမ်၊ ချူမိသားစုခေါင်းဆောင်။ စုန့်ကန်း၊ စုန့်မိသားစုခေါင်းဆောင်။ မုဟုန်ထောင်၊ မုမိသားစုခေါင်းဆောင်။ ပုရီချန်၊ ပုမိသားစုခေါင်းဆောင်။ နောက်ဆုံးတစ်ယောက်က လီရှစ်ရုံ၊ လီမိသားစုခေါင်းဆောင်။
တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီးနောက် ထန်ရှုက ပြုံးလျက် ပြောလိုက်သည်"အဖိုးတို့ပဲ ဆက်စကားပြောကြပါ။ ငါ အဖွားကို မနှုတ်ဆက်ရသေးဘူး၊ ပြီးတော့ ဧည့်သည်တွေကိုလဲ အပြင်မှာ ကြိုဆိုရအုံးမယ်"
"မင်းက ဧည့်သည်တွေကို လက်ခံဖို့ မလိုဘူး၊ ရှုအာ။ ယွင်ဖန်းနဲ့ယွင်ချင်တို့နဲ့တင် ရပြီ"ထန်ကောရှန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ပြီးတော့ ငါတို့ ဆွေးနွေးစရာကိစ္စတချို့ ရှိတယ်၊ အကြီးအကဲတွေက မင်းနဲ့ စကားပြောချင်တယ်"
ဤသည်ကို ကြားပြီးနောက် ထန်ရှုက ခုံတစ်ခု ဆွဲကာ ထန်ကောရှန်ဘေး၌ ထိုင်လိုက်သည်။ ထို့နောက် သူက သိလိုစိတ်နှင့် မေး၏"ဘာကိစ္စများလဲ"
ထန်ကောရှန်က အခြားအကြီးအကဲများနှင့် အကြည့်ချင်း ဖလှယ်ကာ ဆက်ပြောသည်"မကြာသေးခင်က တိုင်းပြည်က စီမံကိန်းကြီးတစ်ခုလုပ််ဖို့ စီစဉ်ခဲ့တယ်၊ အဲဒါက အနောက်ပိုင်းနယ်မြေရဲ့မန့်မြို့ကို တိုးချဲ့တည်ဆောက်ဖို့ပဲ။ ဒါက စုစုပေါင်းရင်းနှီးမြှုပ်နှံမှုယွမ်တစ်ရာဘီလီယံကျော်တဲ့စီမံကိန်းတစ်ခုဖြစ်ပြီး ကြိုတင်မမျှော်မှန်းထားတဲ့အဖြစ်အပျက်တွေ ဖြစ်လာရင် ယွမ်ဘီလီယံရာချီ ဖြစ်သွားနိုင်တယ်။ နိုင်ငံ့ပေါ်လစီက ဘယ်လောက်ပဲ ကောင်းကောင်း၊ တိုင်းပြည်က လိုအပ်တဲ့ငွေကြေးကို မတတ်နိုင်ဘူး။ ဒါကြောင့် အဲဒါအတွက် တင်ဒါတစ်ခု လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါတို့က အခုပဲ ဆွေးနွေးခဲ့ပြီးပြီ၊ အဲဒီတင်ဒါကို ရဖို့ မျှော်လင့်ထားကြတယ်"
"ငါ အရင် သိချင်တာ တစ်ခုရှိတယ်၊ အဖိုး"ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"မန့်မြို့က တိုးချဲ့တည်ဆောက်ဖို့ ထိုက်တန်ရဲ့လား"
"ကဏ္ဍသုံးခုရှိတယ်"ထန်ကောရှန်က ဆက်ရှင်းပြသည်"ပထမ၊ မန့်မြို့ရဲ့ပထဝီနေရာအနေအထားက အရမ်ထူးခြားတယ်၊ အနောက်ပိုင်းပြည်နယ်သုံးခုရဲ့ဆုံမှတ်ဖြစ်တယ်။ ၎င်းကို မြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်က ငွေကြေးအချို့ ရင်းနှီးမြှုပ်နှံပြီး ပြည်နယ်သုံးခုလုံးကိုချိတ်ဆက်ပေးမယ့် လမ်းတွေ တည်ဆောက်လိမ့်မယ်။ ဒုတိယ၊ နောက်ကျရင် အဲနေရာက တိုင်းပြည်အတွက် အရေးပါတဲ့ခရီးသွားဧရိယာတစ်ခု ဖြစ်လာလိမ့်မယ်။ ကာကွယ်တားမြစ်ထားတဲ့သတ္တဝါမျိုးစိတ်တွေ အများကြီးရှိတဲ့ ကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်တစ်ခုရှိတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်များစွာကို ဆွဲဆောင်နိုင်လိမ့်မယ်။ ပြီးတော့ တတိယက..."
ဤအချက်ထိ ရောက်လာချိန်တွင် ထန်ကောရှန်က ရှင်းပြခြင်းအား ရပ်လိုက်သည်။
သိလိုစိတ်မျက်နှာနှင့်အတူ ပထမအကြောင်းပြချက်နှစ်ခုက သိပ်မမှန်လှဟု ထန်ရှုက ခံစားမိသည်။ တကယ်တမ်းတွင် ယွမ်တစ်ရာဘီလီယံကျော်သို့မဟုတ်ယွမ်ဘီလီယံချီရင်းနှီးမြှုပ်နှံမည့်စီမံကိန်းတစ်ခုအတွက် ထိုအကြောင်းပြချက်နှစ်ခုက လုံလောက်ဖို့ လိုအပ်သေး၏။ အချို့တွေးပြီးနောက် သူက မေးလိုက်သည်"တတိယအကြောင်းပြချက်က ဘာလဲ"
"သတ္တုသိုက်ကြောင့်ပဲ"ထန်ကောရှန်က ပြော၏"ကြီးမားတဲ့ကြေးနီသတ္တုသိုက်တစ်ခုကို မန့်မြို့အနီးက တောင်တစ်ခုမှာ မကြာသေးခင်က တွေ့ရှိခဲ့တယ်။ မကြာမီမှာ တိုင်းပြည်က အဲနေရာမှာ သတ္တုတူးဖော်လိမ့်မယ်။ ပြီးရင် နေထိုင်သူတွေအရေအတွက်က အမြောက်အများ တိုးလာလိမ့်မယ်၊ မြို့ကြီးတစ်ခုဖြစ်ဖို့ လိုအပ်ချက်ပြည့်မှီသွားလိမ့်မယ်"
"ကြေးနီသတ္တုတွင်းတစ်ခုလား"
အံ့အားသင့်သောအကြည့်တစ်ခုက ထန်ရှုမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သတ္တုသိုက်က ကြီးမားသည်ဆိုလျှင် တူးဖော်ခြင်းအတွက် အလုပ်သမားအမြောက်အများ လိုအပ်လိမ့်မည်၊ သူတို့၏မိသားစုများကိုပါ ခေါ်လာပေလိမ့်မည်၊ မြို့တိုးချဲ့တည်ဆောက်ခြင်းက ထိုနေရာတွင် အခြေချရန် လူများစွာအား ဆွဲဆောင်ပေးလိမ့်မည်။
ရုတ်တရက် ထန်ရှုက အခြားကိစ္စရပ်များကို သတိပြုမိကာ မေးလိုက်သည်"ဒီမန့်မြို့စီမီကိန်းရဲ့လက်ရှိအဖွဲ့ဝင်တွေဒါမှမဟုတ်ခေါင်းဆောင်ကို သိလို့ရမလား"
ထန်ကောရှန်က အခြားလူအိုကြီးငါးယောက်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အားလုံးက ပြုံးလျက် ခေါင်းညိတ်ပြ၏။ ထို့နောက် ထန်ကောရှန်က ရယ်ကာ ပြောလိုက်သည်"အဲဒါမုမိသားစုရဲ့မုရှင်းဖုန်းပဲ"
ထန်ရှုက ချက်ချင်း နားလည်လိုက်သည်၊ သူ့မျက်လုံးများက မုမိသားစုခေါင်းဆောင်မုဟုန်ထောင်ထံ ကျရောက်သွား၏။ အဘယ့်ကြောင့် မုဟုန်ထောင်က ဤနေရာတွင် ထိုင်ရန် အရည်အချင်းပြည့်မီသည်ကို နောက်ဆုံး၌ နားလည်သွား၏။ မုမိသားစုက ချူ၊ စုန့်၊ ပု သို့မဟုတ် လီများနှင့် တန်းတူအဆင့်မရှိပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မုမိသားစုက ထိုမိသားစုများနှင့်ယှဉ်လျှင် မသန်မာပေ။
"ဒီစီမံကိန်းရဲ့ရင်းနှီးမြှုပ်နှံမှုက အတော်လေးကြီးတယ်၊ စီမံခန့်ခွဲမှုမှားယွင်းသွားရင် ဆုံးရှုံးမှု ကြီးမားသွားလိမ့်မယ်။ ဒါပေမယ့် မိသားစုခြောက်ခုစလုံး ပူးပေါင်းဖို့ သဘောတူထားမှတော့ ဒီပြဿနာကို ရှောင်နိုင်မယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် ငါ စိုးရိမ်နေတဲ့အခြားကိစ္စနှစ်ခုကျန်သေးတယ်။ ဒါပေမယ့် ငါတို့ အဲဒါတွေကို ကိုင်တွယ်နိုင်ရင် စီမံကိန်းက ချောချောမွေ့မွေ့နဲ့ တိုးတက်လာမှာကို မျှော်လင့်ထားလို့ရတယ်"
"ဒီကိစ္စနှစ်ခုက ဘာလဲဆိုတာ ငါတို့ကို ပြောပြပါ"မုဟုန်ထောင်က မေး၏။
"ပထမကတော့ ဘယ်သူက ဒီမိသားစုခြောက်ခုပေါင်းစည်းမှုရဲ့ခေါင်းဆောင်လုပ်မှာလဲ။ ပြီးတော့ မိသားစုခြောက်ခုက ငွေကြေးဘယ်လောက် ထည့်ဝင်နိုင်မှာလဲ"ထန်ရှုက လေးနက်သောမျက်နှာနှင့် မေး၏။
"ပူးပေါင်းမှုမဟာမိတ်ရဲ့ခေါင်းဆောင်လား"
ထန်ကောရှန်နှင့်အခြားအကြီးအကဲငါးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အချိန်တစ်ခုကြာပြီးနောက် မုဟုန်ထောင်က ငြိမ်သက်နေမှုအား ဖျက်ဆီးခဲ့၏"ထန်မိသားစုက ခေါင်းဆောင်နေရာယူမယ်ဆိုရင် ငါ့အတွက် ပြဿနာမရှိပါဘူး"
အခြားခေါင်းဆောင်လေးယောက်က ခဏတွေးလိုက်ပြီးနောက် လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ မကြာသေးခင်က ထန်များက သိသာထင်ရှားစွာ မြင့်တက်လာနေပြီး မကြာခင် တရုတ်ပြည်တစ်ခုလုံး၌ အားအကောင်းဆုံးမိသားစုဖြစ်လာပေလိမ့်မည်။ ထန်မိသားစုက ဦးဆောင်မည်ဆိုလျှင် တကယ် လက်ခံနိုင်ပေသည်။
ကျေနပ်သောအကြည့်တစ်ခုအား ထန်ကောရှန်၏မျက်လုံးထဲတွင် မြင်လိုက်ရသည်။ ထို့နောက် သူက ရယ်လိုက်သည်"အဲကလေးထန်ဒုန့်က အတွေ့အကြုံတွေ နှစ်ပေါင်းများစွာ စုဆောင်းထားပြီးပြီ၊ ဒါကြောင့် ဒီကိစ္စကို သူ တာဝန်ယူနိုင်မှာပါ။ ဒါပေမယ့် ငါ့ထန်မိသားစုရဲ့အနေအထားကို လူတိုင်း နားလည်မယ်လို့ ငါ ထင်တယ်- လက်တလောမှာ ငါတို့မှာလဲ ငွေကြေးအကန့်အသတ်ရှိပါတယ်"
"မုတွေက တစ်လအတွင်း ယွမ်နှစ်ဆယ်ဘီလီယံ ထောက်ပံ့ပေးမယ်။ ဒီထက်ပိုရင် ငါတို့ရဲ့အခြားစီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေမှာကို ငါ စိတ်ပူတယ်"မုဟုန်ထောင်က ပြော၏။
"ချူတွေကနေလဲ ယွမ်နှစ်ဆယ်ဘီလီယံကို မျှော်လင့်ထားလို့ရတယ်"ချူဟမ်က ပြောလိုက်သည်။"နောက်ပိုင်းတည်ဆောက်မှုတွေအတွက် ငွေကြေးမလုံလောက်ရင် ငါတို့က ယွမ်နှစ်ဆယ်ဘီလီယံ ထောက်ပံ့နိုင်ပါသေးတယ်၊ ဒါပေမယ့် အဲထက်ပိုရင်တော့ ငါတို့လဲ အခက်အခဲတွေ ဖြစ်လာလိမ့်မယ်"
"ငါတို့လဲ အတူတူပဲ"ပုရီချန်က ပြော၏။
"ငါရောပဲ"စုန့်ကန်းက ပြောလိုက်သည်။
"ငါတို့လဲ သဘောတူပါတယ်"လီရှစ်ရုံက ပြုံးကာ ထပ်လောင်းပြောကြားသည်။
"မိသားစုတစ်ခုစီက ယွမ်နှစ်ဆယ်ဘီလီယံထုတ်ပေးမှာဆိုတော့ စုစုပေါင်းယွမ်တစ်ရာဘီလီယံပေါ့။ ဒါပေမယ့် ငါတို့ထန်မိသားစုက ဒီစီမံကိန်းကို ဦးဆောင်မှာဆိုတော့ ယွမ်လေးဆယ်ဘီလီယံ ထုတ်ပေးမယ်၊ ဒါဆို အားလုံးပေါင်း ၁၄၀ဘီလီယံ ဖြစ်လာပြီ။ ဒါက များတယ်လို့ ထင်ရပေမယ့် မြို့တစ်ခု တည်ဆောက်ရတာ ဒီထက် ပိုလိုတယ်။ ဒါပေမယ့် တည်ဆောက်မှုကို လုပ်ပြီးရင် ဝင်ငွေတွေ အဆက်မပြတ်ရလာမှာပါ၊ ဒါကြောင့် နောက်ပိုင်းဆောက်လုပ်ရေးအစီအစဉ်က အာမခံချက်ရှိပါတယ်။ တည်ဆောက်မှုရဲ့နောက်ပိုင်းအဆင့်တွေမှာ ငွေကြေးမလုံလောက်ရင် မိသားစုတစ်ခုစီက နောက်ထပ်ထည့်ဝင်ပြီး အကျိုးအမြတ်ဝေစုရဲ့ပမာဏကို ညှိနှိုင်းကြတာပေါ့။ အဖိုး၊ ငါ ယွမ်လေးဆယ်ဘီလီယံ ထုတ်ပေးမယ်။ နောက်ကျရင် မင်းဆီ တစ်ယောက်ယောက်ကို လွှဲခိုင်းလိုက်မယ်"
ထန်ကောရှန်က ကျေနပ်စွာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်"အဲဒါကို ထန်ဒုန့်ဆီ တိုက်ရိုက်လွှဲပေးလိုက်ပါ။ သူက မန်မြို့ရဲ့ရင်းနှီးမြှုပ်နှံမှုကို ကိုင်တွယ်ရမယ်"
"နားလည်ပါပြီ"ထန်ရှုက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
အခြားမိသားစုခေါင်းဆောင်လေးယောက်က ထိတ်လန့်သွားကြသည်။ ထန်ရှုက ယွမ်လေးဆယ်ဘီလီယံထောက်ပံ့နိုင်မည်ဟု သူတို့ ဘယ်တော့မှ မထင်ထားခဲ့ပေ။ ထန်ရှု၏ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက တည်ဆောက်လာသည်မမှာ နှစ်နှစ်အောက်သာ ရှိသည်ကို သူတို့က သိ၏။
လေးဆယ်ဘီလီယံ၊ ဤကား မိသားစုတစ်ခုစီကလဲ ထောက်ပံ့ပေးနိုင်သည့်ပမာဏတစ်ခုဖြစ်၏၊ သို့သော် ၎င်းက သူတို့၏ဝင်ငွေစီးဆင်းမှုအား အနည်းငယ် ထိခိုက်စေလိမ့်မည်။ သူတို့က ထိုသည်ထက် ပိုရင်းနှီးခဲ့လျှင် ပျက်ဆီးခြင်းတောင် ဖြစ်လာနိုင်၏။
ထိုအချိန်တွင် အဘယ်ကြောင့် ထန်ကောရှန်က မန်မြို့ကိစ္စဆွေးနွေးရန်အတွက် ထန်ရှုလာသည်အထိ စောင့်ရန် ဆုံးဖြတ်သည်ကို သူတို့က သဘောပေါက်သွားကြသည်။ ယခု ထန်ရှုက အဘယ့်ကြောင့် ဤကိစ္စ၌ ပါဝင်နိုင်သည်ကို နားလည်ခဲ့ချေပြီ။ ထန်ရှုတွင် အရင်းအနှီးနှင့်ကြွယ်ဝမှုရှိခြင်းပင်။
မုဟုန်ထောင်က ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်"ကောင်းပါပေ့၊ ငါ့မြေးမလေးက အနာဂတ်ကောင်းတစ်ခုရှိတဲ့လူငယ်တစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ။ ထန်ရှု၊ မင်း အချိန်ရရင် ငါ့မိသားစုဆီ လာလည်အုံး။ မင်နဲ့ဝမ်ရင်က ငယ်တော့တာ မဟုတ်ဘူး၊ မင်းတို့ရဲ့လက်ထပ်ရမည့်နေ့ကို အစီအစဉ်ဆွဲသင့်ပြီလို့ ငါ ထင်တယ်။ စောလွန်းတယ်လို့ မင်းထင်ရင် အရင်စေ့စပ်ထားလို့လဲ အဆင်ပြေပါတယ်"
"မြေခွေးအိုကြီး..."
အခြားခေါင်းဆောင်များက စိတ်ထဲ၌ ကျိန်ဆဲလိုက်ကြသည်။ မုဝမ်ရင်က မြို့တော်တွင် နံပါတ်တစ်မိန်းမလှလေးအဖြစ် ကျော်ကြားသည်၊ သူတို့လဲ ကြားဖူးသည်။ သူမက ထန်ရှု၏ချစ်သူဖြစ်လာခြင်းက သူတို့အား အတော်လေးမနာလိုစေ၏။ သူတို့က စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်သည်၊ ဘာကြောင့် သူတို့တွင် ပေကျင်း၏နံပါတ်တစ်မိန်းမလှလေးဖြစ်နိုင်သည့်မြေးမလေးတစ်ယောက် မရှိရသနည်း၊ သို့မဟုတ်လျှင် သူတို့က သူမအား ထန်မိသားစုနှင့် လက်ထပ်စေနိုင်သည်၊ သို့မဟုတ် ထန်ရှုက သူတို့မြေးမလေး၏ယောက်ျားဖြစ်မယ်ဆိုလျှင် ပိုကောင်းပေ၏။
ထန်ရှုက ပူးပေါင်းဆောင်ရွက်မှု၏နောက်ပိုင်းအဆင့်များနှင့်ပတ်သက်၍ ပါဝင်မဆွေးနွေးလိုတော့ပေ။ ထန်ကောရှန်က သူ့အမြင်အား တန်ဖိုးထားသော်လည်း ဤကိစ္စနှင့် ပတ်သက်၍ သူက စိုးရိမ်စရာမရှိပေ။ နဂါးကိုးကောင်ကျွန်းမှ သူ ထွက်လာသည်မှာ ရက်အနည်းငယ်ရှိပြီ။ မိုအားဝူက သူ့အား နေ့တိုင်း တင်ပြနေသော်လည်း ပြဿနာများအား ဖြေရှင်းရန်အတွက် နဂါးကိုးကောင်ကျွန်းသို့ ဖြစ်နိုင်သမျှ မြန်မြန် ပြန်ရပေမည်။
ထွက်လာပြီးနောက် ထန်ရှုက ဘေးခန်းသို့ လှည့်လိုက်သည်၊ သူ့အဖွားချင်ချန်ယွဲ့အနားတွင် အမျိုးသမီးတစ်အုပ်က ရယ်ရယ်မောမောစကားပြောဆိုနေသည်ကို မြင်လိုက်ရ၏။ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏၊ ရင်းနှီးသူအချို့အား နှုတ်ဆက်ကာ မရင်းနှီးသူများအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက မုဝမ်ရင်ထံ ကျရောက်သွား၏။
"ထန်ရှု..."သူ့ကို မြင်သောအခါ မုဝမ်ရင်က ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။
"အဘွားနဲ့ ဘာအကြောင်းတွေများ ပြောနေတာလဲ"ထန်ရှုက ပြုံးကာ မေးလိုက်သည်။
ရှက်ရွံ့မှုက မုဝမ်ရင်၏မျက်လုံးများထဲ၌ တောက်ပသွားပြီး သူမက တိုးတိုးပြောလိုက်သည်"ဘာမှ မပြောပါဘူး၊ အဖွားနဲ့ ဒီအတိုင်း ရောက်တတ်ရာရာပြောနေတာပါ"
"ဟားဟား၊ မင်းက အရှက်သည်းတာပဲ၊ ဝမ်ရင်လေး"ချင်ချန်ယွဲ့က ပြုံးကာ ပြောလိုက်သည်"မင်းနဲ့ဝမ်ရင်က မငယ်တော့ဘူးလို့ သူမကို ပြောခဲ့တာပါ၊ ရှုအာ။ မင်းတို့နှစ်ယောက်လုံး လက်ထပ်ဖို့ စဉ်းစားသင့်နေပြီ။ ဒါနဲ့ ပတ်သက်ပြီး မင်းအမေကို ငါ ပြောခဲ့တယ်။ မင်းရဲ့လေ့လာမှုတွေ မပြီးသေးရင်တောင် လက်ထပ်ပွဲကို အရင်ကျင်းပလို့လဲ အဆင်ပြေပါတယ်။ ဒီအဖွားက သူမရဲ့မြေးကို ချီချင်နေလှပြီ"
ထန်ရှုက ခြောက်ကပ်ကပ်ရယ်လျက် ဝတ်ကျေတန်းကျေ ပြောလိုက်သည်"နောက်ကျရင် စေ့စပ်ဖို့ကိစ္စ ငါ ပြောမှာပါ၊ အဖွား။ ဒါပေမယ့် ငါ လုပ်စရာရှိသေးလို့၊ ဝမ်ရင်ကို အရင်ခေါ်သွားတော့မယ်။ အဖွားတို့ပဲ ဆက်စကားပြောနေကြပါ"
ထန်ရှုက ဝတ်ကျေတန်းကျေ ပြောသည်ကို ချင်ချန်ယွဲ့က အဘယ်သို့ မမြင်နိုင်ရမည်နည်း။ သူမက ခေါင်းခါယမ်းကာ အနီးနားရီစုလင်းယွမ်ထံ ပြုံးလျက် ပြောလိုက်သည်"လင်းယွမ်၊ သူက လူငယ်တစ်ယောက်မဟုတ်တော့ဘူးဆိုတာ ရှုအာကို မင်း စည်းရုံးရမယ်။ ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကို မင်း မချီချင်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်"
"ငါ သိပါတယ်၊ အမေ။ သေချာတာပေါ့"စုလင်းယွမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
မုဝမ်ရင်အား အခန်းမှ ခေါ်ထုတ်သွားပြီးနောက်မှ ထန်ရှုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့၏၊ ထို့နောက် သူက ပြောလိုက်သည်"အဲဒီလူကြီးတွေရဲ့ပေါက်ကရစကားတွေကို နားမထောင်နဲ့၊ ဝမ်ရင်။ ပြီးတော့ လက်ရှိအချိန်မှာ ငါတို့မှာ လုပ်စရာတွေ အများကြီးရှိတယ်၊ ဒါကြောင့် လက်ထပ်တာကို စောင့်ရမယ်။ ဒါပေမယ့် သူတို့က ဆက်တိုက်တွန်းအားပေးနေရင် အရင် စေ့စပ်ထားလိုက်ကြတာပေါ့။ မင်း ဘယ်လိုထင်လဲ"
"ကောင်းပါပြီ၊ ကျွန်မ ရှင်ပြောတာ နားထောင်ပါ့မယ်"မုဝမ်ရင်က ရယ်လိုက်၏။
***