← Chapters

ခွန်းယွင်၏ အိုး

Vol. 77 Ch. 1064

ခွန်းယွင်၏ အိုး

Vol. 77 Ch. 1064

“ နတ်ဘုရားမျိုးနွယ်ရဲ့ ဟွမ်းကျီကို  ဒီလူက သတ်လိုက်တာလား ” ပုတိုတို အမျိုးသားက ခွန်းယွင်ကို တအံ့တဩ လှည့်ကြည့်လိုက်သည်။

“ ထွက်သွားစမ်း မဟုတ်ရင် မင်းအသက်ကို ချမ်းသာပေးမယ် ထင်မနေနဲ့ ” ခွန်းယွင်က နောက်တစ်ခေါက် အော်ပြောလိုက်သည်။

သူ ပြောလိုက်သည့်အခါ သူတို့ပတ်လည်ရှိ အာကာပြင် စည်းမျည်းများက သိသိသာသာ ပြောင်းလဲသွားသည်။ ဤနေရာ အပိုင် မဟုတ်သည့် တည်နေရာတစ်ခု ဖြစ်ပေါ်လာသည်ကို ထိုပုတိုတို အမျိုးသားက ခံစားမိလိုက်၏။ သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားပြီး သူတို့ဘေးရှိ စည်းမျည်းများထက် တစ်စုံတစ်ယောက်၏ စည်းမျည်းက ပို၍ အဆင့်မြင့်နေသည်လား။ ဆိုလိုသည်မှာ တစ်ဖက်လူက သဟဇာတ နတ်ဘုရားအဆင့်ကို ကျော်လွန်နေသည် မဟုတ်ပါလော။

သူက ဆက်လက် မတွေးတောနိုင်ခင် ခံရခက်သည့် စွမ်းအားတစ်ခုက သူ့အား လွှမ်းမိုးလာသည်။ ဤပုတိုတို ပညာရှင်က စကားထပ်မပြောရဲတော့ဘဲ အရိပ်အယောင်မရှိ ထွက်သွားလိုက်တော့သည်။

အကယ်၍ သူသာ ထွက်မသွားလျှင် အိုးသယ်ထားသည့် လူက သူ့အသက်ကို ချမ်းသာပေးမည် မဟုတ်ပေ။

မိုဝူကျိက ပုတိုတို အမျိုးသား မြန်မြန်ဆန်ဆန် ထွက်သွားသည်ကို ထူးဆန်းသည်ဟု မထင်မိပေ။ အစောပိုင်းက ခွန်းယွင်သည် သူ့တာအိုအရှိန်အဝါကို သုံး၍ နတ်ဘုရားကမ္ဘာ၏ မိုးမြေ စည်းမျည်းကို ဖိနှိပ်ထားလိုက်ခြင်း ဖြစ်၏။ အကယ်၍ တစ်ဖက်လူက အရူး မဟုတ်လျှင် သေချာပေါက် ထွက်ပြေးမည်သာ ဖြစ်၏။

“ မင်းအစ်ကိုကြီးက ဘယ်လိုလဲ … မင်းကို ကူညီလိုက်ပြန်ပြီမလား ” သဟဇာတ နတ်ဘုရား ထွက်သွားသည့်အခါ ခွန်းယွင်က မိုဝူကျိအား ပြုံးပြလိုက်သည်။ မိုဝူကျိက ခွန်းယွင် အကြည့်ကို ကောင်းကောင်း သဘောပေါက်ပေသည်။ မိုဝူကျိက သူ့အပေါ် ကျေးဇူးကြွေး တစ်ခုတင်သွားခြင်း မဟုတ်ပါလော။

သို့သော်လည်း မိုဝူကျိက ခွန်းယွင် နောက်ကျောပေါ်မှ အိုးကို ကြည့်လိုက်သည်။ ယခင် ခွန်းယွင်က သံချေးတက်နေသည့် ဓားရိုးကြီး လွယ်ထားလေ့ ရှိ၏။ အချိန်အတော်ကြာ မတွေ့ရပြီးသည့်နောက်တွင် သူက အိုးတစ်လုံးဖြင့် ပြန်ရောက်လာလေသည်။

“ အစ်ကိုခွန်းယွင် … အဲဒီလူက ကျုပ်ကို လာရင်ဆိုင်ရင်တောင် ကျုပ်ဘာသာ ထွက်ပြေးနိုင်တယ်ဆိုတာကို သိတယ်မလား ” မိုဝူကျိက ထိုသူ့အပေါ် နောက်ထပ် ကျေးဇူးကြွေး တင်သွားသည့်ပုံ မပေါ်အောင် သေချာလုပ်ထားရ၏။ မဟုတ်လျှင် ထိုလူက သူ့အား အကျိုးအကြောင်း မသင့်သည့် တောင်းဆိုချက်များ ပြုလုပ်လာလိမ့်မည်။

ခွန်းယွင်က ရယ်မောကာ  “ ငါ သိပါတယ်ကွာ … အဲဒါကြောင့် မင်းကို ကယ်လိုက်တယ် ဆိုတာထက် ကူညီပေးလိုက်တာလို့ ပြောတာလေ ”

ခွန်းယွင်က မိုဝူကျိ၏ စွမ်းဆောင်ရည်ကို ကောင်းကောင်း သိထားပြီး သဟဇာတ နတ်ဘုရားပင် မိုဝူကျိအား သတ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

မိုဝူကျိက ရယ်မောကာ “ အဲဒီလူသာ ခင်ဗျားကို မကြောက်ရင် ခင်ဗျားတော့ ဒုက္ခတွေ့ပြီ ထင်နေတာ ”

ခွန်းယွင်က ပုံမှန်အတိုင်း ပြောလိုက်သည် “ မှားပြန်ပြီ … တကယ်လို့ သူသာ ဆက်နေရဲရင် ငါက ချက်ချင်း သတ်ပစ်မှာ။ ငါက သူ့ကို ခြိမ်းခြောက်ရုံလို့ ထင်နေတာလား ”

ခွန်းယွင် မည်မျှ လေးနက်နေသည်ကို ကြည့်ကာ မိုဝူကျိက သူ့ခန့်မှန်းချက်များကို စတင်၍  မရေမရာ ဖြစ်လာမိသည်။

ဒီလူက သဟဇာတ နတ်ဘုရားကို သတ်နိုင်နေပြီလား …

မိုဝူကျိက အံ့အားသင့်သွားသည်ကို သတိပြုမိကာ ခွန်းယွင်က သူ့ပခုံးပုတ်လိုက်ပြီး “ ညီလေး ဝူကျိ … ငါ နည်းနည်းတော့ အားနာမိတယ်။ ဒီနေရာမှာ မိုးမြေ ရတနာတွေ ထွက်လာလိမ့်မယ်လို့ ထင်မထားမိလို့ မင်းကို ကြိုမပြောလိုက်ရဘူး ”

ခွန်းယွင်က အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သော်လည်း ဖန်ဆင်းရှင် မဟုတ်ပေ။ ထို့ကြောင့် သူက ဤနေရာမှ ရတနာများစွာ ထွက်လာလိမ့်မည်ဟု အမှန်တကယ် မသိထားပေ။

မိုဝူကျိက ပြန်ဖြေလိုက်သည်

“ ကိစ္စမရှိပါဘူး  … ကျုပ် ရထားတာလေးတွေလည်း တော်တော် ကောင်းပါတယ်။ ရသင့်သလောက်လည်း ရထားပြီးပြီ။ ဒါပေမဲ့ အစ်ကိုခွန်းယွင်ရဲ့ ဓားရိုးကြီးအစား ဘာလို့ အိုးကြီးကို လွယ်လာရတာလဲ။ တခြားသူတွေဆီကနေ ဆန်တောင်းစား မလို့လား ”

မိုဝူကျိက ပြောနေရင်း ခွန်းယွင် နောက်ကျောပေါ်မှ အိုးကြီးကို တီးခေါက်ကြည့်လိုက်သေး၏။

ခွန်းယွင်က ဂုဏ်ယူစွာဖြင့်  “ ငါ့အိုးကို အထင်မသေးနဲ့နော်။ အစတုန်းက ဒီအိုးကို ဌားဖို့ တော်တော် အားစိုက်ရမယ် ထင်ထားတာ။ ဒါပေမဲ့ အခုလို လွယ်လွယ်ကူကူ ဌားလာနိုင်မယ်လို့ ထင်မထားလိုက်မိဘူး ”

ခွန်းယွင်က စကားပြောရာ၌ အာရုံစိုက်ထားသောကြောင့် မိုဝူကျိ ကြောင်အမ်းအမ်း ဖြစ်နေပုံကို သတိမပြုမိပေ။ အိုးကို တစ်ချက် တီးခေါက်ကြည့်လိုက်ရုံဖြင့် သူ့မိုးမြေ မီးပြင်းဖိုနှင့် ဆင်တူသည့် ကြီးကျယ်ခမ်းနားသည့် စွမ်းအားတချို့ကို ခံစားမိလိုက်သည်။

ခွန်းယွင်၏ အိုးက သူ့မိုးမြေ မီးပြင်းဖိုလို ဖြစ်နေမလား …. ကံကြမ္မာ ရတနာထဲက တစ်ခုများ ဖြစ်နေမလား …

“ ဒါက ဘာရတနာမျိုးလဲ ” မိုဝူကျိက သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

ခွန်းယွင်တို့က အချိန်အတူတူ ကုန်ဆုံးလာသည်မှာ ကြာလှပြီ ဖြစ်၍ မိုဝူကျိတွင် ဆရာမရှိကြောင်း သိထားသည်။ ပုံမှန်အားဖြင့် သူက ကိစ္စတော်တော်များများကို မသိပေ။ လက်ရှိ မိုဝူကျိက မေးနေသောကြောင့် သူက လက်ခါပြကာ

“ ငါ ပြောပြရင်လည်း မင်းမသိလောက်ဘူး။ ဘာဖြစ်ဖြစ် ဒီနတ်ဘုရားကမ္ဘာရဲ့ စည်းမျည်းတွေ ပြန်ကောင်းလာတဲ့အခါ အသုံးဝင်လာမယ်ဆိုတာ သိထားရင် ရပြီ ”

မိုဝူကျိက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်

“ အစ်ကိုကြီး ခွန်းယွင်က ဘယ်တော့မှ ရိုးရိုးသားသားကို မရှိဘူး။ အစ်ကိုကြီးရဲ့ အကျင့်နဲ့ဆိုရင် တခြားသူတွေရဲ့ အထင်သေးခံပြီး အိုးကို နောက်လွယ်လာမှာ မဟုတ်တာ သေချာတယ်။ ကျုပ် ခန့်မှန်းကြည့်ရရင် ခင်ဗျား အိုးကို ကမ္ဘာထဲ ထည့်သိမ်းလို့ မရတာမလား။ အရင် ခင်ဗျားရဲ့ သံချေးတက်နေတဲ့ ဓားရိုးကြီးလိုမျိုးလေ … ”

“ အာ  … အစ်ကိုကြီး ဝူကျိ  ဒါက ရှန်းထျန်းရတနာဆိုတာ သိနေတာပဲ ”  ခွန်းယွင်က တအံ့တဩ ရေရွတ်လိုက်သည်။

မိုဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး

“ ကျုပ်က အစွန်အဖျားဒေသက လာတယ်ဆိုပြီး အထင်သေးတာလား။ ရှန်းထျန်း ရတနာတဲ့လား … ကျုပ်ဆီမှာ ရှန်းထျန်း ရတနာ ရာချီပြီးတော့ ရှိတယ်။ တကယ်လို့ ခင်ဗျားဟာသာ ရှန်းထျန်း ရတနာဆိုရင် ကိုယ့်ဘာသာ မျိုချပြလိုက်မယ် ”

ရှန်းထျန်း ရတနာ ရာချီနေသည့် ကိစ္စကိုတော့ ခွန်းယွင်က လုံးလုံး လျစ်လျူရှုထားလိုက်သည်။ ကံကြမ္မာသခင်ပင် ထိုမျှ ရှန်းထျန်း ရတနာများ ရှိမည် မဟုတ်ပေ။ ထို့အစား သူက မိုဝူကျိသည် သူ့အိုးမှာ ရှန်းထျန်း ရတနာ မဟုတ်ကြောင်း ပြောနိုင်သည်ကို အံ့အားသင့်နေမိ၏

“ အစ်ကိုကြီးမိုက ငါ့အိုးကို သတိထားမိတယ်လား ”

မိုဝူကျိက ထိုသို့ အိုးမျိုးကို မြင်ဖူးသည့်အလား ဟန်ဆောင်ကာ  “ ဒါက ကံကြမ္မာ ထိပ်သီးရတနာ မဟုတ်ဘူးလား။ ကြည့်ရတာ ခင်ဗျားက ငွေထုပ်ကြီး ပိုက်လာတာပဲ ”

ခွန်းယွင်က ထခုန်လုမတတ် လန့်ဖြတ်သွားကာ မိုဝူကျိအား မယုံနိုင်ဖွယ် ကြည့်လိုက်ရင်း  “ မင်းက တကယ် သိနေတာပဲ ”

ခွန်းယွင်က မယုံမကြည် ဖြစ်နေသည်မှာ ကံကြမ္မာ ထိပ်သီးရတနာအကြောင်း သိသည့်သူ များများစားစား မရှိ၍ ဖြစ်သည်။ မိုဝူကျိက မည်သို့ သိနေသနည်း။ သူ မသိထားသည်က နတ်ဘုရားနယ်မြေရှိ ထိပ်သီးဂိုဏ်းများ၏ တပည့်များသည် နတ်ဘုရားနယ်မြေ၌ပင် မိုးမြေ မီးပြင်းဖိုဟု ခေါ်သည့် ကံကြမ္မာ ထိပ်သီးရတနာ ရှိကြောင်း သိထားကြလေ၏။ သို့သော်လည်း မည်သူကမှ တည်နေရာကို မသိကြပေ။

“ ပြောစမ်းပါဦး …. ခင်ဗျားက ဆယ်နှစ်ကျော် အချိန်ဖြုန်းပြီး ကျုပ်တို့ ဆက်ဆံရေးကို မေ့ထားခဲ့တာက ဒီအိုးကြောင့်လား …. ဒီအိုးက ဘာအသုံးဝင်လို့လဲ ” မိုဝူကျိက ရှေ့တိုးကာ ခွန်းယွင်အား ကြည့်လိုက်၏။

ခွန်းယွင်က နောက်တစ်ခါ ရယ်မောလိုက်ပြီး  “ ဒါက ကာကွယ်ရေးအတွက်လေ ”

အကယ်၍ မိုဝူကျိက ခွန်းယွင် စကားများကို ယုံကြည်မိလျှင် ခွန်းယွင်၏ ရောင်းစားခြင်းကို ခံရလောက်လေပြီ။

ခွန်းယွင်က ဆယ်နှစ်တာ အချိန်ယူ၍ ဌားခဲ့ရသော အိုးတစ်လုံးကို ကာကွယ်ရေးအတွက်တဲ့လား ….

“ ခွန်းယွင် …. ခင်ဗျားက ကွေ့ပတ်ဖြေနေတာပဲ။ ခင်ဗျားက ကျုပ်ကို ကံကြမ္မာ စုဆောင်းဖို့ဆိုပြီး ဂိုဏ်း တည်ထောင်ခိုင်းခဲ့ပြီးတော့ ခင်ဗျားဘာသာကျ ဒီအိုးကို သွားယူလာတာတဲ့လား။ ဒါကလည်း ကံကြမ္မာ စုဆောင်းဖို့ မဟုတ်ဘူးလား ” မိုဝူကျိက အေးစက်စက် ပြန်ဖြေလိုက်သည်။

“ ဘယ်လိုလုပ် သိတာလဲ ” ခွန်းယွင်က တုန်လှုပ်တကြီး မေးလိုက်၏။

မိုဝူကျိက ခွန်းယွင်အား မကျေမနပ် ကြည့်လိုက်ပြီးနောက်

“ အခြားသူတွေက မသိပေမဲ့ ကျုပ်က ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ အဲတုန်းက ခင်ဗျားက အင်မော်တယ်လောကရဲ့ ကံကြမ္မာကို ရဖို့ အရင်မျက်နှာတောင် ထောက်ခဲ့တာ မဟုတ်ဘူးလေ။ အသိစိတ်ပင်လယ်ထဲ နှစ်အကြာကြီး ပုန်းနေသေးတယ်။ ဒီတစ်ခေါက် ခရီးစဉ်က ကံကြမ္မာ စုဆောင်းဖို့ အိုးသွားယူတာ မဟုတ်ဘူးဆိုရင် ကျုပ် မိုဝူကျိက ခင်ဗျားကို လွဲမှားသုံးသပ်မိတဲ့အတွက် ချက်ချင်း တောင်းပန်လိုက်မယ် ”

ခွန်းယွင်က နေရခက်သည့် အမူအယာဖြင့်  “ အဲလိုကိုး ”

ထို့နောက် သူက နာကျင်သွားသည့်အလား  အသံမြင့်ပြောလိုက်သည် “ အစ်ကိုကြီး ဝူကျိ … ငါ မညာပါဘူးကွာ။ မင်းက လူသားဂိုဏ်းကို တည်ထောင်ထားတော့ မင်းလည်း ကံကြမ္မာကို ရမှာပါ။ သေချာပေါက် ငါ့ထက် နည်းမှာ မဟုတ်ဘူး ”

မိုဝူကျိက နောက်ဆုံးတွင် နားလည်သွားတော့သည်

“ ခင်ဗျားထက် နည်းမှာ မဟုတ်ဘူးလို့ ပြောနေပေမဲ့ တကယ်တမ်းကျ နည်းနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ … ကျုပ်လည်း ကျုပ်အတွက် ကိုယ့်ဘာသာ ကံကြမ္မာ ထိပ်သီးရတနာကို သွားရှာလိုက်မယ်လေ။ ခင်ဗျားထက် နောက်ကောက်ကျ မကျန်တော့တာပေါ့ ”

ကံကြမ္မာ၏ အသုံးဝင်မှုက ဘာလဲ ….

မိုဝူကျိ၏ စိတ်ထဲ၌ နားမလည်သေးပေ။ သူ့အတွက် ကံကောင်းမှု သို့မဟုတ် ကံကြမ္မာ ဟုလည်း ဆိုလို့ ရပေသည်။ ယခု ခွန်းယွင်က ကံကြမ္မာ စုဆောင်းဖို့ ကိစ္စရပ်အား မည်မျှ အလေးထားနေသည်ကို မြင်သောအခါ မိုဝူကျိက ထိုကံကြမ္မာသည် သေချာပေါက် ရိုးရှင်းသည့်အရာ မဟုတ်ကြောင်း သိလိုက်မိ၏။ ဤသို့သောအရာကို များများ စုဆောင်းထားခြင်းက ပိုကောင်းလေလေ ဖြစ်ကာ ဂိုဏ်းအနေနှင့် ကံကြမ္မာ မည်မျှစုဆောင်းနိုင်မည် ဟူသော ကိစ္စရပ်မှာ ကောင်းကင်ဘုံပေါ် မူတည်နေပေသည်။

အကယ်၍ ကောင်းကင်တာအိုအနေနှင့် ဂိုဏ်းက မိုးမြေ မဟာတာအို ဖြစ်ကြောင်း ခံစားမိလျှင် ဂိုဏ်းက ကံကြမ္မာ ပိုရရှိမည် ဖြစ်၏။

ကိုယ့်ကံတရားကို သူများလက်ထဲ ထားထားရသည့် ခံစားချက်မှာ မိုဝူကျိ မုန်းတီးသော အရာတစ်ခု ဖြစ်သည်။ သူ့တွင် မိုးမြေ မီးပြင်းဖိုလိုမျိုး ကံကြမ္မာ ထိပ်သီးရတနာ ရှိနေသည် မဟုတ်ပါလော။

ရှန်းထျန်းရတနာများတွင် ကံကြမ္မာ ရတနာကို မထည့်ထားနိုင်သော်လည်း သူ့လူသားကမ္ဘာက လုပ်နိုင်စွမ်း ရှိ၏။ သူက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ ကံကြမ္မာ ပေါ်လာသည်နှင့် သူ့မိုးမြေ မီးပြင်းဖိုအား ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူက နတ်ဘုရားကမ္ဘာ၏ ကံကြမ္မာကို စုဆောင်းဖို့ မိုးမြေ မီးပြင်းဖိုကို အသုံးပြုချင်သည်။

“ ဟားဟား ” ခွန်းယွင်က မိုဝူကျိအား လက်ညိုးထိုးကာ ဟက်ဟက်ပက်ပက် ရယ်မောတော့သည်

“ မင်း ပြောလိုက်တာနဲ့ အဲလိုပစ္စည်းမျိုးကို တကယ် ရှာတွေ့မယ်လို့ ထင်နေတာလား။ အစ်ကိုကြီး ဝူကျိ မင်းရဲ့ အစ်ကို စကားကို နားထောင်စမ်းပါ။ ဒီနေရာမှာ ကာကွယ်ရေး အစီအရင်တစ်ခု ခင်းကျင်းထားလိုက် … နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာတဲ့အခါကျ မင်းက အားစိုက်စရာ သိပ်မလိုတော့ဘဲနဲ့ အချိန်ချွေတာရာလဲ ကျလိမ့်မယ် ”

မိုဝူကျိက ခွန်းယွင် စကားကို စိတ်ထဲ မထားပေ။ သူက ထွက်သွားတော့မည့်ဆဲဆဲတွင် သူတို့ရှေ့သို့ လူနှစ်ယောက် ရောက်ရှိလာသည်။

“ ခင်ဗျားက တာအိုရောင်းရင်းမိုလား ….နတ်ဘုရားမျိုးနွယ်ဝင် ဟွမ်းကျီကို သတ်လိုက်တာက ဒီစီနီယာ ဖြစ်မယ် ထင်တယ် ”  ပြောလိုက်သူမှာ ကြည့်ကောင်းကောင်းနှင့် လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူ့၏ အထင်ရှားဆုံး အစိတ်အပိုင်းမှာ သူ့ခရမ်းရောင် မုတ်ဆိတ်မွေး ဖြစ်၏။

သူ့ဘေးတွင် သာမာန် တည်ဆောက်ပုံ ခန္ဓာကိုယ် အရွယ်အစားနှင့် လူတစ်ယောက် ပါလာသည်။

ခွန်းယွင်က လူနှစ်ယောက်ကို ကြည့်ကာ “ မင်းတို့နာမည်ကို ပြောစမ်း ”

“ ကျုပ်က နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားဘုရင် လီထန်းပါ။ ဒါက နတ်ဘုရားဘုရင် ဟုန်ချီပါ ” လူလတ်အရွယ် အမျိုးသားက ခွန်းယွင်အား လေးလေးစားစား ပြောလိုက်သည်။

သူက အမှန်တကယ် လေးစားမိနေခြင်းမှာ တစ်စုံတစ်ယောက်က ခွန်းယွင်သည် နတ်ဘုရားမျိုးနွယ်၏ နံပါတ်တစ် သဟဇာတ နတ်ဘုရား အဆင့် ၄ ပညာရှင် ပိုင်သိုက်ကို အော်လိုက်ရုံဖြင့် မောင်းထုတ်လိုက်နိုင်၍ ဖြစ်သည်။ ပိုင်သိုက်ရှေ့တွင် ဤလူက နတ်ဘုရားမျိုးနွယ်၏ ဟွမ်းကျီကို သတ်ခဲ့ကြောင်း အမှန်တကယ် အော်ပြောရဲလေ၏။ အဆုံးသတ်၌ ပိုင်သိုက်က စကားပင် မပြောနိုင်ဘဲ ချက်ချင်း ထွက်သွားရသည်။

နတ်ဘုရားမျိုးနွယ်က နတ်ဘုရားနယ်မြေအပေါ် တိုက်ခိုက်မှု လက်လျော့လိုက်သည့် အကြောင်းအရင်းမှာ နတ်ဘုရားမျိုးနွယ်က ဟွမ်းကျီကို သတ်လိုက်သူမှာ နတ်ဘုရားနယ်မြေ၏ သဟဇာတ နတ်ဘုရားအသစ် ဖြစ်ကြောင်း သံသယဝင်မိ၍ ဖြစ်သည်။ ယခု ဟွမ်းကျီကို သတ်လိုက်သော သဟဇာတ နတ်ဘုရားက ဤနေရာတွင် ရောက်နေသောကြောင့် လီထန်းက တတ်နိုင်သမျှ မြန်မြန် လာရောက်နှုတ်ဆက်ခြင်း ဖြစ်ပေသည်။

“ ငါက မင်းတို့ကို သိဖို့ စိတ်မဝင်စားဘူး။ ဘေးဖယ်နေ … ငါ့ ညီအစ်ကိုနဲ့ စကားဝိုင်းကို လာမနှောင့်ယှက်နဲ့ ” ခွန်းယွင်က ကြမ်းပိုးကို မောင်းထုတ်သည့်အလား လက်ဝေ့ပြောလိုက်သည်။

***

All Chapters